← Chapters

တိုက်ပွဲစစ်မြေပြင်ဆုံချက်

Vol. 74 Ch. 1033

တိုက်ပွဲစစ်မြေပြင်ဆုံချက်

Vol. 74 Ch. 1033

အခန်း (၁၀၃၃) တိုက်ပွဲစစ်မြေပြင်ဆုံချက်

ယိုးမင်ဧကရာဇ်၏အမွေအနှစ်က ပြီးပြည့်စုံသည့် အမတမှော်ဝင်ပစ္စည်းဖြစ်ခဲ့လျှင် ၊ ပြီးတော့ ရန်ကျောက်ကဲကလည်း ထိုပစ္စည်းကို ထိန်းချုပ်ကိုင်ဆောင်နိုင်မည်ဆိုလျှင် ၊ တိုက်ပွဲအနိုင်ရရန် ခက်ခဲမည်ဖြစ်သည့်တိုင် သူတို့အတွက် အခွင့်အရေးတစ်ခုတော့ ရှိနိုင်သည်။

အနည်းဆုံးတော့ အလုံးစုံ စိတ်ပျက်အားငယ်မှုကို ခံစားရတော့မည် မဟုတ်ပေ။

အမှန်တော့ ရန်ကျောက်ကဲတွင် အမတမှော်ဝင်ပစ္စည်း ရှိနေသည်ဆိုသောကိစ္စကို လူအများစုက အမှန်ဟု အတွေးထင်ကြတော့ပေ။

ထိုသတင်းကို စတင်ကြားသိရစဉ်က ဖြစ်ပေါ်ခဲ့သော ကနဦးစိတ်လှုပ်ရှားမှုများသည် နောက်ပိုင်းနှစ်များတွင် တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။

အစပိုင်း ကွမ်းမင်ဂိုဏ်းမှ ပျံ့နှံ့ခဲ့သောသတင်းက သတင်းမှား ဖြစ်နိုင်သည်။

ရန်ကျောက်ကဲတွင် ယိုးမင်ဧကရာဇ်၏ ရုပ်ကြွင်း အမှန်တကယ် ရှိနိုင်သည့်တိုင် အမတမှော်ဝင်ပစ္စည်းကတော့ ရှိချင်မှ ရှိပေလိမ့်မည်။

အနည်းဆုံးတော့ ပြီးပြည့်စုံသည့် အမတမှော်ဝင်ပစ္စည်းတစ်ခု ဖြစ်နိုင်ခြေ နည်းပါးသည်။

နောက်တစ်ချက်မှာ ယိုးမင်ဧကရာဇ် သက်ရှိထင်ရှားရှိစဉ်က အမတမှော်ဝင်ပစ္စည်းတစ်ခု ပြုလုပ်ခဲ့ခြင်း မရှိသလို အသုံးပြုခဲ့ခြင်းလည်း မရှိပေ။

ပြီးတော့ ရန်ကျောက်ကဲနှင့် ဝါဒ‌တောင်သည်လည်း ဤနှစ်မျာတစ်လျှောက် အမတမှော်ဝင်ပစ္စည်းနှင့်ပတ်သက်သည့် သဲလွန်စများကို တစ်ခါမှ ထုတ်ဖော်ပြသခဲ့ခြင်း မရှိပေ။

ဝါဒတောင်မှ သိုင်းကျင့်ကြံသူများက တန်ခိုးစွမ်းအားမြင့်မားကြသည်မှန်သော်လည်း ကျင်ကြံခြင်းအဆင့်က နိမ့်ပါးကြသည်။

ယနေ့တိုက်ပွဲတွင် ဝါဒတောင်၌ အမှန်တကဘ်ပင် အမတမှော်ဝင်ပစ္စည်းရှိနေပြီး ရန်ကျောက်ကဲက ထိုပစ္စည်းအား ကိုင်တွယ်ထိန်းချုပ်နိုင်သည်ဆိုဦးတော့ ချင်းယွမ်ဧကရာဇ် ထွက်ပေါ်လာပြီဖြစ်ရာ တိုက်ပွဲအဆုံးသတ်ရန်မှာ အလွန်ကြာမြင့်ပေလိမ့်မည်။

ထိုသို့တွေးမိတော့ ဝါဒတောင်ထိပ်မှလူများအားလုံး စိတ်ပျက်လက်ပျက်ဖြစ်သွားသလို ရင်ထဲလည်း လေးလံသွားကြသည်။

တိုက်ပွဲနယ်မြေတစ်ခုလုံး အကြပ်အတည်းဖြင့်ရင်ဆိုင်ရသော်လည်း ရန်ကျောက်ကဲကတော့ ပုံမှန်အတိုင်း တည်ငြိမ်စွာပင် ရှိနေသည်။

သူက တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန်အား ဖိနှိပ်ထားခြင်းကို လက်လွှတ်လိုက်ပြီး အထက်သို့လက်နှစ်ဖက်ပင့်မြှောက်ကာ လှုပ်ရှားလိုက်သည်။

လေထုထဲတွင် ကြီးမားသော နဂါးနန်းတော်ကြီးတစ်ခု ထွက်ပေါ်လာပြီး နန်းတော်တံခါးပွင့်သွားကာ အတွင်းမှ အုံ့မှိုင်းသော ချီစွမ်းအားစီးကြောင်းများ ထွက်ပေါ်လာသည်။

နန်းတော်ကြီးအတွင်းရှိ အကန့်အသတ်မဲ့နေရာများကြားတွင် တိတ်ဆိတ်စွာလည်ပတ်နေသော သတ္တုစက်ဝန်းကြီးတစ်ခု ရှိနေသည်။

အသင်္ချေနဂါးနန်းတော်အတွင်းမှ အနက်ရောင်သတ္တုစက်ဝန်းကြီးထွက်ပေါ်လာသည့်အခါ လူတိုင်း၏မျက်ဝန်းများက ထိုအရာဆီသို့ စူးစိုက်ရောက်ရှိသွားသည်။

ယိုးမင်ဂမ္ဘီရစက်ဝန်း။

ကွယ်လွန်သူ ယိုးမင်ဧကရာဇ်ထံမှ ဆင်းသက်လာသော ထိပ်တန်းအဆင့်မြင့်ရတနာပစ္စည်းက ယခုတော့ ဤလောကတွင် ထွက်ပေါ်လာပေပြီ။

ယိုးမင်ဂမ္ဘီရစက်ဝန်း တဖြည်းဖြည်းမြင့်တက်လာသည်နှင့် မူလကပင် မှိုင်းညို့နေသော ကမ္ဘာလောကကြီးတစ်ခွင်လုံး နက်မှောင်သွားပြီး ဂမ္ဘီရစက်ဝန်းမှထွက်ပေါ်နေသည့် အလင်းတန်းသာလျှင် ကျန်ရစ်တော့သည်။

ထိုအလင်းတန်းက အကန့်အသတ်မရှိ အမှောင်ထုကြားတွင် သန့်စင်တောက်ပလျှက် ရှိသည်။

ယခု ယိုးမင်ဂမ္ဘီရစက်ဝန်းက အလင်းနှင့်အမှောင်ကြားတွင် တည်ရှိနေသည်။

အနက်ရောင်သတ္တုစက်ဝန်းကြီးက ဖြည်းညင်းစွာလည်ပတ်နေပြီး သဏ္ဌန်မဲ့နယ်နိမိတ်တစ်ခုအား နှစ်ပိုင်းခွဲခြားထားဟန် ရှိသည်။

တစ်ခြမ်းက တောက်ပသောအလင်းရောင်ဖြင့် လင်းထိန်နေပြီး ကျန်တစ်ခြမ်းက မှိန်ဖျော့သောအလင်းတန်းများရှိနေသည်။ သို့တိုင် ထိုနယ်နိမိတ်က ခွဲခြားရခက်သည်။

မြင်ကွင်းကို ကြည့်နေကြသူများကတော့ ယိုးမင်ဂမ္ဘီရစက်ဝန်းတစ်ခုလုံး မှေးမှိန်သည့်အလင်းလွှာတစ်ခုဖြင့် လွှမ်းခြုံထားပြီး တောက်ပခြင်းကင်းမဲ့စွာ မှေးမှိန်နေသည်ဟု သိမြင်ကြသည်။

ဆန့်ကျင်ဘက် အလင်းနှင့် အမှောင်တို့သည် တစ်ခုနှင့်တစ်ခု သိသိသာသာ ကွဲပြားနေပေသည်။ ပရမ်းပတာနှင့် မှုံဝါးနေပြီး အတွင်းထဲတွင် ထင်ရှားခြင်း မရှိပေ။

ဆန့်ကျင်ဘက်ဟုထင်ရသော ဖြစ်စဉ်နှစ်ခုသည် ယိုးမင်ဂမ္ဘီရစက်ဝန်းတွင် တစ်ပြိုင်တည်းပေါ်လွင်နေပြီး လူအများက သံသယများပင်ဝင်လာကာ ၎င်းတို့ထဲမှ ဖြစ်စဉ်တစ်ခုမှာ ပုံရိပ်ယောင်များဖြစ်နေမည်လားဟု တွေးတောရင်း စိတ်ထဲ အံ့သြသွားကြသည်။

သို့သော် သူတို့အနေဖြင့် ပြီးပြည့်စုံသည့် ပေါင်းစည်းမှုနှင့် အတူယှဉ်တွဲနေထိုင်မှုကို ခံစားခဲ့ရပြီး လေးနက်သောသဘောတရားကို နားလည်ခဲ့ရသည်။

အနက်ရောင်သတ္တုစက်တန်းကြီးမှ အမြောင်းပေါက် (၁၂)ခုတွင် (၉)ခုက နားမလည်နိုင်စရာကောင်းသော တောက်ပမှုဖြင့် တုန်ခါနေသည်။

ဖြည်းဖြည်းချင်းလှည့်ပတ်နေသော ယိုးမင်ဂမ္ဘီရစက်ဝန်းက ရုတ်တရက် ငြိမ်ကျသွားပြီးနောက် အမြောင်းပေါက်တစ်ခုအတွင်းမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ဝါဒတောင်ထက်သို့ ကျဆင်းလာသည်။

ထိုအလင်းတန်းက ချင်းယွမ်ဧကရာဇ်၏တန်ခိုးစွမ်းအားကို တွန်းလှန်ကာ ဝါဒ‌တောင် ပင်လယ်အတွင်း နစ်မြုပ်မသွားစေရန် ကာကွယ်ပေးခဲ့သည်။

တစ်ချိန်တည်းမျာပင် ရန်ကျောက်ကဲက စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ဖြင့် အောက်ဖက်သို့ ဖိနှိပ်ချလိုက်သည်။

ယိုးမင်ဂမ္ဘီရစက်ဝန်းမှအလင်းတန်းနှင့် စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ် တန်ခိုးစွမ်းအား (၂)ခုကြားတွင် ဝါဒတောင်၏ တောင်ထွတ်များစွာမှာ ပင်လယ်အတွင်း နိမ့်ဆင်းသွားခြင်း မရှိတော့ဘဲ တဖြည်းဖြည်း ပြန်လည်မြင့်တက်လာသည်။

လူပေါင်းများစွာက ယိုးမင်ဂမ္ဘီရစက်ဝန်းကို စူးစိုက်ကြည့်ရင်း...

“အဲဒါက ယိုးမင်ဧကရာဇ်ချန်ထားခဲ့တဲ့ အမွေအနှစ်ပဲ...”

ယိုးမင်ဂမ္ဘီရစက်ဝန်း၏ အမြောင်းပေါက် (၁၂) ခုအနက် (၉)ခုသာလျှင် တောက်ပနေကြောင်း တွေ့ရသည့်အခါ သူတို့အားလုံး စိတ်အစဉ် တုန်လှုပ်သွားကြသည်။

သို့သော လူအချို့ကတော့ သက်ပြင်းချရင်း...

“ဒါက ပြီးပြည့်စုံတဲ့ အမတမှော်ဝင်ပစ္စည်း မဟုတ်သေးဘူး”

‘အမတမှော်ဝင်ပစ္စည်း’ ဆိုသော အမည်အတိုင်းပင် နတ်ဘုရားတံခါးကိုဖွင့်လှစ်ပြီး အမတမသေမျိုးများသာလျှင် ‘အမတမှော်ဝင်ပစ္စည်း’ များကို သန့်စင်နိုင်ပေသည်။

ယိုးမင်ဂမ္ဘီရစက်ဝန်းသည် အပြည့်အဝ သန့်စင်ရသေးခြင်း မရှိပါက ရန်ကျောက်ကဲလက်ထဲရောက်ရှိလာသည့်တိုင် သိုင်းသူတော်စင်တစ်ယောက်က ထိုပစ္စည်းကိုသန့်စင်ရန်မှာ မဖြစ်နိုင်ပေ။

ဤသည်က သေမျိုးလူသားများနှင့် နတ်ဘုရားများကြားမှ လွန်ဆန်မရနိုင်သော ပင်လယ်ကွေ့ပမာခြားနားသည့် ကွာဟချက်ပင် ဖြစ်သည်။

ပြီးပြည့်စုံသော အမတမှော်ဝင်ပစ္စည်းတစ်ခု မရှိပါဘဲ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက နတ်ဘုရားတံခါးကို ဖွင့်လှစ်ခဲ့သည့် ချင်းယွမ်ဧကရာဇ်ကို ရန်ကျောက်ကဲ မည်သို့ ကြံ့ကြံ့ခံ တိုက်ခိုက်နိုင်ပါမည်နည်း။

ထိုစဉ်...

“ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်ရဲ့ ဒုတိယပညာ ‘ရောင်ပြန်ဟပ်ခြင်း’”

လေထုထဲမှ ကြည်လင်သာယာသောအသံတစ်သံ ထွက်ပေါ်လာသည်။

ထိုအသံက မဟာတာအိုမှထွက်ပေါ်လာသော ခေါင်းလောင်းသံပမာ စူးရှကြည်လင်လှသည်။

“ဒီ ရှေးဟောင်း ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်ကို မမြင်တွေ့ရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ”

စကားသံအဆုံးသတ်သွားသည်နှင့် မြေပြင်အဖြစ်ပြောင်းလဲသွားသော ကောင်းကင်ထက်မှ ဇောက်ထိုးကျဆင်းလာသော အစိမ်းရောင်သစ်ပင် ပျောက်ကွယ်သွားပြီး လေထုအလယ်တွင် တာအိုဆရာတစ်ယောက် ပေါ်လာသည်။

ထိုသူက အဝါရောင်ပိုးသားဝတ်စုံကိုဝတ်ဆင်ထားပြီး ဦးခေါင်းထက်တွင် ရွှေရောင်သရဖူကို ဆောင်းနှင်းထားသည်။ သရဖူထက်နှင့် ဝတ်ရုံထက်တွင် ကြိုးကြာငှက်မွှေးများဖြင့် တန်ဆာဆင်ထားသည်။

မျက်နှာထက်တွင် မုတ်ဆိတ်မွှေးခပ်တိုတိုဖြင့် ကြည်လင်ထင်ရှားသောအသွင်အပြင်ရှိသည်။ ပိုးသားဧကရာဇ်လောက် ချောမောလှပခြင်း မရှိသည့်တိုင် အလွန်တရာ ခန့်ညားကြည့်ကောင်းသည်မှာ ငြင်းမရနိုင်ပေ။

ထိုသူက အထက်ဘုံကမ္ဘာ အုပ်စိုးရှင် (၅)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော “ချင်းယွမ်ဧကရာဇ်” (ချန်းဧကရာဇ်) မှလွဲပြီး အခြားသူ မဟုတ်ပေ။

ရန်ကျောက်ကဲအနေဖြင့် ချင်းယွမ်ဧကရာဇ်ကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်း ဖြစ်သော်လည်း အထက်ဘုံကမ္ဘာ၏ ထိပ်တန်းအဆင့် ဧကရာဇ်တစ်ပါးအနေဖြင့် ထိုသူ၏ပုံပန်းသဏ္ဌန်အား ရင်းနှီးနေသည်မှာ ကြာပေပြီ။

အခြားသူများသည်လည်း ဤဧကရာဇ်အား သိရှိကြသည်ပင်။

ချင်းယွမ်ဧကရာဇ်ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး လွှမ်းခြုံထားသည့် ကြောက်မက်ဖွယ်ရာဖိအားများ ထူးခြားစွာ ပျောက်ကွယ်သွားသည်။

ရန်ကျောက်ကဲ ၊ ချောင်ကျယ်နှင့် လေထုထဲတွင် တိုက်ပွဲဝင်နေကြသူများအပြင် ဝါဒတောင်ထက်မှ ကျင့်ကြံသူများ ၊ ဝါဒတောင်အောက်မှ ကျင့်ကြံသူများအားလုံး တပြိုင်နက်တည်း သက်သောင့်သက်သာ ခံစားလိုက်ကြရသည်။

သို့သော် လူတိုင်း ပို၍ပင် ကြောက်ရွံ့လာကြသည်။

ချင်းယွမ်ဧကရာဇ် ကိုယ်ထင်ပြလိုက်သည်နှင့် လန်ချင်း ၊ ကျွမ်းရှန် ၊ တာအိုဆရာထျန်းယိနှင့် လျန်ကျူးလင်တို့က ချက်ချင်းပင် တိုက်ပွဲရပ်တန့်လိုက်ကြပြီး ချင်းယွမ်ဧကရာဇ်အား ဂါရဝပြုလိုက်ကြသည်။

“ချင်းယွမ်ဧကရာဇ်ကို နှုတ်ဆက်ပါတယ်”

ချင်းယွမ်ဧကရာဇ်က ခေါင်းညိတ်ရင်း...

“ဒီတာအိုဆရာက သူ့အရည်အချင်းတွေကို အရမ်းစမ်းသပ်ချင်နေပြီ ၊ ခွင့်ပြုကြပါဦး...”

လန်ချင်းက...

“ဟုတ်ကဲ့ပါ...”

ကျွမ်းရှန်က လေထုထဲတွင် တင်ပျဉ်ခွေထိုင်ရင်း ရန်ကျောက်ကဲနှင့် ထူးကဲယန်စည်းတံဆိပ်တို့ကြောင့် ရရှိခဲ့သောဒဏ်ရာများကို ပြန်လည်ကုစားနေသည်။ သူက တိတ်ဆိတ်စွာ အသက်ရှူရန် ချီစွမ်းအားကို ခန္ဓာကိုယ်အနှံ့သို့ ဖြန့်ကျက်လိုက်သည်။

သို့သော် သူ၏မျက်ဝန်းအကြည့်များကတော့ ရန်ကျောက်ကဲနှင့် ယိုးမင်ဂမ္ဘီရစက်ဝန်းကို စူးစိုက်ကြည့်နေဆဲပင်။ သူ့မျက်ဝန်းများထဲတွင် နာကျင်မှုနှင့် မုန်းတီးမှုများ ရှိနေသည့်တိုင် ရှုတ်ထွေးသောခံစားချက်များလည်း ရောယှက်နေသည်။

ယိုးမင်ဂမ္ဘီရစက်ဝန်းက ပြီးပြည့်စုံသည့် အမတမှော်ဝင်ပစ္စည်း မဟုတ်သေးသည့်တိုင် တုန်လှုပ်စရာ တန်ခိုးစွမ်းအားများဖြင့် ပြည့်နက်နေသည်။

ရန်ကျောက်ကဲဆိုသည်က သာမန် အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင် တစ်ယောက်မဟုတ်ပေ။ အခြားသူများထက် တန်ခိုးစွမ်းအား များစွာမြင့်မားသူတစ်ယောက် ဖြစ်၏။

ကျွမ်းရှန်အနေဖြင့် ရန်ကျောက်ကဲကို ရှုံးနိမ့်ရခြင်းအား ဝန်ခံလိုစိတ်မရှိသည့်တိုင် သူတစ်ယောက်တည်းသာလှုပ်ရှာလျှင် ထိုလူငယ်ကို လက်စားချေရန် မဖြစ်နိုင်ကြောင်း သိရှိထားသည်။

ပိုပြီးအရေးကြီးသည်မှာ ရန်ကျောက်ကဲ၏ လက်ရှိတန်ခိုးစွမ်းအားနှင့် အလားအလာများကြောင့် အချိန်ကြာလာသည်နှင့်အမျှ ကျွမ်းရှန်အတွက် လက်စားချေရန်အခွင့်အရေး ပိုမိုနည်းပါးသွားမည် ဖြစ်သည်။

ယိုးမင်ဂမ္ဘီရစက်ဝန်းက ပြီးပြည့်စုံခြင်း မရှိသေးသည့်အတွက် ယနေ့တိုက်ပွဲအခြေအနေအား ပြောင်းပြန်လှန်ပစ်ရန် မဖြစ်နိုင်ပေ။

ကျွမ်းရှန်က ရန်ကျောက်ကဲနှင့် အခြားသူများကို အေးစက်စွာကြည့်ရင်း...

“ဒီနေ့ ပိုးသားဧကရာဇ် အချိန်မီရောက်မလာနိုင်တော့ဘူး ထင်တယ်”

ချင်းယွမ်ဧကရာဇ်က လေထုထဲတွင် မနှေးမမြန်လမ်းလျှောက်ပြီး ရန်ကျောက်ကဲနှင့် အခြားသူများထံသို့ ရောက်လာသည်။

အရှေ့တောင်ထိပ်တန်းအရှင်သခင် ချောင်ကျယ်က သူ့နေရာမှာပင် တည်ငြိမ်စွာ မတ်တတ်ရပ်နေဆဲ ဖြစ်သည်။

အရှေ့မြောက်ထိပ်တန်းအရှင်သခင် လျိုကျန်းကူကတော့ ချင်းယွမ်ဧကရာဇ်အား တည်ငြိမ်စွာပင် နှုတ်ဆက်စကားဆိုလိုက်သည်။

“ကျုပ် လျိုကျန်းကူ ချင်းယမ်ဧကရာဇ်ကို နှုတ်ဆက်ပါတယ်”

ချင်းယွမ်ဧကရာဇ်က...

“အကြီးအကဲ’လျို’ က ယဉ်ကျေးလွန်းနေပြီ”

သူက ဆက်ပြောသည်။

“မင်း အခုထွက်သွားချင်တယ်ဆိုရင် ထွက်သွားလို့ရသေးတယ် တာအိုရောင်းရင်း ၊ ဒါမှ မဟုတ်ပွဲကြည့်ချင်တယ်ဆိုရင်လည်း ကြည့်ပေါ့ ၊ ဒီ တာအိဆရာက ဘယ်သူ့ကိုမှ စိတ်ထဲမထားပါဘူး”

လျိုကျန်းကူက တည်ငြိမ်သည့်မျက်နှာထားဖြင့်...

“ဒီ ‘လျို’ က ဒီနေ့ ဝါဒတောင်ကို ကူညီဖို့ရောက်လာတာပါ ၊ ရန်သူက ဘယ်သူပဲဖြစ်ပါစေ အခွင့်အရေးပေးမှာ မဟုတ်ပါဘူး ၊ ဒါက ဘယ်သူတိုက်တွန်းလို့မှမဟုတ်ဘဲ ကျုပ်ကိုယ်ပိုင်အသိစိတ်နဲ့ ဆုံးဖြတ်တာပါ ၊ ကျုပ်က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးသလိုဖြစ်သွားရင် ချင်းယွမ်ဧကရာဇ် ကျေးဇူးပြုပြီး နားလည်ပေးစေချင်ပါတယ်”

ချင်းယွမ်ဧကရာဇ်က ခေါင်းတစ်ချက်ညိတ်ရင်း...

“ကောင်းပြီ ၊ ဒီတော့ တာအိုဆရာ’လျို’ နဲ့ နောက်မှစကားဆက်ပြောကြတာပေါ့”

ပြောပြီးသည်နှင့် သူက အင်္ကျီလက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။

လျိုကျန်းကူမှာ ရုတ်တရက် ကျုံ့ဝင်သွားပြီး ချင်းယွမ်ဧကရာဇ်၏ အချိန်နှင့်နေရာ သီးခြားတည်ရှိနေသော အင်္ကျီလက်အတွင်းသို့ ဆွဲငင်စုပ်ယူခြင်း ခံလိုက်ရသည်။

လူသားအထွတ်ထိပ်ကျင့်ကြံသူတစ်ယောက်ဖြစ်သော လျိုကျန်းကူမှာ ဝါဒတောင်တွင် ဘယ်တုန်းကမှ မရှိခဲ့သည့်အလား သဲလွန်စမကျန် ပျောက်ကွယ်သွားလေတော့၏။

All Chapters