ပြန်လည်စီးဆင်းလာသည့်မြစ်ရေ
Vol. 74 Ch. 1034
အခန်း (၁၀၃၄) ပြန်လည်စီးဆင်းလာသည့်မြစ်ရေ
ချင်းယွမ်ဧကရာဇ်က သိမ်မွေ့သောမျက်နှာအမူအရာဖြင့် သူ၏ဘယ်လက်ကို နောက်သို့ပစ်လိုက်ပြီး ညာဘက်အင်္ကျီလက်ကို တစ်ချက်ဝှေ့ယမ်းလိုက်သည်။
ဂုဏ်သိက္ခာမြင့်မားသော အရှေ့မြောက်ထိပ်တန်းအရှင်သခင် လျိုကျန်းကူမှာ ချင်းယွမ်ဧကရာဇ်၏ မိုးမြေစုပ်ယူအင်္ကျီလက်အတွင်းသို့ ချက်ချင်းပင် ဖမ်းဆီးခြင်း ခံလိုက်ရသည်။
ထိပ်တန်းအရှင်သခင်တစ်ယောက်သည် တစ်ခဏအတွင်း ထိုသို့ပင် ဖိနှိပ်ခံလိုက်ရသည်။
ချင်းယွမ်ဧကရာဇ်၏လှုပ်ရှားမှုက အလွန်သဘာဝကျပြီး လွတ်လပ်ပွင့်လင်းသဖြင့် ကျင့်ကြံခြင်းအဆင့်နိမ့်ပါးသူများပင်လျှင် သူ၏တိုက်ကွက်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်သည်။
သို့သော် မည်သူမှ အချိန်မီ တုံ့ပြန်နိုင်ခြင်း မရှိကြပေ။
မတုံ့ပြန်နိုင်ရုံသာမက အလွန်တရာ လျှို့ဝှက်ဆန်းကျယ်သည့် ကျင့်ကြံခြင်းနှင့် သိုင်းပညာသဘောတရားများကို ခံစားလိုက်ကြရသည်။
ဝါဒတောင်ထက်မှလူတိုင်းမှာ ကူရာကယ်ရာမဲ့ပြီး စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။
သာမန်သေမျိုးလူသားများနှင့် နတ်ဘုရားများကြား ကွာခြားချက်ကား အဘယ်နည်း။
ဤသည်က အစစ်အမှန်နတ်ဘုရားတစ်ပါးဖြစ်သော ဧကရာဇ်တစ်ပါး၏ တန်ခိုးစွမ်းအားပင် ဖြစ်သည်။
အစစ်အမှန်နတ်ဘုရားများက သေမျိုးလူသား သာမန်ကျင့်ကြံသူများနှင့် တိုက်ခိုက်သည့်အခါ မရှုံးနိမ့်နိုင်သူများဖြစ်ကြသော်လည်း သူတို့က အပြည့်အဝ ပြိုင်ဘက်ကင်းများတော့ မဟုတ်ကြပေ။
ဤအချက်နှင့်ပတ်သက်ပြီး အမှန်တကယ်ပင် ခြွင်းချက် ရှိသည်။
အဘယ်ကြောင့်ဆိုသော် လုန်ရွှယ်ကျီး ၊ ချန်ချင်းဟွာတို့ကဲ့သို့ ထက်မြက်သည့် ပါရမီရှင်များက အစစ်အမှန်နတ်ဘုရားများနှင့် ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်း ရှိသောကြောင့် ဖြစ်၏။
ယနေ့ ရန်ကျောက်ကဲနှင့် ရန်တိတို့က သာမန် သေမျိုးလူသားကျင့်ကြံသူများဖြစ်နေသေးသည့်တိုင် အနာဂတ်တွင် နတ်ဘုရားများကို ပခုံးချင်းယှဉ်နိုင်သည့် တန်ခိုးစွမ်းအားရှင်များ ဖြစ်လာမည်ဟု လူအများက လက်ခံကြသည်။
သို့သော် ထိုကဲ့သို့သောလူများက အလွန်ရှားပါးသောခြွင်းချက်ဖြစ်သည်။
ထိုသို့သော ထူးခြားဖြစ်ရပ်များမှလွဲပြီး သာမန်အခြေအနေများတွင် သေမျိုးလူသားများနှင့် နတ်ဘုရားများကြားမှ ခြားနားချက်သည် မိုနှင့်မြေပမာ ကွဟချက် ကြီးမားလှ၏။
ထို့ကြောင့် သေမျိုးလူသား သာမန်ကျင့်ကြံသူများနှင့်ယှဉ်လျှင် နတ်ဘုရားများကို ပြိုင်ဘက်ကင်းများဟု ဆိုနိုင်သည်။
တစ်ဦးချင်းတစ်ယောက်ချင်း တိုက်ခိုက်သည်ဖြစ်စေ ၊ အများနှင်တစ်ယောက် တိုက်ခိုက်သည်ဖြစ်စေ ဤနိယာမက အတူတူသာပင်။
အစစ်အမှန်နတ်ဘုရားတစ်ပါးက များပြားလှစွာသော လူသားအထွတ်ထိပ်ကျင့်ကြံသူများကို အဆက်မပြတ် ချေမှုန်းပစ်နိုင်စွမ်း ရှိသည်။
ချင်းယွမ်ဧကရာဇ်က ညာဘက်အင်္ကျီလက်ကိုဝှေ့ယမ်းပြီး အရှေ့မြောက်ထိပ်တန်းအရှင်သခင်ကို ဖမ်းဆီးပြီးနောက် ရပ်တန့်ခြင်းမရှိဘဲ အင်္ကျီလက်ကို လေထဲသို့ ဆက်လက်ဝှေ့ယမ်းလိုက်သည်။
ထိုအခါ ထူးကဲယန်စည်းတံဆိပ်မှာ တစ်ခဏအတွင်း မှိန်ဖျော့သွားပြီး ကမ္ဘာတစ်ခုလုံး နေ့မှညသို့ ပြောင်းလွဲသွားသည်။
ဧကရာဇ်ချင်းယွမ်၏ အင်္ကျီလက်လွင့်ပျံလာသည်နှင့် လေထုထဲတွင် မည်သည့်နေရောင်ခြည်မှ တောက်ပခြင်း မရှိတော့ပေ။
ထို့နောက် သူက အင်္ကျီလက်ကို ထပ်မံဝှေ့ယမ်းပြီး ယိုးမင်ဂမ္ဘီရစက်ဝန်းထံသို့ ဦးတည်တိုက်ခိုက်လိုက်သည်။ ယိုးမင်ဂမ္ဘီရစက်ဝန်းမှာ ချက်ချင်းပင် လေထဲသို့ လွင့်ပျံသွားပြီး အမြောင်းကိုးခုမှ အလင်းရောင်များ မှေးမှိန်သွားသည်။
ဤမြင်ကွင်းကိုတွေ့လိုက်ရတော့ ဝါဒတောင်မှလူများအားလုံး စိတ်များ အောက်ဆုံးအထိ နစ်မြုပ်သွားကြသည်။
ချင်းယွမ်ဧကရာဇ်က ဖြည်းညင်းစွာလမ်းလျှောက်လာပြီး ချောင်ကျယ်ကို ကြည့်လိုက်သည်။
“ခွန်လွန်တောင်မှာ နောက်တစ်ကြိမ် လမ်းဆယ်သွယ်စိတ်စွမ်းအားအစီအရင်ပြုလုပ်ဖို့ နှစ်ပေါင်းတစ်ရာလောက် ကြာဦးမယ်”
“နှစ်တွေကြာလာတာနဲ့အမျှ ငါတို့ တာအိုကျင့်ကြံသူလောကမှာလည်း ထူးချွန်တဲ့ ပါရမီရှင်လူငယ်တွေ ထွက်ပေါ်လာဦးမှာပဲ ၊ အောင်မြင်မှုရရှိလာကြတဲ့လူငယ်တွေ အများကြီး ရှိလာဦးမှာပဲ”
ချန်းဧကရာဇ်က အေးဆေးတည်ငြိမ်စွာပင် ဆက်ပြောသည်။
“တကယ်ဆို ဒီတာအိုဆရာရဲ့တပည့် ချင်ရှုကျီလည်း အဲဒီလိုအောင်မြင်မှုရလာမယ့် လူငယ်တစ်ယောက်ပဲ ၊ အင်း... သူ မရှိတော့တာ စိတ်မကောင်းစရာပဲ”
“ချင်ရှုကျီကိုအသာထားလိုက် ၊ အနာဂတ်မှာ လူသားအထွတ်ထိပ်အဆင့်ကိုတက်ရောက်လာနိုင်တဲ့ လူ (၃)ယောက် ရှိနေသေးတယ် ၊ ထင်မှတ်မထားတဲ့ဖြစ်ရပ်တွေ ရှိမလာဘူးဆိုရင် ထိပ်တန်းအရှင်သခင်တစ်ယောက်နေရာကို အစားထိုးဖို့ ခက်ခဲမယ် မထင်ပါဘူး”
ပြောပြီးသည်နှင့် ချင်းယွမ်ဧကရာဇ်က သူ့လက်ကိုအသာပင့်မြှောက်လိုက်ပြီး ချောင်ကျယ်ကို လက်ညှိုးဖြင့် ထိုးညွှန်လိုက်သည်။
“မင်းတစ်ယောက်မရှိရုံနဲ့ ပြဿနာကြီးကြီးမားမား မရှိနိုင်ပါဘူး”
ထိုအချိန် ရန်ကျောက်ကဲက ရှေ့သို့ထွက်လာပြီး ချင်းယွမ်ဧကရာဇ်ကိုနှုတ်ဆက်ရန် ဟန်ပြင်လိုက်သည်။
ချင်းယွမ်ဧကရာဇ်က...
“ချောင်ကျယ်... မင်းနဲ့ရန်ကျောက်ကဲ ဘယ်သူ့ကိုသတ်ရမလဲဆိုတာ အရေးမကြီးပါဘူး ၊ ဒါပေမဲ့ မင်းက လူငယ်မျိုးဆက်တစ်ယောက်ရဲ့နောက်မှာ ပုန်းကွယ်ချင်တာလား ၊ အဲဒါက မင်းနဲ့မတူသလိုပဲ”
အရှေ့တောင်ထိပ်တန်းအရှင်သခင် ချောင်ကျယ်က မည်သည့်စကားမှမဆိုဘဲ ရန်ကျောက်ကဲကို လှမ်းကြည့်လိုက်သည်။
ချင်းယွမ်ဧကရာဇ် ထွက်ပေါ်လာချိန်တွင် ရန်ကျောက်ကဲက သူနှင့် လျိုကျန်းကူထံသို့ အသံပို့လွှတ်စနစ်ဖြင့် စကားပြောဆိုခဲ့သည်။
“ကျွန်တော့်မှာ (၅၀)ရာနှုန်းသေချာတဲ့ နည်းလမ်းတစ်ခုရှိတယ် ၊ ဒါပေမဲ့ ချန်းဧကရာဇ်က ကျွန်တော့်ကို တိုက်ခိုက်မှ ဒီနည်းလမ်း အသုံးပြုလို့ရမှာ ၊ ဒါကြောင့် ထိပ်တန်းအရှင်သခင်နှစ်ယောက်က ချန်းဧကရာဇ်ကို အတင်းအကျပ် ထိပ်တိုက် ရင်မဆိုင်စေချင်ဘူး”
ချောင်ကျယ်အနေဖြင့် ရန်ကျောက်ကဲ ဘာကြံစည်နေမှန်းမသိသော်လည်း ယခုအချိန်မှာတော့ ထိုလူငယ်အပေါ် ယုံကြည်မိသည်။
လျိုကျန်းကူ ဖိနှိပ်ခံလိုက်ရသည်ဆိုသော်ငြား အသက်အန္တရယ်ကျရောက်ခြင်း မရှိခဲ့ပေ။
ချောင်ကျယ်က သူ့စကားကို ပြန်မဖြေသည့်အခါ ချန်းဧကရာဇ်က ရန်ကျောက်ကဲထံ အကြည့်ရွှေ့ပြောင်းလိုက်သည်။
ရန်ကျောက်ကဲက...
“ဒီနေရာက ငါတို့ဂိုဏ်းဌာနချုပ်တည်ရှိတဲ့နေရာပဲ ၊ အရှေ့တောင်ထိပ်တန်းအရှင်သခင်က ဂိုဏ်းဖွင့်ပွဲတက်ရောက်ဖို့အတွက် ဂုဏ်သရေရှိဧည့်သည်တော်အဖြစ် ရောက်ရှိလာတာ ၊ အိမ်ရှင်အနေနဲ့ ကိုယ့်ဂိုဏ်းအန္တရယ်ကြုံရတဲ့အခါ ဧည့်သည်ကို ရှေ့ထွက်ရင်ဆိုင်ခိုင်းလို့မဖြစ်ဘူးလေ”
သူ့အရှေ့မှ ချင်းယွမ်ဧကရာဇ်၏ပုံစံက ပေါ့ပေါ့ပါးပါးဖြင့်သာမန်ဆန်လွန်းပြီး မည်သူ့ကိုမှ ဖိအားပေးခြင်း မရှိပေ။ သို့တိုင် ရန်ကျောက်ကဲ၏ စိတ်ဝိညာဉ် အနည်းငယ်တုန်လှုပ်သွားကြောင်း နားမလည်နိုင်စွာ ခံစားလိုက်ရသည်။
ရန်ကျောက်ကဲက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး လက်နှစ်ဖက်ဆန့်တန်းကာ ထူးကဲယန်စည်းတံဆိပ်နှင့် ယိုးမင်ဂမ္ဘီရစက်ဝန်း (၂)ခုလုံးကို သူ့ဆီသို့ ပြန်လည်ဆွဲငင်ယူဆောင်လိုက်သည်။
ထို့နောက် မဟာနေမင်းကျမ်းဂန်နှင့် ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်အား အဆက်မပြတ်လှည့်ပတ်ပြီး သူ့လက်ထဲမှ ရတနာပစ္စည်းများကို စွမ်းအားဖြည့်တင်းပေလိုက်သည်။
ထူးကဲယန်စည်းတံဆိပ်နှင့် ယိုးမင်ဂမ္ဘီရစက်ဝန်းတို့ အနည်းငယ်တုန်ခါသွားပြီး သူတို့၏ အလင်းရောင်များနှင့် အသက်ဓာတ်စွမ်းအားများ ဖြည်းဖြည်းချင်း ပြန်လည်ရရှိလာကြသည်။ သို့သော် မသေနိုင်သောနတ်ဘုရားတစ်ပါးဖြစ်သည့် ချင်းယွမ်ဧကရာဇ်ရှေ့တွင် စွမ်းအားအရှိန်အဟုန်ကတော့ ပျောက်ဆုံးနေဆဲ ဖြစ်၏။
မြင်ကွင်းကိုကြည့်ရင်း အနောက်ပိုင်းထိပ်တန်းအရှင်သခင် လန်ချင်းက ဖြည်းညင်းစွာ ခေါင်းခါယမ်းလိုက်သည်။
“မဟာကပ်ဘေးကြီးပြီးဆုံးတဲ့နောက် ငါတို့ တာအိုဝါဒအတော်လေး ညှိုးနွမ်းသွားခဲ့တာ ၊ အခုတော့ ပြန်လည်ရှင်သန်ပွင့်လန်းလာပြီးလို့ ပြောရမယ့်အချိန်ရောက်လာပြီ”
သူက ဆက်ပြောလိုက်သည်။
“ဒီခေတ်ကတော့ အတော်ဆုံးပါရမီရှင်တွေ အလားအလာအကောင်းဆုံးခေတ်ဖြစ်နိုင်တယ်”
“မင်းလိုအရည်အချင်းရှိတဲ့လူငယ်တစ်ယောက်ကို ဧကရာဇ် (၃)ပါးနဲ့ အုပ်စိုးရှင် (၅)ပါးက တာအိုဝါဒအနာဂတ်အတွက် ပိုပြီးကြီးထွားလာအောင် ကူညီပြီး အကြံဉာဏ်ကောင်းတွေပေးနိုင်တယ်”
“မင်းသာ မာနမကြီးဘဲ အမှားကိုဝန်ခံမယ်ဆိုရင် သူတို့က မင်းကို ခွင့်လွှတ်ကြာမှာပဲ”
လန်ချင်း၏ မျက်လုံးများက ယိုးမင်ဂမ္ဘီရစက်ဝန်းအား စူးစိုက်ကြည့်နေပြီး စိတ်ခံစားမှုများ ရှုတ်ထွေးနေဟန် ရှိသည်။
“မင်း ယင်ထျန်းရှရဲ့ အမွေအနှစ်ကိုရသွားတာ စိတ်မကောင်းစရာပဲ ၊ ကံကောင်းခြင်းထဲမှာ ကံဆိုးခြင်းရှိနေနိုင်သလို ကံဆိုးခြင်းထဲမှာလည်း ကံကောင်းခြင်း ရှိနေနိုင်တယ် ၊ မင်းကတော့ အမတမှော်ဝင်ပစ္စည်း သန္ဓေသားလောင်းတစ်ခုကို ရရှိတယ်လို့ တွေးထင်မှာပေါ့ ၊ ဒါကိုရလိုက်တဲ့အတွက် အရမ်းကံကောင်းတယ် အကျိုးအမြတ်ကြီးတယ်လို့ထင်နေမှာပေါ့ ၊ ဒါပေမဲ့ တကယ်တော့ မင်းအများကြီးဆုံးရှုံးသွားတယ်ဆိုတာ မင်းမသိဘူး”
“တခြားဧကရာဇ်တွေရောက်လာပြီး ဒီပစ္စည်းနဲ့ပတ်သက်ပြီး အခြေကျအောင်လုပ်မပေးနိုင်ခင် မင်းက ချင်းယွမ်ဧကရာဇ်ကို စော်ကားခဲ့တယ် ၊ အခုတော့ မင်းကို ကယ်နိုင်တဲ့သူ ဘယ်သူမှမရှိတော့ဘူး ၊ ဘယ်သူမှလည်း ကယ်မှာမဟုတ်ဘူး”
ထို့နောက် သူက သူက ရန်တိ၏ဦးခေါင်းထက်မှ ထိုက်ယိဟွာတိမ်တိုက်ကို ကြည့်လိုက်သည်။
“ပိုးသားဧကရာဇ်က ချောင်ကျယ်ကိုကူညီချင်တာကို ထူးဆန်းတယ်လို့ ငါမထင်ခဲ့ဘူး ၊ ဒါပေမဲ့ သူက ဘာလို့မင်းကိုကူညီချင်တာလဲဆိုတာ တစ်ခါမှ နားမလည်ခဲ့ဘူး ၊ အခုတော့ သိသွားပြီ... အဲဒါက ထိုက်ယိလက်သီးသိုင်းကြောင့်ပဲ ၊ စိတ်မကောင်းစရာက သူ ဒီနေ့ အချိန်မီရောက်မလာနိုင်တာပဲ”
ချင်းယွမ်ဧကရာဇ်က နူးညံ့သိမ်မွေ့သူဖြစ်ပြီး ရန်ကျောက်ကဲကို ကြမ်းတမ်းသောစကားများဖြင့် အပြစ်တင်ကြိမ်းမောင်းခြင်း မရှိပေ။
သူက ရန်ကျောက်ကဲကို တိတ်တဆိတ်ကြည့်နေသည်။
အရင်ဆုံး သူ၏အကြံအစည်များကို ဖျက်ဆီးခဲ့ပြီး နောက်ပိုင်းတွင် သူ့တပည့်ကိုသတ်ဖြတ်ခဲ့သောလူငယ်ကို ခြေဆုံးခေါင်းဆုံး အကဲခတ်လျှက် ရှိသည်။
“တကယ်တော်တဲ့ လူငယ်တစ်ယောက်ပဲ”
ထို့နောက် ချင်းယွမ်ဧကရာဇ်က ဟန်ချက်ညီညီဆန့်တန်းထားသော သူ၏လက်ချောင်းဖြင့် ချောင်ကျယ်ကို ထိုးညွှန်ခြင်းမရှိတော့ဘဲ ရန်ကျောက်ကဲကို ထိုးညွှန်လိုက်သည်။
ရန်ကျောက်ကဲမှာ သူ့ခန္ဓာကိုယ်ထက်သို့ တောင်မြင့်ကြီးတစ်လုံး ပြိုကျလာသည့်ပမာ ခံစားလိုက်ရသည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ သူ၏စိတ်ဝိညာဉ်အထိ အတွင်း အပြင်အားလုံး ကြေမွလုနီးပါး ခံစားလိုက်ရသည်။
ဖိအားက လေးလံလွန်းသဖြင့် ကမ္ဘာကြီးတစ်ခုလုံး ကျောထက်တွင်ထမ်းထားရသည့်အလား ခံစားရသည်။
ဤမျှကြီးမားသောဖိအားကြီးကို ခုခံရန်မဖြစ်နိုင်သလို ရှောင်တိမ်းရန်လည်း မဖြစ်နိုင်ပေ။
ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ရှားနိုင်သည့်နေရာ မရှိတော့ပေ။
သို့သော် ရန်ကျောက်ကဲက မျက်လုံးများကို အသာမှေးစင်းလိုက်ပြီး သူ့မျက်လုံးထဲတွင် အခြားသူများနားမလည်နိုင်သည့် အလင်းတန်းတစ်ခု လက်ခနဲ တောက်ပသွားသည်။
ထိုအချိန်...
ချင်းယွမ်ဧကရာဇ် မျက်မှောင်တစ်ချက်ကြုံ့သွားပြီး သူ၏လက်ညှိုးက လေထဲတွင် အနည်းငယ် တုံ့ဆိုင်းသွားသည်။
ရောက်ရှိနေကြသူများအားလုံးမှာလည်း အံ့အားသင့်ပြီး စိတ်ရှုတ်ထွေးသွားကြသည်။
မကြာမီ ရန်ကျောက်ကဲ ၊ ရန်တိ ၊ ချောင်ကျယ် ၊ လန်ချင်း ၊ ကျွမ်းရှန်နှင့် အခြားသူများအားလုံး မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။
အကြောင်းမှာ မိုးမြေတစ်ခွင်မှ ဝိညာည်စွမ်းအားများ တုန်လှုပ်နေပြီး ကြီးမားသောအပြောင်းအလဲကြီးကို ခံစားလိုက်ရသောကြောင့် ဖြစ်၏။
ပြောင်းလဲမှုရင်းမြစ်က သူတို့လက်ရှိတိုက်ခိုက်နေကြသည့် အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ် ၊ ကျူတောပင်လယ်ဒေသတွင်မဟုတ်ဘဲ အနောက်ဘက်မှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။
အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်၏ နောက်ပိုင်းနယ်ခြားတည်ရှိရာ ကျူတောပင်လယ်ဒေသမှ အနောက်ဘက်သို့ ဆက်သွားမည်ဆိုလျှင် တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ် ၊ စက်ဝန်းတောင်တန်းဒေသသို့ ရောက်ရှိမည် ဖြစ်သည်။
ယခု ထိုစက်ဝန်းတောင်တန်းဒေသမှ ရေချီဝိညာဉ်စွမ်းအားများ ရုတ်တရက်မြင့်တက်လာပြီး အပြင်ဘက်သို့ ချက်ချင်းပေါက်ကွဲထွက်လာသည်ကို ကျူတောပင်လယ်ဒေသမှပင် ခံစားရနိုင်သည်။
“အဲဒါ မင်းဆက်မြစ်ပဲ...”
လေထုအလယ်တွင် တင်ပျဉ်ခွေထိုင်နေသော ကျွမ်းရှန် ရုတ်တရက် မတ်တတ်ထရပ်လိုက်သည်။
“ရပ်တန့်နေတဲ့ မင်းဆက်မြစ်က ပြန်ပြီးစီးဆင်းနေတာလား...”
ရန်ကျောက်ကဲသည်လည်း မထင်မှတ်သောအပြောင်းအလဲတစ်ခုအား ရုတ်တရက် ခံစားလိုက်ရသည်။
စက်ဝန်းတောင်တန်းဒေသမှ မင်းဆက်မြစ်က ပြန်လည်စီးဆင်းလာခဲ့သည်။ ဤသည်က ကျူတောပင်လယ်ဒေသအတွက် မည်သည့်သက်ရောက်မှုမှ မရှိပေ။
ချန်းကရာဇ်ရောက်ရှိလာသော်လည်း ပိုးသားဧကရာဇ်က ရောက်ရှိလာခြင်း မရှိသေးပေ။
ရန်ကျောက်ကဲတို့အုပ်စုသည်လည်း စက်ဝန်းတောင်တန်းသို့ ဆုတ်ခွာသွားရန်မှာ မဖြစ်နိုင်ပေ။
သို့ဆိုလျှင် မင်းဆက်မြစ်က အဘယ့်ကြောင့် ပြန်ကောင်းလာပါသနည်း။
နောက်ကွယ်မှ အကြောင်းရင်းက အဘယ်နည်း။
အဘယ့်ကြောင့် ဤသို့ဖြစ်ရပါသနည်း။