← Chapters

လုံးဝမထင်မှတ်ထားသူတစ်ယောက် ရောက်ရှိလာခြင်း

Vol. 74 Ch. 1035

လုံးဝမထင်မှတ်ထားသူတစ်ယောက် ရောက်ရှိလာခြင်း

Vol. 74 Ch. 1035

အခန်း (၁၀၃၅) လုံးဝမထင်မှတ်ထားသူတစ်ယောက် ရောက်ရှိလာခြင်း

ကျင့်ကြံသူများအနေဖြင့် ကျူတောပင်လယ်ဒေသမှ ဝိညာဉ်စွမ်းအားအပြောင်းအလဲများကို အာရုံခံနိုင်သည့်တိုင် ထို‌နေရာမှ အပြောင်းအလဲများက စက်ဝန်းတောင်အထိ အနှောက်အယှက် မဖြစ်နိုင်ပေ။

တိုက်ပွဲစစ်မြေပြင်မှ အငွေ့အသက်များ စတင်ပြောင်းလဲသွားသည်ကို လူတိုင်း ရိပ်မိလိုက်ကြသည်။

ဤအချက်ကြောင့် ချင်းယွမ်ဧကရာဇ် အနည်းငယ် အံ့အားသင့်သွားသော်လည်း မင်းဆက်မြစ်ရေ ပြန်လည်စီးဆင်းလာခြင်းက သူ့အတွက် စိုးရိမ်စရာကိစ္စ လုံးဝမဟုတ်ပေ။

သို့သော် အခြားအရာတစ်ခုက သူ့ကို မျက်မှောင်ကြုံ့သွားစေခဲ့သည်။

သူ့အကြည့်က ရန်ကျောက်ကဲထံထိုးညွှန်ထားသည့် သူ၏လက်ချောင်းထက်သို့ ကျရောက်သွားသည်။

ထိတ်လန့်စရာကောင်းစွာ ထိုလက်ချောင်းထက်တွင် နှင်းခဲအလွှာတစ်ခု ဖုံးလွှမ်းနေသည်။

ရန်ကျောက်ကဲ ၊ ချောင်ကျယ် ၊ ကျွမ်းရှန်နှင့် အခြားသူများသည်လည်း ဤသည်ကို သတိထားမိလိုက်ကြသည်။

တိုက်ပွဲတွင် သေချာပေါက် အနိုင်ရပြီဟု အခိုင်အမာယူဆထားကြသော ကျွမ်းရှန်နှင့် လန်ချင်းတို့အုပ်စုမှာ မကောင်းသည့်ခံစားချက်တစ်ခုအား ချက်ချင်းခံစားလိုက်ကြရ၏။

ချင်းယွမ်ဧကရာဇ်၏ လက်ချောင်းထက်တွင် ရေခဲအလွှာဖုံးလွှမ်းစေနိုင်သော ကျင့်ကြံခြင်းအဆင့် ၊ တန်ခိုးစွမ်းအားနှင့် လုပ်ရပ်များက ထိပ်တန်းအရှင်သခင်များအနေဖြင့် လူတစ်ယောက်ကို ချက်ချင်း သတိရသွားစေသည်။

ထိုသူက ချင်းယွမ်ဧကရာဇ်ကိုဟန့်တားရန် ဤနေရာတွင် အဘယ့်ကြောင့် ပေါ်လာရပါသနည်း။

အရှေ့တောင်ထိပ်တန်းအရှင်သခင် ချောင်ကျယ်၏မျက်ဝန်းများတွင် အံ့အားသင့်သည့်အရိပ်အငွေ့များထွက်ပေါ်လာပြီး သူက ရန်ကျောက်ကဲနှင့် ရန်တိကို လှမ်းကြည့်လိုက်သည်။

ရန်ကျောက်ကဲနှင့် ရန်တိမှာလည်း ရုတ်တရက်ဖြစ်ပေါ်လာသည့်အခြေအနေနှင့် အဖြစ်အပျက်ကြောင့် သတိရှိနေသည့်တိုင် အတော်လေး အံ့သြမှင်တက်လျှက် ရှိကြသည်။

ချင်းယွမ်ဧကရာဇ်က လေထုထဲမှ အခြားတစ်နေရာသို့ လှည့်ကြည့်လိုက်၏။

ထိုနေရာတွင် ကြီးမားသော ရုပ်ပုံလွှာတစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

လူတိုင်း ထိုနေရာသို့ လှမ်းကြည့်လိုက်တော့ ကြီးမားသောအနက််ရောင်မြွေကြီးတစ်ကောင် ကောင်းကင်ယံမှ ကမ္ဘာမြေကိုဖြတ်ကျော်ပြီး သူတို့ရှေ့တွင်ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

ရေချီစွမ်းအားက ရှည်လျားသည့် အနက်ရောင်မြစ်တစ်စင်းပမာ အနက်ရောင်မြွေကြီးအား ရစ်ပတ်ထားပြီး အစစ်အမှန်နဂါးတစ်ကောင်ထက်ပင် စွမ်းအားကြီးမားနေသည်။

အနက်ရောင်မြွေကြီး အသက်ရှူထုတ်လိုက်သည့်အခါ ရေခဲပမာအေးစက်သော ချီစွမ်းအားက လူသားတိုင်း၏ အရိုးကို ထိုးဖောက်ပစ်တော့မည့်အလား ခံစားရသည်။

မြွေကြီး၏ ဦးခေါင်းထက်တွင် ကြီးမားသည့် ကျောက်စိမ်းမြင်းရထားတစ်စီးရှိနေပြီး မြင်းရထားဘေးတွင် ကံကောင်းခြင်းသင်္ကေတလက်ဖွဲ့အဆောင်များ ကိုင်ဆောင်ထားသော လူငယ်များနှင့် မိန်းမပျိုလေးများ မတ်တတ်ရပ်နေကြသည်။

ကျောက်စိမ်းမြင်းရထား တစ်ဖက်တစ်ချက်တွင် ရွှေရောင်ကုလားကာများ တွဲလောင်းချကာဆီးထားသဖြင့် အတွင်းသို့ မြင်နိုင်ခြင်းမရှိပေ။ သို့သော် အနက်ရောင်မြွေကြီးနှင့် ကျောက်စိမ်းမြင်းရထားကို တွေ့မြင်သူအားလုံး ရောက်ရှိလာသူ မည်သူမည်ဝါဖြစ်ကြောင်း သိရှိလိုက်ကြသည်။

ရောက်လာသူမှာ အထက်ဘုံကမ္ဘာရှိ ဧကရာဇ် (၃)ပါး ၊ အုပ်စိုးရှင် (၅)ပါးတွင် တစ်ဦးတည်းသော အမျိုးသမီးဖြစ်သည်။

လက်ရှိအထက်ဘုံကမ္ဘာတွင် နံပါတ် (၁) အဆင့် အမျိုးသမီးကျင့်ကြံသူတစ်ယောက်လည်း ဖြစ်သည်။

သူမကို နက်ရှိုင်းရေခဲဧကရီဟု ခေါ်ဆိုကြသလို ရေခဲဧကရီဟုလည်း ခေါ်ဆိုကြသည်။

သူမ၏အမည်က ကျဲ့မင်ခုန်ဖြစ်ပြီး အထက်ဘုံကမ္ဘာမှလူများက သူမကို နွီတိဧကရာဇ် (မိန်းမပျိုဧကရာဇ်) ဟု ခေါ်ဆိုကြသည်။

ချင်းယွမ်ဧကရာဇ်နှင့် ပိုးသားဧကရာဇ်တို့ကဲ့သို့ အုပ်စိုးရှင် (၅)ပါးထဲမှ တစ်ပါး ဖြစ်၏။

အုပ်စိုးရှင် (၅)ပါးတွင် မိန်းမပျိုဧကရာဇ်က တံခါးပိတ်ကျင့်ကြံ၍သာနေလေ့ရှိပြီး အခြားသူများ၏ အရေးကိစ္စများတွင်လည်း တစ်ခါမှ ပါဝင်ပတ်သက်ဖူးခြင်း မရှိပေ။

ပိုးသားဧကရာဇ်နှင့် အမတမှော်ဝင်လက်နက်ဖြစ်သော ‘အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်’ တို့ ရှားပါးတိုက်ပွဲတိုက်ခိုက်စဉ်က အမှန်တကယ်ပင် အရေးကြီးသော အချိန်အခါ ဖြစ်ခဲ့သည်။

သို့သော် ခွန်လွန်‌တောင်တွင်ရှိနေသော မိန်းမပျိုဧကရာဇ်ကတော့ ထိုကိစ္စကို လုံးဝ စိတ်မဝင်စားခဲ့ပေ။ ထွက်ပေါ်လာရန် မပြောနှင့် ထိုကိစ္စနှင့်ပတ်သက်ပြီး သတင်းစကားပင် ပေးပို့ခဲ့ခြင်း မရှိပေ။

ယခု ချင်းယွမ်ဧကရာဇ်နှင့် ပိုးသားဧကရာဇ်တို့က အထက်ဘုံကမ္ဘာသို့ ပြန်ရောက်လာကြသော်လည်း ဧကရာဇ် (၃)ပါးနှင့် အုပ်စိုးရှင် (၅)ပါးမှ ကျန်ရှိသူအများစုမှာ ပြင်ပဗလာနယ်ထဲတွင် ရှိနေကြဆဲ ဖြစ်သည်။

မိန်းမပျိုဧကရာဇ်ကတော့ လွန်ခဲ့သည့်နှစ်များအတွင်း အထက်ဘုံကမ္ဘာသို့ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။

သို့သော် ချင်းယွမ်ဧကရာဇ်နှင့် ကျွမ်းရှန်တို့အုပ်စုသာမက ရန်ကျောက်ကဲနှင့် ချောင်ကျယ်တို့အုပ်စုကသာ ယနေ့ တိုက်ပွဲသို့ရောက်ရှိလာမည်ဆိုလျှင် အထက်ရပ်ထိပ်တန်းအရှင်သခင်သာလျှင် ရောက်ရှိလာနိုင်သည်ဟု တွေးထင်ခဲ့ကြသည်။

မိန်းမပျိုဧကရာဇ်အား တစ်ချက်လေးပင် ထည့်သွင်းစဉ်းစားခဲ့ကြခြင်း မရှိပေ။

ယခုတော့ ခွန်လွန်တောင်မှ ရှားရှားပါးပါး ထွက်ခွာလာခဲသော မိန်းမပျိုဧကရာဇ်သည် အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ် ၊ ကျူတောပင်လယ်ဒေသသို့ ရောက်ရှိလာပြီ ဖြစ်သည်။

ရောက်ရောက်ချင်းပင် သူမက ချင်းယွမ်ဧကရာဇ်၏လှုပ်ရှားမှုများကို တားဆီးခဲ့သည်။

လန်ချင်း ၊ ကျွမ်းရှန်နှင့် အခြားသူများ အကြည့်ချင်းဖလှယ်လိုက်ကြပြီး မရေမရာဖြင့် ပဟေဠိဖြစ်သွားကြသလို အရှေ့တောင်ထိပ်တန်းအရှင်သခင် ချောင်ကျယ်သည်လည်း နားမလည်နိုင် ဖြစ်သွားသည်။

သူက ရန်ကျောက်ကဲနှင့် ရန်တိကိုလှမ်းကြည့်လိုက်ချိန် ရန်ကျောက်ကဲက အသံပို့လွှတ်စနစ်ဖြင့် မေးမြန်းသည်ကို ကြားလိုက်ရသည်။

“ဒီ ဧကရာဇ်ကို အရှေ့တောင်ထိပ်တန်းအရှင်သခင် အကူအညီ ခေါ်ထားတာလား...”

ချောင်ကျယ်က ရန်ကျောက်ကဲကို လေးနက်စွာ စူးစိုက်ကြည့်လိုက်သည်။ လူငယ်၏အမူအရာက လေးနက်တည်ကြည်ပြီး ဟန်ဆောင်မှုလုံးဝမရှိကြောင်း နားလည်လိုက်သည်။

သူက ဖြည်းညင်းစွာခေါင်းခါယမ်းရင်း...

“အဲဒါ ငါ မဟုတ်ဘူး”

ရန်ကျောက်ကဲ၏မျက်ဝန်းများက လေထုအလယ်တွင်ရှိနေသည့် ချင်းယွမ်ဧကရာဇ်ကိုလှမ်းကြည့်လိုက်ပြီး အနက်ရောင်မြွေကြီး၏ဦးခေါင်းထက်မှ ကျောက်စိမ်းမြင်းရထားဆီသို့ ကျရောက်သွားသည်။ ထို့နောက် အလေးအနက် တွေးတောနေလေသည်။

ချင်းယွမ်ဧကရာဇ်သည်လည်း ကျောက်စိမ်းမြင်းရထားကို စူးစိုက်ကြည့်နေရင်း...

“တာအိုရောင်းရင်း’ကျဲ့’ ၊ ဘာလို့ ဒီတာအိုတရာကို တားဆီးရတာလဲ”

သူ၏အမေးစကားထွက်ပေါ်လာချိန် မိုးမြေတစ်ခွင် လှိုင်းလုံးများ ပြင်းထန်သွားသည့်ပမာ ခံစားရသည်။

ထိုအချိန်...

ကြီးမားသော အနက်ရောင်မြွေကြီး၏ ခန္ဓာကိုယ်ထက်မှ အကြေးခွံများက အဆက်မပြတ် ခုန်လှုပ်လာသည်။

သဏ္ဌန်မဲ့လေပြေတိုက်ခတ်လာပြီး ကျောက်စိမ်းမြင်းရထားထက်တွင် တွဲလောင်းချထားသော ရွှေရောင်ကုလားကာများ လွင့်ပျံသွားသည်။

လူတိုင်း လှမ်းကြည့်လိုက်တော့ ကျောက်စိမ်းမြင်းရထားထက်တွင်ထိုင်နေသော ရေခဲရုပ်တုတစ်ခုကို ရှင်းရှင်းလင်းလင်း မြင်လိုက်ကြရသည်။

ရေခဲရုပ်တုထဲတွင် လူတစ်ယောက်ပုံရိပ် ရှိနေသည်။

ထိုပုံရိပ်က မယုံကြည်နိုင်စရာကောင်းလောက်အောင် ချောမောလှပသည့် မိန်းမပျိုတစ်ယောက်ဖြစ်ပြီး အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ ညာဘက်လက်ညှိုးတွင် မဟူရာလက်စွပ်တစ်ကွင်းဝတ်ဆင်ထားသည်။

မိန်းမပျိုက အေးခဲနေသောရေခဲရုပ်တုထဲတွင် အလုံပိတ်နေပြီး နက်ရှိုင်းစွာအိပ်ပျော်နေသည့်အလား မျက်လုံးများကို မှေးမှိတ်ထားသည်။

ချောင်ကျယ် ၊ ကျွမ်းရှန်နှင့် အခြားသူများက ဤသည်ကို ထူးဆန်းသည်ဟု မထင်ခဲ့ကြပေ။

“မိန်းမပျိုဧကရာဇ်က လေးနက်တဲ့သိုင်းပညာကျင့်ကြံဖို့အတွက် ရေခဲထဲမှာ သူ့ကိုယ်သူ ချုပ်နှောင်ထားလေ့ရှိတယ် ၊ အထူးသဖြင့် သူ့မျက်လုံးတွေပေါ့ ၊ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာကျော်အတွင်း သူ့ရဲ့မျက်လုံးတွေ လုံးဝဖွင့်ဟမလာခဲ့ဖူးဘူး”

ချောင်ကျယ်က ရန်ကျောက်ကဲနှင့် ရန်တိတို့အား ရှင်းပြသည်။

ရန်ကျောက်ကဲနှင့် ရန်တိတို့က မည်သည့်စကားမှမဆိုဘဲ ရေခဲရုပ်တုကိုကြည့်ရင်း ခေါင်းညိတ်ပြလိုက်ကြသည်။

အနက်ရောင်မြွေကြီး၏ ဦးခေါင်းထက်တွင်ရှိသော ကျောက်စိမ်းမြင်းရထားဘေးတွင် မတ်တတ်ရပ်နေသည့် လူငယ်များနှင့် မိန်းမပျိုများက ချင်းယွမ်ဧကရာဇ် ၊ ချောင်ကျယ် ၊ ကျွမ်းရှန်နှင့် အခြားသူများအားလုံးကို တညီတညွတ်တည်း ဦးညွှတ်ဂါရဝပြုလိုက်ကြသည်။

ထို့နောက် ရှေ့ဆုံးတွင်ရပ်နေသည့်လူငယ်က...

“ချင်းယွမ်ဧကရာဇ် ၊ ဧကရီကိုယ်တိုင်ရဲ့ဆန္ဒအရရော ... လူတစ်ယောက်ရဲ့စေခိုင်းမှုကြောင့်ပါ ဧကရီ ကြွရောက်လာခြင်း ဖြစ်ပါတယ်”

“ဒီလောက်ဆို ရပြီ”

ချင်းယွမ်ဧကရာဇ်က ရုတ်တရက် ပြောလိုက်သည်။

“ဒီ တာအိုဆရာက ပါရမီရှင်လူငယ်တွေကို သဘောကျမြတ်နိုးတယ်ဆိုတာ ရေခဲဧကရီလည်း သိမှာပါ”

“ဒီတာအိုဆရာက ရန်ကျောက်ကဲကိုလည်း သဘောကျတဲ့သူတစ်ယောက်ပါ ၊ သူနဲ့ငါရဲ့ ဆက်ဆံရေးသာ ပြန်လည်ပြုပြင်နိုင်မယ်ဆိုရင် အံ့သြစရာဒဏ္ဍာရီတစ်ခုတောင် ဖြစ်လာနိုင်တယ်”

ချင်းယွမ်ဧကရာဇ်က သူ့လက်‌ချောင်းကိုခါယမ်းလိုက်ပြီး လက်ချောင်းထက်မှ နှင်းခွဲအလွှာကို ဖြိုခွဲလိုက်သည်။

“ဒါပေမဲ့ ရန်ကျောက်ကဲက ဒီတာအိုဆရာကို အရင်စပြီး ရန်စတာပဲ ၊ ငါ့တပည့် ချင်ရှုကျီကိုလည်း သတ်ပစ်လိုက်တယ် ၊ ဒီကိစ္စကိုသာ ငါ့ဘက်က ပေါ့ပေါ့တန်တန် လွှတ်ထားလိုက်ရင် နောက်ပိုင်း အထက်ဘုံကမ္ဘာမှာ ဒီတာအိုဆရာရဲ့ လုပ်ပိုင်ခွင့်အားလုံး ဆုံးရှုံးရလိမ့်မယ်”

ချင်းယွမ်ဧကရာဇ်က ရေခဲဧကရီနှင့် စကားပြောချိန်တွင် စောစောက ချောင်ကျယ် ၊ လျိုကျန်းကူတို့နှင့် စကားပြောသကဲ့သို့ ပေါ့ပါးအေးဆေးဟန် မရှိပေ။

ပြောပြီးသည်နှင့် သူက လက်နှစ်ဖက်ကိုဆန့်တန်းလိုက်ပြီး လက်တစ်ဖက်က အပေါ်ဘက် ၊ ကျန်လက်တစ်ဖက်က အောက်ဘက်သို့ ဝှေ့ယမ်းကာ ထိုလက်နှစ်ဖက်ကို ရင်ဘတ်ရှေ့အလယ်ဗဟိုတွင် ပြန်လည်စုစည်းလိုက်သည်။

ထိုအခါ ကောင်းကင်ထက်တွင်ရှိ‌နေသော မြေပြင်ကြီးမှာ ချက်ချင်းပင် အောက်ဘက်သို့ ဆင်းသက်လာသည်။

ကျူတောပင်လယ်ဒေသအား အထက်နှင့်အောက် မြေပြင်နှစ်ခုညှပ်ပိတ်ကာ အရာခပ်သိမ်းကို အမှုန်အမွှားဖြစ်သွားစေရန် ကြိုးပမ်းသည့်အလားပင်။

ကျောက်စိမ်းမြင်းရထားအတွင်းမှ ရေခဲရုပ်တုမျက်နှာပြင်ထက်တွင် ကျောက်စိမ်းရောင်အလင်းတန်းတစ်ခု တောက်ပသွားသည်။

အေးစက်သောနှင်းခဲများက ကောင်းကင်ထက်တွင်ပိတ်ဆို့ထားသော မြေသားမျက်နှာပြင်ထက်သို့ မြင့်တက်လာသည်။

အဆုံးမဲ့ရေခဲမြစ်တစ်စင်းက လျှင်မြန်စွာ ကျယ်ပြန့်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပြည့်နက်သွားသည်။

‌မြေပြင်နှင့်အစားထိုးထားသော ကောင်းကင်ယံသည် ချက်ချင်းပင် ရေခဲပြင်တစ်ခုအဖြစ် ပြောင်းလဲသွား၏။

အမှောင်ထုကြားတွင် ကြယ်အလင်းအမှုန်အမွှားများ ဖျတ်ခနဲ လွင့်စင်သွားသလို ပတ်ဝန်းကျင်တစ်ခုလုံး အေးမြကြည်လင်သော ရေခဲများဖြင့် ပြည့်နှက်နေသည်။

ရေခဲမြစ် အပြင်ဘက်တွင် အက်ကွဲကြောင်းများ ထွက်ပေါ်လာပြီး ရံဖန်ရံခါ အက်ကွဲသံများကိုပင် ကြားနေရသည်။

သို့တိုင် ပိုမိုခိုင်မာသောရေခဲများထပ်မံဖြစ်တည်လာပြီး လျှင်မြန်စွာပင် ပြန်လည်အေးခဲသွားပြန်သည်။

ချင်းယွမ်ဧကရာဇ်၏ရုပ်သွင်က နေရာမှာပင်ပျောက်ကွယ်သွားပြီး အနက်ရောင်မြွေကြီး၏ဦးခေါင်းထက်မှ ကျောက်စိမ်းမြင်းရထားရှေ့တွင် ပြန်လည်ထွက်ပေါ်လာသည်။

ထို့နောက် သူ၏အင်္ကျီလက်ကိုပင့်မြှောက်လိုက်ပြီး ကျောက်စိမ်းမြင်းရထားထက်မှ ရေခဲရုပ်တုအား ဆွဲငင်စုပ်ယူလိုက်သည်။

မျှော်လင့်မထားသည့်အရာများ ထပ်မံကြုံတွေ့ရခြင်းမရှိစေရန် ချင်းယွမ်ဧကရာဇ်က အစပိုင်းကတည်းကပင် အဆုံးစွန်သော လှုပ်ရှားမှုကို ပြုလုပ်လိုက်ခြင်း ဖြစ်၏။

သူက အနက်ရောင်မြွေကြီးဦးခေါင်းထက်မှ ကျောက်စိမ်းမြင်းရထားရှေ့သို့ ရောက်လာပြီး “မိုးမြေစုပ်ယူအင်္ကျီလက်” တန်ခိုးစွမ်းအားကိုထုတ်ဖော်ကာ စတင်တိုက်ခိုက်လိုက်ခြင်းပင်။

ချင်းယွမ်ဧကရာဇ်၏ “မိုးမြေစုပ်ယူအင်္ကျီလက်” သိုင်းပညာက ကျင့်ကြံခြင်းအဆင့် တူညီသူများကိုပင် ပြင်းထန်စွန်ထိုးနှက်နိုင်ပြီး တန်ခိုးစွမ်းအားရှင်များကို တစ်ချက်တည်းဖြင့်ထိုးနှက်ကာ အောင်ပွဲခံနိုင်သည့် အစွမ်းထက်သော ပညာရပ်တစ်ခု ဖြစ်သည်။

သူ၏အင်္ကျီလက်ကို ဖွင့်လိုက်သည်နှင့် အချိန်နှင့်နေရာက ပုံရိပ်ယောင်ပမာ ထင်ယောင်ထင်မှားဖြစ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး ပြောင်းလဲသွားသည်။

အဆုံးမရှိသောတောင်တန်းများထက်ပင် ပိုမိုကြီးမားသော အနက်ရောင်မြွေကြီးမှာ တီကောင်တစ်ကောင်ပမာ ကျုံ့ဝင်သွားပြီး ချင်းယွမ်ဧကရာဇ်၏ အင်္ကျီလက်အတွင်းသို့ စုပ်ယူခံလိုက်ရသည်။

အနက်ရောင်မြွေကြီး၏ဦးခေါင်းထက်မှ ကျောက်စိမ်းမြင်းရထားဆိုလျှင် သာမန်မျက်စိဖြင့်မမြင်နိုင်သော အမှုန်အမွှားတစ်ခုပမာ သေးငယ်သွား၏။

သို့သော် အနက်ရောင်မြွေကြီး၏ဦးခေါင်း အင်္ကျီလက်ထဲစုပ်ယူခါနီးတွင် မြွေကြီး၏ဦးခေါင်းထက်မှ အလင်းရောင်တစ်ချက် လင်းလက်သွားသည်။

ကျောက်စိမ်းမြင်းရထားထက်မှ ရေခဲရုပ်တု ပြတ်သားစွာ အက်ကွဲသွားပြီး ရေခဲရုပ်တုအတွင်းမှ အဖြူရောင်ဝန် မိန်းမပျိုတစ်ယောက် ထွက်ပေါ်လာလေသည်။

(Note - အစပိုင်းက နွီတိဧကရာဇ်လို့ ရေးထားတာကို နောက်ပိုင်းမှာ မိန်းမပျိုဧကရာဇ်လို့ ပြောင်းရေးသွားပေးပါ့မယ်နော် ၊ အဲဒါက ပိုပြီးအဓိပ္ပါယ်ပေါ်တယ်လို့ ထင်လို့ပါ ၊ မိန်းကလေးပေမယ့် သူ့ကို ဧကရာဇ်လို့ပဲ ခေါ်ကြတဲ့သဘောမျိုး မို့လို့ပါ - ဘာသာပြန်သူ)

All Chapters