ကြက်သွေးရောင်စပါးအုံးမြွေသူတော်စင်နဲ့တိုက်ခိုက်ခြင်း
Vol. 58 Ch. 795
"ညပြမြို့ကို သွားပြီး အဆွေးဧကရာဇ်နဲ့အတူ လေတိမ်မြို့ကို တည်နေရာရွှေ့ပြောင်းလိုက်ပါ"
သူက ရန်ချင်းဟူနဲ့မိုးကြိုးသားရဲတို့နဲ့အတူ လွတ်မြောက်ဖို့ ကြိုးစားမယ်ဆိုရင် ကြက်သွေးရောင်စပါးအုံးသူတော်စင်ကို ဘယ်တော့မှ နောက်ကောက်မချန်ထားနိုင်ဘူးကို လီဖူချန်းက သိပါတယ်။
"ဒါဆို နင်ကရော" ရန်ချင်းဟူက တုံ့ဆိုင်းသွားတယ်။
သူတို့ကို လိုက်ဖမ်းနေတာက အဆင့်နိမ့်သူတော်စင်တစ်ယောက်လေ၊ အဆင့်နိမ့်သူတော်စင်တစ်ယောက်ရဲ့ခွန်အားက အဆင့်နိမ့်နတ်ဆိုးသားရဲအရှင်သခင်တွေထက် သိသိသာသာ ပိုသန်မာပါတယ်။ မဟာဧကရာဇ်သတ်မှတ်ချက်ရဲ့ထိပ်ဆုံးတွေက အဆင့်နိမ့်နတ်ဆိုးသားရဲအရှင်သခင်တစ်ကောင်ကို အနိုင်ယူဖို့၊ ယှဉ်ပြိုင်ဖို့ ခွန်အားရှိချင်ရှိနိုင်ပေမယ့် သူတို့က အဆင့်နိမ့်သူတော်စင်တစ်ယောက်နဲ့ ယှဉ်ပြိုင်တာကို တစ်ယောက်မှ မမြင်ဖူးပါဘူး။
လီဖူချန်းက ပြောလိုက်တယ်"ငါ့ကို ယုံပါ"
သူက ကြက်သွေးရောင်စပါးအုံးသူတော်စင်နဲ့ ယှဉ်ပြိုင်နိုင်ဖို့ ယုံကြည့်ချက်မရှိပေမယ့် ဒဏ်ရာမရဘဲ ပြန်ဆုတ်နိုင်ဖို့တော့ ယုံကြည်ပါတယ်။
"ကောင်းပြီလေ"
ရန်ချင်းဟူက ခေါင်းညိတ်လိုက်တယ်၊ ညပြာမြို့ကို သွားတာက ဉာဏ်အရှိဆုံးရွေးချယ်မှုဆိုတာကို သူမက သိတယ်လေ။ ဒီနေရာမှာနောက်ချန်နေတာကသာ လီဖူချန်းအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်စေလိမ့်မယ်။
ကြက်သွေးရောင်စပါးအုံးသူတော်စင်က မလိုက်သွားပါဘူး၊ သူက ရန်ချင်းဟူနဲ့မိုးကြိုးသားရဲ ထွက်ခွာသွားတာကို ကြည့်ရှုနေတယ်။ လီဖူချန်းကို ဖြေရှင်းပြီးမှ လိုက်သွားလည်း နောက်မကျဘူးလို့ သူက ထင်မိတယ်။
"မင်းက အတော်လေး သတ္တိရှိတာပဲ" လူသေတစ်ယောက်ကို ကြည့်နေသလိုမျိုး ကြက်သွေးရောင်စပါးအုံးသူတော်စင်က လီဖူချန်းကို ကြည့်လိုက်တယ်။
လီဖူချန်းက ဥပဒေသပြောင်းလဲခြင်းနယ်ပယ်မှာပဲ ရှိသေးတာကို သူက မြင်နိုင်တယ်။ လောဘသားရဲအစည်းရုံးရဲ့အစီအရင်ကို ချိုးဖျက်ဖို့ အထူးနည်းလမ်းအချို့ကို လီဖူချန်းက အသုံးပြုခဲ့တာပဲ ဖြစ်ရမယ်။
"ကြက်သွေးရောင်စပါးအုံးသူတော်စင်၊ မြင့်မြတ်တဲ့သူတော်စင်တစ်ယောက်အနေနဲ့ မင်းက ငါ့ရဲ့သူငယ်ချင်းတွေကို အကြောင်းပြချက်မရှိဘဲ အဓမ္မခေါ်ဆောင်သွားတယ်။ အနိုင်ကျင့်လွန်းတယ်လို့ မထင်ဘူးလား" လီဖူချန်းက မေးလိုက်တယ်။
ကြက်သွေးရောင်စပါးအုံးသူတော်စင်က မျက်မှောင်ကြုတ်လိုက်တယ်"ငါက မြင့်မြတ်တဲ့သူတော်စင်တစ်ယောက်လို့ မင်းက သိထားမှတော့ ဘာလို့ ငါ့ကို ဆန့်ကျင်နေမှာလဲ။ မင်းမှာ အခွင့်အရေးရှိတုန်း ငါ့ကို အခုပဲ အညံ့ခံစမ်း။ ငါလှုပ်ရှားရအောင် ဖိအားမပေးနဲ့"
လီဖူချန်းက ရန်ချင်းဟူနဲ့ နက်ရှိုင်းတဲ့ဆက်ဆံရေးရှိတာကို သူ မြင်နိုင်ပါတယ်။ သူက လီဖူချန်းကို သတ်ခဲ့ရင် သူက ရန်ချင်းဟူရဲ့နှလုံးသားကို ဒီတစ်သက် ရနိုင်တော့မှာ မဟုတ်ဘူးလေ။
"အညံ့ခံရမှာလား" လီဖူချန်းက ခေါင်းခါလိုက်တယ်" ကြက်သွေးရောင်စပါးအုံးသူတော်စင်ရဲ့ပြောင်မြောက်တဲ့စွမ်းရည်တွေကို ငါ သင်ယူချင်မိပါရဲ့"
သူတော်စင်တစ်ယောက်နဲ့တိုက်ခိုက်ရတာက အခြားသူတွေအတွက် ကြောက်စရာကောင်းတဲ့ကိစ္စတစ်ခုဆိုပေမယ့် လီဖူချန်းအတွက်ကတော့ သူ မျှော်လင့်စောင့်စားနေတဲ့အရာပဲလေ။
အဆင့်နိမ့်သူတော်စင်တစ်ယောက်နဲ့ နှိုင်းယှဉ်ရင် သူ့ရဲ့ခွန်အားက ဘယ်လိုလဲကို လီဖူချန်းက သိချင်မိတယ်။
"ဟားဟား.......ငါ့ရဲ့စွမ်းရည်ကို သင်ချင်နေတာပေါ့လေ။ မင်းက သေချင်နေတာပဲ ဖြစ်မယ်" ကြက်သွေးရောင်မီးစပါးအုံးသူတော်စင်က ဒေါသနဲ့ ရယ်လိုက်တယ်၊ သူက လီဖူချန်းကို လက်ဝါးနဲ့ ခုတ်ပိုင်းလိုက်တယ်။
လက်ဝါးက နေရာတစ်ခုလုံးကို မွှေနှောက်သလို ခံစားကတယ်။ ကြက်သွေးရောင်စပါးအုံးချီအားတစ်ခုက လီဖူချန်းကို တိုက်ခိုက်လိုက်တယ်။
မြေပြင်က စုတ်ပြဲသွားပြီး ဟင်းလင်းပြင်က အက်ကွဲနေတယ်။ လေ၊ မီး၊ မိုးကြိုးတွေက ဟင်းလင်းပြင်အာက်ကြောင်းတွေမှ ပေါ်ထွက်လာတယ်။
တစ်ခဏအတွင်း သူက ကမ္ဘာပျက်ထဲမှာ ရှိနေသလို လီဖူချန်းက ခံစားရတယ်။
"ဒါက အဆင့်နိမ့်သူတော်စင်တစ်ယောက်ရဲ့ခွန်အားလား"
ကြက်သွေးရောင်စပါးအုံးသူတော်စင်ရဲ့သိုင်းပညာကျွမ်းကျင်မှုက အဆုံးစွန်းမှာ ရှိမနေတာကို လီဖူချန်းက မြင်နိုင်တယ်၊ ဒါပေမယ့် သူ့ရဲ့ချီက အားကောင်းလွန်းတယ်။ ဥပဒေသပြောင်းလဲခြင်းနယ်ပယ်ဧကရာဇ်ရဲ့ချီနဲ့ နှိုင်းယှဉ်ရင် ခြားနားချက်က အဆတစ်ရာမကပါဘူး၊ နယ်ပယ်တစ်ခုလုံးစာ ရှိနေလေတယ်။
ဒီဓားကွက်နဲ့ရင်ဆိုင်ရတဲ့အခါ လီဖူချန်းက သတိမထားဘဲမနေရဲပါဘူး။ သူက ဓားစွမ်းအင်ကို အကန့်အသတ်ထိ လည်ပတ်ပြီး ထွန်းတောက်ဓားပညာရဲ့ပထမဓားကွက်၊ကြယ်ပျံကြွေဓားကွက်ကို ထုတ်ဖော်လိုက်တယ်။
(အရင်ဆရာက ကြယ်ဓားပညာ၊ ကြယ်ကြွေဓားကွက်လို့ သုံးခဲ့ပါတယ်၊ ထန်ရှင်းရဲ့ဓားပညာကလည်း ကြယ်ဓားပညာဖြစ်လို့ ရောထွေးမှာ စိုးတဲ့အတွက် ကြယ်ပျံဓားပညာ၊ ကြယ်ပျံကြွေဓားကွက်လို့ ပြောင်းသုံးထားပါတယ်နော်)
ထွန်းတောက်ဓားအလင်းက ကောင်းကင်နဲ့မြေကြီးကို ဆုတ်ဖြဲမယ့်အလား ထင်ရပါတယ်။ အဲဒါက ကြက်သွေးရောင်စပါးအုံးချီအားနဲ့ ထိပ်တိုက်ရင်ဆိုင်လိုက်ချေတယ်။
ဘမ်း...........ဘုံး...........
နှစ်ယောက်ကြားဟင်းလင်းပြင်က အပေါက်ရာထောင်ပေါင်းများစွာ ဖြစ်သွားရတယ်။ ဟင်းလင်းပြင်အက်ကြောင်းတွေကလည်း အနက်ရောင်မိုးကြိုးပမာ နေရာတိုင်းကို ချဲ့ထွင်ပြီး အဖျက်အဆီးအရှိန်အဝါကို ထုတ်လွှတ်နေတယ်။
မျက်စိတစ်မှိတ်အတွင်း ကြက်သွေးရောင်စပါးအုံးချီအားနဲ့ထွန်းတောက်ဓားအလင်းတို့က တစ်ချိန်တည်းမှာ ပျောက်ကွယ်သွားခဲ့ရတယ်။
"အဆုံးစွန်းအဆင့်ဓားပညာလား" ကြက်သွေးရောင်စပါးအုံးသူတော်စင်ရဲ့မျက်လုံးတွေက မယုံကြည်နိုင်မှုတွေနဲ့ ပြူးကျယ်သွားရတယ်။
သူတော်စင်တစ်ယောက်အနေနဲ့ သူက အခုထိ အဆုံးစွန်းအဆင့်သိုင်းပညာကို နားမလည်နိုင်သေးပေမယ့် လီဖူချန်းက အဲဒါကို တကယ် အောင်မြင်ခဲ့တယ်၊ ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။
"ငါ ဒီကလေးကို အခု မသတ်ရင် သူက သူတော်စင်ဖြစ်သွားတာနဲ့ ငါ ဒုက္ခရောက်ရလိမ့်မယ်"
ကြက်သွေးရောင်စပါးအုံးသူတော်စင်က လူသတ်ချင်စိတ်တွေ ပေါက်ထွက်လာတယ်။ သူက သူ့ရဲ့ချီအားလုံးကို ပေါက်ကွဲထွက်စေပြီး လီဖူချန်းဆီ လက်ဝါးတစ်ရာရိုက်ချက်ကို ထုတ်ဖော်လိုက်တယ်။
"ချိုးဖြတ်စမ်း"
လီဖူချန်းက သူ့ရဲ့ဓားကို ဝှေ့ယမ်းလိုက်တဲ့အခါ ဓားအလင်းတွေက အဆုံးမဲ့ထွန်းတောက်ဓားအလင်းတွေအဖြစ် ခွဲဖြာသွားရတယ်။
ကြယ်ပျံကြွေဓားကွက်က အဆုံးစွန်းကို ရောက်ရှိသွားတာနဲ့ ၎င်းက ပြန်လည်မွေးဖွားလာခဲ့တယ်။ ၎င်းက ကြယ်ပျံမိုးရွာချသလို ဖြစ်ပြီး ဓားအလင်းအသီးသီးမှာ အများကြီးမလျော့ကျတဲ့စွမ်းအားတွေ တည်ရှိပါတယ်။
ဝုန်း........ဝုန်း........ဝုန်း........
ချီအားပေါက်ကွဲမှုတွေက ဆက်တိုက်ပါပဲ။ ကြက်သွေးရောင်စပါးအုံးသူတော်စင်က ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရတယ်။
"အဲ"
ကြက်သွေးရောင်စပါးအုံးသူတော်စင်က ရှက်ရွံ့တဲ့အမူအရာ ဖြစ်သွားရှာတယ်။ ကံကောင်းတာက တစ်ယောက်ကမှ သူတို့ရဲ့တိုက်ပွဲကို မကြည့်နေလို့ပဲ၊ မဟုတ်ရင် သူက လုံးဝ အရှက်တကွဲဖြစ်သွားရလိ့မ်မယ်။
"မိုင်တစ်ထောင်ဝါးမျိုခြင်းမီးတောက်"
ကြက်သွေးရောင်စပါးအုံးသူတော်စင်က ကောင်းကင်ကို ထိုးတက်ပြီး လက်ဝါးနှစ်ဆင့်ရိုက်ချက်ကို လီဖူချန်းထံ ထုတ်ဖော်လိုက်တယ်။
နောက်အခိုက်မှာတော့ မီးတောက်တွေမှ မြင့်မားထည်ဝါလွန်းတဲ့ကြက်သွေးရောင်စပါးအုံးမြွေတစ်ကောင်က ဖြစ်တည်လာတယ်။ ၎င်းက သူ့ရဲ့အစွယ်ကို ဖွင့်ပြီး လီဖူချန်းကို ကိုက်လိုက်တယ်။
"ဓားပင်လယ်စက်ဝိုင်း"
လီဖူချန်းက နယ်နိမတ်အကန့်အသတ်မရှိတဲ့ဓားပင်လယ်တစ်ခုနဲ့ တန်ပြန်တိုက်ခိုက်လိုက်တယ်။
နောက်မျက်စိတစ်မှိတ်အတွင်း ကြက်သွေးရောင်စပါးအုံးမြွေက ဓားပင်လယ်ကြောင့် အစိတ်စိတ်အမွှာမွှာဖြစ်သွားတယ်။ ကြက်သွေးရောင်စပါးအုံးမြွေရဲ့ခုခံမှုကို ရှုံးဆုံးသွားရတာကြောင့် ကြက်သွေးရောင်စပါးအုံးသူတော်စင်က အဆုံးမဲ့ဓားပင်လယ်ထဲသို့ နစ်မြုပ်သွားခဲ့တယ်။
"မဖြစ်နိုင်ဘူး"
ကြက်သွေးရောင်စပါးအုံးသူတော်စင်က သူ့ရဲ့လက်ဝါးနဲ့အတူ ဓားလှိုင်းတွေကို ခုတ်ပိုင်းနေချေတယ်၊ ဒါပေမယ့် လှိုင်းတွေက အဆုံးမရှိဖြစ်နေတယ်။ အားကောင်းတဲ့ကြက်သွေးရောင်စပါးအုံးသူတော်စင်ကတောင် ဒီဓားပင်လယ်ကို မဆုတ်ဖြဲနိုင်ပါဘူး။
မူလဘူတဓား"
ကြက်သွေးရောင်စပါးအုံးသူတော်စင်ကို ဓားပင်လယ်စက်ဝိုင်းထဲမှာ ပိတ်ထားပြီးနောက် လီဖူချန်းက သူ့ရဲ့သတ်ဖြတ်ကွက်ကို ထုတ်ဖော်လိုက်တယ်။
ဓားကို ဝှေ့ယမ်းလိုက်တယ်၊ သောင်းပေါင်းများစွာသောဓားတွေက မူရင်းဇာစ်မြစ်ဆီ ပြန်လာတယ်။ စူးရှတောက်ပတဲ့ဓားအလင်းတစ်ခုက ကြက်သွေးရောင်စပါးအုံးသူတော်စင်ရဲ့ခန္ဓာကိုယ်ထဲကို ထိုးဖောက်သွားလေတယ်။
"အား"
ကြက်သွေးရောင်စပါးအုံးသူတော်စင်က နာကျင်စွာ အော််လိုက်တယ်၊ သူ့ရဲ့ပုံရိပ်က စုတ်ဖြဲခံနေရပုံပေါ်တယ်။ အဆုံးမရှိအလင်းတိုင်လုံးလေးတွေက သူ့ရဲ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာနေတယ်။
"ပြေးတော့"
လီဖူချန်းက အန္တရာယ်ကို ခံစားမိပြီး လျင်မြန်စွာ ဆုတ်ခွာလာတယ်။
ပြီးနောက် ချက်ချင်းပဲ ဝံပုလွေအူသံတစ်ခုက ထွက်လာတယ်၊ ဝံပုလွေဦးခေါင်းတစ်ခုက ဆင်းသက်လာပြီး မြေပြင်မှာ ဧရာမအပေါက်ကြီးတစ်ခုကို ဖောက်ထွက်သွားစေတယ်။
အလယ်ဆင့်နတ်ဆိုးသားရဲအရှင်သခင်က လှုပ်ရှားခဲ့တာ သိသာပါတယ်။ သူ့ရဲ့မူလခန္ဓာကိုယ်က မလိုက်လာတာ ကံကောင်းသွားတယ်။
ဒဏ်ရာအနာကျက်သွားတာနဲ့ ကြက်သွေးရောင်စပါးအုံးသူတော်စင်က အားနည်းတဲ့ချီတည်ရှိမှုနဲ့အတူ အော်လိုက်ချေတယ်"မင်း ငါ့ကို ဒဏ်ရာရစေတယ်ပေါ့။ ငါ မင်းကို သေချာပေါက် သတ်ရမယ်"
သူတော်စင်တစ်ယောက်အနေနဲ့ သူ့ရဲ့သွေးမျိုးဆက်က ကြမ်းတမ်းခိုင်ခံပါတယ်။ သူ့ရဲ့သွေးမျိုးဆက်က မပြန့်ကျဲသေးသရွေ့ သူ့ကို သတ်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် လီဖူချန်းရဲ့ဓားကွက်က သူ့ကို ဒဏ်ရာရသွားစေတာ သိသာပါတယ်၊ သူက နှစ်ဝက်အတွင်း သက်သာလာနိုင်မှာ မဟုတ်ပါဘူး။
"ကြက်သွေးရောင်စပါးအုံးသူတော်စင်၊ မင်းက သူ့ရဲ့ပြိုင်ဘက်မဟုတ်ဘူး၊ သူ့ကို အချိန်ဆွဲထားပြီး ငါ လာတာကို စောင့်နေပါ" ဧရာမဝံပုလွေရဲ့အသံက ကြက်သွေးရောင်စပါးအုံးသူတော်စင်ရဲ့နားထဲမှာ ပဲ့တင်ထပ်သွားရတယ်။
ကြက်သွေးရောင်စပါးအုံးသူတော်စင်က ခေါင်းညိတ်လိုက်တယ်၊ သူက မီးရွှေ့ပြောင်းရေးနည်းလမ်းကို သုံးကာ လီဖူချန်းနောက်ကို လိုက်သွားတယ်။
သူ ဝန်ခံမခံ ကိစ္စမရှိပါဘူး၊ လီဖူချန်းက သူ့ထက် တကယ်ကို ပိုသန်မာတယ်။ သူ့ရဲ့အမြင်အရ လီဖူချန်းက ဥပဒေသပြောင်းလဲခြင်းနယ်ပယ်ဧကရာဇ်မဟုတ်ဘဲနဲ့ ပြောင်မြောက်တဲ့အဆင့်နိမ့်သူတော်စင်တစ်ယောက်လို့တောင် ထင်ရတယ်။
အနောက်ကနေ အလယ်ဆင့်နတ်ဆိုးသားရဲအရှင်သခင်ဖြစ်တဲ့ ဧရာမဝံပုလွေက လျင်မြန်စွာ လိုက်လာနေတယ်။
သူက တိုင်ယန်သားရဲတစ်ကောင်တော့ မဟုတ်ပါဘူး၊ ဒါပေမယ့် အလယ်ဆင့်နတ်ဆိုးသားရဲအရှင်သခင်တစ်ကောင်တော့ ဖြစ်နေတုန်းပါပဲ။ သူ့ခွန်အားက အားကောင်းတဲ့အဆင့်နိမ့်သူတော်စင်တွေနဲ့ နှိုင်းယှဉ်နိုင်ပြီး သာမန်အဆင့်နိမ့်သူတော်စင်တစ်ယောက်ဖြစ်တဲ့ ကြက်သွေးရောင်စပါးအုံးသူတော်စင်ရဲ့အထက်မှာ ရှိပါတယ်။
"ငါ့ရဲ့လက်ရှိခွန်အားအရ၊ ငါက အလယ်ဆင့်နတ်ဆိုးသားရဲအရှင်သခင်တစ်ကောင်နဲ့တိုက်ခိုက်ဖို့ ခွန်အားကင်းမဲ့နေသေးတယ်။ ငါက ထိပ်တိုက်ရင်ဆိုင်လို့ မရဘူး"
လီဖူချန်းက အရူးမဟုတ်ပါဘူး၊ သူက ဧရာမဝံပုလွေနဲ့ တိုက်ခိုက်ရင် သေဖို့သာ ရှိတာကို သိပါတယ်။ သူက အဆင့်နိမ့်နတ်ဆိုးသားရဲအရှင်သခင်တွေထက် ပိုသန်မာနိုင်ပေမယ့် အရိုးသားဆုံးပြောရရင် အဆင့်နိမ့်နတ်ဆိုးသားရဲအရှင်သခင်တစ်ကောင်ကို သတ်ရတာက အဆင့်နိမ့်နတ်ဆိုးသူတော်စင်တစ်ယောက်ကို သတ်ရတာလောက် မလွယ်ကူပါဘူး။ နတ်ဆိုးသားရဲတွေက ကြီးမားတဲ့ခံနိုင်ရည်ရှိတယ်၊ အလယ်ဆင့်နတ်ဆိုးသားရဲအရှင်သခင်ကို အသာထား၊ အဆင့်နိမ့်နတ်ဆိုးသားရဲတစ်ကောင်ရဲ့ခံနိုင်ရည်က အဆင့်နိမ့်သူတော်စင်တစ်ယောက်ရဲ့ခံနိုင်ရည်ထက် အဆများစွာ ပိုသန်မာပါတယ်။
ဒါကြောင့် လီဖူချန်းမှာ အလယ်ဆင့်နတ်ဆိုးသားရဲအရှင်သခင်တွေနဲ့ ယှဉ်နိုင်တဲ့ ဒါမှမဟုတ် ပိုသန်မာတဲ့ ခွန်အားရှိရင်တောင် သူက သူတို့နဲ့ရင်ဆိုင်ဖို့ မဖြစ်နိုင်သေးပါဘူး။
***