လျန်ရူရွှယ်၏ ဖိတ်ခေါ်မှု
Vol. 36 Ch. 527
"အွန်း... ချောင်ကျားတုံး..."ချောင်ရှင်း ပြောလိုက်ပြီး
"ညီမကြားထားတာတော့ သူက စီးပွားရေး လုပ်ငန်းရှင်ကြီးဆိုပဲ... အခု အထူးကြပ်မတ်ဆောင်မှာ နေနေတာလေ... ဒါရိုက်တာလီပြောတာတော့ သူသာ ခုချိန် နှလုံးထဲ ပြွန်မထည့်ထားရင် အနာဂတ်ကျ နှလုံးအခြေအနေ ပိုဆိုးလာနိုင်တယ်... ဒါကြောင့်မို့ ချက်ချက်လက်ငင်းပဲ ခွဲစိတ်ဖို့ စီစဉ်လိုက်တာ..."
လင်းရီ မေးစေ့ပွတ်ရင်း ကံတရားမှ သူ့အား ဆော့ကစားနေသည်ဟုတောင် ခံစားနေရသည်။
'မနေ့တုန်းကပဲ ငါ သူ့ကို သွေးအန်အောင် လုပ်လိုက်တယ်... ဒီနေ့ကျတော့ ငါ့လက်ထဲ ပြန်ရောက်လာတယ်ဆိုတော့....
ဟင်း... ကြည့်ရတာတော့ ကောင်းကင်ဘုံကတောင် သူ့ကို ပြန်မကောင်းစေချင်ဘူးနဲ့တူတယ်....'
"ကောင်းပြီ... သူ့ကို ခွဲစိတ်ခန်းထဲ ပို့ထားလိုက်..."လင်းရီ ပြောလိုက်ပြီး " ငါလာခဲ့မယ်..."
"အွန်း-အွန်း..."
ချောင်ရှင်း ခွဲစိတ်မှု ပြုလုပ်ရန်အတွက် ပြင်တင်စရာ ရှိသည်များကို သွားရောက်ပြင်ဆင်လေသည်။ လင်းရီကတော့ ချောင်ကျားတုံး၏ ဆေးမှတ်တမ်းကို ဖတ်ရှုရင်း ခွဲစိတ်ခန်းအနီးသို့ ရောက်လာခဲ့၏။
ခွဲစိတ်ခန်း ပြင်ပရှိ ထိုင်ခုံတွင် ချောင်ကျင်းချိုးနှင့် ချောင်ရှန့်ယွီတို့ ထိုင်နေကြသည်။
သူမတို့၏ အဖေမှာ အထဲသို့ ရောက်သွားပြီ ဖြစ်သောကြောင့် ကျန်နေသည်က ခေါင်းဆောင်ခွဲစိတ်သူကို စောင့်ရန်သာ လိုအပ်လေသည်။
"လင်းရီ... မင်း ဘယ်လိုတောင် ဒီလာရဲတာလဲကွ..."
လင်းရီကို မြင်သည်နှင့် ချောင်ရှန့်ယွီ မိုးမမြင်လေမမြင် ဒေါသထွက်သွားပြီး ရိုက်နှက်ရန် ဟန်ပြင်လာခဲ့၏။
"ရှင် ဒါ ဘာလုပ်နေတာလဲ..."
ချောင်ရှင်း မပျော်မရွှင် ဖြစ်သွားပြီး "ရှင်တို့ ဒါရိုက်တာလင်းကို ဘယ်လိုလေသံနဲ့ စကားပြောနေကြတာ..."
ယခု နေရာမှာ သူပြဿနာ ရှာလို့ရသည့် နေရာမဟုတ်မှန်း ချောင်ရှန့်ယွီ နားလည်သော်လည်း လင်းရီကို မြင်လိုက်တိုင်း Cisco ၏ ကျရှူံခန်းကို ပြန်ပြန်သတိရသွားကာ ဒေါသတို့ ထိန်းချုပ်မရနိုင်အောင် ဖြစ်လာခဲ့ရသည်။
"ရှင် ဒီကို ဘာလာလုပ်တာ..."ချောင်ကျင်းချိုး မေးမြန်းလိုက်၏။
ချောင်ရှန့်ယွီနှင့် နှိုင်းယှဉ်ပါက ချောင်ကျင်းချိုး သူ့ကို သိပ်မမုန်းပေ။
တောတွင်းဥပဒေ ကြီးစိုးသည့် စီးပွားရေးလောကတွင် အနိုင်ရသူက အရှင်သခင်ပင်။ အကယ်၍ Cisco မကျရှုံးဘူးဆိုလျှင် ကျဆုံးသူမှာ လုံရှင်း ဖြစ်သွားလိမ့်မည်။
ထို့ပြင် Cisco မှ လုံရှငိး၏ နည်းပညာကို ခိုးယူပြီး မြင့်တက်လာနိုင်သေး၏။ သေချာစဉ်းစားကြည့်ပါက သူမတွင် လင်းရီကို မုန်းရန် အကြောင်းပြ ရေရေရာရာ မရှိချေ။
တစ်ခုတည်းသော မကျေနပ်ချက်ကတော့ လင်းရီဘက်မှ လွန်ကျွံလာပြီး ကုန်ပစ္စည်းများကို မီးရှို့ပသ်လိုက်ခြင်းပင်။
"ငါ ဆရာ၀န်ကုတ် ၀တ်ထားတာ မမြင်ဘူးလား..."လင်းရီ ပြောလိုက်ပြီး "ငါက မင်းတို့အဖေရဲ့ ခေါင်းဆောင်ခွဲစိတ်သူပဲ.. သူ့ရဲ့ ခွဲစိတ်မှုကို ငါကပဲ ဦးဆောင်ပေးမှာ...."
"မင်း.... မင်းက ခေါင်းဆောင် ခွဲစိတ်သူ..."
ချောင်ရှန့်ယွီ ကြက်သေသေသွားတော့၏။ ယခု သတင်းမှာ မယုံကြည်နိုင်ဖွယ်ကောင်းလှပြီး ထင်ယောင်ထင်မှား တစ်ခုအလား ခံစားနေရလေသည်။
ချောင်ကျင်းချိုး တစ်စုံတစ်ခုကို ပြန်လည် ကြားယောင်ရင်း သူမနှလုံးခုန်နှုန်းတို့ မြန်ဆန်သွားခဲ့၏။ အနောက်တွင်တုန်းက လင်းရီ သူမကို ဟွာရှန်းဆေးရုံ၏ ဒါရိုက်တာဖြစ်ကြောင်း ပြောခဲ့ဖူးသည်ကို ပြန်အမှတ်ရသွားခဲ့သည်။ ထိုအချိန်တုန်းကတော့ သူမ အလေးအနက် မထားခဲ့ပေ။
သို့သော်လည်း ယခုတော့ ထိုစကားများက စစ်မှန်နေပုံပင်။
Cisco ဖြိုခွင်းခံလိုက်ရသလိုပဲ သူမအဖေလည်း ......
"ငါ့အထင်တော့ မင်းတို့ကောင်တွေ အခေါင်းကြိုမှာထားတာ ကောင်းမယ်လို့ ထင်တာပဲ..."လင်းရီ ပြုံးလိုက်ပြီး "နှလုံးပြွန်ထည့်တဲ့ ခွဲစိတ်မှုက အရမ်း အန္တရာယ်များတာ.. မင်းတို့အဖေ ခွဲစိတ်ခန်းထဲက ထွက်မလာနိုင်တော့တာမျိုးတောင် ဖြစ်သွားနိုင်တယ်... ကြိုပြီး ပြင်ဆင်ထားတော့ အချိန်ကုန်သက်သာတာပေါ့ကွာ.. မဟုတ်ဘူးလား...."
"မင်း ဘယ်လိုတောင် ပြောရဲတာလဲကွ..."ချောင်ရှန့်ယွီ လင်းရီ၏ နှာခေါင်းကို လက်ညိုးထိုးလိုက်ပြီး "ငါ့အဖေ တစ်ခုခု ဖြစ်လို့ကတော့ မင်းက လူသတ်တရားခံပဲ...."
လင်းရီ သူ့လက်ညိုးကို ခါယမ်းလိုက်ပြီး "ခွဲစိတ်မှု မလုပ်ခင် ငါတို့ သဘောတူလက်မှတ် ထိုးထားတယ်လေ... တကယ်လို့ အသက်ဆုံးရှုံးခဲ့ရင်တောင်မှ မတော်တဆမှု ဖြစ်တယ်လို့ပဲ သတ်မှတ်ခံရမှာ... သဂြိုဟ်မယ့် နေရာကို ကြိုရွေးထားလိုက်တော့... ပြီးမှ ဆိုတာ ဘယ်အရာမှ မကောင်းဘူး... "
"ရှင်...."
"ကျင်းချိုး......."
ချောင်ရှန့်ယွီ နှုတ်ခမ်းတို့ ပြာငမ်းသွားသော်လည်း ချောင်ကျင်းချိုးမှာ ဒေါသကြောင့် သတိလစ်မေ့မြောသွားလေသည်။
ဘေးတွင် ရပ်ကြည့်နေသည့် ချောင်ရှင်းမှာ ၎င်းကိုမြင်တော့ ကြက်သေသေသွားပြန်သည်။
"နောက်ထပ် တစ်ယောက်လား..."
အစ်ကိုရီရဲ့ ဒီလအတွက် KPI က လုံး၀ကို နောက်လယ်ဗယ်တစ်ခု ရောက်နေလောက်ပြီ။
"မင်းတို့ ဘာရပ်ကြည့်နေကြတာ... ဒီမှာ တစ်ယောက်ယောက် သတိလစ်သွားတယ်လေ.. မြန်မြန် အရေးပေါ်ပခန်းထဲ ပို့လိုက်ကြ.. ဆေးကို နိုင်ငံခြားက တင်သွင်းလာတဲ့ အကောင်းစား ဆေးတွေပဲ ပေးလိုက်... ကုန်ကျစရိတ်ကို ဂရုစိုက်နေစရာ မလိုဘူး..."
"နား... နားလည်ပါပြီ..."
တစ်နာရီ ကြာပြီးနောက် လင်းရီ ခွဲစိတ်ခန်းထဲမှ mask ချွတ်၍ ထွက်လာခဲ့သည်။ အပြင်ဘက်တွင်တော့ ချောင်ရှန့်ယွီ တစ်ဦးတည်းသာ ရှိနေလေသည်။ သို့သော်လည်း သူ လင်းရီကို လှည့်ပင် မကြည့်ပဲ ချောင်ရှင်းထံ သွား၍ မေးမြန်းလိုက်၏။
"ဒေါက်တာ.. ကျွန်တော့်အဖေ အခြေအနေလေး..."
"အဆင်ပြေပါတယ်... နောက်လေးငါးရက်လောက် စောင့်ကြည့်ပြီးရင် ဆေးရုံက ဆင်းလို့ရပြီ... "
ချောင်ရှင်း ထူးမခြားနားစွာ ပြောလိုက်သည်။ သူမ၏ အစ်ကိုရီအား ကြိမ်းမောင်းထားသည့် အနှီချောင်ရှန့်ယွီအပေါ် သူမ အမြင်ကောင်းတို့ ရှိမနေချေ။
ခွဲစိတ်မှု အောင်မြင်သည်ဟု ကြားသိတော့ ချောင်ရှန့်ယွီ စိတ်သက်သာရာ ရသွားခဲ့ပြီး နာ့စ်များနှင့်အတူ သူ့အဖေကို လူနာခန်းထဲသို့ ပို့ဆောင်လိုက်သည်။
သတိလစ် မေ့မြောသွားသည့် ချောင်ကျင်းချိုးမှာလည်း ဤနေရာ၌ ပြန်လည် နာလန်ထူနေလေသည်။
"အဖေ့ အခြေအနေ ဘယ်လိုလဲ... "
ချောင်ကျင်းချိုး ခံစားချက်မရှိသည့် စက်ရုပ်တစ်ရုပ်ကဲ့သို့ မေးမြန်းလိုက်သည်။
"အဆင်ပြေတယ်..."ချောင်ရှန့်ယွီ ပြောလိုက်ပြီးနောက် "တကယ်လို့ အဲ့ ခွေးမသား လင်းရီသာ တစ်ခုခု လုပ်ရဲလို့ကတော့ ငါ ကျိန်းသေပေါက် အလွှတ်မပေးဘူး...."
"ခုကို မပြောသေးနဲ့ဦး.... အတိတ်တုန်းကတောင် ကျွန်မတို့ သူ့ကို အနိုင်ယူနိုင်ခဲ့လို့လား...."
ထိုင်ခုံပေါ်တွင် ထိုင်နေသည့် ချောင်ရှန့်ယွီမှာ ၎င်းကို ကြားတော့ စကားပြောချင်းကို ရပ်တန့်လိုက်သည်။
သူအမှန်တကယ်လည်း မည်သည့်စကားဆိုရမှန်း မသိသောကြောင့်ပင်။
"ငါတို့လည်း သတိလပ်လွတ်ဖြစ်သွားခဲ့တာ.. အမှန်ဆို မင်းရဲ့ စကားကို နားထောင်ပြီးတော့ လင်းရီနဲ့ အဆက်အသွယ်ဖြတ်လိုက်ရင် ဒီလိုတွေ ဖြစ်လာမှာ မဟုတ်ဘူး..."
"ကျွန်မ စကား နားထောင်ရင်တောင်မှ အချည်းနှီးပါပဲ... Cisco က စာချုပ်မှာ လက်မှတ်ထိုးလိုက်တဲ့ အချိန်ကနေ စပြီးတော့ အဆုံးသတ်ပြီးနေပြီ..."ချောင်ကျင်းချိုး သူမ ဦးခေါင်းကို တစ်ဖက်သို့ လှည့်ရင်း "အစ်ကို နင် နောင်ကျ လင်းရီလို လူမျိုးနဲ့ ဆုံခဲ့ရင် ဝေးဝေးသာနေတော့ ..."
ချောင်ရှန့်ယွီ တစ်ခွန်းမျှ မဆိုးချေ။ သူလည်း ချောင်ကျင်းချိုး ဆိုလိုချင်နေသည့် အဓိပ္ပာယ်ကို နားလည်ပေသည်။
သို့တိုင်အောင် သူ့တွင်လည်း ကလန်ကဆန် လုပ်ချက်သည့် စိတ်ဓာတ်တို့မှာလည်း အပြီးတိုင် ကွယ်ပျောက်သွားပြီးဖြစ်၏။ လင်းရီ၏ အရူးလုပ်ခြင်းကို ခံလိုက်ရသောကြောင့် အရှုံးသမားကြီးလုံးလုံး ဖြစ်နေပြီး သူ့ညီမ၏ စကားကို ငြင်းဆန်ရန် အကြောင်းပြချက်တို့လည်း ရှာမရတော့ချေ။
.....
အချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွားပြီး မျက်တောင်တစ်ခတ်အတွင်း ရက်နှစ်ဆယ် ကုန်လွန်သွားခဲ့၏။
လင်းရီအတွက်တော့ Cisco မှာ အတိတ်တစ်ခု ဖြစ်သွားခဲ့ပြီး သတင်းစာ ရှင်းလင်းပွဲ ပြီးကတည်းက ၎င်းတို့အကြောင်းကို ခေါင်းထဲပင် မထည့်တော့ချေ။
သို့သော်လည်း သူဂရုအစိုက်ဆုံးကတော့ ကျောက်မို၏ လှုပ်ရှားမှုများပင်။ ရက်သတ္တပတ် ကုန်လွန်ပြီးဖြစ်သော်လည်း ကျောက်မိုထံမှ မည်သည့် လှုပ်ရှားလာမှုကိုမျှ အာရုံမခံမိချေ။
ယင်းက လင်းရီကို အနည်းငယ် ရှုပ်ထွေးသွားစေသည်။ ငြိမ်သက်နေသည့် အခြေအနေကို ကြည့်ပါက ဘာတစ်ခုမျှ ဖြစ်ပျက်မထားသည့် အလားပင်။
လင်းရီ မူလကတော့ ကျောက်မိုမှာ အရှူံးပေးလိုက်ပြီဟု တွေးတောလိုက်၏။သို့သော်လည်း အသေးစိတ် ပြန်စဉ်းစားကြည့်ပြီးနောက် ကျောက်မိုကဲ့သို့ မာနကြီးသည့် လူစားမျိုးမှာ သူ့အပေါ် လာကြောသည်ကို မည်သို့မျှ လက်ခံနိုင်လိမ့်မည် မဟုတ်သောကြောင့် ဖြစ်နိုင်ချေအများဆုံးကတော့ လင်းယွမ်နှင့် Didi ကို တစ်ချီတည်းနှင့် အပီအပြင် တွယ်ဖို့ရာ ကြီးကြီးမားမား တစ်ခုခုကို ပြင်ဆင်နေခြင်း ဖြစ်လောက်၏။
မုန်တိုင်းမလာခင် ငြိမ်သက်နေခြင်း သဘောပင်။
အလာသာ နောက်ကျလိမ့်မည် ဖြစ်သော်လည်း ပျက်ကွက်လိမ့်မည်တော့ မဟုတ်ချေ။
လင်းရီဘက်ကတော့ ထို မတွေ့ဆုံရသေးသည့် ကျောက်မိုအပေါ် သတိအပြည့်ကပ်ထား၏။ အနည်းဆုံးတော့ သူ၏ လေးစားမှုနှင့် ထိုက်တန်သည့် ပြိုင်ဘက်ဖြစ်ဖို့ရာလည်း မျှော်လင့်နေလေသည်။
ကုန်လွန်သွားခဲ့သည့် ရက်နှစ်ဆယ်အတွင်း လင်းရီမှာ အလုပ်နှင့်လက် ပြတ်တယ်ရယ်လို့ကို မရှိချေ။ ခွဲစိတ်မှု ပေါ်ပေါက်လာပါက ဆေးရုံသို့ သွားလိုက်၏။ ခွဲစိတ်မှု မရှိလျှင်တော့ အိမ်မှာနေ၍ ကုတ်ရေးသားမှုများကို ပြုလုပ်လေသည်။
သူ့ဘက်မှ ထိုးဖောက်မှုတစ်ခု ပြုလုပ်နိုင်ထားသော်လည်း အောင်မြင်မှု ကြီးကြီးမားမားရဖို့ရာတော့ လိုအပ်နေသေး၏။
မည်သို့ပင်ဆိုစေ သူ့တွင် ကိုးကားရန် မည်သည့် code မျှလည်း ရှိမနေချေ။ ထို့ကြောင့် အစအဆုံး ပုံပေါ်လာအောင် သူ့အားသူ ကိုးရလေသည်။ ခက်ခဲမှုမှာ ထပ်ဆင့် တိုးမြင့်သွားသောကြောင့် ချစ်ပ် ၂.၀ နည်းပညာကို ရေးသားစဉ်တုန်းကကဲ့သို့ အမြန်နှုန်းကို ပိုင်ဆိုင်လိမ့်မည် မဟုတ်ချေ။
ထိုအချိန်အတောအတွင်း Didi ကိုလည်း အပြည့်အ၀ မြေနေရာပြန်ချထားပြီး ရန်ချိန်မှ ကျိူးဟိုင်သို့ ရွေ့ပြောင်းလာကာ ယခုဆို လင်းယွမ်အုပ်စု၏ အရေးပါသည့် လက်အောက်ခံ ကုမ္ပဏီတစ်ခု ဖြစ်နေချေပြီ။ ထိုအတောအတွင်း လင်းယွမ်အုပ်စုကတော့ အလွန်အမင်း အလုပ်ရှုပ်နေခဲ့၏။
လင်းရီ သူ၏ စီးပွားရေးလုပ်ငန်းများ အားလုံးကို လင်းယွမ်အုပ်စုအောက်သို့ ပေါင်းစည်းထားလိုက်သည်။ ဘဏ္ဍာရေးအပိုင်းကိုတော့ CFO ဖြစ်သည့် ဟော်ယွမ်ယွမ်မှ တာ၀န်ယူရလေသည်။ ယင်းက ဟော်ယွမ်ယွမ်ကို ကျေနပ်အားရစေပြီး သူမကို ပို၍ ၀င့်ကြွားသွားစေခဲ့၏။
သို့တိုင်အောင် အဆိုပါ ရက်ပေါင်းနှစ်ဆယ်အတွင်း လင်းရီ အာရုံအစိုက်ဆုံးကတော့ သူ ခွဲစိတ်မှုပေါင်း နှစ်ဆယ်ကျော်ကို ပြီးပြည့်စုံစွာ ခွဲစိတ်ပေးခဲ့ခြင်းကိုပင်။
သူ၏ ဆေးပညာ အရည်အချင်းကို အိတ်သွန်ဖာမောက် အသုံးချ၍ သေမင်းတံခါး၀မှ ကယ်တင်ပေးခဲ့ရသည့် ခွဲစိတ်မှု သုံးခုတောင် ရှိထားခဲ့၏။
လူနာမိသားစု၀င်များမှာ သူ့ကို ကုန်း၀ပ်ချ၍ ကျေးဇူးတင်ပြီး အသီးများ လက်ဆောင်ပေးခဲ့သော်လည်း လင်းရီ အတောင့်တဆုံးဖြစ်သည့် ပိုးထည်တံခွန်ကိုတော့ မည်သူကမျှ ကမ်းမလာခဲ့ချေ။
အမ်..... အမှန်အတိုင်း ဆိုရလျှင်တော့ လုံး၀ ပေးမလာတာမျိုးလည်း မဟုတ်ချေ။ လူနာတစ်ဦးမှ လီချူးဟန်ကို ပိုးထည်တံခွန်တစ်ခု ပေးလာခဲ့သည်။ သို့သော်လည်း ထိုအရာက လင်းရီနှင့် မသက်ဆိုင်ချေ။
လင်းရီ တစ်ချက် တွက်ချက်ကြည့်လိုက်သောအခါ သူ သတ်မှတ်ထားသည့် အချိန်ကာလကို ရောက်ဖို့ တစ်ပတ်လိုနေသေးကြောင်း သတိပြုမိသွားသည်။
အကယ်၍ နောက်တစ်ပတ်အထိ သူ ပိုးထည်တံခွန်ကို မရနိုင်ဘူးဆိုပါက မစ်ရှင်ကို ဘေးချိတ်လိုက်ပြီး နောက်ထပ် အသက်မွေး၀မ်းကြောင်းတစ်ခုထံသို့ ခရီးဆက်ပေမည်။
ထိုကိစ္စများအပြင် လင်းရီ ဆွေးနွေးစဉ်အခါက ပြောဆိုခဲ့သည့် ဟွာရှန့် တိုင်းရင်းဆေးပေါင်း ၂၅ မျိုးကိုလည်း သုတေသန ပြုခဲ့သေး၏။
ဆေးရုံအများအပြား၏ ပူးပေါင်းဆောင်ရွက်ပေးမှုနှင့် အတူ ဓာတ်ခွဲခန်း စစ်ဆေးမှုကို ကျော်ဖြတ်သွားပြီး လက်တွေ့ စမ်းသပ် ကုသကြည့်ဖို့သာ ကျန်ရှိတော့သည်။
သို့သ်ောလည်း လင်းရီကတော့ သူပြုလုပ်ထားသည့် ဆေးဝါးနှင့်ပတ်သက်၍ အပြည့်အ၀ ယုံကြည်ချက်ရှိသည်။ စမ်းသပ်ကုသရာတွင်လည်း မည်သည့် ပြဿနာ တစ်စုံတစ်ရာမျှ ရှိလိမ့်မည် မဟုတ်ချေ။ တစ်ခုတည်းသော အားနည်းချက်ကတော့ ဆေးစွမ်းသက်ရောက်မှု၌ အနောက်တိုင်း ဆေးဝါးများကို မယှဉ်ပြိုင်နိုင်သေးခြင်းပင်။
အကယ်၍ အထက်ကြီးပိုင်းများမှ လင်းရီကိုသာ ထုတ်လုပ်ဖို့ရာ လောဆော်မနေဘူးဆိုပါက အချိန်အနည်းငယ် ပိုယူ၍ အကျိုးသက်ရောက်မှုကို တိုးမြင့်ဖို့ရာ စီစဉ်ထားလေသည်။
သို့သော်လည်း ထိုထိုင်ခုံပေါ်၌ အာချောင်နေသည့် အရိုးအိုကြီးတို့မှာ တစ်စက်မျှ စိတ်ရှည်ခြင်းမရှိချေ။ ထို့ကြောင့် သူလည်း ဆေးဝါးကို စောလျှင်စွာ ထုတ်လုပ်ဖို့ရန်သာ တတ်နိုင်တော့သည်။ ဆေးဝါးလျှင်မြန်စွာ ထုတ်လုပ်နိုင်လေ ကုသမှုများကို စောလျှင်စွာ ဆောင်ရွက်နိုင်လေဖြစ်ပြီးဆေးစွမ်းသက်ရောက်မှုကို ထည့်မတွက်လျှင်တောင် သာမန်လူတန်းစားတို့အတွက် အကျိုးအမြတ် ရှိပြီးသားပင်။ ထိုချွတ်ယွင်းချက်ကိုလည်း လင်းရီ အနာဂတ်တွင် ဖြည်းဖြည်းချင်း လေ့လာသွားဖို့ရာ စီစဉ်ထား၏။
ယင်းက ပြဿနာ မဟုတ်သော်လည်း အဓိက ပြဿနာကတော့ သူ ပိုးထည်တံခွန်ရအောင် မည်သို့ကြံဖန်ရမလဲ ဆိုတာပင် ။
ငါလခွမ်းမို့ အဲ့လောက်တောင် ခက်ခဲနေရတာလားဟ....
ကလင် ကလင်...
လင်းရီ ပိုထည်တံခွန် မရရကောင်းလားဟု စိတ်လေနေစဉ် လျန်ရူရွှယ်မှ ဖုန်းခေါ်လာခဲ့၏။
"နင် ဘာလုပ်နေတာလဲ.. ဒီညကော ညဆိုင်းဆင်းဦးမှာလား..."
"ဒီနေ့လည်မှ ခွဲစိတ်မှုက ပြီးသွားတာ... လူနာကို စောင့်ကြည့်ရဦးမှာဆိုတော့ ညဆိုင်းဆင်းဖြစ်ဖို့ များတယ်...."
"ဒါဆို ငါဆေးရုံ လိုက်လာခဲ့မယ်... နင့်ကို ပြောစရာလေး ရှိလို့…”