← Chapters

တစ်ညတည်းနဲ့ ဆယ်လ ငြိမ်းချမ်းဖို့ရာ တာ၀န်ယူတယ်

Vol. 36 Ch. 529

တစ်ညတည်းနဲ့ ဆယ်လ ငြိမ်းချမ်းဖို့ရာ တာ၀န်ယူတယ်

Vol. 36 Ch. 529

"မင်းကလည်း ငုံးကျနေတာပဲ... ဒါလေးပြောဖို့ကို နေ့တစ်၀က်လောက် ဝေ့လည်ကြောင်ပတ်လုပ်နေတယ်ပေါ့လေ..."

"မဟုတ်လို့ ဘာဖြစ်ရမှာလဲလို့..."

"မင်းခု အသက် သုံးဆယ်ကျော်နေပြီမလား.. အန်တီအောင့်တာ ပုံမှန်ပဲလေ.. ပွင့်ပွင့်လင်းလင်း ပြောစမ်းပါ.. ဒါကျန်းမာရေးကိစ္စပဲကို...."

"လင်းရီ....ငါနင့်ကို သေအောင် လည်ပင်းညစ်တ်မိတော့မှာနော.. "လျန်ရူရွှယ် လင်းရီ၏ လက်မောင်းကို ဆွဲဆိတ်လိုက်ပြီး "နင့်အသံကို တိုးတိုးပြောဟဲ့..."

"ဘာလို့တုန်း.... အထိခိုက်မခံတဲ့ စကားမျိုးလည်း မဟုတ်ဘူး..."လင်းရီ ပြောလိုက်ပြီး "တကယ်လို့ မင်းက ဆယ့်ရှစ်နှစ်အရွယ် အပျိုဖြန်းလေးမို့ ဒီလိုတွေ ဖြစ်နေတာဆို ငါ နားလည်ပေးလို့ရတယ်... ဒါပေမယ့် မင်း အသက်ကြီးက တောရွာတွေဘက်မှ ဆိုရင် အဘွားအရွယ်တောင် ဖြစ်နေပြီ... ဘာရှက်စရာလိုလို့...."

"နင့်ကြီးတော်ပဲ အဘွားကြီး‌.. နင်တို့ တစ်မိသားစုလုံးက အဘွားကြီးပဲ..... ငါ့အသက်က ခုမှ သုံးဆယ်တည်းရှိ‌သေးတာ.... သုံးဆယ်နော်... သုံးဆယ်ဆိုတာ လုံး၀ အသက်မကြီးဘူး......"

"အဲ့တာနဲ့ ပတ်သက်ပြီး ငါတို့ တတ်နိုင်တာ ဘာမှ မရှိဘူး..."လင်းရီ ပြောလိုက်ပြီး "ကုပေးနိုင်တယ်လို့ ပြောတဲ့ကောင်တွေကလည်း အကုန်လုံးက အလိမ်အညာတွေချည်းပဲ.. အများဆုံးမှ နာကျင်တာကို သက်သာစေရုံလောက်ပဲ လုပ်ပေးနိုင်တာ...."

"ဒါဆို ကုသလို့ မရဘူးပေါ့နော်..."

"သူများတွေ ကုလို့မရပေမယ့် ငါကတော့ ကုပေးလို့ရတယ်လေ..."

"တကယ်...ဘယ်လိုမျိုးလဲ... မြန်မြန်ပြောပြလေ.."

"ငါ့ကို အချိန်တစ်ညပဲပေး... မင်းကို ဆယ်လသက်သာအောင် လုပ်ပေးမယ်..."

"တစ်ည...."

လင်းရီ ဆိုလိုချင်နေသည့် အဓိပ္ပာယ်ကို သဘောပေါက်သွားဟန်ဖြင့် လျန်ရူရွှယ် မျက်နှာများ နီရဲသွားလေသည်။

"နင်.... ငါက အတည်မေးနေတာနော်....ယဉ်ယဉ်ကျေးကျေးပြောစမ်း..."

"ငါ ဘောင်းဘီ၀တ်ပြီး စကားပြောနေတာလေ.. ဘယ်မှာ မယဉ်ကျေးလို့လဲ..."လင်းရီ ပြောလိုက်ပြီး "မယုံဘူးဆိုရင် ကိုယ့်ဘာကိုယ်ပဲ စဉ်းစားကြည့်လိုက်..မင်းရဲ့ ပတ်၀န်းကျင်မှာ ကလေးမွေးထားတဲ့ အမျိုးသမီးတိုင်း အဲ့လို ဝေဒနာ ခံစားရတာ မင်းမြင်ဖူးလဲ... "

"အာ...."

လင်းရီ၏ စကားလုံးများကို ကြားတော့ လျန်ရူရွှယ် တခဏမျှ အတွေးနက်သွားပြီး "အဲ့တာလည်း ဟုတ်တာပဲနော...."

"ဒါကြောင့်မို့ ငါ့ကို တစ်ညပဲ အချိန်ပေးပါလို့... အလုပ်မဖြစ်ရင် ယွမ် ၅၀၀ ပြန်ပေးမယ်... "

လျန်ရူရွှယ် လက်နှစ်ဖက်ဖြင့် ခါးထောက်လိုက်ပြီး "ဒီတော့ ငါနဲ့ တစ်ညနေတာက ယွမ် ၅၀၀ တည်း တန်တယ်လို့ နင်ပြောချင်နေတာလား...."

"အဲ့လို မပြောမိပါဘူး..."လင်းရီ ပြောလိုက်ပြီး "ယွမ် ငါးရာက အခြေခံ ၀န်ဆောင်မှုပေးခပဲ ရှိသေးတာ.. နောက်ထပ်ပြုလုပ်မယ့် ကိစ္စတွေအတွက်က ဈေးသပ်သပ် ရှိပြီးသား... ပုံစံ တစ်မျိုးချင်းစီကို ဈေးက တစ်မျိုး... ပြီးတော့ ငါ့ရဲ့ ကြံခိုင်သန်မာတဲ့ ခန္ဓာကိုယ်နဲ့ဆိုရင် တစ်နာရီမှ နားမှာမဟုတ်ဘူး.. ဒါကြောင့်မို့ တစ်ညကို ယွမ် သိန်းချီ မကုန်ပဲနဲ့ ထွက်သွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး..."

"လင်းရီ... နင် ငါ့ကို ပေါက်တတ်ကရပြောနေတာတွေ တော်လိုက်တော့နော်... မဟုတ်ရင် ငါစိတ်ဆိုးမိတော့မှာ.... "

လျန်ရူရွှယ် စိတ်တိုစွာဖြင့် နှုတ်ခမ်းစူထားပြီး "ငါနင့်ကို အကောင်းမေးနေတာ... ဘယ်လို လုပ်ရမှာလဲလို့..."

"ရေ‌နွေးများများသောက်...."

"အဲ့ဒီအဖြေကို မကြားချင်ဘူး..."လျန်ရူရွှယ် ပြောလိုက်ပြီး "ဘာလို့ မကောင်းတဲ့ကောင်က သာမန်လူတွေ ပေးတဲ့ အကြံမျိုး လာပေးနေတာ...."

"အဲ့တာဆို ရေအေးမသောက်နဲ့...."

"နင်...."

"လူကြီးမင်း... ကျုပ်တို့ လမ်းတစ်ချက်လောက် မေးချင်လို့ပါ... ကလေးအထူးကု ဌာနကို ဘယ်လိုသွားရမလဲ မသိဘူး...."

နှစ်ယောက်သား ရန်ဖြစ်နေစဉ် အပြင်ဘက်မှ စုံတွဲတစ်တွဲရောက်ရှိလာခဲ့၏။

လင်းရီ စကားပြောလာသူကို တစ်ချက် ကြည့်လိုက်သည်။ ထိုစုံတွဲမှာ သူ့ထက် အသက် အနည်းငယ်ကြီးနေသော်လည်း အရမ်းကြီး ကွာခြားနေသည့်ပုံတော့ မပေါက်ပေ။ထို့ပြင် ၎င်းတို့၏ နေလောင်ခံထားသည့် အသားအရေနှင့် ရိုးစင်းသည့် အ၀တ်အစားများကို ကြည့်ပါက ကျေးတောရွာဘက်မှ ရောက်လာကြသည့်ပုံပင်။ထပ်ပေါင်းအနေဖြင့် အမျိုးသမီး၏ လက်မောင်းထဲတွင် ကလေးငယ် တစ်ယောက်ကို ပွေ့ချီထားသေးသည်။ တစ်ချက်ကြည့်ရုံမျှဖြင့် မွေးထားတာ သိပ်မကြာသေးကြောင်း ပြောနိုင်လေသည်။

"မနက်ဖြန်မှ ထပ်လာခဲ့ပါလား.. ဒေါက်တာတွေအကုန်လုံး ခုချိန် အလုပ်နားကုန်ကြပြီ..."လင်းရီ ပြောလိုက်၏။

"ဟင်.. တစ်ယောက်မှ မရှိတော့ဘူးလား..."

အမျိုးသမီးမှ ပူပန်နေသည့် မျက်၀န်းတို့ဖြင့် ကြည့်လာပြီး " ဟင် ...ဒါဆို ဘယ်လိုလုပ်ကြမလဲ.. ဆေးရုံတွေ အကုန်လုံးက မနက်ပဲ စာရင်းသွင်းလို့ရတာလား... ကျွန်မတို့ ဆရာ၀န်ပြလို့ မရနိုင်တော့ဘူးလား...."

"ဆေးရုံတိုင်း မနက်ပဲ အမည်စာရင်းပေးလို့ရတာ... ဘယ်သူမှ နေ့လည်မှာ နာမည်ပေးလို့မရဘူး..."

လင်းရီ အမျိုးသမီးကို တစ်ချက်ကြည့်လိုက်ပြီး "ကလေးက နေမကောင်းဖြစ်နေတာလား... ကျုပ်က နှလုံးအထူးကု ဌာနက ဒါရိုက်တာပါ.. ကလေးအတွက် သာမန် စစ်ဆေးပေးတာလောက်တော့ လုပ်ပေးလို့ရတယ်... တကယ်လို့ မပြင်းထန်ဘူးဆိုရင် နောက်နေ့မှ လာခဲ့ကြပေါ့..."

ယခုခေတ် လူငယ်များမှာ ၎င်းတို့ မွေးထားသည့် ကလေးနုနုထွတ်ထွတ်လေးများကို ငုံထားမတတ် ချစ်မြတ်နိုးကြပြီး သာမန်ဖျားနာရုံလေးတောင် ကောင်းကင်ပြိုတော့မည့် အလား ဖြစ်ပျက်တတ်ကြ၏။ ယင်းက လင်းရီ နေ့စဉ်ကြုံတွေ့နေရသည့် မြင်ကွင်းများ ဖြစ်နေသောကြောင့် အထူးအဆန်းတော့ မဖြစ်တော့ချေ။ အထူးသဖြင့် လင်းရီအရေးပေါ်ဌာန၌ တာ၀န်ကျသောအခါ ထိုသို့သော မြင်ကွင်းများကို ပိုမိုမြင်တွေ့ရတတ်သည်။ ထို့ကြောင့် လူငယ်စုံတွဲ၏ ကလေးကို ကြိုတင် စစ်ဆေးပြီးလိုက်ပြီး သောကမီးကို ငြိမ်းသက်စေလိုက်ပေမည်။

လင်းရီ ဘယ်သူလဲဆိုတာ ကြားသိပြီးနောက် လူငယ်စုံတွဲမှာ ၎င်းတို့၏ ကယ်တင်ရှင်ကို မြင်တွေ့လိုက်ရသည့်အလား မျက်ရည်တို့ စီးကျလာခဲ့ကြ၏။

အမျိုးသမီးမှ "ကျွန်မတို့ နှစ်ယောက်လုံးက တခြားစီရင်စုကပါ... ကလေးမွေး မီးနေပြီးတော့ ကလေးကို ဂရုစိုက်ပေးဖို့ ကျွန်မရဲ့ ယောက္ခမလက်ထဲ အပ်ထားခဲ့လိုက်တယ်.... အဲ့ဒီနောက် ကျွန်မနဲ့ ကျွန်မ အမျိုးသားက ကျိုးဟိုင်မှာ ပိုက်ဆံ လာရှာကြတာ... ရှာပြီး အိမ်ကို ပြန်ထောက်ပံ့ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့.... "

"ဒါပေမယ့် ဒီနေ့ မနက်ခင်းမှာပဲ ကျွန်မရဲ့ ယောက္ခမက ကလေးရဲ့ လက်တွေ ခြေတွေ မလှုပ်နိုင်တော့လို့ဆိုပြီး ဖုန်းဆက်လာတယ်... ကျွန်မတို့ အိမ်နီးချင်း ၀မ်လောင်အာရဲ့ ကလေးတောင် တစ်လသားလေးပဲ ရှိသေးတာကို လက်တွေ ခြေထောက်တွေ ကောင်းကောင်းကြီး လှုပ်ရှားတတ်နေပြီ... ဒါကြောင့်မို့ ကျွန်မတို့လည်း အရေးတကြီး ပြန်သွားပြီး ကလေးကို ကြည့်ကြည့်တော့ တကယ်ကြီး အဲ့ဒီလိုဖြစ်နေတာပဲ... အဲ့တာနဲ့ပဲ ဆေးရုံကို အရေးတကြီး ခေါ်လာခဲ့ရတာ... "

"ဒေါက်တာ... ကျေးဇူးပြုပြီး ကူညီပေးပါဦး.. အခြေအနေက ပြင်းထန်တာလား.. ကလေးက အာဟာရ မလောက်လို့လားဟင်..."

အမျိုးသမီး၏ စကားကို နားထောင်ပြီးနောက် လင်းရီ၏ အမူအရာမှာ လေးနက်သွားလေသည်။

၎င်းကို လျန်ရူရွှယ်မှ သတိပြုမိသွားခဲ့၏။ လင်းရီ အလေးအနက်ဖြစ်သွားသည့် အမူအရာကို မြင်ရသည်က အင်မတန် ရှားပါးလှသည်။

"ကလေးကို တစ်ချက် ပြကြည့်ပါဦး.. ကျုပ် အရင်ဆုံး ဒီတိုင်း စစ်ဆေးကြည့်ဦးမယ်... "

နယ်ပယ်ပေါင်းစုံတွင် ဆေးအတွေ့အကြုံ ရှိထားသောကြောင့် ကလေးကို ကုသရာတွင်လည်း ခြွင်းချက်မရှိခဲ့ပေ။

"ဟုတ် ဟုတ်..."

အမျိုးသမီးမှ လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး အနှီးကို ဖယ်ကာ ကလေး၏ လက်နှင့် ခြေကို ဖော်ထုတ်လိုက်သည်။

လင်းရီ ကလေး၏ လက်တစ်ဖက်ကို မပြီး ညင်သာစွာ ကိုင်မြှောက်လိုက်၏။ ပြန်လွှတ်လိုက်သောအခါ ချက်ချင်း ပြန်ကျသွားလေသည်။

ထို့နောက် လင်းရီ ခြေထောက်ကိုလည်း ယခင်နည်းအတိုင်း စမ်းသပ်ကြည့်လိုက်သည်။ ရလဒ်ကတော့ အတူတူပင်။

လင်းရီ ထိုသို့ ထပ်ခါ တလဲလဲ ပြုလုပ်သော်လည်း ရလဒ်မှာ တူညီစွာ ထွက်လာလေသည်။

"မလောနဲ့ဦး.. ကျုပ် ကလေးကို အရေးပေါ် ဌာနဆီ ခေါ်သွားပေးပြီးတော့ အသေးစိတ် စစ်ဆေးလိုက်ဦးမယ်..."

လင်းရီ၏ လေးနက်သည့် အမူအရာကို မြင်တော့ စုံတွဲမှာ ပို၍ပင် စိုးထိတ်လာခဲ့သည် ။

"ဒေါက်တာ.. ကလေးရဲ့ အခြေအနေက အရမ်း စိုးရိမ်ရတာလား.. ကျွန်မတို့ကို မခြောက်နဲ့နော်..."

"မလောပါနဲ့.. ကျုပ်က အကြမ်းဖျင်းပဲ စစ်ဆေးရသေးတာဆိုတော့ ကျုပ်ရဲ့ စစ်ဆေးချက်တွေက မှန်ကန်ချင်မှ မှန်ကန်မှာ .. ပိုပြီး သေချာသွားအောင် ကျွမ်းကျင်တဲ့ ကလေး အထူးကုကို ထပ်ပြီး စမ်းသပ်ခိုင်းလိုက်မယ်..."

ဆေးအတွေ့အကြုံအရတော့ ဟွာရှန်းဆေးရုံတွင်လင်းရီထက်ပိုပြီး သင့်တော်မည့်သူ ရှိလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း သူ ထိုသို့ ပြောလိုက်ရသည့် အကြောင်းအရင်းကတော့ သူ၏ ခန့်မှန်းမှုများကို စက်ပစ္စည်း ကိရိယာတို့ဖြင့် အတည်ပြုချင်သေးသောကြောင့်ပင်။

"ဟုတ် ဟုတ်.. ကျေးဇူးတင်လိုက်တာ ဒေါက်တာရယ်..."

"ရပါတယ်..."

လင်းရီ လျန်ရူရွှယ်ကို ကြည့်လိုက်ပြီး "ငါ ခု ကလေးကို သွားစစ်ဆေးပေးလိုက်ဦးမယ်... မင်း အရင် ပြန်နှင့်လိုက်တော့..."

"အတူသွားကြမယ်လေ.. ငါလည်း ဒီည ဘာမှ လုပ်စရာ မရှိဘူး..."

"အင်း အဲ့လိုလည်း ရတယ်..."

လင်းရီ သူ့ဖုန်းကို ထုတ်လိုက်ပြီး ကလေးအထူးကု ဌာန ခေါင်းဆောင်ထံ ဖုန်းဆက်လိုက်သည်။

"အစ်ကို၀မ်.. ဒီည အစ်ကို့ဌာနမှာ တာ၀န်ကျနေတဲ့ ကလေးအထူးကု ဆရာ၀န်က ဘယ်သူကြီးလဲ..."

"ငါပဲလေ ညီလေးလင်း.. ခုလေးတင် လူနာလှည့်ပြီး ပြန်လာတာ..."

"ကျွန်တော် ခုလေးတင် တံခါး၀မှာ လူနာတစ်ယောက်နဲ့ ကြုံလို့.. သူ့ရဲ့ အခြေအနေက နည်းနည်းလေး အရေးကြီး‌ နေတာ.. ကျွန်တော် အစ်ကို့ဆီ ခေါ်ခဲ့လိုက်တော့မယ်နော..."

"အေး ရတယ်... ခေါ်ခဲ့လိုက်...ငါ ခု ရုံးခန်းထဲမှာ ရှိတယ်..."

ဖုန်းချပြီးနောက် လင်းရီ လူငယ်စုတွဲနှင့် လျန်ရူရွှယ်ကို ကလေးအထူးကု ဌာနသို့ ခေါ်ဆောင်လာကာ ရုံးခန်းတံခါးကို ခေါက်လိုက်လေသည်။

ရုံးခန်းထဲတွင်တော့ အသက်လေးဆယ်ပိုင်းအရွယ်ဟု ထင်ရသည့် အမျိုးသားတစ်ဦး ထိုင်နေပြီး သူ၏ ဆံပင်တို့မှာတော့ မီးခိုးရောင်သို့ ကူးပြောင်းစ ပြုနေပြီးဖြစ်၏။ ဗိုက်လည်း အနည်းငယ် ထွက်နေပြီး ဆရာ၀န်ကုတ်သာ မရှိပါက သာမန် သက်လတ်ပိုင်း လူတစ်ယောက်နှင့် ခြားနားလိမ့်မည်မဟုတ်ချေ။

ထိုသူ၏ နာမည်မှာတော့ ၀မ်တဝေ ဖြစ်ပြီး ကလေးအထူးကုဌာန၏ ဒါရိုက်တာပင်။ လွန်ခဲ့သည့် နှစ်ရက်သုံးရက်ခန့်က လင်းရီ ဒါရိုက်တာ၀မ် ဖခင်၏ နှလုံးခွဲစိတ်မှုကို အောင်မြင်အောင် ခွဲစိတ်ပေးပြီးနောက် နှစ်ဦးမှာ ပိုမို ရင်းနှီးသွားခဲ့လေသည်။

လင်းရီ လူနာများ ခေါ်ဆောင်လာသည်ကို မြင်တော့ ၀မ်တဝေ သူ၏ ဆရာ၀န်ကုတ်ကို ကြယ်သီးများ တပ်လိုက်သည်။

"ကလေးရဲ့ ရောဂါ လက္ခဏာက ဘယ်လိုဖြစ်တာ..."

"ကလေးက နှစ်လရှိပြီ.. ဒါပေမယ့် သူ့ရဲ့ ခြေထောက်နဲ့ လက်တွေက အားနည်းလွန်းတော့ မရွေ့လျားနိုင်ဘူး..."

လင်းရီ၏ စကားကို နားထောင်ပြီးနောက် ၀မ်တဝေ၏ အမူအရာကို တစ်စုံတစ်ခုကို သတိပြုမိသွားသကဲ့သို့ အမူအရာပြောင်းသွားလေသည်။

"ကလေးကို ကုတင်ပေါ် ပို့ထားလိုက်.. ငါ စစ်ဆေးကြည့်လိုက်မယ်..."

ထို့နောက် အမျိုးသမီးမှာ သူမသားလေးကို ကုတင် သေးသေးလေးပေါ် တင်လိုက်၏။ ကလေးမှာ အဆက်မပြတ် ငွေကြွေးနေသော်လည်း ထိုအခိုက်အတန့်တွင် သူမ ကလေးကို ချော့ဖို့ရာ အာရုံရှိမနေချေ။

"ဒါရိုက်တာလင်း.. ဒီမှာ ခဏစောင့်ပေးဦး.. ကျုပ် ကလေးကို တစ်ချက် သွားစမ်းသပ်လိုက်ဦးမယ်..."

"အင်း...."

၀မ်တဝေ ကလေးအဖေနှင့်အတူ ရုံးခန်းထဲမှ ထွက်ခွာသွားခဲ့၏။

လင်းရီကတော့ ဆိုဖာပေါ်တွင် နက်မှောင်နေသည့် အမူအရာဖြင့် ထိုင်နေလေသည်။ မသိစိတ်မှ စားပွဲပေါ်ရှိ စီးကရက်တစ်လိပ်ကို နှိုက်၍ တိတ်တဆိတ် မီးငြှိလိုက်၏။

၎င်းကို မြင်တော့ လျန်ရူရွှယ် အံ့အားသင့်သွားခဲ့သည်။ လင်းရီ ဆေးလိပ်သောက်သည်ကို သူမ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

"ကလေးက နေမကောင်းဘူးလား..."

"စက်ကိရိယာတွေနဲ့ သေချာလေး ရောဂါ မရှာဖွေရသေးပေမယ့် ငါကတော့ ဘာဖြစ်နေလဲဆိုတာ သိတယ်လို့ ထင်တာပဲ... လက္ခဏာတွေအရဆိုရင် SMA လို့ လူသိများတဲ့ ကျောရိုးကြွက်သား အားနည်းတဲ့ ရောဂါဖြစ်မယ်... “

All Chapters