← Chapters

စတော့ နည်းဗျူဟာဂိမ်း စတင်ပြီ

Vol. 36 Ch. 534

စတော့ နည်းဗျူဟာဂိမ်း စတင်ပြီ

Vol. 36 Ch. 534

ဖုန်းချပြီးနောက် လင်းရီ သူ၏ အလုပ်ကို ဖြည်းဖြည်းချင်း ဆက်လုပ်လိုက်သည်။

ကျောက်၀န်၏ ခေါ်ဆိုမှုကို သူ မျှော်လင့်မထားသော်လည်း အကျိုးအကြောင်း မသင့်တာတော့မဟုတ်ပေ။။

သို့သော်လည်း ဆေးဝါးကုမ္ပဏီခြောက်ခုက သူနှင့် မည်သည့်အကြောင်း ဆွေးနွေးချင်နေပါသနည်း။ သူတို့အားလုံးတွင် သက်ဆိုင်ရာ သီးသန့် သုတေသန ဌာနများ ရှိပြီးသား မဟုတ်ပါလော။ သို့မဟုတ် သူ့ကို ၎င်းတို့၏ သုတေသန နယ်ပယ်ထဲသို့ ဆွဲခေါ်ချင်နေသည်လော။ သို့သော်လည်း ၎င်းက မသေချာပေ။

ထိုအကြောင်းကို တွေးတောရင်း လင်းရီ မေးစေ့ပွတ်လိုက်သည်။ ကြည့်ရသလောက်တော့ သူထိုကိစ္စမှ ငွေရလမ်း ရှိနေသည့်ပုံပင်။ ဘယ်လိုရလာမလဲဆိုတာကတော့ အနာဂတ်တွင် မူတည်လေသည်။

ကျောက်၀န်၏ ဖုန်းခေါ်ဆိုလာမှုက လင်းရီ၏ ချစ်ပ် ၃.၀ လုပ်ဆောင်ခြင်းအမှုကို မရပ်တန့်သွားစေပေ။ ညနေပိုင်းတွင်တော့ ကျီချင်းရန် ရောက်လာပြီး သူ့အတွက် ထမင်းဟင်းများ ချက်ပြုတ်ပေးသည်။ သူ၏ နေ့စဉ်ဘ၀မှာ အလုပ်များနေသော်လည်း ထိုအမျိုးသမီးလေးကြောင့် ‌နွေးထွေးနေခဲ့ရ၏။

နောက်တစ်နေ့နံနက်တွင်တော့ တစ်နေကုန် ခွဲစိတ်ဖို့ရာ ချိန်းဆိုထားခြင်း မရှိသောကြောင့် လင်းရီ ဆေးရုံသို့ မသွားတော့ပဲ အိမ်၌ တစ်နေကုန် ရှိနေလေသည်။ ထိုစဉ် ကျီချင်းရန်ကတော့ သူမကိစ္စနှင့် သူမ အလုပ်ရှုပ်နေပြီး လင်းရီ၏ အချိန်ကို ဖြုန်းဖို့ စဉ်းစားရန်ပင် မအားလပ်နိုင် ဖြစ်နေခဲ့ရသည်။

နေ့လည်ပိုင်းတွင်တော့ လျန်ကျင်းမင် လင်းရီထံ ဖုန်းဆက်လာခဲ့၏။

"အစ်ကိုရီ .. ကျုပ် အစ်ကိုရီအတွက် အားလုံး စီစဉ်ပေးပြီးသွားပြီ..."လျန်ကျင်းမင် ပြောလိုက်ပြီး "၄၅ ဘီလီယမ်.... အတိုးက တစ်လ ဖရီး... ပြီးတော့ မေးပေးထားသေးတယ်... လုံရှင်းကို အပေါင်ထားမယ်ဆိုရင်တော့ သူတို့ဘက်က နောက်ထပ် ၄၀ ဘီလီယမ် ထုတ်ပေးဖို့ ပြဿနာမရှိဘူး...."

"အင်း အတော်လေးတော့ များသားပဲ... "လင်းရီ ပြောလိုက်ပြီး "ဒီလိုရဖို့ မင်းတို့ လက်ဆောင်ဘယ်လောက်တောင် ပေးလိုက်ရတာ..."

"ပါမွှားလေးပါ အစ်ကိုရာ... မပြောပလောက်ပါဘူး..."လျန်ကျင်းမင် ပြောလိုက်ပြီး "အဲ့တာဆို အစ်ကိုရီ ပိုက်ဆံ ဘယ်အချိန်ယူမလဲ.. အစ်ကိုရီဘက်က လိုအပ်တဲ့ စာချုပ်စာတမ်းတွေသာ ပြင်ဆင်ထားလိုက်တော့.. အဆင့်သင့်ဖြစ်တာနဲ့ ကျုပ် တစ်ခါတည်း လာယူလိုက်မယ်..."

"အခုပဲ..."လင်းရီ ပြောလိုက်ပြီး "ငါ ဆက်သွယ်တာကို စောင့်နေလိုက်..."

"‌အိုကေ...."

နောက်တစ်နာရီအတွင်း လင်းရီ စာရွက်စာတမ်းကိစ္စများ ပြင်ဆင်လို့ ပြီးသွားပြီး လျန်ကျင်းမင်နှင့်တွေ့ဆုံကာ ချေးငွေကိစ္စကို စတင် ကိုင်တွယ်လေသည်။ညမမှောင်ခင်တွင် လိုအပ်သည့် လုပ်ထုံးလုပ်နည်းများအားလုံး ပြီးမြောက်သွားခဲ့၏။

လျန်မိသားစု၏ အာမခံပေးမှုဖြင့် ဘဏ်မှ နောက်တစ်ရက်တွင် ပိုက်ဆံ ပို့ပေးလာဖို့ရာ သဘောတူလာလေသည်။ ယင်းအမြန်နှုန်းက အတော်လေးကို မြန်ဆန်သည်ဟု ဆိုနိုင်၏။

လင်းရီ ဘဏ်မှ ရသည့် ပိုက်ဆံများအပြင် သူ့လက်ထဲရှိ ငွေပမာဏကို တစ်ချက်တွင်ချက်ကြည့်လိုက်သောအခါ လက်ထဲတွင် ၆၅ ဘီလီယမ် ရှိနေပြီး မည်သည့် လွဲချော်မှုတို့မျှ မရှိခဲ့ပါက ယင်းပမာဏက ကျောက်မိုကို ရင်ဆိုင်ဖို့ရာ လုံလောက်လေသည်။

အကယ်၍ ရှိလာခဲ့လျှင်တောင် သူ လုံရှင်းကို ပေါင်နှံထား၍ ရသေး၏။ ယခုလောလောဆယ်တော့ ငွေကြေးကိစ္စနှင့် စပ်လျဉ်း၍ ပူပင်နေရန် မလိုအပ်သေးချေ။

လျန်ကျင်းမင်နှင့် စီးပွားရေးကိစ္စ ပြောဆိုပြီးနောက် ချင်းဟန်နှင့် ကျန်သူများကို ခေါ်ကာ ညသန်းခေါင်းယံအထိ ပါတီပေးရင်း ဘော်ဒါတစ်သိုက် သောက်စားပျော်ပါးကြသည်။

နောက်တစ်နေ့ နံနက် လင်းရီ ဌာနသို့ ရောက်လာသည့် အချိန်တွင်တော့ ချောင်ရှင်းတစ်ယောက်တည်းကသာလျှင် ဌာန၌ ရှိနေပြီး လီချူးဟန်ကတော့ ကိစ္စရှိ၍ တစ်နေရာသို့ ထွက်ခွာသွားခဲ့၏။

"ကလေးအခြေအနေ ဘယ်လိုရှိလဲ..."‌လင်းရီ မေးမြန်းလိုက်၏။

"အစ်ကိုရီ ခန့်မှန်းထားတဲ့အတိုင်း နှလုံးသွေးလွတ်ကြောလွဲခြင်းပုံစံရှစ်ပဲ... "ချောင်ရှင်းပြောလိုက်ပြီး "လက်ရှိ အခြေအနေက နှလုံးအခန်းနဲ့ အဆုတ်သွေးလွတ်ကြောကြားထဲက နေရာလွတ်က ကျဉ်းမြောင်းနေတာ.. ဒါရိုက်တာလီ မနေ့ညက တစ်ညလုံး အချက်အလက်တွေကို စစ်ဆေးကြည့်နေပြီးတော့မှ မရေမတွက်နိုင်အောင်လည်း အစီအစဉ်တွေ ရေးဆွဲပြီးပြီ... ဒါပေမယ့် နောက်ဆုံး ခွဲစိတ်မယ့် အစီအစဉ်ကတော့ ခုထိ အဆုံးမသတ်ရသေးဘူး... "

"ကလေးက စမ်းသပ်စစ်ဆေးမှုတွေ အားလုံး လုပ်ပြီးသွားပြီလား..."

"ကျန်နေသေးတဲ့ စမ်းသပ်မှုတွေကတော့ အများကြီးပဲ... ရောဂါ အတည်ပြုရလဒ် ထွက်လာဖို့ကတော့ နောက်ထပ် ရက်နည်းနည်းလောက် ကြာဦးမှာ... ဒါရိုက်တာလီရဲ့ နဂို အစီအစဉ်ကတော့ ငါးရက်အတွင်း ခွဲစိတ်ပေးဖို့ပဲ..."

"ငါးရက်...."

လင်းရီ ရေရွတ်ပြီးနောက် "ဒါဆိုလည်း ငါးရက်အတွင်း စကြတာပေါ့.. မှတ်တမ်းတွေ အားလုံးကို စကန်ဖတ်ပြီးတော့ ငါ့ဆီ အီးမေးနဲ့ ပို့လိုက်..."

"အိုကေ.. ပြဿနာမရှိဘူး..."

ချောင်ရှင်းနှင့် ဆွေးနွေးပြီးနောက် နှစ်ယောက်သား မွန်းလွဲပိုင်း ခွဲစိတ်မှုအတွက် ပြင်ဆင်ကြသည်။

လီချူးဟန်ကတော့ လင်းရီ၏ စွမ်းရည်များကို အပြည့်အ၀ ယုံကြည်ပြီး ဖြစ်၏။ အရေးကြီးသည့် ခွဲစိတ်မှုတို့မှလွဲ၍ သူမ လင်းရီနောက် တကောက်ကောက် လိုက်ပေးမနေတော့ချေ။

ဤသို့ဖြင့် လင်းရီမှာ အမြဲတမ်း ခွဲစိတ်မှု ခေါင်းဆောင်ဖြစ်လာပြီး ချောင်ရှင်းကတော့ လင်းရီ၏ အကူလက်ထောက် ဖြစ်လာခဲ့၏။ ယင်းက ဟွာရှန်းဆေးရုံတစ်ခုလုံးတွင် တစ်ကြိမ်တစ်ခါမျှ မဖြစ်ပွားဖူးခဲ့သည့် ဖြစ်ရပ်အသစ်အဆန်းကြီးပင်။

မွန်းလွဲတစ်နာရီသို့ ရောက်သောအခါ လင်းရီနှင့် ချောင်ရှင်းတို့ ခွဲစိတ်ခန်းထဲမှ ထွက်လာကြပြီး ၎င်းတို့၏ အဆာအိမ်မှာလည်း တဂွီဂွီနှင့် မြည်သံပေးနေလေပြီ။ သို့နှင့် အစာအိမ်ကို ဖြည့်ရန် နှစ်ယောက်သား တစ်ခုခုစားဖို့ ဟန်ပြင်လိုက်ကြ၏။

သို့သော်လည်း ထိုအခိုက်အတန့်တွင် လင်းရီ၏ ဖုန်းသံမှာ မျှော်လင့်မထားပဲ အသံမြည်လာခဲ့သည်။ ကိုင်ကြည့်လိုက်သောအခါ ဟော်ယွမ်ယွမ်ထံမှ လွတ်သွားသည့် ခေါ်ဆိုမှုများ ခုနစ်ခုတောင် ရှိနေကြောင်း မြင်တွေ့လိုက်ရ၏။

လင်းရီ မျက်မှောင်ကြုတ်သွားခဲ့သည်။

"ဘာကိစ်စလဲ..."

"ဟူး.. နောက်ဆုံးတော့ ဖုန်းကိုင်လာပြီပေါ့..."ဟော်ယွမ်ယွမ် ပြောလိုက်ပြီး "ဘော့စ်.. Didi နဲ့ ပတ်သက်ပြီး အကြီးအကျယ် ပြဿနာ တက်နေပြီ.. တစ်ယောက်ယောက်က Didi ရဲ့ ရှယ်ယာတွေအများကြီးကို ထုတ်ရောင်းနေတာ.. ခု ယွမ် ရှစ်ဘီလီယမ်ဖိုးတောင် ရောင်းချပြီးသွားပြီ... "

"ဘယ်အချိန်က စဖြစ်တာလဲ..."

ယခုလို ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ထားသောကြောင့် လင်းရီ ပျာယာမခတ်သွားခဲ့ပေ။

"ဒါရိုက်တာထျန်ဆီက ကြားတာတော့ ဒီမနက်ခင်းပိုင်းကတည်းက စတယ်လို့ ပြောတာပဲ.. တစ်ယောက်ယောက်က စတော့တွေ အများကြီး ရောင်းနေတယ်ဆိုတော့ သာမန် ဈေးကျတယ်ပဲ ထင်နေတာ.. ဒါပေမယ့် ခုချိန်ထိ မရပ်သေးဘူး... ကျွန်မ ခန့်မှန်းထားသလောက်တော့ နောက်နှစ်နာရီအတွင်း သူတို့ ထုတ်ရောင်းနေတဲ့ စတော့ တန်ဖိုးက ၁၀ ဘီလီယမ်နားကို နီးကပ်နေပြီ..."

"ဘာမှ မစိုးရိမ်နဲ့.. သူတို့ ထုတ်ရောင်းပါစေဦး.. ငါ ထမင်းစားပြီးရင် မင်းတို့ဆီ လာခဲ့မယ်...."

"ဘော့စ်.. ရှင် ဒီထက် ပိုပြီး ဂရုစိုက်သင့်တယ်နော်.... အဲ့ဒါကို ထမင်းစား၀င်နေသေးတယ်ပေါ့လေ..."

ဟော်ယွမ်ယွမ် ပြောလိုက်ပြီး "တကယ်လို့ ဒီတိုင်းသာ ဆက်ဖြစ်နေလို့ကတော့ စတော့ ဈေးကွက်ထဲမှာ ကသောင်းကနင်းတွေ ဖြစ်ကုန်တော့မှာ.. ပြီးတော့ ဒီကိစ္စက တိုက်ဆိုင်တာတော့ လုံး၀ မဖြစ်နိုင်ဘူး.. တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေတာပဲ ဖြစ်ရမယ်...."

ကျီချင်းရန်၏ ဂျူနီယာညီမ ဖြစ်သည့်အပြင် နာမည်ကြီး ရန်တက္ကသိုလ်မှ ကျောင်းပြီးထားသောဆကြာင့် ဟော်ယွမ်ယွမ်၏ စီးပွားရေးအမြင်မှာ ထက်ရှလှပြီး ပူးပေါင်းကြံစည်ထားခြင်းဖြစ်ကြောင်းကို အတိအကျ ခန့်မှန်းနိုင်လေသည်။

"တစ်ယောက်ယောက်က တမင် အဖျက်မှောင့် လုပ်နေတယ်ဆိုတာ အသေအချာကြီးပဲ... အညွှန်းကိန်းတွေကိုသာ အာရုံစိုက်ထား.. ဘာမှ မစိုးရိမ်နဲ့..."

ဟော်ယွမ်ယွမ် ခေတ္တမျှ တိတ်ဆိတ်သွားပြီး "ဘော့စ်.. ဒီလိုဖြစ်မယ်လို့ ရှင် ခန့်မှန်းပြီးသားမလား... ဘယ်သူလဲ လုပ်တာ... "

"နောက်ကျပြောမယ်.. ဘာမှ စိုးရိမ်အနေနဲ့.. ပြဿနာ အသေးအမွှားလေးပဲ... စားပြီးရင် မင်းဆီ လာခဲ့မယ်...."

"အိုကေ...."

ဖုန်းချပြီးနောက် လင်းရီ အ၀တ်စားလဲကာ ချောင်ရှင်းနှင့်အတူ နေ့လည်စာသွားလိုက်၏။ စားပြီးနောက် လင်းယွမ်အုပ်စုသို့ ချက်ချင်း ထွက်လာခဲ့လေသည်။

ချီရှန်းကျောက်၏ ရုံးခန်းထဲတွင်တော့ ဟော်ယွမ်ယွမ်နှင့် Didi ၏ အထက်ကြီးပိုင်းများအားလုံး စုဝေးနေကြသည်။

"ဘော့စ်လင်း ရောက်လာပြီလား..."

လင်းရီ ရောက်လာသည်ကိုမြင်တော့ ထျန်းရန် အပြေးလာကြိုလေသည်။

" အခြေအနေ ဘယ်လိုရှိလဲ..."

"ခုထိ ရောင်းနေကြတုန်းပဲ.. တခြား စိုးရိမ်နေကြတဲ့ အသေးစား ထရိတ်ဒါ(မကျွမ်းကျင်တဲ့ ရင်းနှီးမြုပ်နှံသူ) တွေပါ ထုတ်ရောင်းတာနဲ့ဆိုရင် တန်ဖိုးက ၉.၅ ဘီလီယမ်လောက် ရှိနေပြီ..."

"ဟမ်... အဲ့ဒီ ထရိတ်ဒါတွေလည်း ထုတ်ရောင်းကုန်ကြပြီလား..."

"အင်း... အင်တာနက် ဆိုရှယ်မီဒီယာပေါ်မှာတော့ စတော့တန်ဖိုးတွေက ကျကိန်းများတယ်လို့ အခါပေးနေကြတယ်... ဒါကြောင့်မို့ တချို့ ထရိတ်ဒါအသေးစားလေးတွေက သူတို့ရဲ့ ရှယ်ယာတွေကို ထုတ်ရောင်းကုန်ကြတာ...."

"ခုက စပြီးတော့ သူတို့ ဈေးကွက်မှာ ရောင်းသလောက် ငါတို့လည်း အလုပ်များတော့မယ်....."

လင်းရီ၏ စကားလူံများကိုကြားတော့ ယခုကိစ္စမှာ အတော်လေး ပြင်းထန်ကြောင်း လူတိုင်း သတိပြုမိကြသွားတော့၏။

ဟော်ယွမ်ယွမ် လင်းရီကို ကြည့်လိုက်ပြီး "ဘော့စ်.. တစ်ယောက်ယောက်က ကျွန်မတို့ရဲ့ ရှယ်ယာတန်ဖိုးကို တမင်ကျအောင် လုပ်နေတာလား...."

"ငါ Cisco ကို ကောင်းကောင်းကြီး သမထားတာ မင်းတို့လည်း အသိပဲ.. ခု သူတို့ နောက်ကွယ်က အကြီးစားရင်းနှီးမြုပ်နှံထားတဲ့သူက ရှေ့ထွက်လာပြီ... ငါတို့ နှစ်ယောက်ကြား ကစားပွဲက တရား၀င် စတင်နေပြီ...."

"ရှီးပဲ.. ဒီလိုကြီး ကစားရမယ်ဆိုရင် ပျော်စရာလည်း မကောင်းဘူး..."ဟော်ယွမ်ယွမ် ပြောလိုက်ပြီး "ကျွန်မတို့ လက်ထဲမှာ ငွေသားက ၂၀ ဘီလီယမ်လောက် ကျန်နေသေးတယ်. Didi ဘက်ကတော့ ၇ ဘီလီယမ်လောက်ပဲ ရှိတာ... တစ်ရက်တောင် မကုန်သေးဘူး ကျွန်မတို့ဆီကနေ ယွမ် ၉.၅ ဘီလီယမ်တောင် ဓားပြတိုက်သွားပြီ... ကျွန်မတို့ လက်ထဲမှာ ရှိတဲ့ ငွေနည်းနည်းလေးနဲ့ ဘယ်လောက်မှ တောင့်ခံနိုင်မှာ မဟုတ်ဘူးနော်.... "

"အဲ့ဒီအတွက်တော့ မစိုးရိမ်နဲ့.. ငါ့လက်ထဲမှာ ၄၅ ဘီလီယမ်ရှိတယ်... ကျန်တာတွေတော့ အာမ မခံရဲပေမယိ့ သူတို့ ရောင်းသမျှ ပြန်၀ယ်နိုင်ဖို့ကတော့ လုံး၀ အာမခံတယ်..."

"၄၅ ဘီလီယမ်...."

အဆိုပါ ပမာဏကိုကြားတော့ ရောက်ရှိနေကြသည့် အမှုဆောင်အရာရှိများအားလုံး ကြက်သေသေသွားကြသည်။

ဥက္ကဌလင်းမှာ ယခုလို ဖြစ်လာမည်ကို ကြိုတင်တွက်ချက်ပြီး အစီအစဉ်တစ်ခု ရေးဆွဲထားပြီးသည့် ပုံပင်။

သူတို့လက်ထဲတွင် ရှိသည့် ၂၇ ဘီလီယမ်နှင့် ပေါင်းစည်းလိုက်ပါက စုစုပေါင်း ၇၂ ဘီလီယမ်အထိ ရှိသွားပြီဖြစ်၏။ အကယ်၍ ဒေါ်လာအဖြစ်သို့ ပြောင်းလဲမည်ဆိုလျှင် ဆယ်ဘီလီယမ်လောက် ရရှိနိုင်သည်။ ယင်းက Didi စတော့ ရှယ်ယာတန်ဖိုး၏ သုံးပုံတစ်ပုံနှင့် ညီမျှသည်။

ထို့ကြောင့် သီအိုရီနည်းလမ်းကျကျ ပြောရမည်ဆိုပါက ရောင်းချသမျှ စတော့များအားလုံးကို သူတို့ဘက်မှ ပြန်လည်၀ယ်ယူဖို့ရာ တတ်နိုင်လေသည်။

ယခု စတော့နည်းဗျူဟာဂိမ်း ကစားပွဲတွင်တော့ မိမိတို့ဘက်မှ အစွမ်းကုန် တောင့်ခံထားပြီး ပြိုင်ဘက်ကို မောပမ်းသွားအောင် ပြုလုပ်နိုင်သည်နှင့် ကျိန်းသေပေါက် အနိုင်ရရှိလိမ့်မည်။

[ TL _ Short selling game - စတော့နည်းဗျူဟာ ကစားပွဲလို့ သုံးထားပါတယ်။ Short selling ဆိုတာက ဥပမာ - ကိုယ်က မကြာခင် တန်ဖိုးကျနိုင်ချေရှိတဲ့ ရှယ်ယာဆယ်ခုကို ပွဲစားတွေ ဆီကနေ ချေးလိုက်တယ်။ အဲ့ဒီ ရှယ်ယာ ဆယ်ခုကိုမှ တစ်ခုကို ဆယ်ဒေါ်လာနဲ့ ရောင်းတယ်ဆိုပါတော့။ မကြာခင် အဲ့ဒီ ရှယ်ယာတန်ဖိုးက ငါးဒေါ်လာကို ပြန်ကျသွားတယ်။ အဲ့ခါကျ ကိုယ်က ရှယ်ယာဆယ်ခုလုံးကို ငါးဒေါ်လာနဲ့ ပြန်၀ယ်ပြီး ပွဲစားတွေဆီ ပြန်ပေးလိုက်တယ်။ ကိုယ်ကတော့ ငါးဆယ် မြတ်တာပေါ့။ခုကတော့ ဗျူဟာကျကျနဲ့ တမင် တန်ဖိုးကျအောင် လုပ်နေတာပါ]

All Chapters