ရန်သူ
Vol. 43 Ch. 585
သားသတ်သမား၊ မျက်ကန်းနှင့် ရွှေအတို့က ထိတ်လန့်နေသော မျက်ဝန်းများဖြင့် သူ၏တတိယမျက်လုံးအား မျက်တောင်မခတ်ဘဲ ဝိုင်းကြည့်နေကြသည်။
ရုတ်တရက် ဝုန်းခနဲ အသံကြားလိုက်ရ၍ လှည့်ကြည့်လိုက်သည့်အခါ မိုင်တစ်ရာအကွာသို့ ရောက်နေပြီဖြစ်သော ထော့ကျိုးကို မြင်လိုက်ကြရသည်။ ထော့ကျိုးက နောက်ပြန်လှည့်ကြည့်ပြီး သားသတ်သမားနှင့် ကျန်ရှိသူများ ချင်မူ့အား ဝိုင်းအုံလျက် ရှိနေသေးသည်ကို တွေ့လိုက်ရ၏။ အရေထူသော ထော့ကျိုးပင် ရှက်သွားပြီး ပြန်ပြေးလာသည်။
သူ ရှက်နေမှန်း သိကြသော်လည်း သူတို့အားလုံး သူ့ကို မစနောက်ဘဲ ချင်မူ၏မျက်လုံးကိုသာ စိုက်ကြည့်နေကြသည်။
ချင်မူမှာ သူတို့ကို ကြည့်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။ “ဘွားဘွား၊ ဘိုးဘိုးတို့ ဘာကြည့်နေတာလဲ”
အဘွားစစ်က သူ၏ဒေါင်လိုက်မျက်လုံးကို ဂရုတစိုက် ကြည့်နေသော်လည်း မူမမှန်သည့်အရာ မတွေ့ပေ။ သူငယ်အိမ်မှာ လိပ်ပြာပုံသဏ္ဍာန်ဖြစ်နေသည်ကိုသာ မြင်ရ၏။ သွေးကြောများကလည်း သာမန်လူတစ်ယောက်၏ မျက်လုံးသွေးကြောများနှင့်မတူဘဲ လိပ်ပြာတောင်ပံ၏ အဆင်းသဏ္ဍာန်ရှိနေသည်။ ထိုမျှသာမက ရွေ့လျားပြီး အဆက်မပြတ် ပြောင်းလဲနေသည်။
“မူအာ စောစောက ဘာဖြစ်သွားလဲ တကယ် မမှတ်မိဘူးလား” အဘွားစစ်က မေးလိုက်သည်။
ချင်မူက စဉ်းစားပြီးနောက် မျက်လုံးများ တောက်ပလာ၏။ “မှတ်မိတယ်”
အားလုံး ရင်တဒိန်းဒိန်း ခုန်နေစဉ် လူငယ်လေးက ပြုံးလျက် ပြောနေသည်။ “ကျွန်တော် လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်နေတာလေ... ဘိုးဘိုးမျက်ကန်း ပေးခဲ့တဲ့ ကောင်းကင်မျက်လုံးကျင့်စဉ်အတိုင်း ချီစွမ်းအင်ကို တတိယမျက်လုံးဆီ လှည့်ပတ်လိုက်တော့ ပြိုင်ဘက်ကင်းစွမ်းအားတွေ ကျွန်တော့်တစ်ကိုယ်လုံး ပြည့်နှက်လာသလို ခံစားလိုက်ရတယ်... အဲဒီနောက်...”
ချင်မူ မျက်ခုံးများကြုံ့၍ အတွေးနက်သွားသည်။ ထို့နောက်ပိုင်းက အတိတ်မေ့သွားသည့်အလား ဗလာကြီး ဖြစ်နေသည်။
ဤသည်မှာ ပထမဆုံးအကြိမ် ဖြစ်ဖူးခြင်းမဟုတ်ပေ။ ဖုန်းတုတွင် သူ၏ကျောက်စိမ်းလည်ဆွဲကို ယမမင်း ချိတ်ဖွင့်ခဲ့ပြီးနောက် တစ်ကြိမ်ဖြစ်ခဲ့ဖူးသည်။ ထို့နောက် ဖုရွေ့လော် သူ့ကျောက်စိမ်းလည်ဆွဲကို ယူလိုက်တုန်းကလည်း ထပ်ဖြစ်ခဲ့၏။
ဤတစ်ခေါက်ကတော့ ကျောက်စိမ်းလည်ဆွဲနှင့် မပတ်သက်သော်လည်း မှတ်ဉာဏ်တချို့ ဆုံးရှုံးခဲ့ရပြန်သည်။
“ကျောက်စိမ်းလည်ဆွဲ... ကျွန်တော့်ကျောက်စိမ်းလည်ဆွဲ ဘယ်မှာလဲ”
ချင်မူ ရုတ်တရက် ခေါင်းကျိန်းသွားပြီး ကပျာကယာ ထရပ်လိုက်သည်။ သူက ခန္ဓာကိုယ်တွင် ရှာဖွေရင်း ကတုန်ကယင် အသံဖြင့် ပြော၏။ “ကျွန်တော့် မိသားစုပိုင်ပစ္စည်းလေး.... မှားလို့ မိသားစုပိုင်ပစ္စည်းမဟုတ်ဘူး.... မိစ္ဆာစရိုက်ကို ဖိနှိပ်ဖို့ မြေအောက်ဘုံအရှင်သခင် သွန်းလုပ်ပေးခဲ့တဲ့ ကျောက်စိမ်းလည်ဆွဲ မရှိတော့ဘူး... အဘွားစစ်၊ ဘိုးဘိုးမျက်ကန်း၊ ကျွန်တော့်ကျောက်စိမ်းလည်ဆွဲကို မြင်မိကြသေးလား... ဘိုးဘိုးထော့ကျိုး၊ ဘိုးဘိုး ယူထားတာပဲ ဖြစ်မယ်... လျှောက်မကစားနဲ့ ကျိန်စာထွက်လာလိမ့်မယ်... ကျွန်တော့်ကို မြန်မြန် ပြန်ပေးပါ”
ထော့ကျိုးက ခေါင်းယမ်းလိုက်သည်။ “ငါ မင်းရဲ့ ကျောက်စိမ်းလည်ဆွဲကို မယူခဲ့ပေမယ့် ကျိန်စာကတော့ တကယ် ရောက်လာခဲ့တယ်”
ချင်မူ အပြင်းအထန် တုန်ခါသွားပြီး ကြက်သေသေသွား၏။ ထိုအခါမှ သူ့အရှေ့ရှိ ဧရာမတွင်းချိုင့်ကြီးကို သတိထားမိလိုက်လေသည်။
ဝူဝမ်မြို့ ရှိခဲ့သည့်နေရာမှာ အလွန်တရာ ကြီးမားလှသည့် တွင်းချိုင့်ကြီး ဖြစ်နေချေပြီ။ တွင်းထဲ၌ ချော်ရည်ပူများ ပွက်ပွက်ဆူနေ၏။
မီးပင်လယ်ကား ကြောက်စရာကောင်းလောက်အောင် ကျယ်ပြောနေသည်။
“ဒီကျိန်စာစွမ်းအားက တော်တော် ကြောက်ဖို့ကောင်းတာပဲနော်... ဖုရွေ့လော်လက်ထဲ ရောက်သွားတုန်းကထက်တောင် အဆတစ်ရာ ပြင်းထန်နေတယ်.....” ချင်မူ တိုးညင်းစွာ ရေရွတ်မိလိုက်သည်။
“မူအာ၊ မြေအောက်ဘုံအရှင်သခင် ပေါ်လာပြီး ကျောက်စိမ်းလည်ဆွဲကို မင်းရဲ့ တတိယမျက်လုံးထဲမှာ ထည့်လိုက်တာပါ” အဘွားစစ်က ရှင်းပြသည်။ “အရင်ဆုံး ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်လိုက်ဦး... ဘွားဘွားတို့ ကိစ္စတချို့ ဆွေးနွေးရှိလို့ ဟိုနား သွားလိုက်ဦးမယ်”
ချင်မူ ငေးငေးငိုင်ငိုင်ဖြင့် ခေါင်းညိတ်လိုက်မိသည်။
အဘွားစစ်က မျက်ကန်းကို တစ်ချက်ကြည့်၏။ မျက်ကန်းမှာ တမုဟုတ်ချင်း သတိအနေအထားဖြစ်သွားပြီး ထွက်ပြေးရန် ပြင်သော်လည်း သားသတ်သမားနှင့် ရွှေအက သူ့ကို ကြားညှပ်ထားသည်။ တစ်ယောက်က ဘယ်လက်ကို ဆွဲ၍ နောက်တစ်ယောက် ညာလက်ကို ဆွဲထားသည်။
“မင်းတို့ကောင်တွေ ဒါ ဘာလုပ်တာလဲ” မျက်ကန်းမှာ ခြေထောက်နှင့်မြေကြီးပင် မထိတော့ဘဲ ဆွဲခေါ်သွားခံလိုက်ရသည်။ သူက အော်ဟစ်နေ၏။ “တစ်ရွာတည်းသားအချင်းချင်း ဘာလုပ်ချင်နေကြတာလဲ... ငါ့ကို ငဲ့ညှာကြပါဦးကွာ... မူအာ မူအာ....”
သားသတ်သမားနှင့် ရွှေအက ရိုးသားသောအပြုံးဖြင့် မျက်ကန်းကို ခေါ်သွားကြသည်။ ချင်မူ လှည့်မေးရန် ပြင်လိုက်သော်လည်း အဘွားစစ်က နူးညံ့ချိုသာစွာ ပြုံးပြ၏။ “မူအာ၊ ဘွားဘွား ဆွေးနွေးစရာလေးရှိလို့ သွားလိုက်ဦးမယ်... လိုက်မလာနဲ့ အနားယူလိုက်ဦး.... ထော့ကျိုး၊ နားကန်း သွားစို့... ပါ့ရှန်လည်း လိုက်ခဲ့”
အားလုံး ထွက်သွားကြသည်။
“တအား မလုပ်ပါနဲ့... တအား မလုပ်ပါနဲ့... ကောင်းကင်မျက်လုံးကျင့်စဉ် ဖန်တီးတာမှာ မင်းတို့တွေလည်း ပါခဲ့ကြတယ်လေ... ငါ မူအာကို သင်ပေးတုန်းက မင်းတို့အားလုံး ဘေးကနေ ခေါင်းတညိတ်ညိတ် ထောက်ခံနေခဲ့ကြတာမဟုတ်လား... ငါ့ကို တကယ်ကြီး ရိုက်တယ်... ထော့ကျိုး မင်း ငါ့ကို ရိုက်ရဲတယ်ပေါ့... ပါ့ရှန်၊ ငါက မင်းရဲ့ ဆရာဦးလေးနော်.... မင်းတို့ကောင်တွေ ဘက်လိုက်ကြတယ်... ပြဿနာရှာခဲ့တာ ချင်မူလေ... သူ့ကို သွားရိုက်ကြပါလား... မူအာရေ မူအာ ကယ်ပါဦး”
ချင်မူ မသင်္ကာဖြင့် မှန်တစ်ချပ်ထုတ်ကာ မျက်ခုံးနှစ်ဖက်ကြားရှိ မျက်လုံးကို ကြည့်လိုက်သည်။ မျက်လုံးက ပုံမှန်ပင်။ ထူးထူးခြားခြား မည်သည်ကိုမျှ မတွေ့ရပေ။
‘ဒီမျက်လုံးကို ဘယ်လိုသုံးရတာပါလိမ့်’ သူ စဉ်းစားနေမိသည်။
တခဏကြာသော် အားလုံး ကျေနပ်အားရနေသော အမူအရာများဖြင့် တွင်းချိုင့်ကြီးဘေးသို့ ပြန်ရောက်လာကြသည်။ မျက်ကန်း၏မျက်နှာမှာ ဝက်ခေါင်းလို ဖူးယောင်နေပြီး အဝတ်အစားများလည်း ဖရိုဖရဲ ဖြစ်နေ၏။
ချင်မူက ခေါင်းလှည့်လာပြီး ဝမ်းသာစွာ ပြောလိုက်သည်။ “ဘွားဘွား၊ ကျွန်တော် လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို အခုလေးတင် ထုတ်လွှတ်ကြည့်ပြီး ဒီတတိယမျက်လုံးရဲ့ လျှို့ဝှက်ချက်ကို ရှာတွေ့သွားပြီ”
အဘွားစစ်နှင့် ကျန်ရှိသူများ၏ အမွှေးများ အဆုံးစွန်အထိ ထောင်မတ်သွားသည်။ သူတို့ ထွက်ပြေးရန် ပြင်နေကြစဉ် ချင်မူက လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်လိုက်ပြီး တုန်လှုပ်ချောက်ချားဖွယ် အဖြစ်အပျက်တစ်ခုမှ မဖြစ်ပျက်သွားပေ။ သူတို့အားလုံး သက်ပြင်းချရင်း တိတ်တိတ်ကလေး ရှက်သွားကြ၏။
ချင်မူက စိတ်လှုပ်ရှားစွာဖြင့် သူ သတိထားမိခဲ့သည့်အချက်ကို ပြောပြနေသည်။ “ကျွန်တော် ဒီဒေါင်လိုက်မျက်လုံးကို သုံးလိုက်ရင် အားလုံးရဲ့ သေခြင်းရှင်ခြင်းကောင်းကင်ရတနာအောက်မှာ ရှိတဲ့ ယိုတုကို မြင်ရတယ်... ကျွန်တော့်အထင် ဒီမျက်လုံးနဲ့ သေခြင်းရှင်ခြင်းကောင်းကင်ရတနာရဲ့ ယိုတုကို ဖျက်စီးပြီး ရန်သူ့အသက် ယူလိုက်လို့ ရမယ်ထင်တယ်”
သားသတ်သမားက ချောင်းဟန့်ကာ ပြောလိုက်သည်။ “မူအာ၊ ဒီလိုအကြည့်နဲ့ လူသတ်တာမျိုးက မကောင်းဘူး... ကိုယ်ကျင့်သိက္ခာအပေါ် ထိပါးရာလည်း ရောက်တယ်... ဓားမနဲ့ သတ်တာက ပိုကောင်းပါတယ်... ဒီမျက်လုံးကတော့ မသုံးတာ အကောင်းဆုံးပဲ”
အဘွားစစ်၊ မျက်ကန်းနှင့် ကျန်ရှိသူများလည်း ပုတ်သင်ညိုများလို ခေါင်းညိတ်ပြကြသည်။ ထော့ကျိုးက ပြော၏။ “နောက်ကျော ဓားနဲ့ ထိုးတာကဖြင့် မင့်တတိယမျက်လုံးနဲ့ စိုက်ကြည့်ပြီး သတ်ပစ်တာထက်တောင် ပိုကောင်းသေးတယ်”
ချင်မူ စိတ်ရှုပ်ထွေးသွားသည်။ “အတူတူပဲ မဟုတ်ဘူးလား”
“ဘယ်တူပါ့မလဲ... မင်း ဒီမျက်လုံးကို သုံးရင် ငါ စိုးရိမ်...” ပါ့ရှန်၏အသံကျယ်ကြီး ထွက်လာသည်။
သားသတ်သမားက ပါ့ရှန်၏ လည်ပင်းပေါ် ဓားတင်၍ မျက်နှာထားတင်းတင်းဖြင့် ကြည့်လိုက်သဖြင့် ပါ့ရှန် ပါးစပ်ပိတ်သွား၏။
ချင်မူ သူတို့ကို မယုံသင်္ကာ ကြည့်လိုက်မိသည်။
***
“ဖုရွေ့လော် ခံစားလိုက်ရလား” ချင်မူ၏တတိယမျက်လုံးဆီမှ လာနေသော ကြောက်မက်ဖွယ်ရာအားလှိုင်းများကို ခံစားလိုက်ရ၍ လုလီက ခပ်တိုးတိုး ပြောနေသည်။ “ဒါက ယိုတုသားတော်ရဲ့ စွမ်းအားပဲ... မင်း ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို သိမ်းပိုက်နိုင်အောင် ငါ ကူညီပေးနိုင်တယ်.... မင်းလည်း သူ့ကို ဖမ်းပေးဖို့ လိုတယ်... သူ့ကိုသာ ရလိုက်လို့ကတော့ ငါ့စွမ်းအား ဘယ်လောက်ကြီးလာမယ်ထင်လဲ”
ဖုရွေ့လော် ဝူဝမ်မြို့ရှိရာဘက်သို့ တင်းမာလေးနက်စွာ ကြည့်နေသည်။ သူလည်း ချင်မူ့ဆီမှ ဖြာထွက်လာသည့် ကြောက်မက်ဖွယ်ရာအားလှိုင်းများအား ခံစားလိုက်ရ၏။ “ဟွေ့ချလော် သေသွားပြီ... သူနဲ့ ပတ်သက်နေတာများလား... တျန်းဖုန်းကော၊ ငါ စိတ်ပျက်အောင် မလုပ်နဲ့....”
သူတို့ရှေ့တွင် ယိုတုမှ မိစ္ဆာနတ်ဘုရားများသည် ယိုတုမကောင်းဆိုးဝါးစစ်တပ်ကြီးကို ဦးဆောင်လျက် လီမြို့ဆီသို့ ချီတက်နေကြ၏။ ချင်မူ စိတ်လွတ်သွားတုန်းက ဘိုးဘေးမိစ္ဆာနတ်ဆိုးအားလုံး ကြက်သေသေသွားကြပြီး ချင်မူ့အရှိန်အဝါ လာနေသောဘက်သို့ တုန်လှုပ်ချောက်ချားစွာ ကြည့်နေကြသည်။
ယိုတုမကောင်းဆိုးဝါးစစ်တပ်လည်း ထိန်းမနိုင်သိမ်းမရ ဖြစ်လာ၏။ သူတို့မှာ ကြောက်လန့်လွန်းသဖြင့် ရှေ့ဆက်မသွားရဲတော့ပေ။ တစ်ကောင်နှင့်တစ်ကောင် တွန်းတိုက်ရင်း အလုအယက် လှည့်ပြေးကြတော့သည်။
တခဏအတွင်း ဘိုးဘေးမိစ္ဆာနတ်ဆိုးအားလုံး ခြေဦးတည့်ရာ ထွက်ပြေးကုန်ကြ၍ ဖရိုဖရဲ ဖြစ်ကုန်သည်။ သူတို့မှာ ယိုတု၏အမှောင်ထဲသို့ ပြန်ချင်စိတ်အပြင် တခြားမရှိတော့ပေ။
သူတို့အားလုံး စိတ်လွတ်နေသော ချင်မူ့ကို အသည်းခိုက်အောင် ကြောက်ကြ၏။ အသိဉာဏ်များများစားစား မရှိကြသော်လည်း သူတို့၏မျိုးနွယ်များကို သတ်ဖြတ်စားသောက်ခဲ့သော ကလေးအကြီးကြီးအား ဘယ်သောအခါမှ မေ့မရခဲ့ကြပေ။
ရုတ်တရက် လုလီက ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး ထူးဆန်းသော ယိုတုစကားက သူမနှုတ်မှ ထွက်လာသည်။ ဘိုးဘေးမိစ္ဆာနတ်ဆိုးအားလုံး စိတ်ငြိမ်သွားကြပြီး ထွက်မပြေးကြတော့ပေ။ သူတို့က ယိုတုမကောင်းဆိုးဝါးများကို ထိန်း၍ ထွက်ပြေးကြသူများအား သတ်ပစ်နေသည်။
များစွာမကြာလိုက်ဘဲ မြေအောက်ဘုံအရှင်သခင်၏ ချော်ရည်ပူကိုယ်ပွား ပေါ်လာကာ ချင်မူ့ကို ချိတ်ပိတ်ခဲ့၏။ ကြောက်မက်ဖွယ်ရာအရှိန်အဝါ ပျောက်ကွယ်သွားသည်နှင့် ယိုတုမကောင်းဆိုးဝါးများလည်း ထွက်ပြေးနေသည်ကို ရပ်လိုက်ကြသည်။ ဘိုးဘေးမိစ္ဆာနတ်ဆိုးတို့က စစ်တပ်ကြီးကို ပြန်လည်စုစည်းကာ အရှေ့သို့ ဆက်လက်ချီတက်သွားကြသည်။
***
ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ လော့ဖူကမ္ဘာ
တန်ခိုးရှင်သစ်ခုတ်သမားနှင့် မဟာမြို့ပျက်မှ နတ်ဘုရားနှစ်ဆယ့်ငါးယောက်က ကောင်းကင်ယံသို့ မော့ကြည့်နေကြသည်။ ထိုက်ဧကရာဇ်ကောင်းကင်ဘုံမှ လာနေသော အားလှိုင်းများအား သူတို့ရောက်နေသည့် လော့ဖူကောင်းကင်ဘုံမှပင် ခံစားကြရ၏။
“ကျောက်စိမ်းလည်ဆွဲက ဖိနှိပ်ထားတဲ့ မိစ္ဆာသဘာဝ ထွက်လာတာပဲ” တန်ခိုးရှင်သစ်ခုတ်သမား ယိုင်ယိုင်ယွဲ့ယွဲ့ သက်ပြင်းချကာ ခပ်တိုးတိုး ပြောလိုက်မိသည်။ “ကံကောင်းလို့ .... ကျောက်စိမ်းလည်ဆွဲကို ချိတ်မဖွင့်ခဲ့တာ တော်သေးတယ်.... သူ ယိုတုမှာ မွေးလာတယ်ဆိုကတည်းက ထူးဆန်းတယ်တော့ ထင်မိသား...”
“ကောင်းကင်ဆရာသခင် ပြောနေတာ ဘယ်သူများလဲ” နတ်ဘုရားတစ်ယောက်က မေးသည်။
တန်ခိုးရှင်သစ်ခုတ်သမား ခေါင်းကိုက်လာ၏။ “ငါ့တပည့်လေးပါ.... သူ့အကြောင်းမပြောဘဲ ဆက်သွားကြစို့”
နတ်ဘုရားနှစ်ဆယ့်ငါးယောက်မှာ လော့ဖူကောင်းကင်ဘုံတွင် ပိရပစ်သဏ္ဍာန် ယဇ်ပလ္လင်များ တည်ဆောက်ရင်း အလုပ်များနေကြသည်။
***
လီမြို့၊ မင်ယီမြို့နှင့် အခြားနေရာများရှိ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၊ အစစ်အမှန်နတ်ဘုရားပန်ယုနှင့် ကျန်နတ်ဘုရားများလည်း ကြောက်မက်ဖွယ်ရာအားလှိုင်းများကို ခံစားခဲ့ကြရသည်။ သူတို့အားလုံး လေပေါ် ပျံတက်ပြီး လှိုင်းများလာနေသည့်ဘက်သို့ တအံ့တဩ ကြည့်လိုက်ကြ၏။
“ဝူဝမ်မြို့ဘက်ကပဲ... ကင်းစခန်း အဲဒီမှာ ရှိတယ်” နတ်ဘုရားစန်းယဲ့ အော်လိုက်သည်။ “ဒုက္ခပဲ... ဂိုဏ်းသခင်ချင်နဲ့ ထူးဆန်းတဲ့မိတ်ဆွေတွေ အဲဒီမှာ နေကျန်ခဲ့ကြတာ”
တစ်ချိန်တည်းမှာပင် စွမ်းအင်အကူးအပြောင်းတံတားတွင် အလင်းရောင်များ လင်းလက်လာ၏။ လူငယ်တစ်ယောက်နှင့် တောင်ပံများ ဖြန့်ကားထားသည့် ခြေသုံးချောင်းနတ်ဘုရားတစ်ပါး ထွက်လာပြီး ပြင်းထန်အားကောင်းသော အရှိန်အဝါကို တမုဟုတ်ချင်း ခံစားလိုက်ကြရသည်။ သူတို့မျက်နှာများတွင် အံ့ဩမှုတို့ ထင်ဟပ်သွားသည်။
“ချင်မူ ဘာလို့ စိတ်လွတ်သွားတာပါလိမ့်.... သူ ဒီနေရာမှာ လူသတ်ရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ မျှားထုတ်ဖို့ မလွယ်တော့ဘူး...” သခင်လေးချီ၏အကြည့် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားသော်လည်း မကြာခင်တွင် ချင်မူ၏ ပြင်းထန်အားကောင်းသော အရှိန်အဝါ ပျောက်ကွယ်သွား၍ သူ စိတ်သက်သာရာ ရသွားသည်။ သူက ပြုံး၍ ပြောလိုက်၏။ “လိမ္မာတယ် ကောင်လေး”
ရုတ်တရက် နေဧကရာဇ်က ထအော်သည်။ “သခင်လေး ကျွန်တော့်လက်ကို ခံစားနေရတယ်”
သူက လက်တစ်ဖက်ပြတ်နေသော ညာလက်မောင်းအား မြှောက်လိုက်သည်။
“ကျွန်တော့်ညာလက်ကို ဖြတ်တောက်ခဲ့တဲ့ ကောင်းကင်ဓားမက ထိုက်ဧကရာဇ်ကောင်းကင်ဘုံမှာပဲ... အခုအထိ မသေသေးဘူး” နေဧကရာဇ်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ “နှစ်ပိုင်း ဖြတ်ခဲ့တာတောင် အသက်ရှင်နေတုန်းပဲ”
***
ဝူဝမ်မြို့၏ တွင်းချိုင့်ကြီးဘေးတွင် သားသတ်သမား ရင်ထဲ လှုပ်ခတ်လာပြီး ထောင်ကျယ်အိတ်ကို ဆုပ်ကိုင်လိုက်မိသည်။ သူ၏ ထောင်ကျယ်အိမ်သည် ချင်မူ့ထောင်ကျယ်အိတ်ထက် အနည်းငယ် သေးငယ်သော်လည်း ပစ္စည်းများစွာ သိုလှောင်သိမ်းဆည်းထားနိုင်၏။
သူ့ထောင်ကျယ်အိတ်ထဲမှ လက်အရိုးတစ်ဖက်က ပိုင်ရှင်ဆီ သွားချင်နေသည့်အလား ခုန်ဆွခုန်ဆွ ဖြစ်နေသည်။
သားသတ်သမား၏ ကျောမှ ကောင်းကင်ဓားမက တုန်ခါလာပြီး ဝှမ်ခနဲ မြည်နေ၏။
“ငါ သွားတော့မယ်” သားသတ်သမားက အဝတ်အစားကို သေသေချာချာ ချည်နှောင်တင်းကြပ်လိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။ “မိတ်ဆွေဟောင်းကြီးတစ်ယောက် ရောက်လာပြီ.... ရန်ကြွေးကို တစ်ခါတည်း ချေပစ်ဖို့ အချိန်လည်း ကျပြီ.... ပါ့ရှန်၊ ငါ့နောက် မလိုက်ခဲ့နဲ့... ဒီမှာပဲ နေခဲ့”
ပါမောက္ခပါ့ရှန်၏ မျက်လုံးများက အရောင်လက်လာပြီး သရော်တော်တော် ပြောသည်။ “ဆရာ၊ ကျွန်တော့်ကို ထားခဲ့ဖို့ တွေးနေသေးတုန်းပေါ့... အဲဒီလူက ဆရာ့ခါးကို ဖြတ်ခဲ့တဲ့ နတ်ဘုရားများလား... အဲဒီတုန်းက ဆရာ ရှက်ရွံ့ပြီး အပေါ်ပိုင်းကိုယ်နဲ့ပဲ မဟာမြို့ပျက်ဆီ တွားသွား,သွားခဲ့ရတယ်... ကျွန်တော် ဆရာ့နာမည်ကို ခေါ်ရင်း အကြာကြီး လိုက်ရှာရအောင် လုပ်ခဲ့တယ်... သူ့ကို ဆရာတစ်ယောက်တည်း ရင်ဆိုင်ချင်တယ်ဆိုလည်း အနည်းဆုံးတော့ ဆရာ့အလောင်း ကောက်ပေးဖို့ ကျွန်တော့်ကို ခေါ်သွားပေးပါ.... ဆရာ နှစ်ပိုင်းထပ်ဖြတ်ခံရရင်တောင်မှ နောက်ဆုံးထွက်သက်ထိ အရှုံးမပေးတဲ့ ဆရာ့ကို ကျွန်တော် မြင်ချင်တယ်”
သားသတ်သမား၏ လက်များ တဆတ်ဆတ် တုန်လာပြီး သူ့တပည့်သူ နှစ်ပိုင်းဖြတ်ချင်စိတ်အား မြိုသိပ်နေရ၏။
“ဘိုးဘိုးသားသတ်သမား၊ ဘိုးဘိုးရဲ့ခန္ဓာကိုယ်က အကောင်းရှိသေးပေမယ့် အဲဒီမိတ်ဆွေကြီးကတော့ လက်တစ်ဖက် ပြတ်နေတယ်မလား... ဒါဆို ဘိုးဘိုးက အရေးနိမ့်နေတာမဟုတ်ဘူး.... သူ အရေးနိမ့်နေတာ... ဘိုးဘိုး သူ့ကို သွားမရှာရင်တောင် သူကိုယ်တိုင် ဘိုးဘိုးကို လာရှာလိမ့်မယ်... ဘာလို့အားကုန်ခံပြီး သူ့ကို လိုက်ရှာနေတော့မလဲ... ဒီမှာပဲ နေပြီး သူ လာမှာကို စောင့်လိုက်ပါ့လား” ချင်မူ အလျင်အမြန် အကြံပေးလိုက်သည်။