ငါ့နာမည် ဟွေ့စန်း
Vol. 76 Ch. 1053
" ဖုတ်ကောင်တွေက သေမင်း အငွေ့အသက်တွေကနေ ဖွားမြင်လာခဲ့ကြတာ။ သူတို့ အသက်ရှင်နေတုန်း သူတို့ရဲ့ နှလုံးသားတွေထဲမှာ မကျေနပ်ချက်တွေနဲ့ အငြိုးအတေးတွေ အများကြီး ကိန်းအောင်းနေတတ်တယ်။ အဲတာကြောင့် သူတို့ သေသွားကြတဲ့အချိန်မှာ စကြဝဠာကြီးထဲက စည်းမျဉ်းစည်းကမ်းတွေကြောင့် ရုပ်အလောင်းဝိညာဉ်တွေအဖြစ်ကို ရောက်သွားကြတာ။ အဲဒီ ရုပ်အလောင်းဝိညာဥ်တွေ တစ်ချက်ကြည့်လိုက်ရင် အမှတ်အသားတစ်ခုပေါ်ပေါက်လာပြီး နှစ်ချက်ကြည့်လိုက်ရင် ဖုတ်ကောင်တွေအဖြစ် ပြောင်းလဲသွားကြတာ "
" အသက်မသေဘဲ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို သေမင်းအငွေ့အသက်တွေအဖြစ် ပြောင်းလဲပစ်နိုင်စွမ်းရှိတဲ့ ရုပ်အလောင်းတွေလည်း ရှိတယ်။ အဲဒီလို ရုပ်အလောင်းတွေက တော်တော်လေးကို ကြောက်ဖို့ကောင်းတဲ့ ပါရမီတွေ ပိုင်ဆိုင်ထားကြတာ။ သူတို့တွေက အသက်သေမသွားရင် အစွမ်းထက်ပုဂ္ဂိုလ်ကြီးတွေ ဖြစ်လာနိုင်ဖို့ အလားအလာအများကြီးရှိတယ် "
ဟွေ့စန်းမှာ လက်ထဲတွင် အနက်ရောင် ကျောက်တုံးတစ်တုံးအား ကိုင်ထားရင်း အုတ်ဂူတစ်ခုပေါ်၌ ထိုင်နေ၏။ သူသည် အနက်ရောင်တိမ်တိုက်များဖြင့် ပြည့်နှက်နေသည့် ကောင်းကင်ကြီးအား မော့ကြည့်လိုက်ပြီးနောက် ခေါင်းငုံ့ကာ သူ၏ လက်ထဲရှိ ကျောက်တုံးပေါ်တွင် ရေးသားထားသည့် စာများကို ဖတ်ရှုလိုက်သည်။
ဟွေ့စန်းဆိုသည့် နာမည်မှာ သူ၏ သခင်ဖြစ်သူက ပေးထားသည့် နာမည်ဖြစ်၏။ သူ နိုးထလာခဲ့သည့် နေ့တုန်းက စုစုပေါင်း ရုပ်အလောင်းသုံးခု နိုးထလာခဲ့ပြီး သူသည် သုံးယောက်မြောက် နိုးထလာသည့် ရုပ်အလောင်း ဖြစ်နေသောကြောင့် သူ၏နာမည်ထဲ၌ " စန်း " ဆိုသည့် စကားလုံး ပါနေရခြင်းဖြစ်သည်။
" ဟွေ့ " ဆိုသည့် စကားလုံးမှာမူ... သူ၏ သခင်၏ မီးခိုးရောင်ဖုတ်ကောင်တစ်ကောင် ဖြစ်လိုသော ဆန္ဒကြောင့် ဖြစ်ပေသည်။
ဟွေ့စန်းမှာ ထိုနာမည်အား မနှစ်သက်ပေ။ သူသည် သူ အသက်ရှိနေခဲ့စဉ်ကာလတုန်းက သူ၏ နာမည်အား ပြန်စဉ်းစားကြည့်ခဲ့ပါသော်လည်း မမှတ်မိနိုင်ခဲ့ပေ။ ထို့ကြောင့်လည်း သူသည် ဟွေ့စန်းဆိုသည့် နာမည်အား တဖြည်းဖြည်းနှင့် လက်ခံလိုက်ရ၏။
ထို့အပြင် အချိန်ကုန်ဆုံးမှုနှုန်းမှာ သူ့အတွက် အလွန်အင်မတန်မှ မြန်ဆန်နေသည့်ပုံပင်။ သို့သော် သူ၏ ခန္ဓာကိုယ်မှာမူ လုံးဝ ပြောင်းလဲသွားခြင်း မရှိသလို သူ၏ အမွေးများမှာလည်း အစိမ်းနုရောင်အဖြစ်သာ ရှိနေဆဲပင်။
သူ စဉ်းစားတွေးတောနေသည့် အချိန်များတွင် အချိန်ကုန်ဆုံးမှုနှုန်းမှာ သိသာထင်ရှားပေသည်။ သူ ပြဿနာတစ်ခုအကြောင်း စဉ်းစားလိုက်သည့် အချိန်တိုင်း အချိန်အများကြီး ကုန်ဆုံးသွားလေ့ရှိ၏။ သို့သော် သူ သေသေချာချာ မစဉ်းစားနိုင်ခင်မှာပင် နှစ်ပေါင်းများစွာ ကုန်ဆုံးသွားရသည်သာ ဖြစ်သည်။
ဥပမာပြလျှင် သူ သူ၏ ခန္ဓာကိုယ်ထဲရှိ ရုပ်အလောင်းဆီများ ထုတ်ယူခံခဲ့ရသည့် အကြောင်းရင်းအား စဉ်းစားတွေးတောနေစဉ် မိစ္ဆာအိုကြီး လီလင်းမှာ သူ၏ သခင်၏ ဇနီး ဖြစ်လာခဲ့ပြီး သူ၏ သခင်နှင့်အတူ ကျင့်ကြံခြင်းလေ့ကျင့်နေပြီဖြစ်သည်။
အခြား ဥပမာတစ်ခုမှာ သူ၏ စိတ်ထဲ၌ ရှိနေသည့် အတွေးတစ်ခု ဖြစ်၏။ သူ ဖုတ်ကောင်တစ်ကောင်အဖြစ် ရှိနေခဲ့သည်မှာ နှစ်ပေါင်းသုံးဆယ်အထိ ရှိနေပြီဖြစ်သည့်တိုင်အောင် သူ ထိုအကြောင်းအား စဉ်းစားတွေးတောနေသည်မှာ ပြီးဆုံးသွားခြင်းမရှိသေးပေ။
သူသည် အားအနည်းဆုံး ဖုတ်ကောင် ဖြစ်သောကြောင့် မည်သည့် ရာထူးအဆင့်အတန်းကိုမှ ပိုင်ဆိုင်ထားခြင်းမရှိပေ။ အကယ်၍ ဟွေ့အာသာ သူ့အား ကာကွယ်စောင့်ရှောက်ပေးထားခြင်းမရှိပါက သူသည် ပျက်စီးပျောက်ကွယ်သွားလောက်ပြီ ဖြစ်သည်။ ယခုလို ရုပ်အလောင်းအသစ်များအား ဆင့်ခေါ်ကာ ဉာဏ်အလင်းပွင့်အောင် ကူညီပေးရသည့် အလုပ်အား တာဝန်ယူထားရမည်မဟုတ်ပေ။
ယခုတွင် သူ၏ရှေ့၌ ရုပ်အလောင်းရှစ်ကောင် ရှိနေ၏။ သူသည် ရုပ်အလောင်း ဝိညာဉ်များအား အာရုံဖမ်းစားကာ ၎င်းတို့အား ပြန်၍ နိုးထလာအောင် လုပ်နိုင်ရန် တစ်လတိတိ ဂါထာတော်များ ရေရွတ်နေခဲ့ရသည်။
ထို ရုပ်အလောင်းများထဲတွင် လူကြီးလူငယ် ကျားမမရွေး ပါ၏။ သူတို့အားလုံး သေဆုံးသွားခဲ့ကြသည်မှာ အချိန်အတော်အတန် ကြာမြင့်နေပြီဖြစ်ပါသော်လည်း ထူးဆန်းစွာဖြင့် သူတို့၏ ခန္ဓာကိုယ်များမှာ ပုပ်ပွပျက်စီးသွားခဲ့ကြခြင်းမရှိပေ။ ထို့အပြင် ဟွေ့စန်း အနက်ရောင်ကျောက်တုံးပေါ်မှ စာများကိုဖတ်လိုက်ချိန်တွင် ထို ရုပ်အလောင်းများ၏ ပတ်ပတ်လည်ရှိ သေမင်းအငွေ့အသက်များမှာ သိသိသာသာ အားကောင်းလာ၏။
သို့သော် သူသည် ထို ရုပ်အလောင်းများအပေါ် အာရုံရောက်နေခြင်းမရှိဘဲ ထို ရုပ်အလောင်းများ၏ ဘေးတွင်ထိုင်ကာ သူ့အား မျက်လုံးပြူးကြီးများဖြင့် စိုက်ကြည့်နေသည့် မိန်းမငယ်လေးတစ်ယောက်ကိုသာ မကြာခဏဆိုသလို လှမ်း၍ အကဲခတ်နေသည်။
ထို မိန်းမငယ်လေးမှာ အလွန်အင်မတန်မှ ချောမောလှပပြီး နန်းတွင်းအဝတ်အစားများကို ဆင်မြန်းထား၏။ သူမသည် ဆယ့်ခြောက်နှစ် ဆယ့်ခုနစ်နှစ်အရွယ်သာ ရှိသေးပါသော်လည်း သူမ၏ ဖြူဆွတ်နေသော မျက်နှာနှင့် သူငယ်အိမ်မပါသည့် အနက်ရောင်မျက်လုံးများမှာ ဟွေ့စန်း၏ အာရုံအား အပြည့်အဝ ဖမ်းစားထားနိုင်စွမ်း ရှိနေသည်။
ဟွေ့စန်းမှာ ခေါင်းငုံ့နေရင်း မနေနိုင်တော့သဖြင့် ခေါင်းပြန်မော့လာပြီး ထို မိန်းမငယ်လေးအား လှမ်းကြည့်မိလိုက်၏။
" ငါ့ကို ချောလို့ ကြည့်နေတာလား " ထိုအခါ ထို မိန်းမငယ်လေးမှာ အေးတိအေးစက်လေသံဖြင့် မေးလိုက်သည်။
" ဟုတ်တယ် " ဟွေ့စန်းမှာမူ ထိုသို့ ပြန်ဖြေလိုက်ပြီး ခေါင်းပြန်ငုံ့သွား၏။ သူသည် ထို မိန်းမငယ်လေး၏ မထီမဲ့မြင် မျက်နှာအမူအရာအား မမြင်ခဲ့ပေ။ အကယ်၍ သူ မြင်ခဲ့လျှင်တောင် သူ၏ လက်ရှိ အခြေအနေမျိုးနှင့်ဆိုလျှင် ၎င်းအား သတိထားမိမည်မဟုတ်ပေ။
" ပြောစမ်း။ ရုပ်အလောင်းဝိညာဉ်ဆိုတာ ဘာလဲ " မိန်းမငယ်လေးမှာ မျက်နှာအမူအရာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး ဖြည်းဖြည်းချင်း မေးလိုက်သည်။
ထိုအခါ ဟွေ့စန်းမှာ ခေါင်းငုံ့ထားရင်း ပြန်ဖြေလိုက်၏ " ရုပ်အလောင်းဝိညာဉ်တွေဆိုတာ စကြဝဠာကြီးရဲ့ အစွမ်းထက်စည်းမျဉ်းဥပဒေသတွေကြောင့် ပေါ်ပေါက်လာရတာပါ။ သူတို့တွေ စိုက်ကြည့်လိုက်တဲ့ သက်ရှိတွေတိုင်း ရုပ်အလောင်းတွေအဖြစ် ပြောင်းလဲသွားရတာပါ "
" အဲတာဆိုရင် ရုပ်အလောင်းဝိညာဉ်က ဒီဘက်ကို ဘယ်တော့ကြည့်မှာလဲ " မိန်းမငယ်လေးမှာ ဆက်မေးလိုက်၏။
" ရုပ်အလောင်းဝိညာဉ်တွေကို အတိအကျ ခန့်မှန်းလို့ မရပါဘူး။ ဂါထာတော်ရွတ်ဖတ်ပြီး စိတ်ရင်းအမှန်နဲ့ လမ်းညွှန်မှ ရုပ်အလောင်းဝိညာဉ်က ကိုယ့်ကို ကြည့်တာပါ။ တကယ်လို့ သုံးလကြာပြီးတဲ့အထိ ကိုယ့်ကိုယ် မကြည့်သေးဘူးဆိုရင် အဲဒီ ရုပ်အလောင်းက ပုပ်ပွပျက်စီးသွားမှာပါ " ဟွေ့စန်းမှာ လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်၏။ သူ ပြောခဲ့သည့် စကားအားလုံးမှာ အနက်ရောင်ကျောက်တုံးလေးပေါ်၌ မှတ်တမ်းတင်ထားပြီးသားဖြစ်သည်။ သူသည် ၎င်းတို့အား ရွတ်ဖတ်နေခြင်းသာဖြစ်ပြီး လွန်ခဲ့သည့် နှစ်ပေါင်းသုံးဆယ်အတွင်း ထိုကဲ့သို့ ဘယ်နှကြိမ်အထိ ရေရွတ်ခဲ့မှန်းကိုပင် မမှတ်မိတော့ပေ။
" ပျင်းစရာကောင်းလိုက်တာ " ထိုအခါ မိန်းမငယ်လေးမှာ စိတ်မရှည်သည့်လေသံဖြင့် ပြန်ပြောလိုက်၏။ ထို့နောက် ဟွေ့စန်း တစ်သက်မမေ့နိုင်မည့် မြင်ကွင်းတစ်ခု ပေါ်ပေါက်လာတော့သည်။
ထို မြင်ကွင်းထဲတွင် ထို မိန်းမငယ်လေးမှာ မတ်တတ်ထလာပြီး နက်မှောင်နေသည့် ကောင်းကင်ယံကြီးအား မော့ကြည့်ကာ လက်နှစ်ဖက်အား ဆန့်ထုတ်၍ စကားတစ်ခွန်းပြောလိုက်၏။
" ရုပ်အလောင်းဝိညာဉ်။ ငါ့မှာ အချိန်အများကြီး မရှိတာမလို့ အကြာကြီး မစောင့်နိုင်ဘူးနော် "
သူမ ထိုသို့ဆိုလိုက်သည်နှင့် ဟွေ့စန်းမှာ ကောင်းကင်ယံကြီးထဲ၌ ဧရာမ မျက်လုံးကြီးတစ်လုံးပေါ်ပေါက်လာသည်ကို မြင်လိုက်ရသည်။ ထိုမျက်လုံးကြီးထဲတွင် အနက်ရောင် အမျှင်အတန်းများဖြင့် ပြည့်နှက်နေပြီး ၎င်းမှာ မိန်းမငယ်လေးအား စိုက်ကြည့်နေ၏။
ထိုအခါ ထိုမိန်းမငယ်လေး၏ ခန္ဓာကိုယ်ပေါ်၌ အမွေးအမျှင်များ ချက်ချင်းပေါက်လာသည်။ ထို အမွေးအမျှင်များမှာ အစိမ်းရောင်မှ အပြာရောင်၊ အပြာရောင်မှ အနက်ရောင်အဖြစ် ပြောင်းလဲသွားကြသည်။ ၎င်းတို့မှာ လုံးဝနက်မှောင်နေခြင်း မဟုတ်ဘဲ နက်ပြာရောင် ဖြစ်နေ၏။
ထိုအချိန်တွင် အခြား ရုပ်အလောင်းများမှာ ချက်ချင်းဆိုသလိုပင် ပြာကျသွားကြ၏။ မိန်းမငယ်လေးမှာမူ နောက်သို့လှည့်သွားပြီး ဝမ်ပေါင်လဲ့၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားတော့သည်။
အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးမှ ဟွေ့စန်းမှာ ဇဝေဇဝါဖြစ်နေသည့် မျက်ဝန်းများဖြင့် ရေရွတ်လိုက်၏ " ရုပ်အလောင်းဝိညာဉ်တွေကို ဆင့်ခေါ်လို့ရတာပဲ "
ထို မိန်းမငယ်လေး ထွက်ခွာသွားခဲ့သည့်တိုင်အောင် ဟွေ့စန်း၏ ဘဝမှာ ပြောင်းလဲသွားခဲ့ခြင်း မရှိသေးပေ။ သူသည် ရုပ်အလောင်းများအား တစ်ခုပြီးတစ်ခု ဂါထာတော်များ ရွတ်ဖတ်ပြနေဆဲပင်။ သူ၏ ရှေ့တွင် အချို့သော ရုပ်အလောင်းများမှာ ပုပ်ပွပျက်စီးသွားခဲ့ကြပြီး အချို့သော ရုပ်အလောင်းများမှာမူ ရုပ်အလောင်းမျိုးနွယ်စုဝင်များအဖြစ်သို့ ရောက်ရှိသွားခဲ့ကြ၏။
ထိုသို့ဖြင့် အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားပြန်သည်။ ဟွေ့စန်းမှာ အချိန်မည်မျှ ကုန်ဆုံးသွားကြောင်း စဥ်းစားတွေးတောနေခဲ့ခြင်းမရှိဘဲ သူ အဖြေရှာမတွေ့သည့် မေးခွန်းများကိုသာ ဆက်လက် စဉ်းစားတွေးတောနေခဲ့၏။ ထို့အပြင် သူသည် နက်မှောင်နေသည့် ကောင်းကင်ကြီးအား မျက်တောင်မခတ်တမ်း စိုက်ကြည့်ရသည်ကိုလည်း အလွန်အင်မတန်မှ နှစ်သက်သည်။
သူ့အား အံ့သြမှင်တက်သွားစေခဲ့သည့် မိန်းမငယ်လေးမှာမူ ထို အတောအတွင်းတွင် သူ့ဆီသို့ ငါးကြိမ်တိတိ ပြန်လည်ရောက်ရှိလာခဲ့၏။
သူမသည် ပထမဆုံးအကြိမ် ပြန်ရောက်လာခဲ့စဉ်တုန်းက ဒဏ်ရာရထားခဲ့ပါသော်လည်း သူမ၏ အမွေးအမျှင်များမှာ အနက်ရောင်ပြောင်းသွားပြီ ဖြစ်သည်။ ထိုစဉ်တုန်းက သူမသည် ဟွေ့စန်းနှင့် မလှမ်းမကမ်းတွင် ရှိနေသည့် အုတ်ဂူတစ်ခုပေါ်တွင် ထိုင်နေခဲ့ပြီး စကားတစ်ခွန်းမှ မပြောခဲ့ပေ။ သို့သော် သူမသည် ထွက်ခွာမသွားခင် ဝမ်ပေါင်လဲ့အား မေးခွန်းတစ်ခုမေးခဲ့၏။
" နင့်ကြည့်ရတာ နေ့တိုင်း တစ်ခုခုကို စဉ်းစားနေတဲ့ပုံပဲ။ နင် ဘာအကြောင်းတွေ စဉ်းစားနေတာလဲဆိုတာ ငါ့ကို ပြောပြလို့ရလား။ ပြီးတော့ နင် ဘာလို့ ကောင်းကင်ကြီးကို အမြဲတမ်း မော့ကြည့်နေရတာလဲ "
၎င်းမှာ ရုပ်အလောင်းတစ်ခု သူ စဉ်းစားတွေးတောနေသည့် အရာအကြောင်း မေးမြန်းလိုက်သည့် ပထမဆုံး အကြိမ်ဖြစ်သည်။ ထို့ကြောင့် ဟွေ့စန်းမှာ လေးလေးနက်နက် ပြန်ဖြေလိုက်၏။
" ငါက မိုးကောင်းကင်ကြီး ဘာလို့ အနက်ရောင်ဖြစ်နေရတာလဲဆိုတာကို စဉ်းစားနေတာ။ ငါက အဖြူရောင်ကြိုက်တော့ တစ်ရက်ရက်မှာ အဖြူရောင် မိုးကောင်းကင်ကြီးကို မြင်ခွင့်ရမလားဆိုပြီး တွေးနေတာ "
" ရူးလိုက်တာ " ထိုအခါ မိန်းမငယ်လေးမှာ တစ်ခဏမျှ နှုတ်ဆိတ်သွားပြီးနောက် အေးစက်စက် လေသံဖြင့် နှာမှုတ်ကာ ထွက်ခွာသွား၏။
ထို မိန်းမငယ်လေးမှာ ဒုတိယအကြိမ် ပြန်လည်ရောက်ရှိလာသည့်အချိန်တွင်လည်း ဒဏ်ရာများရထားပါသော်လည်း သူမ၏ အမွေးအမျှင်များမှာ မီးခိုးရောင်ပြောင်းသွားခဲ့ပြီဖြစ်သည်။ သူမသည် ပထမအကြိမ်တုန်းက နေရာတွင်သာ ထိုင်နေခဲ့ပါသော်လည်း ယခုအကြိမ်တွင်မူ နှုတ်ဆိတ်နေခဲ့ခြင်း မရှိဘဲ တစ်ကိုယ်တည်း ရေရွတ်နေသည့်အလား စကားများပြောနေခဲ့၏။
သူမသည် သူမ၏ သခင်နှင့် သခင်မတို့အား သတ်ဖြတ်ခဲ့ပြီး ဤနေရာတစ်ဝိုက်ရှိ တောင်တန်းများအားလုံးကိုလည်း တောင်တန်းတစ်ခုအဖြစ် အတူတကွစုစည်းခဲ့ကြောင်း ဟွေ့စန်းအား ပြောပြခဲ့သည်။
ထိုအခါ ဟွေ့စန်းမှာ ခေါင်းညိတ်ပြလိုက်ပါသော်လည်း ကောင်းကင်ကြီးအား စိုက်ကြည့်နေဆဲဖြစ်ပြီး အတွေးများထဲ၌ နစ်မျောနေဆဲပင်။ မိန်းမငယ်လေးမှာမူ စိတ်ကွက်သွားခဲ့ခြင်း မရှိပေ။ သူမသည် စကားဆုံးအောင် ပြောလိုက်ပြီးနောက် တစ်ခဏမျှ ထိုင်နေလိုက်၏။ ထို့နောက် သူမသည် ထွက်ခွာမသွားခင် မေးခွန်းတစ်ခု ရုတ်တရက် မေးလိုက်သည်။
" တကယ်လို့ မိုးကောင်းကင်ကြီး ဘယ်တော့မှ အဖြူရောင်ပြောင်းမသွားဘူးဆိုရင် နင် ဘာလုပ်မှာလဲ။ အခုလိုပဲ ဆက်ကြည့်နေပြီးတော့ အဲဒီ မိုးကောင်းကင်ကြီး ပျက်စီးပျောက်ကွယ်သွားတဲ့အချိန်အထိ ထိုင်စောင့်နေမှာလား "
ဟွေ့စန်းမှာမူ နှုတ်ဆိတ်နေဆဲပင်။ သူသည် ထိုမေးခွန်းအကြောင်း လုံးဝမတွေးခဲ့ဖူးပေ။ မိန်းမငယ်လေးမှာလည်း သူ၏ အဖြေအား စောင့်ဆိုင်းနေခြင်းမရှိဘဲ ထွက်ခွာသွား၏။ တတိယအကြိမ်နှင့် စတုတ္ထအကြိမ်များတွင်မူ သူမသည် မေးခွန်းတစ်ခုမှ မေးခဲ့ခြင်းမရှိဘဲ သူမ တစ်ကိုယ်တည်း ရေရွတ်ကာ အနီးနားရှိ တောင်ခုနစ်လုံး ရှစ်လုံးအား သိမ်းပိုက်နိုင်ခဲ့ကြောင်းသာ ပြောပြခဲ့သည်။ သူမသည် ထို အင်အားစုများကို အတူတကွ စုစည်းကာ လက်တုံ့ပြန်သည်အနေဖြင့် ယွင်ကျစ်ဟု အမည်ရသော နေရာတစ်ခုအား စစ်ခင်းမည်ဖြစ်သည်။
ထို့နောက် သူမသည် အချိန်အတော်အတန်ကြာအောင် ထွက်ခွာသွားခဲ့ပြီးမှ ဟွေ့စန်းဆီသို့ ပဉ္စမအကြိမ်အဖြစ် ပြန်လည်ရောက်ရှိလာခဲ့၏။ သူမ၏ အမွေးအမျှင်များမှာ ခရမ်းရောင်ပြောင်းသွားပြီဖြစ်သလို သူမ၏ မျက်နှာတစ်ဝက်မှာလည်း ပုပ်ပွပျက်စီးနေပြီဖြစ်သည်။ ထို့အပြင် သူမ၏ ခန္ဓာကိုယ်ထဲတွင်လည်း သေမင်းအငွေ့အသက်များဖြင့် ပြည့်နှက်နေ၏။
သူမသည် ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် ယခင်နေရာဟောင်းလေးတွင်သာ ထိုင်နေဆဲပင်။ ခဏအကြာတွင် သူမသည် ဟွေ့စန်း၏ အကြည့်အား သတိထားမိသွားသည်ပုံပင်။ ထို့ကြောင့် သူမသည် လက်မြှောက်ကာ တစ်ဝက်တိတိ ပုပ်ပွပျက်စီးနေပြီဖြစ်သော သူမ၏ မျက်နှာအား တို့ထိလိုက်၏။ ထို့နောက် သူမသည် ရုတ်တရက်ဆိုသလို ရယ်မောကာ ကွဲအက်နေသည့်လေသံဖြင့် မေးလိုက်သည်။
" ဟွေ့စန်း။ ငါ ချောသေးလား "
" အင်း " ဟွေ့စန်းမှာလည်း တည်ကြည်လေးနက်မှု အပြည့်ရှိသောအမူအရာဖြင့် ပြန်ဖြေလိုက်သည်။
ထိုအခါ သူမ၏ မျက်နှာပေါ်၌ အပြုံးတစ်ပွင့်ပေါ်ပေါက်လာ၏။ သူမ၏ အပြုံးထဲ၌ စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်သည့် ခံစားချက်တစ်မျိုး ကိန်းအောင်းနေသည်။ ထို့နောက် သူမသည် နှုတ်ဆိတ်သွားပြီး စကားတစ်ခွန်းမှ မပြောတော့ပေ။ ခပ်လှမ်းလှမ်း တစ်နေရာမှ ကမ္ဘာကြီးတစ်ခုလုံးအား တုန်ရီသွားစေသည့် ငိုကြွေးသံကြီးတစ်သံ ထွက်ပေါ်လာသောအခါမှသာ သူမသည် တိတ်တဆိတ် မတ်တတ်ထလာပြီး ဟွေ့စန်းအား စိုက်ကြည့်ကာ ဆိုလိုက်တော့သည်။
" နင်က ငါ မြင်ဖူးသမျှ ရုပ်အလောင်းမျိုးနွယ်စုဝင်တွေထဲမှာ အထူးဆန်းဆုံးပဲ... ငါ သွားတော့မယ်... နောက်တစ်ခေါက် ပြန်လာချင်မှ လာတော့မှာ "
ဟွေ့စန်းမှာမူ သူ၏ မှတ်ဉာဏ်ထဲမှ မိန်းမငယ်လေးအား စိုက်ကြည့်နေရင်း မှင်တက်သွား၏။ ထို့နောက် သူ လုံးဝမခံစားဖူးခဲ့သည့် တစ်စုံတစ်ခုအား ဆုံးရှုံးလိုက်ရသော ခံစားချက်တစ်မျိုးမှာ သူ၏ နှလုံးသားထဲ၌ ပေါ်ပေါက်လာသည်။ သူသည် ပြန်ပြောစရာစကား ရှာမတွေ့ပေ။
တစ်အောင့်ခန့်အကြာတွင် မိန်းမငယ်လေးမှာ ခေါင်းမော့လာပြီး မိုးကောင်းကင်ကြီးအား မော့ကြည့်လိုက်၏။ ထိုအခါ သူမသည် ကောင်းကင်ယံထဲ၌ ဝဲကြီးတစ်ခု ပေါ်ပေါက်လာသည်ကို မြင်လိုက်ရသည်။ ထို့နောက် ထိုဝဲကြီးထဲ၌ မျက်လုံးတစ်လုံး ပေါ်ပေါက်လာ၏။ ၎င်းမှာ သူမအား လှမ်းခေါ်နေသည့်အလားပင်။
" နှုတ်ဆက်ပါတယ် " နောက်ဆုံးတွင် မိန်းမငယ်လေးမှာ လေသံတိုးတိုးဖြင့် ဆိုလိုက်၏။ ထို့နောက် သူမ၏ ညာဘက်လက်ကို မြှောက်လိုက်သောအခါ အနက်ရောင်မျက်နှာဖုံးတစ်ခု ပေါ်ပေါက်လာသည်။ သူမသည် ၎င်းအား သူမ၏ မျက်နှာပေါ်၌ ဖြည်းညင်းစွာ တပ်လိုက်ပြီးနောက် မိုးကောင်းကင်ထဲသို့ ပျံတက်သွားလိုက်တော့သည်။
ဟွေ့စန်းမှာမူ ထို မိန်းမငယ်လေး၏ နောက်ကျောအား လှမ်းကြည့်နေ၏။ သူမ၏ ခန္ဓာကိုယ်ထဲတွင် သေမင်းအငွေ့အသက်များဖြင့် ပြည့်နှက်နေပြီး သူမ၏ ခရမ်းရောင်အမွေးအမျှင်များမှာလည်း လေထဲ၌ တလူလူ လွင့်နေသည့်တိုင်အောင် သူ၏ အမြင်တွင် သူမသည် တုနှိုင်းမမီလောက်အောင် ချောမောလှပနေဆဲပင်။ သူသည် သူမအား လှမ်းကြည့်နေရင်း နောက်ဆုံးတွင် ရေရွတ်လိုက်၏။
" နှုတ်ဆက်ပါတယ် “