← Chapters

နောင်ဘဝဆိုတဲ့အရာများ ရှိခဲ့ရင်

Vol. 76 Ch. 1054

နောင်ဘဝဆိုတဲ့အရာများ ရှိခဲ့ရင်

Vol. 76 Ch. 1054

မိန်းမငယ်လေး ထွက်ခွာသွားပြီဖြစ်သည်။

သူမ ထွက်ခွာသွားသောအခါမှ ဟွေ့စန်းမှာ သူသည် သူမ၏ နာမည်အား ယခုအထိ မသိသေးကြောင်း ပြန်၍ သတိရသွား၏။ သို့သော် အရေးမကြီးပေ။ အရေးကြီးသည့်အချက်မှာ ဟွေ့စန်းသည် အဖြေတစ်ခုရတော့မည့်အလား ခံစားနေရပြီဖြစ်သည်။

သို့သော် ၎င်းမှာ သူ ပထမဆုံး တွေးမိခဲ့သည့် မေးခွန်းဖြစ်သော " အဘယ်ကြောင့် မိုးကောင်ကင်ကြီး အဖြူရောင် ဖြစ်မနေရပါသနည်း " ဆိုသည့် မေးခွန်း၏ အဖြေတော့ မဟုတ်ပေ။ မိန်းမငယ်လေး သူ့အား မေးမြန်းခဲ့သည့် မေးခွန်း၏ အဖြေဖြစ်ပေသည်။

" တကယ်လို့ မိုးကောင်းကင်ကြီး ဘယ်တော့မှ အဖြူရောင်ပြောင်းမသွားဘူးဆိုရင် နင် ဘာလုပ်မှာလဲ။ အခုလိုပဲ ဆက်ကြည့်နေပြီးတော့ အဲဒီ မိုးကောင်းကင်ကြီး ပျက်စီးပျောက်ကွယ်သွားတဲ့အချိန်အထိ ထိုင်စောင့်နေမှာလား "

ဟွေ့စန်းမှာ ထိုမေးခွန်းအား အချိန်အတော်အတန်ကြာအောင် စဉ်းစားတွေးတောခဲ့ပြီးနောက် သိပ်မကြာခင်တွင် အဖြေတစ်ခုရတော့မည်ဟု ခံစားနေရ၏။

သို့သော် အချိန်များ တရွေ့ရွေ့နှင့် ကုန်လွန်သွားပြီး နှစ်ရာပေါင်းများစွာ ကုန်ဆုံးသွားပြီဖြစ်သည်... ထို မိန်းမငယ်လေး၏ ပုံရိပ်မှာမူ သူ၏ အသိစိတ်ထဲ၌ တဖြည်းဖြည်းနှင့် လေးလံလာပြီး ထူးဆန်းသော အတွေးတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ထိုအတွေးကြောင့် သူသည် စိတ်ဓာတ်ကျလာရတော့သည်။

ဟွေ့စန်းမှာ ထိုကဲ့သို့သော ခံစားချက်မျိုး တစ်ခါမှ မခံစားခဲ့ဖူးပေ။ သူသည် အတိအကျ မသိပါသော်လည်း ထိုကဲ့သို့ ခံစားခဲ့ရပြီးနောက်ပိုင်း အချိန်ကုန်ဆုံးမှုနှုန်းမှာ အလွန်အင်မတန်မှ နှေးကွေးသွားကို သတိထားမိလိုက်၏။ ထိုသို့ဖြင့် နောက်ဆုံးတွင် ဟွေ့အာ ရောက်ရှိလာသည်။

တစ်ကိုယ်လုံး အနက်ရောင်အမွေးအမျှင်များ ဖုံးလွှမ်းနေသည့် ဟွေ့အာမှာ တစ်ယောက်တည်း ရောက်လာခြင်းဖြစ်ပြီး ဟွေ့စန်း၏ ဘေးတွင် ထိုင်နေ၏။ သူသည် အလွန်အင်မတန်မှ အားအင်ချည့်နဲ့နေပြီး သူ၏ သေမင်းအငွေ့အသက်များမှာလည်း အလွန်အင်မတန်မှ အားပျော့နေပြီဖြစ်သည်။ သူသည် ဟွေ့စန်း၏ ဘေးတွင် ထိုင်ရင်း မျက်လုံးများ မှိတ်မသွားစေရန် အစွမ်းကုန်ကြိုးစားနေရ၏။ ထို့နောက် သူသည် အထူးအဆန်းဖြစ်နေသည့် အမူအရာဖြင့် ဟွေ့စန်းအား စိုက်ကြည့်ကာ ပုံပြင်တစ်ပုဒ် ပြောပြလိုက်တော့သည်။

ထို ပုံပြင်မှာ အလွန်အင်မတန်မှ ရိုးရှင်းပြီး လူသိများသည့် ပုံပြင်တစ်ပုဒ် ဖြစ်၏။ ထိုပုံပြင်ထဲတွင် သက်ရှိတစ်ယောက်မှာ ဖုတ်ကောင်တစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီးနောက် အစွမ်းအထက်ဆုံး အဆင့်သို့ရောက်ရှိလာနိုင်ရန် အခက်အခဲမျိုးစုံကို ကျော်လွှားခဲ့သည်။

သို့သော် ထိုပုံပြင်ထဲမှ အဓိကဇာတ်ကောင်မှာ မိန်းမငယ်လေးတစ်ယောက်ဖြစ်၏။

ဟွေ့အာမှာ ထို့ပုံပြင်အား တည်ကြည်လေးနက်မှုအပြည့်ဖြင့်ပြောနေသောကြောင့် ဟွေ့စန်းမှာလည်း အာရုံစိုက်၍နားထောင်ခဲ့၏။ ဟွေ့အာတစ်ယောက် ထိုပုံပြင်အား ပြောပြီးသွားသည့်အချိန်တွင် ဟွေ့စန်းမှာ တစ်ခဏမျှ ချီတုံချတုံဖြစ်သွားပြီး လွန်ခဲ့သည့်နှစ်ပေါင်းများစွာအတွင်း သူ ခံစားခဲ့ရသည့် ထူးဆန်းသော ခံစားချက်ကြီးအကြောင်း ထုတ်ပြောလိုက်တော့သည်။ ဤတောင်ကြီးပေါ်တွင် ဟွေ့အာမှာ သူ၏ ပထမဆုံးမိတ်ဆွေ မဟုတ်ပါလော။

ထို့အပြင် ဟွေ့အာအား သူ၏ အစ်ကိုကြီးအဖြစ် အတိုင်းအတာတစ်ခုအထိ သတ်မှတ်၍ရပေသည်။ သူတို့နှစ်ယောက်မှာ အသက်ရှူကြိမ်အနည်းငယ်သာခြား၍ နိုးထလာခဲ့ကြခြင်း ဖြစ်၏။

ဟွေ့အာမှာ ဟွေ့စန်း၏ စကားများကိုကြားလိုက်ရသောအခါ နှုတ်ဆိတ်သွား၏။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးမှ သူသည် အားအင်ချည့်နဲ့နေသည့် လေသံဖြင့် မေးလိုက်သည်။

" ဟွေ့စန်း။ မင်း သူ့ကို လွမ်းလား "

ထိုမေးခွန်းကြောင့် ဟွေ့စန်းမှာ ဆွံ့အမှင်တက်သွားပြီး စကားတစ်ခွန်းမှ ပြန်မပြောနိုင်ခဲ့ပေ။

ဟွေ့အာမှာလည်း နှုတ်ဆိတ်သွား၏။ သို့သော် ဟွေ့စန်းအား စိုက်ကြည့်နေသည့် သူ၏ မျက်ဝန်းများထဲရှိ ထူးဆန်းသော ခံစားချက်တစ်မျိုးမှာမူ တဖြည်းဖြည်းနှင့် ဝမ်းနည်းမှု အရိပ်အယောင်များအဖြစ် ပြောင်းလဲသွားသည်။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သည့်နှစ်ပေါင်းများစွာတုန်းက လူပေါင်းများစွာအား သတ်ဖြတ်ခဲ့သည့် မိန်းမငယ်လေးမှာ ဤတောင်ကြီးအား တားမြစ်နယ်မြေတစ်ခုအဖြစ် သတ်မှတ်ခဲ့သောကြောင့်ပင်။ သူမသည် သူ့အား မည်သူမှ မနှောင့်ယှက်နိုင်အောင် တားဆီးခဲ့ခြင်းဖြစ်သည်။ သူမ ဤဂြိုဟ်ကြီးပေါ်မှ ထွက်ခွာသွားခဲ့သည့်တိုင်အောင် ထိုတားမြစ်ချက်မှာ ပြောင်းလဲသွားခဲ့ခြင်းမရှိပေ။

ထို့အပြင် လွန်ခဲ့သည့် နှစ်ပေါင်းတစ်ရာခန့်တုန်းက ဤဂြိုဟ်ကြီး၏ အပြင်ဘက်ရှိ စကြဝဠာကြီးထဲတွင် မရေမတွက်နိုင်လောက်အောင် များပြားသည့် ဧရာမအခေါင်းကြီးများ ပေါ်ပေါက်လာခဲ့၏။ ထို အခေါင်းများမှာ ဂြိုဟ်ကြီးတစ်ခုလုံးအား တုန်ရီသွားစေခဲ့ပါသော်လည်း... ၎င်းတို့မှာ တစ်စုံတစ်ခုအား ကာကွယ်နေသည့်အလား ဤဂြိုဟ်ကြီး၏ ပတ်ပတ်လည်တွင်သာ လည်ပတ်နေခဲ့သည်။

သူသည် အားအင်ချည့်နဲ့နေသောကြောင့် ဟွေ့စန်းအား ထိုအကြောင်းများ မပြောပြနိုင်ခဲ့ပေ။ သူသည် ဖုတ်ကောင်တစ်ကောင် ဖြစ်နေသည့်တိုင်အောင် သေခြင်းတရားအား ရှောင်လွှဲနိုင်ရန်မှာ အလွန်အင်မတန်မှ ခဲယဉ်းပေသည်။ သူ၏ သက်တမ်းမှာ ကုန်ဆုံးသွားတော့မည်ဖြစ်ပါသော်လည်း သူသည် ဟွေ့စန်းတစ်ယောက် ယခင်တုန်းကအတိုင်း မပြောင်းလဲဘဲ ရှိနေသည့်အချက်ကို အံ့အားသင့်နေခြင်းမရှိပေ။

ထို့ကြောင့် ဟွေ့စန်းတစ်ယောက် အတွေးများထဲ၌ နစ်မျောနေစဉ်မှာပင် ဟွေ့အာမှာ တဖြည်းဖြည်းနှင့် မျက်လုံးများမှိတ်သွားပြီး ထာဝရအိပ်စက်သွားတော့သည်။

ထိုသို့ဖြင့် အချိန်များ ကုန်လွန်သွားပြီး နှစ်ထောင်ပေါင်းများစွာ ထပ်၍ ကုန်ဆုံးသွားပြန်သည်။ သူတို့၏ ပတ်ပတ်လည်ရှိကမ္ဘာကြီးမှာ ပြောင်းလဲသွားပြီ ဖြစ်ပါသော်လည်း ဤတောင်ကြီးမှာမူ ပြောင်းလဲမသွားဘဲ ယခင်တုန်းကအတိုင်း ရှိနေဆဲပင်။

သို့သော် ထိုတောင်ကြီးပေါ်ရှိ ဟွေ့စန်းမှာ အသက်အရွယ် အိုမင်းနေပြီဖြစ်သည်။ သူ၏ အမွေးအမျှင်များမှာမူ လုံးဝ ပြောင်းလဲသွားခဲ့ခြင်းမရှိဘဲ အစိမ်းနုရောင် ဖြစ်နေဆဲပင်။ သူသည် မျက်လုံးများကိုပင် ကောင်းကောင်း မဖွင့်နိုင်တော့သည့်တိုင်အောင် အစွမ်းကုန်ကြိုးစားကာ မိုးကောင်းကင်ကြီးအား စိုက်ကြည့်နေဆဲပင်။

ထို့အပြင်... သူသည် မိန်းမငယ်လေး မေးခဲ့သည့်မေးခွန်း၏ အဖြေအား ရှာတွေ့သွားပြီဖြစ်သည်။ သို့သော် သူသည် သူမအား ထိုအဖြေ ပြောပြနိုင်မည့် အချိန်အထိ စောင့်ဆိုင်းနိုင်ရန် မသေချာတော့ပေ။

" ဒါလည်း... ကောင်းပါတယ်လေ " ဟွေ့စန်းမှာ ခေါင်းငုံ့သွားပြီး သူ၏ မျက်လုံးများကို ဖွင့်နိုင်ရန် အစွမ်းကုန် ကြိုးစားလိုက်ပါသော်လည်း အနည်းငယ်မျှသာ ပွင့်လာ၏။ သူသည် မှုန်ဝါးဝါးဖြစ်နေသည့် မျက်ဝန်းများဖြင့် သူ၏ လက်အား ကြည့်လိုက်ပါသော်လည်း ထိုအချိန်တွင် ခြောက်ကပ်နေသည့် သူ၏ လက်ပေါ်၌ အသားများပြန်ပြည့်လာသည်ကို မြင်လိုက်ရသည်။

၎င်းတို့မှာ အတုအယောင်များသာ ဖြစ်သည့်တိုင်အောင် သူသည် ပျော်ရွှင်ကျေနပ်သွားဆဲပင်။

ထိုသို့ဖြင့် သူ၏ မျက်ခွံများမှာ တဖြည်းဖြည်းနှင့် လေးလံလာ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး မည်သည့်အရာကိုမှ ခံစားနိုင်စွမ်း မရှိလောက်အောင် ဖြစ်သွားတော့မည့် အချိန်တွင် သူ၏ နှလုံးသားထဲ၌ ထူးဆန်းသော ခံစားချက်တစ်မျိုး ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာတော့သည်။ ထို့ကြောင့် ဟွေ့စန်း၏ ခန္ဓာကိုယ်မှာ ပြန်လည် အသက်ဝင်လာသည့်အလား ဖြစ်သွား၏။ ထို့နောက် သူသည် လက်ကျန်စွမ်းအားများအားလုံးကို အသုံးပြု၍ လေးလံနေသည့် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်သောအခါ... တုနှိုင်းမမီလောက်အောင် ခမ်းနားထည်ဝါသည့် အမျိုးသမီးတစ်ယောက် အဝေးမှနေ၍ လျှောက်လှမ်းလာနေသည်ကို မြင်လိုက်ရသည်။

သူမသည် တစ်ကိုယ်လုံး အနီရောင်အမွေးအမျှင် အရှည်ကြီးများ ပေါက်နေပြီး အနက်ရောင် မျက်နှာဖုံးတစ်ခုကို တပ်ဆင်ထားကာ သူ၏ မှတ်ဉာဏ်ထဲမှ နန်းတွင်းအဝတ်အစားများကို ဝတ်ဆင်ထားသည်။ ထို့အပြင် သူမ၏ နောက်တွင် သွေးပင်လယ်ကြီးတစ်စင်း ရှိနေပြီး လူရိပ်ပေါင်းမြောက်မြားစွာမှာ ဒူးထောက်ကာ သူမအား အရိုအသေပေးနေကြသေးသည်။

" နင် ပြန်ရောက်လာပြီပဲ " ထိုအခါ ဟွေ့စန်းမှာ ပြုံးကာနှုတ်ဆက်လိုက်၏။

" ငါ ပြန်ရောက်လာပြီ " ထို အမျိုးသမီးမှာလည်း တည်ကြည်စွာ ပြန်ပြောလိုက်ပြီး ယခင်တုန်းကအတိုင်း ဟွေ့စန်း၏ ဘေး၌ ဝင်ထိုင်လိုက်သည်။

" ငါ အဖြေတစ်ခု စဉ်းစားပြီးသွားပြီ " ဟွေ့စန်းမှာ ပျော်ရွှင်ကျေနပ်နေသည့် အပြုံးဖြင့် ဆက်ပြောလိုက်၏။

" ဘာလဲ " ထိုအခါ ထို အမျိုးသမီးမှာ ဟွေ့စန်းဘက်သို့ လှည့်လာပြီး မေးလိုက်သည်။

" ကောင်းကင်ကြီး ဘာအရောင်ဖြစ်နေဖြစ်နေ အရေးမကြီးပါဘူး။ ငါ့ရဲ့နှလုံးသားထဲမှာ အဲဒီကောင်းကင်ကြီးက အဖြူရောင်ဖြစ်နေပြီးသားလေ " ဟွေ့စန်း၏ အပြုံးမှာ ပို၍ပင် အသက်ဝင်လာ၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်ထဲမှ အဖြူရောင်အလင်းရောင်တစ်မျိုး ထွက်ပေါ်လာပြီး ဘေးပတ်ပတ်လည်ရှိ အရာအားလုံးအား အလင်းပေးလိုက်သကဲ့သို့ပင်။

ထိုအခါ ထိုအမျိုးသမီးမှာလည်း နှုတ်ဆိတ်သွားပြီး ကောင်းကင်ကြီးအား မော့ကြည့်လိုက်၏။ သူမ စဉ်းစားတွေးတောနေသည့် အရာများကို မည်သူမှ မသိနိုင်ပေ။ ဟွေ့စန်း၏ စွမ်းအင်များ လွင့်ပါးပျောက်ကွယ်သွားပြီး သူ၏ မျက်လုံးများ တဖြည်းဖြည်းနှင့် ပြန်မှိတ်သွားချိန်တွင် ထို အမျိုးသမီးမှာ ရုတ်တရက် မေးခွန်းတစ်ခု မေးလိုက်၏။

" ဟွေ့စန်း။ နောင်ဘဝဆိုတဲ့အရာ ရှိရင် နင် ဘာလုပ်ချင်လဲ "

" ဒီအလင်းရောင်တွေကို ငါ့လိုမျိုး မြင်ခွင့်ရတဲ့လူတွေ ပိုများလာအောင် ကမ္ဘာကြီးပေါ်က နေရာတိုင်းဆီ ပျံ့နှံ့သွားအောင် လုပ်ချင်တယ် " ဟွေ့စန်းတစ်ယောက် ထိုသို့ရေရွတ်ပြီးသွားချိန်တွင် သူ၏ လက်ကျန် အသက်စွမ်းအားများအားလုံးမှာ ကမ္ဘာကြီးထဲမှ ပျောက်ကွယ်သွားတော့သည်။ ထိုအခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်မှာ မရေမတွက်နိုင်လောက်အောင် များပြားသည့် အမှုန်အမွှားလေးများအဖြစ် ပြောင်းလဲသွားပြီး လွင့်ပါးပျောက်ကွယ်သွား၏။ ထို့နောက် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက ပျောက်ကွယ်သွားရမည့် တောင်ကြီးမှာလည်း သူနှင့်အတူ ပျောက်ကွယ်သွားတော့သည်။

သူသည် ကောင်းကင်ကြီးအား မော့ကြည့်နေသည့် အမျိုးသမီး၏ နှုတ်မှ ထွက်ပေါ်လာသော စကားများကို မကြားလိုက်ရပေ။ သူမသည် ဟွေ့စန်း၏ ခန္ဓာကိုယ် အမှုန်အမွှားလေးများအဖြစ် ပြောင်းလဲသွားသည်ကို ကြည့်ရင်း လေသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။

" ငါ နင့်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးပါ့မယ် "

ထိုအချိန်တွင် ကံကြမ္မာဂြိုဟ်ပေါ်ရှိ အဖြူရောင်မြူခိုးများထဲတွင် ဝမ်ပေါင်လဲ့မှာ ဟင်းလင်းပြင်ကြီးတစ်ခုထဲ၌ တင်ပြင်ခွေထိုင်နေရင်း မျက်လုံးများ ပွင့်လာ၏။ သူ မျက်လုံးများပွင့်လာသည်နှင့် သူ၏ မျက်ဝန်းများထဲမှ အလွန်အင်မတန်မှ စူးရှတောက်ပသည့် အလင်းရောင်တစ်မျိုး ထွက်ပေါ်လာသည်။ ထိုအလင်းရောင်များမှာ သူ၏ မျက်လုံးထဲရှိ သူငယ်အိမ်နှင့် အရာအားလုံး၏ နေရာ၌ အစားထိုးဝင်ရောက်လာ၏။

ထို့အပြင် သူ အပြည့်အဝ သတိပြန်မရလာခင်မှာပင် သူ၏ ခန္ဓာကိုယ်ထဲရှိ အလင်းစည်းမျဥ်းဥပဒေသ ကိန်းအောင်းနေသော အဖြူရောင် ရှေးဟောင်းဂြိုဟ်ကြီးမှာ ရုတ်တရက်ဆိုသလို ဝင်းလက်တောက်ပလာသည်။ ထို အလင်းရောင်များ ထိုနေရာကြီး တစ်ခုလုံးအား လွှမ်းခြုံသွားသည်နှင့် ဝမ်ပေါင်လဲ့၏ အလင်းစည်းမျဥ်းဥပဒေသ ထပ်တူကျနိုင်စွမ်းမှာ ကြောက်ခမန်းလိလိ တိုးတက်လာတော့သည်။

တစ်ချိန်တည်းမှာပင် အံ့ဩတုန်လှုပ်ဖွယ်ရာ အသက်စွမ်းအားများမှာလည်း မည်သည့်နေရာကမှန်းမသိ ပေါ်ပေါက်လာ၏။ ၎င်းတို့မှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်နှင့် အတားအဆီးမရှိ တစ်သားတည်း ပေါင်းစည်းသွားကြသည်။

၎င်းတို့မှာ... နှစ်ပေါင်းခုနစ်ထောင့်ခြောက်ရာတိတိ စုဆောင်းထားခဲ့သည့် အသက်စွမ်းအားများနှင့် နှစ်ပေါင်းခုနစ်ထောင့်ခြောက်ရာတိတိ ဉာဏ်အလင်းပွင့်အောင် လုပ်ခဲ့ရာမှ ရရှိခဲ့သော အလင်းစည်းမျဉ်းဥပဒေသစွမ်းအားများ ဖြစ်ပေသည်။

ဝမ်ပေါင်လဲ့မှာ ၎င်းတို့အားလုံးအား ရရှိပိုင်ဆိုင်နိုင်စွမ်းမရှိဘဲ တစ်စိတ်တစ်ပိုင်းမျှသာ ရရှိလိုက်သည့်တိုင်အောင် အလင်းစည်းမျဉ်းဥပဒေသနှင့် ထပ်တူကျနိုင်စွမ်းမှာ ကိုးဆယ့်ရှစ်ရာခိုင်နှုန်းအထိ ရောက်ရှိသွားခဲ့ဆဲပင်။

ထို ထပ်တူကျနိုင်စွမ်းမှာ အလင်းစည်းမျဉ်းဥပဒေသအား ပိုင်ဆိုင်ထားသည့် တာအိုဂြိုဟ်တစ်လုံးနီးပါး အဆင့်မြင့်နေပြီဖြစ်သည်။ ထိုကဲ့သို့သော တာအိုဂြိုဟ်မျိုးပင်လျှင် ထပ်တူကျနိုင်စွမ်း တစ်ရာရာခိုင်နှုန်းအထိသာ ပိုင်ဆိုင်နိုင်သည်မဟုတ်ပါလော။

ထို့အပြင် အဆုံးမဲ့တာအိုနယ်မြေထဲ၌ အလင်းစည်းမျဉ်းဥပဒေသအား ပိုင်ဆိုင်ထားသည့် တာအိုဂြိုဟ်တစ်လုံး ပေါ်ပေါက်လာနိုင်ခြေမှာ မရှိသလောက်နည်းသည်ဟု လူအများက မှတ်ယူထားကြ၏။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့၏ အလင်းစည်းမျဉ်းဥပဒေသစွမ်းအားမှာ ထိပ်ဆုံးအဆင့်တွင် ရှိနေပြီဟု သတ်မှတ်နိုင်ပေသည်။

သူသည် ဤ ကမ္ဘာကြီးတစ်ခုလုံးထဲမှ အလင်းရောင်များအားလုံးကို ပြန်လည်သိမ်းပိုက်နိုင်စွမ်း မရှိသည့်တိုင်အောင် သူ၏ ခန္ဓာကိုယ်မှာ... စကြဝဠာကြီး၏ အလင်းတာအိုကိုပင် ဖိနှိပ်ချုပ်တည်းနိုင်စွမ်းရှိသော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်စွမ်းရှိနေပြီဖြစ်သည်။

ထို့အပြင် သူ ရရှိလိုက်သည့် အသက်စွမ်းအားများကြောင့်လည်း သူ၏ အပြင်ခန္ဓာကိုယ်မှာ ပို၍ သန်မာလာ၏။ အရေးအကြီးဆုံးအချက်မှာ ထို အသက်စွမ်းအားများကြောင့် သူသည် သက်တမ်းအရှည်ကြီး ပိုင်ဆိုင်သွားခြင်းပင်။ သို့ဖြစ်ရာ သူသည် ထိုသက်တမ်းများကို အသုံးပြုကာ မီးတောက်ဝိညာဉ်ကျိန်စာ၏ ဒုတိယအဆင့်အား ပို၍ပင် အစွမ်းထက်သော ကျိန်စာတစ်ခုအဖြစ် ထုတ်လွှတ်နိုင်စွမ်းရှိသွားပြီ ဖြစ်သည်။

သူ၏ တိုက်ရည်ခိုက်ရည်စွမ်းအားများ တိုးတက်လာနေစဉ် ဝမ်ပေါင်လဲ့၏ မျက်ဝန်းများမှာ တဖြည်းဖြည်းနှင့် ပြန်လည် ကြည်လင်ပြတ်သားလာ၏။ သို့သော် သူသည် ပြန်လည်နိုးထလာချိန်တွင် သူ၏ နာမည်အရင်းအား ပြန်မှတ်မိသွားပြီး ဟွေ့စန်း၏ ဘဝမှာ လွန်ခဲ့သည့် နှစ်ဘဝတွင် ကျန်ရစ်ခဲ့ပြီဖြစ်ကြောင်း သိလိုက်သည့်တိုင်အောင် သူ၏ မှတ်ဉာဏ်ထဲမှ မိန်းမငယ်လေး၏ ပုံရိပ်မှာ လုံးဝပျောက်ကွယ်သွားတော့မည် မဟုတ်ပေ။

အထူးသဖြင့် သူမ၏ မျက်နှာဖုံးလေးမှာဆိုလျှင် သူ၏ အတွေးထဲ၌ နေရာယူထား၏။

" မမလေး။ အဲတာ မမလေးလား... " ဝမ်ပေါင်လဲ့မှာ တိုးတိုးလေးရေရွတ်လိုက်ပြီး ခေါင်းငုံ့ကာ မမလေး၏ မျက်နှာဖုံး အကျိုးအပဲ့ အပိုင်းအစလေးအား ထုတ်ယူလိုက်၏။ ထို့နောက် သူသည် ၎င်းအား သူ၏ လက်ဖဝါးပေါ်၌ တင်ကာ စိုက်ကြည့်နေလိုက်တော့သည်။

All Chapters