ကျောင်းကြီးရှစ်ကျောင်း
Vol. 8 Ch. 14
သူတို့စစ်ဆေးရေးကွင်းထဲဝင်လိုက်တော့ တခြားကျောင်းတွေက ကျောင်းသားတွေအများကြီးကိုလည်း တွေ့ရတယ်။ စစ်ဆေးမှုကတော့ သာမန်ပါပဲ။ ခွန်အားနဲ့အမြန်နှုန်းကိုပဲ စမ်းသပ်တာပါ။ ဒါပေမဲ့ ထူးခြားနေတာတစ်ခုက မတူညီတဲ့အစိုးရနှစ်ခုက အလံတွေကိုသူတို့တွေ့ရတာပဲ။
“ဒီတော့ သမ္မတဝဲလ်ဆင်ဦးဆောင်တဲ့အစိုးရနဲ့ ဖက်ဒရယ်အုပ်စုတွေက ဒီပြိုင်ပွဲကို အတူကျင်းပတာမျိုးလား။” အီဗန်က အလယ်တည့်တည့်မှာရှိနေတဲ့ ပွဲကြည့်စင်ကို ကြည့်လိုက်ရင်းနဲ့ ပြောပါတယ်။ နျူရေကလည်း
ခေါင်းညိတ်လိုက်တယ်။
“ကျောင်းကြီးရှစ်ကျောင်းက လက်ရှိနှစ်ခြမ်းကွဲနေတဲ့
တိုင်းပြည်တစ်ခုလုံးမှာ ပြန့်နှံတည်ရှိနေတာလေ။ ဒီတော့ အရင်လိုကျောင်းပေါင်းစုံပြိုင်ပွဲလုပ်ချင်တယ်ဆိုရင် အစိုးရနှစ်ခုလုံးပေါင်းပြီးလုပ်မှဖြစ်မှာ။”
နျူရေက ပြောလိုက်ရင်းနဲ့ နယူးယောက်ဟီးရိုးကျောင်းအတွက် အသင့်ပြင်ပေးထားတဲ့အတန်းမှာ ဝင်တန်းစီးပါတယ်။ ကျောင်းခွဲတွေအများကြီးရှိနေတဲ့ ကျန်ကျောင်းတွေနဲ့ယှဥ်ရင် သူတို့ကျောင်းသားအရေအတွက်က ရယ်စရာကောင်းလောက်အောင်နည်းပေမဲ့ အားလုံးက ပြိုင်ပွဲဝင်ဖို့အတွက် အသင့်ရှိနေကြပါတယ်။
ဂိုးလ်က ပထမဆုံး စမ်းသပ်ဒမ်မီရုပ်ဆီကို ရောက်သွားတဲ့တစ်ယောက်ပါ။ တာဝန်ကျနေတဲ့ဟီးရိုးက သူ့ရဲ့အချက်အလက်တွေကို ကြည့်လိုက်ပြီးတော့ ဘာလုပ်ရမလဲဆိုတာ ဆက်ရှင်းပြတယ်။
“မင်းက ခွန်အားအမျိုးအစားမြူတန့်ဆိုတော့ မင်းရဲ့အစွမ်းကိုသုံးပြီး ဒမ်မီရုပ်ကို တတ်နိုင်သမျှအားပြင်းပြင်းနဲ့ထိုးပါ။”
ဂိုးလ်က ခေါင်းညိတ်လိုက်ပြီး သူ့လက်ကိုအကြီးကြီး ပြောင်းလိုက်တယ်။ အဲဒီနောက် အားနဲ့ဒမ်မီရုပ်ကိုထိုးချလိုက်ပါပြီ။
ဘုန်း....
အသံကျယ်ကြီးနဲ့အတူ ဒမ်မီရုပ်က ခါယမ်းသွားတယ်။
ဒိုင်ခွက်မှာ ဂဏန်းတချို့ပေါ်လာတာကို ဟီးရိုးက ကြည့်လိုက်ပြီး ခေါင်းညိတ်ပြပါတယ်။ “မဆိုးဘူး၊ ဂိုးလ် ဂွိုင်လီ C+ အဆင့်။”
C+ ဆိုတာကြားတော့ တခြားကျောင်းက ကျောင်းသားတွေ သူ့ကိုလှည့်ကြည့်လိုက်တယ်။ ကျောင်းကြီးရှစ်ကျောင်းမှာ C အဆင့်ဆိုတာမရှားပေမဲ့ ကျောင်းခွဲတွေဖြစ်လာပြီဖြစ်တဲ့ သာမန်ကျောင်းတွေမှာ အရင်တုန်းက
ထိပ်သီးကျောင်းသားဖြစ်နိုင်တဲ့ အဆင့်မျိုးမှာရှိနေတဲ့သူတွေပါ။
“နောက်တစ်ယောက်၊ ဂရေဟမ်။” ဂရေဟမ်က အရင်ဆုံး သူ့နာရီကို ထောင်ပြလိုက်ပြီး “နည်းပညာဟီးရိုးတွေကရော”လို့ မေးလိုက်တယ်။ ဟီးရိုးက ခေါင်းညိတ်ပြလိုက်ပြီး
“မင်းတီထွင်ထားတဲ့လက်နက်နဲ့ ဒမ်မီရုပ်ကိုတိုက်ပါ။” ဂရေဟမ်က ဒီစကားကိုကြားတော့ ခေါင်းညိတ်လိုက်ပြီး သူ့နာရီကို ကလိလိုက်တယ်။ ဧရာမလျှပ်စစ်လှိုင်းတစ်ခုက ပတ်ဝန်းကျင်ကို ပြန့်နှံသွားပြီး ဒမ်မီရုပ်ကို ရိုက်ထုတ်လိုက်တယ်။ ဒမ်မီရုပ်က နေရာကနေလွင့်သွားပြီး ပြန်ထောင်တယ်။ ပျက်တော့မပျက်စီးသွားပေမဲ့ပေါ့။
“C+ မဟုတ်သေးဘူး။ B- အဆင့်တီထွင်မှုပဲ။ အထင်ကြီးစရာပါပဲ။”
တခြားကျောင်းတွေလည်း အံ့ဩလွန်းလို့ ပါးစပ်မပိတ်နိုင်တော့ဘူး။ D အဆင့်ဆိုရင်ပဲ ပြိုင်ပွဲဝင်လို့ရနေပြီမဟုတ်လား။ နယူးယောက်ဟီးရိုးကျောင်းက Cအဆင့်နဲ့ B အဆင့်နည်းပညာဟီးရိုးတွေကို ဆက်တိုက်မိတ်ဆက်ပြသွားတယ်။ အီဗန်လည်း အတော်လေးအံ့သားသင့်နေပြီ။
“ဒီကောင်က နည်းပညာအသစ်တစ်ခု ထွင်လိုက်တာလား။” ဂရေဟမ်ကတော့ လူအုပ်ထဲက အီဗန်ကိုကြည့်ပြီး လျှာထုတ်ပြပြီးခါမှ စမ်းသပ်မယ့်နေရာကနေ ဆင်းသွားတယ်။ နျူရေကတော့ ခေါင်းခါလိုက်ပြီးတော့
“အီဗန်၊ နင့်အလှည့်ရောက်ရင် ခွန်အားအကုန်မပြနဲ့၊ တခြားကျောင်းတွေက ငါတို့ကိုစောင့်ကြည့်နေတယ်။”
နျူရေပြောမှ အီဗန်လည်းသတိထားမိသွားပြီးတော့ ကျောင်းကြီးရှစ်ကျောင်းထဲက အဓိကပြိုင်ဘက် စူပါအမေရိကက ကျောင်းဆရာတွေရှိရာကို ကြည့်လိုက်တော့
အကုန်လုံးက သူတို့ကို ကြောက်စရာမျက်နှာကြီးတွေနဲ့ ကြည့်နေတာ မြင်လိုက်ရတယ်။
ဘုန်း....
ရုတ်တရက်ဆိုသလို ပေါက်ကွဲသံတစ်ခုကြောင့် သူတို့တွေ စူ့ပါအမေရိက နယူးယောက်ကျောင်းခွဲဘက်ကိုကြည့်လိုက်တော့ ဆယ်မီတာလောက်မြင့်တဲ့ ရေခဲတောင်ကြီးတစ်ခုက ဒမ်မီရုပ်ကိုဖျက်ဆီးပစ်လိုက်တာ သူတို့မြင်လိုက်ရတယ်။ အဲဒီက ဟီးရိုးက အထိတ်ထိတ်အလန့်လန့်နဲ့ ရလဒ်ကို ကြေညာပေးလိုက်တယ်။
“ဇိုအီ စတောင်းရိန်ဒါ၊ A အဆင့်။”
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားတယ်။ A အဆင့်ဆိုတာ
ဘယ်လိုတည်ရှိမှုမျိုးလဲ။ သာမန်နိုင်ငံတစ်ခုမှာ အစွမ်းအကြီးဆုံး ဟီးရိုးတစ်ယောက်ဖြစ်နိုင်တဲ့ အဆင့်မျိုးလေ။ အခုလိုလူတစ်ယောက်က ကျောင်းပေါင်းစုံပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့အသင့်ဖြစ်နေတယ်တဲ့။ သူတို့ကိုယ်သူတို့ ချန်ပီယံဖြစ်နိုင်တယ်လို့ မျှော်လင့်နေတဲ့ ကျောင်းသားတော်တော်များ စိတ်ပျက်လက်ပျက်နဲ့ ခန်းမအမိုးကြီးကို စိုက်ကြည့်လိုက်မိကြတယ်။
“ငါပြောတာ မှတ်ထားနော်၊ နင့်အစွမ်းကို အကုန်ထုတ်မပြလိုက်နဲ့။” နျူရေက ထပ်သတိပေးတဲ့အတွက်ကြောင့် အီဗန်ခေါင်းညိတ်ပြလိုက်တယ်။ နောက်ထပ် စူပါအမေရိကကျောင်းဘက်က မြေစွမ်းအားနဲ့ A rank ယောက်ျားလေးတစ်ယောက် ထပ်ထွက်ပေါ်လာပေမဲ့ အီဗန်ဂရုမစိုက်တော့ဘူး။
D rank သုံးလေးယောက်ကို ဆက်တိုက်စမ်းသပ်ပြီးတဲ့နောက်မှာ နျူရေအလှည့်ရောက်လာတယ်။ နျူရေက သူ့ဝတ်စုံခေါင်းစောင်းကို ဝတ်လိုက်ပြီး ဒန်မီရုပ်ကိုထိုးချလိုက်တော့ ဒန်မီရုပ်အက်သွားပြီး B အဆင့်လို့ပေါ်လာတယ်။ သူက အီဗန်ကို ခေါင်းညိတ်ပြပြီးမှ ဆင်းသွားလိုက်တယ်။
“အီဗန် ဘလက်၊ မင်းအစွမ်းက ဗန်ပိုင်းယားနော်။ ဒမ်မီရုပ်လဲပြီးတဲ့အထိ ခနစောင့်။”
နျူရေကြောင့်အက်သွားတဲ့ ဒန်မီရုပ်နေရာမှာ တခြားတစ်ရုပ်ရောက်လာတော့ အီဗန်ကို အသက်ကိုတည်ငြိမ်စွာရှုလိုက်ပြီး ဓားရိုးပေါ်လက်တင်ကာ မျက်လုံးကိုမှိတ်လိုက်တယ်။ သူမျက်စိဖွင့်တာနဲ့ လက်ကလှုပ်ရှားပြီးသားဖြစ်သွားပြီ။ သူ့မျက်လုံးတွေက အနီရောင်ပြောင်းသွားပြီး ဓားက ဒမ်မီရုပ်ကို တို့ဖူးဖြတ်သလိုဖြတ်သွားလိုက်တယ်။
“အထင်ကြီးစရာပဲ၊ နောက်ထပ် နယူးယောက်ဟီးရိုးကျောင်းက B+ တစ်ယောက်ပဲ။ အီဘန် ဘလက်၊ အဆင့်သတ်မှတ်ချက် B+”
နယူးယောက်ဟီးရိုးကျောင်းကနေ တတိယမြောက် B အဆင့်ထွက်ပေါ်လာပြီးတဲ့နောက်တော့ တခြားကျောင်းက ကျောင်းသားတွေရဲ့မျက်လုံးထဲက အထင်သေးစိတ် ပျောက်ကွယ်သွားတယ်။ နယူးယောက်ဟီးရိုးကျောင်းကို
ကျောင်းသားအများစုက ကျောင်းကြီးရှစ်ကျောင်းထဲမှာ
အားအနည်းဆုံးဖြစ်ပြီး ကျောင်းခွဲတွေထက် နည်းနည်းပဲသာတယ်လို့ ထင်ထားကြတာပါ။ ဒါပေမဲ့ B အဆင့်တွေ အများကြီးရှိနေတယ်။ ခုနက A အဆင့်နှစ်ယောက်ပေါ်လာတဲ့ မွန်းစတား စူပါအမေရိကကျောင်းလောက်တော့ အထင်ကြီးစရာမကောင်းပေမဲ့ ဘော့စတွန်နည်းပညာဟီးရိုးကျောင်းတောင် B အဆင့်တစ်ယောက်ပဲ ထွက်လာနိုင်သေးတာ။
“ထပ်သီးကျောင်းရှစ်ကျောင်းကတော့ ကျောင်းရှစ်ကျောင်းပါပဲ။” ကျောင်းသားတစ်ယောက်ဆီကနေ အဲဒိလိုသုံးသပ်ချက် ထွက်ပေါ်လာပြီးတဲ့နောက် ကျန်တဲ့ ကျောင်းသားတွေလည်း ခေါင်းညိတ်လိုက်ကြလေရဲ့။
အီဗန်ဆင်းသွားပြီးတဲ့နောက်တော့ ဘယ်လာအလှည့်ကျတယ်။ ဘယ်လာကလည်း B အဆင့်ရောက်လုနီးနီး
C+ ဖြစ်နေခဲ့ပြီး လူတိုင်းကို အထင်ကြီးစေခဲ့ပါတယ်။ ဒါပေမဲ့ အီဗန်ကတော့ ဘယ်လာဒီထက်ပိုအားကောင်းမှန်း သိနေပါတယ်။ သူ့ရဲ့Ultimate Skillကိုသုံးရင် B အဆင့်တစ်ယောက်ကို သာသာလေးအနိုင်ယူနိုင်တာကြောင့် B အဆင့်မှာတကယ်ရှိနေသင့်တာ။
“သူနျူရေနဲ့ တိုင်ပင်ထားတာဖြစ်နိုင်မလား။” လူအုပ်ထဲ
ပြန်ရောက်နေပြီဖြစ်တဲ့ နူရေကို ကြည့်လိုက်ပြီးတော့ အီဗန်တွေးလိုက်တယ်။ အဲဒါအဖြစ်နိုင်ဆုံးပဲ။
“အင်း၊ အခုက ဝင်ခွင့်စစ်ရုံပဲလေ။ ဂရေဟမ်လိုအရူးမဟုတ်မချင်း ကိုယ့်စွမ်းအားအပြည့်ကို ဖော်ပြမှာမဟုတ်ဘူး။ ပြိုင်ပွဲဝင်ခွင့်ရရင် ပြီးနေပြီမဟုတ်လား။”
အီဗန်တစ်ယောက်တည်း စဥ်းစားနေချိန်မှာပဲ ကျောင်းရဲ့ကျောင်းသူသစ်တစ်ယောက်ဖြစ်တဲ့ ယုဆက စင်ပေါ်တက်လာတယ်။ ယုဆက သူခေါက်ထားတဲ့ စက္ကူရုပ်ကို ဖြန့်လိုက်တော့ ဧရာမနွားသိုးကြီးဖြစ်သွားပြီး ဒမ်မီရုပ်ကို
ဝင်ဆောင့်တယ်။ ဒမ်မီရုပ်က မြင်ကွင်းထဲက ပျောက်သွားပြီး အစည်းအရုံးနံရံတစ်ခုထဲ ဖောက်ဝင်သွားတယ်။
သွားစစ်တော့ တစ်စစီပျက်စီးနေပြီ။
“စက္ကူခေါက်စွမ်းအားလား၊ စိတ်ဝင်စားစရာပဲ။ ဒမ်မီရုပ်ကို လွင့်အောင်လုပ်နိုင်တယ်ဆိုတော့ A- ပဲ။”
နယူးယောက်စူပါဟီးရိုးကျောင်းကနေ ပထမဆုံး A အဆင့်ထွက်လာချိန်မှာတော့ ရှိသမျှသူတွေအကုန်လုံး ပါးစပ်အဟောင်းသားဖြစ်ကုန်တယ်။ စူပါအမေရိကကျောင်းက သူတို့A rank နှစ်ယောက်ကို ပွဲထုတ်ပြီးတဲ့နောက် ဘယ်ကျောင်းကမှ A rank ထွက်မလာသေးဘူး။
စူပါအမေရိကပြီးရင် ဒုတိယလိုက်နေတဲ့ ဖလော်ရီဒါကျောင်းတောင် B rank ငါးယောက်ရှိနေတာပဲ ပြရသေးတာပါ။
“ဒါဆို နယူးယောက်ကျောင်းက ဒုတိယအကောင်းဆုံး ဟီးရိုးကျောင်းဖြစ်နေတာလို့ ဆိုလိုတာလား။” ဆရာတွေရော ကျောင်းသားတွေရော တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်းနဲ့ အပြင်းအထန်ဆွေးနွေးကုန်ကြတယ်။ ဒါပေမဲ့ နယူးယောက်ကျောင်းက ကျောင်းသားမကုန်သေးပါဘူး။ နောက်ဆုံးစစ်ဆေးရမယ့် သူက ရှေ့ကိုထွက်လာပြီ။
“မိရိုင် ယာမာဂုချီ၊ ကြယ်အစွမ်းဆိုပါလား။ ဒမ်မီအသစ်လဲပြီးရင် စပါ။”
အပြစ်ကင်းစင်တဲ့ ကလေးမလေးမိရိုင်က ခေါင်းညိတ်လိုက်ပြီး ဒမ်မီရုပ်လဲတာစောင့်တယ်။ ဒမ်မီရုပ်အသစ်ရောက်လာတော့ လက်ဝါးလေးကို ဖြန့်လိုက်ပြီးတော့ ဖူးခနဲ လေနဲ့မှုတ်လိုက်တယ်။ ကြယ်မှုန်လေးတချို့က လေနဲ့အတူလွင့်ပါလာပြီး ဒမ်မီရုပ်ကို မီးစွဲလောင်တယ်။ စက္ကန့်ပိုင်းအတွင်းမှာပဲ ပြာကျသွားရော။
“A အဆင့်၊ နောက်ထပ် A အဆင့်ဟ။”
“ဆိုလိုတာက နယူးယောက်ဟီးရိုးကျောင်းက စူပါအမေရိကကျောင်းနဲ့တန်းတူပဲဆိုတဲ့ သဘောလား။”
ဟီးရိုးအစည်းအရုံးခန်းမတစ်ခုလုံး ဝုန်းဒိုင်းကျဲကုန်ကြပြီ။ စူပါအမေရိကကျောင်းအုပ်မျက်နှာကတော့ မည်းမှောင်နေပြီဖြစ်ပြီး နယူးယောက်ကျောင်းခွဲကျောင်းအုပ်ကို ကြည့်လိုက်တယ်။
“မင်းပြောတော့ ဒေဝါလီခံခါနီးကျောင်းလေးပါဆို။ သွားစမ်းတော့လည်း ထူးထူးဆန်းဆန်းမတွေ့ရပါဘူးဆို။”
“ကျောင်းအုပ်၊ ကျွန်တော်ရှင်းပြပါ့မယ်။” ဒါပေမဲ့ စူပါအမေရိကကျောင်းအုပ်က နားထောင်မနေတော့ဘဲ ခန်းမထဲကနေ ထွက်သွားတယ်။ တခြားကျောင်းသားတွေနဲ့ ဆရာတွေလည်း သူ့နောက်က လိုက်ရတာပေါ့။ ဆူညံ့နေတဲ့ ခန်းမကြီးကတော့ အခုထိမငြိမ်သက်သေးဘူး။
....
Archmegaက လေပေါ်ပျံသန်းနေရင်းကနေ ရွာလေးတစ်ခုအနားမှာ ဆင်းလိုက်တယ်။ ရွာငယ်လေးလို့ပြောပေမဲ့ အခုတော့ လုံးဝပျက်စီးနေပါပြီ။ နေရာတိုင်းမှာ ပိုးဖလံတွေရှိနေပြီး လူသားတွေကို ဘယ်နေရာမှာမှ မတွေ့ရတော့ဘူး။
“တော်ဝင်တပ်ဖွဲ့ရဲ့ခံစစ်ကိုကျော်လာတာ မိုင်ငါးဆယ်ပဲရှိသေးတယ်။ ပိုးဖလံတွေရဲ့နယ်မြေဖြစ်သွားပြီလား။” ဖရာလီတာက ပြောလိုက်ပြီးတော့ လက်ထဲက ဗုံးပစ်လောင်ချာကို အသင့်ပြင်လိုက်တယ်။
ပိုးဖလံတွေကလည်း အပြင်လူတစ်ယောက်ရောက်လာတာကို သတိထားမိပြီးတော့ Archmegaဆီ ပျံသန်းလာသူက ပျံလာ၊ ပြေးလာသူကလာနဲ့ စပြီးဝင်တိုက်ကြပါတယ်။ ပြီးတော့ အားလုံးက B+ rank မှာရှိနေတဲ့ ပိုးကောင်တွေပါ။
ဒိန်း... ဒိန်း... ဒိန်း...
ဒါပေမဲ့ မိနစ်ဝက်အတွင်းမှာပဲ ဖရာလီတာက ပိုးကောင်ထောင်ချီကို ရှင်းပစ်လိုက်ပြီးပြီး နောက်ဆုံးကျန်တာဆိုလို့ ဖရာလီတာရဲ့အမြောက်စာမိသွားပြီး ခြေတစ်ဖက်ပျက်နေတဲ့ အဆင့်မြင့်ပိုးဖလံကောင်တစ်ကောင်ပါ။ ပိုးဖလံက ထွက်ပြေးဖို့လုပ်နေပေမဲ့ ဖရာလီတာက အဲဒီပိုးကောင်ရဲ့ခေါင်းကို သေနတ်နဲ့ချိန်ပြီး အဆုံးသတ်ပေးလိုက်ပါတယ်။
“ဒီရွာမှာလည်း မရှိပြန်ဘူးလား။” ဖရာလီတာက စိတ်ပျက်လက်ပျက်နဲ့ ပြောလိုက်တယ်။ သူတိုက်ပွဲမြေပြင်မှာ သွားလာနေတာ နေ့တစ်ဝက်လောက်ရှိပါပြီ။ ပိုးကောင်အတိုက်အခိုက်ခံနေရတဲ့ နေရာတွေကို အကူအညီလိုက်ပေးခဲ့ပေမဲ့ ဘုရင်သူရိန်ပြောတဲ့ S rank ပိုးဖလံကို အခုထိရှာမတွေ့သေးဘူး။ ဒီအတွက် ပိုးကောင်တွေသိမ်းပိုက်ထားတဲ့ နေရာတွေထဲကိုဝင်ပြီး လိုက်ရှာနေတာပါ။
ဝီ... ဝီ... ဝီ....
ရုတ်တရက် ကောင်းကင်တစ်ခုလုံးကို ပိုးဖလံကောင်တွေက ဖုံးအုပ်သွားလိုက်ပြီး လေထုထဲကနေ မိန်းမဆန်တဲ့ခန္ဓာကိုယ်နဲ့ ပိုးကောင်တစ်ကောင်ဆင်းလာပါတယ်။
“ဒီတော့ ငါ့နယ်မြေထဲမှာ ပြဿနာရှာနေတာ နင်လား။”
မိန်းမအသံက ပတ်ဝန်းကျင်တစ်ခုလုံးကို ပြန့်နှံသွားတဲ့အတွက် ဖရာလီတာက မော့ကြည့်လိုက်တယ်။ ပိုးဖလံခေါင်းဆောင်ရဲ့ပုံစံက တခြားပိုးဖလံတွေနဲ့ ကွဲထွက်နေတယ်။ မိန်းမဆန်တဲ့ လူတူခန္ဓာကိုယ်ဖွဲ့စည်းပုံပေါ်မှာ အမွှေးရှည်ရှည်တွေရှိပြီး ပေါင်းစပ်မျက်ရည်က ပျားရည်ရောင်ပါ။ ခေါင်းပေါ်မှာတော့ ပုံမှန်ထက်ထူးခြားစွာရှည်နေတဲ့ အမွှေးအင်တန်နာတိုင်ရှိတယ်။
“ဒီတော့ နင်က ငါရှာနေတဲ့ S rankလား။ အကြာကြီး
ဆက်ရှာစရာမလိုတော့ဘဲ ငါ့ရှေ့ပေါ်လာတာ ကောင်းသားပဲ။”
ဖရာလီတာရဲ့စကားကိုကြားတော့ ပိုးဖလံခေါင်းဆောင်က လက်ပိုက်ပြီး ငုံကြည့်လိုက်တယ်။ နည်းနည်းလေးမှ ဂရုမစိုက်ပုံပဲ။ “သူ့ကိုမြန်မြန်မျိုးဖြုတ်လိုက်ရအောင်။” လို့ပြောလိုက်တယ်။ ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်ထားတဲ့ ပိုးကောင်တွေက Archmegaဆီကို နိမ့်ဆင်းလာတယ်။ Archmegaကလည်း ရန်သူတွေကိုစီးပြီး တိုက်ခိုက်တယ်။
မကြာခင်မှာပဲ မြေပြင်တစ်ခုလုံးမှာ ပိုးကောင်အသေတွေနဲ့ ပြန့်နှံသွားခဲ့ပါပြီ။ နောက်ဆုံးတော့ S rank ပိုးကောင်လည်း စိတ်မရှည်တော့ဘဲ လေထုထဲကနေ ကိုယ်တိုင်ခုန်ဆင်းလာတယ်။ Archmegaက ဗုံးသေနတ်နဲ့ချိန်လိုက်ပေမဲ့ ပိုးဖလံက အရင်ရောက်လာပြီးတော့ Archmegaရဲ့ရင်ဘတ်ကို ဆောင့်ကန်လိုက်တယ်။
ဘုန်း....
Archmegaရဲ့ခန္ဓာကိုယ်မြောက်တက်သွားပြီး အနီးအနားက တောင်တန်းတစ်ခုကို ဝင်တိုက်မိတယ်။ ဒါပေမဲ့ ဖရာလီတာက ဝတ်စုံက ဂျက်ကိုအသက်သွင်းပြီး ချက်ချင်းပြန်ထလာတယ်။ အနားမှာရှိနေတဲ့ ပိုးဖလံရဲ့မျက်နှာကို လက်သီးနဲ့ထိုးချလိုက်တယ်။
“အား....” ကိုယ့်ကိုယ်ကိုယ်အထင်ကြီးနေတဲ့ ပိုးဖလံက အဝေးကိုလွင့်ထွက်သွားပြီး ရွာထဲက အဆောက်အဦးတစ်ခုကို ဝင်တိုက်တယ်။ ဒါပေမဲ့ ပိုးဖလံကလည်း
သူ့အတောင်ပံကိုခတ်ပြီး Archmegaကို ပြန်ထိုးတယ်။
Archmegaကလည်း ပြန်ချတယ်။ ဘတစ်ပြန်ကျားတစ်ပြန်ချနေရင်းကနေ စိတ်မရှည်တော့တဲ့ ပိုးဖလံက ဒေါသတကြီးအော်ဟစ်လိုက်တယ်။
“သေစမ်း....” သူ့လက်တွေက ရှည်ထွက်လာပြီး ဖရာလီတာကို လက်သည်းနဲ့ကုတ်ချဖို့ပြင်တယ်။ ဒါပေမဲ့ Archmegaရဲ့ရင်ဘတ်က ပွင့်လာပြီး Dragon’s Blast
နဲ့ပစ်တာခံလိုက်ရတယ်။
ဘုန်း....
ပိုးဖလံတွေသိမ်းထားတဲ့ ရွာတစ်ခုလုံးပြာကျသွားပြီး ပိုးကောင်လည်း သေလုနီးပါးဖြစ်သွားတယ်။ ပိုးကောင်က စုတ်ပြတ်နေတဲ့ခန္ဓာကိုယ်နဲ့ ပြန်ထလိုက်ပြီးတော့ နေရာတစ်ခုကို ဦးတည်ာကာ ပြောလိုက်တယ်။
“လူမီယံ၊ ဂရိုဖာ... ငါ့ကိုလာကူကြတော့လေ။” မကြာခင်မှာပဲ အနီးအနားတောအုပ်တွေထဲကနေ ပိုးဖလံနှစ်ကောင် ထွက်လာတဲ့အတွက် ဖရာလီတာမျက်နှာပျက်သွားတယ်။
“ဘာ၊ S rankက သုံးကောင်ရှိနေတာလား။ ဟိုဘုရင်ပြောတော့ တစ်ကောင်ပဲကျန်တာဆို....”
ဖရာလီတာက မျက်မှောင်ကြုတ်လိုက်ပြီး ပိုးဖလံအထီးနှစ်ကောင်ကို ဗုံးသေနတ်နဲ့လှမ်းပစ်တယ်။ ဒါပေမဲ့ ပိုးဖလံနှစ်ကောင်က ရှောင်လိုက်ပြီး Archmegaကို ပူးတွဲတိုက်လာတယ်။ သူတို့လက်က အဆူးတောင်တွေနဲ့ မထိချင်တာကြောင့် ဖရာလီတာလည်း တိုက်လေယာဥ်တောင်ပံကို ဖွင့်လိုက်ပြီး ရှောင်ထွက်လိုက်တယ်။ တိုက်ကွက်က မြေကြီးကိုပဲ ထိမှန်သွားတယ်။
ကံမကောင်းတာက ဒဏ်ရာရထားတဲ့ ပိုးဖလံအမကလည်း ပြန်အသင့်ဖြစ်နေပြီဖြစ်ပြီးတော့ လေထုထဲမှာ ပျံဝဲနေတဲ့ အနက်ရောင်ဝါးဖရိန်ကြီးဆီကို တည့်တည့်ပျံလာတာပဲ။
ဘုန်း....
ဖရာလီတာက ဝါးဖရိန်ကြီးနောက်ကိုလွင့်သွားပြီး ဟန်ချက်ပျက်သွားတာကို သတိထားမိလိုက်တယ်။ ပိုးဖလံမက ဝါးဖရိန်ကိုယ်ပေါ်မှာ တွယ်ကပ်နေပြီး ဝိတ်ကြောင့် ဝါးဖရိန်က နိမ့်ဆင်းလိုက်အပေါ်ကိုမြောက်တက်လာလိုက်နဲ့ ကသောင်းကနင်းအခြေအနေမှာရောက်နေပါတယ်။
“ဇစ်...ဇစ်...ဇစ်... ငြိမ်းချမ်းရေးမဟာမိတ်က နောက်ထပ်အဆင့်မြင့်အဖွဲ့ဝင်တစ်ယောက်တော့ ငါတို့ကြောင့် ဒုက္ခကောင်းကောင်းရောက်တော့မယ်နဲ့တူတယ်။”
ပိုးဖလံအမက သူ့ပါးစပ်ကိုသက်ရယ်လိုက်ရင်း လက်ကိုမြှောက်လိုက်တယ်။ Archmegaရဲ့စွမ်းအင်ဗဟိုချက်ကို ဆွဲထုတ်ဖို့လုပ်နေမှန်း ဖရာလီတာသိတာကြောင့် ဝါးဖရိန်လက်က အရေးပေါ်သုံးတဲ့ဓားကို ထုတ်တယ်။ အရင်ကလိုမဟုတ်ဘဲ ဇက်စတီးဓားမြှောင်ပါ။
“သေစမ်း....” ပိုးဖလံအမရဲ့ပခုံးကို ဖရာလီတာက ဓားမြှောင်နဲ့ထိုးလိုက်တယ်။ စိမ်းပြာပြာအရည်တွေ ပန်းထွက်လာပြီးနောက် ပိုးဖလံအမက နာနာကျင်ကျင်အော်ဟစ်လိုက်တယ်။ ဖရာလီတာက ဖိုးဖလံအမ သတိလွတ်သွားတာကို အခွင့်ကောင်းယူပြီး ခြေထောက်နဲ့ကန်ထုတ်လိုက်တယ်။
ဘုန်း....
ဒါပေမဲ့ မြေပြင်နဲ့တအားနီးကပ်နေပြီဖြစ်ပြီး တိုက်မိမှာကို ရှောင်လို့မရတော့တဲ့အတွက် ဖရာလီတာက ဝါးဖရန်ကိုထိန်းချုပ်ပြီး မြေပြင်ပေါ်ကို ခြေချလိုက်တယ်။ မြေကြီးတွေမြောက်တက်သွားပြီး ဝါးဖရိန်ဖြတ်သွားရာတစ်လျှောက်မှာ လမ်းကြောင်းကြီးတစ်ခုကျန်နေရစ်တယ်။ မီတာအနည်းငယ်လောက်ရှည်တဲ့ စွတ်ကြောင်းကြီးကို ချန်ထားရစ်ပြီးမှ ဖရာလီတာသူ့ကိုယ်သူ ထိန်းလိုက်နိုင်တယ်။
ပိုးဖလံအမက ခပ်လှမ်းလှမ်းမှာကျန်ခဲ့ပေမဲ့ ပိုးဖလံအထီးနှစ်ကောင်ကတော့ သူ့ကိုဝိုင်းထားလိုက်ပြီး အချိန်မရွေးဝင်တိုက်ဖို့ အသင့်ပြင်ထားတယ်။ ဒီနှစ်ကောင်ကလည်း တခြားပိုးဖလံတွေနဲ့ ပုံစံကွဲနေပြီး သူတို့အတောင်တွေမှာ အနီရောင်နဲ့အနက်ရောင်ရောနေတဲ့ အကွက်တွေပါတယ်။
“ငါသိပြီ၊ နင်တို့က ပိုးဖလံမျိုးစိတ်ခွဲခေါင်းဆောင်တွေပဲ။ ပိုးကောင်ဗိုလ်ချုပ်တွေကို စိုးရိမ်ရလွန်းလို့ မျိုးစိတ်ခွဲခေါင်းဆောင်တွေကို ငါဂရုမစိုက်မိတာ။ နင်တို့နှစ်ကောင်က ပါးနီပိုးဖလံတွေ။ ဟိုကောင်မက သွေးစုပ်ပိုးဖလံမဟုတ်လား။”
ဒါပေမဲ့ ပါးနီပိုးဖလံနှစ်ကောင်က ဖရာလီတာရဲ့ရှာဖွေတွေ့ရှိမှုကို ဂရုမစိုက်ဘူး။ အဲဒီအစား ချက်ချင်းပြေးလာပြီး သူတို့လက်ဖျံကဆူးသွားတွေနဲ့ ဝါးဖရိန်ကိုခုတ်ချဖို့လုပ်တယ်။ ဖရာလီတာကလည်း ဇက်စတီးဓားမြှောင်ကို လက်နှစ်ဖက်လုံးကနေထုတ်ပြီး ခုခံလိုက်တယ်။ အဲဒီနောက် ဝါးဖရိန်ရဲ့ပခုံးနှစ်ဖက်က အဖုံးတွေပွင့်သွားပြီး ကိုးမီလီမီတာ ပဲ့ထိန်းဒုံးဆယ်ချီကို ပစ်လွှတ်လိုက်ပါတယ်။
ဖောင်း... ဖောက်... ဖောက်... ဖောက်....
ကိုးမီလီမီတာ ဟီလီယံဒုံးတွေရဲ့ပေါက်ကွဲအားက သိပ်မပြင်းပေမဲ့ အနီးကပ်ဖြစ်တာကြောင့် ပါးနီပိုးဖလံနှစ်ကောင်လုံး နောက်ဆုတ်သွားရတယ်။ သူတို့အတောင်တွေမှာ အပေါက်တွေရှိနေပြီးတော့ လက်က ဆူးတောင်တွေလည်း ကျိုးနေပါတယ်။
ဖရာလီတာ ခနလောက်အသက်ရှုချောင်သွားပေမဲ့ ကောင်းကင်ပေါ်ကနေ သွေးစုပ်ပိုးဖလံမက ခုန်ဆင်းလာနေပါပြီ။ “နင့်ကိုသတ်မယ်... နင့်ကိုသတ်မယ်... နင့်ကိုသတ်ပြီးတော့ သွေးစုပ်ပစ်မယ်။”
ဒါပေမဲ့ ဝါးဖရိန်က သာသာလေးလှုပ်ရှားလိုက်ပြီး ပိုးဖလံမရဲ့ခြေထောက်ကို အမိအရဖမ်းဆွဲလိုက်နိုင်တယ်။ အဲဒီနောက် မြေပြင်နဲ့ရိုက်ချလိုက်ပြီး အလင်းဗုံးပစ်လောင်ချာနဲ့ မျက်နှာကိုတည့်တည့်ချိန် ပစ်ဖောက်ပစ်တယ်။
ဘောင်း... ဘောင်း... ဘောင်း....
ဖရာလီတာက သွေးစုပ်ပိုးဖလံအမ လုံးဝငြိမ်ကျသွားတဲ့အထိ ပစ်ခတ်ပြီးတဲ့နောက် သူ့အကြည့်က ပါးနီပိုးဖလံအထီးနှစ်ကောင်ဆီရောက်သွားတယ်။
“ဘာကြည့်နေတာလဲ၊ နင်တို့ပြေးရမယ့်အချိန်ရောက်ပြီလေ။” ဒါပေမဲ့ ပိုးဖလံနှစ်ကောင်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ဒေါသထွက်နေတဲ့ အမူအရာနဲ့ပြေးဝင်လာပြန်တယ်။
ဖရာလီတာက အရင်ဆုံးရောက်လာတဲ့ ပိုးကောင်ခေါင်းကို လက်သီးနဲ့ထိုးချလိုက်ပြီး ကျန်တဲ့တစ်ကောင်ကို ဗုံးပစ်လောင်ချာနဲ့ တည့်ပစ်လိုက်တယ်။ လောင်ချာနဲ့ပစ်ခံရတဲ့တစ်ကောင်က မြေပေါ်ကနေ ပြန်မထနိုင်တော့ဘဲ အကြောဆွဲနေပြီး တစ်ခနအကြာမှာတော့ ငြိမ်သက်သွားပါတယ်။ အဲဒီနောက် ဖရာလီတာက အထိုးခံထားရလို့ နောက်ကိုယိုင်သွားတဲ့ ပိုးကောင်ရဲ့လည်ဂုတ်ကို ဖမ်းဆွဲလိုက်တယ်။
“အခုမှပြေးချင်လို့တော့မရတော့ဘူး၊ နောက်ကျသွားပြီ။” ပိုးဖလံက ကြောက်ရွံနေတဲ့မျက်နှာထားနဲ့ အတောင်ကိုခတ်ပြီး ပြေးဖို့လုပ်ပေမဲ့ ဝါးဖရိန်ရဲ့လက်ကြီးတွေက ခိုင်မာလွန်းပါရဲ့။ ဖရာလီတာက အဲဒီကောင်ကိုလည်း ဗုံးပစ်လောင်ချာနဲ့ချိန်လိုက်တယ်။ အဲဒီနောက်တော့....
ဖောင်း.....
သစ်တောကြီးတစ်ခုလုံးကို ပေါက်ကွဲသံတစ်ခုက လွှမ်းခြုံသွားတယ်။