ရန်ကျောက်ကဲ၏တန်ပြန်တိုက်စစ်
Vol. 74 Ch. 1036
အခန်း (၁၀၃၆) ရန်ကျောက်ကဲ၏တန်ပြန်တိုက်စစ်
ရေခဲများအစိတ်စိတ်အမွှာမွှာအက်ကွဲသွားပြီး ကျဲ့မင်ခုန်၏ အစစ်အမှန်ရုပ်သွင် လူတိုင်းရှေ့တွင် ထွက်ပေါ်လာသည်။
သူမ၏မျက်လုံးများက မှေးမှိတ်ထားဆဲဖြစ်ပြီး လက်ဖဝါးကို ဓားတစ်လက်ပမာဆန့်တန်းလျှက် လေထုထဲသို့ ခုတ်ပိုင်းချလိုက်သည်။
ထိုဓားချက်တစ်ချက်ဖြင့် ပတ်ဝန်းကျင်လေအေးများ ငြိမ်သက်သွားပြီး ဗလာနယ်တစ်ခုလုံး အေးစက်ခြင်း မရှိတော့ပေ။
သို့သော် ကမ္ဘာတစ်ခုလုံးကို ချိုးဖျက်တော့မည့်အလား အဆုံးမဲ့တန်ခိုးစွမ်းအားတစ်ခု ထွက်ပေါ်လာသည်။
တောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အမှောင်ထုကို ပိုင်းဖြတ်ကာ ကမ္ဘာသစ်တစ်ခု ပွင့်လာတော့မည့် အလားပင်။
အဖြူရောင်ဝတ်မိန်းမပျို၏ ကျောက်စိမ်းပမာဖြူစင်သော လက်ဖဝါးမှာ ယခုတော့ အုံ့ဆိုင်းမှောင်မှိုင်းနေပြီ ဖြစ်၏။
သူမ၏လက်ဖဝါးထက်ရှိ သွေးကြောဆုံချက်မှ လှပသော ချီစွမ်းအားစီးကြောင်းများ ထွက်ပေါ်လာသည်။ ထိုချီစွမ်းအားစီးကြောင်းများ ရောယှက်သွားပြီး ပုံရိပ်တစ်ခုအဖြစ် ဖြည်းဖြည်းချင်း ပေါင်းစည်းသွားသည်။
ထိုပုံရိပ်အောက်တွင် သွယ်လျသောလက်ဖဝါးသည် အလံနှင့်တူသော်လည်း အလံတစ်ခုမဟုတ်သလို ပုဆိန်နှင့်တူသော်လည်း ပုဆိန်မဟုတ်သကဲ့သို့ ပြောင်းလဲသွားသည်။
မိန်းမပျိုဧကရာဇ်က ယွိချင်အဆက်အနွယ် ၊ မူလကောင်းကင်ကျမ်းစာများမှ ‘ကောင်းကင်ဖွင့်ကျမ်းစာ’ ကို တုန်လှုပ်ဖွယ် ထုတ်ဖော်အသုံးပြုလိုက်ခြင်း ဖြစ်သည်။
သူမ၏လက်ဖဝါးကို ဓားသွားအသွင်အသုံးပြုပြီး မြေ ၊ ရေ ၊ လေ ၊ မီး တို့ကို ပြန်လည်သတ်မှတ်ပြီး မိုးနှင့်မြေကို နောက်တစ်ကြိမ်ဖွင့်လှစ်ပြီး ကမ္ဘာမြေကို ပြန်လည်ဖန်ဆင်းရန် ကြိုးစားနေသည့်အလား ဖြစ်၏။
ရန်ကျောက်ကဲက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် ဤသို့တိုက်ခိုက်သည်ကို တစ်ကြိမ်တွေ့မြင်ခဲ့ဖူးသည်။
ကနဦးကောင်းကင်သိုင်းပညာနှင့် နှောင်းပိုင်းကောင်းကင်သိုင်းပညာမှ အကန့်အသတ်မဲ့ မီးတောက်များထွက်ပေါ်လာလာပြီး တောက်ပသောအလင်းရောင်ဖြင့် မှုံဝါးသောအမှောင်ထုကို ခွဲထုတ်လိုက်သည်။
မိန်းမပျိုဧကရာဇ်က အမှောင်ထုကို ထိုးခွင်းလိုက်သည်နှင့် အဆုံးမဲ့စီးဆင်းနေသော ရေစွမ်းအားများ ထွက်ပေါ်လာသည်။
ထိုရေသည် ကနဦးကောင်းကင်သိုင်းပညာနှင့် နှောင်းပိုင်းကောင်းကင်သိုင်းပညာ အကြားတွင်တည်ရှိပြီး အဆုံးမရှိသော အသက်ဓာတ်စွမ်းအားများနှင့် နွေးထွေးမှုများပါရှိသည်ဟု ထင်မှတ်ရသော်လည်း အဆုံးမရှိသော အအေးဓာတ်နှင့် သေစေလိုသည့်အငွေ့အသက်များလည်း တိတ်ဆိတ်စွာ ကိန်းအောင်ပါဝင်နေသည်။
စီးဆင်းနေသောရေများ ဖြတ်သန်းသွားသည်နှင့် ချင်းယွမ်ဧကရာဇ်၏ အင်္ကျီလက်အတွင်းမှ ပုံပျက်နေသော အချိန်နှင့်နေရာသည် ရေအလင်းရောင်ဖြင့် စွန်းထင်းသွားသည်။
အနက်ရောင်မြွေကြီး ချက်ချင်းပင် နဂိုမူလအရွယ်အစားသို့ ပြန်ရောက်သွားပြီး ကျောက်စိမ်းမြင်းရထားကို သယ်ဆောင်ရင်း ချင်းယွမ်ဧကရာဇ်ရှိရာနေရာသို့ ပျံသန်းထွက်ခွာသွားသည်။
ဒါကိုမြင်တော့ ချင်းယွမ်ဧကရာဇ်က စိတ်ပူပန်ခြင်းမရှိဘဲ သူ၏ခန္ဓာကိုယ်အား ဗလာနယ်ထဲတွင် လှည့်ပြောင်းလိုက်ပြီး လေထုထဲတွင် လျှင်မြန်စွာ ရွေ့လျားလိုက်သည်။
ချင်းယွမ်ဧကရာဇ်နေထိုင်ရာ အသင်္ချေတောင် ၊ အိမ်တော်(၅)ပါးကျောင်းတော်က “မူလနတ်ဘုရားဖိနှိပ်သိုင်းပညာ” နှင့် ထာဝရအလင်းကောင်းကင်ကျမ်းစာကို ကျင့်ကြံသည်ဖြစ်ရာ ဗလာနယ်နှင့် အချိန် အခြေခံသဘောတရားများတွင် အလွန်မြင့်မားသော သိမြင်မှုကို ပိုင်ဆိုင်သည်။
အတွေးတစ်ချက်မျှဖြင့်ပင် ချင်းယွမ်ဧကရာဇ်က မိန်းမပျိုဧကရာဇ်၏တိုက်ခိုက်မှုကို ဖိနှိပ်လိုက်ပြီး ရန်ကျောက်ကဲရှေ့သို့ ရောက်ရှိလာသည်။
မိန်းမပျိုဧကရာဇ်၏အဖြူရောင်ဝတ်ရုံသည် လေထဲတွင်လွင့်ပျံနေပြီး မျက်ဝန်းအစုံသည်လည်း မှေးမှိတ်ထားလျှက် ရှိလေရာ သူမအသွင်က ကောင်းကင်ဘုံမှ နတ်သမီးတစ်ပါး ဆင်းသက်လာသည့်အလား ဖြစ်သည်။
သူမက ကျောက်စိမ်းမြင်းရထားအတွင်းမှ ထွက်ခွာလာပြီး ချင်းယွမ်ဧကရာဇ်နောက်သို့ လိုက်ပါတိုက်ခိုက်လိုက်သည်။
သူမက အနောက်ပိုင်းထိပ်တန်းအရှင်သခင် လန်ချင်းကဲ့သို့ ဗလာနယ်ကောင်းကင်ကျမ်းစာကို ကျင့်ကြံသူမဟုတ်သော်လည်း နတ်ဘုရားတံခါးကို ဖွင့်လှစ်ပြီးသည့် ဧကရာဇ်တစ်ပါးဖြစ်လေရာ သူမ၏အရှိန်အဟုန်က လန်ချင်းထက် နှေးကွေးမည် မဟုတ်ပေ။
သူမက ကျောက်စိမ်းသားပမာ ဖြူလွနေသည့် လက်ချောင်းများကို ကွေးဆုပ်လိုက်ရာ ရေခဲပြာရောင်အလင်းတန်းများတောက်ပလာပြီး ချင်းယွမ်ဧကရာဇ်၏ ကျောပြင်အား ထိုးနှက်လိုက်သည်။
ချင်းယွမ်ဧကရာဇ်က ရပ်တန့်ခြင်း ၊ ခန္ဓာကိုယ်ကိုလှည့်ခြင်း ၊ ရှောင်လွှဲခြင်း ၊ တားဆီးခြင်း ဘာတစ်ခုမှ မပြုလုပ်ခဲ့ပေ။
သူက မိန်းမပျိုဧကရာဇ်၏လက်သီးချက်ကို ဒီအတိုင်းပင် လက်ခံယူလိုက်သည်။
ထိုသို့ ထိပ်တိုက်ရင်ဆိုင်မိသည်နှင့် ရှည်လျားသည့်မြစ်တစ်စင်းပမာ အင်းသင်္ကေတစ်ခုက ချင်းယွမ်ဧကရာဇ်မျက်လုံးထဲတွင် ပေါ်လာသည်။
ရှည်လျားသည့်အချိန်မြစ်ရေက သူ့ကိုဝန်းရံလွှမ်းခြုံသွားပြီး တစ်ချိန်တည်းပင် ပတ်ဝန်းကျင်ဗလာနယ်ကိုဝန်းရံကာ ပြောင်းပြန် စီးဆင်းသွားသည်။
အချိန်က နောက်ပြန်ဆုတ်သွားသည်နှင့် မိန်းမပျိုဧကရာဇ်၏လက်သီးချက်က ချင်းယွမ်ဧကရာဇ်၏ကျောပြင်ကိုမထိမှန်တော့ဘဲ အကွာအဝေးတစ်ခုသို့ ပြန်လည်ရောက်ရှိသွားသည်။
ဤနေရာတွင် ရောက်ရှိနေကြသူများအားလုံးတွင် အစစ်အမှန်နတ်ဘုရားတစ်ပါးဖြစ်သော မိန်းမပျိုဧကရာဇ်အပြင် ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို ကျင့်ကြံထားသည့် ရန်ကျောက်ကဲနှင့် ထိုက်ယိဟွာတိမ်တိုက်၏ စောင့်ရှောက်ခြင်းကို ခံထားရသည့် ရန်တိသာလျှင် ဤသည်ကို အာရုံခံနိုင်စွမ်း ရှိခဲ့သည်။
ချောင်ကျယ်နှင့် အခြားသော ထိပ်တန်းအရှင်သခင်များကတော့ မိန်းမပျိုဧကရာဇ်၏လက်သီးချက်က ချင်းယွမ်ဧကရာဇ်ကိုထိမှန်သွားသည်ဟုပင် ထင်မှတ်လိုက်မိကြ၏။
မိန်းမပျိုဧကရာဇ် ‘ကျဲ့မင်ခုန်’ က နှာတစ်ချက်မှုတ်လိုက်ပြီး လက်သီးဆုပ်ကိုဖွင့်ဟကာ စွန်ကုပ်လက်သည်းအသွင် ပြောင်းလဲလိုက်သည်။
ထို့နောက် စွန်ကုပ်လက်သည်းဖြင့် အချိန်ရေစီးကြောင်းမြစ်ရေကို ကြိုးစတစ်ခုဆုပ်ကိုင်သည့်အလား ဆွဲယူဆုပ်ကိုင်လိုက်၏။
အအေးဓာတ် တဟုန်းဟုန်းတောက်လောင်နေသည့် ချီစွမ်းအားကြောင့် ရှည်လျားသောအချိန်မြစ်ရေမှာ အံ့သြဖွယ်ရာတန်ခိုးစွမ်းအားဆုံးရှုံးသွားပြီး သာမန်မြစ်တစ်စင်းအဖြစ် ပြောင်းလဲသွားသည်။
ထို့နောက် မြစ်ရေက ရေခဲအဖြစ် အေးခဲသွား၏။
ချင်းယွမ်ဧကရာဇ်၏ နတ်ဘုရားချီစွမ်းအားမှ ဖြစ်တည်လာသော အချိန်မြစ်ရေမှာ ချက်ချင်းပင် ရေခဲမြစ်အဖြစ်သို့ အေးခဲသွားသည်။
ထိုအချိန် မိန်းမပျိုဧကရာဇ်၏ ဒုတိယလက်သီးချက်က သူ၏ခန္ဓာကိုယ်ထက် ကျရောက်လာသည်။
“ဟူး...”
ချင်းယွမ်ဧကရာဇ် ဖြည်းညင်းစွာပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး မိန်းမပျိုဧကရာဇ်၏ ဒုတိယလက်သီးချက်ကို ခံယူလိုက်ရသည်။
ယခုတစ်ကြိမ်လက်သီးချက်ကိုတော့ သူ ချိုးဖျက်နိုင်စွမ်း မရှိတော့ပေ။
သူ၏ ဖြူဖျော့သောမျက်နှာတွင် အစိမ်းရောင်ချီစွမ်းအားတစ်ခု ဖြတ်သမ်းသွားပြီး ၊ ချီစွမ်းအားလှည့်ပတ်မှုနှင့်အတူ သူ၏ညာဘက်အင်္ကျီလက်အတွင်းမှ လူရိပ်တစ်ရိပ် ပျံသန်းထွက်ပေါ်လာသည်။
ထိုလူရိပ်မှာ စောစောက ချင်းယွမ်ဧကရာဇ်၏ ဖိနှိပ်ဖမ်းဆီးခြင်းကို ခံလိုက်ရသော အရှေ့မြောက်ထိပ်တန်းအရှင်သခင် ‘လျိုကျန်းကူ’ မှလွဲပြီး အခြားသူ မဟုတ်ပေ။
ချင်းယွမ်ဧကရာဇ်မှ မိန်းမပျိုဧကရာဇ်၏လက်သီးချက်ကြောင့် ဒဏ်ရာရရှိသွားသဖြင့် လျိုကျန်းကူကို ဆက်လက်ဖမ်းဆီးမထားနိုင်တော့ဘဲ ပြန်လွှတ်ပေးလိုက်ရသည်။
သို့သော် ချင်းယွမ်ဧကရာဇ်၏ အရှိန်အဟုန်က ရပ်တန့်မသွားဘဲ အခြေအနေကို အခွင့်ကောင်းယူကာ ရန်ကျောက်ကဲဆီသို့ ရောက်ရှိသွားသည်။
သူက ဒဏ်ရာရရှိသွားသည့်တိုင် ရန်ကျောက်ကဲကိုတော့ သတ်ဖြတ်ပစ်ချင်သေးသည်။
မိန်းမပျိုဧကရာဇ်က သူ့ကိုထပ်မံတိုက်ခိုက်လိုက်သည်နှင့် သူ၏နောက်ကျောမှအစိမ်းရောင်ချီစွမ်းအားစီးကြောင်းများ ထွက်ပေါ်လာသည်။
သစ်ပင်တစ်ပင်၏ သစ်စေ့က အညှောင့်ပေါက်သွားသည့်အလား ကောင်းကင်ထိတိုင်မြင့်မားသော ဧရာမသစ်ပင်ကြီးတစ်ပင် ထွက်ပေါ်လာသည်။
အစိမ်းရောင်ချီစွမ်းအားက သစ်ကိုင်းတစ်ကိုင်းပမာ မိန်းမပျိုဧကရာဇ်၏လက်မောင်းကို ရစ်ပတ်လိုက်ပြီး ရှေ့ဆက်မတိုးနိုင်စေရန် တားဆီးထားသည်။
ထို့နောက် မိန်းမပျိုဧကရာဇ်ရှေ့တွင် စိမ်းလန်းသော သစ်ပင်မြင့်ကြီးများဖြင့် တော့အုပ်တစ်ခု ချက်ချင်းဖြစ်တည်လာသည်။
ရေခဲဧကရီ ‘ကျဲ့မင်ခုန်’ အနည်းငယ် မျက်မှောင်ကြုံ့လိုက်၏။
ကောင်းကင်ထိတိုင်မြင့်မားသော သစ်ပင်များက တစ်ခုနှင့်တစ်ခု ယှက်နွယ်နေပြီး မိုးကောင်းကင်ကိုလွှမ်းခြုံကာ နေရောင်ချည်ကိုပိတ်ဆို့ထားပြီး အလုံပိတ်ကမ္ဘာတစ်ခုအလား ထင်မှတ်ရသည်။
ဤသစ်ပင်မြင့်ကြီးများကို ဖျက်ဆီးပစ်ရုံဖြင့် မိန်းမပျိုဧကရာဇ်အနေဖြင့် ဤနေရာမှ မြန်မြန်ဆန်ဆန် ထွက်ခွာသွားနိုင်မည် မဟုတ်ပေ။
အမှန်တော့ ဤတောအုပ်ကြီးက ကြီးမားသည့် အစီအရင် တစ်ခုသာ ဖြစ်သည်။
ချင်းယွမ်ဧကရာဇ် ပေါ့ပေါ့ပါ့ပါးပင် ရှောင်တခင်ပြုလုပ်လိုက်သော ဤအစီအရင်က ယခင်က မင်းဆက်မြစ်ကိုအသုံးပြုကာ ရန်ကျောက်ကဲ ပြုလုပ်ခဲ့သည့် အဆင့်နိမ့် ‘မြစ်ဝါကိုးကွေ့အစီအရင်’ ထက်ပင် ပိုမိုအားကောင်းလှသည်။
ဤအစီအရင်က မိန်းမပျိုဧကရာဇ်ကို ခဏတာချုပ်နှောင်ထားနိုင်ပြီး ချင်းယွမ်ဧကရာဇ်က ဗလာနယ်ကိုဖြတ်ကျော်ကာ ရန်ကျောက်ကဲရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။
အရှေ့မြောက်ထိပ်တန်းအရှင်သခင် လျိုကျန်းကူမှာ ချင်းယွမ်ဧကရာဇ်၏ အင်္ကျီလက်ထဲမှ လွတ်မြောက်ခဲ့သည့်တိုင် ခေါင်းများမူးဝေနေဆဲ ဖြစ်သည်။
သို့သော် တိုက်ပွဲအခြေအနေကို တွေ့မြင်ရသည်နှင့် ချင်းယွမ်ဧကရာဇ်နှင့် မယှဉ်နိုင်မှန်းသိသည့်တိုင် ရန်ကျောက်ကဲကို ကူညီပေးရန် အနားသို့အလျှင်အမြန် ရောက်ရှိလာသည်။
ချင်းယွမ်ဧကရာဇ်က ရန်ကျောက်ကဲ ၊ ရန်တိ ၊ ချောင်ကျယ်နှင့် လျိုကျန်းကူကို တစ်ချက်ဝေ့ကြည့်ရင်း...
“မင်းတို့ (၄)ယောက်တည်းနဲ့လား...”
သူက ဆက်ပြောသည်။
“မင်းတို့တွေက ထိုက်ယီချိုးဖျက်အစီအရင် လုပ်မလို့လား ၊ ဘာမှအသုံးဝင်မှာ မဟုတ်ဘူး”
နတ်ဘုရားများကိုသတ်ဖြတ်ရန် သိုင်းသူတော်စင်များ အသုံးပြုနိုင်သော “နတ်ဘုရားသုတ်သင်အစီအရင်” မှလွဲပြီး အခြားသောအစီအရင်များကို ချင်းယွမ်ဧကရာဇ်က စိုးရိမ်ခြင်း မရှိပေ။
လက်ရှိ ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာရှိ အုပ်စိုးရှင် (၅)ပါးထဲတွင် ချင်းယွမ်ဧကရာဇ်က အစီအရင်ပညာ နံပါတ် (၁) ဖြစ်သည်။
သို့သော် မြစ်ဝါကိုးကွေ့အစီအရင်ဖြင့် သေဆုံးသွားခဲ့ရသော ချင်ရှုကျီနှင့် တာအိုဆရာချန်းလန်တို့ကတော့ သူ၏အစီအရင်ပညာကို အမွေဆက်ခံနိုင်ခဲ့ခြင်း မရှိကြပေ။
အမတကူးပြောင်းခြင်းအဆင့်မျှသာရှိသော တာအိုဆရာ’ရှီ’ ကတော့ ချင်းယွမ်ဧကရာဇ်ပြောပြသည့် အစီအရင်များအကြောင်း နားထောင်ရုံမျှဖြင့် အထက်ဘုံကမ္ဘာရှိ သိုင်းသူတော်စင်များအလယ် အစီအရင်ပညာ အထူးချွန်ဆုံး ဖြစ်ခဲ့သည်။
တာအိုဆရာ’ရှီ’ ၏ အစီအရင်ပညာက အခြားသူများထက် ထူးခြားသဖြင့် ချင်းယွမ်ဧကရာဇ်က သူ၏အရေးပါမှုကို လျစ်လျူမရှုနိုင်ခဲ့ခြင်း ဖြစ်သည်။
ချင်းယွမ်ဧကရာဇ်သည် ပြီးပြည့်စုံခြင်းမရှိသော ထိုက်ယီချိုးဖျက်အစီအရင်ကို နဂိုကပင် ပိုင်ဆိုင်ထားသူ ဖြစ်၏။
ထို့ကြောင့် ရန်ကျောက်ကဲတို့ (၄)ယောက်က ထိုက်ယီချိုးဖျက်အစီအရင် တည်ဆောက်မည်ဆိုလျှင် သူက လက်ချောင်းတစ်ချောင်းတည်းဖြင့်ပင် ချိုးဖျက်ပစ်နိုင်ပေမည်။
ထိုက်ယီချိုးဖျက်အစီအရင်သည် ချင်းယွမ်ဧကရာဇ်အတွက်တော့ မည်သည့်ထူးခြားချက်မှ မရှိပေ။ ထို့အတူ အခြားအစီအရင်များအတွက်လည်း အတူတူပင် ဖြစ်၏။
အကယ်၍ မြစ်ဝါကိုးကွေ့အစီအရင်နှင့် ရင်ဆိုင်ရဦးတော့ ထိုအစီအရင်ကို အသုံးပြုသူက နတ်ဘုရားတစ်ပါး မဟုတ်ဘူးဆိုလျှင် ချင်းယွမ်ဧကရာဇ်အနေဖြင့် အလွယ်တကူပင် ဖြတ်ကျော်နိုင်ပေမည်။
လောလောဆယ်တွင် သူက မည်သည့်အစီအရင်ကိုမှ စိုးရိမ်ပူပန်ခြင်းမရှိဘဲ အနောက်တွင်ရှိနေသည့် မိန်းမပျိုဧကရာဇ် ထပ်မံတိုက်ခိုက်မည်ကိုသာ စိတ်ပူပန်နေမိသည်။
ထို့ကြောင့် သူက စကားလုံးများဖြင့် အချိန်မဖြုန်းတော့ဘဲ ရန်ကျောက်ကဲ၏ နဖူးတည့်တည့်သို့ လက်ညှိုးညွှန်ပြလိုက်၏။
တောအုပ်အတွင်းမှ မိန်းမပျိုဧကရာဇ်၏မျက်နှာက နှင်းခဲပမာအေးစက်နေပြီး တောအုပ်အစီအရင်အပြင်ဘက်မှ တန်ခိုးစွမ်းအားတုန်ခါမှုကို အာရုံခံလိုက်မိသည်။
“ချင်းယွမ်... ဒီတိုက်ပွဲကို ဆက်မတိုက်နဲ့တော့...”
မျက်လုံးများ ပွင့်ဟလာတော့မည့်ပမာ သူမ၏မျက်ခွံများ အနည်းငယ် တုန်ခါသွားသည်။
ထိုအချိန် ....
တစ်စုံတစ်ခုမှားယွင်းနေသည်ကို သိလိုက်ရပြီး သက်ပြင်းတစ်ချက်ချလိုက်မိ၏။
ရန်ကျောက်ကဲအား သတ်ဖြတ်ရန် စိတ်အားထက်သန်နေသော ချင်းယွမ်ဧကရာဇ်မှာလည်း တစ်စုံတစ်ခုမှားယွင်းနေပြီကို ချက်ချင်းသိရှိလိုက်သည်။
ဧကရာဇ် (၂)ပါး၏ တိုက်ခိုက်မှုက သူနှင့်မဆိုင်သလို နေရာမှာပင်တိတ်ဆိတ်စွာရပ်ရင်း တိုက်ပွဲကိုကြည့်ရှုနေသူ ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်ထက်မှ အလင်းရောင်တစ်ချက်တောက်ပလာပြီး မိုးမြေတစ်ခုလုံး အပိုင်းပိုင်းကွဲကြေသွားသည့်အလား ခံစားလိုက်ကြရလေသည်။