← Chapters

မြေကမ္ဘာမယ်တော် တာအိုထုံးတမ်းအစီအရင် ၊ နှောင်းပိုင်းမြေကမ္ဘာကျမ်းစာ

Vol. 74 Ch. 1037

မြေကမ္ဘာမယ်တော် တာအိုထုံးတမ်းအစီအရင် ၊ နှောင်းပိုင်းမြေကမ္ဘာကျမ်းစာ

Vol. 74 Ch. 1037

အခန်း (၁၀၃၇) မြေကမ္ဘာမယ်တော် တာအိုထုံးတမ်းအစီအရင် ၊ နှောင်းပိုင်းမြေကမ္ဘာကျမ်းစာ

ဧကရာဇ် (၂)ပါး ရောက်ရှိလာသည်ဖြစ်ရာ တိုက်ပွဲနိဂုံးက သူတို့နှစ်ယောက်ကြား အနိုင်အရှုံးအပေါ် မူတည်သည်။

ချင်းယွမ်ဧကရာဇ်က ဒဏ်ရာရထားသည့်တိုင် မိန်းမပျိုဧကရာဇ်ကို အစီအရင်ထဲတွင် ခဏမျှပိတ်ဆို့ထားကြောင်း တွေ့ရသည့်အခါ လူတိုင်း စိတ်ပျက်လက်ပျက် ခံစားလိုက်ရသည်။

ကြီးမားသောဖိအားကြီး တဖန်ပြန်လည်ထွက်ပေါ်လာပြီး ချင်းယွမ်ဧကရာဇ်က ရန်ကျောက်ကဲအား လက်ညှိုးညွှန်ပြလိုက်ရာ ရန်ကျောက်ကဲမှာ အသက်ရှူကျပ်လုနီးပါး ဖြစ်သွားသည်။

သူ၏ခန္ဓာကိုယ်မှ သွေးကြောများပေါက်ကွဲထွက်ပြီး အရိုးများအက်ကွဲမတတ် နာကျင်ခံစားရသည်။ သူ့ခန္ဓာကိုယ်မှာ အချိန်ခဏအတွင်း ရွှံ့အိုင်တစ်ခုအလား အရည်ပျော်သွားတော့မည်ဟု တွေးထင်မိသည်အထိပင်။

အလွန်အမင်းနာကျင်မှုကို ခံစားရသည့်တိုင် ရန်ကျောက်ကဲမျက်နှာက တည်ကြည်လေးနက်နေပြီး မျက်ဝန်းများက တောက်ပနေသည်။ ကြောက်ရွံ့ထိတ်လန့်ခြင်းလည်းမရှိသလို အလျင်စလို ပြာယာခတ်သွားခြင်းလည်း မရှိပေ။

သူ့လက်ထဲမှ ထူးကဲယန်စည်းတံဆိပ်က တောက်ပသည့် ရောင်ခြည်အလင်းတန်းများ ထွက်ပေါ်လာကာ အဆုံးမရှိသော အလင်းရောင်များက ယိုးမင်ဂမ္ဘီရစက်ဝန်းနှင့် ပေါင်းစပ်သွားသည်။

ယိုးမင်ဂမ္ဘီရစက်ဝန်း၏ အမြောင်းပေါက် (၁၂)ခုမှ (၁၁) ခုက မှေးမှိန်သည့်အလင်းရောင်များတောက်ပနေပြီး ကျန်တစ်ခုကတော့ စူးရှစွာတောက်ပနေသည်။

ထိုအလင်းရောင်က များပြားလှသော ကောင်းကင်အသင်္ချေကို အလင်းပေးတော့မည့်အလား အဆုံးမရှိထာဝရဟု ထင်မှတ်ရသည်။

ယိုးမင်ဂမ္ဘီရစက်ဝန်းအား ထူးကဲယန်စည်းတံဆိပ်ဖြင့် စွမ်းအားမြှင့်တင်ပေးလိုက်သည့်အခါ ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်၏ အဋ္ဌမမြောက်ပညာရပ်ဖြစ်သော “ထာဝရတောက်ပခြင်း” တန်ခိုးစွမ်းအား တုန်လှုပ်ဖွယ်ရာ ထွက်ပေါ်လာသည်။

ယိုးမင်ဂမ္ဘီရဂိုဏ်း ကြီးထွားအုပ်စိုးစဉ်အချိန်ကပင် ယိုးမင်ဧကရာဇ် ယင်ထျန်းရှမှာ လူသားအထွတ်ထိပ်အဆင့်ရောက်မှ “ထာဝရတောက်ပခြင်း” တန်ခိုးစွမ်းအားကို ထုတ်ဖော်ပြသနိုင်ခဲ့ပြီး အခြားသော သိုင်းသူတော်စင်များအနေဖြင့် ထိုတန်ခိုးစွမ်းအားကို ကျင့်ကြံနိုင်ခြင်း မရှိခဲ့ပေ။

ယခု ရန်ကျောက်ကဲက ယိုးမင်ဂမ္ဘီရစက်ဝန်းကိုအသုံးပြုပြီး ‘ထာဝရတောက်ပခြင်း’ တန်ခိုးစွမ်းအားကို ထုတ်ဖော်ပြသလိုက်ရာ သိုင်းသူတော်စင်များအတွက် အထွတ်ထိပ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။

အတိုင်းအစမရှိသော ထာဝရတောက်ပခြင်းအလင်းတန်းက လှိုင်းတစ်ချက်ပင်မထဘဲ ကမ္ဘာမြေတစ်ခုလုံးအား လင်းထိန်သွားစေသည်။

တည်ငြိမ်သောအလင်းရောင်က အစိုင်အခဲအဖြစ် သိပ်သည်းသွားပြီး ကမ္ဘာတစ်ခုလုံးအား ချိတ်ပိတ်လိုက်သလိုဖြစ်လေရာ မြင်ကွင်းကို တွေ့မြင်ရသူအပေါင်းမှာ အံ့သြမှင်တက်စွာဖြင့် သက်ပြင်းသာလျှင် ချနိုင်သည်။

သို့သော် ဤတန်ခိုးစွမ်းအားက သေမျိုးလူသား သိုင်းသူတော်စင် ထိပ်ဆုံးအဆင့်တွင်သာရှိသဖြင့် နတ်ဘုရားတစ်ပါးကိုတော့ ဖိနှိပ်နိုင်ခြင်း မရှိသေးပေ။

ကောင်းကင်ဧကရာဇ်၏လက်ချောင်းက ရန်ကျောက်ကဲထံသို့ ဆက်လက်ဝင်ရောက်လာဆဲဖြစ်ပြီး ဖိအားများသည်လည်း အဆက်မပြတ် မြင့်တက်လာသည်။

ထိုအချိန်...

တိုက်ပွဲစစ်မြေပြင်အဖြစ် ပြောင်းဆန်ကာ ရှုတ်ယှက်ခတ်နေသော ကျူတောပင်လယ်ဒေသတွင် အပြောင်းအလဲတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်။

ပင်လယ်အောက်ခြေမှ အလင်းတန်းများ ထွက်ပေါ်လာပြီး အနောက်ပိုင်းပင်လယ်ဒေသဖြစ်သော ဝိညာဉ်နယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွားကာ အဆုံးသတ်မှာတော့ ဝါဒတောင်ထက်သို့ တပြိုင်နက်တည်း ကျရောက်လာသည်။

ထိုအလင်းတန်းများက နက်နဲရှုတ်ထွေးသည့် မှော်သင်္ကေတတစ်ခုအဖြစ်‌ ပြောင်းလဲသွားသည်။

ထို မှော်သင်္ကေတက နှိုင်းယှဉ်မရအောင် ကြီးမားလာပြီး ကျူတောပင်လယ်ဒေသတစ်ခုလုံးကို ဝန်းရံလျှက် အနီးပတ်ဝန်းကျင် နယ်မြေများဆီသို့ပါ ကျယ်ပြန့်စွာ လွှမ်းခြုံသွားသည်။

ထိုသင်္ကေတက အနက်ရောင်နှင့်ရွှေရောင် တောက်ပနေပြီး မြင့်မြတ်လေးလံသလို ဝေးကွာပြီး ပြင်းထန်သည်။

ထို မှော်သင်္ကေတပေါ်လာသည့် တစ်ခဏတွင် ကျူတောပင်လယ်ဒေသမှ လူများမှာ မိုးနှင့်မြေ တဖန်ပိုင်းခြားသွားသကဲ့သို့ ခံစားကြရသည်။

ချင်းယွမ်ဧကရာဇ်၏ နတ်ဘုရားချီစွမ်းအားဖြင့် ဖွဲ့စည်းထားသော ကောင်းကင်ထက်မှ မြေပြင်ကြီး တည်ရှိနေဆဲ ဖြစ်သည်။

သို့သော် မိုးကောင်းကင် တည်ရှိနေသေးသည်ဆိုသော ခံစားချက် ပြန်လည်ထွက်ပေါ်လာသည်။ အထက်ရော အောက်ပါ မြေပြင်ဖြင့် ဖုံးလွှမ်းနေခြင်း မဟုတ်တော့ဘဲ မိုးနှင့်မြေ တဖန်ပြန်လည်ကွဲပြားသွားသည်။

ထိုခဏတွင် အောက်ဘက်မှ မြေကြီးမှ ပိုမိုသိပ်သည်းလာပြီး အထက်ဘက်မှ မြေကြီးထက် အဆမတန် လေးလံလာသည်။

ထို့ကြောင့် ယှဉ်တွဲကြည့်မည်ဆိုလျှင် အထက်တွင် ကောင်းကင်သာဖြစ်ပြီး အောက်ဘက်တွင် မြေပြင်ရှိကြောင်း သဘာဝကျကျ ခံစားရမည် ဖြစ်၏။

ထိုမှော်သင်္ကေတကို တွေ့မြင်လိုက်သည်နှင့် ချင်းယွမ်ဧကရာဇ် ထိတ်လန့်တုန်လှုပ်သွားပြီး မျက်ဝန်းများသည်လည်း တဖျပ်ဖျပ် လင်းလက်သွားသည်။

ထို ‘မှော်သင်္ကေတ’ ထဲတွင်ပါဝင်သည့် သိုင်းပညာအယူအဆမှ သူရှာဖွေနေသည့်အရာ အတိအကျပင် ဖြစ်နေသည် မဟုတ်ပါလား။

ဤအရာမှာ တာအိုဝါဒ ဧကရာဇ် (၄)ပါးထဲမှ တစ်ပါးဖြစ်သော “မြေကမ္ဘာဘုရင်မ” ၏ တာအိုဝါဒ အယူအဆ ဖြစ်သည်။

ချင်းယွမ်ဧကရာဇ်က ထိုအရာကို လိုချင်လွန်းသဖြင့် ဧကရာဇ်’ရွှမ်ဝမ်’ ၊ တာအိုဆရာ’ရှီ’ နှင့် ရှန်လင်ကျီတို့အား ကျူ‌တောပင်လယ်ဒေသသို့သွားရောက်ရန် အမိန့်ပေးခဲ့ပြီး မည်သူ့ကိုမှအသိမပေးဘဲ ‘ကောင်းကင်စွမ်းအားအစီအရင်’ ကို တည်ဆောက်စေခဲ့သည်။

ဤနေရာတွင် မြေကမ္ဘာဘုရင်မ ရေးသားထားသော စာလုံးများစွာလည်း ရှိနေသည်။ ထိုစာလုံးများက အထက်ဘုံကမ္ဘာ၏ မိုးမြေတစ်ခွင်နှင့် တစ်သားတည်း ပေါင်းစပ်ပြီးသား ဖြစ်သည်။

စာလုံးများက ကျူတောပင်လယ်ဒေသတွင်ရှိနေပြီး သဏ္ဌာန်မဲ့ဖုံးကွယ်ထားသဖြင့် ရှာဖွေတူးဖော်ရန်ခက်ခဲသည်။

ချင်းယွမ်ဧကရာဇ်သည်ပင် ထိုအရာကိုရှာဖွေရန် အချိန်အတော်ကြာ လိုအပ်ခဲ့သည်။ ထို့ကြောင့် သူက ရှန်လင်ကျီတို့အုပ်စုကို တာဝန်ပေးခဲ့ခြင်း ဖြစ်၏။

သို့သော် အရှေ့တောင်ထိပ်တန်းအရှင်သခင် ‘ချောင်ကျယ်’ နှင့် ရန်ကျောက်ကဲတို့ကြောင့် နောက်ဆုံးအရေးကြီးသော အခိုက်အတန့်တွင် ကျရှုံးခဲ့မည်ဟု မည်သူထင်ပါမည်နည်း။

ယခုတစ်ကြိမ်မှာတော့ ရန်ကျောက်ကဲတို့အုပ်စုအား သုတ်သင်ရှင်းလင်းပြီးလျှင် ကျူတောပင်လယ်ဒေသတွင် သူကိုယ်တိုင် အချိန်ကြာမြင့်စွာနေထိုင်ရန် ချင်းယွမ်ဧကရာဇ် စိတ်ပိုင်းဖြတ်ထားခဲ့သည်။

သို့ပေသိ သူ့ထက်အရင် ရန်ကျောက်ကဲက ဦးစွာ ရှာဖွေတွေ့ရှိသွားမည်ဟု ဘယ်တုန်းကမှ မထင်မှတ်ခဲ့ပေ။

အဓိကပြဿနာမှာ နတ်ဘုရားတစ်ပါးဖြစ်သော ဧကရာဇ်တစ်ပါးသည်ပင် မလုပ်ဆောင်နိုင်သောကိစ္စကို အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင် ရန်ကျောက်ကဲက မည်သို့လုပ်ဆောင်နိုင်ခဲ့ပါသနည်း။

ရန်ကျောက်ကဲက မြေကမ္ဘာဘုရင်မ၏ ကျမ်းစာကို နှစ်အနည်းငယ်အတွင်းမှာပင် ရှာဖွေတွေ့ရှိခဲ့သည်။

ထိုသို့တွေးမိသည့်အခိုက်အတန့်တွင် ချင်းယွမ်ဧကရာဇ်မှာ အံ့သြတုန်လှုပ်ခြင်းနှင့်အတူ မျက်နှာလည်းပျက်ကာ ဒေါသထွက်သွားရသည်။

လှမ်းကြည့်လိုက်တော့ ရန်ကျောက်ကဲ၏ခန္ဓာကိုယ်တစ်ခုလုံး အလင်းရောင်များ လွှမ်းခြုံနေသည်ကို တွေ့လိုက်ရသည်။

များပြားလှစွာသောအလင်းတန်းများက များပြားလှစွာသော သင်္ကေတများဖြင့် ပေါင်းစည်းပြီး အလင်းရောင်ကြိုးတစ်ချောင်းပမာ ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်အား ရစ်ပတ်သွားသည်။

ရန်ကျောက်ကဲ၏ လမ်းပြမှုအောက်တွင် ထူးကဲယန်စည်းတံဆိပ်နှင့် ယိုးမင်ဂမ္ဘီရစက်ဝန်းမှ တန်ခိုးစွမ်းအားများက အောက်ဘက်သို့ကျဆင်းသွားပြီး ထူးဆန်းသည့် ယန္တရားအစီအရင်တစ်ခု ဖြစ်တည်လာကာ ကျူတောပင်လယ်ဒေသအောက်ဖက်တွင် အပြောင်းအလဲများ ဖြစ်ပေါ်သွားသည်။

ပိုဆိုးသည်မှာ ချင်းယွမ်ဧကရာဇ်က ရန်ကျောက်ကဲအား ဦးတည်တိုက်ခိုက်လိုက်သော တန်ခိုးစွမ်းအားများမှာ ထိုယန္တရားကိုဖြတ်သန်းပြီး မရပ်မနားပင် အောက်ဘက်မှ ကမ္ဘာမြေကြီးအတွင်း စီးဆင်းဝင်ရောက်သွားခြင်း ဖြစ်၏။

ထို့နောက်...

ချင်းယွမ်ဧကရာဇ်၏ ခန္ဓာကိုယ်ထက်တွင် ဒဏ်ရာတစ်ခု ပေါ်လာသည်။

ထိုဒဏ်ရာက သွေးတစ်စက်ထွက်ခြင်း မရှိသော်လည်း အလင်းရောင်များ တောက်ပနေသည်။

ဤသည်က မိန်းမပျိုဧကရာဇ်ကြောင့် ရရှိခဲ့သောဒဏ်ရာမဟုတ်သလို တကယ့်ဒဏ်ရာအစစ်လည်း မဟုတ်ပေ။ ထိုဒဏ်ရာက ချင်းယွမ်ဧကရာဇ် ကျင့်ကြံခဲ့သောသိုင်းပညာအယူအဆတွင် ချို့ယွင်းချက်များ ရှိနေသဖြင့် ဖြစ်ပေါ်လာသော သိုင်းပညာအခြေခံအုတ်မြစ် ဒဏ်ရာတစ်ခု ဖြစ်သည်။

ရန်ကျောက်ကဲက ချင်းယွမ်ဧကရာဇ် ခန္ဓာကိုယ်ထက်မှ တောက်ပနေသည့်ဒဏ်ရာကိုကြည့်ရင်း တည်ငြိမ်စွာပင် စာပိုဒ်တစ်ပိုဒ် ရွတ်ဆိုလိုက်သည်။

“ဂုဏ်ရောင်ကိုးဝါ ကျောက်စိမ်းဧကရာဇ် ၊ ရတနာ (၇)ပါး နန်းတော်ခန်းမ”

“ကောင်းကင်ဘုံအမိန့်ကိုခံယူရင်း ယင်စွမ်းအားကို ကိုင်တွယ် ယန်စွမ်းအးကိုထိန်းချုပ်”

“တာအိုဝါဒ၏အသရေဖြန့်ကျက် ၊ ဖြောင့်မတ်ခြင်းတရား၏ ချောမွေ့သိမ်မွေ့ခြင်းကဲ့သို့”

“ကောင်းကင်ပမာကျယ်ပြန့်သည့် ကျင့်ကြံခြင်းစွမ်းအား ၊ မြေကမ္ဘာ၏ အခြေခံကျသောအလှတရား ၊ မယ်တော်၏စေတနာကရုဏာဖြင့် ဖြစ်တည်လာသော ရတနာပစ္စည်းများ”

“လျစ်လျူရှုခံထားရတဲ့လက်နက်က အားကိုးစရာရှိတယ် ၊ တောင်တန်းများတစ်ခွင် တိုက်ပွဲမှာ ဝမ်းနည်းမှုနဲ့ စိတ်ဆန္ဒများ ၊ မြင့်မြန်ခြင်းနှင့် စေတနာသဒ္ဒါတရား ၊ မြေကမ္ဘာဘုရင်မ၏ ကောင်းကင်ပမာကျယ်ပြန့်သည့် ကျင့်ကြံခြင်းစွမ်းအားကို ကိုးကွယ်....”

ရန်ကျောက်ကဲ ရွတ်ဖတ်လိုက်သည့်ကျမ်းစာအကြောင်းအရာများက “နှောင်းပိုင်းမြေကမ္ဘာဘုရင်မကိုးကွယ်ခြင်း” မှ စာသားများဖြစ်ကြောင်း တာအိုဝါဒမှလူသားတိုင်း သိရှိကြသည်ပင်။

သို့သော် ထိုစာပိုဒ်ရွတ်ဆိုပြီးသွားသည်နှင့် ဖြစ်ပေါ်လာသည့် ထုံးတမ်းအစီအရင်ကိုကြည့်ရင်း ချင်းယွမ်ဧကရာဇ် တုန်လှုပ်သွားသည်။

“မြေကမ္ဘာမယ်တော် တာအိုထုံးတမ်းအစီအရင်...”

ထိုစကားကိုကြားတော့ ချောင်ကျယ် ၊ လျိုကျန်းကူ ၊ ကျွမ်းရှန် ၊ လန်ချင်းနှင့် လျန်ကျူးလင်တို့သာမက မိန်းမပျိုဧကရာဇ်သည်ပင် အံ့သြတုန်လှုပ်သွားရသည်။

တစ်ယောက်တစ်ပေါက် စကားသံများထွက်ပေါ်လာကြသည်။

“ဒီအစီအရင်က ကောင်းကင်စွမ်းအားအစီအရင်နဲ့မတူဘူး ၊ ဒီ ထုံးတမ်းအစီအရင်က မဟာကပ်ဘေးကြီးပြီးတဲ့နောက် လုံးဝရပ်ဆိုင်းပြီး ပျောက်ဆုံးသွားပြီ မဟုတ်ဘူးလား”

“တိဟွမ်မြေကမ္ဘာဧကရာဇ်တောင်မှ ဒါကိုပိုင်ဆိုင်မထားဘူး”

ချင်းယွမ်ဧကရာဇ်က အရှေ့တည့်တည့်သို့ စူးစိုက်ကြည့်နေသည်။

အကယ်၍ သူသာ ‘ကောင်းကင်စွမ်းအားအစီအရင်’ ပြုလုပ်မည့်အစား ‘မြေကမ္ဘာမယ်တော် တာအိုထုံးတမ်းအစီအရင်’ ကို ကျွမ်းကျင်ခဲ့ပါက လွန်ခဲ့သော ရာစုနှစ်တစ်ခုကျော်ကတည်းက မြေကမ္ဘာဘုရင်မ၏ လျှို့ဝှက်ကျမ်းစာကို ရှာဖွေတွေ့ရှိခဲ့မည်သာပင်။

ထုံးတမ်းအစီအရင်ကို အောင်မြင်စွာ ပြုလုပ်ပြီးသည့်နောက် ရန်ကျောက်ကဲက ချင်းယွမ်ဧကရာဇ်ကိုကြည့်ကာ ပြုံးလိုက်ရင်း...

“ချင်းယွမ်ဧကရာဇ်... ဒီကိစ္စရင်းမြစ်ကို ပြန်တွေးကြည့်မယ်ဆိုရင် မေးခွန်းပေါင်းများစွာရဲ့အဖြေကို ဖြေရှင်းနိုင်ကောင်းမှာပါ”

သူက ဆက်ပြောသည်။

“ဧကရာဇ်က ဒီနေရာနဲ့ပတ်သက်ပြီး ဘာကြောင့် ဒီလောက်စိတ်စွဲလန်းနေရတာလဲ ၊ ဒီအတွက်အကြောင်းပြချက်ရှိရမယ်လို့ ငါ ယုံကြည်ခဲ့တယ်လေ”

“ချင်းယွမ်ဧကရာဇ်... အိမ်တော်(၅)ပါးကျောင်းတော်ရဲ့ တာအိုသိုင်းပညာအခြေခံက ဒဏ္ဍာရီလာ ကျန့်ယွမ်ကျီနတ်မင်းကြီးချန်ထားခဲ့တဲ့ ‘မူလနတ်ဘုရားဖိနှိပ်သိုင်းပညာ’ မဟုတ်လား ၊ စိတ်မကောင်းစရာက အဲဒီသိုင်းပညာက ပြီးပြည့်စုံခြင်းမရှိဘူး”

“အဲဒီလိုအပ်ချက်ကို ကုစားဖို့အတွက် ကျန့်ယွမ်ကျီနတ်မင်းကြီးရဲ့ တာအိုအယူအဆကို ဆက်လက်ရှာဖွေတာအပြင် ဒီနေရာမှာရှိနေတဲ့ မြေကမ္ဘာဘုရင်မရဲ့ တာအိုအယူအဆကိုလည်း လေ့လာရမှာဖြစ်တယ်”

ရန်ကျောက်ကဲက သူ့လက်များကို အသာဖြန့်ကားလျှက် ပြုံးလိုက်ရင်း...

“ဒီ ‘ရန်’ က အရည်အချင်းမရှိပေမယ့် ‘မြေကမ္ဘာမယ်တော် တာအိုထုံးတမ်းအစီအရင်’ ကို အမှတ်မထင် ရရှိခဲ့တယ် ၊ ‘ကောင်းကင်စွမ်းအားအစီအရင်’ အတွက်လည်း ငါလုပ်ထားတဲ့ပြင်ဆင်မှုတွေက ပြီးသွားတာကြာပါပြီ ၊ ဒါပေမဲ့... မြေကမ္ဘာဘုရင်မရဲ့ကျမ်းစာကို အမှန်တကယ် ထုတ်ဖော်ချင်တယ်ဆိုရင်တော့ ဧကရာဇ်ရဲ့တန်ခိုးစွမ်းအား လိုအပ်နေပါသေးတယ်”

ချင်းယွမ်ဧကရာဇ်က ရန်‌ကျောက်ကဲကိုကြည့်းရင်း တိတ်ဆိတ်ငြိမ်သက်နေသည်။

ခဏကြာမှ...

“ဒီတော့ ဘာဖြစ်လဲ ၊ မြေကမ္ဘာဘုရင်မရဲ့ကျမ်းစာက မင်းလက်ထဲမှာ အသုံးဝင်မှာမဟုတ်ဘူး ၊ ဒီတာအိုဆရာအတွက်ပဲ အကျိုးရှိစေမှာဖြစ်တယ်”

“အဲဒီတော့... ငါ့ကိုပေးလိုက်တော့”

ထို့နောက် သူက ရန်ကျောက်ကဲကို အရေးမစိုက်တော့ဘဲ လက်ဖဝါးတစ်ဖက်ကို ဖြန့်ကားလိုက်သည်။

သူ၏လက်ဖဝါးက နှိုင်းယှဉ်မရအောင်ကြီးမားလာပြီး ကျူတောပင်လယ်ဒေသတစ်ခုလုံး လွှမ်းခြုံသွားကာ ထို မှော်သင်္ကေတအား ဖမ်းယူဆုပ်ကိုင်လိုက်လေတော့၏။

All Chapters