← Chapters

မာနကြီးပြီးလွှမ်းမိုးနိုင်စွမ်းမြင့်မားသည့် ‘ရန်ကျောက်ကဲ’

Vol. 74 Ch. 1039

မာနကြီးပြီးလွှမ်းမိုးနိုင်စွမ်းမြင့်မားသည့် ‘ရန်ကျောက်ကဲ’

Vol. 74 Ch. 1039

အခန်း (၁၀၃၉) မာနကြီးပြီးလွှမ်းမိုးနိုင်စွမ်းမြင့်မားသည့် ‘ရန်ကျောက်ကဲ’

မိန်းမပျိုဧကရာဇ် ‘ကျဲ့မင်ခုန်’ က ရန်ကျောက်ကဲနှင့်အတူပူးပေါင်းပြီး ချင်းယွမ်ဧကရာဇ်ကို တိုက်ခိုက်ရန် မကြိုးစားခဲ့ပေ။

မျက်လုံးများမှေးမှိတ်ထားသည့်တိုင် သူမ၏ အကြည့်က ရန်ကျောက်ကဲ ၊ ရန်တိနှင့် ချင်းယွမ်ဧကရာဇ်တို့ကြား ရွေ့လျားသွားသည်။

အမြဲတမ်း ရေခဲပမာအေးစက်နေသည့် သူမ၏မျက်နှာထက် နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ်ကွေးညွှတ်သွားပြီး အပြုံးရိပ် ယှက်သမ်းသွားသည်။

သူမက တည်ငြိမ်သည့် လေသံဖြင့်...

“ချင်းယွမ်... ရှင်က အားကြီးသူဖြစ်ပြီး အားနည်းတဲ့သူတွေကို အနိုင်ကျင့်တာပဲ ၊ ရှင် တစ်ကြိမ်ကျရှုံးပြီးတာတောင် နောက်တစ်ကြိမ်ထပ်ကြိုးစားနေတာ အရှက်မဲ့တာ မဟုတ်ဘူးလား”

ချင်းယွမ်ဧကရာဇ်က လေထုထဲတွင်မတ်တတ်ရပ်နေပြီး အစိမ်းရောင်ချီစွမ်းအား သူ့မျက်နှာထက်မှ လွင့်ပြယ်သွားသည်။ အချိန်ကြာမြင့်စွာကြိုးစားပြီးမှ သူ၏ဒဏ်ရာကို ယာယီဖိနှိပ်ထားနိုင်ခဲ့သည်။

သူ့ဘက်မှ တိုက်ခိုက်မှုမပြုလုပ်လျှင် နှောင်းပိုင်းမြေကမ္ဘာကျမ်းစာည်လည်း တုံ့ပြန်မည် မဟုတ်ပေ။

“ဒီပစ္စည်းက ဒီတာအိုဆရာရဲ့ ကျင့်ကြံခြင်းနဲ့သက်ဆိုင်နေတယ် ၊ အဲဒါကို သေချာပေါက် ယူမှဖြစ်မယ်”

ချင်းယွမ်ဧကရာဇ်က အေးဆေးစွာပင်ဆိုသည်။

“ပြီးတော့ ဝါဒတောင်က ရန်ကျောက်ကဲက ဒီတာအိုဆရာရဲ့ အချစ်ဆုံးတပည့် ချင်ရှုကျီကို သတ်ဖြတ်ပစ်ခဲ့တာ ၊ ဒီအတိုင်းလွှတ်ထားလို့မဖြစ်ဘူး”

မိန်းမပျိုဧကရာဇ်က...

“ကျွန်မ ဒီကိုရောက်မလာရင်တောင် ဝါဒတောင်ကို ရှင် ဘာမှမလုပ်နိုင်ပါဘူး”

ချင်းယွမ်ဧကရာဇ်က...

“ပိုးသားဧကရာဇ်လည်း ဒီကိုရောက်မလာဘူး ၊ မင်းလည်း မရောက်လာဘူးဆိုရင် အနိုင်အရှုံးဆိုတာ မေးခွန်းထုတ်နေစရာတောင် မလိုပါဘူး”

မိန်းမပျိုဧကရာဇ်က မျက်လုံးများမှေးမှိတ်ထားသည့်တိုင် မျက်ခုံးတစ်ချက်ပင့်ရင်း...

“အမှန်ပဲ ၊ ရှင်က အဓိကတိုက်ခိုက်သူအနေနဲ့တိုက်ခိုက်ပြီး ကျွမ်းရှန်တို့အုပ်စုက ရှင့်ကိုကူညီမှာပေါ့”

သူမက ဆက်ပြောသည်။

“ရန်ကျောက်ကဲက ရှင့်ကို ခုခံဖို့အတွက် ထုံးတမ်းအစီအရင်ကို ထိန်းချုပ်ထားမှာပဲ ၊ အဲဒါတစ်ခုတည်းနဲ့ ရှင့်ကို ထိထိရောက်ရောက် ခုခံနိုင်တယ် ၊ ပြီးတော့ ရန်တိ ၊ အရှေ့တောင် ‘‌ချောင်’ နဲ့ အရှေ့မြောက်’လျို’ တို့က ကျန်တဲ့ (၄)ယောက်ကို ယှဉ်နိုင်တယ် ၊ ခက်ခဲပေမယ့်လည်းပေါ့”

“သူတို့က ခံစစ်တစ်ခုတည်းအာရုံစိုက်မယ်ဆိုရင်တောင် အချိန်အကြာကြီး ခုခံထားနိုင်မှာပဲ ၊ သူတို့စိုးရိမ်ရမယ့် တစ်ခုတည်းသောအရာက ရှင်က အချိန်ယူပြီး ကျူတောပင်လယ်ဒေသတစ်ခုလုံးကို ထောင်ချောက်ဆင်ဖို့ အစီအရင်တည်ဆောက်ပြီး ဝါဒတောင်ကို ဖြည်းဖြည်းချင်း ချေမှုန်းမှာကိုပဲ”

မိန်းမပျိုဧကရာဇ်က....

“အစစ်အမှန်နတ်ဘုရားတစ်ပါးအနေနဲ့ ဒီလိုနည်းလမ်းနဲ့ သိုင်းသူတော်စင်တွေကိုတိုက်ခိုက်တာ မရှက်ဘူးလား”

ချင်းယွမ်ဧကရာဇ်က အရင်ကထက်ပိုပြီး ဒဏ်ရာပြင်းထန်စွာ ရရှိထားသည့်တိုင် တည်ငြိမ်စွာဖြင့်...

“တန်ခိုးစွမ်းအားအရပဲဖြစ်ဖြစ် ၊ နည်းဗျူဟာအရပဲဖြစ်ဖြစ် သူတို့က ဒီတာအိုဆရာကို တားဆီးနိုင်တယ်ဆိုကတည်းက အဆင့်တူညီတဲ့ပြိုင်ဘက်တွေလို့ ငါက သတ်မှတ်ထားတယ် ၊ ဒီတော့ အရှက်မရှိဘူးဆိုတာနဲ့ ဘယ်လိုများသက်ဆိုင်နိုင်မလဲ”

မိန်းမပျိုဧကရာဇ်က သိမ်မွေ့စွာဖြင့်...

“ရန်ကျောက်ကဲက ထုံးတမ်းအစီအရင်က ယိုးမင်ဂမ္ဘီရစက်ဝန်း ၊ ထူးကဲယန်စည်းတံဆိပ်နဲ့ ထိန်းချုပ်ထားတယ် ၊ ယိုးမင်ဂမ္ဘီရစက်ဝန်းက ပြီးပြည့်စုံတဲ့ အမတမှော်ဝင်ပစ္စည်းမဟုတ်လို့ နောက်ဆုံးတော့ စွမ်းအားကုန်ခမ်းသွားလိမ့်မယ်”

သူမက ဆက်ပြောသည်။

“ဒါပေမဲ့ အရမ်းမပျော်လိုက်နဲ့... ဖုယွင်ချိက အကြောင်းတစ်ခုကြောင့် အဟန့်အတားဖြစ်နေပေမယ့် ဒီအတိုင်း အချိန်ဆွဲထားနိုင်ရင် သူ မကြာခင် သေချာပေါက် ရောက်လာလိမ့်မယ်”

ချင်းယွမ်ဧကရာဇ်က နှောင်းပိုင်းကောင်းကင်ကျမ်းစာဖြင့် ဖွဲ့စည်းထားသော မှော်သင်္ကေတကိုကြည့်ရင်း သက်ပြင်းတစ်ချက်ချလိုက်သည်။

“အမှန်ပဲ ၊ ကျူတောပင်လယ်ဒေသတိုက်ပွဲက  အနိုင်အရှုံး ခန့်မှန်းရခက်တယ်”

ထို့နောက် သူက ရန်ကျောက်ကဲကို စူးစိုက်ကြည့်ရင်း...

“တကယ်တော်တဲ့ လူငယ်တစ်ယောက်ပဲ ၊ ဒီနေ့တိုက်ပွဲက ဒီလိုဖြစ်လာလိမ့်မယ်လို့ ဒီတာအိုဆရာ လုံးဝထင်မထားခဲ့မိဘူး”

ရန်ကျောက်ကဲက သိမ်မွေ့စွာဖြင့်...

“ချီးမွမ်းလို့ကျေးဇူးတင်ပါတယ် ချင်းယွမ်ဧကရာဇ်”

သူက ဆက်ပြောသည်။

“ငါတို့သာ ကျူတောပင်လယ်ဒေသမှာ ရှိမနေရင် ၊ မြေကမ္ဘာဘုရင်မရဲ့ ကျမ်းစာသာမရှိရင် ဧကရာဇ်ရဲ့ ထိုးနှက်ချက်တစ်ချက်ကိုတောင် ငါ ခံနိုင်မှာမဟုတ်ပါဘူး”

ရန်ကျောက်ကဲက ချင်းယွမ်ဧကရာဇ်၏ အကြည့်ကိုရင်ဆိုင်လိုက်သည်။

“ဒါပေမဲ့ ဒီနေ့ ဒီနေရာမှာ ဧကရာဇ် ငါ့ကိုအနိုင်မယူနိုင်ဘူးဆိုရင် နောက်ပိုင်းမှာ နတ်ဘုရားတံခါးကိုမဖွင့်နိုင်သေးရင်တောင် ကျူတောပင်လယ်ဒေသအပြင်ဘက်မှာ ဧကရာဇ်နဲ့ရင်ဆိုင်ရင် ဧကရာဇ်အနေနဲ့ ငါ့ကိုအနိုင်ရမှာ မဟုတ်ဘူး”

“ရိုင်းပျရတာခွင့်လွှတ်စေချင်တယ် ၊ အဲဒီလိုနေ့မျိုးကလည်း သိပ်မဝေးတော့ပါဘူး”

ရန်ကျောက်ကဲလေသံက ပေါ့ပေါ့ပါးပါးပင် ဖြစ်ပြီး ချင်းယွမ်ဧကရာဇ်နှင့် ပုံမှန်အတိုင်း စကားစမြည်ပြောဆိုနေသည့်ပမာ ဖြစ်သည်။

လူတိုင်းက ရန်ကျောက်ကဲကို စူးစိုက်ကြည့်နေပြီး သူတို့စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိနေသည်။

မာနကြီးခြင်းနှင့် လွှမ်းမိုးနိုင်စွမ်းမြင့်မားခြင်း။

သို့သော် စောစောကပင် ရန်ကျောက်ကဲက တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန်ကို မည်သို့တိုက်ခိုက်ခဲ့ကြောင်း တွေးမိရုံမျှဖြင့် ဤလူငယ်ပြောသည့်ကားမှာ မဖြစ်နိုင်ဘူးဆိုသည်မှာ မရှိကြောင်း အားလုံးစိတ်ထဲ ခံစားခဲ့ရသည်။

‘အဖြစ်နိုင်ဘူးဆိုသည်မှာ မရှိခြင်း’ ပင် မဟုတ်ပေ။ လက်တွေ့ ဖြစ်လာမည်မှာ သေချာသည်။

ရန်ကျောက်ကဲက အမတကူးပြောင်းခြင်း ကနဦးအဆင့်ဖြင့်ပင် လူသားအထွတ်ထိပ်ကျင့်ကြံသူတစ်ယောက်နှင့် ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်း ရှိခဲ့သည်။

ထူးကဲယန်စည်းတံဆိပ်ကဲ့သို့ အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်း အသုံးပြုခဲ့သည့်တိုင် ဤသည်က ကမ္ဘာကိုတုန်လှုပ်စေသော စွမ်းဆောင်မှုတစ်ခု ဖြစ်နေဆဲပင်။

တန်ခိုးစွမ်းအား ဤမျှမြင့်မားသည်ဖြစ်ရာ သူ၏အလားအလာသည်လည်း တုန်လှုပ်စရာပင် ဖြစ်ပေမည်။

လူတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့် မြင့်မားလာလေ တိုးတက်မှုနှေးကွေးလာလေဖြစ်ပြီး ကျင့်ကြံခြင်းတွင် အခက်အခဲများ ပိုမိုများပြားလာသဖြင့် အချိန်လည်းပိုကြာလာသည်မှာ အမှန်ပင် ဖြစ်သည်။

သို့သော် ရန်ကျောက်ကဲ၏အသက်အရွယ်နှင့် ကျင့်ကြံခြင်းအဆင့် မြင့်တက်မှုနှုန်းကို ထည့်သွင်းစဉ်းစားမည်ဆိုလျှင် ဤလူငယ်သည် သေချာပေါက် မြင့်မားသည့်အဆင့်တစ်ခုသို့ ရောက်ရှိလာပေမည်။

ဥက္ကာပျံတစ်ခုပမာ ခဏအတွင်း ထင်ရှားကျော်ကြားလာသည်ဖြစ်ရာ ‘ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရား’ ဆိုသောအမည်နှင့် ထိုက်တန်သည် အမှန်ပင်။

ထို့သို့ဆိုလျှင် သူ့ကို မာနကြီးသည်ဟု မည်သူမှ ထင်မှတ်စရာ မရှိတော့ပေ။

ကျူတောပင်လယ်ဒေသမှာပင် ငြိမ်သက်စွာနေထိုင်ခြင်းမရှိဘဲ အပြင်လောကသို့ထွက်ခွာမည်ဆိုလျှင်လည်း သူပြောသည့်အတိုင်း နတ်ဘုရားတစ်ပါးဖြစ်မလာခင် ဧကရာဇ်များကို ကြောက်ရွံ့ခြင်းမရှိ ရင်ဆိုင်နိုင်သော နေ့တစ်နေ့သို့ ရောက်ရှိလာမည် အမှန်ပင်။

ရန်ကျောက်ကဲကိုကြည့်ရင်း ချင်းယွမ်ဧကရာဇ်၏မျက်ဝန်းများ အနည်းငယ် တုန်ခါသွားသည်။

ရန်ကျောက်ကဲက သူ့မျက်နှာကို စေ့စေ့ကြည့်ရင်း ပေါ့ပါးစွာပင် ဆိုသည်။

“ဧကရာဇ်(၃)ပါးနဲ့ အုပ်စိုးရှင် (၅)ပါးမှာ အတော်များများက မင်းဘာဖြစ်ချင်သလဲဆိုတာကို ခန့်မှန်းမိပေမယ့် တိကျသေချာတဲ့အချက်တွေကိုတော့ မသိကြဘူး”

သူက ဆက်ပြောသည်။

“ဒါက ဧကရာဇ်ရဲ့ ကျင့်ကြံခြင်းနဲ့ သက်ဆိုင်နေတယ် ၊ လူတစ်ယောက်ရဲ့ တာအိုကိုပိတ်ဆို့တယ်ဆိုတာ မိဘတွေကို သတ်သလိုမျိုးအပြစ်ကြီးတယ် ၊ ဒါကြောင့် သူတို့တွေက ဒီကိစ္စကို ဝင်ရောက်မစွက်ဖက်ခဲ့ကြဘူး ၊ ပိုးသားဧကရာဇ်တောင်မှ အရှေ့တောင်ထိပ်တန်းအရှင်သခင်ကို ကူညီတာကလွဲပြီး ဒီကိစ္စထဲကို နက်နက်နဲနဲ ဝင်ရောက်ခဲ့တာ မရှိဘူး”

“ဒါပေမဲ့ ဒီကိစ္စနောက်ကွယ်က အမှန်တရားကို သိလာတဲ့အခါ ထူးဆန်းတယ်လို့ ခံစားခဲ့ရတယ်... ချင်းယွမ်ဧကရာဇ်... မင်း မြေကမ္ဘာဘုရင်မရဲ့ကျမ်းစာကိုယူဖို့ ဘာလို့ လူသိရှင်ကြား ပွင့်ပွင့်လင်းလင်း မလုပ်ရတာလဲ”

“မဟာကပ်ဘေးကြီးပြီးတဲ့နောက် တာအိုဝါဒ ပြန်လည်ရှင်သငန်လာတယ် ၊ ဒါပေမဲ့ ရပ်တန့်နေလို့မရဘဲ ရှေ့ဆက်ကြိုးစားကြရမှာ အမှန်ပါပဲ ၊ တခြားဧကရာဇ်တွေက မင်းရဲ့ အားနည်းချက်ကို ကုစားနိုင်ရင် ဒီထက်မက တိုးတက်အောင် စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်ခဲ့ကြလိမ့်မယ်”

ရန်ကျောက်ကဲက ချင်းယွမ်ဧကရာဇ်ကို ကြည့်လိုက်သည်။

“ဒါပေမဲ့ ဧကရာဇ်မှာ ဒါကလွဲပြီး တခြားအကြောင်းတစ်ခုခု ရှိနေသလား”

ချင်းယွမ်ဧကရာဇ်က လေထုထဲတွင်သာ မတ်တတ်ရပ်နေပြီး မည်သည့်တုံ့ပြန်မှုမှ မပြုခဲ့ပေ။

ရန်ကျောက်ကဲက ဆက်ပြောသည်။

“ငါ့လက်ထဲမှာ ယိုးမင်ဂမ္ဘီရစက်ဝန်းရှိနေတာက ဘာဖြစ်လို့ တားမြစ်ချက်ဖြစ်နေသလဲဆိုတာ မသိရသေးပေမယ့်...”

“ဒီတစ်ခေါက် ဧကရာဇ်က ဝါဒတောင်ကိုတိုက်ခိုက်တာမှာ ဧကရာဇ် (၃)ပါးနဲ့ အုပ်စိုးရှင် (၅)ပါးလုံး မင်းဘက်က ဘယ်သူမှ မထောက်ခံခဲ့ကြဘူး ၊ ဒီတော့ ချင်းယွမ်ဧကရာဇ်ရဲ့လုပ်ရပ်ကရော တားမြစ်ချက်တစ်ခုလို့ ဆိုနိုင်သလား”

ထိုစကားကိုကြားတော့ ချင်းယွမ်ဧကရာဇ်၏မျက်ဝန်းများ တင်းမာအေးစက်သွားသည်။

မိန်းမပျိုဧကရာဇ်က ပြုံးလိုက်ရင်း...

“တကယ်တော်တဲ့လူငယ်လေးပဲ”

ဟု ချီးကျူးလိုက်သည်။

ထို့နောက် သူမက ဆက်ပြောသည်။

“ချင်းယွမ်ဧကရာဇ်ရဲ့လုပ်ရပ်က တားမြစ်ထားတာမျိုးတော့ မရှိပါဘူး ၊ ဒါပေမဲ့ သံသယဝင်စရာရှိနေလို့ ငါတို့တွေက စောင့်ကြည့်နေရုံပဲရှိတာပါ ၊ သူလိုချင်တာကို ရယူတာပဲလေ... သူ့ကိုဟန့်တားတာမရှိသလို ထောက်ခံတာလည်း မရှိပါဘူး”

“ပြီးတော့ ဒီနေ့ ငါဘာလို့ရောက်လာရသလဲဆိုတော့...”

မိန်းမပျိုဧကရာဇ်က ချင်းယွမ်ဧကရာဇ် ၊ ကျွမ်းရှန်နှင့် လန်ချင်းတို့အုပ်စုကို မျက်လုံးများမှေးမှိတ်ထားလျှက်ပင် အကဲခတ်လိုက်ပြီး သူမမျက်နှာထက်မှ အပြုံးရိပ်ပျောက်ကွယ်သွားသည်။

“ဒီကို ငါကိုယ်တိုင်လာဖို့ဆန္ဒရှိတာမှန်သလို တစ်စုံတစ်ယောက်ရဲ့ တောင်းဆိုမှုလည်း ရှိနေတယ်”

ထိုစကားကိုကြားတော့ လန်ချင်းတို့အုပ်စု မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

မိန်းမပျိုဧကရာဇ်သည် မည်သည့်အရာကိုမှ သူတစ်ပါးကိုတောင်းဆိုတတ်သူမဟုတ်သလို ကူညီတတ်သူလည်း မဟုတ်ပေ။ သူမက အမြဲတမ်း တံခါးပိတ်ကျင့်ကြံနေသူ ဖြစ်သည်။

သူမလိုလူမျိုးက တစ်စုံတစ်ယောက်၏ စေခိုင်းမှုဖြင့် ရောက်ရှိလာသည်ဆိုပါက အထက်ဘုံကမ္ဘာ ဧကရာဇ် (၃)ပါးမှလွဲပြီး မည်သူမှ ထိုသို့လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

ဝါဒတောင်အားကူညီပေးရန် ဧကရာဇ် (၃)ပါးတွင် မည်သူက သူမကို တောင်းဆိုခဲ့ပါသနည်း။

ထို့ပြင် မိန်းမပျိုဧကရာဇ်ကိုယ်တိုင်က အဘယ့်ကြောင့် ဝါဒတောင်အားကူညီချင်ရပါသနည်းဟု တွေးမိသည့်အခါ ချင်းယွမ်ဧကရာဇ် အညန်းငယ် အံ့သြသွားရသည်။

စောစောက မိန်းမပျိုဧကရာဇ်၏ အစေခံက စကားကိုရှင်းလင်းအောင်မပြောနိုင်ခင် သူက ဦးစွာတိုက်ခိုက်ခဲ့သည် မဟုတ်ပါလား။

အဘယ်ကြောင့် တိုက်ခိုက်ရပါသနည်းဆိုသော အကြောင်းရင်းကို သိပြီးမှ ဆက်လက်တိုက်ခိုက်လျှင် မျက်နှာပျက်စရာ ရှိလာနိုင်သည်။

ထို့ကြောင့် အကြောင်းရင်းကိုနားမထောင်ဘဲ ရန်ကျောက်ကဲကိုသတ်ဖြတ်ပြီးမှ နောင်ခါလာနောင်ခါရေး ဆက်လက်ဖြေရှင်းမည်ဆိုလျှင် မျက်နှာထောက်ထားစရာမရှိဘဲ ဆွေးနွေးလုပ်ဆောင်စရာ အများကြီး ကျန်ရှိနေဦးမည် ဖြစ်၏။

သို့သော် ရန်ကျောက်ကဲကို သတ်ဖြတ်ရန်ကြိုးစားသည့်အခါ အဖြစ်အပျက်များက သူခန့်မှန်းထားသည်ထက် ကျော်လွန်သွားခဲ့သည်။

မိန်းမပျိုဧကရာဇ်က အေးစက်စွာဖြင့်...

“ချင်းယွမ်... ကျူတောပင်လယ်ဒေသကို တိုက်ခိုက်ဖို့တွေးနေမယ့်အစား ရှင့်လုပ်ရပ်ကို ပြန်သုံးသပ်သင့်တယ်”

ထိုအချိန်...

ရောက်ရှိနေသူအားလံး အနောက်အရပ်သို့ တပြိုင်နက်တည်း စူးစိုက်ကြည့်လိုက်မိကြပြီး စိတ်နှလုံးများ တုန်လှုပ်သွားကြသည်။

ထိုနေရာမှ တစ်စုံတစ်ယောက် ချဉ်းကပ်လာသည်ကို အာရုံခံမိကြသည် မဟုတ်ပါလား။

ထိုနေရာက တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ် ၊ စက်ဝန်းတောင်တန်းတည်ရှိရာနေရာဖြစ်သည်။

ရန်ကျောက်ကဲနှင့်အခြားသူများ တွေးတောမိသည်မှာ...

“စောစောက မင်းဆက်မြစ်ကိုရပ်တန့်ထားတဲ့အတားအဆီးကိုဖယ်ရှားပြီး မြစ်ရေကို ပြန်လည်စီးဆင်းစေလိုက်တာ ဒီလူလုပ်တာဖြစ်ရမယ်...”

ချင်းယွမ်ဧကရာဇ်က ရောက်ရှိလာသူ၏ ကျင့်ကြံခြင်းအဆင့်ကို အရေးမစိုက်သော်လည်း ထိုသူ့ထံမှ ထွက်ပေါ်လာသည့် သိုင်းပညာအယူအဆကို အာရုံခံမိသည့်အခါ ကွက်ခနဲ မျက်နှာပျက်သွားလေသည်။

All Chapters