လွန်တော့ရောဘာဖြစ်သလဲ
Vol. 74 Ch. 1042
အခန်း (၁၀၄၂) လွန်တော့ရောဘာဖြစ်သလဲ
ချင်းယွမ်ဧကရာဇ် ၊ ကျွမ်းရှန်နှင့် လန်ချင်းတို့အုပ်စုအတွက် မျှော်လင့်ချက်တစ်ခုကို ဆုပ်ကိုင်ထားနိုင်ဆဲ ဖြစ်သည်။
သူတို့အတွက် နောက်ဆုံးမျှော်လင့်ချက်မှာ တိဟွမ်မြေကမ္ဘာဧကရာဇ်နှင့် ယင်ဟွမ်ဧကရာဇ်တို့၏သဘောထားဖြစ်၏။
ဧကရာဇ် (၃)ပါးဆိုသည်က အထက်ဘုံကမ္ဘာတွင် အမြင့်ဆုံးအဆင့်ဖြစ်ပြီး သူတို့ (၃)ပါးတွင် တိဟွမ်မြေကမ္ဘာဧကရာဇ်က အမြဲတမ်း ထိပ်ဆုံးနေရာကို ရယူထားသည်။
ယင်ဟွမ်ဧကရာဇ်က တံခါးပိတ်ကျင့်ကြံနေသည်ကများပြီး သူ၏ထင်မြင်ချက်ကို ထုတ်ဖော်ပြောဆိုခဲသည်။ ကိစ္စအများစုတွင် သူက တိဟွမ်မြေကမ္ဘာဧကရာဇ်၏ ဆုံးဖြတ်ချက်ကိုသာ ထောက်ခံခဲ့၏။
ယိုးမင်ဧကရာဇ် ယင်ထျန်းရှအပေါ်ထားရှိသော အထက်ဘုံကမ္ဘာ၏သဘောထားမှာ တိဟွမ်မြေကမ္ဘာဧကရာဇ်၏ ဆုံးဖြတ်ချက်ကြောင့် ဖြစ်သည်။
ရန်ကျောက်ကဲ၏မိခင် ရွှယ်ချူးချင် အထက်ဘုံကမ္ဘာမှ ပျောက်ကွယ်သွားရသည့်အကြောင်းရင်းမှာ မြေကမ္ဘာဧကရာဇ်၏ သဘောထားကြောင့် ဖြစ်သည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး ကျန့်ဟွမ်ဓားဧကရာဇ်က မထောက်ခံသော်လည်း ကန့်ကွက်ခြင်း မရှိခဲ့ပေ။
ထို့ကြောင့် လန်ချင်း ၊ တာအိုဆရာထျန်းယိနှင့် အခြားသူများက ရွှယ်ချူးချင်ကို လိုက်လံရှာဖွေခဲ့ကြခြင်း ဖြစ်သည်။
မြေကမ္ဘာဧကရာဇ်က ပြတ်ပြတ်သားသား အမိန့်ပေးမထားသော်လည်း မြေကမ္ဘာထိပ်တန်းအရှင်သခင် ဝမ်ကျန်းချန်က ရွှယ်ချူးချင်းကို အလယ်ပိုင်းကျွင်းထျန်းကောင်းကင်ပြည်နယ်တွင် အဆက်မပြတ်ရှာဖွေနေခြင်းက လူအများကို အနည်းနှင့်အများ သဘောပေါက်စေသည်။
ရန်ကျောက်ကဲလက်ထဲ ယိုးမင်ဂမ္ဘီရစက်ဝန်းရှိနေခြင်းနှင့် ရန်တိနှင့် ရွှယ်ချူးချင်ကြားမှ ဆက်ဆံရေးက အထက်ဘုံကမ္ဘာတွင် နှစ်ပေါင်းများစွာ တားမြစ်ထားသော ကိစ္စရပ်များ ဖြစ်သည်။
သို့ဖြစ်ရာ တိဟွမ်မြေကမ္ဘာဧကရာဇ်နှင့် ယင်ဟွမ်ဧကရာဇ်တိ့၏ ရပ်တည်ချက်ကို တိကျစွာသိရပါက အခြေအနေကို ပြောင်းပြန်လှန်နိုင်သော အခွင့်အရေးရှိနိုင်သည်။
“ဒီတိုက်ပွဲမှာ အကြီးအကဲ’ဝမ်’ က ကိုယ်တိုင်ဝင်မပါတာ ကျန့်ဟွမ်ဓားဧကရာဇ်နဲ့ ‘ရန်’ မျိုးနွယ်တွေရဲ့ ဆက်ဆံရေးကို သိထားလို့များလား...”
လန်ချင်းစိတ်ထဲ အတွေးတစ်ခု လျှင်မြန်စွာ ထွက်ပေါ်လာသည်။
“ဒါပေမဲ့ သူက အသက်မြေလွှာကိုပေးလိုက်တယ်ဆိုတော့... ကျန့်ဟွမ်ဓားဧကရာဇ်နဲ့ ‘ရန်’ မျိုးနွယ်တွေပတ်သက်တာကို မြေကမ္ဘာဧကရာဇ်က သဘောမကျဘူးဆိုတဲ့ အဓိပ္ပါယ်လား”
သူတွေးတောနေစဉ်မှာပင် ပိုင်တောင်း၏ဘေးနားမှ အနက်ရောင်ဝတ်လူငယ်က လက်တစ်ဖက်ဝှေ့ယမ်းလိုက်သည်ကို တွေ့ရသည်။
ဓားအလင်းတန်းတစ်ခု ဖြစ်တည်လာပြီး မိုးမြေတစ်ခွင်ဖြတ်ကျော်သွားကာ အလင်းအရိပ်စက်ဝန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
အလင်းစက်ဝန်းက တဖြည်းဖြည်းသိပ်သည်းသွားပြီး လူရိပ်တစ်ခု ထွက်ပေါ်လာသည်။
ထို့ပုံရိပ်ကိုမြင်သည်နှင့် ချင်းယွမ်ဧကရာဇ်နှင့် လန်ချင်းတို့အုပ်စုမှာ စိတ်ထဲ နင့်နင့်နဲနဲ ခံစားလိုက်ကြရသည်။
ရန်ကျောက်ကဲသည်လည်း ကောင်းကင်ထက်မှ အလင်းပုံရိပ်အား လှမ်းကြည့်လိုက်၏။
ရှေးဟောင်းအဝတ်အစားမျးကို ဝတ်ဆင်ထားပြီး ဦးခေါင်းထက်တွင် ပုတီးစေ့များပါရှိသော ဧကရာဇ်ခေါင်းဆောင်းတစ်ခု ဆောင်းနှင်းထားသည့် သက်လတ်ပိုင်းလူရွယ်အမျိုးသားတစ်ယောက်ကို တွေ့ရသည်။
အသက် (၄၀)အရွယ်ခန့်ရှိပြီး မျက်နှာအမူအရာက တည်ငြိမ်လွန်းကာ မျက်ဝန်းများက စူးရှတောက်ပသည်။
သူ၏အသွင်က မိုးမြေတစ်ခွင်ဖွင့်လှစ်မည့် ဓားသွားပမာ ဖြစ်သော်လည်း သူ၏ထက်ရှမှုကို ထုတ်ဖော်ပြသခြင်း မရှိပေ။ သို့သော် တိမ်စိုင်များကြား မားမားမတ်မတ်ရပ်တည်နေသည့် တောင်ထွတ်တစ်ခုပမာ ခိုင်ကြည်လွန်လှ၏။
ဂုဏ်သိက္ခာအပြည့်ဖြင့် ရင့်ကျက်တည်ငြိမ်သော အနှီလူရွယ်သည် ရွှေစင်ထက်ယံအရှင်သခင်၏ တပည့်ရင်းတစ်ယောက်ဖြစ်ပြီး အထက်ဘုံကမ္ဘာ၏ ဧကရာဇ် (၃)ပါးမှ ကျန့်ဟွမ်ဓားဧကရာဇ် ဖြစ်သည်။
အလယ်ပိုင်းကျွင်းထျန်းကောင်းကင်ပြည်နယ် ၊ ခွန်လွန်တောင် ၊ မြောက်ပိုင်းကုန်းမြင့်တောင်ထွတ်ရှိ ကျောက်စိမ်းကျောက်ဆောင်၏ အရှင်သခင်လည်း ဖြစ်သည်။
သူ၏အမည်က..
ကျန့်ဟွမ်ဓားဧကရာဇ် ‘ယွဲ့ကျန့်ပေ’ ။
ဤအလင်းပုံရိပ်က စကားစမြည်ပြောဆိုခြင်းမရှိသော်လည်း ပြင်ပဗလာနယ်ထဲမှ ယွဲ့ကျန့်ပေ၏ သတင်းစကားကို ဆောင်ယူလာသည်။
ပိုင်တောင်းတို့ (၃)ယောက်ကတော့ နဂိုကပင် ဤသတင်းစကားပုံရိပ်ကို တွေ့မြင်ပြီးဖြစ်သော်လည်း အခြားသူများကတော့ ယခုမှ တွေ့မြင်ရခြင်း ဖြစ်သည်။
"ငါ့ဘဝမှာ အောင်မြင်မှုတိုင်းက ငါ့ရဲ့ဆရာကြောင့်ရရှိခဲ့တာပဲ”
ကျန့်ဟွမ်ဓားဧကရာဇ်က ဖြည်းညင်းစွာပြောလိုက်သော်လည်း စကားလုံးတိုင်းက ရွှေသားပမာ ပြင်းထန်လေးလံပြီး အစွမ်းကြီးလှသည်။
အသံက ဆက်လက်ထွက်ပေါ်လာသည်။
“ငါ့ရဲ့လက်ဦးဆရာမှာ သွေးရင်းသားရင်းတစ်ယောက်ပဲ ကျန်ရစ်ခဲ့တယ် ၊ သူ အန္တရယ်ကင်းအောင် ဘာမဆိုလုပ်ပေးဖို့ ငါ့မှာတာဝန်ရှိတယ် ၊ အကြီးအကဲ’ကျန်း’ နဲ့ အကြီးအကဲ ‘ယန်’ တို့တားဆီးရင်တောင်မှ ငါ လက်ခံမှာမဟုတ်ဘူး”
“ဒီနှစ်ပေါင်းတစ်လျှောက်လုံး ငါ့ဘက်က အမြဲတမ်း ကတိကိုစောင့်ထိန်းခဲ့တယ် ၊ တစ်ယောက်ယောက်က ကတိဖျက်လာရင် ငါ့လက်ထဲကဓားက ဘယ်သူ့ကိုမှ အသိအမှတ်မပြုတဲ့အတွက် ငါ့ကိုအပြစ်မတင်နဲ့”
ထိုသတင်းစကားက မည်သည့်အချိန်က ပို့ဆောင်လိုက်သည့်သတင်းစကားမှန်းမသိရသော်လည်း ဤနေရာတွင် ရှိနေသူအားလုံးမှာ ပြင်းထန်သောဆုံးဖြတ်ချက်ကို ခံစားလိုက်ရသည်။
ထိုခဏမှာပင် မည်သည့်ဓားဝိညာဉ်မှ ထုတ်ဖော်ပြသခြင်းမရှိခဲ့သော ကျန့်ဟွမ်ဓားဧကရာဇ်၏ပုံရိပ်မှ ရုတ်တရက် လောကတစ်ခုလုံး တုန်လှုပ်သွားစေသော စူးရှထက်မြက်သည့်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
ကြောက်မက်ဖွယ်ရာဓားသွားက အတိတ်မှ ပစ္စုပ္ပန်သို့ ရောက်ရှိလာကာ အချိန်နယ်နိမိတ်ကိုကျော်လွန်ပြီး ပြင်ပဗလာနယ်ထဲမှ အထက်ဘုံကမ္ဘာသို့ ဆင်းသက်လာသည့်အလား ဖြစ်သည်။
ထိုဓားဝိညာဉ်ကို တွေ့မြင်သည်နှင့် မိန်းမပျိုဧကရာဇ်နှင့် ချင်းယွမ်ဧကရာဇ်တို့သည်ပင် မျက်နှာအမူအရာများ တည်ကြည်လေးနက်သွားကြသည်။
အကြီးအကဲ’ကျန်း’ နှင့် အကြီးအကဲ’ယန်’ ဆိုသည်မှာ အထက်ဘုံကမ္ဘာမှ အခြားသော ဧကရာဇ်နှစ်ပါးကို ရည်ညွှန်းခြင်း ဖြစ်သည်။
ဤသို့သော်အချိန်တွင် ပေါ့ပေါ့ဆဆလုပ်ဆောင်သူမှန်သမျှ ကျန့်ဟွမ်ဓားဧကရာဇ်၏ ဓားသွားဖြင့် ရင်ဆိုင်ရမည် ဖြစ်၏။
ကျန့်ဟွမ်ဓားဧကရာဇ်က မြေကမ္ဘာဧကရာဇ် ၊ ယင်ဟွမ်ဧကရာဇ်တို့ဖြင့် ရင်ဆိုင်ရလျှင်ပင် သူ၏ဓားကိုဆွဲထုတ်ကာ ရန်တိအတွက် တိုက်ခိုက်ပေးမည် ဖြစ်သည်။
အနောက်တောင်ထိပ်တန်းအရှင်သခင် ပိုင်တောင်းက အနောက်မြောက်ထိပ်တန်းအရှင်သခင် လျန်ကျူးလင်ကို လှမ်းကြည့်ရင်း...
“အနောက်မြောက်’လျန်’ ... မင်း ပြန်ဆုတ်ခွာပေးစေချင်တယ် ၊ ပင်လယ်နီက ဆုံးရှုံးသွားတဲ့အရာတွေ ပြန်လည်ရရှိဖို့ ငါတို့ ကျောက်စိမ်းကျောက်ဆောင်က ကူညီပေးပါ့မယ် ၊ အခုမဆုတ်ခွာဘူးဆိုရင် နောက်ပိုင်းမှာ ငါတို့ကြားက ဆက်ဆံရေးထိခိုက်လိမ့်မယ်”
လျန်ကျူးလင်က သက်ပြင်းချရင်း...
“ကျန့်ဟွမ်ဓားဧကရာဇ်က ကျွန်မအပေါ် ကျေးဇူးရှိပါတယ် ၊ လျန်ကျူးလင် ကျေးဇူးမမေ့ဝံ့ပါဘူး ၊ ဒါကြောင့် အမိန့်နာခံပါ့မယ် ၊ အနာဂတ်မှာ ရွှယ်ချူးချင်ကိုရှာတွေ့ခဲ့ရင် ပင်လယ်နီအတွက်ကူညီပြီးတော့ စကားပြောဆိုပေးဖို့ မျှော်လင့်ပါတယ်”
ထို့နောက် သူမက ကောင်းကင်ထက်မှ ကျန့်ဟွမ်ဓားဧကရာဇ်၏အလင်းပုံရိပ်ကို ဦးညွှတ်ကာ လှည့်ထွက်သွားလေသည်။
ထိုအချိန် ချင်းယွမ်ဧကရာဇ် ၊ ကျွမ်းရှန် ၊ လန်ချင်းနှင့် တာအိုဆရာထျန်းယိတို့၏မျက်တန်းများ တုန်ခါသွားပြီး မကောင်းသည့် ခံစားချက်တစ်ခု အာရုံခံလိုက်မိသည်။
ပိုင်တောင်းက ရန်တိနှင့် ရန်ကျောက်ကဲကို လှမ်းကြည့်ရင်း...
“ဆရာဦးလေး’ရန်’ နဲ့ ဂိုဏ်းတူညီလေး’ရန်’ က ကျူတောပင်လယ်ဒေသကို ကိုယ့်အစွမ်းကိုယ့်အစနဲ့ ကာကွယ်နိုင်ခဲ့ကြတယ်”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ မင်းတို့အားလုံးက ဝါဒတောင်ဖွင့်ပွဲအခမ်းအနား နေ့ကောင်းရက်မြတ်မှာ လာရောက်တိုက်ခိုက်ဖို့ အထူးတလည်ရွေးချယ်ခဲ့တာဆိုတော့... အထူးဧည့်သည်တော်တွေလို့ ယူဆလို့ရတယ်လေ ၊ ဒီတော့ ထွက်မသွားခင် ဝါဒတောင်အတွက် ဂုဏ်ပြုလက်ဆောင်တော့ ပေးသွားသင့်တယ် မဟုတ်ဘူးလား”
ချင်းယွမ်ဧကရာဇ်က မျက်မှောင်ကြုံ့ရင်း...
“ကျောက်စိမ်းကျောက်ဆောင်က မလွန်လွန်းဘူးလား ၊ ဒီတာအိုဆရာက ကျန့်ဟွမ်ဓားဧကရာဇ်အကျိုးအတွက် ဒီနေ့တိုက်ပွဲကို နောက်ဆုတ်လိုက်မယ် ၊ ဒါပေမဲ့ အထက်ဘုံကမ္ဘာမှာ ကျန့်ဟွမ်ဓားဧကရာဇ်ရဲ့ သြဇာလွှမ်းမိုးမှုတစ်ခုတည်းရှိတာ မဟုတ်ပါဘူး ၊ လက်တစ်ဖက်တည်းနဲ့ မိုးပြိုတာကို တားဆီးလို့ရမယ် မထင်နဲ့”
ပိုင်တောင်းက ခေါင်ခါယမ်းလျှက် သက်ပြင်းချရင်း...
“မင်းတို့အားလုံးက ဆရာဦးလေး’ရန်’ ၊ ဂိုဏ်းတူညီလေး’ရန်’ နဲ့ ဝါဒတောင်ကို အကြီးအကျယ် ရန်ငြိုးထားခဲ့ကြတာပဲ”
သူက ဆက်ပြောသည်။
“လက်ရှိအချိန်က တာအိုဝါဒ ပြန်လည်ထွန်းကားလာခါစ အချိန်ဖြစ်လို့ ငါ့ရဲ့ဆရာက အရည်အချင်းရှိတဲ့သူတွေကို နှမျောတဲ့အတွက် မင်းတို့ကို အလွတ်ပေးလိုက်တာ ၊ မဟုတ်လို့ကတော့ နန်ကောင်းတောင်ထွတ် ၊ ချီလင်ကမ်းပါးက ဒီကိစ္စကိုမကျေနပ်ဘူးဆိုရင်တောင် ဆရာက မင်းတို့ကို အလွတ်ပေးမယ်မထင်နဲ့”
“အဲဒါက ငါ့ဆရာရဲ့ သတိပေးချက်ပဲ”
ထိုစကားကြားတော့ ချင်းယွမ်ဧကရာဇ်နှင့် လန်ချင်းတို့အုပ်စု မျက်လုံးများ ကျဉ်းမြောင်းလိုက်ကြသည်။
ပိုင်တောင်း၏ဘေးတွင်ရပ်နေသော အနက်ရောင်ဝတ်လူငယ်က တည်ငြိမ်စွာဖြင့် ဝင်ပြောလိုက်သည်။
“ငါတို့ဘက်ကလွန်တော့ရော ဘာဖြစ်သလဲ ၊ မင်းတို့က အရင်စပြီး ဝါဒတောင်ကိုတိုက်ခိုက်ဖို့ ပြဿနာရှာခဲ့တာလေ ၊ လာချင်တိုင်းလာပြီးတော့မှ ပြန်ချင်တိုင်းပြန်လို့ ဖြစ်မတဲ့လား”
သူက ရန်ကျောက်ကဲနှင့် ရန်တိကိုလှည့်ကြည့်ရင်း...
“ဒါက ဆရာ့ရဲ့ပထမဆုံး ဂုဏ်ပြုလက်ဆောင်ပါပဲ ၊ သူ အထက်ဘုံကမ္ဘာကိုပြန်ရောက်တဲ့အခါ ဝါဒတောင်ကို ကိုယ်တိုင်လာရောက်ဂုဏ်ပြုမယ်လို့ အမိန့်ရှိထားပါတယ်”
သူ့စကားမဆုံးခင်မှာပင် ကောင်းကင်ထက်တွင် ကျန့်ဟွမ်ဓားဧကရာဇ်၏ပုံရိပ်ထွက်ပေါ်လာပြီး ရန်ကျောက်ကဲနှင့် ရန်တိရှေ့သို့ ဓားအလင်းတန်းတစ်ခု ကျရောက်လာသည်။
ရန်ကျောက်ကဲက ကျန့်ဟွမ်ဓားဧကရာဇ်ပုံရိပ်ကိုကြည့်ရင်း...
“ကျေးဇူးတင်ပါတယ် ဆရာဦးလေး’ယွဲ့’”
ထို့နောက် သူက မျက်တောင်တစ်ချက်ခတ်လိုက်ပြီး ဖခင်ဖြစ်သူကိုလှမ်းကြည့်လိုက်သည်။
ရန်တိက အနည်းငယ်ပြုံးရင်း...
“ဒီဓားက နှစ်ဖက်သွားဓားဆိုတော့ မင်းပဲယူလိုက်ပါ”
ထိုစကားကိုကြားသည်နှင့် ရန်ကျောက်ကဲက လက်ကိုပင့်မြှောက်ကာ ဓားအလင်းတန်းကို ဖမ်းယူဆုပ်ကိုင်လိုက်သည်။
ဓားရိုးကိုဆုပ်ကိုင်မိသည်နှင့် သူ့အရှေ့မှမြင်ကွင်းများ ရုတ်တရက် ပြောင်းလဲသွားသည်။
မှောင်မိုက်ပြီး ပရမ်းပတာအနေအထားဖြစ်နေသော စကြာဝဠာထဲတွင် ထက်ရှသည့်ဓားဝိညာဉ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုဓားအလင်းတန်းက ပရမ်းပတာ စကြာဝဠာကို ပိုင်းခြားလိုက်ပြီး မြေ ၊ ရေ ၊ လေ ၊ မီးတို့ကိုလှည့်ပတ်ကာ ငြိမ်သက်သွားစေသည်။
ယင်နှင့်ယန် ကွဲပြားသွားပြီး သမိုင်းမတိုင်မီကာလအစ ၊ အရိုင်းဆန်သော ကောင်းကင်ဖွင့်လှစ်ခြင်းတွင် ကြည်လင်သော ချီစွမ်းအားနှင့် မှောင်မိုက်သောချီစွမ်းအားက ပြိုင်တူ ဆင်းသက်လာသည်။
ထို့နောက် အသစ်သောဖန်ဆင်းခြင်းဖြင့် ကမ္ဘာတစ်ခု ၊ မိုးမြေတစ်ခွင်အား ဖွင့်လှစ်လိုက်သည်။
ကြီးကျယ်ခမ်းနားသောမြင်ကွင်းနှင့်အတူ ကမ္ဘာသစ်ကိုဖွင့်လှစ်ပေးသည့် အစွမ်းထက်သော ဓားသိုင်းအယူအဆက စကြာဝဠာအနှံ မရပ်မနား လည်ပတ်နေသည်။
“ကောင်းလိုက်တဲ့ဓား...”
ရန်ကျောက်ကဲက လက်ထဲရောက်လာသည့်ဓားကိုချီးကျူးလိုက်ပြီး ချင်းယွမ်ဧကရာဇ်တို့ အုပ်စုရှိရာသို့ လှမ်းကြည့်လိုက်သည်။
ဓားအလင်းတန်းကိုတွေ့မြင်လိုက်သည်နှင့် ချင်းယွမ်ဧကရာဇ်က သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး ဘာမှမပြောဘဲ လှည့်ထွက်သွားကာ သူ့ရုပ်သွင်က နေရာမှာပင် ပျောက်ကွယ်သွား၏။
အနောက်ပိုင်းထိပ်တန်းအရှင်သခင် လန်ချင်းနှင့် အရှေ့ပိုင်းထိပ်တန်းအရှင်သခင် တာအိုဆရာထျန်းယိတို့သည်လည်း အလားတူပင် လှည့်ထွက်သွားကြသည်။
သူတို့ (၂)ယောက်လုံးက အလျှင်မြန်ဆုံးတန်ခိုးစွမ်းအားကို အသုံးပြုကာ ကျူတောပင်လယ်ဒေသမှ ထွက်ခွာသွားကြခြင်း ဖြစ်၏။
သို့သော် ရန်ကျောက်ကဲက သူ့လက်ထဲမှဓားကိုတစ်ချက်ဝျေ့ယမ်းလိုက်ရာ ဓားအလင်းတန်း ရိပ်ခနဲ ထွက်ပေါ်လာသည်။
ဓားရိပ်က လေထုထဲသို့ ဖြတ်ကျော်ပျံသန်းသွားပြီး ဓားဝိညာဉ်အသွင်က အလံတစ်ခုနှင့်ဆင်တူသော်လည်း အလံတစ်ခုမဟုတ်သလို ပုဆိန်တစ်လက်နှင့်ဆင်တူသော်လည်း ပုဆိန်တစ်လက်မဟုတ်ဘဲ အချိန်နှင့် ဗလာနယ်ကို လျှင်မြန်စွာ ထိုးခွင်းသွားည်။
တစ်ချိန်တည်းပင် လေထုထဲမှ အော်ဟစ်သံ (၃)ခု ထွက်ပေါ်လာ၏။
အချိန်နှင့်ဗလာနယ်ကို သဏ္ဌန်မဲ့စွာ လိုသလိုဖြတ်သန်းသွားလာနိုင်သော အနောက်ပိုင်းထိပ်တန်းအရှင်သခင် လန်ချင်းမှာ ဗလာနယ်ထဲမှ အတင်းအကျပ် ဆွဲထုတ်ခံရပြီး သူ၏ခန္ဓာကိုယ်က ပုံပျက်လျှက် တွန့်လိမ်သွားသည်။
အရှေ့ပိုင်းထိပ်တန်းအရှင်သခင် တာအိုဆရာထျန်းယိမှာ သူ၏တန်ခိုးစွမ်းအားကုန် အသုံးပြုပြီး ပကတိမိုးကြိုးစွမ်းအားကို အသက်သွင်းလိုက်သည့်တိုင် လျှပ်စီးကြောင်းပမာ ဓားအလင်းတန်းက သူ၏ညာဘက်လက်အား ဖြတ်တောက်ပစ်လိုက်သည်။
ချင်းယွမ်ဧကရာဇ်က မိုးမြေစုပ်ယူအင်္ကျီလက်တန်ခိုးစွမ်းအားကို ထုတ်ဖော်လိုက်သော်လည်း သူ၏အင်္ကျီလက်တစ်ခုလုံး ခုတ်ပိုင်းခံလိုက်ရသည်။
သူ၏အင်္ကျီလက်အတွင်းမှ ထူထဲသောမြေကြီးနှင့် အစိမ်းရောင်သစ်ပင်ရှည်များထွက်ပေါ်လာကာ ကောင်းကင်ထိတိုင်မြင့်တက်သွားပြီး ဓားချက်ကို ကာကွယ်ရန် ကြိုးစားလိုက်သည်။
သို့သော် ခဏအတွင်းမှာပင် ထူထဲသောမြေပြင်က အက်ကွဲသွားပြီး ကြီးမားသော ဧရာမ သစ်ပင်မြင့်ကြီးများသည်လည်း ထက်ပိုင်းကျိုးပြတ်သွားလေတော့၏။