အဖေရောသားရော ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရားတွေ
Vol. 74 Ch. 1044
အခန်း (၁၀၄၄) အဖေရောသားရော ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရားတွေ
သူ့အရှေ့တွင် ပျောက်ကွယ်သွားသော ကျွမ်းရှန်ကိုကြည့်ရင်း ရန်တိ တိတ်ဆိတ်ငြိမ်သက်နေသည်။
အရှေ့တောင်ထိပ်တန်းအရှင်သခင် ချောင်ကျယ်နှင့် အနောက်တောင်ထိပ်တန်းအရှင်သခင် ‘ပိုင်တောင်း’ တို့သသည်လည်း စိတ်ရှုတ်ထွေးလျှက် ရှိကြသည်။
သူတို့နှစ်ယောက်က တောင်ပိုင်း နေဝန်းကောင်းကင်ပြည်နယ်ကို ပိုင်စိုးသော ကျွမ်းရှန်နှင့် အကြိမ်များစွာပတ်သက်ခဲ့ကြသလို ပဋိပက္ခများစွာလည်း ရှိခဲ့ကြသည်။
နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့သော ရန်သူကိုကြည့်ရင်း ချောင်ကျယ်နှင့်ပိုင်တောင်းတို့ ခေါင်းခါယမ်းမိကြသည်။
ရန်ကျောက်ကဲက ဖခင်ဖြစ်သူအနားရောက်လာပြီး စူးစမ်းသော မျက်လုံးများဖြင့် ကြည့်လိုက်၏။
ရန်တိက ခေါင်းတစ်ချက်ညိတ်ရင်း...
“ဒီကိစ္စက ဝါဒတောင်ဖွင့်ပွဲအခမ်းအနားကို မထိခိုက်ပါဘူး”
ထို့နောက် သူက မိန်းမပျိုဧကရာဇ် ၊ ချောင်ကျယ် ၊ လျိုကျန်းကူနှင့် ပိုင်တောင်းတို့အုပ်စုအား လက်နှစ်ဖက်ဆုပ် ဂါရဝပြုရင်း...
“ဒီလိုဆိုတော့... ကျွန်တော်တို့ဝါဒတောင်ဂိုဏ်းနဲ့ တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ် ဝူထုန်တောင်စောင်းကြားက ရန်ငြိုးဖွဲ့မှု ပြီးဆုံးသွားပါပြီ ၊ ဘာပဲဖြစ်ဖြစ် ကျန်တာကတော့ နောက်မှဆက်ပြောကြတာပေါ့ ၊ ဒီနေတော့ ဝါဒတောင်ဖွင့်ပွဲအခမ်းအနားကို စီစဉ်ထားတဲ့အတိုင်း ဆက်လက်ကျင်းပချင်ပါတယ်”
သူက ဆက်ပြောသည်။
“အားလုံးပဲ... လူကြီးမင်းတို့ကြွရောက်လာတာကို ဝါဒတောင်က အရမ်းဂုဏ်ယူပါတယ် ၊ အဝေးကလာရောက်တဲ့ ဧည့်သည်တော်တွေအတွက် သေရည်အကောင်းစားတွေပြင်ဆင်ထားပါတယ် ၊ ကိုယ့်အိမ်လိုသဘောထားပြီး စိတ်ကြိုက်သုံးဆောင်ကြပါ”
မိန်းမပျိုဧကရာဇ် ကျဲ့မင်ခုန်က...
“အစကတည်းက ဒီနေ့ ဝါဒတောင်ကိုလာဖို့ ရည်ရွယ်ထားပြီးသားပါ”
ရန်ကျောက်ကဲနှင့် ရန်တိတို့ အကြည့်ချင်းဖလှယ်လိုက်ကြပြီး ချက်ချင်းပင် အရေးကြီးသည့်ဧည့်သည်တော်များကို အထူးဧည့်သည်တော်နေရာသို့ ပိုဆောင်ပေးကြသည်။
ထိုအချိန် ရန်ကျောက်ကဲ၏မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက တောင်ပေါ်မှ ပျံသန်းထွက်ခွာသွားသည်။
အနက်ရောင်ဝတ်လူငယ် ပြောခဲ့သလိုပင် ဝါဒတောင်ဖွင့်ပွဲသို့ ရောက်လာပြီးမှတော့ ဂုဏ်ပြုလက်ဆောင်မပေးဘဲ ထွက်သွား၍ မဖြစ်နိုင်ပေ။
ကျန့်ဟွမ်ဓားဧကရာဇ် ပေးအပ်သောဓားဖြင့် ချင်းယွမ်ဧကရာဇ်နှင့် အခြားသူများကို တိုက်ခိုက်ရာတွင် ရန်ကျောက်ကဲက သူတို့ကို ဒဏ်ရာရရုံမျှ သာမန်တိုက်ခိုက်ခဲ့သည် မဟုတ်ပေ။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ဗလာနယ်ကို ဖြတ်သန်းပြီး ကြည့်ရှုလိုက်ရာ မတူညီသည့် လမ်းကြောင်း (၃)ခုတွင် ရတနာအလင်းတန်း (၃)ခု လင်းလက်နေသည်ကို တွေ့လိုက်ရသည်။
ရတနာအလင်းတန်းများထဲမှတစ်ခုက ကြီးမားပါးလျသော စက်ဝန်းတစ်ခုဖြစ်ပြီး သာမန်ကျောက်တုံးတစ်တုံးပမာ မှုံမှိုင်းလျှက် ရှိသည်။
ထိုရတနာပစ္စည်းက ပခုံးထက်မှ တိတိပပပြတ်တောက်နေသည့် လက်တစ်ဖက်၏ လက်ဖဝါးထက်တွင် ရှိနေသည်။
အရှေ့ပိုင်းထိပ်တန်းအရှင်သခင် တာအိုဆရာထျန်းယိလက်ထဲမှ မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစပင် ဖြစ်၏။
ဤမိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစက အလွန်ကြီးမားပြီး အတော်လေးပြည့်စုံကာ အရာတစ်ခုလုံး၏တစ်ဝက်ကျော်ပမာဏဖြစ်သည်။
သို့သော် အစောပိုင်းတိုက်ပွဲတွင် စွမ်းအားပေါက်ကွဲထားသည့်အတွက် ဤ အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစက နက်ရှိုင်းစွာအိပ်ပျော်နေသည့်ပမာ မည်သည့်စွမ်းအားမှ မရှိတော့ပေ။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ကျေနပ်စွာပြုံးလိုက်ပြီး ထိုပစ္စည်းကိုလက်လှမ်းယူလိုက်သည်။
အခြားတစ်ဖက်တွင်လည်း ရတနာပစ္စည်းတစ်ခု ရှိနေသည်။
ထိုအရာ ကြည်လင်သည့်အလင်းရောင်များတောက်ပနေပြီး သဏ္ဌန်ကင်းမဲ့စွာ လေထုထဲတွင် တိတ်ဆိတ်စွာ ပျံသန်းနေသည်။
ထိုအရာက ပိုးသားတစ်ခုနှင့်ဆင်တူလေသည်။
“ဒါက ချည်မျှင်တစ်ထောင်ရတနာပဲ...”
ထိုအရာ၏ အသွင်အပြင်ကို လေ့လာပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက မှတ်ချက်ပြုလိုက်သည်။
ဤပစ္စည်းက အနောက်ပိုင်းထိပ်တန်းအရှင်သခင် လန်ချင်းထံမှဖြစ်ပြီး အလွန်ရှားပါးသော အဖိုးတန်ရတနာ ဖြစ်သည်။
ဤရတနာပစ္စည်းကို အထက်ဘုံကမ္ဘာ ၊ အစွန်းရောက်ရှစ်ပါးကမ္ဘာ ၊ သမုဒ္ဒရာကမ္ဘာ ၊ မျောလွင့်ဝိညာဉ်ကမ္ဘာနှင့် အခြားသော အောက်ဘုံကမ္ဘာများတွင် ထုတ်လုပ်နိုင်ခြင်း မရှိပေ။
မဟာကပ်ဘေးကြီးမတိုင်ခင် ကမ္ဘာပေါင်းအသင်္ချေမှာပင် ထုတ်လုပ်နိုင်ခြင်း မရှိပေ။
ဤအရာက ထူးခြားသောပစ္စည်းတစ်ခုဖြစ်ပြီး အဆုံးမရှိသည့် ပြင်ပဗလာနယ်ထဲတွင်သာ တွေ့ရှိနိုင်ပေသည်။
မြေကြီး သို့မဟုတ် ရေ၌ ကြီးထွားခြင်းမရှိဘဲ ပြင်ပဗလာနယ်ထဲတွင်သာပေါက်ရောက်သော ရတနာသစ်ပင်တစ်ပင် ရှိလေသည်။ ထိုရတနာသစ်ပင်က ဗလာနယ်ထဲမှ စွမ်းအားများကိုစုပ်ယူပြီး ပိုးချည်မျှင်များမွေးဖွားပေးသည်။
ထိုပိုးချည်မျှင်များကို စုစည်းပြီး သန့်စင်နိုင်မည်ဆိုလျှင် ချည်မျှင်ပေါင်းတစ်ထောင်တွင် ရတနာပိုးချည်မျှင် တစ်ပင် ရရှိမည် ဖြစ်၏။ ထိုသို့သော ပိုးချည်မျှင်များကို စုစည်းပြီးမှသာ ‘ချည်မျှင်တစ်ထောင်ရတနာ’ ကို ရရှိနိုင်သည်။
ထိုပိုးချည်မျှင်ထွက်ရှိသော သစ်ပင်ကိုယ်၌က အလွန်တရာ ရှားပါးလွန်းသည်။ ထိုသစ်ပင်မှ ချည်မျှင်တစ်ပင်ရရှိရန်မှာ အလွန်ခက်ခဲပြီး ချည်မျှင်တစ်ထောင် ရရှိလိုလျှင် အပင်ပေါင်းတစ်ထောင်ခန့်မှ ပိုးချည်မျှင်များ စုစည်းရပေမည်။
ပိုးချည်မျှင်ထုတ်ယူပြီးသည်နှင့် ထိုရတနာသစ်ပင်သည်လည်း ညှိုးနွမ်းပြီး သေဆုံးသွားမည် ဖြစ်သည်။
ယခု လန်ချင်းစုစည်းထားသော “ချည်မျှင်တစ်ထောင်ရတနာ” ကိုကြည့်ရသည်မှာ ရတနာသစ်ပင်ပေါင်း တစ်သောင်းကျော်မှ ပိုးချည်မျှင်များ စုစည်းထားဟန် ရှိသည်။
အထက်ဘုံကမ္ဘာတွင် ဧကရာဇ် (၃)ပါးနှင့် အုပ်စိုးရှင် (၅)ပါးပြီးလျှင် ဗလာနယ်ကောင်းကင်ကျမ်းစာကို ကျင့်ကြံထားသည့် လန်ချင်းတစ်ယောက်သာလျှင် ဤမျှများပြားသော ချည်မျှင်တစ်ထောင်ရတနာကို စုစည်းနိုင်မည် ဖြစ်၏။
လန်ချင်းအတွက် ဤမျှများပြားသော ချည်မျှင်တစ်ထောင်ရတနာကိုရရှိရန် အချိန်ကာလကြာမြင့်စွာ စုဆောင်းခဲ့ရဟန် တူသည်။
ဤသို့သောရတနာပစ္စည်းက အလွန်ရှားပါးသည်သာမက အရည်အသွေးလည်းမြင့်မားပြီး အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု ပြုလုပ်ရန်ပင် အသုံးပြုနိုင်သည်။
ရန်ကျောက်ကဲက ထိုပစ္စည်းကိုလည်း ဝမ်းသာအားရပင် လက်ခံလိုက်သည်။
မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစနှင့် ချည်မျှင်တစ်ထောင်ရတနာကို ယူပြီးနောက် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက နောက်ဆုံးပစ္စည်းကို ကြည့်ရှုလိုက်သည်။
ဤရတနာပစ္စည်းက ချင်းယွမ်ဧကရာဇ်ထံမှ ဖြစ်သည်။
ထိုအရာက သေးငယ်ပြီး အနုစိတ်သော ကျောက်စိမ်းပုလင်းလေးတစ်လုံး ဖြစ်၏။
ထူးခြားမှုသိပ်မရှိသော်လည်း ချင်းယွမ်ဧကရာဇ် ခန္ဓာကိုယ်ထက်တွင်ဆောင်ထားသည်ကိုကြည့်ခြင်းအားဖြင့် အသုံးဝင်မှုကို လျှော့တွက်၍မရနိုင်ပေ။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ကျောက်စိမ်းပုလင်းလေးကို ဂရုတစိုက်သိမ်းဆည်းလိုက်ပြီး ဝါဒတောင်သို့ လှည့်ပြန်လာခဲ့သည်။
ဝါဒတောင် ၊ မိုးထိတောင်ထွတ်ထက်ရှိ ပင်မခန်းဆောင်ကြီးတွင်တော့ ဘိုးဘေးများကို ပူဇော်ကန်တော့ပြီးသည်နှင့် ရန်တိက စကားဆိုလိုက်သည်။
“မင်္ဂလာစည်တော် တီးခတ်ပါ”
ယခုတစ်ခေါက် စည်တီးခတ်သူက ယင်လုန်ထူမဟုတ်တော့ပေ။ ရန်ကျောက်ကဲကိုယ်တိုင် ဖြစ်သည်။
ထို့နောက် ခေါင်းလောင်းထိုးသံများသည်လည်း ကျယ်လောင်စွာထွက်ပေါ်လာပြီး ဝါဒတောင်ဖွင့်ပွဲအခမ်းအနား တရားဝင်စတင်လေသည်။
ဝါဒတောင်သို့ဝင်ရောက်ရန် တောင်ခြေတွင်စောင့်ဆိုင်းနေကြသည့် လူငယ်များမှာ ညွှန်ကြားချက်အတိုင်း တန်းစီပြီး တောင်ပေါ်သို့တက်လာကြသည်။
အစောပိုင်းတိုက်ပွဲကြီးက အလွန်တရာ အဆင့်မြင့်မားလှသဖြင့် တပည့်ငယ်များ တွေ့မြင်နိုင်ခြင်း မရှိခဲ့ကြပေ။
သို့တိုင် တိုက်ပွဲ၏ နိဂုံးအဆုံးသတ်ကိုတော့ မကြာမီ ဝါဒတောင်သို့ဝင်ရောက်မည့် လူငယ်များအားလုံး ကြားသိခဲ့ကြသည်။
ဧကရာဇ် (၃)ပါး ၊ အုပ်စိုးရှင် (၅)ပါး ၊ နယ်မြေ (၁၀)ခု အရှင်သခင်များ။
ဤစကားလုံးများသည် အထက်ဘုံကမ္ဘာတစ်ဝှမ်းရှိ လူသားများ၏ရင်ထဲတွင် နက်နက်ရှိုင်းရှိုင်းမြှုပ်နှံထားခဲ့ကြသည်။
သိုင်းကျင့်ကြံသူတစ်ယောက်ဖြစ်လိုသူတိုင်း ဤအမည်နာမများကို ကြားဖူးကြသည်ပင်။
တစ်ချိန်ကတော့ ဤအရာများက သူတို့နှင့် အနှိုင်းမဲ့ဝေးကွာလွန်းသည်ဟု ထင်မှတ်ခဲ့ကြသော်လည်း ယခုတော့ မျက်စိရှေ့သို့ရောက်နေပေပြီ။
ဝါဒတောင် ဖွင့်ပွဲအခမ်းအနားတက်ရောက်နေကြသည့် ဂုဏ်သရေရှိဧည့်သည်တော်များထဲတွင် အုပ်စိုးရှင် (၅)ပါးမှ တစ်ပါးအပါအဝင်ဖြစ်သည့် မိန်းမပျိုဧကရာဇ်ပါဝင်နေသည်။
ပိုးသားဧကရာဇ်က ရောက်ရှိလာခြင်း မရှိသေးသော်လည်း အမြဲတမ်း တံခါးပိတ်ကျင့်ကြံနေတတ်သည့် မိန်းမပျိုဧကရာဇ် လာရောက်သည့်ကိစ္စက ပိုပြီးထူးခြားလေသည်။
မိန်းမပျိုဧကရာဇ်အပြင် ထိပ်တန်းအရှင်သခင် (၁၀)ပါးမှ အရှေ့တောင်ထိပ်တန်းအရှင်သခင် ၊ အရှေ့မြောက်ထိပ်တန်းအရှင်သခင်နှင့် အနောက်တောင်ထိပ်တန်းအရှင်သခင်တို့ တက်ရောက်ခဲ့ကြသည်။
ကျန့်ဟွမ်ဓားဧကရာဇ်၏ တပည့်များသည်ပင် ရောက်ရှိလာကြသည် မဟုတ်ပါလား။
ထို့ပြင် အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်ကို ကာလရှည်ကြာအုပ်ချုပ်ခဲ့သော ကျင်းထင်တောင်မှ ကျင့်ကြံသူများသည်လည်း အရှေ့တောင်ထိပ်တန်းအရှင်သခင်နှင့်အတူ အခမ်းအနားတက်ရောက်ခဲ့ကြ၏။
အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်တစ်ခုလုံးမှ ကျော်ကြားသော သိုင်းဂိုဏ်းများ ၊ ထိပ်သီးအင်အားစုများသည်လည်း ကိုယ်စားလှယ်များစေလွှတ်ကာ ချီးကျူးဂုဏ်ပြုလွှာများ ပေးပို့ကြသည်။
ဝါဒတောင်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည်တော်များမှာ အထက်ဘုံကမ္ဘာတွင် ရာစုနှစ်တစ်ခုအတွင်း တစ်ခါမှမဖြစ်ပေါ်ဖူးသည့် အတိုင်းအတာသို့ ရောက်ရှိခဲ့သည်။
ဤသို့ အလေးပေးခံရခြင်းမှာ ဝါဒတောင်၏အရည်အချင်းမပါရှိဘဲ ကျန့်ဟွမ်ဓားဧကရာဇ်၏အရှိန်အဝါကြောင့်ဖြစ်သည်ဟု ပြောမည်ဆိုပါက အစောပိုင်းဖြစ်ပွားခဲ့သောတိုက်ပွဲက ဝါဒတောင်၏အင်အားကို လုံလောက်စွာ ပြသခဲ့ပြီး ဖြစ်သည်။
တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်ကို အုပ်စိုးသော ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းအရှင်သခင် ‘ကျွမ်းရှန်’ မှာ ဝါဒတောင်မှ ရန်ကျောက်ကဲကို ရှုံးနိမ့်ခဲ့သည်။ ထို့နောက်မှာတော့ ဝါဒတောင်ဂိုဏ်းချုပ် ရန်ကျောက်ကဲ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
ဧကရာဇ် (၃)ပါး ၊ အုပ်စိုးရှင် (၅)ပါး ၊ နယ်မြေ (၁၀)ခု အရှင်သခင်များ။
ဤသည်က ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာတွင် နေထိုင်ကြသူများစိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေသော ဒဏ္ဍာရီလာ တန်ခိုးစွမ်းအားရှင်များ ဖြစ်ကြသည်။
ယခုတော့ ၎င်းတို့အနက်မှ ထိပ်တန်းအရှင်သခင်တစ်ပါးဖြစ်သော ‘ကျွမ်းရှန်’ မှာ ရန်တိလက်ချက်ဖြင့် ဝါဒတောင်ခြေရင်းတွင် ကျဆုံးသွားခဲ့ပေပြီ။
အချိန်တိုအတွင်းမှာပင် ဤသတင်းက တောင်ပိုင်းနှင့် အရှေ့တောင်ပိုင်း ပြည်နယ်များတစ်ခွင် လှိုင်းလုံးပမာ ပျံ့နှံ့သွားမည်ဖြစ်ပြီး မကြာမီ ကမ္ဘာတစ်ဝှမ်းလုံးသို့ လျှင်မြန်စွာ ရောက်ရှိသွားမည်မှာ သေချာပေသည်။
ထိပ်တန်းအရှင်သခင်တစ်ယောက် သေဆုံးသည့်သတင်းက ဝါဒတောင်ဖွင့်ပွဲအခမ်းအနားသို့ ထိပ်တန်းအရှင်သခင် (၃)ယောက် ကြွရောက်လာသည်ဆိုသောသတင်းထက် ပိုပြီးနာမည်ကြီးပေလိမ့်မည်။
ပိုပြီးအံ့သြစရာကောင်းသည်မှာ အုပ်စိုးရှင် (၅)ပါးအနက်မှ ချင်းယွမ်ဧကရာဇ် ဝါဒတောင်သို့ လာရောက်တိုက်ခိုက်ခဲ့သည့်တိုင် ဝါဒတောင်က ပြန်လည်တွန်းလှန်နိုင်ခဲ့ခြင်း ဖြစ်၏။
မိန်းမပျိုဧကရာဇ် ရောက်ရှိလာခြင်းမရှိလျှင်တောင်မှ ၊ ကျန့်ဟွမ်ဓားဧကရာဇ်၏ အမိန့်စကားရောက်ရှိလာခြင်း မရှိလျှင်တောင်မှ ချင်းယွမ်ဧကရာဇ်သည် ကျူတောပင်လယ်ဒေသမှ ဝါဒတောင်ကို နှိမ်နင်းနိုင်မည် မဟုတ်ပေ။
သေမျိုးလူသားတစ်ယောက်အဆင့်မျှသာရှိသေးသော ရန်ကျောက်ကဲက နတ်ဘုရားတစ်ပါးကို ခုခံတွန်းလှန်နိုင်ခဲ့သည်။
ဤလုပ်ဆောင်ချက်က ဒဏ္ဍာရီဖြစ်လာပြီး သမိုင်းထင်ကျန်ခဲ့မည် အမှန်ပင်။
ဤအရာအားလုံးက ဝါဒတောင်၏တပည့်ဖြစ်လာမည့် လူငယ်များအတွက် အလွန်စိတ်လှုပ်ရှားပြီး ဂုဏ်ယူစေခဲ့သည်။
အခမ်းအနားသို့ ရောက်ရှိလာကြသော ဧည့်သည်တော်များသည်လည်း အံ့အားသင့်နေကြသည် အမှန်ပင်။
ဧည့်သည်တစ်ယောက်က မနေနိုင်ဘဲ ရေရွတ်လိုက်သည်။
“အဖေရောသားရော နှစ်ယောက်လုံးက ကောင်းကင်ဘုံကဆင်းသက်လာတဲ့ နတ်ဘုရားတွေပဲ”