← Chapters

စုတ်တစ်ချက်ဖြင့် ‌တောင်တန်းမြစ်ပြင်များကို ရေးဆွဲခြင်း

Vol. 43 Ch. 586

စုတ်တစ်ချက်ဖြင့် ‌တောင်တန်းမြစ်ပြင်များကို ရေးဆွဲခြင်း

Vol. 43 Ch. 586

စွမ်းအင်အကူးအပြောင်းတံတား၏ အစောင့်များက သခင်လေးချီနှင့် နေဧကရာဇ်ကို မြင်လျှင် သန်မာအားကောင်းလှသော နေဧကရာဇ်၏ အရှိန်အဝါကြောင့် အံ့အားသင့်သွားကြ၏။ သို့သော်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ နတ်ဘုရားများက ထိုက်ဧကရာဇ်ကောင်းကင်ဘုံသို့ မကြာခဏ ရောက်လာတတ်၍ သူတို့ကို မမေးမြန်းကြတော့ပေ။

ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ နတ်ဘုရားများသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နတ်ဘုရားများထက် အင်အားကြီးမားကြ၏။ အက္ခရာသင်္ချာနှင့် ကောင်းကင်နတ်သိုင်းနယ်ပယ်တွင်သာ အားနည်းကြခြင်းဖြစ်သည်။ တချို့ဆိုလျှင် စစ်ရေးအခြေအနေ အေးချမ်းနေစဉ် အက္ခရာသင်္ချာနှင့် ကောင်းကင်နတ်သိုင်းများ လေ့လာရန် ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ သွားရောက်ခဲ့သေးသည်။

“နောင်ကြီး၊ ကျေးဇူးပြုပြီး နာမည်စာရင်းလေး သွင်းခဲ့ပေးပါဦး” အစောင့်တစ်ယောက်က စုတ်တံတစ်ချောင်းဖြင့် ရှေ့တိုးသွားကာ ဦးညွှတ်အရိုအသေပေးလိုက်၏။

နေဧကရာဇ်က စုတ်တံယူ၍ စာရင်းအပေါ်တွင် နာမည်ချရေးလိုက်သည်။ ထို့နောက် သခင်လေးချီကို လှမ်းကြည့်လိုက်၏။ “ချရေးလိုက်” သခင်လေးချီက အနိမ့်အမြင့်မရှိ‌သောအသံဖြင့် ပြောသည်။

နေဧကရာဇ်လည်း လူငယ်၏နာမည်ကို စာရင်းသွင်းပေးပြီးနောက် စုတ်တံပြန်ပေးကာ ထွက်ခွာသွားသည်။

‘ထူးဆန်းတယ်... ဒီနတ်ဘုရားက အဲဒီလူငယ်လေးရဲ့ အမိန့်ကို နာခံနေရတဲ့ပုံပဲ... လူငယ်က သိပ်သန်မာအားကောင်းတဲ့ပုံလည်း မပေါ်ပါဘူး... ဘယ်လိုလုပ် နတ်ဘုရားတစ်ပါးကို‌တောင် စေခိုင်းနိုင်တာပါလိမ့်’

အစောင့်မှာ တအံ့တဩဖြင့် စာရင်းကို ငုံ့ကြည့်လိုက်ရာ ‘သခင်လေးချီကျုံရီ’ ဟု ရေးထားကြောင်း မြင်လိုက်ရ၏။

အားလုံး စိတ်ရှုပ်ထွေးသွားကြသည်။ “ဒီချီကျုံရီရဲ့ နောက်ခံက ဘာများပါလိမ့်”

***

ဝူဝမ်မြို့၏ တွင်းချိုင့်ကြီးဘေးတွင် နဂါးချီလင်နှင့် နွားသိုးစိမ်းကြီးသည် အချိန်ပြည့် သိုင်းကျင့်ရင်း တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြ၏။ သားရဲကြီးနှစ်ယောက်လုံး တစ်ဖက်သားရဲ၏ မဟာရန်သူတော်ကြီးဖြစ်ကြောင်း သိကြသည်။ နွားသိုးစိမ်းကြီးက နဂါးချီလင်၏ ချီလင်ပုတီးစေ့ကို ကြောက်နေသော်လည်း နွားသိုးစိမ်းကြီး၏ အတွေ့အကြုံများနှင့် သက်လုံက သူ့ထက် သာမှန်း နဂါးချီလင် သိထား၍ ကျားကုတ်ကျားခဲ ကျင့်ကြံနေသည်။

နွားသိုးစိမ်းကြီးကလည်း ဖက်တီးနဂါးသည် ဉာဏ်နီဉာဏ်နက်များပြီး သူ့ကို ရှင်းပစ်ချင်နေသည်မှာ ကြာပြီဖြစ်ကြောင်း သိနေ၏။ နဂါးချီလင် မဆုတ်မနစ် ကျင့်ကြံနေစဉ် တစထက်တစ ကြီးမားလာသော နဂါးပုတီးစေ့တစ်စေ့ကို ကြည့်ကာ သူ့ရင်ထဲတွင် လေးလံလာသဖြင့် သူလည်း ကြိုးကြိုးစားစား ကျင့်ကြံနေတော့သည်။

သားရဲကြီးနှစ်ကောင်၏ ပြိုင်ပွဲကြောင့် ချင်မူမှာ အလွန်တရာ ပျော်ရွှင်နေ၏။

ရုတ်တရက် သူ့ခန္ဓာကိုယ်မှ ဂျိန်းခနဲ မြည်သံထွက်လာပြီး မိစ္ဆာလမ်းစဉ် အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာ၏ အတားအဆီးနံရံ ကျိုးပျက်သွားသည်။ ဤဖြစ်ရပ်ကြောင့် သူ၏ချီစွမ်းအင်မှာ များစွာတိုးတက်လာလေသည်။

ချင်မူ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်လိုက်သည့်အခါ နတ်ဘုရားချီစွမ်းအင်နှင့် မိစ္ဆာချီစွမ်းအင်က သက်ဆိုင်ရာလမ်းကြောင်းများအတိုင်း စီးဆင်းသွားသည်။ သို့သော် မိစ္ဆာလမ်းစဉ် ခုနစ်စဉ်ကြယ်ကောင်းကင်ရတနာမှာ မပွင့်သေးသောကြောင့် ကျင့်စဉ်လှည့်ပတ်လိုက်သည့်အချိန်တွင် လမ်းနှစ်လမ်း၏ စွမ်းအင်လှည့်ပတ်မှုသည် အပြည့်အဝ မကိုက်ညီသေးပေ။

စွမ်းအင်လှည့်ပတ်မှုသာ ပြိုင်တူဖြစ်နေလျှင် သူ့အတွက် လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်ရန် ပိုမိုလွယ်ကူလိမ့်မည်။ ယခုတွင် သူ၏မိစ္ဆာချီစွမ်းအင်က အရပ်ခြောက်မျက်နှာကောင်းကင်ရတနာ၌ ရပ်လိုက်ရပြီး နတ်ဘုရားချီစွမ်းအင် ခုနစ်စဉ်ကြယ်ကောင်းကင်ရတနာကို ဖြတ်၍ စီးဆင်းပြီးသည်အထိ စောင့်နေရသည်။

ထို့ကြောင့် အချိန်ကြာသည်။ အချိန်ကြာရုံသာမက အလွယ်တကူ စိတ်အာရုံပျံ့လွင့်သွားနိုင်သည်။ စွမ်းအင်ကို ကောင်းကင်နတ်အသွင်အဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန်တွင်သာ အပြည့်အဝ အသုံးမချနိုင်သည့်အတွက် သူ၏တိုးတက်နှုန်းအပေါ်လည်း သက်ရောက်မှုရှိ၏။

‘မိစ္ဆာလမ်းစဉ် ခုနစ်စဉ်ကြယ်ကောင်းကင်ရတနာကို ဖွင့်ပြီးသွားရင် ကြယ်တာရာခုနစ်စင်းနဲ့ အရပ်ခြောက်မျက်နှာကို ပေါင်းစည်းဖို့ လိုသေးတယ်... အဲဒါမှ ငါ့သိုင်းအခြေခံက ခိုင်မာသွားပြီး ‌ကောင်းကင်နတ်အသွင်အဆင့် တက်နိုင်မှာ’

ချီစွမ်းအင်က သူ့ခန္ဓာကိုယ်ထဲတွင် မနားတမ်း လှည့်ပတ်နေသည်။ ရွှေအက သူ၏တတိယမျက်လုံးကို ချိတ်ပိတ်ထား၏။ အဘွားစစ်က သူ့အတွက် ထိုသို့လုပ်ပေးထားခြင်းဖြစ်ကြောင်း ရှင်းပြပေးခဲ့သည်။ တတိယမျက်လုံး ချိတ်ပိတ်ထားသော်လည်း ချင်မူ ထူးထူးဆန်းဆန်း မည်သည်ကိုမှ မခံစားမိပေ။ သူ၏ချီစွမ်းအင်က တတိယမျက်လုံးထဲသို့ ဝင်ရောက်ပြီး လမ်းကြောင်းအတိုင်း လှည့်ပတ်ကာ မျက်လုံး၏ခွန်အားကို မြှင့်တင်ပေးနိုင်သေးသည်။

ရွှေအက တတိယမျက်လုံးအား ချိတ်ပိတ်ပေးရန် ရွှေရောင်မိုးမခသစ်ရွက်တစ်ရွက်ကို အချိန်ယူသွန်းလုပ်ပေးခဲ့၏။ မျက်ကန်း၊ အဘွားစစ်၊ သားသတ်သမား၊ နားကန်းနှင့် ကျန်ရှိသူများလည်း လိုအပ်သော အစိတ်အပိုင်းများအား သွန်းလုပ်ရင်း ဘေးမှ ကူညီပေးခဲ့သည်။ အတားအဆီးဝင်္ကပါကိုမူ မျက်ကန်းကိုယ်တိုင် ရေးဆွဲပေးခဲ့သည့်အပြင် အားလုံး သူတို့၏မှော်စွမ်းအင်များအား ရွှေရောင်မိုးမခသစ်ရွက်လေးအပေါ်တွင် ခတ်နှိပ်ပြီးနောက်မှ အပြီးသတ်နိုင်ခဲ့သည်။

အဘွားစစ်ကိုယ်တိုင် ရွှေရောင်မိုးမခသစ်ရွက်ကို ချင်မူ၏မျက်ခုံးနှစ်ဖက်ကြား၌ ကပ်ပေးခဲ့သည်။ ဒုက္ခိတဘိုးဘွားကျေးရွာ၏ အဘိုးအဘွားများက သေရေးရှင်ရေးအန္တရာယ်နှင့် မကြုံတွေ့ရသရွေ့ ရွှေရောင်မိုးမခသစ်ရွက်ကို ဘယ်သောအခါမှ မခွာရန် သတိပေးခဲ့၏။

အလွန်အနုစိတ်လှသော အကြောများက ရွှေရောင်မိုးမခသစ်ရွက်အပေါ်တွင် ပေါ်လွင်နေရာ ရွှေသစ်ရွက်မှာ အလွန်လှပလေသည်။ ဟူလင်းအာမှာ ရွှေရောင်မိုးမခသစ်ရွက်ကို မြင်လျှင် အလွန်မနာလိုဖြစ်ပြီး သူမလည်း မိုးမခသစ်ရွက်တစ်ရွက် လိုချင်ကြောင်း ဆူဆူညံညံ ပူဆာတော့သည်။

မျက်ကန်း၊ နားကန်းနှင့် ကျန်ရှိသူများက ဟူလင်းအာကို အလိုလိုက်သည့်အတွက် ရွှေရောင်မိုးမခသစ်ရွက်‌နောက်တစ်ရွက် သွန်းလုပ်ပေးရန် ရွှေအဆီ ပြောပေးရသည်။ ဤတစ်ကြိမ်တွင် ရွှေရောင်မိုးမခသစ်ရွက်ထဲ၌ အတားအဆီးအစီအရင် မပါပေ။ မျက်ကန်းနှင့် နားကန်းက ကောင်းကင်မျက်လုံးများနှင့် ပန်းချီကမ္ဘာတစ်ခုကို ထည့်သွင်းပေးလိုက်၏။ တုနှိုင်းမဲ့ ထို့နောက် ပြိုင်ဘက်ကင်းလောက်အောင် ရှုပ်ထွေးသော ဝင်္ကပါတစ်ခုကို မိုးမခသစ်ရွက်အပေါ် ခတ်နှိပ်ပေးခဲ့သည်။

နားကန်းမှ ဟူလင်းအာ၏ နဖူးပေါ်တွင် ရွှေရောင်မိုးမခသစ်ရွက်သေးသေးလေး ကပ်ပေးလိုက်သည့်အခါ ဟူလင်းအာမှာ ပြောပြမတတ်အောင် ပျော်နေတော့သည်။ သူမက သစ်ရွက်ကို မကြာခဏ အသက်သွင်းတတ်၏။ အသက်သွင်းလိုက်သည့်အခါ သူမ၏မျက်ခုံးနှစ်ဖက်ကြားမှ အလင်းတန်းတစ်တန်း ထွက်လာကာ ကျောက်ဆောင်ကြီးများကို နှစ်ခြမ်းခွဲပစ်တတ်သည်။

ဟူလင်းအာသည် မိစ္ဆာနတ်မင်းငါးပါး၏ မြေခွေးနတ်မင်းဆီမှ မှော်အစီအရင်များ သင်ယူခဲ့သောကြောင့် သူမ၏သိုင်းအဆင့်မှာ အားမနည်းပေ။ မြေခွေးနတ်မင်းက ‘ကွယ်လွန်သွားသော’ ရွာလူကြီး၏ တာအိုမိတ်ဆွေတစ်ဦး ဖြစ်သည့်အပြင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ မိစ္ဆာမျိုးနွယ်အပေါ် အုပ်ချုပ်နေသူလည်း ဖြစ်၏။ ချင်မူကလည်း ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်၏ ကျောင်းသားများအား သင်ကြားပို့ချပေးရန် သူမကို ဖိတ်ခေါ်ခဲ့ဖူး၍ သူတို့ကြားရှိ ဆက်ဆံရေးမှာ အလွန်ကောင်းမွန်ပေသည်။

အဘွားစစ်၊ သားသတ်သမားနှင့် ကျန်ရှိသူများက ရှုပ်ထွေးနေသော ကျင့်စဉ်များ ရှင်းလင်း၍  သင့်တော်မည့် ကျင့်စဉ်အား ထုတ်နုတ်နေကြသည်။ သူတို့က လူသားခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်လှည့်ပတ်ရာ လမ်းကြောင်းနှင့်ပတ်သက်၍ ဆွေးနွေးကြပြီး အားလုံး၏ အားသာချက်များ စုထားသည့် လူသားခန္ဓာတစ်ခုအား တည်‌ဆောက်လိုက်ကြ၏။

တစ်ဦးချင်းစီ၏ နယ်ပယ်အထူးပြုကျင့်စဉ်များက မတူညီသောကြောင့် ပြင်ဆင်ပြောင်းလဲမှုများ ပြုလုပ်ရင်း ပိုမိုသင့်တော်မည့် အခြေခံကို ပုံဖော်လိုက်ကြသည်။

ချင်မူက အဘွားစစ်ဆီမှ သူတို့ပုံဖော်တည်ဆောက်ထားသော လူသားခန္ဓာ၏ စွမ်းအင်လှည့်ပတ်ပုံကို တောင်းလိုက်ပြီး ဂရုတစိုက် သိမ်းလိုက်သည်။

“မူအာ၊ မင်းမှာ ပိုကောင်းတဲ့ ကျင့်စဉ်ရှိနေပြီးသားပဲ... ဘာလို့ ဘွားဘွားတို့ကျင့်စဉ်ကို သိမ်းထားချင်သေးတာလဲ” အဘွားစစ်မှာ နားမလည်နိုင် ဖြစ်နေ၏။

“ဘွားဘွား၊ ဘွားဘွားတို့ လုပ်ခဲ့တာက ကောင်းမှုကြီးတစ်ခုပဲ... ဘွားဘွားတို့ တည်ဆောက်ခဲ့တဲ့ လူသားခန္ဓာ ချီစွမ်းအင်လည်ပတ်ပုံက ရုပ်ခန္ဓာရဲ့ အစိတ်အပိုင်းတိုင်းနဲ့ မူလဝိညာဉ်ကို လေ့ကျင့်ပေးနိုင်တဲ့ ကျင့်စဉ်တစ်ခုလို့ ပြောလို့ရတယ်” ချင်မူက လေးနက်တည်ကြည်စွာ ပြောလိုက်သည်။

“တခြားသူတွေအနေနဲ့ ကျွန်တော့်ကျင့်စဉ်ကို လေ့လာဖို့ ခက်ခဲလိမ့်မယ်... လောကသခင်ခန္ဓာမဟုတ်ရင် ကျင့်မရဘူးဆိုတော့ လက်လွှဲပေးဖို့ ခက်နေတယ်... ဒုက္ခိတဘိုးဘွားကျေးရွာက လူတိုင်းရဲ့ အားသာချက်တွေကို စုပေါင်းထားတဲ့ ဒီကျင့်စဉ်ကတော့ ကျင့်ကြံဖို့ ရိုးရှင်းမယ်ထင်တယ်.... ကျန်တဲ့ကျင့်ကြံသူတွေကိုလည်း ကျွန်တော်တို့ မျှဝေပေးလို့ ရမယ်... ကျွန်တော် ဒီကျင့်စဉ်ကို ဖြန့်ဝေပေးချင်တယ်... ဒါဆို နောင်တစ်ချိန်ကျရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ နတ်ဘုရားအားလုံးက ဘွားဘွားတို့ရဲ့ တပည့်တွေ၊ ဆက်ခံသူ ဖြစ်လာလိမ့်မယ်”

အဘွားစစ် မှင်သက်သွားကာ ပြုံးလျက် ပြောလိုက်သည်။ “ဘွားဘွားတို့ အဲဒီလောက်ထိ မတွေးမိလိုက်ဘူး”

ချင်မူမှာ ရင်ထဲတွင် ဖော်ပြမတတ်အောင် တက်ကြွနေသည်။ သူ လူသားခန္ဓာ၏ ချီစွမ်းလင်လှည့်ပတ်ရာ လမ်းကြောင်းကို ပထမဆုံးအကြိမ် တည်ဆောက်ခဲ့စဉ်က အကျယ်တဝင့် မတွေးမိခဲ့ပေ။ သူ့အတွက် အသင့်တော်ဆုံးဖြစ်မည့် ကျင့်စဉ်တစ်ခု ထုတ်နုတ်ရန်သာ အာရုံစိုက်ခဲ့သဖြင့် သူ၏ကျင့်စဉ်ဖြင့် လမ်းစဉ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

နောက်ပိုင်းတွင် အဘွားစစ်၊ မျက်ကန်း၊ ရွှေအ၊ သားသတ်သမားနှင့် ကျန်ရှိသူများဆီ ရှင်းပြခဲ့ပြီး သူတို့ကလည်း အကျယ်တဝင့် မတွေးခဲ့ပေ။ အစစ်အမှန်နတ်ဘုရား၏ ခန္ဓာဖွဲ့စည်းပုံအတွက် အားလုံး၏ အားသာချက်များကို စုပေါင်း၍ အားနည်းချက်များကို ပြုပြင်ရန်သာ စိတ်ကူးရှိခဲ့၏။

သို့တိုင်အောင် ရည်ရွယ်ထားခြင်းမရှိဘဲ လုပ်ဆောင်ခဲ့သော အပြူအမူက ရုပ်ခန္ဓာအစိတ်အပိုင်းအားလုံးနှင့် ဝိညာဉ်အစိတ်အပိုင်းအားလုံးကို လေ့ကျင့်ပေးနိုင်သော ကျင့်စဉ်တစ်ခုအား ဖန်တီးပေးနိုင်ခဲ့ချေပြီ။

ဤသည်မှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အစစ်အမှန်နတ်ဘုရားအဆင့် ပထမဆုံးကျင့်စဉ် ဖြစ်လာလိမ့်မည်။ အနယ်နယ်အရပ်ရပ်သို့ လက်ဆင့်ကမ်း ဖြန့်ဝေပေးနိုင်လိမ့်မည်။

ဤအောင်မြင်မှုနှင့် ကောင်းမှုကုသိုလ်မှ တိုင်းထွာ၍မရနိုင်အောင် ကြီးမားလှ၏။

အဘွားစစ်နှင့် ကျန်ရှိသူများအနေဖြင့် သတိထားမိလောက်မည်မဟုတ်သော်လည်း ချင်မူကတော့ သတိထားမိသည်။

ဤကျင့်စဉ် ပျံ့နှံ့သွားသည်နှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နတ်ဘုရားအများစုသည် အဘွားစစ်၊ သားသတ်သမားနှင့် ကျန်ရှိသူများ၏ တပည့်များ ဖြစ်လာကြလိမ့်မည်။ တစ်လောကလုံးတွင် သူတို့၏တပည့်များ ပြည့်နေလိမ့်မည်ဟု ဆိုလို၏။

ချင်မူ ပတ်ဝန်းကျင်သို့ ဝေ့ဝဲကြည့်လိုက်သည့်အခါ ဝူဝမ်မြို့တစ်မြို့လုံး တွင်းချိုင့်ကြီးဖြစ်လာခဲ့ကြောင်း မြင်လိုက်ရသည်။ ‘နတ်ဘုရားစန်းယဲ့ကို ဘယ်လိုပြောရပါ့... သူ ပြန်မလာခင် ငါတို့ကို ရက်ပိုင်းလောက် စောင့်ရှောက်ခိုင်းခဲ့ပေမယ့် အခုတော့ .... ဝူဝမ်မြို့လည်း မရှိတော့ဘူး.. ကင်းစခန်းလည်း ပျက်စီးနေပြီ... ပြန်ဆောက်ရမလား...”

ရုတ်တရက် မျက်ကန်း၏ခန္ဓာကိုယ် အတန်ငယ် တုန်ရီသွားပြီး သူ၏ပိတ်ထားသော မျက်လုံးများက မြောက်အရပ်သို့ ‘ကြည့်’ လိုက်သည်။ သူက အလေးအနက် ပြော၏။ “မိစ္ဆာနတ်ဆိုးတွေ ချီတက်လာနေပြီ... ရှေ့ပြေးတပ်က ဒီနေရာကနေ သိပ်မဝေးတော့ဘူး”

ချင်မူ မြောက်အရပ်သို့ အလျင်အမြန် လှမ်းကြည့်လိုက်သည့်အခါ တောင်တန်းများနှင့် မိစ္ဆာနတ်ဆိုးချီများကို မြင်လိုက်ရသည်။ သူ့အကြည့်မှာ မိုင်ရာဂဏန်းများမျှသာ သွားနိုင်သဖြင့် မိစ္ဆာစစ်တပ်ကြီးကို မမြင်ရပေ။

အဘွားစစ်နှင့် ကျန်ရှိသူများလည်း လှည့်ကြည့်လိုက်ကြပြီး အုံကြွနေသော မိစ္ဆာနတ်ဆိုးချီများကိုသာ မြင်လိုက်ရ၏။ မျက်ကန်းပြောခဲ့သလို မိစ္ဆာနတ်ဆိုးစစ်တပ်ကြီးအား မမြင်ရပေ။

“‌ရှေ့ပြေးတပ်က ဒီကနေ မိုင်ငါးထောင် ကွာနေသေးတယ်” မျက်ကန်းက မျက်လုံးများဖွင့်၍ ပြောလာသည်။ “မင်းရဲ့ ကောင်းကင်မျက်လုံးတွေက ပြီးပြည့်စုံတဲ့အဆင့် မရောက်သေးသလို၊ စိတ်မျက်လုံးကိုလည်း မကျင့်ကြံရသေးတော့ အဲဒီလောက်အကွာအဝေးအထိ မမြင်နိုင်သေးတာပဲ”

မျက်ကန်း၏ စိတ်မျက်လုံးများသည် အတိုင်းထက်အလွန် အားကောင်းသည့်အတွက် ကောင်းကင်မျက်လုံးများ မမြင်နိုင်သော အရာများကို မြင်နိုင်ကြောင်း ချင်မူ သိထားသော်လည်း မိုင်ငါးထောင်အကွာအဝေးအထိ မြင်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

“ရှေ့ပြေးတပ်မှာ မရေမတွက်နိုင်တဲ့ မကောင်းဆိုးဝါးတွေ ပါလာတယ်... ပြေးနှုန်းက သိပ်မြန်သလို၊ အစွမ်းအစတွေကလည်း ပေါ့သေးသေး မဟုတ်ဘူး” မျက်ကန်းက မျက်လုံးပြန်ပိတ်လိုက်သည်။ “စစ်တပ်ကို ကြီးကြပ်နေတဲ့ မိစ္ဆာနတ်ဘုရားတွေလည်း အများကြီးပဲ.... သူတို့က အင်မတန် ကြောက်စရာကောင်းတယ်... ငါ ကြည့်နေတာကိုလည်း သတိထားမိတယ်... လောလောဆယ် ငါ့အကြည့် လာနေတဲ့နေရာကို လိုက်ရှာနေကြတယ်... မြန်မြန် ဧကရာဇ်အတိုင်ပင်ခံဆီ အကြောင်းကြားကြ... မဟုတ်ရင် အချိန်မရတော့ဘူး”

“ကျွန်တော် လျှို့ဝှက်ချက်သုံးသွယ် မူလဝိညာဉ်ညီလာခံနဲ့ ကောင်းကင်နတ်မယ်ရှန်းကို အကြောင်းကြားလိုက်မယ်” ချင်မူ ကမန်းကတန်း ပြောလိုက်သည်။ သူ၏မူလဝိညာဉ်က စစ်ယွင်ရှန်း၊ လင်ယွိရှို့နှင့် ကျန်ရှိသူများကို အကြောင်းကြားရန် ထွက်သွား၏။

မိုင်ငါးထောင်အကွာတွင် မနှိုင်းသာအောင် မြင့်မားလှသည့် ဘိုးဘေးမိစ္ဆာနတ်ဆိုးများက အကြည့်၏အရင်းအမြစ်ကို လိုက်ရှာနေကြသည်။ သူတို့၏မျက်လုံးများမှ မီးတန်းများ ထွက်လာနေကြသည်။

မျက်ကန်းက စိတ်မျက်လုံးဖြင့် သူတို့ကို ‘ကြည့်’ လိုက်သည့်အတွက် ရန်သူထောက်လှမ်းနေမှန်း ခံစားခဲ့ရကြသော်လည်း အရင်းအမြစ်ကို ရှာမတွေ့သောကြောင့် ဘိုးဘေးမိစ္ဆာနတ်ဆိုးများ ဒေါသတချောင်းချောင်း ထွက်နေကြသည်။ သူတို့က ယိုတုမကောင်းဆိုးဝါးများကို အသော့နှင်ကာ တောင်တန်းများကို ဖြတ်ကျော်၍ အရှေ့အရပ်သို့ ချီတက်နေကြ၏။

မျက်ကန်းက ဆက်လက်စောင့်ကြည့်ရင်း အလေးအနက် ပြောလိုက်သည်။ “မိစ္ဆာနတ်ဘုရားအရေအတွက်က မနည်းဘူး... သိပ်အင်အားကြီးကြတယ်... ဒီနေရာမှာ ငါတို့အတွက် အခြေစိုက်စခန်းလည်း မရှိတော့ မြန်မြန် ဆုတ်မှဖြစ်မယ်.... သူတို့အမြန်နှုန်းက သိပ်မြန်တယ်”

ဆေးဆရာက‌ ခေါင်းယမ်း၏။ “ဒါပေမဲ့ ပတ်ဝန်းကျင်မှာ လေ့ကျင့်နေကြတဲ့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေ ရှိတယ်.... ငါတို့ကတော့ ထွက်သွားနိုင်ပေမယ့် သူတို့ကတော့ ပြေးနိုင်မှာမဟုတ်ဘူး... ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေကို ထည့်မတွက်လို့ ရပေမယ့် အများစုက ငါတို့ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကောလိပ်ကျောင်းတွေ၊ တက္ကသိုလ်တွေက ‌ကျောင်းသားတွေ ဖြစ်နေတယ်... သူတို့အားလုံး ဒီမှာ သေသွားကြရင် လူငယ်မျိုးဆက်ရဲ့ လက်ရွေးစင်ထက်ဝက်လောက် ဆုံးရှုံးသွားလိမ့်မယ်”

ပါမောက္ခပါ့ရှန် မျက်မှောင်ကြုတ်သွားသည်။ “ရန်သူကို ဒီနှုန်းထားနဲ့ ချီတက်လာခွင့်ပေးလိုက်ရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံအနေနဲ့ ပြင်ဆင်ချိန်ရလိုက်မှာ မဟုတ်ဘူး.. ငါတို့ သူ့အတွက် အချိန်ဆွဲပေးထားရမယ်”

ချင်မူ မူလဝိညာဉ်ကို အလျင်အမြန် ပြန်ခေါ်ကာ ပြောလိုက်သည်။ “ကျွန်တော်တို့မှာ အခြေစိုက်စခန်း ရှိတယ်.... ဟော့ဒီတွင်းချိုင့်ကြီးလေ”

သားသတ်သမားက တဟားဟား ရယ်လိုက်၏။ “ဟုတ်တယ်... ဒီမှာ ရှိနေတာပဲ... ငါတို့ အဲဒီခွေးမသားမိစ္ဆာတွေကို တားလို့ရတယ်”

“ဆရာ၊ ဘယ်လိုလုပ်ကြမှာလဲ” ပါ့ရှန် မေးလိုက်မိသည်။

အားလုံး နားကန်းဆီသို့ ခေါင်းလှည့်ကြည့်လိုက်ကြ၏။

“ဧကရာဇ်အတိုင်ပင်ခံ တစ်ခါပြောခဲ့ဖူးတယ်... အင်အားတစ်သန်း စစ်တပ်ကို ယှဉ်နိုင်တဲ့ လူတစ်ယောက် ရှိတယ်တဲ့... ဧကရာဇ်အတိုင်ပင်ခံက သူ့ကို ပန်းချီနတ်ဘုရားလို့ ခေါ်ပြီး ချီးမြှောက်ဂုဏ်ပြုတဲ့အနေနဲ့ ပန်းချီနတ်ဘုရားစံအိမ် တည်ဆောက်ခဲ့တယ်” သားသတ်သမားက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။

သူ့အကြည့်က နားကန်းအပေါ် ကျရောက်သွား၏။ “ဒီလူက လက်ရေးလှနဲ့ ပန်းချီပညာမှာ ပြိုင်ဘက်ကင်းပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ လူအင်အားတစ်သန်း စစ်တပ်ကြီးကို သတ်ဖြတ်ခဲ့တယ်... ကောင်းကင်ပန်းချီအိမ်ရှေ့မင်းသား၊ မင်းရဲ့စွမ်းရည်တွေ တိုးတက်လာပြီလား”

နားကန်းက စုတ်တံထုတ်ကာ ညင်ညင်သာသာ လှုပ်ခါလိုက်သည်။ စုတ်တံသည် တိုင်လုံးကြီးပမာ ကြီးမားလာပြီး သူက အေးဆေးတည်ငြိမ်စွာ ပြောလိုက်၏။ “စုတ်တစ်ချက်နဲ့ တောင်တန်းမြစ်ပြင်တွေ ရေးခြယ်ပြီး ကမ္ဘာတစ်ခုနဲ့ နတ်ဘုရားတွေကို ငါ ဖန်ဆင်းနိုင်မလား”

All Chapters