← Chapters

စုတ်တစ်ချက်နဲ့ ပန်းချီခြယ်... မြစ်တစ်စင်းလို စီးမျောလာသော ကဗျာစာသား

Vol. 43 Ch. 587

စုတ်တစ်ချက်နဲ့ ပန်းချီခြယ်... မြစ်တစ်စင်းလို စီးမျောလာသော ကဗျာစာသား

Vol. 43 Ch. 587

“ဖန်ဆင်းနိုင်တယ်” အဘွားစစ်နှင့် ကျန်ရှိသူများ တစ်ပြိုင်တည်း အော်ဟစ်လိုက်ကြသည်။

နားကန်းက ဝူဝမ်မြို့၏ တွင်းချိုင့်ကြီးဆီသို့ လက်လှမ်းလိုက်ပြီး သူ၏မှော်စွမ်းအင် စီးမျောထွက်သွား၏။ ချော်ရည်တိုင်လုံးကြီးတစ်လုံး ကောင်းကင်ယံသို့ မြောက်တက်လာသည်။

နားကန်းသည် ချော်ရည်ပူကို မင်၊ မြေပြင်ကို စာရွက်သဖွယ် အသုံးချကာ စုတ်တံဖြင့် ရေးခြယ်နေ၏။

သူက စုတ်တံကို နတ်ဘုရားအဆင့်နီးပါး ကျင့်ကြံထားသော မီးဝံပုလွေတစ်ကောင်၏ အမြီး၊ မဟာမြို့ပျက်၏ မြို့ပျက်တစ်ခုတွင် တွေ့ခဲ့သော နတ်ဘုရားအရိုးဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ ချင်မူငယ်ငယ်တုန်းက ထိုစုတ်တံနှင့် မကြာခဏ ကစားတတ်ပြီး နားကန်း သိသွားလျှင် အမြဲရိုက်ခံထိခဲ့သည်။

မီးဝံပုလွေ၏အမြီးက မီးနှင့်ထိလျှင်ပင် မီးမလောင်ပေ။ နတ်ဘုရား၏အရိုးကလည်း အလိုရှိသည့် စွမ်းအားကို ထုတ်လွှတ်ပေးနိုင်သဖြင့် နားကန်း စိတ်တိုင်းကျ ရေးခြယ်နိုင်၏။

နားကန်းသည် ဣန္ဒြေသိက္ခာအပြည့်ဖြင့် နေတတ်သူ ဖြစ်ပြီး တစ်ခါတရံ စာအုပ်ကြီးအတိုင်း ပြူမူတတ်၏။ မင်းညီမင်းသားတစ်ပါးကဲ့သို့ အဟန့်အထည်လည်း ရှိသည်။ သို့သော် ဆင်းရဲမွဲပြာကျနေစဉ်အခါက ပန်းချီကားများ ရောင်းရန် တစ်ချက်ပင် မအော်ရဲဘဲ လမ်းထောင့်တစ်နေရာတွင်သာ ကုပ်ကုပ်လေး ထိုင်နေခဲ့သည်။

ယခုတွင် သူ စုတ်တံကို ကိုင်လိုက်သည့်အခါ စုတ်တံ၏ထိပ်ဖျားသည် အကြမ်းစားဆန်လာ၏။ သူလည်း ရုတ်တရက် ကြမ်းတမ်းခက်ထန်လာသည်။ အားမာန်အပြည့်ရှိသော စာပေသမားတစ်ယောက်၏ဟန်ပန် ရှိသလို၊ အချုပ်အနှောင်ကင်းမဲ့စွာ သောင်းကျန်းတတ်သော ပုံစံလည်း ရှိနေသည်။

“နားကန်း ငါ ကူညီပေးမယ်”

သားသတ်သမားက မီးဟုန်းဟုန်းတောက်နေသော ပန်းချီကားတစ်ချပ် ‌ရေးခြယ်နေသည့် စုတ်တံထိပ်ဖျားအား မြင်လျှင် စိတ်အားတက်ကြွလာ၏။ သူက နားကန်း စိတ်တိုင်းကျ ရေးခြယ်နိုင်အောင် ဓားမကို ဝှေ့ယမ်းလျက် မြေညှိပေးလိုက်သည်။

ထို့နောက် ချီစွမ်းအင်ကို တိုင်လုံးကြီးသဖွယ် ဖွဲ့တည်လျက် ‌ချော်ရည်များ ခဲမသွားအောင် အဆက်မပြတ် မွှေပေးနေသည်။ ထိုသို့မွှေရင်း သားသတ်သမားက ကဗျာရွတ်၏။ “စုတ်တစ်ချက်က မြွေနဂါးလို ရွေ့လျားသွားတဲ့အခါ ... ကဗျာစာသားတွေ မြစ်ရေစီးသလို ထွက်လို့လာတယ်... ကောင်းမှုကုသိုလ်တွေ ဆောက်တည်နိုင်ပြီး ပညာတွေ တိုးတက်ခဲ့တဲ့ နှစ်တစ်နှစ်.... ဧကရာဇ်ခန်းမအထိ တက်လှမ်းကာရယ် ... သူရဲကောင်းတစ်ယောက်ကို ရွေးချယ်တယ်... အဘယ်သူက နဂါးခေါင်းကို သိမ်းပိုက်ပြီး ကောင်းမှုကုသိုလ်၊ အောင်မြင်မှုတွေ မဆောင်ကြဉ်းချင်မလဲ

“အထင်များနဲ့ ဆန့်ကျင်ပြီး အဖြစ်ဆိုးမှ ထင်ပေါ်လာတယ်... တစ်ချိန်က အမှတ်တရ... ချီးမြှင့်ခံစံအိမ်... ယခင်က ကောင်းကင်ပန်းချီတိုင်းပြည်.... ယခု ဝူဝမ်မြို့.... ဆံပင်အဖြူ၊ ဝတ်ရုံအစိမ်းနဲ့ သက်ပြင်းချလျက်.... ဧည်သည့်တွေအတွက် တံခါးဝကို ဖန်ဆင်းတော့မယ်... ပေါက်ဖွားလာတဲ့ ကဗျာစာသား... နတ်ဘုရားရှိန်ဝါ လေအဝှေ့နဲ့.... သမုဒ္ဒရာဆီသို့ ပျံလွင့်သွား...

“ခံ့ညားထည်ဝါ စာသားတွေနဲ့ မြေပြင်ဆီသို့ ပြန်အရောက်မှာ .... စာပေသမားအိုကြီး ဖြစ်လာခဲ့ပြီ”

သားသတ်သမား၏ ထက်သန်လှသော ကဗျာဉာဉ်က သူရဲကောင်းဆန်ဆန် ခံစားချက်ဖြင့် နားကန်း၏ဘဝကို ဖော်ကျူးနေသော ကဗျာတစ်ပုဒ်အား ဖန်တီးပေးလိုက်သည်။ တစ်လောကလုံးတွင် ရှိရှိသမျှ စာအုပ်တိုင်းကို ဖတ်ရှုခဲ့သူ၊ ထူးချွန်သော ကောင်းကင်ပန်းချီတိုင်းပြည်၏ အိမ်ရှေ့မင်းသားသည် တိုင်းပြည်ပျက်စီးပြီး တစ်ကောင်ကြွက်အဖြစ်သို့ ရောက်ခဲ့ရ၏။ သူ့မှာ ချွတ်ချုံကျသွား၍ ပန်းချီကားများ ရောင်းချရင်း အသက်ဆက်ခဲ့ရသည်။ ကဗျာက ဒေါသစိတ်များ ထကြွလာအောင် လုပ်နိုင်သလို၊ အသက်အရွယ်အိုမင်းလာမှုအပေါ် ဝမ်းနည်းစိတ်လည်း ကိန်းဝပ်နေ၏။

“အဘာ”

ရွှေအက လက်မထောင်ပြပြီး သူ၏တျန်းထန်မှ ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်လာသည်။ အသံသည် နေလုံးကြီးတစ်လုံး အလျှံတညီးညီး ထတောက်သွားသံကဲ့သို့ ဖြစ်ပြီး သူ့အနောက်ရှိ မီးဖိုကြီးကား မီးတောင်ကြီးသဖွယ် မီးဟုန်းဟုန်းတောက်လျက် မီးစွမ်းအင်အား ချော်ရည်ထဲသို့ ထည့်သွင်းပေးနေသည်။

ပူပြင်းတောက်လောင်နေသော မီးတောက်မီးလျှံများကြား၌ သားသတ်သမားက ချီစွမ်းအင်ကို တုတ်တစ်ချောင်းသဖွယ် အသုံးပြုကာ ချော်ရည်ပူများကို မွှေနေသည်။ မီးရောင်က သူ့မျက်နှာနှင့် ရင်ဘတ်အပေါ် ဟပ်နေသဖြင့် သူ့အသားအရေကို နီစွေးနေစေတော့သည်။

နားကန်းက အရက်မူးနေသကဲ့သို့ ကျယ်လောင်စွာ ရယ်မောရင်း ဒယိမ်းဒယိုင် ခြေလှမ်းများဖြင့် ရွေ့လျားနေသည်။ သူ၏စုတ်တံသည်လည်း လမ်းကြောင်းတစ်ကြောင်းတည်းကိုသာ အစွဲမထားတော့ဘဲ လူးလွန့်နေသော နဂါးတစ်ကောင်လို၊ ပျံဝဲနေသော မီးငှက်တစ်ကောင်လို၊ ရေပြင်ကို ညင်ညင်သာသာ ထိလိုက်သော ပုစဉ်းတစ်ကောင်လို၊ အပျံကျင့်နေသော ပျံလွှားငှက်ပေါက်လေးလို၊ လယ်ထွန်နေသော နွားအိုတစ်ကောင်လို ရွေ့လျားနေသည်။

သူ့အ‌နောက်၌ မူလဝိညာဉ် ဖွဲ့တည်လာပြီး စုတ်တံကို မြှောက်ကာ သူနှင့်အတူ ပန်းချီဆွဲနေသည်။ နားကန်းသည် စာသားတစ်ပုဒ် ရေးသားနေသကဲ့သို့ ကြီးမားခမ်းနားလှသော တောင်တန်းမြစ်ပြင်များကို အနုစိတ် ခြယ်မှုန်းနေ၏။

ဘေးတွင် ချင်မူ၊ ပါမောက္ခပါ့ရှန်၊ အဘွားစစ်နှင့် ကျန်ရှိသူများအားလုံး မှင်သက်နေကြသည်။

ဣန္ဒြေသိက္ခာအပြည့်ဖြင့် လေးနက်စွာ နေတတ်သော နားကန်းတွင် ယခုလို အထိန်းအကွပ်မဲ့စွာ ကြမ်းတမ်းနိုင်သည့်ပုံစံလည်း ရှိနေမည်ဟု သူတို့ မထင်ထားခဲ့ကြပေ။

ချော်ရည်ပူ မင်၊ မြေပြင် စာရွက်ဖြင့် သူသည် တခဏလေးအတွင်း မီးဟုန်းဟုန်းတောက်လောင်နေသော မြေပြင်ကို ဖန်တီးပြီးသွား၏။ မီးတောက်မီးလျှံများ လွှမ်းခြုံနေသည့် ပန်းချီကားမှာ အလွန်တရာ ရင်သပ်ရှုမောဖွယ်ကောင်းလှသည်။

စာပေသမားအိုကြီးတစ်ယောက်တွင် ယခုလို အထိန်းအကွပ်မဲ့သော အားအင်တို့ ပြည့်နှက်နေလိမ့်မည်ဟု မည်သူ ထင်ထားလိမ့်မည်နည်း။

နားကန်းက မရပ်မနား လှုပ်ရှားလျက် ကောင်းကင်နှင့် မြေပြင်ကို ခြယ်မှုန်းနေသည်။ ကောင်းကင်သည် အဖြူ၊ မြေပြင်သည် အစိမ်းဖြစ်၏။ သူက ခံ့ညားထည်ဝါသော တောင်တန်းများကို ရေးဆွဲလျက် နတ်ဘုရားများအား ကိုယ်ဟန်အနေအထား ထပ်မနေအောင် နေရာချနေသည်။ ကြမ်းတမ်းခက်ထန်သော စစ်သည်တော်များလည်း ပေါ်လွင်လာ၏။ သူတို့တွင် သံမဏိကဲ့သို့ ကြံ့ခိုင်တောင့်တင်းသော ကြွက်သားများ၊ ထက်မြနေသော ဓားမများ၊ ဓားများ ရှိနေသည်။

သူက စစ်မြေပြင်တစ်ခုကို ရေးဆွဲ၍ လေပေါ် ခုန်နေသည့် ကိုယ်ဟန်အနေအထားများဖြင့် သူရဲကောင်းများအား ဖန်တီးနေသည်။ နတ်ဘုရားတို့နှင့် ကြမ်းတမ်းခက်ထန်သည့် စစ်တပ်ကြီးကား ပန်းချီကားထဲမှ ခုန်ထွက်လာတော့မလို ချင်မူတို့အားလုံး ခံစားနေကြရ၏။

လွှဲယမ်းနေဆဲ ဓားမများ၏ အားလှိုင်းများ၊ တိမ်လွှာကြားမှ ဖြာထွက်လာတော့မည့် မိုးကြိုးလျှပ်စီးများ၊ တဝုန်းဝုန်း ရွာကျတော့မည့် မိုး၊ အရှိန်ပြင်းပြင်း တိုက်ခတ်တော့မည့် လေပြင်းများ၊ ဖျက်စီးဝါးမြိုရန် ဟန်ပြင်နေသော လေဆင်နှာမောင်းများ၊ ပြိုကျနေသော တောင်တန်းများ၊ ဆူပွက်နေသော ပင်လယ်... အားလုံး အသက်ဝင်လှသည်။

နားကန်းသည် ကြီးမားကျယ်ဝန်းသော ကမ္ဘာတစ်ခုကို ရေးဆွဲလျက် အသက်သွင်းပေတော့မည်။

သားသတ်သမား၏ ကဗျာက သူ၏စိတ်ကူးစိတ်သန်းများကို ကွန့်မြူးလာစေခဲ့၏။ သူ့နှလုံးသားထဲ၌ နိုးထလာသည့် အားမာန်နှင့် ဖန်တီးနိုင်စွမ်းက သူ့အား ရူးသွပ်သွားသည့် အခြေအနေထဲသို့ ကျရောက်သွားသည်။ သူက စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ကို အထိန်းအကွပ်မဲ့စွာ ဖန်တီးနေချေပြီ။

အချိန်အနည်းငယ်ကြာသော် မျက်ကန်းက စိုးရိမ်ပူပန်စွာ ပြောလိုက်သည်။ “မိစ္ဆာနတ်ဆိုး ‌ရှေ့ပြေးစစ်တပ် ရောက်လာတော့မယ်... မိုင်တစ်ရာနှစ်ရာပဲ ကွာတော့တယ်”

နားကန်းက နားမထောင်ဘဲ ဆက်ဆွဲနေသည်။

မျက်ကန်း မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ “မိုင်ရှစ်ဆယ်”

ချင်မူ ခေါင်းမော့ကြည့်လိုက်သည့်အခါ အနက်ရောင်မြူခိုးပင်လယ်ကြီးသဖွယ် အလိပ်လိပ်ထလျက် ရွေ့လျားလာနေသော အနက်ရောင်မိစ္ဆာနတ်ဆိုးချီထုကြီးကို မြင်လိုက်ရသည်။ သူ့မျက်လုံးထဲ၌ ဝင်္ကပါအမှတ်အသားများ ဖွဲ့တည်လာပြီး သူ့ရင်ထဲတွင် ပြင်းပြင်းထန်ထန် လှုပ်ခတ်သွား၏။

ကြီးမားလှသော မကောင်းဆိုးဝါးကြီးများက တောင်တန်းများကို ခုန်ကျော်လာကြသည်။ ထူးဆန်းသော လက်နက်များကို လွှဲရမ်းရင်း ဆူညံစွာ အော်ဟစ်နေကြသည်။

ခန္ဓာကိုယ်တို့အပေါ်ရှိ အဝတ်အစားများကလည်း ကိုယ်လုံးတီးနှင့် မခြားအောင် စုတ်ပြတ်နေသည်။ လောင်ဖူကောင်းကင်ဘုံ၏ ကောင်းကင်နတ်ဆိုးများနှင့်မတူဘဲ အသက်လုထွက်ပြေးလာသော လူများနှင့် တူနေ၏။

မကောင်းဆိုးဝါးတချို့တွင် သတ္တဝါမျိုးစုံ၏ ဦးခေါင်းများ ရှိပြီး လက်များကလည်း မရေမတွက်နိုင်သော လက်များအား ကြိုးကျစ်သလို လိမ်ထားသကဲ့သို့ ဖြစ်နေသည်။ မကောင်းဆိုးဝါးတချို့တွင်မူ အရိုးဖြူများသာ ရှိနေ၍ အရိုးစုများသဖွယ် ဖြစ်နေ၏။ တချို့၏မျက်နှာများတွင် မျက်လုံးအရွယ်အစားမျိုးစုံ ရှိကာ တချို့ကား ကင်းခြေများသဖွယ် ခြေထောက်များစွာ ရှိနေသည်။

သူတို့လက်နက်များက ကမ္ဘာဦးအစ လက်နက်များပမာ အလွန်ရှေးကျသည်။ အသားစိုင်များ တွဲနေသော အရိုးတင်းပုတ်ကြီးများကိုလည်း မြင်ရ၏။ သူတို့၏မျက်လုံးများက သွေးဆာနေသကဲ့သို့ လင်းလက်နေပြီး လမ်းတွင် ရှိသမျှ အရာရာတိုင်းအား ဖျက်စီးပစ်နေကြသည်။

“မိစ္ဆာနတ်ဆိုးတွေ မဟုတ်ဘူး... ယိုတုက မကောင်းဆိုးဝါးတွေပဲ”

ချင်မူ တုန်ရီနေသော နှလုံးသားကို ထိန်းချုပ်လိုက်ရသည်။ သူတို့ဆီ တရှိန်ထိုး လာနေကြသည်မှာ မိစ္ဆာနတ်ဆိုးချီနှင့် မိစ္ဆာသဘာဝကို စုပ်ယူခဲ့သော ယိုတို၏ ခန္ဓာမဲ့ဝိညာဉ်များဆီမှ မွေးဖွားလာသည့် မကောင်းဆိုးဝါးများ ဖြစ်လေသည်။

ယိုတုကို မြေအောက်ဘုံအရှင်သခင်က အပြည့်အဝ ထိန်းချုပ်မထားပေ။ ချင်မူ တစ်ခါက ယိုတုတွင် လှည့်ပတ်သွားခဲ့ဖူးသည်။ အချိန်ကြာကြာ မနေခဲ့ရသော်လည်း မြေအောက်ဘုံအရှင်သခင်သည် အာဏာသက်ရောက်မှုအပေါ် သိပ်အ‌ရေးမထားကြောင်း သတိထားမိခဲ့၏။

မြေအောက်ဘုံအရှင်သခင် ဂရုအစိုက်ဆုံးက စည်းမျဉ်းများ.... ယိုတု၏စည်းမျဉ်းများ ဖြစ်သည်။

စည်းမျဉ်းများကို မချိုးဖောက်သရွေ့ သူ့ပိုင်နက်ထဲရှိ သတ္တဝါများအား အနှောင့်အယှက်မပေးတတ်ပေ။

ယိုတု၏ မကောင်းဆိုးဝါးများက မြေအောက်ဘုံအရှင်သခင် ဂရုမစိုက်ဘဲ ပစ်ထားခြင်း၏ ရလဒ်များ ဖြစ်၏။

ရုတ်တရက် မိစ္ဆာစစ်တပ်ကြီး၏အ‌နောက်မှ အလွန်ကြီးမားသော မိစ္ဆာအလင်းတန်းများက အနက်ရောင်မီးတောက်များကို သယ်ဆောင်လျက် ပျံထွက်လာသည်။ မီးအလင်းတန်းများက မိစ္ဆာစစ်တပ်ကြီး၏အရှေ့သို့ ကျဆင်းသွားပြီး မြေပြင်တစ်လျှောက် တိုက်စားသွား၏။ တောင်တန်းများ အရည်ပျော်ကာ မြစ်ပြင်များ အငွေ့ပျံကုန်သည်။ သစ်ပင်များလည်း မီးလောင်ကျွမ်းကုန်၏။

ချင်မူ့အကြည့်က မကောင်းဆိုးဝါးများကို ကျော်၍ မိစ္ဆာအလင်းတန်းများ၏ အရင်းအမြစ်ဆီသို့ အာရုံစိုက်လိုက်သည်။ မကောင်းဆိုးဝါးတပ်၏ အနောက်တွင် မီးတောင်ကြီးများသဖွယ် မီးဟုန်းဟုန်းတောက်နေသည့် တုတ်ခိုင်သန်မာသော ခန္ဓာကိုယ်ကြီးများဖြင့် မိစ္ဆာနတ်ဘုရားများအား မြင်လိုက်ကြရသည်။ သူတို့က ဖြည်းညင်းစွာ လျှောက်လာနေကြသော်လည်း သူတို့၏ခြေတစ်လှမ်းက ယိုတုမကောင်းဆိုးဝါးများ တစ်မျှော်တစ်ခေါ် ပြေးရသည်အထိ ကျယ်ဝန်းကြီးမားလှ၏။

“ပူဆွေးသောကတွေနဲ့ မိစ္ဆာသဘာဝတွေကနေ မွေးဖွားလာတဲ့ မိစ္ဆာနတ်ဆိုးမျိုးနွယ်ရဲ့ ဘိုးဘေးကြီးတွေပဲ”

ချင်မူ တုန်လှုပ်ချောက်ချားသွားသည်။ ရုတ်တရက် ကမန်းကတန်း ပြေးလွှားနေကြသော ကောင်းကင်နတ်သိုင်းပညာရှင်များအား လှမ်းမြင်လိုက်ရ၏။ သူတို့မှာ ယိုတုမကောင်းဆိုးဝါးစစ်တပ် လာနေသည်ကို မသိဘဲ သိုင်းကျင့်နေခဲ့ကြသည်။ သတိထားမိသောအခါ နောက်ကျသွားချေပြီ။

ထွမ်

အနက်ရောင်မီးတန်းတစ်တန်းက ရှေ့သို့ ပစ်ချလိုက်သည်နှင့် ကောင်းကင်နတ်သိုင်းပညာရှင်ဆယ်ယောက်ကျော် တမုဟုတ်ချင်း အငွေ့ပျံသွားသည်။ အလောင်းပင် မကျန်ခဲ့ပေ။ ကျန်ကောင်းကင်နတ်သိုင်းပညာရှင်များမှာ ကပျာကယာ ရှောင်တိမ်းလိုက်၍ မိစ္ဆာနတ်ဘုရား၏အကြည့်အား ပွတ်သီကာ ရှောင်လိုက်နိုင်သည်။ သို့သော် နောက်တခဏတွင် မကောင်းဆိုးဝါးစစ်တပ်ကြောင့် ပြားကပ်ကုန်ကြ၏။

ကောင်းကင်နတ်သိုင်းပညာရှင်များမှာ အစအနပင် ရှာမရအောင် ပျောက်ကွယ်သွားကြချေပြီ။

“မိုင်‌လေးဆယ်” မျက်ကန်းက စိုးရိမ်ပူပန်မှုအပြည့်ဖြင့် ကျယ်လောင်စွာ ပြောလိုက်သည်။ “နားကန်း ပြီးပြီးလား... မိုင်သုံးဆယ်... တိုက်ခိုက်ဖို့ ပြင်ကြတော့”

သူ စကားပြောပြီးသည့်အချိန်မှာပဲ နားကန်းက စုတ်တံကို လွှတ်ချ၍ ပန်းချီအား ခပ်ပြင်းပြင်း ရိုက်ကာ အသက်သွင်းလိုက်သည်။ မီးတောက်မီးလျှံများက ဧရာမပန်းချီကားကြီး၏ မြေပြင်တစ်လျှောက် ဟုန်းခနဲ ထတောက်သွား၏။

စုတ်တံကို လှံသဖွယ် အသုံးပြု၍ နားကန်း ထိုးကော်လိုက်သည့်အခါ ပန်းချီက ထောင်မတ်သွားသည်။ ထို့နောက် မဖော်ပြနိုင်သော အရှိန်အဝါတစ်ခု ထွက်ပေါ်လာတော့သည်။

ပန်းချီကားသည် ကောင်းကင်နှင့် မြေပြင်ဖြင့် တစ်သားတည်း ပေါင်းစည်းသွားကာ သူတို့မျက်စိရှေ့မှ ပျောက်ကွယ်သွား၏။

ဂျလိန်း ဂျလိန်း

ကော်းကင်ထက်မှ မိုးခြိမ်းသံ ထွက်ပေါ်လာပြီး မိုးကြိုးတန်းတစ်တန်းက အားလုံးကို စိတ်နှင့်ကိုယ် ပြန်ကပ်သွားစေသည်။ သူတို့ ခေါင်းမော့ကြည့်လိုက်ရာတွင် ကောင်းကင်၌ ဖွဲ့တည်နေသော တိမ်မည်းတိမ်စိုင်များကို မြင်လိုက်ရ၏။ မီးတောက်များကလည်း တိမ်တိုက်များအကြား အရှိန်ပြင်းစွာ တောက်လောင်နေသည်။

မီးလျှံတိမ်တိုက်ဧရိယာ ပြန့်ကားသထက် ပြန့်ကားလာနေစဉ် ရုတ်တရက် လေပြင်းတစ်ချက် တိုက်ခိုက်လာပြီး ပြိုင်ဘက်ကင်းလောက်အောင် ကြီးမားလှသည့် လေဆင်နှာမောင်းကြီး ‌ကောင်းကင်ယံမှ ကျဆင်းလာသည်။ သို့သော် လေဆင်နှာမောင်းကား တစ်လုံးမကပေ....

တခဏအတွင်း မရေမတွက်နိုင်သော မီးနှာမောင်းများသည် ကောင်းကင်နယ်စားမင်း၏ နဂါးကြီး အမြီးမြှောက်လျက် မြေပြင်ကို ရိုက်ချလိုက်သကဲ့သို့ တဝေါဝေါ လည်လျက် ဖျက်စီးတိုက်ခတ်သွား၏။ ၎င်းတို့က အရာရာတိုင်းကို မီးလောင်တိုက်သွင်းရင်း ရှေ့သို့ရွေ့လျားသွားကြသည်။

ဝေါ

မိုးပေါက်များ ရွာကျလာသည်။ သို့သော် မိုးရေမဟုတ်၊ ချော်ရည်ပူ ဖြစ်သည်။ ချော်ကျောက်ခဲများက မိုးရေစက်များသဖွယ် သည်းထန်စွာ ရွာသွန်းလျက် ယိုတုမကောင်းဆိူးဝါးများအပေါ် ကျ‌ရောက်နေသည်။

မရေမတွက်နိုင်သော လေဆင်နှာမောင်းများကလည်း တဝေါဝေါ လှည့်ပတ်လျက် မြေပြင်ကို တိုက်ခတ်နေသည်။ ပြင်းထန်လှသော လေကြမ်းများကြောင့် မကောင်းဆိုးဝါးများ တစစီ စုတ်ပြတ်သပ်ကာ လေ‌ပေါ် မြောက်တက်ကုန်ကြ၏။ လေဒဏ်ကြောင့် မသေလျှင် ကောင်းကင်မှ တရစပ်ပစ်ချနေသော မိုးကြိုးများကြောင့် လောင်ကျွမ်းပြာကျကုန်သည်။

ရုတ်တရက် တိမ်တိုက်များအတွင်းမှ နတ်ဘုရားများက စစ်သည်တော်များကို ဦးဆောင်လျက် မြေပြင်ပေါ် ဆင်းသက်လာကြသည်။ သတ်ဖြတ်သံများ နားမဆန့်အောင် ဆူညံလာ၏။

နတ်ဘုရားစစ်သည်စစ်တပ်သည် အင်အားတစ်သန်း ရှိပြီး ယိုတုမကောင်းဆိုးဝါးစစ်တပ်ဆီသို့ တဟုန်ထိုး ချီတက်သွားကြ၏။ ခြေပြတ်လက်ပြတ်များ ပျံဝဲမြောက်တက်လာကြပြီး မေ့မရနိုင်သော မြင်ကွင်းတစ်ခုကို ဖန်တီးနေတော့သည်။

ချင်မူ၊ မျက်ကန်းနှင့် ကျန်ရှိသူများမှာ ငေးကြောင်နေကြသည်။ သူတို့ပင် ဝင်တိုက်ပေးစရာမလိုပေ။ မကောင်းဆိုးဝါးစစ်တပ်မှာ ဤအတိုင်း တားဆီးခံလိုက်ရ၏။

လူတစ်ယောက်တည်းက တားဆီးလိုက်ခြင်း ဖြစ်သည်။

နားကန်းက လွတ်လွတ်လပ်လပ် ဆက်ဆွဲနေဆဲပင်။ သူ၏စုတ်ချက်အောက်မှ နတ်ဘုရားများ၊ စစ်သည်တော်များ ခုန်ထွက်လာပြီး စစ်မြေပြင်ဆီသို့ ချီတက်နေကြသည်။ တစ်ယောက်မှ သေရမည်ကို မကြောက်ကြပေ။ လေ၊ မိုး၊ မိုးကြိုး၊ လျှပ်စီးတို့က အတောမသပ်အောင် ပစ်ချနေသည့်တိုင် နတ်ဘုရားစစ်တပ်အား တစ်ချက်မှ မထိမှန်၊ မိစ္ဆာနတ်ဆိုးစစ်တပ်အပေါ်သာ ထိမှန်နေ၏။

နတ်ဘုရားစစ်တပ်မှာ ပန်းချီကား၏ တစ်စိတ်တစ်ပိုင်း ဖြစ်သောကြောင့် ပန်းချီကားထဲရှိ လေ၊ မိုး၊ မိုးကြိုး၊ လျှပ်စီးတို့က သူတို့အပေါ် မသက်ရောက်ပေ။

‘ဒီယိုတုမကောင်းဆိုးဝါးတွေ ဘိုးဘိုးနားကန်းရဲ့ ပန်းချီကမ္ဘာထဲ ပြေးဝင်လာမိတာလား”

ဖြစ်နိုင်ခြေတစ်ခုကို တွေးမိလိုက်၍ ချင်မူ စိတ်နှလုံးတုန်လှုပ်သွားသည်။ နားကန်း၏ ပန်းချီတွင် သေချာပေါက် အနားသတ်တစ်ခု ရှိသော်လည်း မည်သည့်နေရာတွင်နည်း။

သူ လှည့်ပတ်ကြည့်‌သော်လည်း ဘောင်အနားသတ်ကို မမြင်ရပေ။

နားကန်း၏ပန်းချီပညာသည် အလွန်လေးစားထိုက်၏။ အလွန်နက်နဲသိမ်မွေ့လှသဖြင့် ချင်မူမှာ ဆက်လက်လေ့လာရန် ဆုံးဖြတ်လိုက်သည်။

‘ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက တစ်ခါ ပြောဖူးတယ်... ဘိုးဘိုးမျက်ကန်းက စစ်သည်တော်တစ်သန်းကို တစ်ယောက်တည်း တိုက်ခိုက်နိုင်တယ်တဲ့... သူ့စကားက တင်စားပြောရုံသက်သက် မဟုတ်ဘူးပဲ

“ဒါပေမဲ့ အဲဒါကလည်း ကောင်းကင်ပန်းချီတိုင်းပြည် ဖျက်စီးခံလိုက်ရလို့ ငရဲကြီးရှစ်ထပ်အဖြစ် ပြောင်းလဲခံလိုက်ရတဲ့ အချိန်တုန်းကပဲ ရှိသေးတယ်...’

All Chapters