လိုက်လံဖမ်းဆီးခြင်း
Vol. 76 Ch. 1055
ဝမ်ပေါင်လဲ့တစ်ယောက် ထိုကဲ့သို့ အတွေးများထဲ၌ နစ်မျောကာ အတိတ်ဘဝအကြောင်း ပြန်ပြောင်းသတိရနေစဉ် မျက်နှာဖုံး အပိုင်းအစထဲမှ မမလေးမှာ သူ၏ မေးခွန်းအား ပြန်ဖြေလိုက်၏။
" အဲဒီ ကောင်မလေးက တစ်ကိုယ်လုံး အမွေးတွေပေါက်နေပြီး ပုပ်စော်ပါနံနေသေးတာလေ။ သူ့ရဲ့ မျက်နှာကလည်း ပုပ်ပွနေသေးတာ။ ရွံဖို့ကောင်းလိုက်တာ ဖက်တီးရာ။ သူ့ကိုကြည့်ပြီး ငါ့ကို စိတ်ကူးယဉ်နေလို့ကတော့ နင့်ကို ခွင့်မလွှတ်ဘူးနော် " မမလေးမှာ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများထကာ ရွံရှာစက်ဆုပ်နေသည့်လေသံ ပေါက်နေ၏။ ထို့နောက် သူမသည် အထင်မြင်သေးသည့် လေသံဖြင့် ဆက်ပြောလိုက်သည်။
" နင် အဲဒီလို အရာမျိုးတွေကို အကြိုက်တွေ့ နေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး ဖက်တီးရာ။ ငါ နင့်ကို လျှော့တွက်မိခဲ့တာပဲ။ နင်က သူများတွေကို ချောင်းကြည့်ရတာကြိုက်တဲ့ နှာဗူးတစ်ယောက်လို့ပဲငါက ထင်ခဲ့တာ။ အခုလို ထူးထူးဆန်းဆန်း အရာတွေကိုပါ ကြိုက်နေရတယ်လို့။ ငါ နင့်ရဲ့ အကြောင်းတွေကို လီဝမ်အာ၊ ကျိုးရှောင်ရနဲ့ ကျောက်ယမုန့်တို့ကို ပြန်ပြောပြရမယ် "
" ဘုရား ဘုရား။ ဖုတ်ကောင်တစ်ကောင်နဲ့များ ကြိုက်မိသွားရတယ်လို့။ ငါ ပျို့အန်ချင်စိတ်တွေပါ ပေါက်လာပြီ။ ဒီနေရာကနေ မြန်မြန်ထွက်သွားမှာဖြစ်မယ်။ နှာဗူးကောင်။ ငါ့လို ချောမောလှပ၊ နူးညံ့သိမ်မွေ့ပြီး ပြစ်မျိုးမှဲ့မထင်တဲ့ မိန်းမချောလေးတစ်ယောက်ကို ဖုတ်ကောင်တစ်ကောင်ရဲ့ နေရာမှာ စိတ်ကူးယဉ်ကြည့်ခဲ့ရတယ်လို့ "
မမလေး၏ စကားများမှာ ပြတ်သားလွန်းလှသောကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံးတုန်ရီသွားရ၏။ ထို့ကြောင့် သူသည် သူ၏ အတိတ်ဘဝ မှတ်ဉာဏ်များထဲမှ အပြည့်အဝ ပြန်လည်နိုးထလာသည့်အလား ဖြစ်သွားသည်။ ထိုအချိန်တွင် မမလေးမှာ စကားဆက်ပြောရန် ပြင်နေသဖြင့် ဝမ်ပေါင်လဲ့မှာ ချက်ချင်းအော်ပြောလိုက်၏။
" တော်ပါတော့ဗျာ။ ကျွန်တော် မှားသွားပါတယ်။ ဟုတ်ပြီလား "
" မှားသွားတယ် ဟုတ်လား။ အဲတာဆို မှန်မှန်ပြောစမ်း။ ငါက အရင်ဘဝတုန်းက ဘာဖြစ်ခဲ့တာလဲ " မမလေးမှာ စိတ်ဆိုးမပြေသေးသည့်ပုံပင်။
" နတ်သမီးလေးတစ်ပါး ဖြစ်ခဲ့တာပါ " ထိုအခါ ဝမ်ပေါင်လဲ့မှာလည်း တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ချက်ချင်းပြန်ဖြေလိုက်၏။
" အဲတာဆိုလည်း... " သူ၏ အဖြေကြောင့် မမလေးမှာ လေသံ ချက်ချင်း ပြောင်းသွားပါသော်လည်း အနည်းငယ် စိတ်ကသိကအောက် ဖြစ်နေသေးသည့်ပုံပင်။ သို့သော် သူမ စကားမဆုံးနိုင်ခင်မှာပင် ဝမ်ပေါင်လဲ့မှာ စကားဆက်ပြောလိုက်၏။
" အရင်ဘဝရဲ့ ရှေ့ဘဝတုန်းကကျ မမလေးက နတ်သမီးကြီးရဲ့ ညီမလေးတစ်ယောက် ဖြစ်နေခဲ့တာပါ။ အဲဒီဘဝရဲ့ ရှေ့ဘဝတုန်းကကျ နတ်သမီးလေးရဲ့ အစ်မတစ်ယောက် ဖြစ်နေခဲ့တာပါ။ အဲဒီဘဝရဲ့ ရှေ့ဘဝတုန်းကကျ နတ်ဧကရာဇ်ကြီးနဲ့ နတ်မိဘုရားကြီးရဲ့ သမီးထွေးလေး ဖြစ်နေခဲ့တာပါ "
ထိုစကားများကြောင့် မမလေး ဆွံ့အသွားရ၏။ သူမသည် ဝမ်ပေါင်လဲ့မှာ အပြောကောင်းသည့် တာအိုတစ်ခုအား ပိုင်ဆိုင်ထားကြောင်းသိထားပါသော်လည်း ထိုတာအိုမှာ ဤအဆင့်လောက်အထိ ရောက်နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ နတ်သမီးကြီး၏ ညီမလေးမှာ နတ်သမီးလေးဖြစ်သလို နတ်သမီးလေး၏ အစ်မမှာလည်း နတ်သမီးလေး ဖြစ်နေမည် မဟုတ်ပါလော။ ထို့အပြင် နတ်ဧကရာဇ်ကြီးနှင့် နတ်မိဘုရားကြီးတို့၏ အငယ်ဆုံးသမီးလေးမှာလည်း နတ်သမီးလေး ဖြစ်နေဦးမည်သာ ဖြစ်သည်။
ထို့ကြောင့် မမလေးမှာ စကားတစ်ခွန်းမှမပြောနိုင်တော့ဘဲ တစ်ခဏမျှ မှင်တက်သွားရ၏။ သူမသည် " နတ်သမီးလေး " ဆိုသည့် နာမည်အား သဘောတွေ့နေပြီဖြစ်သည်။
ထို့ကြောင့် သူမသည် နှာမှုတ်လိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား ခွင့်လွှတ်လိုက်၏။
ထိုအခါမှသာ ဝမ်ပေါင်လဲ့မှာလည်း သက်ပြင်းချနိုင်သွားသည်။ တစ်ချိန်တည်းမှာပင် သူသည် သူ့ကိုယ်သူ အလွန်အင်မတန်မှ ကျေနပ်သွား၏။ ဤကမ္ဘာကြီးထဲတွင် နတ်သမီးလေးဟု ခေါ်ခံရသည်ကို မနှစ်သက်သည့် မိန်းကလေးဟူ၍ မရှိပေ။ သူသည် ငါးနှစ်သား အရွယ်ကတည်းက ထိုအချက်အား ကောင်းကောင်းကြီး နားလည်ထားခဲ့ပြီးသား ဖြစ်သည်။
သို့သော် သူ သူ့ကိုယ်သူ ကျေနပ်နေစဉ်မှာပင် မမလေးမှာ စိတ်နှင့်ကိုယ်နှင့် ပြန်ကပ်သွားပြီး ရုတ်တရက် ထပ်မေးလိုက်၏။
" ဖက်တီး။ နင် ဒီလို စကားလှလှတွေကို မိန်းကလေးဘယ်နှယောက်အထိ ပြောပြီးသွားပြီလဲ "
ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်နှာအမူအရာ တည်ကြည်သွားပြီး လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။
" မမလေးရာ။ ကျွန်တော် ဒီလိုစကားတွေကို မိန်းကလေးဘယ်နှယောက်အထိ ပြောခဲ့သလဲဆိုတာ အရေးမကြီးပါဘူးဗျ။ မမလေးကို ပြောပြီးတဲ့နောက် တခြား ဘယ်မိန်းကလေးကိုမှ ထပ်မပြောမိဖို့ပဲ အရေးကြီးတာပါ "
"... " မျက်နှာဖုံးထဲတွင် မမလေးသည် ထိုစကားများမှာ အပေါ်ယံသာဖြစ်ကြောင်း ခံစားနေရပါသော်လည်း စိတ်ထဲ၌ ကျေနပ်သွားဆဲပင်။ ထို့ကြောင့် သူမသည် နှာမှုတ်လိုက်ပြီး သူ့အား လျစ်လျူရှုထားရန် ဆုံးဖြတ်လိုက်တော့သည်။
" ဟူး။ ငါတစ်ယောက်တည်း ကျင့်ကြံခြင်းလေ့ကျင့်နေရတာ နာတယ်ကွာ။ အရင်ဘဝတုန်းက ငါ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တစ်ယောက်များ ဖြစ်ခဲ့လားမသိဘူး " ဝမ်ပေါင်လဲ့မှာမူ ထိုသို့တွေးကာ ချောင်းဟန့်လိုက်၏။ သူသည် မမလေးအား စနောက်ကျီစယ်နေစဉ် ဟွေ့စန်း၏ မှတ်ဉာဏ်များထဲမှ အပြည့်အဝ ပြန်လည်နိုးထလာသည်ကိုပင် သတိမထားမိလိုက်ပေ။
ထို့အပြင် သူသည် ဟွေ့စန်း၏ မှတ်ဉာဏ်များထဲမှ မျက်နှာဖုံးနှင့် အမျိုးသမီးမှာ မမလေးနှင့် ဆင်တူနေသည်ဟုလည်း မခံစားရတော့ပေ။ သို့သော် သူသည် မျက်နှာဖုံးထဲ၌ အလွင်အင်မတန်မှ ပျော်ရွှင်ကျေနပ်နေသည့်ပုံပေါ်သည့် မမလေး၏ မျက်ဝန်းများထဲတွင် အတိတ်ကို ပြန်ပြောင်းသတိရနေသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်ကို မြင်နိုင်မည် မဟုတ်ပေ။
တစ်ချိန်ထဲမှာပင် ဟွေ့စန်း၏ မှတ်ဉာဏ်များထဲမှ အပြည့်အဝ ပြန်လည်နိုးထလာပြီဖြစ်သည့် ဝမ်ပေါင်လဲ့မှာ သူ၏ ကျင့်ကြံခြင်းစွမ်းအားများနှင့် တိုက်ရည်ခိုက်ရည်စွမ်းအားများ ပြောင်းလဲသွားသည့် အချက်ကိုလည်း သတိထားမိလိုက်သေးသည်။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ တိုးတက်လာပြီဖြစ်ရာ အလယ်အလတ် ဂြိုဟ်အဆင့်မှ ဖောက်ထွက်နိုင်ရန်မှာ သိပ်မလိုတော့ပေ။
ထို့အပြင် သူ၏ သက်တမ်းမှာ တိုးတက်လာခဲ့သလို သူ၏ အပြင်ခန္ဓာကိုယ်မှာလည်း ပို၍ သန်မာလာ၏။ အရေးကြီးဆုံးအချက်မှာ ထို တိုးတက်မှုများကြောင့် သူ မီးတောက်ဝိညာဉ်ကျိန်စာ၏ ဒုတိယအဆင့်အား ထုတ်သုံးနိုင်စွမ်း ရှိသွားခြင်းပင်။
ထို့အပြင် သူ၏ အလင်းစည်းမျဉ်းဥပဒေသ ထပ်တူကျနိုင်စွမ်းမှာလည်း သိသိသာသာတိုးတက်သွားခဲ့၏။ ဝမ်ပေါင်လဲ့မှာ ထိုတိုးတက်မှုအား သတိထားမိလိုက်သည်နှင့် နှလုံးသားတစ်ခုလုံး တုန်ရီသွားရပြီး အသက်ရှူသံများ မြန်ဆန်လာရတော့သည်။ ထို့ကြောင့် သူသည် အကြမ်းဖျင်းတွက်ချက်မှုများ ပြုလုပ်ကြည့်လိုက်၏။ သူ ဒုတိယအတိတ်ဘဝထဲမှ ရရှိခဲ့သည့် အကျိုးကျေးဇူးများမှာ ပထမအတိတ်ဘဝထဲမှ ရရှိခဲ့သည့် အကျိုးကျေးဇူးများလောက် များပြားနေခြင်းမရှိပါသော်လည်း အတော်အသင့် စိတ်ကျေနပ်စရာကောင်းနေဆဲပင်။
" ငါ... ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိနေပြီလားမသိဘူး။ တကယ်လို့ မယှဉ်နိုင်သေးရင်တောင် လက်ရည်အများကြီး ကွာနေမှာ မဟုတ်လောက်တော့ဘူး " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ မျက်ဝန်းများ အရောင်တောက်ပသွား၏။ ထို့နောက် သူသည် အချိန်အားကြည့်ရှုစစ်ဆေးလိုက်သောအခါ ဒုတိယနေ့ပြီးဆုံးရန် ရှစ်နာရီတိတိ လိုသေးကြောင်း သိလိုက်ရသည်။
ထိုအခါ သူသည် မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ်များ တောက်ပလာပြီး လေပေါ်သို့ ပျံတက်ကာ မြူခိုးများဆီသို့ ဦးတည်သွားလိုက်တော့သည်။
သူ၏ ပစ်မှတ်မှာ မီးတောက်ဝိညာဉ်ကျိန်စာ ပထမအဆင့်၏ တိုက်ခိုက်ခြင်းကိုခံခဲ့ရသော ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်းမှ နံပါတ်ဆယ့်ခုနစ် တာအိုကလေးငယ် ဖြစ်ပေသည်။ ဝမ်ပေါင်လဲ့မှာ ထို တာအိုကလေးငယ် သူ့အား ထပ်ကာတလဲလဲ ချုံခိုတိုက်ခိုက်ခဲ့သည့်အချက်အား လက်မခံနိုင်လောက်အောင် ဖြစ်နေရ၏။ ထို့ကြောင့် သူသည် မြူခိုးများထဲသို့ ရောက်သွားသည်နှင့် သူ၏ ကျင့်ကြံခြင်းစွမ်းအားများနှင့် အပြင်ခန္ဓာကိုယ်စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။ ထိုအခါ မိုးခြိမ်းသံကဲ့သို့သော အသံကြီးတစ်သံထွက်ပေါ်လာပြီး သူသည် ကျိန်စာရှိနေသည့်နေရာသို့ ဦးတည်ပျံသန်းသွားတော့သည်။
သူသည် အလွန်အင်မတန်မှ မြန်ဆန်နေသောကြောင့် မြူခိုးများထဲ၌ အားကောင်းသည့် တုန်ခါမှုလိုင်းများ ပျံ့နှံ့သွား၏။ ထို့ကြောင့် အနီးအနားအရှိ ပြိုင်ပွဲဝင်များအားလုံးမှာ တုန်လှုပ်ချောက်ချားသွားကြရသည်သာ ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာမူ မြူခိုးများထဲ၌ အသက်ရှူကြိမ် အကြိမ်ခြောက်ဆယ်ခန့် ပျံသန်းလိုက်ပြီးနောက် သူ၏ မီးတောက်ဝိညာဉ်ကျိန်စာ အမှတ်အသားပြုလုပ်ထားသည့် နေရာ၌ ပေါ်ပေါက်လာတော့သည်။
သူသည် ထိုနေရာသို့ ရောက်ရှိသွားသည်နှင့် ဟင်းလင်းပြင်ကြီး၏ အလယ်၌ တင်ပျဥ်ခွေထိုင်နေသည့် လူငယ်လေးတစ်ယောက်အား မြင်လိုက်ရ၏။ ထိုလူငယ်လေးမှာ ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်းမှ နံပါတ်ဆယ့်ခုနစ်တာအိုကလေးငယ် ဖြစ်ပေသည်။ ဝမ်ပေါင်လဲ့မှာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ရှေ့သို့ခြေတစ်လှမ်းလှမ်းလိုက်၏။ ထိုအခါ စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာပြီး သူသည် ထို နံပါတ်ဆယ့်ခုနစ်တာအိုကလေးငယ်၏ ရှေ့တည့်တည့်၌ ပေါ်ပေါက်လာတော့သည်။ ထို့နောက် သူသည် ညာဘက်လက်ကို မြှောက်ကာ သူ့အား လှမ်း၍ဖမ်းဆုပ်ရန် ပြင်လိုက်၏။
" ဟင် " ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်ခုံးများ ပင့်မိသွား၏။ သူသည် တစ်ခုခုမှာ လွဲနေကြောင်း ခံစားမိလိုက်ပါသော်လည်း သူ၏လက်မှာ ရပ်တန့်သွားခြင်းမရှိပေ။ ထိုအချိန်တွင် နံပါတ်ဆယ့်ခုနစ်တာအိုကလေးငယ်၏ မျက်လုံး၊ နား၊ နှာခေါင်းနှင့် ပါးစပ်ပေါက်များထဲမှ အနက်ရောင်မြူခိုးများ ရုတ်တရက်ဆိုသလို ထိုးထွက်လာတော့သည်။ ထို မြူခိုးများမှာ ကြောက်မက်ဖွယ်ရာစွမ်းအင်များ ထုတ်လွှတ်နေသည့် ဧရာမ မိကျောင်းခေါင်းကြီးတစ်လုံးအသွင် ပြောင်လင်းသွားပြီး ဝမ်ပေါင်လဲ့၏ လက်အား လှမ်းကိုက်လိုက်၏။
ထို မိကျောင်းကြီး ဝမ်ပေါင်လဲ့၏ လက်အား ကိုက်မိသွားချိန်တွင် တကျွတ်ကျွတ်မြည်သံများ ထွက်ပေါ်လာ၏။ သို့သော် တစ်အောင်ခန့်အကြာတွင် ဝမ်ပေါင်လဲ့၏ လက်မှာ လုံးဝ ထိခိုက်ပျက်စီးသွားခြင်းမရှိသည်ကို မြင်နိုင်ပေသည်။ မိကျောင်းခေါင်းကြီးမှာမူ တစ်ခဏမျှ ဆွံ့အမှင်တက်သွားရပြီး တန်ပြန်အားများကြောင့် ၎င်း၏ သွားများမှာ တစ်စစီ ကြေမွသွားရသလို ၎င်း၏ ခန္ဓာကိုယ်ကြီးမှာလည်း ပေါက်ကွဲပျက်စီးသွားတော့သည်။ မြေပြင်ကြီးမှာလည်း အပြင်းအထန် တုန်ရီသွားသဖြင့် တုန်ခါမှုလိုင်းများမှာ အရပ်မျက်နှာအနှံသို့ ပျံ့နှံ့သွားသည်။ ဝမ်ပေါင်လဲ့၏ လက်မှာမူ ရပ်တန့်သွားခြင်းမရှိဘဲ ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်းမှ နံပါတ်ဆယ့်ခုနစ်တာအိုကလေးငယ်အား လှမ်း၍ဖမ်းဆုပ်လိုက်၏။ သို့သော် ထိုအချိန်တွင် ထို နံပါတ်ဆယ့်ခုနစ်တာအိုကလေးငယ်၏ ခန္ဓာကိုယ်မှာ လေမရှိတော့သည့် ပူဖောင်းတစ်လုံးကဲ့သို့ ရှုံ့တွသွား၏။ ဝမ်ပေါင်လဲ့မှာ လူအရေခွံတစ်ခုအား လှမ်း၍ ဖမ်းဆုပ်မိလိုက်ခြင်းသာ ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ သူ၏လက်ထဲမှ အရေခွံအား စိုက်ကြည့်နေရင်း မျက်နှာအမူအရာပျက်သွား၏။ ထို အရေခွံပေါ်တွင် သူ၏ ကျိန်စာအမှတ်အသား ရှိနေသည်။ သို့ဖြစ်ရာ ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်းမှ နံပါတ်ဆယ့်ခုနစ်တာအိုကလေးငယ်မှာ သူ အန္တရာယ်နှင့် ကြုံရနိုင်ကြောင်း အာရုံခံမိခဲ့သဖြင့် လျှို့ဝှက်ဆန်းကြယ် မှော်ပညာရပ်တစ်ခုခုအား အသုံးပြုကာ အရေခွံလဲ၍ သူ၏ ကျိန်စာအမှတ်အသားအား ချန်ရစ်ထားခဲ့ခြင်းဖြစ်ရပေမည်။
" ငါ့ရဲ့ မီးတောက်ဝိညာဉ်ကျိန်စာကို ဒီလောက်လွယ်လွယ်နဲ့ ဖယ်ရှားလို့ရလိမ့်မယ်လို့ ထင်နေတာလား " ဝမ်ပေါင်လဲ့မှာ ထိုသို့ ရေရွတ်ကာ အေးစက်စက် နှာမှုတ်လိုက်၏။ ထိုအခါ သူ၏ လက်ထဲ၌ မီးတောက်များ တောက်လောင်လာသဖြင့် ထို လူအရေခွံမှာ ပြာကျသွား၏။ ထို့နောက် သူသည် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်သဖြင့် သူ၏ နဖူးပေါ်တွင် ကမ္ဗည်းစာလုံးတစ်လုံး ပေါ်ပေါက်လာသည်။ ထိုအခါ မီးတောက်ဝိညာဉ်ကျိန်စာမှာလည်း နောက်ထပ်တစ်ကြိမ်ထပ်၍ ထွက်ပေါ်လာ၏။ သူ၏ အာရုံခံနိုင်စွမ်းများထဲတွင်မူ သူ၏ တောင်ဘက်ရှိ မလှမ်းမကမ်းနေရာ တစ်ခု၌ ကျိန်စာအငွေ့အသက်များ ခပ်ရေးရေးမျှ ပေါ်ပေါက်လာသည်။
" တွေ့ပြီကွ " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အေးစက်စွာ အရောင်တောက်ပသွားကာ မြူခိုးများထဲသို့ တိုးဝင်သွားလိုက်ပြီး ထို အငွေ့အသက်များ ရှိနေသည့်ဘက်သို့ ဦးတည်သွားလိုက်တော့သည်။
ထိုစဉ်တွင် ဝမ်ပေါင်လဲ့ အာရုံခံမိလိုက်သည့် အရပ်မျက်နှာဘက်တွင် ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်းမှ နံပါတ်ဆယ့်ခုနစ်တာအိုကလေးငယ်မှာ သွေးရူးသွေးတန်း ပြေးလွှားနေ၏။ သူ၏ မျက်ဝန်းများထဲတွင် ကြောက်စိတ်များနှင့် အံ့သြတုန်လှုပ်မှု အရိပ်အယောင်များ ပြည့်နှက်နေပြီး သူသည် မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည့် လေသံဖြင့် အော်ဟစ်ညည်းတွားနေ၏။
" အဲဒီကောင်က ဘယ်လို အပြင်ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ထားတာလဲဟ။ အဓိပ္ပါယ်မရှိတာ "
" တောက်ကွာ။ အခုလိုဖြစ်လာမယ်ဆိုတာ ကြိုသိခဲ့ရင် ငါ သူ့ကို ရန်မစခဲ့ပါဘူး " ချန်ဟန်းမှာ နှလုံးသားထဲ၌ နောင်တစိတ်များဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ သူသည် ရင်တဒိန်းဒိန်း ခုန်နေပြီး အမြန်ဆုံးနည်းဖြင့် ထွက်ပြေးနိုင်ရန် အံကြိတ်ကာ လျှို့ဝှက်ဆန်းကြယ် မှော်ပညာရပ်တစ်ခုအား အစွမ်းကုန်ထုတ်သုံးလိုက်ရသည်။
ပြိုင်ပွဲဝင်များအား မသတ်ဖြတ်ရဆိုသည့် စည်းကမ်းရှိပါသော်လည်း ၎င်းမှာ တစ်ခုတည်းသော စည်းကမ်း ဖြစ်ပေသည်... လူများအား တိုက်ရိုက်သတ်ဖြတ်စရာမလိုသည့် နည်းလမ်းပေါင်း မြောက်မြားစွာ ရှိသည်မဟုတ်ပါလော။ ထို့အပြင် သူ၏ ပြိုင်ဘက်မှာ ကျိန်စာပညာရပ်၌ ကျွမ်းကျင်နေသည်ဖြစ်ရာ ချန်ဟန်းမှာ အရဲမစွန့်ရဲပေ။