ဖိနှိပ်ချေမှုန်းခြင်း
Vol. 76 Ch. 1056
သို့သော် သူသည် အကြာကြီး နောင်တရချိန် မရလိုက်ပေ။ တစ်အောင့်ခန့်အကြာတွင် ခပ်လှမ်းလှမ်း၌ အံ့သြတုန်လှုပ်ဖွယ်ရာ စွမ်းအင်လှိုင်းကြီးတစ်လှိုင်း ပေါ်ပေါက်လာ၏။ ချန်ဟန်းတစ်ယောက် တုံ့ပြန်နိုင်စွမ်းမရှိခင်မှာပင် ထို စွမ်းအင်လှိုင်းကြီးမှာ တောင်ကြီးတစ်လုံးကဲ့သို့ သူ့ပေါ်သို့ အရှိန်အဟုန်ဖြင့် ကျဆင်းလာတော့သည်။
၎င်းမှာ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ကိုပင် ဖုံးလွှမ်းနိုင်စွမ်းရှိလောက်အောင် ကြီးမားသော လက်ဖဝါးကြီးတစ်ခုကဲ့သို့ပင်။ ထို လက်ဖဝါးကြီးမှာ ထစ်ချုန်းသံများနှင့်အတူ အောက်သို့ကျဆင်းလာပြီး ချန်ဟန်း၏ ဘေးပတ်ဝန်းကျင်တစ်ခုလုံးအား လွှမ်းခြုံထားသဖြင့် သူသည် ရုန်းကန်ခွင့်ပင် မရလိုက်ပေ။ နောက်ဆုံးတွင် ၎င်းမှာ သူ့အား ရိုက်ခတ်သွားတော့သည်။
ထို ရိုက်ခတ်မှုပြင်းအားကြောင့် မြေပြင်ကြီးမှာ တုန်ရီသွားရပြီး မြူခိုးများမှာလည်း အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားကြ၏။ သို့ဖြစ်ရာ ယခင်တုန်းက မြူခိုးများ ဖုံးလွှမ်းနေခဲ့သည့်နေရာမှာ ယခုတွင် ဟင်းလင်းပြင်ကြီး တစ်ခုကဲ့သို့ ဖြစ်သွားတော့သည်။
ထို ဟင်းလင်းပြင်ကြီးထဲတွင် အလျင်အမြန် ပျောက်ကွယ်သွားနေသည့် လက်ဖဝါးကြီးတစ်ဖက် ရှိနေ၏။ ထို လက်ဖဝါးကြီး၏ အောက်ရှိ မြေပြင်ပေါ်တွင်မူ အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေသည်။ ထို့အပြင် ထို အက်ကွဲကြောင်းများထဲ၌ အရိုးတခြား အသားတခြား ဖြစ်နေသည့် ရုပ်အလောင်းတစ််ခုလည်း ရှိနေသေးသည်။
" ခန္ဓာကိုယ်အစစ် မဟုတ်သေးဘူးလားဟ " လက်ဖဝါးကြီး လွင့်စင်ပျောက်ကွယ်သွားနေစဉ် ထိုနေရာတစ်ဝိုက်တွင် အေးစက်စက် စကားသံတစ်သံ ပဲ့တင်ထပ်သွား၏။ ထို့နောက် ထို လက်ဖဝါးကြီးမှာ ချက်ချင်းဆိုသလိုပင် လူရိပ်တစ်ခုအဖြစ် ပြန်လည်စုစည်းသွားတော့သည်။
၎င်းမှာ ဝမ်ပေါင်လဲ့ ဖြစ်ပေသည်။
" လူပြန်ဝင်စားခဲ့ပြီးတော့ ကျင့်ကြံခြင်းလမ်းစဉ်ကို အစကနေ ပြန်လျှောက်ခဲ့တဲ့ အဘိုးကြီးတစ်ယောက်ဆိုတော့လည်း မထူးဆန်းပါဘူး " ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်ကာ မျက်လုံးများ မှေးသွား၏။ ထို့နောက် သူသည် နောက်ထပ်တစ်ကြိမ်ထပ်၍ အာရုံခံကြည့်လိုက်သဖြင့် သူ၏ ကျိန်စာစွမ်းအင်လှိုင်းများကို အာရုံခံမိလိုက်ပြန်သည်။ ထို စွမ်းအင်လှိုင်းများမှာ ပထမအကြိမ်တုန်းကထက် ပို၍ အားပျော့နေပါသော်လည်း ဝမ်ပေါင်လဲ့မှာ ၎င်းတို့၏ တည်နေရာအား ချက်ချင်းရှာတွေ့သွားဆဲပင်။
" မင်း ဒီလိုကိုယ်ပွားမျိုး ဘယ်နှခု သုံးနိုင်မလဲဆိုတာ ကြည့်ကြတာပေါ့ " ဝမ်ပေါင်လဲ့မှာ အေးစက်စက်လေသံဖြင့် နှာမှုတ်လိုက်၏။ သူ့ဆီတွင် အချိန်အလုံအလောက် ရှိနေသေးသည်ဖြစ်ရာ သူ့ကို နှစ်ကြိမ်တိတိ ချုံခိုတိုက်ခိုက်ခဲ့သော ချန်ဟန်းအား သတ်ဖြတ်ချင်သည့်စိတ်များမှာ ငယ်ထိပ်ရောက်နေတော့သည်။ ထို့ကြောင့် သူသည် လှစ်ခနဲလှုပ်ရှားလိုက်ပြီး ချန်ဟန်း၏ နောက်သို့ နောက်ထပ်တစ်ကြိမ်ထပ်၍ လိုက်သွားလိုက်ပြန်သည်။
ထိုအချိန်တွင် ဝမ်ပေါင်လဲ့နှင့် အဝေးတစ်နေရာတွင် ရှိနေသည့် မြူခိုးများထဲ၌ ချန်ဟန်းမှာ ပြေးလွှားနေ၏။ သူသည် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော်ဖြစ်နေသလို မျက်ဝန်းများထဲတွင်လည်း တုန်လှုပ်ချောက်ချားမှု အရိပ်အယောင််များဖြင့် ပြည့်နှက်နေသေးသည်။ သူ၏ အသက်ရှူသံများမှာလည်း မတည်မငြိမ်ဖြစ်နေသလို သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း တဆတ်ဆတ်တုန်ရီနေ၏။ သူ၏ ပါးစပ်ထဲမှာလည်း သွေးတစ်ပွက်အန်ထွက်လာသည်။
" မြန်လိုက်တာ။ ဒီပုံစံအတိုင်းသာဆိုရင် သူ ငါ့ ခန္ဓာကိုယ်အစစ်ရဲ့ တည်နေရာကို အနှေးနဲ့အမြန် ရှာတွေ့သွားမှာပဲ။ ဒီ ငကြောင်ကောင်ကတော့ကွာ " ချန်ဟန်းမှာ စိုးရိမ်စိတ်များ ကြီးထွားနေရသလို ကြံရာမရလည်း ဖြစ်နေရပြီဖြစ်သည်။ သူသည် ထိုမျှလောက် ကြောက်မက်ဖွယ်ရာကောင်းနေသည့် ရန်သူကြီးအား ယှဉ်ပြိုင်တိုက်ခိုက်နိုင်မည်မဟုတ်ပေ။
သူ၏ ကိုယ်ပွားမှာ ဂြိုဟ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်၏ တိုက်ရည်ခိုက်ရည်စွမ်းအားများကို ပိုင်ဆိုင်ထားသည်မဟုတ်ပါလော။ သို့သော်ငြားလည်း ဝမ်ပေါင်လဲ့မှာ ၎င်းအား လက်ဝါးချက်တစ်ချက်တည်းနှင့် သတ်ဖြတ်နိုင်ခဲ့သည်သာ ဖြစ်သည်။ ထို့အပြင် သူသည် သူ၏ အမြန်နှုန်းကြောင့် ပို၍ပင် တုန်လှုပ်ချောက်ချားသွားရ၏။
သူ၏ အသိစိတ်ထဲတွင် အတွေးမျိုးစုံ ယောက်ယက်ခတ်နေပြီ ဖြစ်သည်။ သို့သော် သူ ဤ ပြဿနာကြီးအား ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခုခုအား မစဉ်းစားနိုင်ခင်မှာပင် သူ၏ နောက်ရှိ မြူခိုးများထဲ၌ အံ့ဩမှင်တက်ဖွယ်ရာ ဖိနှိပ်အားကြီးတစ်ခု ထပ်၍ ပေါ်ပေါက်လာပြန်သည်။
" တောက်ကွာ။ အရင်တုန်းကထက်ကို ပိုတောင် မြန်နေသေးတယ်ဟ " ချန်ဟန်းမှာ စူးရှကျယ်လောင်စွာ အော်ဟစ်မြည်တမ်းလိုက်ပြီး ထပ်၍ အရှိန်မြှင့်တင်လိုက်ပြန်သည်။ သို့သော်လည်း သူသည် ထို ဖိနှိပ်အားကြီးအား အချိန်မီရှောင်တိမ်းနိုင်စွမ်း ရှိမည်မဟုတ်ပေ။ ထို့ကြောင့် တစ်အောင့်ခန့်အကြာတွင် သူ၏နောက်ရှိ မြူခိုးများထဲမှ လူရိပ်တစ်ခု ပျံထွက်လာပြီး သူ့အား အရှိန်အဟုန်ဖြင့် ဝင်တိုက်သွားတော့သည်။ ထိုအခါ အုန်းခနဲမြည်သံကြီးတစ်သံ ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်မှာလည်း ပျက်စီးသွား၏။
သို့သော် ထိုကဲ့သို့ ပျက်စီးသွားသည့် ခန္ဓာကိုယ်မှာ သူ၏ ခန္ဓာကိုယ်အစစ်မဟုတ်ကြောင်း သိနိုင်ပေသည်။ ထိုကိုယ်ပွား သေဆုံးသွားသည်နှင့် ဝမ်ပေါင်လဲ့မှာ နောက်ထပ် လူရိပ်တစ်ခု၏ တည်နေရာအား ချက်ချင်းအာရုံခံ၍ လိုက်လံရှာဖွေလိုက်သည်သာ ဖြစ်သည်။
ထိုသို့ဖြင့် ခြောက်နာရီအတွင်းတွင် သူတို့နှစ်ယောက်မှာ မြူခိုးများထဲ၌ စိန်ပြေးတမ်း ကစားနေကြတော့သည်။ ချန်ဟန်း၏ ကိုယ်ပွားများမှာ တစ်ခုပြီးတစ်ခု ဖျက်ဆီးချေမှုန်းခံခဲ့ရ၏။ ဝမ်ပေါင်လဲ့တစ်ယောက် ကိုယ်ပွား အခုငါးဆယ်ကျော် ဖျက်ဆီးချေမှုန်းပြီးသွားချိန်တွင် ချန်ဟန်းမှာ အော်ငိုပစ်ချင်စိတ်များ ပေါက်လာရတော့သည်။
" အရူးကောင် "
" ငကြောင်ကောင် "
" အား... ငါ ရှစ်ဘဝစာပေါင်းပြီး ကံဆိုးနေတာပဲဖြစ်ရမယ်။ ဒီလို စိတ္တဇကောင်မျိုးကိုမှ ရန်ရှာမိရတယ်လို့ "
" ဒီအတိုင်းသာဆိုရင် သူ ငါ့ရဲ့ခန္ဓာကိုယ်အစစ်ကို လိုက်ရှာနေစရာတောင် လိုမှာမဟုတ်ဘူး။ ငါ ကိုယ်ပွားတွေအများကြီး ဆုံးရှုံးလိုက်ရရင် ငါ့ရဲ့ ခန္ဓာကိုယ်အစစ်ပါ ပျောက်သွားမှာ " ချန်ဟန်းမှာ စိုးရိမ်သောကရောက်နေရပါသော်လည်း ဘာမှ မတတ်နိုင်ဘဲဖြစ်ဖြစ်နေ၏။ ထို့ကြောင့် သူသည် ထွက်ပြေးကာ အချိန်ဆွဲထားရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။
ဝမ်ပေါင်လဲ့မှာလည်း ထိုသို့ လိုက်လံဖမ်းဆီးနေရင်း စိတ်မရှည်တော့ပေ။ သူ၏ ပြိုင်ဘက် အသုံးပြုနေသည့် နည်းလမ်းများမှာ အထူးတလည် ရှုပ်ထွေးနေခြင်းမရှိဘဲ ရိုးရှင်းပါသော်လည်း ထိုကဲ့သို့ ရိုးရှင်းလှသည့် ကိုယ်ပွားများမှာ သူ့အား အချိန်ဆွဲနေသည် မဟုတ်ပါလော။ တတိယနေ့၏ တတိယဘဝ စတင်ရန် နှစ်နာရီပင် မလိုတော့ပေ။
" ငါ သူ့ကို ရှာမတွေ့နိုင်စရာအကြောင်း မရှိဘူးဟေ့ " ဝမ်ပေါင်လဲ့မှာ ထိုသို့ ကြိမ်းဝါးလိုက်ပြီး မျက်ဝန်းများ အေးစက်စွာ တောက်ပသွား၏။ ထို့နောက်ါသူ၏ ခန္ဓာကိုယ်ပေါ်တွင် ပုံရိပ်ယောင်များ ပေါ်ပေါက်လာတော့သည်။ ထို့နောက် သူ၏ ကိုယ်ပွားများမှာ ခန္ဓာကိုယ်ထဲမှ တစ်ခုပြီးတစ်ခု ထိုးထွက်လာကြပြီး အရပ်မျက်နှာအနှံ့သို့ ပြေးထွက်သွားကြ၏။ တစ်ချိန်ထဲမှာပင် သူ၏ ခန္ဓာကိုယ်အစစ်မှာလည်း သူ လိုက်လံဖမ်းဆီးနေသည့် ချန်ဟန်း၏ အခြားကိုယ်ပွားတစ်ခုအား လိုက်မီသွားသည်။
ထိုအခါ အုန်းခနဲ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး ထိုကိုယ်ပွားမှာ ဖျက်ဆီးချေမှုန်းခံလိုက်ရ၏။ ဝမ်ပေါင်လဲ့မှာမူ ချန်ဟန်းအား ထပ်၍ ရှာဖွေကာ ဆက်လက်လိုက်လံဖမ်းဆီးနေဆဲပင်။ ယခုတွင် သူ၏ကိုယ်ပွားမှာ အရပ်မျက်နှာအနှံ့သို့ ခွဲထွက်သွားကြပြီဖြစ်ရာ အခြေအနေများမှာလည်း တဖြည်းဖြည်းနှင့် ပြောင်းလဲသွားပြီ ဖြစ်သည်။ သူ၏ ကိုယ်ပွားများမှာ ဦးတည်ရာမဲ့စွာ ပြေးလွှားနေခြင်း ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်အစစ်၏ အဝေးသို့ ရောက်သွားကြခြင်း ဖြစ်ပါသော်လည်း သူ ချန်ဟန်း၏ တည်နေရာအား ရှာတွေ့သွားသည့်အချိန်တွင် သူ၏ ခန္ဓာကိုယ်အစစ်ထက် ထိုနေရာနှင့် ပို၍ နီးကပ်နေသည့် ကိုယ်ပွားများ ရှိနေမည်မဟုတ်ပါလော။
ထို့ကြောင့် သူသည် ချန်ဟန်း၏ ကိုယ်ပွားများအား ပို၍ပင် လျင်မြန်စွာ ဖျက်ဆီးချေမှုန်းနိုင်စွမ်း ရှိလာတော့သည်။ ထို့ကြောင့်လည်း ချန်ဟန်း၏ ထိခိုက်နစ်နာဆုံးရှုံးမှုများမှာ ပို၍ပင် များပြားလာရ၏။
" အသေသာ သတ်သွားလိုက်ပါတော့ကွာ။ ဒီကောင်က ကိုယ်ပွားပညာရပ်တစ်ခုကို တတ်ထားတဲ့အပြင် အဲဒီ ပညာရပ်ကလည်း တော်တော်လေးကို ကြောက်ဖို့ကောင်းနေတာပဲ " ချန်ဟန်းမှာ သွေးပျက်လုမတတ် တုန်လှုပ်ချောက်ချားနေရပြီ ဖြစ်သည်။ သူသည် ကိုယ်ပွားဒါဇင်ပေါင်းများစွာအား ဆုံးရှုံးလိုက်ရပြီဖြစ်သလို အသက်ရှုကြိမ် အကြိမ်တစ်ရာ ကုန်ဆုံးသွားတိုင်း နောက်ထပ်ကိုယ်ပွားတစ်ခုမှာလည်း ဖျက်ဆီးချေမှုန်းခံနေရသည် မဟုတ်ပါလော။ ထို အမြန်နှုန်းထားကြောင့် သူသည် မျှော်လင့်ချက်များ ပျက်သုဉ်းနေရတော့သည်။
သူ၏ ခန္ဓာကိုယ်အစစ်မှာ အပြင်းအထန် ဒဏ်ရာရထားပြီဖြစ်သလို သူ၏ ဝိညာဉ်မှာလည်း အားအင်များ ချည့်နဲ့နေပြီဖြစ်သည်။ ထို့ကြောင့် သူသည် တတိယနေ့ရောက်ရန် အချိန်မည်မျှ လိုသေးကြောင်း ရင်တထိတ်ထိတ်နှင့် ကြည့်ရှုစစ်ဆေးမိလိုက်၏။ ထိုအခါ သူ၏ မျက်ဝန်းများထဲ၌ ပျော်ရွှင်မှုအရိပ်အယောင်များ တောက်ပလာတော့သည်။
" မိုးကောင်းကင်ကြီးက ငါ့ကို ကူညီပေးနေတာပဲ "
ချန်ဟန်းတစ်ယောက် အပျော်လွန်နေစဉ် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အစစ်မှာ ပို၍ပင်မြန်ဆန်လာ၏။ ယခုအကြိမ်တွင် သူ အာရုံခံမိလိုက်သည့် ချန်ဟန်း၏ ကိုယ်ပွားမှာ သူ၏ ခန္ဓာကိုယ်အစစ်နှင့် အနီးဆုံးတွင်ရှိနေသည်။ ထို့အပြင် သူသည် ချန်ဟန်း၏ ကိုယ်ပွားများမှာ တစ်ခုပြီးတစ်ခု သေဆုံးသွားသည်နှင့် ပို၍ အားနည်းလာနေသည်ဖြစ်ကြောင်း အာရုံခံမိနေသေးသည်။ သူ၏ တွက်ချက်မှုများအရဆိုလျှင် နောက်ထပ်ကိုယ်ပွား သုံးခုမှ ငါးခုအထိ သတ်ဖြတ်ပြီးသွားပါက သူသည် ချန်ဟန်း၏ ခန္ဓာကိုယ်အစစ်အား ရှာတွေ့နိုင်တော့မည်ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ချန်ဟန်း၏ ကိုယ်ပွားအား အာရုံခံမိလိုက်သည်နှင့် ရှေ့သို့ ချက်ချင်း ပြေးထွက်သွား၏။ သူသည် အလွန်အင်မတန်မှ မြန်ဆန်သည့် အမြန်နှုန်းမျိုးဖြင့် မြူခိုးများထဲ၌ ဖြတ်ပြေးသွားလိုက်သောကြောင့် တရွှီးရွှီးမြည်သံများပင် ပေါ်ပေါက်လာရတော့သည်။ သူသည် ထိုကဲ့သို့ မြူခိုးများထဲ၌ ပြေးလွှားနေစဉ် ခပ်လှမ်းလှမ်း၌ လူရိပ် ခုနစ်ခု ရှစ်ခုခန့် မြင်လိုက်ရ၏။
ထို လူရိပ် ခုနစ်ခု ရှစ်ခုမှာ ပြိုင်ပွဲဝင်များဖြစ်ကြပေသည်။ သူတို့ တစ်ယောက်ချင်းစီတိုင်း၏ လမ်းပြအလင်းရောင်များမှာ အလွန်အင်မတန်မှ အားကောင်းနေကြ၏။ သို့ဖြစ်ရာ သူတို့မှာ လမ်းတစ်လျှောက်တွင် အခြား ပြိုင်ပွဲဝင်ပေါင်းမြောက်မြားစွာ၏ လမ်းပြအလင်းရောင်များအား လုယူခဲ့ခြင်း ဖြစ်ရပေမည်။ သူတို့မှာ ထိပ်သီးအဆင့်ပါရမီရှင်များ မဟုတ်ကြသည့်တိုင်အောင် အားနည်းကြသူများတော့ မဟုတ်ပေ။ သူတို့ထဲမှ သုံးယောက်မှာ ဂြိုဟ်ထိပ်ဆုံးအဆင့်တွင် ရှိနေကြပြီး အခြားသူများမှာ နှောင်းပိုင်း ဂြိုဟ်အဆင့်တွင် ရှိနေကြ၏။ တစ်ယောက်မှာဆိုလျှင် ဝမ်ပေါင်လဲ့၏ ပစ်မှတ်ဖြစ်သော ချန်ဟန်း၏ ကိုယ်ပွား ဖြစ်ပေသည်။
သို့သော် ယခုအကြိမ်တွင် ထိုကိုယ်ပွားမှာ အနည်းငယ်ထူးခြား၏။ ၎င်းမှာ ယခင်တုန်းကပုံစံနှင့် မတူဘဲ အခြားကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်ထဲ၌ ဝင်ပူးထားသည့်ပုံပင်။ ထို ကျင့်ကြံသူမှာ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ချောမောလှပသည့် ရုပ်ရည်နှင့် ညှို့ဓာတ်ပြင်းသည့် အမူအရာများကို ပိုင်ဆိုင်ထားသည်။ ဝမ်ပေါင်လဲ့ ထိုနေရာသို့ ရောက်ရှိလာချိန်တွင် သူမသည် သူ့အား ကြိုတင် အာရုံခံမိထားပြီးသား ဖြစ်သည်။ ထို့ကြောင့် သူမသည် ကြောက်စိတ်များ ပြည့်နှက်နေသည့် မျက်ဝန်းတစ်စုံဖြင့် ချက်ချင်းဆိုသလိုပင် နောက်သို့ဆုတ်ခွာသွားပြီး အော်ပြောလိုက်၏။
" ဂိုဏ်းတူအစ်ကိုတို့။ ညီမလေးပြောနေတာ သူပဲ။ သူက ညီမလေးကို သူ့ရဲ့ ဆေးပေါင်းဖို လာလုပ်ဖို့ ပြောနေတာ။ တကယ်လို့ မလုပ်ဘူးဆိုရင် ညီမလေးကို အတင်းအဓမ္မ ဖိအားပေးမှာတဲ့ "
" ရပ်လိုက်စမ်း " ထိုအမျိုးသမီးကျင့်ကြံသူ၏ စကားများကို ကြားလိုက်ရသည်နှင့် အခြား ကျင့်ကြံသူများမှာ ဝမ်ပေါင်လဲ့အား လှမ်းတားလိုက်ကြ၏။ သူတို့မှာ သူ့အား မြင်ဖူးနေသည်ဟု ခံစားနေရပါသော်လည်း သူသည် အလွန်အင်မတန်မှ မြန်ဆန်နေသောကြောင့် စဉ်းစားချိန်မရလိုက်ပေ။ ဂြိုဟ်ထိပ််ဆုံးအဆင့် ကျင့်ကြံသူများထဲမှ တစ်ယောက်မှာဆိုလျှင် ချက်ချင်းဆိုသလိုပင် ရှေ့သို့လှမ်းလာပြီး သူ့အား တားဆီးရန် ကြိုးစားလိုက်၏။
" ငါ့နာမည်က ဝမ်ပေါင်လဲ့ပဲ။ ငါ ဒီကောင့်ကို လိုက်ဖမ်းနေတာ။ မဆိုင်တဲ့သူတွေ ဘေးဖယ်နေကြ " ဝမ်ပေါင်လဲ့တစ်ယောက် ချန်ဟန်းအား လိုက်လံဖမ်းဆီးနေခဲ့သည်မှာ အချိန်အကြာကြီး ရှိသွားပြီဖြစ်သည်။ သိပ်မကြာခင်တွင် တတိယနေ့သို့ ရောက်တော့မည်ဖြစ်ရာ အချိန်ဖြုန်းနေ၍မဖြစ်ပေ။ ထို့ကြောင့် သူသည် မာန်ပါပါ အော်ဟစ်လိုက်၏။ သူ၏ အော်သံကြီးမှာ အသံလှိုင်းများအဖြစ် ပြောင်းလဲသွားပြီး သူ၏ရှေ့၌ အရှိန်အဟုန်ပြင်းစွာ ပေါက်ကွဲထွက်ပေါ်လာတော့သည်။
ထိုအခါ လေမုန်တိုင်းတစ်ခု တိုက်ခတ်သွားသည့်အလား မိုးခြိမ်းသံများ ထွက်ပေါ်လာ၏။ ရှေ့သို့ပြေးထွက်လာခဲ့သည့် ဂြိုဟ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူကြီးမှာ ထို ပြင်းအားများကို အရင်ဆုံးခံစားလိုက်ရသဖြင့် ပါးစပ်ထဲမှ သွေးများပန်းထွက်လာသည်။ ထိုအခါ သူ၏ အပေါင်းအပါများမှာ မျက်နှာအမူအရာများ ပြောင်းလဲသွားကြပြီး ပြန်လည်ခုခံရန် ပြင်လိုက်ကြ၏။ အထူးသဖြင့် လူငယ်လေးတစ်ယောက်မှာဆိုလျှင် ဝမ်ပေါင်လဲ့၏ နာမည်အား ကြားလိုက်ရသည်နှင့် မျက်ဝန်းများ အေးစက်စွာတောက်ပသွားသည်။
" လက်စသတ်တော့ မင်းကိုးကွ။ မဖယ်ပေးဘူးကွာ " ထိုလူငယ်လေးမှာ ထိုသို့ကြိမ်းဝါးလိုက်ပြီးနောက် သစ်သားရုပ်တစ်ရုပ်ကို ထုတ်ယူကာ အသုံးပြုလိုက်သဖြင့် ထိုအရုပ်ထဲမှ ကြယ်အလင်းရောင်များ ထွက်ပေါ်လာ၏။ ၎င်းတို့မှာ ထာဝရကြယ်အဆင့် စွမ်းအားများအဖြစ် ပြောင်းလဲသွားပြီး ရှေ့သို့ အရှိန်အဟုန်ဖြင့် ပျံ့နှံ့လာတော့သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့ပင်လျှင် တစ်ခဏမျှ ရပ်တန့်သွားရ၏။ သို့သော် တစ်အောင့်ခန့်အကြာတွင် သူ၏ စကားသံကြီးမှာ အရပ်မျက်နှာအနှံ့တွင် ပဲ့တင်ထပ်သွားသည်။
" အလင်း "
သူ၏ စကားသံကြီး ပဲ့တင်ထပ်သွားသည်နှင့် သူ၏ ခန္ဓာကိုယ်ထဲမှ မျက်စိကျိန်းစရာကောင်းလောက်အောင် တောက်ပနေသည့် အလင်းရောင်ပင်လယ်တစ်စင်း ထွက်ပေါ်လာ၏။ သို့ဖြစ်ရာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အရာအားလုံးကို ဖိနှိပ်ချုပ်တည်းနိုင်စွမ်းရှိသော အလင်းတန်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။
ထိုအခါ အရပ်မျက်နှာအနှံ့တွင် စူးရှကျယ်လောင်သော အော်ဟစ်မြည်တမ်းသံများ ထွက်ပေါ်လာတော့သည်။ ဝမ်ပေါင်လဲ့အား တားဆီးရန် ကြိုးစားနေကြသည့် လူတိုင်းမှာ ပါးစပ်ထဲမှ သွေးများပန်းထွက်လာကြပြီး နောက်သို့လွင့်ထွက်သွားကြ၏။ သစ်သားရုပ်လေးအား ကိုင်ထားသည့် လူငယ်လေးမှာဆိုလျှင် ပို၍ပင် အဖြစ်ဆိုးသည်။ သူ၏ သစ်သားရုပ်လေးမှာ ချက်ချင်းဆိုသလိုပင် တစ်စစီကြေမွပျက်စီးသွားသလို သူသည်လည်း ပါးစပ်ထဲမှ သွေးများပန်းထွက်လာပြီး နောက်သို့လွင့်ထွက်သွား၏။ ထို့နောက် သူသည် မြေကြီးပေါ်သို့ပြုတ်ကျသွားပြီး သတိလစ်သွားတော့သည်။
သတိမလစ်ဘဲ ကျန်ရစ်ခဲ့သည့်လူများမှာမူ ဆွံ့အမှင်တက်နေကြရပြီဖြစ်သည်။ သူတို့၏ မျက်ဝန်းများထဲတွင် ကြောက်စိတ်များဖြင့် ပြည့်နှက်နေ၏။
အလင်းရောင်ပင်လယ်ကြီး ပျောက်ကွယ်သွားချိန်တွင် ဝမ်ပေါင်လဲ့ ပြန်လည်ပေါ်ပေါက်လာ၏။ သူသည် ခေါင်းမော့ကာ အဝေးတစ်နေရာသို့ လှမ်းကြည့်နေသည်။ သူ ဤနေရာ၌ ရပ်တန့်ခံလိုက်ရစဉ်တုန်းက ချန်ဟန်း၏ ကိုယ်ပွား ဝင်ပူးထားသည့် အမျိုးသမီးမှာ နောက်သို့ အလျင်အမြန် ဆုတ်ခွာသွားခဲ့ပြီး မြူခိုးများထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားပြီ ဖြစ်သည်။။ ယခုတွင် ဝမ်ပေါင်လဲ့မှာ ကျန်ရှိနေသေးသည့် အချိန်အား တွက်ချက်လိုက်ပြီးနောက် မျက်ဝန်းများ အေးစက်စွာတောက်ပသွား၏။ သူသည် သူမအား သတ်ဖြတ်နိုင်ရန် အချိန်ကျန်တော့မည် မဟုတ်ကြောင်း သိထားပြီဖြစ်သည်။
သို့သော် သူသည် အထူးတလည် စိတ်ပျက်သွားခြင်းတော့မရှိပေ။ ဤ အရည်အချင်းစမ်းသပ်ပွဲကြီး ပြီးဆုံးရန် အကြာကြီး လိုသေးသည်မဟုတ်ပါလော။
သို့သော် သူသည် သူ၏ ရှေ့တွင် ရှိနေသည့် ကျင့်ကြံသူများအား ခွင့်လွှတ်ပေးရန် စိတ်ကူးမရှိပေ။ အကယ်၍ သူတို့မှာ သူ မည်သူမည်ဝါမှန်း မသိသောကြောင့် ထိုကဲ့သို့ ပြုမူမိခဲ့ခြင်းဆိုပါက ကိစ္စမရှိပါသော်လည်း သူသည် သူ၏ နာမည်အား ထုတ်ပြောခဲ့သည်မဟုတ်ပါလော။ သို့သော်ငြားလည်း သူတို့မှာ သူ့အား တားဆီးနိုင်ရန် ကြိုးစားခဲ့ဆဲပင်။ ပြိုင်ပွဲစည်းကမ်းကြောင့် သူသည် သူတို့အား သတ်ဖြတ်ခွင့် မရှိပါသော်လည်း ထိုက်ထိုက်တန်တန် အပြစ်ပေးမှရမည်ဖြစ်သည်။
ထို ကျင့်ကြံသူများမှာ တုန်လှုပ်ချောက်ချားနေကြဆဲဖြစ်ပြီး ပြဿနာအကြီးကြီး ရှာမိသွားပြီဖြစ်ကြောင်း ရိပ်မိသွားကြ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့ စကားတစ်ခွန်းမှ မပြောနိုင်ခင်မှာပင် သူတို့မှာ တစ်ယောက်ပြီးတစ်ယောက် တောင်းပန်စကားများဆိုလိုက်ကြပြီး သူတို့၏ လမ်းပြအလင်းရောင်များကိုပင် ထုတ်ပေးလိုက်ကြတော့သည်။
ထိုအခါ ဝမ်ပေါင်လဲ့မှာ အနည်းငယ် စိတ်ဆိုးပြေသွား၏။ သူသည် သူတို့၏ အလင်းတန်းများကို ရယူလိုက်ပြီးနောက် သစ်သားရုပ်လေးအား အသုံးပြုခဲ့သည့် သတိလစ်နေသော လူငယ်လေး၏ ခန္ဓာကိုယ်ပေါ်သို့ ခြေထောက်တင်လိုက်သည်။ ထို့နောက် သူသည် သူ၏ ခြေထောက်ရိုးများ ကျိုးသွားအောင် နင်းခြေလိုက်သဖြင့် ထို လူငယ်လေးမှာ နာကျင်မှုများကြောင့် ပြန်လည်သတိရလာတော့သည်။ ထို့နောက် သူသည်လည်း ကတုန်ကယင်နှင့် သူ၏ အလင်းတန်းများကို ထုတ်ပေးလိုက်ရ၏။
ဝမ်ပေါင်လဲ့မှာမူ စကားတစ်ခွန်းမှ ပြောမနေဘဲ နောက်သို့လှည့်ကာ ထွက်ခွာသွား၏။ ထို့နောက် သူသည် ဟင်းလင်းပြင်တစ်ခုအား ရှာဖွေလိုက်ပြီး သူ၏ ကိုယ်ပွားများအားလုံးကို ပြန်လည်ဆင့်ခေါ်လိုက်သည်။ သူသည် ၎င်းတို့အား အပြင်ဘက်၌ အစောင့်အဖြစ် တာဝန်ပေးထားလိုက်ပြီးနောက် တင်ပျဉ်ခွေထိုင်ချလိုက်၏။ ထိုအချိန်တွင် သူ၏ အသိစိတ်ထဲ၌ ရှေးဆန်သည့် စကားသံကြီးတစ်သံ ပဲ့တင်ထပ်သွားတော့သည်။
" တတိယနေ့၊ တတိယဘဝ “