မိုးကြိုးမြို့တော်သို့ ရောက်ရှိခြင်း
Vol. 35 Ch. 480
ကောင်းကင်သတ်ဖြတ်ရေးကျင့်စဥ်သည် ကြယ်အဆင့် လျှို့ဝှက်ကျင့်စဥ်တစ်ခုဖြစ်ပြီး ကျင့်စဥ်အားလုံးတွင် ခက်ခဲမှု အမြင့်ဆုံးဖြစ်သည်။ ၎င်း၏ပထမအဆင့်ကပင် အလွန်တရာအစွမ်းထက်ပြီး ထျန်းယွမ်ကောင်းကင်မြို့တော်မှ ကျင့်ကြံသူများသာ အောင်မြင်နိုင်ပေလိမ့်မည်။ သို့သော် ထိုကျင့်ကြံသူများပင် နောက်တစ်ဆင့်တက်ရန် အလွန်ကြိုးစားရမည်ဖြစ်သည်။ ပါရမီရှင်တစ်ယောက်မဟုတ်လျှင် ခက်ခဲသော ကျင့်စဥ်များကို မရွေးချယ်သင့်ပေ။ သာမန်ကျင့်ကြံသူတစ်ယောက်က ဤကျင့်စဥ်၏ပထမအဆင့်ကို ဆယ်စုနှစ်ပေါင်းများစွာ ကျင့်ကြံလျှင်ပင် အောင်မြင်နိုင်ချေ မရှိချေ။
ကြယ်အဆင့်ကျင့်စဥ်များတွင် လိုအပ်ချက်များစွာ ရှိသည်။ ဥပမာ- လေဟာနယ်ဖြိုခွဲကျင့်စဥ်အတွက် မဟာသာလွန်အဆင့် ကောင်းကင်သားရဲသုံးဆယ်၏ ဝိညာဥ်များကိုဝါးမျိုရန် လိုအပ်သည်။ နတ်မိုးကြိုးကျင့်စဥ်အတွက် မိုးကြိုးဓာတ်အခြေခံ နတ်ရတနာခြောက်ခု လိုအပ်ပြီး ပိုမိုမြင့်မားသော လိုအပ်ချက်များနှင့် ကျင့်စဥ်များလည်း ရှိသည်။ ဤလိုအပ်ချက်များကို ပြည့်မီနိုင်ရန် ခက်ခဲလွန်းသဖြင့် သာမန်ကျင့်ကြံသူများနှင့် ၎င်းတို့က မသက်ဆိုင်ပေ။ ယဲ့ချန်၏အကြည့်က ပုံရိပ်များထံ တစ်ခုပြီးတစ်ခုကျရောက်သွားကာ နောက်ဆုံးတွင် ကြယ်အဆင့်ကျင့်စဥ်တစ်ခု၌ ရပ်တန့်သွားခဲ့သည်။
"နတ်ကိုယ်ပွားကျင့်စဥ်"
၎င်းကိုကျင့်ကြံရန် လိုအပ်ချက်က အလွန်ထူးခြားပြီး ကျင့်ကြံသူထံတွင် ရှေးဦးဝိညာဥ်ပိုင်ဆိုင်ထားရန် ဖြစ်သည်။ ရှေးဦးဝိညာဥ်နှင့် ယဲ့ချန်၏ကိုယ်ထဲတွင်ရှိသော ဝိညာဥ်အသိစိတ်က တူညီနိုင်သည်။ ၎င်းက ကိုယ်ပွားကျင့်စဥ်တစ်ခုဖြစ်ပြီး အဆင့်တစ်ကိုအောင်မြင်လျှင် မူရင်းခန္ဓာမှ ကိုယ်ပွားတစ်ခု ခွဲထုတ်နိုင်ပေလိမ့်မည်။ ထို့အပြင် ၎င်းက မူရင်းကိုယ်၏ခွန်အားကို ရာနှုန်းပြည့်ထုတ်ဖော်နိုင်သည်။ ကိုယ်ပွားနှင့်မူရင်းကိုယ် ကွာခြားချက်ကြောင့် အနည်းငယ်အားနည်းနေမည်ဖြစ်သော်လည်း ၎င်းတို့က အတူတကွကျင့်ကြံနိုင်ပြီး ကျင့်ကြံနှုန်းကို မြင့်တက်လာစေနိုင်သည်။ တိုက်ပွဲတွင်လည်း အတူတကွပူးပေါင်း၍ တိုက်ခိုက်နိုင်သည်။ သို့သော် အရာအားလုံးတွင် အကျိုးအပြစ်ရှိပြီး ကိုယ်ပွားတစ်ခုသေဆုံးသွားလျှင် ကျင့်ကြံဆင့်က သုံးဆယ်ရာခိုင်နှုန်း ကျဆင်းသွားပေမည်။ ကိုယ်ပွားသေဆုံးသွားလျှင်ပင် မူရင်းကိုယ်က မထိခိုက်လျှင် မူရင်းကိုယ်၏ကျင့်ကြံဆင့်က ပုံမှန်အတိုင်း တည်မြဲနေမည်ဖြစ်သည်။ ကျင့်ကြံသူတစ်ယောက်တွင် နတ်ကိုယ်ပွားပိုင်ဆိုင်ထားလျှင် ကျင့်ကြံနှုန်းပိုမြန်လာရုံသာမက တိုက်ပွဲအတွင်း တိုက်ခိုက်နိုင်စွမ်းလည်း မြင့်တက်လာပေလိမ့်မည်။
မူလတွင် ယဲ့ချန်သည် တိုက်ပွဲတွင် ပို၍အစွမ်းထက်မည့် ကျင့်စဥ်မျိုး ရွေးချယ်ချင်ခဲ့သော်လည်း နတ်ကိုယ်ပွားကျင့်စဥ်က ကျင့်ကြံနှုန်းကို မြှင့်တင်ပေးနိုင်သည်ဟု ဆိုသည်။ သူ၏လက်ရှိကျင့်ကြံနှုန်းဖြင့် သမာဓိကောင်စီ၏ ခေါင်းဆောင်သုံးယောက်ကို လိုက်မီရန် မဖြစ်နိုင်ချေ။ သူ၏တိုက်ကွက်က မည်မျှသန်မာပါစေ ကျင့်ကြံဆင့် အလွန်ကွာခြားနေလျှင် အရာရောက်မည်မဟုတ်ပေ။ ထို့ကြောင့် ကျင့်ကြံဆင့်မြှင့်တင်ရန်က ပထမဦးစားပေး ဖြစ်နေခဲ့သည်။
"အကြီးအကဲ ကျုပ်က နတ်ကိုယ်ပွားကျင့်စဥ်ကို ကျင့်ကြံနိုင်လောက်လား"
ယဲ့ချန်က ကျင့်စဥ်၏ပုံရိပ်ကို မော့ကြည့်၍ မေးလိုက်ခြင်းဖြစ်သည်။ ထိုပုံရိပ်တွင် ကျင့်ကြံသူတစ်ယောက်က နတ်ကိုယ်ပွားသုံးခုထုတ်ဖော်၍ ရန်သူကို ဝန်းရံတိုက်ခိုက်နေခဲ့သည်။
"နတ်ကိုယ်ပွားကျင့်စဥ်အတွက် လိုအပ်ချက်က ရှေးဦးဝိညာဥ်ဖြစ်တယ်။ ဒါက ကောင်းကင်သားရဲတွေရဲ့ ဝိညာဥ်အသိစိတ်ထက် ပိုပြီးသန်မာတဲ့ လူသားတွေရဲ့ ဝိညာဥ်ဖြစ်တယ်"
အဘိုးအို၏ စကားသံ ထွက်ပေါ်လာသည်။
"ဒါကိုရော ရှေးဦးဝိညာဥ်လို့ ခေါ်နိုင်ပါသလား"
ယဲ့ချန်က ပျော်ရွှင်သွားပြီး ဝိညာဥ်စစ်သည်တော်ကို ထုတ်ဖော်ပြသလိုက်၏။
"နည်းနည်းထူးဆန်းနေပေမယ့် ဒါက ရှေးဦးဝိညာဥ်နဲ့ ဆင်တူနေတယ်ဆိုတော့ မင်း ကျင့်ကြံနိုင်တယ်။ မင်းက နတ်ကိုယ်ပွားကျင့်စဥ်ကို ရွေးချယ်မှာလား"
အဘိုးအိုက မင်သက်သွားဟန်ဖြင့် ခဏတာတိတ်ဆိတ်သွားပြီးနောက် အဖြေပေးလာခဲ့သည်။
"ဟုတ်ကဲ့"
ယဲ့ချန်က ခေါင်းညိတ်လိုက်သည်။ သူ၏စကားအဆုံးတွင် ဆန်းကျယ်သော စွမ်းအားတစ်ခုက သူ၏စိတ်အတွင်း ကျင့်စဥ်၏သရုပ်ဖော်ပုံများကို ပို့ဆောင်ပေးလာကြောင်း ခံစားလိုက်ရသည်။
"ငါ့ဝိညာဥ်စစ်သည်တော်က ရှေးဦးဝိညာဥ် ဖြစ်နေတာကိုး"
ယဲ့ချန်က နတ်ကိုယ်ပွားကျင့်စဥ်ကိုကျင့်ကြံရန် လိုအပ်ချက် ပြည့်မီသွားသောကြောင့် ပျော်ရွှင်နေသည်။ ၎င်းက သူကျင့်ကြံဖူးသော ကြယ်အဆင့်လျှို့ဝှက်ကျင့်စဥ်ထက် များစွာပို၍ခက်ခဲကြောင်း သဘောပေါက်လိုက်သည်။ သူက ၎င်းကို စတင်မကျင့်ကြံခင် ဂရုတစိုက်လေ့လာ သင်ယူရပေလိမ့်မည်။ လျှို့ဝှက်ကျင့်စဥ်ကို ရယူပြီးနောက် သူက အပြင်ကမ္ဘာသို့ ပြန်လည်ရောက်ရှိလာကာ အမွေးပွလေးကိုသယ်ဆောင်၍ ခရီးပြင်းနှင်လိုက်သည်။ စိတ်ထဲတွင်မူ နတ်ကိုယ်ပွားကျင့်စဥ်ကို လေ့လာနေခဲ့သည်။ ဖြည်းဖြည်းချင်းဖြင့် သူက ၎င်းကို စတင်နားလည်လာသော်လည်း ပထမအဆင့်ကို အောင်မြင်စွာကျင့်ကြံနိုင်ရန် လိုအပ်နေခဲ့သည်။ ထူးကဲအဆင့်သို့ ရောက်ရှိပြီးနောက် သူ၏စိတ်က အဆပေါင်းများစွာ ကျယ်ပြန့်လာသဖြင့် ကျင့်စဥ်များလေ့လာရာတွင် ပို၍အကျိုးရှိလာခဲ့သည်။
လင်းယွန်တောင်တန်းမှ နတ်မိုးကြိုးမြို့တော်တည်ရှိရာ အရှေ့ပိုင်းတိုက်ကြီး၏ အနောက်အရပ်သို့ သွားရာလမ်းကြောင်းတွင် အလယ်အင်ပါယာတည်ရှိသည်။ ယဲ့ချန်က မီးတောက်နီဂိုဏ်းသို့ ဝင်ရောက်ရန် စီစဥ်ထားသည်။ ဝိညာဥ်သားရဲကပ်ဘေး စတင်လာချိန်တွင် သူက ကိစ္စအမျိုးမျိုးနှင့် အလုပ်ရှုပ်နေသဖြင့် ထိုနေရာသို့ မသွားရောက်နိုင်ခဲ့ပေ။ လော့အာကို ဆန်းကျယ်လကန့်သတ်နယ်မြေက ကာကွယ်ပေးထားမည်ဖြစ်သော်လည်း သူက စိုးရိမ်နေခဲ့သည်။ သူက လျင်မြန်စွာပျံသန်းရင်း မီးတောက်နီဂိုဏ်း၏ အနောက်ဘက်တောင်များထံ ရောက်ရှိလာခဲ့သည်။ ဂိုဏ်းအနီးသို့ရောက်သောအခါ ခံစားချက်များ ဆိုးရွားသွားကာ ယဲ့ချန်က ရင်ထိတ်သွားခဲ့သည်။ ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်သောအခါ လူသူတစ်ဦးတစ်ယောက်မှမတွေ့ရဘဲ ယဲ့လော့နှင့် မီးတောက်နီဂိုဏ်းဝင်များ ပျောက်ကွယ်နေခဲ့သည်။ ထိုတြောင့် သူ၏မျက်လုံးများ နီရဲလာကာ စိတ်ထဲတွင် စိုးရိမ်စိတ်က နောင်တနှင့်အတူ ထွက်ပေါ်လာသည်။
ယဲ့ချန်က ဆန်းကျယ်လနယ်မြေသို့ ဦးတည်လိုက်ပြီး ထိုနေရာ၏ကာကွယ်ရေးအစီအရင် ဖျက်ဆီးခံထားရသည်ကို တွေ့သောအခါ ရင်ထိတ်သွားခဲ့သည်။ သုခဘုံတစ်ခုနှင့်တူညီသော ဤနေရာက အပျက်အစီးနယ်မြေတစ်ခုဖြစ်နေပြီး သစ်ပင်များကျိုးကြေ၍ နေရာတိုင်း ရှုပ်ပွနေခဲ့သည်။
"လော့အာ"
အော်သံကို တုံ့ပြန်သူမရှိသော်လည်း ယဲ့ချန်က တကြော်ကြော်အော်ဟစ်ရင်း တစ်စုံတစ်ယောက်ကို တွေ့လိုတွေ့ငြား ပြေးထွက်သွားခဲ့သည်။ သို့သော်လည်း ပတ်ဝန်းကျင်က ဗလာဖြစ်နေပြီး သူ၏အော်သံကသာ ပဲ့တင်ထပ်နေသည်။
"လော့အာ လော့အာ"
ယဲ့ချန်က အော်ဟစ်နေရင်း အတိတ်ကိုပြန်တွေးမိသောအခါ ကိုယ့်ကိုကိုယ် အပြစ်တင်လိုက်သည်။ အကယ်၍ သူသာ ယဲ့လော့ကို ယဲ့တောင်ကြားသို့ ပြန်ခေါ်လာမိလျှင် သို့ ဝိညာဥ်သားရဲကပ်ဘေး စတင်ချိန်တွင် လာရောက်ခေါ်ဆောင်ခဲ့လျှင် ဤသို့ဖြစ်စရာ အကြောင်းမရှိချေ။
"ကိ ကိ"
ထိုအချိန်တွင် အမွေးပွလေးက ယဲ့ချန်၏မျက်နှာကို သူမ၏အမြှီးဖြင့်ပွတ်သပ်၍ ပတ်ဝန်းကျင်ကို ညွှန်ပြလိုက်သည်။ သူက မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် သူမညွှန်ပြသမျှနေရာတိုင်းကို စစ်ဆေးလိုက်သည်။ ထိုအခါ ဆန်းကျယ်လနယ်မြေက အပြင်ပိုင်းအလွှာသာ ဖျက်ဆီးခံထားရပြီး အတွင်းပိုင်းနယ်မြေက အကောင်းပကတိရှိနေကြောင်း သိလိုက်ရသည်။ သူက မျှော်လင့်ချက်တစ်ခုကြောင့် နှလုံးခုန်မြန်လာကာ ပတ်ဝန်းကျင်ကို ထပ်မံ၍ အသေးစိတ်စစ်ဆေးလိုက်သည်။ တိုက်ပွဲ၏ခြေရာလက်ရာ သဲလွန်စများမရှိသကဲ့သို့ သွေးစသွေးနနှင့် အလောင်းများလည်း ရှိမနေပေ။ ယဲ့လော့နှင့် အခြားလူများက အတွင်းနယ်နယ်မြေသို့ ဆုတ်ခွာသွားခြင်းဖြစ်နိုင်သောကြောင့် သူက သက်ပြင်းတစ်ချက်ချလိုက်နိုင်သည်။
"လော့အာတို့က ဝိညာဥ်သားရဲတွေကြောင့် ရွှေ့ပြောင်းသွားတာလား။ သူတို့က အန္တရာယ်ကြုံနေရပြီလား။ ငါ သူတို့ကို ဘယ်မှာသွားရှာရမလဲ"
အရှေ့ပိုင်းတိုက်ကြီးက အန္တရာယ်ကျရောက်နေပြီး နတ်မိုးကြိုးမြို့တော်၏အခြေအနေက တင်းမာနေသည်။ သူက ဤနေရာတွင် ကြာရှည်နေနိုင်ခြင်းမရှိဘဲ ပိုမေ့ကို တတ်နိုင်သမျှအမြန်ဆုံး စစ်ကူသွားရမည်ဖြစ်သည်။
"လော့အာ မင်း အသက်ရှင်ရမယ်"
ယဲ့ချန်က စိတ်ထဲတွင် ဆုတောင်းနေရုံသာ တတ်နိုင်သည်။ သူက ဆန်းကျယ်လနယ်မြေကို တစ်ချက်ကြည့်လိုက်သည်။ ထိုနေရာတွင် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ရှိနေပြီး လော့အာက ထိုကျင့်ကြံသူ၏ကာကွယ်မှုအောက်တွင် ဘေးကင်းလုံခြုံနေနိုင်သည်။ သူက အတွင်းပိုင်းနယ်မြေကို ဝိညာဥ်အသိစိတ်ဖြင့် အချိန်ကြာမြင့်စွာစစ်ဆေးခဲ့သော်လည်း အရာမထင်သောကြောင့် ဝမ်းနည်းစွာ ထွက်ခွာလာခဲ့ရလေသည်။
အရှေ့ပိုင်းတိုက်ကြီး၏ အနောက်ပိုင်းရှိ နတ်မိုးကြိုးမြို့တော်သို့ ယဲ့ချန်နှင့် အမွေးပွလေးက ရောက်ရှိလာကြသည်။ ကောင်းကင်တစ်ခုလုံး အုံ့မှိုင်းနေပြီး တိမ်ညိုတိမ်မည်းများ ရွေ့လျားနေသည်။ အချိန်တိုင်း တိမ်များထံမှ ကြောက်မက်ဖွယ်မိုးကြိုးများ ကျဆင်းလာနေပြီး လျှပ်စီးများ တဖြတ်ဖြတ်လက်နေသောအခါ ကမ္ဘာဖျက်မိုးကြိုးကပ်ဘေးတစ်ခုနှင့်ပင် တူညီနေသည်။ တောင်များ အတန်းလိုက်တည်ရှိနေပြီး အမြင့်ဆုံးတောင်ထိပ်တွင် ကြီးကျယ်ခမ်းနားသော မြို့တော်ကြီးတစ်ခုရှိနေသည်။ မိုးကြိုးများက မြို့ရိုးထံ ဆက်တိုက်ပစ်ချနေပြီး လျှပ်စီးများက မြို့ရိုးပေါ်တွင် လျင်မြန်စွာပေါ်လိုက်ပျောက်လိုက် စီးဆင်းနေကြသည်။ မြို့တော်တစ်ခုလုံးကို အစွမ်းထက်သတ္တုများနှင့် တည်ဆောက်ထားသဖြင့် ဧရာမခံတပ်ကြီးတစ်ခုနှင့် တူညီနေသည်။ ဤကား ကျော်ကြားသော နတ်မိုးကြိုးမြို့တော်၏အသွင်ဖြစ်သည်။
မြို့တော်နှင့်မနီးမဝေးတွင် တပ်ဖွဲ့ကြီးတစ်ခု စခန်းချနေပြီး မရေမတွက်နိုင်သော ယာယီတဲစခန်းများထက်တွင် သမာဓိကောင်စီ၏ ရွှေဓားအလံများကို လွှင့်ထူထားသည်။ သမာဓိကောင်စီတပ်က နတ်မိုးကြိုးမြို့တော်၏မြောက်ဘက်တွင် နေရာယူထားကာ အံ့လောက်ဖွယ်အရေအတွက်နှင့် ပြင်းထန်လွန်းသော သတ်ဖြတ်လိုစိတ်ကြောင့် လေထုက တင်းမာနေသည်။
"အမွေးပွလေး ငါတို့ရောက်ပြီ"
ယဲ့ချန်က တောင်တစ်လုံးပေါ်တွင် ခပ်လျှိုလျှိုဆင်းသက်လိုက်သည်။ သူ၏ပခုံးပေါ်တွင်ရှိနေသော အမွေးပွလေးက အမြှီးကိုးချောင်းလုံးကို ချထား၍ အနည်းငယ် နှုတ်ခမ်းဆူနေခဲ့သည်။ သူမက ဤနေရာနှင့်ပတ်သက်၍ မပျော်မရွှင်ဖြစ်နေခဲ့သည်။ သူမ၏အမူအရာကို မြင်သောအခါ အကြောင်းအရင်းကိုနားလည်နေသော ယဲ့ချန်က ခါးသက်သက်ပြုံး၍ သူမ၏ခေါင်းကို ပုတ်လိုက်သည်။
"အရင်တစ်ခေါက်ကိစ္စက ဘယ်သူ့အမှားလဲ"
ယဲ့ချန်က မေးလိုက်ခြင်းဖြစ်သည်။ သူ၏စကားကြောင့် အမွေးပွလေးက ပို၍စိတ်ဓာတ်ကျသွားကာ ပခုံးပေါ်တွင် မလှုပ်မယှက်လှဲချလိုက်၏။ နတ်မိုးကြိုးမြို့တော်က ပိုလင်း၏အိမ်ဖြစ်သောကြောင့် ယဲ့ချန်က သူမနှင့် သေချာပေါက်တွေ့ဆုံပေလိမ့်မည်။ ယဲ့တောင်ကြားမှအဖြစ်ကို ပြန်တွေးမိလိုက်သောအခါ သူမ၏အပြစ်ဖြစ်နေသောကြောင့် ခံစားချက်များ ရှုပ်ထွေးနေသည့် အမွေးပွလေးက မကျေမနပ်ဖြစ်နေခဲ့သည်။ သို့သော် ပုံရိပ်ယောင်ပုလဲအတွင်းရှိ သူမ၏ဘိုးဘေးများ ကန့်ကွက်မှုကြောင့် လူအသွင်မပြောင်းနိုင်ခြင်းဖြစ်သည်။ လူအသွင်ပြောင်းလိုက်လျှင် သူမက ပိုလင်းထက်ပိုသာ၍ ယဲ့ချန်၏အာရုံကို ပြောင်းလဲနိုင်ပေလိမ့်မည်။ သို့သော် လက်ရှိတွင် သူမက ကံဆိုးစွာဖြင့် မြေခွေးအသွင်ကို လက်ခံရုံသာရှိသည်။
"အမွေးပွလေး ပုံရိပ်ယောင်ပုလဲထဲကို ဝင်နေလိုက်နော်။ သမာဓိကောင်စီက သဲလွန်စတွေကြောင့် ငါတို့ကို ကြယ်ခန်းမကဆိုတာ သိသွားလို့မဖြစ်ဘူး"
ယဲ့ချန်က တစ်ချက်ပြုံး၍ သူမကိုနှစ်သိမ့်ရန် ခေါင်းကလေးကိုပွတ်သပ်ပြီး မှာကြားလိုက်သည်။ သူမက အဖြူရောင်အလင်းတစ်ခုအဖြစ် ပုလဲအတွင်း ချက်ချင်းဝင်ရောက် ပျောက်ကွယ်သွားခဲ့သည်။
ကြယ်ခန်းမ၏လုံခြုံရေးအတွက် ယဲ့ချန်သည် နေရောင်အောက်မှသူခိုးကျင့်စဥ်ဖြင့် သာမန်ရုပ်ရည်ရှိ လူငယ်တစ်ယောက် အသွင်ပြောင်းလိုက်သည်။ သူက သမာဓိကောင်စီ၏လှည့်ကင်းများကို ရှောင်ရှားကာ နတ်မိုးကြိုးမြို့တော်ထံ ချဥ်းကပ်လာသည်။ ပိုမေ့၏စစ်ကူကျင့်ကြံသူအားလုံးက မြို့တော်အတွင်းရောက်ရှိနေပြီး ယဲ့ချန်တစ်ယောက်သာ နောက်ကျနေခြင်းဖြစ်သည်။ မြို့တော်တစ်ခုလုံးကို သမာဓိကောင်စီမှ ဝန်းရံထားသောကြောင့် သူက ဝင်ရောက်နိုင်ခြင်းရှိမရှိ မသေချာခဲ့ပေ။