ကြယ်ကြွေပိုင်နက်၏အစွမ်း
Vol. 35 Ch. 481
"ဝှစ် ဝှစ် ဝှစ်"
ထူးကဲအဆင့်ကျင့်ကြံသူ အုပ်စုတစ်ခုက ယဲ့ချန်ထံ ပျံသန်းလာကြသည်။ ရန်သူများကို အာရုံခံမိသောအခါ သူ၏အလျင်က ရုတ်တရက်မြင့်တက်လာ၍ နတ်မိုးကြိုးမြို့တော်သို့ တဟုန်ထိုး ပြေးထွက်သွားခဲ့သည်။ သူ၏အရှိန်ဖြင့် ထိုနေရာသို့ မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိနိုင်ပြီး သမာဓိကောင်စီဝင်များက သူ့ကိုလိုက်မီရန် နောက်ကျနေပြီဖြစ်သည်။ သူက မြို့ရိုးအပြင်ဘက်သို့ လှစ်ခနဲ ရောက်ရှိသွားသည်။ မိုးကြိုးများ တဝုန်းဝုန်းပစ်ချနေသော မြို့ရိုးများကို တင်းကျပ်စွာ အစောင့်ချထားသည်။ မြို့ရိုးပေါ်ရှိအစောင့်များက ယဲ့ချန်ချဥ်းကပ်လာသည်ကို မြင်သောအခါ ချက်ချင်းလှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ ထူးကဲအဆင့်ကျင့်ကြံသူများ၏ အရှိန်အဝါများက သူ့ထံ ဦးတည်ကျရောက်လာကာ အဆင့်တစ်ပိုင်နက်အစွမ်းများ ပါဝင်နေသည်။
"မင်း ဘယ်သူလဲ"
မိုးကြိုးမျိုးနွယ်ဝင်တစ်ယောက်က မေးလိုက်ခြင်းဖြစ်သည်။
"ငါက နတ်မိုးကြိုးမြို့တော်ကို စစ်ပွဲမှာ ကူညီဖို့ ရောက်လာတာပါ။ ကျေးဇူးပြုပြီး ဝင်ခွင့်ပေးပါ"
ယဲ့ချန်က သူ၏ပိုင်နက်အစွမ်းကို တိတ်တဆိတ်ထုတ်ဖော်၍ ဖိအားကို ခုခံလိုက်သည်။ ထို့နောက် သူက လေထဲတွင် မားမားမတ်မတ်ရပ်၍ ဖြေလိုက်သည်။
"သူက ငါတို့ကိုကူညီဖို့ ရောက်လာတာလား"
မြို့ရိုးပေါ်ရှိကျင့်ကြံသူများက ဇဝေဇဝါဖြစ်သွားကာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ စစ်ကူတစ်ယောက်ရောက်ရှိလာခြင်းက ကောင်းသောအရာဖြစ်သော်လည်း နတ်မိုးကြိုးမြို့တော်အတွင်း နာမည်တုနှင့် ဝင်ရောက်လာသူများထဲတွင် သူလျှိုအချို့ကို ရှာဖွေဖော်ထုတ်နိုင်ခဲ့သည်။ ထို့ကြောင့် သူတို့အားလုံးက သတိကြီးကြီးထားနေသည့်အပြင် လွန်ခဲ့သောရက်များအတွင်း ကာကွယ်ရေးအစီအရင်ကို အသက်သွင်းထားခဲ့သည်။ ပိုမေ့၏အမိန့်မရှိလျှင် မည်သူတစ်ဦးတစ်ယောက်ကိုမှ ဝင်ခွင့်မပေးရဲကြပေ။
"ကျေးဇူးပြုပြီး မိတ်ဆွေရဲ့အမည်ကို ပြောပါ"
မိုးကြိုးမျိုးနွယ်ဝင်က ယဲ့ချန်ကို ဂရုတစိုက် အကဲခတ်နေသော်လည်း မည်သူဖြစ်ကြောင်း မပြောနိုင်ခဲ့ပေ။
"ချန်ရဲ"
ယဲ့ချန်က သူ၏အမည်ရင်းကို လုံးဝထုတ်မသုံးရန် ဆုံးဖြတ်ထားသည်။ သူက စစ်ပွဲအတွင်း ဝင်ရောက်ကူညီမိသဖြင့် ကြယ်ခန်းမ ဒုက္ခရောက်ရမည့်အရေးကို ရှောင်လွှဲချင်ခဲ့သည်။ အကယ်၍ သမာဓိကောင်စီသာ ကြယ်ခန်းမကို သတိထားမိသွား၍ ဖျက်ဆီးလိုလျှင် လက်ဝါးကို ဟိုဘက်သည်ဘက်လှန်သကဲ့သို့ လွယ်ကူနေသည်။
"ချန်ရဲ"
မြို့ရိုးပေါ်ရှိ ထူးကဲအဆင့်ကျင့်ကြံသူများ စဥ်းစားလိုက်ကြသည်။ သူတို့သိထားသမျှ ထူးကဲအဆင့်များတွင် ဤအမည်ကို လုံးဝမကြားဖူးပေ။ ထိုအချိန်တွင် ယဲ့ချန်ကိုနောက်ယောင်ခံလိုက်လာသော သမာဓိကောင်စီဝင်ခြောက်ယောက် ရောက်ရှိလာကာ စူးစူးဝါးဝါးစိုက်ကြည့်၍ သူ့ကို ဝိုင်းထားလိုက်ကြ၏။ ထိုထူးကဲအဆင့် ကျင့်ကြံသူခြောက်ယောက်တွင် အေးစက်ကာထူးဆန်းသော အရှိန်အဝါတစ်ခု ပိုင်ဆိုင်ထားကာ အကြည့်များက အဆိပ်ရှိမြွေခြောက်ကောင် ဝိုင်းကြည့်နေသည်နှင့်မခြား၊ ထက်ရှနေသည်။ ထိုခြောက်ယောက်ထဲတွင် ခေါင်းဆောင်ဖြစ်ပုံရသူက ထူးကဲအဆင့်သုံးဖြစ်သည်။ ထိုခြောက်ယောက် ရောက်ရှိလာသောအခါ မြို့ရိုးပေါ်ရှိကျင့်ကြံသူများက သတ်ဖြတ်လိုစိတ်များထုတ်ဖော်၍ မျက်နှာထားများ လေးနက်လာကြသည်။ သူတို့အားလုံးက ပိုင်နက်ကိုယ်စီထုတ်ဖော်၍ မြို့ရိုးပတ်ဝန်းကျင်ကို ကာကွယ်လိုက်ကြသည်။ အချိန်ခဏအတွင်း အစွမ်းထက်အရှိန်အဝါများက အချင်းချင်းယှက်သန်း၍ ဆန့်ကျင်နေသောကြောင့် ကောင်းကင်တွင် မီးပွားများပင် ထွက်ပေါ်နေသည်။
ယဲ့ချန်ကို ရန်သူလား၊မိတ်ဆွေလား မခွဲခြားနိုင်သောကြောင့် မြို့ရိုးပေါ်မှကျင့်ကြံသူများက သတိကြီးကြီးထားနေကြသည်။ အကယ်၍ သမာဓိကောင်စီနှင့် ယဲ့ချန်က သူတို့ရှေ့တွင် သရုပ်ဆောင်ပြနေပြီး မြို့တွင်းဝင်ခွင့်ရအောင် ကြိုးစားနေခြင်းဖြစ်လျှင် အကုန်လုံးကိုရှင်းပစ်ရန် ဆုံးဖြတ်ထားကြသည်။ တိုက်ပွဲ အမှန်တကယ်ဖြစ်ပွားချိန်မှ ယဲ့ချန်က သူလျှိုတစ်ယောက်ဖြစ်နေခဲ့လျှင် နတ်မိုးကြိုးမြို့တော်အတွက် ဆုံးရှုံးမှု ကြီးမားသွားနိုင်သည်။ ထို့ကြောင့် သူတို့က ယဲ့ချန်ကို အလွယ်တကူဝင်ခွင့်မပေးနိုင်ချေ။ သို့သော် သမာဓိကောင်စီကမူ ရန်သူတစ်ယောက်အဖြစ် အတည်ပြုထားနိုင်ခဲ့သည်။ ပတ်ဝန်းကျင်က ရုတ်တရက်အေးစက် တင်းမာလာသည်။
မြို့ရိုးပေါ်တွင် ထူးကဲအဆင့်ကျင့်ကြံသူ ငါးယောက်ရှိနေပြီး အဆင့်တစ်နှင့် အဆင့်နှစ်များဖြစ်ကြသည်။ ခေါင်းဆောင်ကမူ အဆင့်သုံးဖြစ်ပြီး မိုးကြိုးမျိုးနွယ်မှ ချင်မိုအမည်ရ အကြီးအကဲတစ်ယောက်ဖြစ်သည်။
"မိတ်ဆွေချန်ရဲ နတ်မိုးကြိုးမြို့တော်က မင်းကို ရန်သူမိတ်ဆွေမခွဲခြားနိုင်တဲ့အတွက် လောလောဆယ် ဝင်ခွင်မ့ပေးနိုင်ဘူး။ ငါတို့ကကာကွယ်ရေးအစီအရင်ကို အသက်သွင်းထားလို့ မြို့ရိုးအနီးငါးမီတာအတွင်းကို ခြေမချမိပါစေနဲ့။ မဟုတ်ရင် တိုက်ခိုက်ခံရပြီး သေသွားလိမ့်မယ်။ သမာဓိကောင်စီက မင်းကို တိုက်ခိုက်လာရင်တော့ ငါတို့က ပိုင်နက်တွေထုတ်ဖော်ပြီး ကာကွယ်ပေးမယ်"
ချင်မိုက ယဲ့ချန်ထံ ဝိညာဥ်အသိစိတ်ဖြင့် သတင်းစကားတစ်ခု ပို့ဆောင်လိုက်သည်။
"နားလည်ပြီ"
ယဲ့ချန်က ခေါင်းညိတ်၍ နတ်မိုးကြိုးမြို့တော်အတွင်း သူ၏ဝိညာဥ်အသိစိတ်ကို စေလွှတ်လိုက်သည်။ မြို့တော်ကို ကာကွယ်ရေးအစီအရင် အလွှာအထပ်ထပ်နှင့် ကာကွယ်ထားသောကြောင့် သာမန်ကျင့်ကြံသူများ၏ဝိညာဥ်အသိစိတ်က မထိုးဖောက်နိုင်ပေ။ သို့သော် ယဲ့ချန်က ရှေးဦးဝိညာဥ်ကို ပိုင်ဆိုင်ထားသောကြောင့် ထိုးဖောက်ဝင်ရောက်သွားနိုင်သည်။ သို့သော် မြို့က ကျယ်ဝန်းလွန်းနေသဖြင့် သူ့အတွက် သက်သေခံပေးနိုင်သည့် တစ်ဦးတည်းသောလူဖြစ်သော ပိုလင်းကိုရှာတွေ့ရန် အလွန်ခက်ခဲနေသည်။ နတ်မိုးကြိုးတော်မြို့တော်၏ ကာကွယ်ရေးက ထောင့်စေ့လှသဖြင့် အလွယ်တကူထိုးဖောက်နိုင်ရန် မဖြစ်နိုင်ပေ။ သမာဓိကောင်စီ၏ကျင့်ကြံသူခြောက်ယောက်နှင့် ယဲ့ချန်က မြို့ပြင်တွင် အချင်းချင်းရင်ဆိုင်နေကြသည်။ ရန်သူများ၏ခေါင်းဆောင်က လေးထောင့်ကျကျမျက်နှာ ပိုင်ရှင်တစ်ယောက်ဖြစ်ကာ သူ၏မျက်နှာက ထူးထူးဆန်းဆန်း ဖြူရော်နေသည်။ သူက ယဲ့ချန်ကို အေးစက်စွာ စိုက်ကြည့်နေသည်။
"လျူမင် ဒီကောင့်ကို သတ်စမ်း"
ထိုလူက နှာခေါင်းရှုံ့၍ နောက်လိုက်တစ်ယောက်ကို အမိန့်ပေးလိုက်သည်။ လျူမင်က ထူးကဲအဆင့်တစ်ကျင့်ကြံသူဖြစ်ကာ အမိန့်ရသည်နှင့်တပြိုင်နက် မျက်လုံးများက သွေးဆာလာကာ ယဲ့ချန်ထံ ချက်ချင်းခုန်အုပ်လိုက်သည်။ သမာဓိကောင်စီဘက်မှ စတင်လှုပ်ရှားလာသောအခါ မြို့ရိုးပေါ်ရှိကျင့်ကြံသူများက ပိုင်နက်ကိုယ်စီထုတ်ဖော်၍ ဖိနှိပ်လိုက်ကြသည်။ ပိုင်နက်များ အချင်းချင်းဆန့်ကျင်နေသော်လည်း ချင်မိုတို့လူစုက လျူမင်ကို မတိုက်ခိုက်ခဲ့ပေ။ ယဲ့ချန်သည်လည်း ထူးကဲအဆင့်ကျင့်ကြံသူဖြစ်သောကြောင့် အဆင့်တစ်ရန်သူကို ရင်ဆိုင်နိုင်စွမ်းရှိရပေမည်။
"အမှောင်ဖျက်ဆီးခြင်းပိုင်နက် မရဏဓား အသက်ဝင်စမ်း"
လျူမင်၏ ရက်စက်ကြမ်းကြုတ်သော ကြုံးဝါးသံနှင့်အတူ အဆင့်တစ်အမှောင်ပိုင်နက်က ကိုယ်တွင်းမှ ထွက်ပေါ်လာခဲ့သည်။ ကောင်းကင်က မည်းနက်သွားပြီး သောင်းချီသော အနက်ရောင်ဓားများထွက်ပေါ်လာကာ သတ်ဖြတ်လိုစိတ်တစ်ခု ဝုန်းခနဲ အသက်ဝင်လာသည်။
"သမာဓိကောင်စီကို ဆန့်ကျင်သူမှန်သမျှ သေရမယ်"
လျူမင်၏မျက်လုံးများက အသက်မဲ့ကာ အသိစိတ်လွတ်နေပုံပေါ်သည်။ ယဲ့ချန်က မျက်မှောင်ကြုတ်၍ အာရုံခံလိုက်သော်လည်း သမာဓိကောင်စီက ထိုလူ၏အသိစိတ်ကို မည်သို့ထိန်းချုပ်ထားကြောင်း ရှာမတွေ့ခဲ့ပေ။ လျူမင်က လူသားတစ်ယောက်အစား သတ်ဖြတ်ရေးယန္တရားတစ်ခုနှင့် တူညီနေသည်။
"သေစမ်း"
လျူမင်က အမိန့်ပေးလိုက်သောအခါ ကောင်းကင်မှ ဓားများကျဆင်းလာသည်။ ထိုအခိုက်တွင် ငရဲဝင်ပေါက်ပွင့်လာသကဲ့သို့ထင်မှတ်ရပြီး မရေမတွက်နိုင်သော သရဲများက ဓားများကိုဖက်တွယ်၍ လိုက်ပါလာကြသည်။ ဤမြင်ကွင်းကြောင့် နတ်မိုးကြိုးမြို့တော်မှ ကျင့်ကြံသူများ ထိတ်လန့်သွားကြသည်။ စစ်ပွဲအတွင်း အချင်းချင်းစမ်းသပ်နေရုံအဆင့်သာရှိသောကြောင့် ထူးကဲအဆင့်များတိုက်ခိုက်သည်ကို မမြင်ခဲ့ရပေ။ သမာဓိကောင်စီဘက်တွင် ထူးကဲအဆင့်များစွာရှိသော်လည်း လှိန့်လုံးတစ်ခုဟုသာ သူတို့က သတ်မှတ်ထားကြသည်။ သမာဓိကောင်စီတွင် ထူးကဲအဆင့်ကျင့်ကြံသူများစွာ ရုတ်တရက်ပေါ်လာရန် မဖြစ်နိုင်ပေ။ သို့သော် လျူမင် အမှန်တကယ်တိုက်ခိုက်လာသောအခါ မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိရသော ရန်သူများက အမှန်တကယ်အစွမ်းထက်ကြောင်း သူတို့က လက်ခံလိုက်ရသည်။ လျူမင်၏မျက်လုံးများက အသက်မဲ့၍ အသိစိတ်လွတ်နေသော်လည်း ဤအချက်ကပင် သူ့ကို ပို၍ကြောက်မက်ဖွယ်ကောင်းစေခဲ့သည်။ မြို့ရိုးပေါ်ရှိကျင့်ကြံသူများက ယဲ့ချန်အစား ချွေးပြန်နေကြသည်။ သူတို့က ယဲ့ချန်ကို မကူညီနိုင်သည့်အပြင် တစ်ဖက်လူသည် သူတို့ကိုကူညီရန် အမှန်တကယ် ရည်ရွယ်ထားခြင်းဖြစ်နိုင်သည်။ အကယ်၍ ယဲ့ချန်သာ သေဆုံးသွားလျှင် နှမြောစရာကောင်းပေလိမ့်မည်။
အနက်ရောင်ဓားများ ဝင်ရောက်လာသောအခါ ယဲ့ချန်၏မျက်လုံးများ ဖြတ်ခနဲပွင့်လာ၍ ပိုင်နက်တစ်ခု အသက်ဝင်လာသည်။
"ဒါက ငါ့ပိုင်နက်ကိုအသုံးပြုပြီး ထူးကဲအဆင့်တစ်ယောက်ကို တိုက်ခိုက်ရတာပဲ။ မင်းကိုသုံးပြီး လေ့ကျင့်ကြည့်မယ်"
သူ၏တိုက်ခိုက်လိုစိတ်က မိုးထိုးမတတ်မြင့်မားနေပြီး အေးစက်စက်ရေရွတ်လိုက်သည်။
"ကြယ်ပိုင်နက် အဆင့်တစ် ကြယ်ကြွေ"
ယဲ့ချန်၏မျက်ဝန်းများအတွင်း ကြယ်ကိုးလုံးထွက်ပေါ်လာကာ ကြယ်ပိုင်နက်နှင့် အမှောင်ပိုင်နက်က ထိမှန်သွားကြသည်။ သူ၏နောက်ကျောဘက်တွင် ဧရာမကြယ်ကြီးကိုးလုံးထွက်ပေါ်လာ၍ တစ်လုံးစီက ချီတစ်မျိုးစီကို အရောင်တစ်မျိုးစီဖြင့် ကိုယ်စားပြု၍ ကွဲပြားခြားနေသည်။ ဖြည်းညှင်းစွာလည်ပတ်နေသော ကြယ်များထံမှ ဖိအားတစ်ခုထွက်ပေါ်လာကာ အမှောင်ပိုင်နက်ထက် လေးငါးဆမကကြီးမားသော ကြယ်ပိုင်နက်က ၎င်းကို လုံးဝလွှမ်းခြုံပစ်လိုက်သည်။ ကောင်းကင်ရှိ ကြယ်ကိုးလုံးပုံရိပ်ကြောင့် မြို့ရိုးပေါ်မှ ကျင့်ကြံသူများ မင်သက်နေကြသည်။
"ဒါက ဘယ်လိုပိုင်နက်အမျိုးအစားလဲ။ တစ်ခါမှမမြင်ဖူးဘူး"
"အစွမ်းထက်လှချည်လား"
ကြယ်ကိုးလုံးက ပတ်လမ်းကိုယ်စီဖြင့် နီးကပ်စွာလည်ပတ်နေကာ ပြင်းထန်သော တွန်းကန်အားတစ်ခုကို ထုတ်ဖော်နေသည်။ သူတို့အားလုံးက ထူးကဲအဆင့်များဖြစ်ကြပြီး ပိုင်နက်ကိုယ်စီရှိထားသော်လည်း ယဲ့ချန်၏ကြယ်ပိုင်နက်က အလွန်အမင်းသန်မာကြောင်း ခံစားနေရသည်။ လျူမင်ကမူ ကြယ်ပိုင်နက်အတွင်း ရောက်ရှိနေသော်လည်း ကြောက်စိတ်လုံးဝမရှိဘဲ အနက်ရောင်ဓားများနှင့်အတူ ရှေ့ဆက်တိုးလာခဲ့သည်။
"သေ"
ယဲ့ချန်၏မျက်ဝန်းများ ကျဥ်းမြောင်းသွားကာ ကြယ်ကြီးများကလည်း ဖြည်းညှင်းစွာ ရှေ့တိုးလာကြသည်။ ကြယ်တစ်လုံးချင်းစီက ပြင်းထန်စွာ ဆွဲငင်တွန်းကန်နေ၍ ရန်သူထံ ကြိတ်ဆုံကြီးများပမာ ဝင်ရောက်သွားကြသည်။
"ဘန်း"
ကြယ်ကိုးလုံး၏ ကြိတ်ချေမှုအောက်တွင် အနက်ရောင်ဓားများက အမှုန့်ဖြစ်သွားကာ ကောင်းကင်ချီများအဖြစ် ၎င်းတို့၏သန့်စင်စုပ်ယူခြင်းခံလိုက်ရ၍ ကြယ်ကိုးလုံးက ပိုမိုသန်မာလာာကြသည်။ အနက်ရောင်ဓားများကို ဝါးမျိုခြင်းဖြင့် ကြယ်ပိုင်နက်က ပို၍အစွမ်းထက်လာ၏။ ယဲ့ချန်က သူ၏ပိုင်နက်အပေါ် ယုံကြည်မှုရှိသော်လည်း ဤမျှအစွမ်းထက်နေမည်ဟု မျှော်လင့်မထားပေ။ ကြယ်ကိုးလုံးနှင့် ရင်ဆိုင်အတွေ့တွင် အဆင့်တူချင်းဖြစ်သော လျူမင်၏အမှောင်ပိုင်နက်က ကြိတ်ဆုံအတွင်း ဖိချေခံလိုက်ရသော ပဲစေ့လေးပမာ ပျက်စီးသွားခဲ့သည်။ လျူမင်ကိုယ်တိုင်လည်း အသံတစ်ချက်ပင်မထွက်နိုင်ဘဲ ကြယ်ကိုးလုံးကြောင့် အမှုန့်ဖြစ်အောင် ချေမွခံလိုက်ရသည်။ သူ၏ပိုင်နက်ကို ကြယ်ပိုင်နက်က အပြည့်အဝဝါးမျို၍ ကိုယ်ပိုင်စွမ်းအားအဖြစ် ပြောင်းလဲခဲ့သည်။
မြို့ရိုးပေါ်ရှိ ချင်မိုတို့လူစုက တစ်ယောက်ကိုတစ်ယောက်ကြည့်၍ ကြယ်ပိုင်နက်ကို ထိတ်လန့်နေကြသည်။
"ဒါက အဆင့်နှစ်ပိုင်နက်လား။ မဟုတ်သေးဘူး။ အဆင့်တစ်ပဲ"
မူလတွင် ယဲ့ချန်သည် အဆင့်နှစ်ပိုင်နက်ကို ထုတ်သုံးခဲ့သည်ဟု ချင်မိုက ထင်ထားသည်။ သို့သော် ဂရုတစိုက်စစ်ဆေးလိုက်သောအခါ ၎င်းက သူ၏အဆင့်တစ်ပိုင်နက်နှင့် အဆင့်တူချင်းဖြစ်ကြောင်း သိခဲ့ရသည်။ မြို့ရိုးပေါ်ရှိ ထူးကဲအဆင့်ကျင့်ကြံသူများက အချိန်ကြာမြင့်စွာ တုန်လှုပ်နေကြသည်။ သူတို့နှင့်ယဲ့ချန်က အဆင့်တူပိုင်နက်များ ပိုင်ဆိုင်ထားသော်လည်း သူတို့၏ပိုင်နက်များက ကြယ်ပိုင်နက်အောက် များစွာနိမ့်ကျနေခဲ့လေသည်။