← Chapters

နားလည်မှုရှိစွာ တိုက်ခိုက်ခြင်း

Vol. 35 Ch. 483

နားလည်မှုရှိစွာ တိုက်ခိုက်ခြင်း

Vol. 35 Ch. 483

ပိုလင်းနှင့်လောင်ရင် ရောက်ရှိလာသောအခါ မြို့ရိုးပေါ်တွင် အနည်းငယ် အုတ်အော်သောင်းတင်းဖြစ်သွားခဲ့သည်။ နှစ်ယောက်လုံးက အလွန်လှပသောကြောင့် မရေမတွက်နိုင်သော ကျင့်ကြံသူများက ဝိုင်းကြည့်နေကြသည်။ တစ်ယောက်က ဆွဲဆောင်အားပြင်းပြီး နောက်တစ်ယောက်က သိမ်မွေ့လှပသဖြင့် ပန်းလေးနှစ်ပွင့်ပမာ ထင်မှတ်ရသည်။ နှစ်ယောက်အနက် တစ်ယောက်တည်းရောက်နေလျှင်ပင် ယောကျ်ားများကို ပါးစပ်အဟောင်းသား ဖြစ်သွားစေနိုင်သည်။ သို့သော်လည်း လူတိုင်းက သူတို့ကိုကြည့်နေရုံသာ တတ်နိုင်သည်။ နှစ်ယောက်လုံးက မိုးကြိုးသားရဲမျိုးနွယ်၏ နတ်မိမယ်လေးများ ဖြစ်နေကြသည်။

ပိုလင်း၏အကြည့်က မြို့ပြင်ရှိယဲ့ချန်ထံ ကျရောက်သွားကာ မျက်မှောင်ကြုတ်လိုက်သည်။ ယဲ့ချန်၏ရုပ်သွင်က လုံးဝကွဲပြားနေပြီး ကျင့်ကြံဆင့်ကလည်း ထူးကဲအဆင့်သို့ ရောက်ရှိနေခဲ့သည်။ သို့သော် သူမက ယဲ့ချန်၏ကိုယ်တွင်းမှ အလွန်ရင်းနှီးသော ဝိညာဥ်ကို ခံစားနေရသည်။ ကျင့်ကြံသူတစ်ယောက်၏ရုပ်သွင်ကို ပြောင်းလဲနိုင်ပြီး ကျင့်ကြံဆင့်က တိုးတက်လာနိုင်သော်လည်း ဝိညာဥ်အသိစိတ်ကိုပြောင်းလဲရန် အလွန်ခက်ခဲသည်။

"မောင်လေးလား"

ပိုလင်းက ဝိညာဥ်ချင်းဆက်သွယ်၍ မေးလိုက်ခြင်းဖြစ်သည်။

"ဟုတ်တယ်"

ယဲ့ချန်က ခေါင်းညိတ်ပြလိုက်သည်။ သူက ပိုလင်းကို လိုက်ရှာနေစဥ်အတွင်း မြို့တော်၌ ဝိညာဥ်ချီအချို့ကို ချန်ထားရစ်ခဲ့သည်။ ပိုလင်းသည် ယဲ့ချန်မှ ဝိညာဥ်ဖြင့်ပြန်လည်ဖြေကြားလာသောအခါ အလွန်ရင်းနှီးသည့် အရှိန်အဝါကြောင့် လှပစွာပြုံးလိုက်မိသည်။ ယဲ့ချန်က လျှို့ဝှက်ကျင့်စဥ်ဖြင့် အသွင်အပြင်ကို ပြောင်းလဲထားခြင်းဖြစ်နိုင်သည်။ ယဲ့ချန်က သမာဓိကောင်စီ၏ကျင့်ကြံသူများနှင့် တိုက်ခိုက်နေသည်ကို မြင်သောအခါ သူမ၏မျက်လုံးများက ထူးဆန်းစွာ တောက်ပလာသည်။

"မောင်လေးက တကယ့်ကို သာမန်လူမဟုတ်ဘူးပဲ။ အချိန်တိုလေးအတွင်း ပိုင်နက်အဆင့်တစ်ကို ရောက်နေပြီ"

သူမက ခပ်တိုးတိုး ရေရွတ်လိုက်ခြင်းဖြစ်သည်။ ထို့နောက် သူမက မြို့ရိုးပေါ်မှပျံသန်းလိုက်၍ နတ်မိုးကြိုးမြို့တော်၏ ကာကွယ်ရေးအစီအရင်အပြင်သို့ လှမ်းထွက်လိုက်သည်။ အစီအရင်က တစ်လမ်းသွားဖြစ်၍ အတွင်းမှအပြင်သို့ ထွက်နိုင်သော်လည်း အပြင်မှအတွင်းသို့ဝင်ရန် မလွယ်ချေ။

"လင်းအာ မသွားနဲ့"

လောင်ရင်က စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။ သမာဓိကောင်စီ၏ကျင့်ကြံသူများက အခြေအနေကို အမှောင်အတွင်းမှ စောင့်ကြည့်နေကြသောကြောင့် ပိုလင်းအပြင်ထွက်သွားလျှင် အလွန်အန္တရာယ်များနိုင်သည်။ ပိုလင်းက မြို့ပြင်သို့ ပြေးထွက်လာသောအခါ ချင်မိုတို့လူစုလည်း သတိကြီးသွားကြသည်။ လက်ရှိတွင် မျိုးနွယ်အတွင်း၌ သူမ၏အဆင့်အတန်းက ပိုမေ့ပြီးလျှင် ဒုတိယဖြစ်သည်။ သူမ၏ခွန်အားကြောင့်မဟုတ်ဘဲ ရှေးဦးမျိုးဆက်သွေးနိုးထလာချိန်တွင် ကျင့်ကြံဆင့်ကို ခုန်ပေါက်တိုးတက်သွားစေသော ပါရမီကြောင့်ဖြစ်သည်။ သူမက အချိန်တိုအတွင်း အဆင့်တစ်ပိုင်နက်ကို နားလည်နိုင်ခဲ့ပြီး အဆင့်နှစ်ကိုလည်း မကြာခင် နားလည်နိုင်ချေရှိသဖြင့် နတ်မိုးကြိုးမြို့တော်ကာကွယ်ရမည့် ဝှက်ဖဲတစ်ချပ်ဖြစ်လာသည်။ သို့သော် သူမက ကိုယ့်ကိုကိုယ်ဂရုမစိုက်ဘဲ ကာကွယ်ရေးအစီအရင်အပြင်ဘက်သို့ ခုန်ထွက်သွားသောအခါ မည်သူမှ မတားမြစ်နိုင်ခဲ့ပေ။ မျက်တောင်တစ်ခတ်အတွင်း သူမက ယဲ့ချန်ဘေးနားသို့ ရောက်ရှိသွားသည်။

"အမကြီးက ဘာလို့အပြင်ထွက်လာတာလဲ"

ယဲ့ချန်ကိုယ်တိုင်လည်း ပိုလင်းက မဆင်မခြင်ထွက်လာမည်ဟု ထင်မထားပေ။ အကယ်၍ ဇနီးဖြစ်သူ တစ်ခုခုထိခိုက်သွားလျှင် သူ့ကိုယ်သူ အပြစ်တင်၍ဆုံးမည်မဟုတ်ပေ။ လျှပ်စီးချပ်ဝတ်ကိုဝတ်ဆင်ထားသော ပိုလင်းက ယဲ့ချန်ဘေးတွင် ဆွဲဆောင်မှုရှိစွာရပ်နေပြီး သူမလှုပ်ရှားလိုက်တိုင်း အနီရောင်လျှပ်စီးများထွက်ပေါ်နေသဖြင့် နှင်းဆီနီတစ်ပွင့်ပမာ လှပနေသည်။

"မောင်လေးနဲ့ အတူတူတိုက်ခိုက်ဖို့လေ"

ပိုလင်းက လှပစွာပြုံးပြလိုက်ပြီး မျက်လုံးများတွင် အချစ်စိတ်များ ဖုံးလွှမ်းနေသည်။ မူလတွင် ယဲ့ချန်သည် ပိုလင်း၏ကျင့်ကြံဆင့်ကို အဆုံးမဲ့အဆင့်ဟု ထင်မှတ်ထားသဖြင့် စိုးရိမ်နေခဲ့သည်။ သို့သော်လည်း သူက အဆင့်တစ်ပိုင်နက်၏အစွမ်းကို သူမထံမှ အာရုံခံနိုင်လိုက်သဖြင့် စိတ်အေးသွားခဲ့၏။ ရှေးဦးမျိုးဆက်သွေးက အမှန်တကယ်အစွမ်းထက်ပေသည်။ သူကိုယ်တိုင်ပင် ကြယ်ပိုင်နက်ကိုထုတ်ဖော်နိုင်ရန် အကြီးအကဲရန်ဟိုင်၏ အကူအညီကို ယူခဲ့ရသည်။ သို့သော် ခွဲခွာရသော အချိန်ခဏတွင် ပိုလင်းက ပိုင်နက်ကို သူမကိုယ်တိုင်နားလည်နိုင်ခဲ့သည်။ ပိုလင်းသည် ယဲ့ချန်ကို လှပသောမျက်ဝန်းလေးများနှင့် စိုက်ကြည့်နေသည်။ သူ၏ရုပ်သွင်ကို ပြောင်းလဲထားသော်လည်း ရင်းနှီးမှုကို ခံစားနေရဆဲပင်ဖြစ်သည်။ အချိန်ခဏကြာသောအခါ သူမ၏အကြည့်က သမာဓိကောင်စီဝင်များထံ ကျရောက်လာခဲ့သည်။

"နင်တို့က သူ့ကို အနိုင်ကျင့်ချင်တယ်ပေါ့။ အကုန်သေရမယ်"

ပိုလင်း၏မျက်နှာက အေးစက်တည်ငြိမ်သွားကာ မြို့ရိုးပေါ်ရှိမိုးကြိုးများသည် ဆင့်ခေါ်ခံလိုက်ရသကဲ့သို့ လျှပ်စီးတိုင်လုံးကြီးများက သူမ၏ကိုယ်ပေါ်သို့ ကျဆင်းလာသည်။ သူမ၏ကိုယ်ပေါ်တွင် လျှပ်စီးများ ချက်ချင်းပြည့်နှက်သွားကာ မိုးနှင့်မြေကြားတွင် လျှပ်စီးပင်လယ်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ သူမက ကောင်းကင်ဘုံမှဆင်းသက်လာသော မိုးကြိုးနတ်ဘုရားမတစ်ပါးနှင့် တူညီနေသည်။

"သတ်ဖြတ်ရေးပိုင်နက်အဆင့်တစ် ကမ္ဘာဖျက်နတ်မိုးကြိုး"

ပိုလင်း၏အသံတွင် ညှို့ငင်အားတစ်ခု ပါဝင်နေသော်လည်း စကားလုံးများက သေမင်း၏စကားများကဲ့သို့ ထင်မှတ်ရသည်။ အစွမ်းထက်ပိုင်နက်တစ်ခုက ဘက်ပေါင်းစုံသို့ ပြန့်ထွက်လာကာ အလွန်ကြီးမားသဖြင့် သာမန်အဆင့်တစ်ပိုင်နက်များထက် လေးငါးဆ ပို၍ကြီးမားနေခဲ့သည်။ သူမက မြို့ပြင်သို့ထွက်လာချိန်တွင် သမာဓိကောင်စီဝင်များက နှာခေါင်းရှုံ့လိုက်ကြသည်။ ရန်သူများသိထားသည်မှာ ပိုလင်းက အဆုံးမဲ့အဆင့်ငါးကျင့်ကြံသူသာဖြစ်၍ ဤတိုက်ပွဲမျိုးတွင် ဝင်ရောက်စွက်ဖက်ပါက သေချာပေါက်အသတ်ခံရမည်ဟု သတ်မှတ်ထားကြသည်။ သို့သော် သူမ၏ပိုင်နက် ထွက်ပေါ်လာသောအခါ လှောင်ပြုံးများပျောက်ကွယ်သွားကာ အလွန်တရာထိတ်လန့်နေကြသည်။

"ဒီမိန်းမက အမှန်တကယ်ပဲ ပိုလင်းလား။ သူမက ဘယ်လိုလုပ် အချိန်တိုအတွင်းမှာ အဆုံးမဲ့အဆင့်ငါးကနေ ထူးကဲ့အဆင့်ကို ရောက်သွားရတာလဲ။ ပြီးတော့ အစွမ်းထက်ပိုင်နက်တစ်ခုကိုလည်း နားလည်နေတယ်။ မဖြစ်နိုင်ဘူး"

"မောင်လေး ဒီကောင်တွေကို အတူတူသင်ခန်းစာပေးလိုက်ရအောင်"

ပိုလင်းက ယဲ့ချန်ဘက်လှည့်၍ တစ်ချက်ပြုံးပြလိုက်သည်။ သူမ၏စင်ရော်တောင်မျက်ခုံးလေးများ ကပြုံးလိုက်ချိန်တွင် အနည်းငယ် မြင့်တက်သွားသည်။

"ကောင်းပြီ"

ယဲ့ချန်က ခေါင်းညိတ်၍ တိုက်ခိုက်လိုစိတ်ပြင်းပျစွာဖြင့် ကြယ်ပိုင်နက်ကို အကန့်အသတ်အထိ ထုတ်ဖော်လိုက်သည်။ ထို့နောက် ပိုလင်း၏ပိုင်နက်နှင့် ယှက်နွယ်သွားကာ အစွန်းဘက်တွင် စတင်ပေါင်းစပ်လာ၏။ ပိုင်နက်များပေါင်းစပ်ခြင်းက အလွန်ထူးဆန်းသောအရာဖြစ်၍ ယေဘူယျအားဖြင့် မျိုးမတူလျှင် ပေါင်းစပ်ရန် မဖြစ်နိုင်ချေ။ အစိတ်အပိုင်းအနည်းငယ်သာ ပေါင်းစပ်နိုင်သော်လည်း ယဲ့ချန်နှင့်ပိုလင်းက ဂရုမစိုက်ခဲ့ပေ။ ပိုင်နက်နှစ်ခုလုံး၏အစွမ်းက သမာဓိကောင်စီဝင်ငါးယောက်၏ ပိုင်နက်ငါးခုအောက် မနိမ့်ကျပေ။ ပိုင်နက်များက အချင်းချင်းရင်ဆိုင်လိုက်ကြပြီး လေထဲတွင် သတ်ဖြတ်လိုစိတ်များမြင့်တက်လာသည်။ သမာဓိကောင်စီဝင်ငါးယောက်တွင် လျူမိုတစ်ယောက်တည်း၏မျက်နှာက လေးနက်နေသည်။ ကျန်လေးယောက်က အန္တရာယ်ကို အာရုံမခံနိုင်ဟန်ဖြ င့်မျက်လုံးများက ကြောင်စီစီနှင့် အသိစိတ်ကင်းမဲ့နေကြသည်။

ယဲ့ချန်၏ မျက်လုံးများအတွင်းပိုင်း၌ ကြယ်ကိုးလုံး လည်ပတ်လာချိန်တွင် လေထဲရှိကြယ်ကြီးကိုးလုံးလည်း လည်ပတ်လာကာ အရာအားလုံးကိုစုတ်ဖြဲနိုင်သော စွမ်းအားတစ်ရပ် ထွက်ပေါ်လာသည်။ ထို့နောက် ၎င်းတို့က သမာဓိကောင်စီဝင်တစ်ယောက်ထံ တိုးဝင်သွားခဲ့သည်။

"ဝိညာဥ်ဝါးမျိုပိုင်နက်"

ရန်သူသည် ကြယ်ကိုးလုံးတိုးဝင်လာနေသည်ကို မြင်သော်လည်း မျက်လုံးများက ရဲရဲနီနေပြီး လက်နှစ်ဖက်မြှောက်၍ ပိုင်နက်ကို ထုတ်ဖော်လိုက်သည်။ အချိန်ခဏအတွင်း ပိန်းပိတ်အောင်နက်မှောင်နေသော ပိုင်နက်တစ်ခု ထွက်ပေါ်လာကာ ၎င်းအတွင်း၌ ထောင်ချီသောသရဲများ အသက်ဝင်လာသောကြောင့် ကမ္ဘာပေါ်တွင် ငရဲဘုံတစ်ခုပွင့်လာသယောင် ထင်မှတ်ရသည်။ သို့သော် လည်ပတ်နေသော ကြယ်ကိုးလုံးထံမှထွက်ပေါ်လာသည့် ပြင်းထန်သော ဆွဲငင်တွန်းကန်အားသည် အနီးသို့ရောက်လာသမျှ သရဲများကို အမှုန့်ဖြစ်အောင် ချေမွလိုက်သည်။ ထို့အပြင် ဝိညာဥ်ဝါးမျိုပိုင်နက်၏တစ်ဝက်ခန့်ကိုလည်း ကြယ်ပိုင်နက်က ဖျက်ဆီးလိုက်ပြီဖြစ်သည်။ ပိုလင်းက ထိုအချိန်တွင် သူမ၏လက်ကို ဆန့်ထုတ်လိုက်သည်။ လျှပ်စီးတိုင်လုံးတစ်ခုက ရုတ်တရက်ပြေးထွက်သွားကာ ယဲ့ချန်ဖျက်ဆီးထားသော ဝိညာဥ်ဝါးမျိုပိုင်နက်ကိုကျော်ဖြတ်၍ သမာဓိကောင်စီဝင်ကို တိတိကျကျထိမှန်သွားခဲ့သည်။ မိုးချုန်းသံတစ်ခုထွက်ပေါ်လာကာ ရန်သူက နာနာကျင်ကျင်အော်ဟစ်၍ အသတ်ခံလိုက်ရသည်။

"တစ်ယောက်"

ပိုလင်းက လှပစွာပြုံး၍ ကျန်ရန်သူလေးယောက်ကို ကြည့်လိုက်ပြန်သည်။ ပိုလင်းနှင့်ယဲ့ချန်၏အစွမ်းကြောင့် လျူမို၏စိတ်ထဲတွင် ကြောက်စိတ်များ စိမ့်တက်လာသည်။ ဤကျင့်ကြံသူနှစ်ယောက်၏ပိုင်နက်က အစွမ်းထက်သည့်အပြင် နတ်မိုးကြိုးမြို့တော်မှ ကျန်ထူးကဲအဆင့်များကလည်း သူတို့ကို ပိုင်နက်ကိုယ်စီဖြင့် လမ်းပိတ်ထားကြသည်။ ထို့ကြောင့် ပိုလင်းနှင့် ယဲ့ချန်ကို ထိပ်တိုက်ရင်ဆိုင်ရန်မှတစ်ပါး ရွေးချယ်စရာမရှိချေ။

"တိုက်ခိုက်ကြစမ်း"

လျူမိုက ဖြူဖပ်ဖြူရော်မျက်နှာဖြင့် အမိန့်ပေးလိုက်သည်။ သူက ကျန်သုံးယောက်၏အစွမ်းနှင့် ပိုလင်းတို့ကို ထိန်းချုပ်ထားချိန်တွင် ထွက်ပြေးရန် ကြံစည်နေခြင်းဖြစ်သည်။ ပိုလင်းက ရန်သူတစ်ယောက်ကို သတ်ဖြတ်လိုက်ချိန်တွင် ယဲ့ချန်၏ကြယ်ပိုင်နက်သည် ဝိညာဥ်ဝါးမျိုပိုင်နက်ကို စုပ်ယူလိုက်သဖြင့် ပို၍သန်မာလာ၏။ ၎င်းက ကြယ်ကောင်းကင်တစ်ခုပမာ တောက်ပလင်းလက်နေပြီး ရန်သူ၏ပိုင်နက်များကို စုပ်ယူဝါးမျိုနိုင်သော အစွမ်းထက်စွမ်းရည်တစ်ခု ပိုင်ဆိုင်ထားသည်။ ထူးကဲအဆင့်ရန်သူနှစ်ယောက်ကို သတ်ဖြတ်ပြီးနောက် ၎င်း၏အစွမ်းက ငါးပုံတစ်ပုံခန့် မြင့်တက်လာသည်။ ယဲ့ချန်သည် ဝိညာဥ်ဝါးမျိုပိုင်နက်ကို စုပ်ယူပြီးချိန်တွင် ကျန်ရန်သူတစ်ယောက်ကို စိုက်ကြည့်လိုက်သည်။ ကြယ်ပိုင်နက်က ထိုကျင့်ကြံသူထံ တဟုန်ထိုးရွေ့လျား ဝင်ရောက်သွားခဲ့သည်။ ပိုင်နက်နှစ်ခု ထိပ်တိုက်တွေ့သွားချိန်တွင် သမာဓိကောင်စီဝင်က သွေးပွက်ပွက်အန်၍ လွင့်ထွက်သွားခဲ့သည်။ ကြယ်ပိုင်နက်က အဆင့်တူပိုင်နက်များကို အလွယ်တကူ ဖျက်ဆီးနိုင်စွမ်းရှိနေသည်။ ပိုလင်းက ရန်သူ၏ပိုင်နက်တွင် ဟာကွက်ဖြစ်ပေါ်လာသောအခါ လျှပ်စီးတစ်ခုဖြင့် ပစ်ခတ်လိုက်ပြန်သည်။ လျှပ်စီးတန်းက အလွန်လျင်မြန်စွာပြေးထွက်သွား၍ ရန်သူကို ထိမှန်သွားသောအခါ ချက်ချင်းပြာချပစ်လိုက်နိုင်သည်။

"နှစ်ယောက်"

ပိုလင်း၏မျက်ဝန်းလေးက တောက်ပနေကာ ယဲ့ချန်အတွက် ဂုဏ်ယူနေသည်။ သူမ၏ကမ္ဘာဖျက်မိုးကြိုးပိုင်နက်သည်ပင် ရန်သူများ၏ပိုင်နက်ကို အလွယ်တကူ မဖျက်ဆီးနိုင်ပေ။ သူမက အဆင့်တူရန်သူများကို အနိုင်ယူနိုင်သော်လည်း ယဲ့ချန်ကဲ့သို့ အလွယ်တကူ မစွမ်းဆောင်နိုင်ပေ။ ဤကား သူမ၏အစွမ်းထက် လင်ယောကျ်ားဖြစ်ပေသည်။ ယဲ့ချန်ကိုယ်တိုင်ပင် ကြယ်ပိုင်နက်၏အမျိုးအစားကို မသိသော်လည်း ၎င်းက အခြားပိုင်နက်များကို အဆင့်တူလျှင် အလွယ်တကူဖျက်ဆီးနိုင်နေသည်။ ကြယ်ကိုးလုံး၏ဆွဲအားက ကြီးစိုးမှုရှိစွာဖြင့် အခြားပိုင်နက်များကို အလွယ်တကူ ဆွဲဖြဲနိုင်စွမ်းရှိနေသည်။ ယဲ့ချန်က ရန်သူများ၏ပိုင်နက်ကို ဖျက်ဆီးလိုက်ချိန်တွင် ပိုလင်းက လျှပ်စီးများထုတ်ဖော်၍ ရန်သူကို အဆုံးသတ်ပေးလိုက်သည်။ ပူးပေါင်းတိုက်ခိုက်မှုက အံ့လောက်စရာ အစွမ်းထက်နေသည်။

မြို့ရိုးပေါ်ရှိ ချင်မိုတို့လူစုသည် ဤမြင်ကွင်းကြောင့် စိတ်လှုပ်ရှားနေကြသည်။ ဤကျင့်ကြံသူနှစ်ယောက်က အမှန်တကယ်အစွမ်းထက်လွန်းပြီး ငါးယောက်နှစ်ယောက် တိုက်ခိုက်နေရသော်လည်း တိုက်ပွဲတွင် အနိုင်ရနေပြီဖြစ်သည်။ သမာဓိကောင်စီဝင်များ ဆိုးဆိုးရွားရွား အနိုင်ယူခံနေရသောအခါ မြို့ရိုးကိုစောင့်ကြပ်ရန် တာဝန်ကျနေသော ကျင့်ကြံသူများက ဖိနှိပ်ထားရသော ခံစားချက်များကို ဖောက်ခွဲလိုက်ကြသည်။ အော်ဟစ်အားပေးသံများ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ အကယ်၍ သူတို့သာ မြို့ရိုးကိုစောင့်ကြပ်ရန် တာဝန်ရှိမနေလျှင် အုပ်စုလိုက်ပြေးထွက်သွားကာ တိုက်ပွဲအတွင်း ခုန်ဝင်မိပေလိမ့်မည်။

မြို့ရိုးပေါ်တွင်ရပ်နေသော လောင်ရင်က ယဲ့ချန်နှင့် ပိုလင်း၏ကျောပြင်ကို စိုက်ကြည့်နေမိသည်။ သူမက ဤစုံတွဲသည် နတ်ဖက်သောစုံတွဲကဲ့သို့ လိုက်ဖက်သည်ဟု ရုတ်တရက်ခံစားလိုက်ရသည်။ သို့သော် ပိုလင်းအတွက် စိုးရိမ်စိတ်များဖြစ်ပေါ်လာသောအခါ မျက်ဝန်းလေးများ ညှိုးငယ်သွားခဲ့သည်။ ပိုလင်းသာ ကျင့်ကြံဆင့်ဆုံးရှုံးသွားလျှင် ဤယောကျ်ားက ယခုအတိုင်း သူမကိုဆက်ဆံနိုင်မည်လားဟု အတွေးနက်နေခဲ့လေသည်။

All Chapters