← Chapters

နတ်မိုးကြိုးမြို့တော်မှ ဝင်ခွင့်ပေးခြင်း

Vol. 35 Ch. 484

နတ်မိုးကြိုးမြို့တော်မှ ဝင်ခွင့်ပေးခြင်း

Vol. 35 Ch. 484

"သူတို့ကို သွားသတ်စမ်း"

လျူမိုက အမှန်တကယ်ကြောက်လန့်နေသောကြောင့် နောက်လိုက်နှစ်ယောက်ကို ယဲ့ချန်နှင့်ပိုလင်းအား အချိန်ဆွဲရန် အမိန့်ပေးလိုက်သည်။ ထို့နောက် သူက နောက်လှည့်၍ ချက်ချင်းထွက်ပြေးသွားခဲ့သည်။

"ရောက်လာမှတော့ ဘာလို့ အလျင်စလိုပြန်ချင်နေရတာလဲ"

ပိုလင်းက တစ်ချက်ပြုံး၍ လက်ထဲတွင် လျှပ်စီးတန်းနှစ်ခုကိုဖန်တီးကာ ပစ်ခတ်လိုက်သည်။ ၎င်းတို့က အလွန်မြန်လွန်းသဖြင့် အသိစိတ်လွတ်နေသော သမာဓိကောင်စီဝင်နှစ်ယောက်မှာ ရပ်ကြည့်နေရုံသာ တတ်နိုင်သည်။ ၎င်းတို့က ကောင်းကင်ကိုဖြတ်သန်း၍ လျူမိုထံ လှစ်ခနဲ ဝင်ရောက်သွားခဲ့သည်။

"ပျက်စီးစမ်း"

လျူမိုက အံကြိတ်၍ ပိုင်နက်၏အစွမ်းအားလုံးကို လက်သီးတွင်ပေါင်းစပ်ကာ ထိုးနှက်လိုက်သည်။

"ဘုန်း"

ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး လျှပ်စီးတန်းတစ်ခုကို သူက လက်သီးဖြင့် ဖျက်ဆီးနိုင်လိုက်သော်လည်း ကျန်တစ်ခုက ပိုင်နက်ကိုထိုးဖောက်၍ ထိမှန်လာခဲ့သည်။ သူက သွေးများအန်၍ လေထဲတွင် ယိမ်းယိုင်သွားသော်လည်း အနည်းငယ်မျှပင် မတုံ့ဆိုင်းရဲသဖြင့် သွေးရူးသွေးတန်းထွက်ပြေးသွားခဲ့သည်။

"ဒီကောင်က လွတ်အောင်ပြေးနိုင်သေးတယ်ပေါ့"

ပိုလင်းက မျက်မှောင်ကြုတ်လိုက်သော်လည်း နောက်မှလိုက်သွားခြင်း မရှိပေ။ နတ်မိုးကြိုးမြို့တော်အနီးတွင် သူမအတွက် အားကိုးစရာရှိသော်လည်း နယ်ကျွံသွားကာ သမာဓိကောင်စီ၏ချောင်ပိတ်ခြင်းခံလိုက်ရပါက ပြဿနာတက်သွားနိုင်သည်။ တစ်ဖက်ရန်သူက နတ်မိုးကြိုးမြို့တော်ထက် အင်အားသာလွန်နေသည်။ ပိုလင်းက လျူမိုကိုတိုက်ခိုက်နေစဥ် ယဲ့ချန်က ရန်သူနှစ်ယောက်ကို အဆုံးသတ်လိုက်ပြီဖြစ်သည်။ ကြယ်ပိုင်နက်က ပိုင်နက်နှစ်ခုကို ချက်ချင်းဖျက်ဆီးလိုက်ပြီး သမာဓိကောင်စီဝင်နှစ်ယောက်ကို အမှုန့်ကြိတ်ပစ်လိုက်သည်။ ဤတိုက်ပွဲအတွင်း ကြယ်ပိုင်နက်သည် ရန်သူများ၏ပိုင်နက်ကို စုပ်ယူခြင်းဖြင့် ငါးဆယ်ရာခိုင်းနှုန်းတိုးတက်လာကာ အဆင့်တစ်ပိုင်နက်များကြားတွင် ပြိုင်ဘက်ကင်းဖြစ်လာသည်။

"ငါးယောက် သေတယ်။ တစ်ယောက် ဒဏ်ရာရတယ်"

ယဲ့ချန်က ထွက်ပေါ်လာလာချင်း သမာဓိကောင်စီ၏ထူးကဲအဆင့်များကို သတ်ဖြတ်ကာ အထိနာစေခဲ့သည်။ မြို့ရိုးပေါ်ရှိကျင့်ကြံသူများ၏ အမြင်က ပြောင်းလဲသွားခဲ့သည်။ အောင်ပွဲခံသံများ ဆူညံစွာထွက်ပေါ်လာ၍ လွန်ခဲ့သောရက်များအတွင်း တင်းကျပ်နေသော ခံစားချက်များ အနည်းငယ်ပြေလျော့သွားကြသည်။ အစပိုင်းတွင် သမာဓိကောင်စီနှင့် နတ်မိုးကြိုးမြို့တော်၏ အဆုံးမဲ့ကျင့်ကြံသူများ တိုက်ခိုက်ခဲ့ကြပြီး နှစ်ဖက်လုံး အကျအဆုံးရှိခဲ့သည်။ ထူးကဲအဆင့်များ၏ ပထမဆုံးတိုက်ပွဲတွင် ယဲ့ချန်က သမာဓိကောင်စီဝင်များကို ပြတ်ပြတ်သားသားအနိုင်ယူပစ်လိုက်သဖြင့် နတ်မိုးကြိုးမြို့တော်အတွက် အံ့လောက်စရာ အောင်မြင်မှုကြီးဖြစ်သည်။ ပိုလင်းသည်

ယဲ့ချန်၏ပိုင်နက်ထံမှ ဝါးမျိုနိုင်စွမ်းကြောင့် အံ့သြနေသော်လည်း တစ်ချက်သာပြုံးလိုက်သည်။ ထို့နောက် သူမက ယဲ့ချန်အနားကပ်သွားပြီး မျက်ဝန်းလေးများတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေသည်။

"နောက်ဆုံးတော့ နင် ငါ့ကိုလာတွေ့ပြီပေါ့"

သူမ၏ ဆွဲဆောင်အားပြင်းသော အသံလေးက ယဲ့ချန်၏နားအတွင်း စီးဝင်လာခဲ့သည်။

"မြို့ထဲကိုဝင်လို့မရတော့ အမကြီးကို ခေါ်ထုတ်ရုံကလွဲလို့ မရှိဘူးလေ"

ယဲ့ချန်က နတ်မိုးကြိုးမြို့တော်၏ ကာကွယ်ရေးအစီအရင်ကို မေးငေါ့ပြ၍ ခါးသက်သက်ပြုံးလိုက်သည်။

"အရှင်က အစီအရင်ကို ဖွင့်ပေးလောက်ပါတယ်"

ပိုလင်းက မြို့တော်အတွင်း မိုးကြိုးများ အသိပ်သည်းဆုံးနေရာသို့ တစ်ချက်လှမ်းကြည့်၍ အနည်းငယ်စိုးရိမ်နေခဲ့သည်။ နတ်မိုးကြိုးမြို့တော်က စစ်ပွဲတစ်ခုရင်ဆိုင်နေရသဖြင့် ကာကွယ်ရေးအစီအရင်ကို လွယ်လင့်တကူ ဖွင့်လှစ်ပေးမည် မဟုတ်ချေ။ ၎င်းကိုဖွင့်လှစ်လိုက်လျှင် ပြန်ပိတ်ရန်အတွက် အချိန်နာရီဝက် ယူရသောကြောင့်ဖြစ်သည်။ ထိုနာရီဝက်အတွင်း အန္တရာယ်က အချိန်မရွေးကျရောက်နိုင်သောကြောင့် ပိုမေ့သည် အပြင်လူတစ်ယောက်အတွက် အစီအရင်ကို ဖွင့်ပေးလိမ့်မည်မဟုတ်ပေ။ သို့သော် ပိုလင်းသည် သွေးမျိုးဆက်နိုးထလာပြီးနောက် မျိုးနွယ်အတွင်း အဆင့်အတန်းမြင့်မားလာကာ မျှော်လင့်ချက်တစ်ခုဖြစ်လာသောကြောင့် ကွဲပြားပေသည်။ ထို့ကြောင့် သူမက အစီအရင်ကို ယဲ့ချန်အတွက် ဖွင့်ပေးစေရန် ကိုယ့်ကိုကိုယ်အသုံးချ၍ အလောင်းအစားလုပ်လိုက်ခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ သူမက ယဲ့ချန်ကို အန္တရာယ်အဖြစ်မခံနိုင်ပေ။ အကယ်၍ ပိုမေ့ကသာ အစီအရင်ကို ဆက်ပိတ်ထားမည်ဆိုလျှင် ယဲ့ချန်နှင့်လက်တွဲ၍ အဆုံးထိတိုက်ပွဲဝင်သွားရန် ဆုံးဖြတ်ထားသည်။

"အစီအရင်ကိုဖွင့်ပေးပြီး သူတို့ကို ဝင်ခွင့်ပေးလိုက်ပါ"

ထိုအချိန်၌ ပိုမေ့၏စကားသံ ထွက်ပေါ်လာသည်။ မြို့တော်၏ထိပ်ပိုင်းရှိ မျှော်စင်ပေါ်တွင် မြို့ပြင်မှ ယဲ့ချန်နှင့်ပိုလင်းကို သူက စိုက်ကြည့်နေခဲ့ပြီး မျက်လုံးများမှာ အလွန်တရာနက်ရှိုင်းနေသည်။

"အရှင်က အစီအရင်ဖွင့်ပေးဖို့ အမိန့်ချလိုက်တယ်"

မြို့တော်၏တစ်နေရာမှ အော်သံများ ထွက်ပေါ်လာကာ ကာကွယ်ရေးအစီအရင်က စတင်မှိန်ဖျော့လာသည်။ နောက်ဆုံးတွင် ၎င်းက လုံးဝပျောက်ကွယ်သွားသည်။

"အထဲကိုဝင်ရအောင်"

အစီအရင်ပွင့်လာသည်ကို မြင်သောအခါ ပိုလင်းက စိတ်အေးသွားပြီး လျှပ်စီးမျှော်စင်ကို တစ်ချက်ကြည့်ကာ နှုတ်ခမ်းကို ကိုက်ထားလိုက်မိသည်။ ပိုမေ့က သူမကို ဝှက်ဖဲတစ်ချက်အဖြစ် ထိန်းထိန်းသိမ်းသိမ်းနေထိုင်၍ ရန်သူများရှေ့မထွက်ရန် မှာကြားထားသည်။ လက်ရှိတွင် သူမက အမိန့်ကိုဖီဆန်လိုက်သောကြောင့် အပြစ်ပေးလာလျှင်လည်း အကျိုးဆက်များကို ရင်ဆိုင်ရပေလိမ့်မည်။

"အမကြီး ငါ့ကိုကယ်ဖို့အတွက် မင်း ပြဿနာတက်နိုင်လား"

ယဲ့ချန်သည်လည်း ပိုလင်း၏အနေအထားကို ရိပ်စားမိသဖြင့် စိုးရိမ်နေခဲ့သည်။

"မောင်လေးသေတာကို မမက ထိုင်စောင့်နေရမှာလား။ မစိုးရိမ်ပါနဲ့။ မမရဲ့အဆင့်အတန်းက အရင်လိုမဟုတ်တော့ပါဘူး။ မမကို ဘယ်လိုကျေးဇူးဆပ်မယ်ဆိုတာ စဥ်းစားပြီးပြီလား"

ပိုလင်းက ပေါ့ပေါ့ပါးဖြေလိုက်သည်။ သူမက ယဲ့ချန်အနားသို့ ချဥ်းကပ်လိုက်သောအခါ ခန္ဓာကိုယ်ကောက်ကြောင်းများက လှုပ်ယမ်းသွားခဲ့သည်။ သူမက ဆွဲဆောင်အားပြင်းသူဖြစ်သောကြောင့် ရေလာမြောင်းပေးစကားများ ဆိုလာသောအခါ ယဲ့ချန်ကို အတိတ်မှအဖြစ်အား သတိရသွားစေခဲ့သည်။ သူက စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရန် ကြိုးစားလိုက်သော်လည်း ဝမ်းဗိုက်အောက်ပိုင်းက အနည်းငယ်ပူလောင်လာခဲ့သည်။

"ခစ်ခစ် နင့်ကို ထပ်မစတော့ဘူး"

ပိုလင်းက တခစ်ခစ်ရယ်မော၍ လေပေါ်သို့ ခုန်တက်သွားသည်။ ယဲ့ချန်က အသွင်အပြင်နှင့် အရှိန်အဝါကို ပြောင်းလဲထားသော်လည်း သူမ၏နှလုံးသားမှ အလွန်ရင်းနှီးမှုတစ်ခုကို ခံစားနေရသည်။ ထိုခံစားချက်က သူမကို ချစ်စိတ်များ တိုးပွားလာစေသည်။ ခွဲခွာနေရသောခဏတွင် ယဲ့ချန်က များစွာပို၍တိုးတက်လာပြီး စိတ်ဓာတ်က ပို၍ရင့်ကျက် တည်ကြည်လာပုံပေါ်သည်။ ယဲ့ချန်ကိုပြန်တွေ့ရသောအခါ သူမ၏ရင်ခုန်သံများ ပြန်လည်မြန်ဆန်လာသည်။ အတိတ်မှဖြစ်ရပ်က စိတ်ထဲ၌ ထွက်ပေါ်လာပြီး ယဲ့ချန်၏သန်မာမှုကို ပြန်တွေးမိသောအခါ ပိုလင်း၏ခန္ဓာကိုယ်လေးက အနည်းငယ်တုန်ယင်သွားလေသည်။

ယဲ့ချန်က ပိုလင်းနောက်မှလိုက်ပါလာကာ နတ်မိုးကြိုးမြို့တော်အတွင်း ဝင်ရောက်လိုက်သည်။ ပိုလင်း၏အလှတရားက ရင်မှည့်ပြီးမက်မွန်သီးလေးတစ်လုံးနှင့် တူညီနေကာ မြင်သူတိုင်းကို ကိုက်စားချင်စိတ်ပေါက်လာစေနိုင်သည်။

"မောင်လေးချန်ရဲ ဒါက မိုးကြိုးကျောက်လို့ခေါ်တယ်။ ဒါကိုဆောင်ထားရင် ကောင်းကင်က လျှပ်စီးတွေကို ကြောက်စရာမလိုတော့ဘူး"

ပိုလင်းက နားလည်မှုရှိစွာဖြင့် ယဲ့ချန်၏အမည်တုကို ခေါ်ဝေါ်ကာ ကျောက်တုံးတစ်ခု ပစ်ပေးလိုက်သည်။ သူက ၎င်းကိုလက်ခံ၍ စစ်ဆေးလိုက်သောအခါ အစီအရင်အချို့ထွင်းထားသည့် အဖြူရောင်ကျောက်ဖြစ်ကြောင်း တွေ့ရှိခဲ့ပြီး သိမ်းဆည်းထားလိုက်သည်။ အမှန်တကယ်၌ သူ့အတွက် ၎င်းကိုမလိုအပ်ပေ။ နတ်မိုးကြိုးမြို့တော်အတွင်း ရောက်ရှိချိန်မှစတင်၍ သူ၏မိုးကြိုးချီများက လှိုင်းထန်လာသည်။ သူ၏ကျင့်စဥ်ကို မိုးကြိုးဧကရာဇ်ကျင့်စဥ်သို့ ပြောင်းလဲထားပြီးဖြစ်သောကြောင့် လျှပ်စီးများက မည်မျှအစွမ်းထက်ပါစေ သူ့ကို မနာကျင်စေနိုင်ပေ။ ၎င်းတို့က သူ၏ကျင့်ကြံဆင့်ကို ပို၍သန်မာလာစေပေလိမ့်မည်။

ယဲ့ချန်က နတ်မိုးကြိုးမြို့တော်သို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်သည်။ မိုးကြိုးသားရဲမျိုးနွယ်က ရှေးခေတ်ဟောင်းမှ အမွေခံမျိုးနွယ်ဖြစ်သည့်အားလျော်စွာ အုတ်မြစ်အလွန်ခိုင်မာသည်။ ကာကွယ်ရေးအစီအရင်ကို ချီပင်လယ်အဆင့် ကျင့်ကြံသူတစ်ယောက်ပင် ထိုးဖောက်ရန် မလွယ်ကူသောအခါ ပိုမေ့က သမာဓိကောင်စီကိုဆန့်ကျင်ရဲခြင်းက အဆန်းမဟုတ်ပေ။

"ဒါက မဟာအကြီးအကဲ ချင်မိုပါ။ ဒါကတော့ မဟာအကြီးအကဲ လောင်ရင်"

မြို့ရိုးပေါ်သို့ရောက်သောအခါ ပိုလင်းသည် ယဲ့ချန်ကို အဘိုးအိုတစ်ယောက်နှင့် မျက်နှာကို ဇာပဝါကာထားသော မိန်းမတစ်ယောက်အား မိတ်ဆက်ပေးလိုက်သည်။

"ကျုပ်က ချန်ရဲပါ။ တွေ့ရတာဝမ်းသာပါတယ်"

ယဲ့ချန်က တစ်ချက်ပြုံး၍ မိတ်ဆက်စကားပြောလိုက်သည်။

"နတ်မိုးကြိုးမြို့တော်က ကြိုဆိုပါတယ် သခင်လေးချန်"

ချင်မိုက ဖော်ရွေစွာဖြင့် ကြိုဆိုလိုက်သည်။ သူက ယဲ့ချန်၏အစွမ်းကို မျက်မြင်တွေ့ထားပြီးဖြစ်သည်။

"တွေ့ရတာဝမ်းသာပါတယ်"

လောင်ရင်က ယဲ့ချန်ကို ခေါင်းညိတ်၍ အသိအမှတ်ပြုလိုက်သော်လည်း သူမ၏အသံက အနည်းငယ်အေးစက်နေသည်။ ယဲ့ချန်က ၎င်းအချက်ကို သတိထားမိသော်လည်း ထန်တိုက်လင်ကဲ့သို့ အေးစက်သောစရိုက်ရှိသူဖြစ်ရမည်ဟု သဘောထားကာ များစွာတွေးမနေခဲ့ပေ။ သူက လောင်ရင်၏မျက်နှာကို အပြည့်အဝမမြင်နိုင်သော်လည်း ပြိုင်ဘက်ကင်းအလှမယ်တစ်ယောက်ဖြစ်ကြောင်း ပြောနိုင်သည်။ သို့သော် သူမက မျက်နှာကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားသောကြောင့် ယဥ်ကျေးမှုရှိစွာဖြင့် ဝိညာဥ်အသိစိတ်နှင့် မထောက်လှမ်းခဲ့ပေ။

"အမကြီးရင်က အရှေ့ပိုင်းတိုက်ကြီးရဲ့ အလှမယ်သုံးယောက်ထဲက တစ်ယောက်လေ"

ပိုလင်းက ပြောလိုက်ခြင်းဖြစ်သည်။

"အရှေ့ပိုင်းတိုက်ကြီးရဲ့ ထိပ်တန်းအလှမယ်လား"

အတိတ်တွင် ယဲ့ချန်က ထိုသုံးယောက်အနက်မှ တစ်ယောက်ဖြစ်သော ထန်တိုက်လင်ကို မြင်ဖူးထားခဲ့သည်။ လက်ရှိတွင် သူက နောက်တစ်ယောက်နှင့်ဆုံရမည်ဟု မျှော်လင့်မထားခဲ့ပေ။ နောက်ဆုံးတစ်ယောက်အကြောင်းကိုမူ မသိပေ။

"ဒါဆိုရင် အမကြီးလည်း ဒီသုံးယောက်ထဲမှာ ပါတယ်မလား"

ယဲ့ချန်က ပိုလင်းကို ပြန်မေးလိုက်သည်။

"မောင်လေး စိတ်ပျက်ရမယ်ထင်တယ်။ မင်းရဲ့မမက အမကြီးရင်လောက် မလှဘူးလေ"

ပိုလင်းက ခါးသက်သက်ပြုံး၍ ခေါင်းယမ်းပြလိုက်သည်။

"ငါ့နှလုံးသားထဲမှာတော့ အမကြီးလည်း သူတို့လောက်လှတယ်"

ယဲ့ချန်က ပိုလင်း၏အလှကို ချီးကျူးလိုက်သည်။ သူနှင့်ပိုလင်းကြားတွင် လင်မယားဆက်ဆံရေးရှိသည့်အပြင် သူမ၏အလှက ထန်တိုက်လင်နှင့် လောင်ရင်အောက် မနိမ့်ပေ။ ထိပ်တန်းအလှမယ်သုံးယောက်ကို ရွေးချယ်ရာတွင် ကျင့်ကြံဆင့်ကိုပါ ထည့်တွက်ထားပုံပေါ်သည်။ အတိတ်တွင် ပိုလင်းသည် အဆုံးမဲ့အဆင့်ငါးကျင့်ကြံသူသာ ဖြစ်သောကြောင့် ဤစာရင်းတွင်မပါနိုင်သော်လည်း ထူးကဲအဆင့်ကျင့်ကြံသူဖြစ်လာသောအခါ ကွဲပြားပေလိမ့်မည်။

"မောင်လေးက အပြောချိုလိုက်တာနော်။ မမက ဘယ်လိုဆုချရမလဲ"

ပိုလင်းက ယဲ့ချန်၏စကားကို ကြားသောအခါ ရယ်မောလိုက်သဖြင့် တစ်ကိုယ်လုံး တသိမ့်သိမ့်တုန်သွားသည်။ သူမက ယဲ့ချန်အနားသို့ တိုးကပ်လိုက်ပြီး ခပ်တိုးတိုးရေရွတ်လိုက်သည်။ သူမ၏ကိုယ်သင်းနံ့လေးက ယဲ့ချန်၏နှာခေါင်းကို လာရောက်ကျီစယ်နေ၍ ခန္ဓာကိုယ်ကောင်ကြောင်းများက နှလုံးသားကို ကြောင်ခြစ်နေသကဲ့သို့ ခံစားသွားစေခဲ့သည်။

ဇာပဝါနောက်တွင်ရှိနေသော လောင်ရင်၏မျက်နှာက မည်းနက်သွားခဲ့သည်။ ပိုလင်းက အခြားလူများရှေ့တွင် အဆင့်အတန်းကိုထိန်းသိမ်း၍ ယောကျ်ားများနှင့် ဝေးဝေးနေတတ်ကြောင်း သူမက သိထားပြီးဖြစ်သည်။ သို့သော် ယဲ့ချန်က ချွင်းချက်ဖြစ်နေပြီး သူရောက်လာချိန်တွင် ဖြစ်သွားသော ပိုလင်း၏အမူအရာကြောင့် သူမက စိတ်များလေးလံလာသည်။ သူမက ပိုလင်းသည် အချစ်စိတ်မွှန်နေ၍ အနာဂတ်တွင်နောင်တရမည်ကို စိုးရိမ်နေခဲ့သည်။

"အပြောချိုတဲ့ ယောကျ်ားတစ်ယောက်ကို မယုံသင့်ဘူး"

လောင်ရင်က အေးစက်စက်ပြောလိုက်သည်။ သူမ၏စကားကြောင့် ယဲ့ချန်က ကြောင်စီစီဖြစ်သွားခဲ့သည်။ ပိုလင်းက သူနှင့်နီးကပ်စွာရှိနေသဖြင့် တည်ငြိမ်မှုကို ထိန်းသိမ်းထားရန် အလွန်ခက်ခဲနေသည်။ လောင်ရင်က သူ့ကို မနှစ်သက်ဟန်ပြသနေသောအခါ အတိတ်တွင် သူမနှင့်ရန်ငြှိုးရှိဖူးသည်လားဟု တွေးနေမိသည်။

"ရင်အာ ငါ ဘာလုပ်နေလဲ ငါ သိပါတယ်"

ပိုလင်းက လောင်ရင်ကို ဝိညာဥ်ဖြင့် ဆက်သွယ်လိုက်ခြင်းဖြစ်သည်။ လောင်ရင်က ယဲ့ချန်ကို ရန်လိုနေသောအခါ သူမ အနေခက်သွားသည်။ သို့သော်လည်း ယဲ့ချန်နှင့်ဆက်ဆံရေးကို ထုတ်ပြောရန် မရည်ရွယ်ထားပေ။

"လင်းအာ နင် သတိမလွတ်စေနဲ့"

လောင်ရင်က ပိုလင်းကို သတိပေးပြီး ယဲ့ချန်ကို တစ်ချက်စိုက်ကြည့်လိုက်သည်။

"ထားလိုက်ပါတော့။ လင်းအာကို ငါ အခုကစပြီး ဂရုစိုက်မယ်။ ငါစောင့်ကြည့်နေသမျှ ဘာမှဖြစ်မလာစေရဘူး"

သူမက စိတ်ထဲမှ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

"မောင်လေး မမနဲ့အတူ အရှင့်ကို သွားတွေ့ရအောင်"

ပိုလင်းက ယဲ့ချန်၏ခါးကို လက်ချောင်းသွယ်သွယ်လေးများနှင့်တို့ကာ ပြောလိုက်ခြင်းဖြစ်သည်။

All Chapters