ရုပ်သေးစစ်တပ် တိုက်ခိုက်လာခြင်း
Vol. 35 Ch. 485
ယဲ့ချန်သည် ခန္ဓာကိုယ်က ဓာတ်လိုက်ခံရသကဲ့သို့ ထုံကျင်သွားသည်ကို ခံစားလိုက်ရ၏။ အကယ်၍ အပြင်လူများသာရှိမနေလျှင် သူက ပိုလင်းကိုဆွဲဖက်ပြီး သင်ခန်းစာပေးမိမည်ဖြစ်သည်။ အပြင်လူများရှေ့တွင် သူမ၏ဆွဲဆောင်မှုကို သည်းခံနေရသည်။ သူက သားရဲဧကရာဇ်ပိုမေ့နှင့် သွားရောက်တွေ့ဆုံရတော့မည်ဖြစ်သည်။ နတ်မိုးကြိုးမြို့တော်၏ ကောင်းကင်အထက်မှ မျက်လုံးတစ်စုံက သူ့ကို အမြဲစောင့်ကြည့်နေသည်ဟု ခံစားနေရသည်။ ပိုမေ့သည် သူ၏ကျင့်ကြံဆင့်ကြောင့် အခြားလူများက သူ့ထံမှ မြင့်မြတ်ကာနက်ရှိုင်းသော အရှိန်အဝါကို ခံစားကြရသည်။ သူက အရှေ့ပိုင်းတိုက်ကြီး ၏နံပတ်တစ်ကျင့်ကြံသူမှာ ပိုမေ့လား၊ သမာဓိကောင်စီ၏ခေါင်းဆောင်သုံးယောက်လားဟု သိချင်နေခဲ့သည်။
ယဲ့ချန်နှင့်ပိုလင်းက စကားပြောနေစဥ် မိုးချုန်းသံတစ်ခုထွက်ပေါ်လာ၍ နတ်မိုးကြိုးမြို့တော်တစ်ခုလုံး တုန်ခါသွားခဲ့သည်။ ထိုအသံနောက်တွင် များစွာသော ပုံရိပ်များက မြို့တွင်းမှထွက်ပေါ်လာ၍ မြို့ရိုးထံ ပြေးလာကြသည်။ ၎င်းတို့အထဲတွင် ယဲ့ချန်ရင်းနှီးသော စစ်နတ်ဘုရားကျောင်းတော်နှင့် သဲသားရဲမျိုးနွယ်မှ ကျင့်ကြံသူများ ပါဝင်နေသည်။ ထိုကျင့်ကြံသူများက မိုးကြိုးမျိုးနွယ်နှင့် သမာဓိကောင်စီ၏စစ်ပွဲတွင် မိုးကြိုးမျိုးနွယ်ဘက်မှ စစ်ကူရောက်ရှိနေခြင်းဖြစ်သည်။ သူက မြို့ရိုးပေါ်တွင်ရပ်နေရင်း ရန်သူစစ်စခန်းကို လှမ်းကြည့်လိုက်သောအခါ မရေမတွက်နိုင်သော ရုပ်သေးများ ချီတက်လာသည်ကို မြင်လိုက်ရ၏။ သောင်းချီသော နတ်ဘုရင်အဆင့်များ၊ အဆုံးမဲ့အဆင့် ခြောက်ရာကျော်နှင့် ထူးကဲအဆင့်တစ်ရာကျော်ဟူသော ရုပ်သေးများက လေပေါ်သို့ခုန်တက်၍ နတ်မိုးကြိုးမြို့တော်ထံ ဦးတည်ပျံသန်းလာကြသည်။
"ရန်သူတွေ တိုက်ခိုက်လာပြီ"
နတ်မိုးကြိုးမြို့တော်တွင် သတိပေးသံများဆူညံနေပြီး မိုးကြိုးမျိုးနွယ်၊ စစ်နတ်ဘုရားကျောင်းတော်၊ သဲသားရဲမျိုးနွယ်နှင့် အခြားစစ်ကူရောက်ရှိနေသော မျိုးနွယ်များမှ ကျင့်ကြံသူများက မြို့ရိုးပေါ်သို့ အလျှိုလျှိုရောက်ရှိလာကြသည်။
"ဒီကောင်က သူလျှိုဖြစ်ရမယ်။ မဟုတ်ရင် သမာဓိကောင်စီက ကာကွယ်ရေးအစီအရင်ကို ပိတ်ပိတ်ချင်း တိုက်ခိုက်လာစရာ အကြောင်းမရှိဘူး"
မြို့ရိုးပေါ်သို့ရောက်ရှိလာသော ပိုဖန်းက ယဲ့ချန်ကို လက်ညှိုးထိုး၍ အော်ဟစ်စွပ်စွဲလိုက်သည်။ သူက ပိုလင်းလက်ချက်ဖြင့် လူပုံအလယ်တွင် အရှက်ကွဲခဲ့ရသဖြင့် လက်စားချေခြင်းဖြစ်နိုင်သည်။
"ပိုဖန်း အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့။ အရှင်ကိုယ်တိုင် အစီအရင်ကိုပိတ်ပြီး သူ့ကို ဝင်ခွင့်ပေးလိုက်တာပဲ။ ကာကွယ်ရေးအစီအရင်ပိတ်လိုက်တာကိုသိရင် သမာဓိကောင်စီက သေချာပေါက်တိုက်ခိုက်လိမ့်မယ်။ ချန်ရဲက ဘယ်လိုလုပ် သူလျှိုဖြစ်နိုင်မှာလဲ"
ပိုလင်းက ရှေ့သို့ ခြေလှမ်းအနည်းငယ်တက်၍ ပိုဖန်းကို အေးစက်စက်သတိပေးလိုက်သည်။
"ပိုလင်း နင်က အပြင်လူတစ်ယောက်ကို ကာကွယ်နေပါလား။ ကြည့်ရတာ မင်းတို့ကြားမှာ မပြောပြနိုင်တဲ့ ဆက်ဆံရေးတစ်ခုရှိပုံပဲ။ မိုးကြိုးမျိုးနွယ်က အပြင်လူတွေနဲ့ လက်ထပ်ခွင့်မရှိဘူးဆိုတာကို သတိရစမ်း"
ပိုဖန်းက အေးစက်စက်နှာခေါင်းရှုံ့၍ ယဲ့ချန်ကို ရန်လိုနေခဲ့သည်။
"နင့်ကိုယ်နင် ဘယ်သူထင်လို့ ငါ့ကိစ္စကို စွက်ဖက်နေတာလဲ"
ပိုလင်းက ပိုဖန်းကို မျက်လုံးထဲမထည့်ထားဟန်ဖြင့် ပြောလိုက်သည်။
"နင်"
ပိုဖန်းမှာ ဒေါသထွက်လွန်းသဖြင့် သွေးအန်လုနီးပါးဖြစ်နေသည်။ အတိတ်တွင် ပိုလင်းက သူ၏နောက်လိုက်ဖြစ်ခဲ့သော်လည်း လက်ရှိတွင် သူမ၏အဆင့်အတန်းက သူ့ကို ကျော်လွန်သွားပြီဖြစ်သည်။ သူက ဤကွာခြားချက်ကို လုံးဝလက်ခံနိုင်ခြင်းမရှိပေ။ ယဲ့ချန်ကမူ ပိုဖန်းကဲ့သို့ လူပြက်တစ်ယောက်ကို လျစ်လျူရှုထားပြီး ပိုဖန်းနောက်မှ ခရမ်းရောင်ချပ်ဝတ်နှင့် လူတစ်ယောက်ကိုသာ စိုက်ကြည့်နေခဲ့သည်။ ပိုဖန်း၏နောက်တွင်ရပ်နေသော ပိုလဲ့က တည်ငြိမ်သောမျက်နှာထားဖြင့် ယဲ့ချန်ကို ပြန်လည်စိုက်ကြည့်နေသည်။ သူ၏မျက်လုံးများက နက်မှောင်နေသည်။ ယဲ့ချန်က သူ့ကို ကြယ်သလင်းကျောက်အတွင်း မြင်ဖူးထားခဲ့ပြီး ပိုမေ့ထွက်ပေါ်မလာခင် ဤလူက မိုးကြိုးမျိုးနွယ်ကိုယ်စား ပြောဆိုခဲ့သူဖြစ်သည်။
"ဒီလူက မဟာအကြီးအကဲတွေထဲမှာ နံပတ်တစ် ပိုလဲ့ဖြစ်တယ်။ ပိုဖန်းရဲ့အစ်ကိုလည်း ဟုတ်တယ်"
ပိုလင်းက ယဲ့ချန်ထံ ဝိညာဥ်ဖြင့် ဆက်သွယ်လိုက်သည်။ ပိုလဲ့သာ နောက်ခံပေးမထားလျှင် သူမက ပိုဖန်းကို စကားများစွာပြောခွင့်မပေးဘဲ ရိုက်နှက်ပြီးဖြစ်ပေလိမ့်မည်။
"ပိုဖန်း ရန်သူတွေ တိုက်ခိုက်လာနေပြီ။ အရှင်လာမှ ဒီကိစ္စကို ကိုင်တွယ်ခိုင်းလိုက်မယ်"
ပိုလဲ့က ယဲ့ချန်နှင့် ပိုလင်းကို တစ်ချက်စိုက်ကြည့်ပြီး သမာဓိကောင်စီ၏စခန်းထံ အကြည့်ပြောင်းလဲလိုက်သည်။ သူ၏အတွေးများက ပိုဖန်းထက် ပို၍ရှင်းလင်းပေသည်။ ပိုလင်းသည်လည်း ကျိုင်းကောင်အုပ်ကြီးကဲ့သို့ ပျံသန်းလာနေသော ရုပ်သေးစစ်တပ်ကို စိုက်ကြည့်နေရင်း ပိုင်နက်စွမ်းအားကို ထုတ်ဖော်နေသည်။ ယဲ့ချန်သည်လည်း ရုပ်သေးများကို ရင်ဆိုင်တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။ လောင်ရင်သည် ပိုလင်းနှင့် ယဲ့ချန်ကို တစ်ချက်ကြည့်လိုက်သည်။ သူမက အဆုံးမဲ့အဆင့်ကိုးဖြစ်ပြီး ထူးကဲအဆင့်နှင့် ကွာခြားနေသည်။ သူမက ပိုင်နက်အကြောင်း နားလည်စပြုနေသော်လည်း မဖန်တီးနိုင်သေးသဖြင့် အလွန်အားနည်းနေကာ ဤတိုက်ပွဲတွင် ဝင်ပါနိုင်စွမ်းမရှိချေ။
နတ်မိုးကြိုးမြို့တော်၏မြို့ရိုးပေါ်မှ ထူးကဲအဆင့် အရှိန်အဝါသုံးဆယ်ကျော် ပေါက်ကွဲထွက်ပေါ်လာသည်။ မိုးကြိုးမျိုးနွယ်က လွှမ်းမိုးမှုကြီးမားသောကြောင့် အစွမ်းထက်စစ်ကူများ ခေါ်ဆောင်ထားနိုင်သော်လည်း သမာဓိကောင်စီ၏ ရုပ်သေးစစ်တပ်အောက် အားနည်းနေခဲ့သည်။ ရန်သူများက အရှေ့ပိုင်းတိုက်ကြီးတစ်ခုလုံးကို သိမ်းပိုက်ရန် ရည်ရွယ်ချက်ဖြင့် နှစ်ပေါင်းများစွာ လျှို့ဝှက်ကြံစည်ထားသည်။ ထို့ကြောင့် သူတို့ပိုင်ဆိုင်ထားသော ရုပ်သေးအရေအတွက်နှင့် အခြားအစီအစဥ်များကို မည်သူမှမပြောနိုင်ပေ။ ရုပ်သေးများတွင် ထူးကဲအဆင့်များက ရှေ့ဆုံးမှ တိုးဝင်လာနေပြီး ၎င်းတို့နောက်တွင် နတ်ဘုရင်အဆင့်နှင့် အဆုံးမဲ့အဆင့်များ လိုက်ပါလာကြသည်။
ရှေ့တန်းတွင် ချီတက်လာကြသော ထူးကဲအဆင့်ရုပ်သေးများက ပိုင်နက်ကို မထုတ်ဖော်နိုင်သောကြောင့် လူသားနှင့် သားရဲများ၏ ထူးကဲအဆင့်ကျင့်ကြံသူများအောက် နိမ့်ကျနေသည်။ သို့သော် ထိုအားနည်းချက်ကို ဖာထေးရန်အတွက် ရုပ်ခန္ဓာကို သတ္တုနှင့်ပြုလုပ်ထားသောအခါ ရုပ်ခွန်အားအလွန်သန်မာပြီး တိုက်ခိုက်ရေးစွမ်းအားနှင့် အရေအတွက်ကို အထင်သေး၍မရပေ။ ရုပ်သေးများအနီးသို့ ရောက်သောအခါ ကောင်းကင်ထက်မှ မိုးကြိုးများ ကျဆင်းလာသည်။ သတ္တုများက မိုးကြိုးကို ဆွဲဆောင်တတ်သောကြောင့် ၎င်းတို့က ရုပ်သေးများကို တဘန်းဘန်းထိမှန်သွားသော်လည်း ခဏအတွင်း ပျောက်ကွယ်သွားကြသည်။
"ရုပ်သေးတွေရဲ့ကိုယ်ပေါ်မှာ လျှပ်စီးကာကွယ်ရေးအစီအရင်တွေ ထွင်းထားတယ်"
နတ်မိုးကြိုးမြို့တော်မှ ကျင့်ကြံသူတစ်ဦးက အော်ဟစ်လိုက်ခြင်းဖြစ်သည်။ ရုပ်သေးများက မိုးကြိုးများကို မကြောက်မရွံ့ချီတက်လာခြင်းမှာ အဆန်းမဟုတ်တော့ပေ။ ၎င်းတို့က မြို့ရိုးထံ တရကြမ်းချီတက်လာနေသောအခါ မြို့ပြင်တွင် ကျင့်ကြံသူများက စီးကြိုတိုက်ခိုက်လိုက်သဖြင့် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
နီးကပ်လာသော ရုပ်သေးများကို စိုက်ကြည့်၍ ယဲ့ချန်က မိစ္ဆာဝံပုလွေဆေဘာကို ထုတ်ယူလိုက်သည်။ သူက ၎င်းကို ပုံဖျက်ထားသောကြောင့် ဝံပုလွေဘိုးဘေးကို အသက်မသွင်းသရွေ့ အခြားကျင့်ကြံသူများက မှတ်မိမည်မဟုတ်ပေ။ ရုပ်သေးများ၏မျက်လုံးက သွေးရောင်တောက်နေပြီး မျက်နှာဖုံးများ တပ်ဆင်ထားကြသည်။ ၎င်းတို့၏ကိုယ်ပေါ်တွင် ဆူးချွန်များပြည့်နှက်နေကာ အနက်ရောင်လင်းနေပြီး သာမန်လူများကြောက်ရွံ့စေနိုင်သည့် ပြင်းထန်သောအရှိန်အဝါကို ထုတ်ဖော်နေသည်။ ယဲ့ချန်က သူ၏ဆေဘာနှင့် ရုပ်သေးတစ်ကောင်ကို ခုတ်ချလိုက်သောအခါ ၎င်း၏ညာလက်က ရွှစ်ခနဲပြတ်ထွက်သွားခဲ့သည်။ သို့သော် လက်တစ်ဖက်ပြတ်ရုပ်သေးက ထိခိုက်မှုမရှိဟန်ဖြင့် ဘယ်လက်နှင့် သူ့ကို ပြန်လည်တိုက်ခိုက်လာသည်။ လက်သီးချက်ကျဆင်းလာသောအခါ လေတိုးသံ တဝုန်းဝုန်းထွက်ပေါ်လာနေသောကြောင့် ထူးကဲအဆင့်ရုပ်သေး၏ တိုက်ခိုက်ရေးစွမ်းအားက အမှန်တကယ်ကြောက်မက်ဖွယ်ကောင်းနေသည်။
"ကြယ်ပိုင်နက်"
ယဲ့ချန်၏မျက်လုံးများက အေးစက်နေပြီး ကိုယ်တွင်းမှ ပိုင်နက်စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ သူနှင့်အနီးဆုံးရှိ ထူးကဲအဆင့်ရုပ်သေးသုံးကောင်က ပိုင်နက်အတွင်း ဝါးမျိုခံလိုက်ရပြီး ၎င်းတို့၏လှုပ်ရှားမှုများက ချက်ချင်းရပ်တန့်သွားခဲ့သည်။ သူ၏မျက်လုံးအတွင်း ကြယ်ကိုးလုံးလည်ပတ်လာပြီး လေထဲရှိ ကြယ်ပုံရိပ်ကြီးများလည်း စတင်လည်ပတ်လိုက်ကြသည်။ အစွမ်းထက်ကာ ပြင်းထန်သော ဆွဲအားတစ်ခုထွက်ပေါ်လာ၍ သံမဏိဖြင့်ပြုလုပ်ထားသော ရုပ်သေးများမှာ ဖိချေခံလိုက်ရပြီး တွန့်လိမ်သွားကာ ပြားကပ်သွားကြသည်။
"ဘန်း ဘန်း ဘန်း"
နောက်ဆုံးတွင် ရုပ်သေးသုံးခုက တစ်ခုပြီးတစ်ခုပေါက်ကွဲသွားကာ အမှောင်ဝိညာဥ်သုံးခုက လေထဲသို့လွင့်မျော ထွက်ပေါ်လာကြသည်။ ၎င်းတို့က စိတ်သက်သာရာရသွားသော မျက်နှာအမူအရာမျိုးဖြင့် လေထဲတွင် ပျောက်ကွယ်သွားကြသည်။ မြို့ရိုးပေါ်တွင် လူတိုင်းက ပြင်းထန်စွာတိုက်ခိုက်နေကြပြီး အခြားကျင့်ကြံသူများ၏ပိုင်နက်များက ကြယ်ပိုင်နက်အောက် အားနည်းသောကြောင့် ရုပ်သေးများကိုတားမြစ်ရာတွင် မလွယ်ကူပေ။ ယဲ့ချန်က ရုပ်သေးများကို ပိုင်နက်ဖြင့်ချေမွပစ်နိုင်ခြင်းက အံ့သြဖွယ်ကောင်းနေသည်။
"ကမ္ဘာဖျက်နတ်မိုးကြိုး"
ပိုလင်း၏ဆံပင်ရှည်များက လေထဲတွင် တလူလူလွင့်နေပြီး မျက်ဝန်းလေးများက တောက်ပနေသည်။ သူမက မိုးကြိုးနတ်ဘုရားကဲ့သို့ အပြာရောင်လျှပ်စီးများဆင့်ခေါ်ပြီး ရုပ်သေးများကို တိုက်ခိုက်နေသည်။
"ဘုန်း ဘုန်း ဘုန်း"
ရုပ်သေးများက ထိမှန်ခံလိုက်ရသောအခါ အစိမ်းရောင်မီးခိုးများထွက်ပေါ်လာ၍ နေရာတွင် ရပ်တန့်သွားကြ၏။ ထိုအချိန်တွင် အခြားကျင့်ကြံသူများက ၎င်းတို့ကို အဆုံးသတ်ပစ်လိုက်သည်။ ၎င်းတို့ကို လျှပ်စီးကာကွယ်ရေးအစီအရင်ဖြင့် ကာကွယ်ထားသော်လည်း သာမန်မိုးကြိုးများကိုသာ ခုခံနိုင်ပြီး ပိုလင်း၏အစွမ်းထက်မိုးကြိုးကို မတွန်းလှန်နိုင်ပေ။ ယဲ့ချန်နှင့်ပိုင်လင်းသည် ပိုင်နက်များက အစွမ်းထက်သောကြောင့် ရုပ်သေးများစွာကို တပြိုင်နက်တိုက်ခိုက်နိုင်နေကြသည်။ အချိန်ခဏအတွင်း သူတို့လက်ချက်ဖြင့် ရုပ်သေးနှစ်ဆယ်ကျော် ပျက်စီးသွားခဲ့သည်။ သို့သော် ပိုင်နက်အဆင့်တစ်ကိုသာ ထုတ်ဖော်နိုင်သော အခြားထူးကဲအဆင့်များအတွက် ဤကိစ္စက မလွယ်ချေ။ ရုပ်သေးများက အရေအတွက်အသာစီးဖြင့် ကျင့်ကြံသူတစ်ယောက်ကို လေးငါးရုပ်ခန့် ဝန်းရံတိုက်ခိုက်နေကြသည်။
မြို့ရိုး၏တစ်နေရာတွင် ချင်မိုကို ထူးကဲအဆင့်ရုပ်သေးသုံးခုက ပူးပေါင်းတိုက်ခိုက်နေကြသည်။ သူက ပိုင်နက်ကို အစွမ်းကုန်ထုတ်ဖော်၍ ရုပ်သေးသုံးခုကို လွှမ်းခြုံထားသော်လည်း ပိုင်နက်က လုံလုံလောက်လောက်သန်မာခြင်း မရှိပေ။ ရန်သူများကလည်း ထူးကဲအဆင့်များဖြစ်သောကြောင့် လှုပ်ရှားမှုများနှေးကွေးသွားသော်လည်း တိုက်ခိုက်နိုင်နေဆဲပင်ဖြစ်သည်။ ၎င်းတို့၏ခန္ဓာကိုယ်ကို အဖိုးတန်သတ္တုများနှင့် ပြုလုပ်ထားသောကြောင့် အဆင့်မြင့်လက်နက်များသာမရှိလျှင် ဖျက်ဆီးနိုင်ရန် အလွန်ခက်ခဲနေသည်။ ပို၍ကြောက်မက်ဖွယ်ကောင်းသည်မှာ သူတို့၏ခေါင်း ၊လက် ၊ခြေနှင့် ကျောဘက်များတွင် ထက်ရှသောဆူးချွန်များ ပြည့်နှက်နေခြင်းဖြစ်သည်။ ထိုဆူးချွန်များနှင့် ထိုးဖောက်ခံလိုက်ရလျှင် မသေသည့်တိုင်အောင် အပြင်းအထန် ဒဏ်ရာရသွားပေလိမ့်မည်။ ထူးကဲအဆင့် ရုပ်သေးသုံးယောက်၏ တိုက်ခိုက်မှုအောက်တွင် ချင်မိုက အောက်စည်းသို့ လုံးဝကျရောက်နေခဲ့သည်။
"ဖူး"
ရုပ်သေးတစ်ကောင်၏ လက်သီးက ချင်မို၏ရင်ဘတ်ကိုထိမှန်သွားကာ အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာစေသည်။ ကျန်ရုပ်သေးများကလည်း တိုက်ခိုက်လာသောကြောင့် သူက တစ်ကိုယ်လုံးတုန်ယင်သွားကာ ပါးစပ်ဟလိုက်သော်လည်း အသံတစ်ချက်ပင် မထွက်နိုင်တော့ချေ။ သူ၏မျက်လုံးများက ဖြည်းဖြည်းချင်းအသက်မဲ့လာ၍ သွေးအိုင်တစ်ခုအတွင်း လဲကျသွားခဲ့သည်။
"မဟာအကြီးအကဲချင်မို"
အဝေးတွင်ရှိနေသော ပိုလင်းက အလန့်တကြား အော်ဟစ်လိုက်ခြင်းဖြစ်သည်။ သူမ၏မျက်လုံးများက ဝမ်းနည်းမှုကြောင့် နီရဲလာသည်။ ချင်မိုက အမြဲတမ်းဖော်ရွေ၍ ကြင်နာတတ်သူတစ်ဦးဖြစ်သည်။ သူက ဤလူသတ်ရုပ်သေးများလက်တွင် သေဆုံးသွားလိမ့်မည်ဟု သူမက အိပ်မက်ပင်မမက်ဖူးခဲ့ပေ။