စစ်နတ်ဘုရားကျောင်းတော်သခင် ကျန်းလီ
Vol. 35 Ch. 486
ယဲ့ချန်နှင့် ပိုလင်း၏ ပိုင်နက်များက အစွမ်းထက်သော်လည်း ရုပ်သေးများက အလွန်များပြားနေသည်။ သမာဓိကောင်စီ၏ ရုပ်သေးစစ်တပ်က အဆုံးမရှိဟန်ဖြင့် ဆက်တိုက်ရှေ့တက်လာနေသဖြင့် ကျင့်ကြံသူများက အစွမ်းကုန်ရုန်းကန် တိုက်ခိုက်နေရသည်။ ပိုလင်းနှင့်ရင်းနှီးသူများက မြို့ရိုးပေါ်မှတိုက်ပွဲတွင် တစ်ယောက်ပြီးတစ်ယောက် ကျဆုံးနေသည်။ နံရံများပေါ်တွင် သွေးများစွန်းထင်းနေကာ သတ္တုအစိတ်အပိုင်းများ ပြန့်ကြဲနေသည်။
"နတ်မိုးကြိုးမြို့တော်အတွက်"
"မိုးကြိုးသားရဲမျိုးနွယ် ထာဝရတည်တံ့စေရမယ်"
မိုးကြိုးမျိုးနွယ်ဝင်များက အော်ဟစ်ကြုံးဝါး၍ ရဲရဲနီနေသောမျက်လုံးများနှင့် ရုပ်သေးများကို တွန်းလှန်နေကြသည်။ ကျင့်ကြံသူများက ရုပ်သေးများထံ တစ်လှိုင်းပြီးတစ်လှိုင်း ဝင်ရောက်နေကြ၏။ ထူးကဲအဆင့်ရုပ်သေးအားလုံး ပျက်စီးသွားသော်လည်း အဆုံးမဲ့အဆင့်နှင့် နတ်ဘုရင်အဆင့်များစွာ ကျန်ရစ်နေသည်။ ကျင့်ကြံသူများက မြို့ကိုကာကွယ်ရန်အတွက် ၎င်းတို့ကို အသက်စွန့်၍ တားမြစ်နေကြသည်။
"ဒီကောင်တွေကို မြို့ထဲ ဝင်ခွင့်မပေးနဲ့"
တိုက်ပွဲအော်သံများက ကောင်းကင်သို့လွင့်ပျံနေပြီး တိုက်ပွဲက မီတာသောင်းချီသည်အထိ ကျယ်ဝန်းနေသည်။ နေရာတိုင်း တိုက်ပွဲဖြစ်နေသဖြင့် မြို့ရိုးပေါ်တွင် သွေးချောင်းစီးနေခဲ့သည်။ ဤစစ်ပွဲက စိတ်ကူးနိုင်သည်ထက် ပို၍ရက်စက်ကြမ်းကြုတ်သည်။ ယဲ့ချန်သည် ကျင့်ကြံသူများကျဆုံးသွားသောအခါ ဒေါသတကြီးနှင့် ကြယ်ပိုင်နက်ကို အကန့်အသတ်ထိထုတ်ဖော်၍ ရုပ်သေးများကို ဖျက်ဆီးနေသည်။ သူ၏လမ်းတလျှောက်ရှိ ရုပ်သေးများက သတ္တုအပိုင်းအစများအဖြစ် တဘန်းဘန်းပေါက်ကွဲကုန်သည်။ ပိုလင်းနှင့် ယဲ့ချန်အပြင် ရုပ်သေးများကိုဖျက်ဆီးရာ၌ အစွမ်းထက်သူနှစ်ဦးလည်း မြို့ရိုးပေါ်တွင်ရှိနေပြီး စစ်နတ်ဘုရားကျောင်းတော်သခင် ကျန်းလီနှင့် သဲသားရဲမျိုးနွယ်ခေါင်းဆောင် ရှထုံတန်းတို့ဖြစ်သည်။ နှစ်ယောက်လုံးက အဆင့်နှစ်ပိုင်နက်ကို ထုတ်ဖော်နိုင်သူများဖြစ်ကြ၍ ရုပ်သေးများကို အလွယ်တကူ ချေမှုန်းနိုင်နေသည်။ ထူးကဲအဆင့်ရုပ်သေးများပင် တစ်ချက်တည်းနှင့်ဖျက်ဆီးခံနေရပြီး အဆုံးမဲ့အဆင့်နှင့် နတ်ဘုရင်အဆင့်များမှာ ဆက်တိုက်သုတ်သင်ခံနေရသည်။
တိုက်ပွဲ ပိုမိုပြင်းထန်လာချိန်တွင် ကျယ်လောင်သော ကျွဲချိုမှုတ်သံတစ်ခုက သမာဓိကောင်စီ၏စခန်းအတွင်းမှ ထွက်ပေါ်လာခဲ့သည်။ ရုပ်သေးစစ်တပ်တစ်ခုက လေပေါ်သို့ခုန်တက်၍ နတ်မိုးကြိုးမြို့တော်ထံ ချီတက်လာပြန်သည်။ ဤတစ်ကြိမ်တွင် ထူးကဲအဆင့်တစ်ရာကျော်နှင့် ပိုမိုများပြားသော အဆုံးမဲ့အဆင့်များ ပါဝင်နေသည်။ သမာဓိကောင်စီ၏အကြီးအကဲများက နတ်မိုးကြိုးမြို့တော်ကျဆုံးရန် အချိန်တန်ပြီဟု သတ်ဖြတ်ကာ တစ်ချက်တည်းအနိုင်ယူရန် စစ်ကူများ ပို့လိုက်ခြင်းဖြစ်သည်။ သမာဓိကောင်စီ၏ ခေါင်းဆောင်သုံးယောက်က အချိန်ယူ၍ ရုပ်သေးများစွာ ပြုလုပ်ထားသည်။ ရုပ်သေးစစ်တပ်ကိုခုခံခြင်းက အဓိပ္ပါယ်မရှိဟု ဝံ့ကြွားနေသော ရန်ဟုန်က လေပေါ်တွင်မတ်တပ်ရပ်၍ စစ်မြေပြင်ကို အဝေးမှစောင့်ကြည့်နေသည်။ သူ၏မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်နေသည်။
ဒုတိယမြောက်ရုပ်သေးစစ်တပ်က နတ်မိုးကြိုးမြို့တော်အနီးသို့ ရောက်ရှိလာချိန်တွင် ကောင်းကင်ရှိ တိမ်မည်းများအတွင်း၌ ငွေရောင်အလင်းများ ထွက်ပေါ်လာ၏။ ၎င်းတို့က ဓားအလင်းများဖြစ်၍ မြေပြင်သို့ မိုးကြိုးများပမာ ကျဆင်းလာခဲ့သည်။
"ဘန်း ဘန်း ဘန်း"
ငွေရောင်ဓားအလင်းများသည် ရုပ်သေးများကို ထိမှန်သွားသောအခါ ထိမှန်ခံလိုက်ရသည့် ရုပ်သေးတိုင်း ထိုးဖောက်ခံလိုက်ရ၏။ ၎င်းတို့က တစ်ခုပြီးတစ်ခုပျက်စီးသွားကာ မရေမတွက်နိုင်သော အမှောင်ဝိညာဥ်များ ဆင်းရဲဒုက္ခမှ လွတ်မြောက်သွားကြသည်။
"မကောင်းတော့ဘူး။ ငါတို့ လှည့်စားခံလိုက်ရပြီ"
ရန်ဟုန်က ချက်ချင်း မျက်နှာပျက်သွားခဲ့သည်။ ငွေရောင်ဓားအလင်းများ ပျောက်ကွယ်သွားချိန်တွင် ပျက်စီးနေပြီဖြစ်သော ရုပ်သေးများ မိုးရွာသကဲ့သို့ တဖွဲဖွဲပြုတ်ကျကုန်သည်။ မြို့ရိုးပေါ်ရှိကျင့်ကြံသူများနှင့် တိုက်ခိုက်နေသော ရုပ်သေးများက ရုတ်တရက်တန့်သွားကာ ကိုယ်ပေါ်တွင် အပေါက်များ ဖြစ်ပေါ်လာ၏။ မိုးစက်များကဲ့သို့ မြေပြင်ပေါ်သို့ ပြုတ်ကျကုန်သော ရုပ်သေးများကိုကြည့်၍ ကျင့်ကြံသူများသည် ပိုမေ့က ၎င်းတို့ကိုဖျက်ဆီးရန် မျှားခေါ်လိုက်ခြင်းဖြစ်ကြောင်း နားလည်သွားကြသည်။ နားကွဲမတတ်ကျယ်လောင်သော အောင်ပွဲခံသံများ မြို့အတွင်းမှ ထွက်ပေါ်လာခဲ့သည်။ နတ်မိုးကြိုးမြို့တော်က စစ်ပွဲ၏ပထမတိုက်ပွဲကို အနိုင်ရခဲ့ပြီး အကျအဆုံးများရှိခဲ့သော်လည်း လက်ခံနိုင်သော အတိုင်းအတာအတွင်း၌ ဖြစ်သည်။ ရန်ဟုန်သည် မည်းနက်နေသောမျက်နှာဖြင့် နတ်မိုးကြိုးမြို့တော်၏ကောင်းကင်ကို မော့ကြည့်နေခဲ့သည်။ သူက ပိုမေ့ကို အထင်သေးခဲ့မိသည်။ ပိုမေ့က ကာကွယ်ရေးအစီအရင်ကိုဖွင့်လှစ်ပြီး သတိလက်လွတ်နေမည်ဟု သူက အထင်မှားသွားလေသည်။
ပိုမေ့သည် ရုပ်သေးစစ်တပ်၏ ပထမလှိုင်းတွင် သူ၏လူအချို့ကိုစတေး၍ စိတ်ရှည်စွာစောင့်ဆိုင်းခဲ့ပြီး ပိုမိုများပြားသော ရုပ်သေးများရောက်လာချိန်မှ လှုပ်ရှားခဲ့သည်။ သူက ငါးကြီးကြီးဖမ်းရန် စောင့်ဆိုင်းနေခြင်းဖြစ်သည်။ ကံကောင်းစွာဖြင့် ရန်ဟုန်သည် ရုပ်သေးအားလုံးကို မစေလွှတ်မိခဲ့ပေ။ ထိုအစား သူက ကုရန်၏ညွှန်ကြားချက်အတိုင်း ရုပ်သေးများကို တပ်ငါးခုခွဲခြား၍ တစ်ကြိမ်လျှင် တစ်ဖွဲ့သာ စေလွှတ်ခဲ့သည်။ သို့မဟုတ်လျှင် ဆုံးရှုံးမှုက အဆမတန်ကြီးမားသွားနိုင်သည်။ ပိုမေ့က ကောင်းကင်တွင် ငွေဓားများ မည်သို့ဖန်တီးလိုက်ကြောင်း ရန်ဟုန်က မခန့်မှန်းနိုင်သော်လည်း ထိတ်လန့်နေခဲ့သည်။
"မင်းတို့ကို ရက်နည်းနည်းလောက် လွှတ်ပေးထားမယ်"
ရန်ဟုန်က နှာခေါင်းတစ်ချက်ရှုံ့၍ သမာဓိကောင်စီ၏စခန်းအတွင်း မျက်နှာပျက်ပျက်နှင့် ပြန်လည်ဝင်ရောက်သွားခဲ့သည်။
မြို့ရိုးပေါ်ရှိ ကျင့်ကြံသူများက ဖြစ်ပျက်ခဲ့သမျှကို ပြန်တွေးမိသောအခါ သက်ပြင်းကိုယ်စီချလိုက်မိကြသည်။ အကယ်၍ ပိုမေ့သာ ဝင်ရောက်တိုက်ခိုက်ခြင်းမရှိလျှင် ဒုတိယမြောက်ရုပ်သေးစစ်တပ်ကို သူတို့က ခုခံနိုင်မည်မဟုတ်ပေ။ မြို့ရိုးပေါ်တွင် အလောင်းများပြန့်ကြဲနေပြီး နတ်မိုးကြိုးမြို့တော်ဘက်မှ ကျင့်ကြံသူပေါင်းသုံးရာကျော် အသက်ဆုံးရှုံးသွားခဲ့၏။ အသက်ရှင်သူများက မြေပြင်တွင်လဲကျနေသော ရင်းနှီးသူများ၏အလောင်းများကို ဝမ်းနည်းစိတ်ဖြင့် စိုက်ကြည့်နေမိခဲ့ကြသည်။ ကျင့်ကြံသူများက ယဲ့ချန်ကိုစိုက်ကြည့်နေကြပြီး အများစုက သူ၏တိုက်ပွဲစွမ်းရည်နှင့် သတ္တိကို မြင်ဖူးထားပြီးဖြစ်သောကြောင့် အံ့သြလေးစားနေကြသည်။ သူသည် နတ်မိုးကြိုးမြို့တော်အတွက် အသက်စွန့်၍ ကူညီတိုက်ခိုက်ပေးခဲ့သောကြောင့် အခြားကျင့်ကြံသူများက ပို၍အကောင်းမြင်လာကြသည်။
သို့သော်လည်း ယဲ့ချန်ကို သဘောမကျဟန်ဖြင့် ကြည့်နေသူအနည်းငယ်လည်း ရှိနေသည်။ မိုးကြိုးမျိုးနွယ်ဝင်အချို့က သူတို့၏ဒေါသကို ဖုံးကွယ်မထားကြပေ။ ယဲ့ချန်ကို ဝင်ခွင့်ပေးလိုက်သည့်အတွက် ဤကပ်ဘေးဖြစ်ပေါ်သည်ဟု သူတို့က မှတ်ယူထားကြသည်။ သူတို့၏နတ်မိမယ်လေးများဖြစ်သော ပိုလင်းနှင့် လောင်ရင်က ယဲ့ချန်နှင့် ရင်းနှီးနေသည့်အတွက်လည်း ပို၍မလိုလားကြပေ။ ယဲ့ချန်ကမူ ထိုကျင့်ကြံသူများ၏အကြည့်များကို သတိထားမိသော်လည်း လျစ်လျူရှုထားလိုက်သည်။
ထိုအချိန်တွင် မြေပြင်တွင် သံချပ်ကာစစ်တပ်တစ်ခု ချီတက်လာဟန်ဖြင့် တချွင်ချွင်မြည်သံများ ထွက်ပေါ်လာသည်။ ကျင့်ကြံသူတစ်စုက ယဲ့ချန်၊ ပိုလင်းနှင့် လောင်ရင်ထံ ဦးတည်လာနေကြပြီး သက်လတ်ပိုင်းလူတစ်ယောက် ခေါင်းဆောင်လာသည်ကို ယဲ့ချန်က တွေ့လိုက်ရသည်။ ထိုလူက အရပ်ရှည်ရှည်နှင့် ချောမောခန့်ညား၍ မုတ်ဆိတ်မွေးရေးရေးကို ပိုင်ဆိုင်ထားသည်။ ရွှေရောင်သံချပ်ဝတ်ကို ဝတ်ဆင်ထားပြီး သူက လမ်းလျှောက်လိုက်တိုင်း ဓားအိမ်အတွင်းမှ ဆွဲမထုတ်ရသေးသော ဓားတစ်စင်းကဲ့သို့ အရှိန်အဝါမျိုး ပေါ်ထွက်နေသည်။ သူ၏ခန္ဓာကိုယ်ထံမှ အဆင့်နှစ်ပိုင်နက်၏အရှိန်အဝါက လုံးဝပျောက်ကွယ်သွားခြင်း မရှိသောကြောင့် ယဲ့ချန်ပင် အနည်းငယ် မွန်းကျပ်သွားသည်။ သူ၏ကြယ်ပိုင်နက်က အစွမ်းထက်သော်လည်း အဆင့်တစ်နှင့် အဆင့်နှစ်ကြားတွင် ကွာခြားမှုကြီးမားသောကြောင့် ဤကျင့်ကြံသူကို အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက်မရှိချေ။ တစ်ဖက်လူက စစ်နတ်ဘုရားကျောင်းတော်သခင် ကျန်းလီဖြစ်ကြောင်း ယဲ့ချန်သည် ကြယ်သလင်းကျောက်အတွင်း တွေ့မြင်ထားပြီးဖြစ်သည်။ မြို့ရိုးပေါ်တွင် အဆင့်နှစ်ပိုင်နက်ကို ထုတ်ဖော်နိုင်သူနှစ်ဦး ရှိနေပြီး ကျန်းလီနှင့် ရှထုံတန်းဖြစ်သည်။
"လူငယ်လေး မင်းရဲ့အစွမ်းက သိပ်မဆိုးဘူး။ မင်းရဲ့ပိုင်နက်သာ ပိုပြီးတိုးတက်လာရင် ဒီအဘိုးကြီးရဲ့ အဆင့်နှစ်ပိုင်နက်ကတော င်အနိုင်ယူနိုင်မယ် မထင်ဘူး"
ကျန်းလီက တစ်ချက်ပြုံး၍ ယဲ့ချန်ကို နှစ်ခြိုက်စွာ ချီးကျူးလိုက်ခြင်းဖြစ်သည်။
"ခေါင်းဆောင်ကျန်းက မြှောက်ပင့်လွန်းနေပါပြီ"
ယဲ့ချန်က နှိမ့်ချ၍ ယဥ်ကျေးစွာ တုံ့ပြန်လိုက်သည်။ ကျန်းလီက ရိုးသားပွင့်လင်းသောအသွင်ကိုဆောင်၍ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ကဲ့သို့ မောက်မာဝံ့ကြွားခြင်း မရှိပေ။ ထို့ကြောင့် ယဲ့ချန်က သူ့အပေါ် အကောင်းမြင်သွားသည်။
"ဒီနေ့ကိစ္စအတွက် ဘာမှစိုးရိမ်မနေနဲ့။ အစ်ကိုပိုမေ့က ဒီကိစ္စကို ရည်ရွယ်ချက်ရှိရှိ ကြံစည်ထားတာဖြစ်တယ်။ မဟုတ်ရင် ရန်သူတွေက ဘယ်လိုလုပ် ဒီလောက်နီးနီးကပ်ကပ် ချဥ်းကပ်လာနိုင်မှာလဲ။ တိုက်ပွဲရဲ့ရလဒ်က တကယ်ကောင်းတယ်။ အနည်းဆုံးရု ပ်သေးတစ်သောင်းကျော်လောက် အမှိုက်ဖြစ်သွားပြီ"
ကျန်းလီက ယဲ့ချန်ကို ရင်းရင်းနှီးနှီးပခုံးပုတ်၍ ပြတ်ပြတ်သားသား ပြောလိုက်သည်။ သူ၏စကားသံက မိုးချုန်းသံကဲ့သို့ ကျယ်လောင်သောကြောင့် မြို့ရိုးပေါ်ရှိလူတိုင်း ကြားနိုင်ခဲ့သည်။ ကျန်းလီ၏စကားကြောင့် ယဲ့ချန်ကို ရန်လိုနေသူများ၏အကြည့်က ပျော့ပျောင်းစပြုလာသည်။ ပိုမေ့၏အကြံဖြစ်သည့်အပြင် စစ်ပွဲအတွင်း သေဆုံးသူများရှိခြင်းက ဓမ္မတာဖြစ်သည်။ ပို၍အရေးကြီးသည်မှာ နတ်မိုးကြိုးမြို့တော်က ပထမဆုံးစစ်ပွဲတွင် အနိုင်ရလိုက်သဖြင့် သမာဓိကောင်စီက အချိန်တိုအတွင်း ထပ်မံတိုက်ခိုက်လာရဲမည် မဟုတ်တော့ပေ။ ကျန်းလီ၏စကားများက ပြဿနာကို ဖြေရှင်းပေးလိုက်သောကြောင့် ယဲ့ချန်က ကျေးဇူးတင်မိသွားသည်။ သူက အခြားသူများ၏အမြင်ကို ဂရုမစိုက်တတ်သော်လည်း ပြဿနာနည်းခြင်းက အကောင်းဆုံးပင်ဖြစ်သည်။ ကျန်းလီက သူ့ကို ဤအခက်အခဲအတွင်းမှ ဆွဲထုတ်ပေးလိုက်ခြင်းပင်။
"မိုးကြိုးမျိုးနွယ်မှာ မိန်းကလေးစစ်သည်တော်တစ်ယောက် ရှိနေမယ်လို့ မမျှော်လင့်ထားဘူး။ မင်းလည်း အစွမ်းထက်ပါပေတယ်။ အနာဂတ်အတွက် မင်းတို့လူငယ်တွေကို အားကိုးရမှာပဲ"
ကျန်းလီ၏အကြည့်က ပိုလင်းထံ ကျရောက်သွားကာ ချီးကျူးလိုက်ပြန်သည်။ သို့သော် သူ၏မျက်လုံးများက အလွန်ကြည်လင်နေပြီး အခြားယောကျ်ားများကဲ့သို့ တဏှာမီးတောက်များ ရှိမနေခဲ့ပေ။
"ခေါင်းဆောင်ကျန်းရှေ့မှာ ဝံ့ကြွားမိပါတယ်"
ပိုလင်းက တစ်ချက်ပြုံး၍ လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးလိုက်သည်။ သူမက လျှပ်စီးချပ်ဝတ်ကို ဝတ်ဆင်ထားသဖြင့် စစ်နတ်ဘုရားမတစ်ယောက်နှင့် ဆင်တူနေသည်။ သူမ၏အပြုံးက ဆွဲဆောင်အားပြင်းလှသောကြောင့် ပတ်ဝန်းကျင်မှ ယောကျ်ားသားများကို အသက်ရှူမှားသွားစေခဲ့သည်။
"မိန်းကလေးက အစွမ်းထက်ရုံတင်မကဘူး။ အလွန်လည်းလှပါပေတယ်"
ကျန်းလီက ပွင့်လင်းရိုးသားစွာ ချီးကျူး၍ ရယ်မောလိုက်သည်။ သူ၏စကားသံက အကြီးအကဲတစ်ယောက်မှ လူငယ်တစ်ယောက်ကို ချီးကျူးခြင်းသဘော သက်ရောက်နေသည်။ ပိုလင်းသည် များစွာသော ကျင့်ကြံသူများနှင့် ဆက်ဆံဖူးသော်လည်း ကျန်းလီကဲ့သို့ တည်ကြည်ရိုးသားသူ၏ ချီးကျူးခြင်းအတွက် ဂုဏ်ယူနေမိသည်။
အဝေးတစ်နေရာတွင် ရှထုံတန်းက သူတို့ကိုလှမ်းကြည့်၍ နှာခေါင်းတစ်ချက်ရှုံ့ကာ နောက်လိုက်များနှင့်အတူ မြို့ရိုးပေါ်မှ ဆင်းသွားခဲ့သည်။ သူက အရပ်နှစ်မီတာမြင့်ပြီး ရှည်လျားသော မုတ်ဆိတ်ကြီးကို ပိုင်ဆိုင်ထားသည်။ သူ၏မျက်နှာထက်တွင် အနီရောင်နှင့် အနက်ရောင်များ ယှက်သန်းနေကာ ခြေတစ်လှမ်းထုတ်လိုက်တိုင်း မြို့ရိုးကြီးက တုန်ခါနေသည်။ သူ၏အဆင့်နှစ်ပိုင်နက်ကလည်း အရှိန်အဝါ အလွန်ပြင်းထန်နေသည်။
ယဲ့ချန်သည် ရှထုံတန်းထွက်ခွာသွားသော အမူအရာကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။ အတိတ်တွင် သူက သဲသားရဲမျိုးနွယ်နှင့် စစ်နတ်ဘုရားကျောင်းတော်ဟူသည့် အင်အားစုများဖြင့် ပဋိပက္ခဖြစ်ခဲ့ဖူးသည်။ သို့သော် ကျန်းလီ၏ အကျင့်စရိုက်ကြောင့် စစ်နတ်ဘုရားကျောင်းတော်အပေါ် သူက အမြင်ပြောင်းလဲသွားခဲ့သည်။ သဲသားရဲမျိုးနွယ်၏ခေါင်းဆောင်ကိုမူ သူက မစော်ကားဖူးသော်လည်း တစ်ဖက်လူမှ သူ့ကို မကျေနပ်ပုံပေါ်နေသည်။
"အဘိုးကြီးရှက အမြဲတမ်း ဒီအတိုင်းပါပဲ။ သူ့ကို စိတ်ထဲထားမနေပါနဲ့ကွာ။ စစ်ပွဲက အလွန်ပြင်းထန်နေတယ်။ ကျင့်ကြံခြင်းနဲ့ပတ်သက်တဲ့ ပြဿနာရှိရင် အချိန်မရွေး ငါ့ကို လာပြောနိုင်တယ်။ မင်းတို့ထဲက ဘယ်သူဖြစ်ဖြစ် ပိုင်နက်အဆင့်နှစ်ကို နားလည်နိုင်ရင် တိုက်ပွဲတစ်ခုလုံးအပေါ် အကျိုးသက်ရောက်လိမ့်မယ်"
ကျန်းလီက ယဲ့ချန်၏အကြည့်အတိုင်း လိုက်ကြည့်သောအခါ ရှထုံတန်းထွက်ခွာသွားသည်ကို မြင်လိုက်ရသည်။ သူက တစ်ချက်ပြုံး၍ ကြားဝင်ဖျန်ဖြေပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ကျန်း"
ယဲ့ချန်နှင့်ပိုလင်းက ပြိုင်တူကျေးဇူးတင်လိုက်သည်။
"ငါက မြို့တော်မြောက်ဘက်မှာရှိတဲ့ မိုးကြိုးခြံဝန်းမှာ နေထိုင်တယ်။ မင်းတို့ကို အမြဲတမ်းကြိုဆိုပါတယ်။ လောလောဆယ်တော့ သားရဲဧကရာဇ်နဲ့သောက်ဖို့ သဘောတူထားလို့ သွားတော့မယ်"
ကျန်းလီက လက်ကာပြ၍ ရယ်ရယ်မောမောနှင့် ထွက်ခွာသွားခဲ့သည်။ သူ၏နောက်တွင် စစ်နတ်ဘုရားကျောင်းတော်၏ ကျင့်ကြံသူများ လိုက်ပါသွားကြလေသည်။