ကာကွယ်ရေးအစီအရင်၏ ဟာကွက်
Vol. 35 Ch. 489
ခရမ်းရောင်ကျောက်မျက်လည်ဆွဲသည် ယဲ့ချန်ပိုင်ဆိုင်ထားသော စိတ်သန့်စင်ကျောက်မျက်များအနက်မှ တစ်ခုဖြစ်သည်။ လက်စွပ်သုံးခုတွင် သူက တစ်ခုကိုဝတ်ဆင်ထားကာ ကျန်နှစ်ခုကို ရှောင်ရိနှင့်ထုံတန်အား လက်ဆောင်ပေးလိုက်သည်။ လည်ဆွဲရှစ်ခုတွင် အပြာရောင်တစ်ခုကို ထန်တိုက်လင်အတွက် လက်ဆောင်ပေးခဲ့ပြီး ပိုလင်းအတွက် ဒုတိယမြောက်တစ်ခုကိုပေးရန် ပြင်ဆင်ထားသည်။ အမွေးပွလေးကမူ ပုံရိပ်ယောင်ပညာကို ကျင့်ကြံသူဖြစ်သောကြောင့် ဤရတနာက များစွာအသုံးဝင်မည် မဟုတ်ပေ။
"ဒါက စိတ်သန့်စင်ကျောက်မျက်လား"
မိုးကြိုးမျိုးနွယ်ဝင်များဖြစ်ကြသော ပိုလင်းနှင့် လောင်ရင်က ဗဟုသုတများသည့်အတွက် လည်ဆွဲကိုမြင်သောအခါ မင်သက်သွားကြသည်။ သူတို့က ၎င်းကို ရှေးမှတ်တမ်းများအတွင်း၌သာ မြင်ဖူးသောကြောင့် ယဲ့ချန်ပိုင်ဆိုင်ထားမည်ဟု မျှော်လင့်မထားပေ။ အကယ်၍ ယဲ့ချန်တွင် အရေအတွက်တစ်ခုအထိ ရှိနေသည်ကိုသိလျှင် နှစ်ယောက်လုံး ပါးစပ်အဟောင်းသား ဖြစ်သွားနိုင်သည်။
"ဟုတ်တယ်။ ဒါကို မြောက်ပင်လယ်ရဲ့ ကန့်သတ်နယ်မြေတစ်ခုကနေ ရလာတာဖြစ်တယ်။ အမကြီးအတွက် ဒီလည်ဆွဲကို လက်ဆောင်ပေးမယ်"
ယဲ့ချန်က လည်ဆွဲကို ပိုလင်းထံ ကမ်းပေးလိုက်သည်။
"မောင်လေး ဒါကို မမအတွက် တကယ်လက်ဆောင်ပေးမှာလား"
ပိုလင်း၏မျက်ဝန်းလေးများက မယုံနိုင်ဟန်ဖြင့် ဝိုင်းစက်သွားခဲ့သည်။
"ဒါပေါ့"
ယဲ့ချန်က ခေါင်းညိတ်လိုက်သည်။ လက်ရှိတွင် ပိုလင်းက သူ၏ဇနီးဖြစ်လာသောကြောင့် ရတနာများကို တွန့်တိုနေစရာ အကြောင်းမရှိပေ။
"မောင်လေး ဒီလည်ဆွဲက ဘယ်လောက်အဖိုးတန်တယ်ဆိုတာကို သိလားဟင်။ အဆင့်ကိုး နတ်ဆိုးချပ်ဝတ်တစ်စုံတောင် ဒီလည်ဆွဲတန်ဖိုးရဲ့ ဆယ်ပုံတစ်ပုံ မရှိဘူး"
ပိုလင်းက တအံ့တသြရေရွတ်လိုက်သည်။ ယဲ့ချန်က လည်ဆွဲ၏တန်ဖိုးကို မသိသောကြောင့် သူမကို လက်ဆောင်ပေးလာခြင်း ဖြစ်နိုင်သည်။ အကယ်၍ အမှန်တရားကသာ ဤသို့ဖြစ်နေလျှင် သူမက စိတ်ပျက်ဝမ်းနည်းရပေလိမ့်မည်။
"ဒါက စိတ်သန့်စင်ကျောက်မျက်ဆိုတာကိုရော သူ့တန်ဖိုးကိုရော ကောင်းကောင်းသိပါတယ်။ အမကြီးက ဒီလည်ဆွဲနဲ့ဆိုရင် သိပ်လိုက်ဖက်မှာ"
ယဲ့ချန်က တစ်ချက်ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။ ပိုလင်းက ရင်ခုန်မြန်သွားပြီး ယဲ့ချန်ကို တစ်ချက်ခိုးကြည့်လိုက်သည်။ အတိတ်တွင် မရေမတွက်နိုင်သော ယောကျ်ားများက သူမကိုပိုင်ဆိုင်ရန် အစွမ်းကုန်ကြိုးစားခဲ့ကြဖူးသည်။ သို့သော် ယဲ့ချန်က အားလုံးထက် ပို၍ရိုးသားပြီး သူမကိုလက်ဆောင်ပေးပြီးနောက် မည်သည်ကိုမှ တောင်းဆိုခြင်းမရှိပေ။ သူမ၏စိတ်အတွင်းရှိ အရိပ်မည်းများက လက်ဖြင့်ဆွဲယူလိုက်သကဲ့သို့ လွင့်ပါးပျောက်ကွယ်သွားပြီဖြစ်သည်။ သူမက လည်ဆွဲကိုလက်ခံ၍ လည်တိုင်ကျော့ကျော့တွင် ဝတ်ဆင်လိုက်၏။ ခရမ်းရောင်တဖိတ်ဖိတ်တောက်နေသော လည်ဆွဲက သူမ၏လှပသောမျက်နှာလေးကို ပို၍ပြည့်စုံလာစေခဲ့သည်။ ပိုလင်းက ပွင့်လန်းလာသော နှင်းဆီပန်းတစ်ပွင့်ပမာ လှပနေခဲ့သည်။
"မောင်လေး ဒီလည်ဆွဲကို မမ အရမ်းကြိုက်တယ်"
ပိုလင်းက ယဲ့ချန်ကို ချစ်ခင်မြတ်နိုးစွာဖြင့် ကျေးဇူးတင်လိုက်သည်။ ဤမြင်ကွင်းကြောင့် လောင်ရင်က စိုးရိမ်သွားကာ ယဲ့ချန်အပေါ် ပို၍ရန်လိုလာခဲ့သည်။ ပိုလင်းက လည်ဆွဲတစ်ခုဖြင့် ဆွဲဆောင်ခံလိုက်ရသည်ဟု သူမက ထင်မှတ်နေသည်။ ယဲ့ချန်က အဖိုးအနဂ္ဃထိုက်တန်သော ရတနာတစ်ခုကို လက်ဆောင်ပေးခြင်းသည် အကယ်၍ ပိုလင်းသာ သူ့လက်ထဲသို့ရောက်လာလျှင် ပြန်လည်ရယူနိုင်သောကြောင့် ဖြစ်နိုင်သည်။
"လင်းအာ ဒါက လည်ဆွဲလေးတစ်ခုပါ"
ထို့ကြောင့် သူမက ပိုလင်းကို ဝင်ရောက်သတိပေးလိုက်သည်။
"ဒါက လည်ဆွဲသက်သက်မဟုတ်ဘူး။ မောင်လေးရဲ့ ချစ်သက်လက်ဆောင်လေ။ ရင်အာရယ် နင် နားမလည်သေးပါဘူး"
ပိုလင်းက လောင်ရင်ကို စကားဆက်ပြောခွင့်မပေးဘဲ ဖြတ်ပြောလိုက်သည်။
"မိန်းမတွေက အချစ်စိတ်ငယ်ထိပ်တက်နေရင် ဘာမှမသိတော့ဘူး။ ဒီကောင်က လင်းအာကို ဘာဆေးတွေကျွေးထားလို့လဲ"
လောင်ရင်က အစိုးရိမ်ကြီးနေသော်လည်း ပိုလင်း၏စိတ်ထားကြောင့် မည်သို့ပြောပြော အသုံးဝင်မည်မဟုတ်ပေ။
"မောင်လေးကို ဘယ်လိုကျေးဇူးဆပ်ရမလဲ။ မမက မင်းကို ကောင်းတာလေးတစ်ခုခုပေးမယ်။ ရင်အာကို ဘယ်လိုသဘောရလဲ။ သူမက မမထက်တောင် ပါရမီကောင်းသေးတယ်။ မျိုးဆက်သွေးသာနိုးထလာရင် မောင်လေးအတွက် ကောင်းကောင်းအကူအညီဖြစ်လိမ့်မယ်"
ပိုလင်းက ယဲ့ချန်ထံ ဝိညာဥ်အသိစိတ်ဖြင့်ဆက်သွယ်၍ ပြောလိုက်သည်။ သူမ၏စကားကြောင့် ယဲ့ချန်မှာ ကြောင်တောင်တောင်ဖြစ်သွားကာ အနားရှိလောင်ရင်ကို ကြည့်လိုက်မိသည်။ သူမ၏မျက်နှာကို ဇာပဝါဖြင့် ဖုံးကွယ်ထားသော်လည်း ပြိုင်ဘက်ကင်းအလှတရားက ထွက်ပေါ်နေသည်။ ပိုးသားကဲ့သို့နူးညံ့သော ဆံပင်များကို ဖြန့်ချထားသော လောင်ရင်က ကျောက်စိမ်းပန်းပုရုပ်လေးပမာ သိမ်မွေ့စွာ ထိုင်နေခဲ့သည်။
"အမကြီး မနောက်ပါနဲ့ဗျာ"
သူက လောင်ရင်၏အလှအပေါ် ခံစားချက်မရှိသော်လည်း ပိုလင်း၏စကားကြောင့် မင်သက်သွားခဲ့ပြီး ခါးသက်သက်ပြုံးလိုက်သည်။
"မောင်လေးက ရင်အာ့ကို မကြိုက်ဘူးလား။ သူမကိုရဖို့ဆို ဘာလုပ်ရလုပ်ရ အသင့်ဖြစ်နေတဲ့ ယောကျ်ားတွေအများကြီးနော်။ ဒါပေမယ့် တစ်ယောက်မှ မချဥ်းကပ်နိုင်ခဲ့ဘူး"
ပိုလင်းသည် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ အူကြောင်ကြောင်ဖြစ်နေသော ယဲ့ချန်၏အမူအရာကြောင့် တခစ်ခစ်ရယ်မောလိုက်မိသည်။ သူတို့က ဝိညာဥ်အသိစိတ်ဖြင့် ဆက်သွယ်ပြောဆိုနေကြသဖြင့် လောင်ရင်သည် ချစ်စကားကြိုက်စကားများ ပြောနေခြင်းဖြစ်ရမည်ဟု အထင်လွဲနေခဲ့သည်။ ယဲ့ချန်သည် ပိုလင်းကို ဖြားယောင်းနေသည်ဟု ထင်မိသောကြောင့် သူမ၏အမုန်းတရားက ပိုမိုကြီးမားလာခဲ့သည်။
"ဒါက မောင်လေးအတွက် လက်ဆောင်"
"ကဲပါ နောက်ထပ်မစတော့ဘူး"
ဒုတိယတစ်ခွန်းက ဝိညာဥ်အသိစိတ်မှဖြစ်၍ ပထမစကားသံက ပိုလင်း၏နှုတ်ခမ်းများမှ ထွက်ပေါ်လာခဲ့သည်။ သူမက သိုလှောင်အိတ်အတွင်းမှ မီးတောက်၏ အနီရောင်မျိုးတောက်ပနေသော ဓားရှည်တစ်လက်ကို ဆွဲထုတ်လိုက်၏။ အနီရောင်ဓားရှည်က တစ်မီတာခန့်ရှည်လျားပြီး မီးတောက်များတောက်လောင်နေကာ ဓားကိုယ်ထည်တွင် ထျန်းယွမ်ဟူသော စကားလုံးများကို ရေးထွင်းထားသည်။ ၎င်းက မိစ္ဆာဝံပုလွေဆေဘာကဲ့သို့ အစွမ်းထက်လက်နက်တစ်ခုဖြစ်ပြီး မည်သည့်ဓားက ပို၍အစွမ်းထက်မည်ကို ယဲ့ချန်လည်း မခွဲခြားတတ်ပေ။
"ထျန်းယွမ်ဓား လင်းအာ ဒီလိုလုပ်လို့မဖြစ်ဘူး။ ဒီဓားကို အပြင်လူတစ်ယောက်ဆီ မပေးလိုက်နဲ့"
ထျန်းယွမ်ဓားက အဖိုးတန်လွန်းသောကြောင့် လောင်ရင်သည် ထိတ်ထိတ်ပျာပျာနှင့် တားမြစ်လိုက်သည်။
"ဘာလို့မရမှာလဲ။ အရှင်က ဒီဓားကို ငါ့အပိုင်လို့ ပြောပြီးပြီလေ။ ဘယ်သူ့နေနေ ငါပေးချင်ရင် ပေးလို့ရတာပေါ့"
ပိုလင်းက တစ်ချက်ပြုံး၍ လက်ကာပြလိုက်သည်။
"ပိုလင်း ဒီအရူးမ စိတ်သန့်စင်ကျောက်မျက်ကြောင့် ဒီဓားကို ထုတ်ပေးတာလား။ ဘာလို့ ဒီလောက်တုံးအနေရတာလဲ"
လောင်ရင်က စိတ်ထဲမှ အော်ဟစ်နေခဲ့သည်။
"ဒီဓားကို အမကြီးသုံးဖို့အတွက် ယူထားလိုက်ပါ။ ငါ့မှာက အစွမ်းထက်ရတနာတစ်ခု ရှိပြီးသားလေ"
ယဲ့ချန်က သွေးနီရောင်တောက်ပနေသော မိစ္ဆာဝံပုလွေဆေဘာကိုထုတ်ပြ၍ လက်ဆောင်ကို ငြင်းပယ်လိုက်သည်။ ထိုဆေဘာကလည်း အစွမ်းထက်ရတနာတစ်ခုဖြစ်နေပြီး ထျန်းယွမ်ဓားရှည်အောက် မနိမ့်ကျသောကြောင့် ပိုလင်းက အံ့သြသွားခဲ့သည်။ လောင်ရင်သည်လည်း ယဲ့ချန်က အဖိုးတန်ရတနာကို ငြင်းဆန်လိုက်သည့်အတွက် မကောင်းမြင်သောအတွေးများ စတင်ပျောက်ကွယ်လာသည်။
"ဒါဆိုရင် နောက်မှ မောင်လေးအတွက် ရတနာတွေ ထပ်ရှာပေးပါမယ်"
သူမက ယဲ့ချန်၏စကားကို လက်ခံပြီး ခေါင်းညိတ်ပြလိုက်သည်။ ယဲ့ချန်က သူ၏ဆေဘာကိုသိမ်းလိုက်ပြီး ထျန်းယွမ်ဓားကိုယ်ထည်ပေါ်တွင် ရှိနေသော စာလုံးငယ်အချို့ကို သတိထားမိလိုက်သည်။
"အမကြီး ဒီစကားလုံးတွေက ဘယ်လိုအဓိပ္ပါယ်ရလဲ"
သူက ၎င်းတို့ကိုညွှန်ပြ၍ မေးလိုက်ခြင်းဖြစ်သည်။
"ဒါတွေကို မျိုးနွယ်ရဲ့ရှေးမှတ်တမ်းမှာ တွေ့ဖူးတယ်။ ရှေးခေတ်ဟောင်းရဲ့ ဘာသာစကားဖြစ်ပြီး မီးအမျိုးအစား အဆင့်တစ်တာအိုလက်နက် ၃၇၆၂တဲ့"
ပိုလင်းက စာလုံးများ၏အဓိပ္ပါယ်ကို ဘာသာပြန်ပြလိုက်သည်။ သူမ၏စကားကြောင့် ယဲ့ချန်က စိတ်လှုပ်ရှားလာခဲ့သည်။ နံပတ်များက လက်နက်၏အမှတ်စဥ်ဖြစ်နိုင်ပြီး ဤကမ္ဘာတွင် အနည်းဆုံး ထျန်းယွမ်ဓားပေါင်းသုံးထောင်ကျော် ရှိနေပေလိမ့်မည်။ ထျန်းယွမ်ဓားရှည်များ ထွက်ပေါ်လာပုံအရ သုံးထောင်မကသော အစွမ်းထက်လက်နက်များ၏တည်ရှိမှုက အံ့သြဘနန်းဖြစ်သည်။ အကယ်၍ ထျန်းယွမ်ဓားရှည်ပေါင်းသုံးထောင်ကျော်နှင့် ဓားအစီအရင်တစ်ခု ဖန်တီးနိုင်လျှင် တိုက်ခိုက်နိုင်စွမ်းက အလွန်ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။
"ရှေးခေတ်က တော်တော်ကိုဆန်းကျယ်ခဲ့တယ်။ အစွမ်းထက်ကျင့်ကြံသူတွေ အများကြီးရှိလောက်တယ်"
ယဲ့ချန်က ရေရွတ်လိုက်ခြင်းဖြစ်သည်။ ဆန်းကျယ်မှုများကို ဖြေရှင်းရန်အတွက် သူတို့က ကောင်းကင်မူလတိုက်သို့ ဝင်ရပေလိမ့်မည်။ အဆင့်တစ်တာအိုလက်နက်၏အစွမ်းကို ရန်ဟိုင်နှင့်တွေ့လျှင် မေးရန် သူက တေးမှတ်ထားလိုက်သည်။
ယဲ့ချန်၊ ပိုလင်းနှင့် လောင်ရင်က စကားစမြည်ပြောဆိုနေစဥ် အစီအရင်ကြီးတစ်ခုက နတ်မိုးကြိုးမြို့တော်ကို ဖုံးအုပ်လာခဲ့သည်။ ကာကွယ်ရေးအစီအရင် ပြန်လည်အသက်ဝင်လာခြင်းဖြစ်ကာ ရန်သူများ ထိုးဖောက်နိုင်မည်မဟုတ်ပေ။ ပိုလင်းနှင့် လောင်ရင်က ကာကွယ်ရေးအစီအရင်ကို ယုံကြည်စိတ်ချစွာ ကြည့်နေခဲ့ကြသည်။
"ကာကွယ်ရေးအစီအရင်ကို မထိုးဖောက်နိုင်ဘူးဆိုရင် သမာဓိကောင်စီက ဘယ်လိုတိုက်ခိုက်မှာလဲ။ ဒီခေါင်းဆောင်သုံးယောက်ရဲ့ ဉာဏ်နီဉာဏ်နက်တွေအရ ယုံကြည်ချက်မရှိရင် စစ်ပွဲစတင်ဖို့ အကြောင်းမရှိပါဘူး"
ယဲ့ချန်၏စိတ်ထဲတွင် သံသယအတွေးများ ဖြစ်ပေါ်လာသည်။
"ကာကွယ်ရေးအစီအရင်ကို ရှေးခေတ်ဟောင်းရဲ့ကျင့်ကြံသူတွေ ဖန်တီးခဲ့တာဖြစ်တယ်။ ချီပင်လယ်အဆင့်တောင် အလွယ်တကူ မဖျက်ဆီးနိုင်ဘူး"
လောင်ရင်က ရှင်းပြလိုက်ခြင်းဖြစ်သည်။ နတ်မိုးကြိုးမြို့တော်အတွင်း နှစ်ပေါင်းများစွာ နေထိုင်လာသောကြောင့် သူမက အစီအရင်က မည်မျှအစွမ်းထက်ကြောင်း နားလည်ထားသည်။
"ချီပင်လယ်အဆင့်တောင် မထိုးဖောက်နိုင်ဘူးလား။ ရန်သူတွေက နတ်မိုးကြိုးမြို့တော်အတွင်း အသေးစိတ်စုံစမ်းထားမှာ သေချာတယ်။ သူတို့က အစီအရင်ကိုထိုးဖောက်နိုင်ဖို့ ယုံကြည်ချက်မရှိရင် စစ်တပ်တစ်ခုလုံးကို အဆင်အခြင်မဲ့ခေါ်လာမှာ မဟုတ်ဘူး"
ယဲ့ချန်က မျက်မှောင်ကြုတ်၍ အတွေးနက်နေခဲ့သည်။ အကယ်၍ တစ်ဖက်ကသာ တိုက်ခိုက်လာခြင်းမရှိလျှင် သူတို့က နတ်မိုးကြိုးမြို့တော်အတွင်း ထာဝရနေသွားရမည့်ပုံပေါ်သည်။ ပိုမေ့က အစီအရင်ကိုဖွင့်ပေးလိုက်ခြင်းမှာ သူ့ကို ဝင်ခွင့်ပေးရုံတင်မဟုတ်ဘဲ ရန်သူကို စမ်းသပ်လိုခြင်းဖြစ်သည်။ သားရဲဧကရာဇ်ဆိုသော အဆင့်အတန်းအရ ပိုမေ့လည်း ဤအချက်ကို သတိထားမိပေလိမ့်မည်။
"ဘာဖြစ်လို့လဲဟင်"
ယဲ့ချန်၏မျက်နှာထားက လေးနက်နေသောကြောင့် ပိုလင်းက စိုးရိမ်စွာမေးလိုက်သည်။
"အစီအရင်ကို အတွင်းက တိုက်ခိုက်ရင်ရော ဖျက်ဆီးနိုင်လား"
ယဲ့ချန်က ပိုလင်းနှင့် လောင်ရင်ကို စိုက်ကြည့်၍ လေးနက်စွာမေးလိုက်သည်။ သူ၏စကားကြောင့် နှစ်ယောက်လုံး ထိတ်လန့်သွားကြသည်။ အတိတ်၌ဆိုလျှင် မြို့တော်အတွင်း မိုးကြိုးမျိုးနွယ်တစ်ခုတည်းသာ ရှိသောကြောင့် ဤအချက်ကို စိုးရိမ်ရန် မလိုချေ။ သို့သော် လက်ရှိတွင် စစ်ကူအဖြစ် ကျင့်ကြံသူများစွာက မြို့တွင်းသို့ ရောက်ရှိနေကြသည်။ အကယ်၍ သမာဓိကောင်စီ၏ သစ္စာခံကျင့်ကြံသူများပါ ရောက်ရှိနေလျှင် အတွင်းအပြင်ညှပ်တိုက်ခြင်းဖြင့် အန္တရာယ်များသွားနိုင်သည်။
"အရှင့်ကို မြန်မြန်သတိပေးရမယ်"
လောင်ရင်၏မျက်နှာလေးက ဖြူဖပ်ဖြူရော်ဖြစ်နေသည်။
"အရှင်လည်း ဒီပြဿနာကို သတိထားမိပါတယ်။ သူက အစီအရင်ဖွင့်ပေးလိုက်တာဟာ သမာဓိကောင်စီကို စမ်းသပ်လိုက်တာပဲ"
ပိုလင်းက ခေါင်းယမ်း၍ ပြောလိုက်သည်။
နတ်မိုးကြိုးမြို့တော်အတွင်း အပြင်လူများစွာ ရောက်ရှိနေသောကြောင့် ပိုမေ့က ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားပေလိမ့်မည်။