← Chapters

ပိုမေ့နှင့် တွေ့ဆုံခြင်း

Vol. 35 Ch. 490

ပိုမေ့နှင့် တွေ့ဆုံခြင်း

Vol. 35 Ch. 490

ပိုလင်းသည် ယဲ့ချန်ကို စနောက်နေသော်လည်း လောင်ရင်စောင့်ကြည့်နေသဖြင့် အမှန်တကယ် အဆင့်တက်ခြင်းမရှိပေ။ ထို့အပြင် နတ်မိုးကြိုးမြို့တော်အတွင်း မျက်စိနှင့်နားပေါင်းများစွာရှိနေပြီး မိုးကြိုးသားရဲမျိုးနွယ်မှ တစ်ယောက်ယောက်သာ သူမနှင့်ယဲ့ချန်၏ဆက်ဆံရေးကို သိသွားလျှင် ပြဿနာတက်နိုင်သည်။ သူတို့က နန်းဆောင်အတွင်း စကားစမြည်ပြောပြီးနောက် ကျင့်ကြံလိုက်ကြသည်။ သမာဓိကောင်စီက အချိန်မရွေး တိုက်ခိုက်လာနိုင်သောကြောင့် ခွန်အားမြှင့်တင်ရန် လိုအပ်နေသည်။ သူတို့က ပို၍အစွမ်းထက်လေလေ စစ်မြေပြင်အတွင်း အသက်ရှင်သန်နိုင်စွမ်း ပိုမြင့်လေလေဖြစ်သည်။

ယဲ့ချန်က တင်ပျဥ်ခွေထိုင်၍ မိုးကြိုးဧကရာဇ်ကျင့်စဥ်ကို လည်ပတ်နေရင်း နတ်ကိုယ်ပွားကျင့်စဥ်ကို ဆင်ခြင်လိုက်သည်။ ဤနေရာတွင် မိုးကြိုးချီများ အလွန်ပေါများသောကြောင့် ကောင်းကင်ချီများအဖြစ် လျင်မြန်စွာပြောင်းလဲ တိုးတက်လာကြသည်။ တစ်ချိန်တည်းမှာပင် သူက ကိုယ်ပွားဖန်တီးရန်အတွက် နားလည်မှုများတိုးလာခဲ့သည်။ အချိန်က ဖြည်းဖြည်းချင်းကုန်ဆုံးသွားကာ ကောင်းကင်က မည်းမှောင်လာသည်။

"မောင်လေး အရှင်က မင်းကို တွေ့ဖို့အတွက် ဆင့်ခေါ်လိုက်တယ်"

ပိုလင်းသည် ကျင့်ကြံနေရာမှ မျက်လုံးများ ဖြတ်ခနဲပွင့်လာသည်။ သူမက ဝိညာဥ်မှတဆင့် သတင်းစကားတစ်ခု ကြားလိုက်ရသဖြင့် မျက်နှာက လေးနက်သွားကာ ယဲ့ချန်ကို အသိပေးလိုက်သည်။

"သွားကြမယ်လေ"

ယဲ့ချန်က ခေါင်းညိတ်လိုက်သည်။ နောက်ဆုံးတွင် သူက အရှေ့ပိုင်းတိုက်ကြီး၏ နံပတ်တစ်ကျင့်ကြံသူဟု ကျော်ကြားသော ပိုမေ့နှင့် တွေ့ဆုံရတော့မည်ဖြစ်သည်။ သို့သော် သူက စိတ်လှုပ်ရှားခြင်းမရှိဘဲ တည်ငြိမ်အေးဆေးနေခဲ့သည်။ သူတို့သုံးယောက်က လေပေါ်သို့ပျံတက်၍ အဓိကခန်းမကြီးထံ ဦးတည်လိုက်ကြသည်။ ကောင်းကင်မှငုံ့ကြည့်လိုက်လျှင် အတန်းလိုက်တည်ဆောက်ထားသော အဆောက်အအုံများကြားတွင် လျှပ်စီးများတန်းများက နဂါးများသဖွယ် ကူးခတ်နေသည်ကို မြင်နိုင်၏။ အလွန်မြင့်သော ခမ်းနားသည့်အဆောက်အအုံအချို့က ကောင်းကင်သို့ထိုးတက်နေပြီး အဆောက်အအုံထိပ်ပိုင်းများမှာ အနက်ရောင်တိမ်များအကြား ပျောက်ကွယ်နေသည်။ နတ်မိုးကြိုးမြို့တော်တွင် တိမ်မည်းများဖုံးလွှမ်းနေသဖြင့် ကောင်းကင်နှင့် မြေပြင်က နီးကပ်နေသယောင်ထင်ရသည်။ ပိုလင်းနှင့် လောင်ရင်က ရှေ့မှဦးဆောင်ပျံသန်းလာကာ ယဲ့ချန်က နောက်မှလိုက်ပါလာခဲ့သည်။ သူတို့က လေထဲတွင်မျောလွင့်နေသော ဧရာမခန်းမကြီးတစ်ခုထံ ရောက်ရှိလာခဲ့ကြသည်။

ခန်းမကြီးကို အကောင်းဆုံးကျောက်စိမ်းရွှေဖြင့် ပြုလုပ်ထားပြီး နံရံပေါ်တွင် ပန်းချီများ ရေးဆွဲထားသည်။ အနီးကပ်ကြည့်ရှုလိုက်လျှင် မိုးကြိုးသားရဲများကို ရေးဆွဲထားခြင်းဖြစ်ကြောင်း သိနိုင်သည်။ လူသုံးယောက်ဖက်စာခန့်ရှိသော ဧရာမတိုင်လုံးကြီးများက စစ်သည်တော်များကဲ့သို့ အတန်းလိုက် တည်ရှိနေသည်။ ၎င်းတို့၏ထိပ်ပိုင်းက အနက်ရောင်တိမ်များအကြား ပျောက်ကွယ်နေပြီး ကောင်းကင်တွင် ဆွဲချိတ်ထားပုံပေါ်သည်။

ခန်းမအတွင်းရှိ ပလ္လင်ပေါ်တွင် ရွှေရောင်ချပ်ဝတ်တစ်ခုဝတ်ဆင်ထားသော လူငယ်တစ်ယောက် ထိုင်နေခဲ့သည်။ သူ၏မျက်လုံးများတွင် လျှပ်စီးများ ဖြစ်ပေါ်နေသည်။ ယဲ့ချန်သည် ပိုမေ့၏အကြည့်ကြောင့် အရှိန်အဝါတစ်ခုကို ရင်ဆိုင်လိုက်ရသည်။ ၎င်းက ဖိအားများစွာပေးမနေခဲ့သော်လည်း လေးစားမှုတစ်ခုကို ဖြစ်ပေါ်လာစေသည်။ ဤခံစားချက်တစ်ခုတည်းနှင့်ပင် ပိုမေ့သည် ကျန်းလီနှင့်ရှထုံတန်းထက် များစွာပို၍သန်မာကြောင်း ယဲ့ချန်က သဘောပေါက်သွားခဲ့သည်။ သူက ထန်တိုက်လင်ထက်ပင် ပို၍အစွမ်းထက်နိုင်ပြီး အရှေ့ပိုင်းတိုက်ကြီး၏ နံပတ်တစ်ကျင့်ကြံသူဟူသော ဂုဏ်ထူးနှင့် ထိုက်တန်ပေသည်။ သို့သော် သူက သမာဓိကောင်စီ၏ ခေါင်းဆောင်သုံးယောက်နှင့် ပိုမေ့ကြားတွင် မည်သူကပို၍အစွမ်းထက်မည်ကို မဝေခွဲတတ်ပေ။

ယဲ့ချန်သည် ပိုမေ့ကိုစိုက်ကြည့်နေရင်း ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ လွန်ခဲ့သောသုံးနှစ်က သူသည် တိုင်းပြည်ငယ်တစ်ခု၏ အစွန်အဖျားမျိုးနွယ်လေးတစ်ခုမှ အသုံးမကျသောလူ ငယ်လေးတစ်ယောက်သာဖြစ်သည်။ လက်ရှိတွင် သူက တိုက်ကြီးတစ်ခုလုံး၏ နံပတ်တစ်ကျင့်ကြံသူနှင့် ခန်းမတစ်ခုတည်းတွင် ရောက်ရှိနေပြီဖြစ်သည်။ ထို့အပြင် သူက ပိုမေ့ကိုကျော်ဖြတ်သွားရန် အချိန်များစွာမလိုအပ်ဟု ယုံကြည်မှုပြင်းထန်နေသည်။ သူက ခန်းမအတွင်း ဝေ့ကြည့်လိုက်သောအခါ ခန်းမ၏ဘယ်ညာနှစ်ဖက်တွင် ထိုင်ခုံများအတန်းလိုက်စီထားကြောင်း တွေ့လိုက်ရသည်။ ထိုနေရာတွင် ကျန်းလီ၊ ရှထုံတန်းစသော ထူးကဲအဆင့်ကျင့်ကြံသူ သုံးဆယ်ကျော် နေရာယူထားကြ၏။ အမြှီးကိုးချောင်းနတ်ဆိုးမြေခွေး လျန်ရန်အာလည်းရှိနေပြီး သူမက ယဲ့ချန်နှင့် အကြည့်ချင်းဆုံသောအခါ အနီရောင်နှုတ်ခမ်းလေးများက လှပစွာပြုံးပြလာခဲ့သည်။ ကျန်းလီက ရိုးသားပွင့်လင်းစွာ ပြုံးနေပြီး ရှထုံတန်း၏မျက်နှာ ကအေးစက်တင်းမာနေသည်။ ထူးကဲအဆင့်ကျင့်ကြံသူများ၏နောက်တွင် အဆုံးမဲ့အဆင့်နောက်လိုက်များ ရှိနေသည်။ ပိုဖန်းက ပိုလဲ့နောက်တွင် မတ်တပ်ရပ်နေပြီး ယဲ့ချန်၊ လောင်ရင်နှင့် ပိုလင်းကို ဒေါသတကြီးစိုက်ကြည့်နေခဲ့သည်။ ယဲ့ချန်ရောက်ရှိလာသောအခါ ခန်းမအတွင်းရှိ ကျင့်ကြံသူအားလုံးက သူ့ကို အာရုံစိုက်လာကြသည်။

"သူက နတ်မိုးကြိုးမြို့တော်ကို ဒီနေ့အသစ်ရောက်လာတဲ့ ကျင့်ကြံသူလား"

"ငါကြားရသလောက်ဆိုရင် သူက ပိုင်နက်အဆင့်တစ်ကို နားလည်ပြီးပြီတဲ့။ နေ့လယ်ကတိုက်ပွဲမှာ သူက ထူးကဲအဆင့်ရုပ်သေး၁၆ကောင်ကို ဆက်တိုက်ဖျက်ဆီးနိုင်ခဲ့တယ်။ သူ့ထက် ပိုဖျက်ဆီးနိုင်တာက သခင်ကျန်းနဲ့ခေါင်းဆောင်ရှတို့ နှစ်ယောက်ပဲရှိတယ်"

"ဒါတင်ဘယ်ကမလဲ။ သူက ပိုလင်းနဲ့ပူးပေါင်းပြီး သမာဓိကောင်စီဝင် ထူးကဲအဆင့်ငါးယောက်ကို သတ်ဖြတ်ပြီး တစ်ယောက်ကို ဒဏ်ရာရစေခဲ့တယ်"

"သူက တော်တော်ငယ်သေးတယ်။ သူ့ကို တစ်ခါမှမမြင်ဖူးဘူး။ ဘယ်မျိုးနွယ်ကလဲ မသိဘူး"

"အရှေ့ပိုင်းတိုက်ကြီးမှာ ပုန်းအောင်းနေတဲ့ မျိုးနွယ်တွေ အများကြီးရှိတယ်။ တချို့မှာ ငါတို့ထင်ထားတာထက် ပိုရှည်တဲ့သမိုင်းကြောင်းတွေ ပိုင်ဆိုင်ထားလိမ့်မယ်"

ကျင့်ကြံသူများက ယဲ့ချန်ကိုစိုက်ကြည့်၍ တီးတိုးဆွေးနွေးနေကြသည်။ အများစု၏မျက်နှာထက်တွင် အံ့သြစိတ်များ ဖြစ်ပေါ်နေသည်။ လူတိုင်းက ယဲ့ချန်ကို ချီးကျူးနေသောအခါ ပိုဖန်း၏မျက်နှာက မည်းနက်လာခဲဲ့သည်။

"ပိုလင်း နင်က သူ့နောက်ခံကိုသိလို့လား။ သူ့ကြောင့်သာမဟုတ်ရင် အရှင်က ကာကွယ်ရေးအစီအရင်ကို ဖွင့်ပေးလိုက်စရာ အကြောင်းမရှိဘူး။ တကယ်လို့ အရှင်သာ နတ်မိုးကြိုးသတ်ဖြတ်ရေးအစီအရင်ကို မခင်းကျင်းထားဘူးဆိုရင် နင့်လုပ်ရပ်က နတ်မိုးကြိုးမြို့တော်ကို အများကြီးထိခိုက်သွားစေနိုင်တယ်။ ကိုယ့်အပြစ်ကို ဝန်ခံစမ်း"

ပိုဖန်းက ပိုလင်းကိုတိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် အော်ဟစ်စွပ်စွဲလိုက်ခြင်းဖြစ်သည်။ သူ၏စကားသံကြောင့် ဆွေးနွေးနေသူများက တိတ်ဆိတ်သွားကြ၍ ပလ္လင်ထက်ရှိပိုမေ့ထံ ပြိုင်တူကြည့်လိုက်မိသည်။ မိုးကြိုးသားရဲမျိုးနွယ်ဝင်အချင်းချင်း ပိုလင်းကို အပြစ်ဖို့နေသဖြင့် သူတို့က ထူးဆန်းနေကြသည်။ ပိုလဲ့က မျက်မှောင်ကြုတ်နေသော်လည်း ပိုဖန်းကို မတားဆီးခဲ့ပေ။

"အရှင်နဲ့ ခေါင်းဆောင်တွေအားလုံး ဒီမှာရှိနေတယ်။ သူတို့တောင် တစ်ခွန်းမှအပြစ်မတင်တာကို နင်က ဘာကောင်မို့လို့ စကားဝင်ပြောနေရတာလဲ"

ပိုလင်းက နှာခေါင်းတစ်ချက်ရှုံ့၍ ပိုဖန်းအပေါ် အထင်သေးစက်ဆုပ်နေခဲ့သည်။ ထိုလူက ခွေးရူးတစ်ကောင်ကဲ့သို့ သူမကို လိုက်လံတိုက်ခိုက်နေသည်။ ပိုဖန်း၏နောက်ကွယ်တွင် ပိုလဲ့၏အကြံအစည်ရှိမရှိကိုမူ သူမလည်း မပြောနိုင်ပေ။

"နင်..."

ပိုဖန်း၏မျက်နှာက ဒေါသကြောင့် မည်းနက်နေသော်လည်း တတ်နိုင်သောအရာ မရှိချေ။ မျိုးဆက်သွေးနိုးထလာပြီးနောက် ပိုလင်း၏ခွန်အားက အဆမတန်မြင့်တက်လာကာ ခွန်အားနှင့် အဆင့်အတန်းကို တန်ဖိုးထားသော မိုးကြိုးမျိုးနွယ်အတွင်း နေရာရလာခဲ့သည်။ သူမက ပိုဖန်း၏မျက်နှာကို ဖြတ်ရိုက်လျှင်ပင် သည်းခံနေရလိမ့်မည်။

"နတ်မိုးကြိုးမြို့တော် သေရေးရှင်ရေးဖြစ်နေတဲ့အချိန်မှာ ငါက ဝင်ပြောခွင့်ရှိတယ်။ နင်က တွေ့ရာလူတစ်ယောက်ကို မြို့ထဲခေါ်သွင်းလာတာက ဘယ်လောက်အန္တရာယ်များတယ်ဆိုတာကို သိသလား"

သို့သော် သူက လက်မလျှော့လိုသဖြင့် ပိုလင်းအပေါ် ထပ်မံအပြစ်တင်လိုက်ပြန်သည်။

"ဒီနေရာမှာ အရှင်၊ သခင်ကျန်းနဲ့ ခေါင်းဆောင်ရှ ရှိနေတယ်။ ဘယ်လိုအန္တရာယ်မျိုးကို နင်က ပြောချင်တာလဲ"

ပိုလင်းက ပိုဖန်းနှင့် လေကုန်ခံ၍ ငြင်းဆန်လိုစိတ်မရှိသော်လည်း ယဲ့ချန်၏လုံခြုံရေးအတွက် ငြင်းခုံနေရသည်။ သူမသည် ခန်းမအတွင်းရောက်ရှိနေသော ကျင့်ကြံသူများကို ပိုမေ့က ဆင့်ခေါ်စုစည်းထားသော အကြောင်းအရင်းကိုသာ သိချင်နေခဲ့သည်။ ပိုမေ့၏ဉာဏ်ရည်ဖြင့် အမှားနှင့် အမှန်ကို သေချာခွဲခြားနိုင်ပေလိမ့်မည်။

"ဒီကိစ္စကို စိုးရိမ်စရာမလိုပါဘူး။ အစ်ကိုပို၊ ခေါင်းဆောင်ရှနဲ့ ကျုပ်က ဘာလုပ်ရမလဲ သိပါတယ်။ ကျုပ်က သခင်လေးချန်ရဲ့မျိုးနွယ်ကို သိလိုပါတယ်။ ဘယ်လိုမျိုးနွယ်ကများ ဒီလောက်အစွမ်းထက်တဲ့ လူငယ်ပါရမီရှင်ကို ပျိုးထောင်ပေးခဲ့တာများလဲ"

ကျန်းလီက ပိုဖန်း ရပ်တန့်သွားစေရန်အတွက် ဝင်ရောက်ဟန့်တားလိုက်ခြင်းဖြစ်သည်။ ထို့နောက် သူက ယဲ့ချန်ကို တစ်ချက်စိုက်ကြည့်ကာ မေးလိုက်သည်။ ကျန်းလီ၏သဘောထားကြောင့် ခွေးကဲ့သို့ ဆက်တိုက်ဟောင်နေသော ပိုဖန်းက ပါးစပ်ပိတ်သွားခဲ့ရသည်။

"သခင်ကျန်း ကျုပ်က တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်ပါ"

ယဲ့ချန်က အစွမ်းထက်ကျင့်ကြံသူများရှေ့မှောက် ရောက်နေသော်လည်း တည်ကြည်သောလေသံဖြင့် ပြန်ဖြေခဲ့သည်။

"တစ်ကိုယ်တော်ကျင့်ကြံသူလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"မဖြစ်နိုင်ဘူး။ တစ်ကိုယ်တော်ကျင့်ကြံသူက ဘယ်လိုလုပ် ဒီလောက်အစွမ်းထက်မှာလဲ။ ကျင့်ကြံရေးအရင်းအမြစ်တွေနဲ့ ကျင့်စဥ်ကောင်းကောင်းမရှိရင် ပိုင်နက်ကို နားလည်ဖို့ မဖြစ်နိုင်ဘူး"

"ကြည့်ရတာ ချန်ရဲက သူ့မျိုးနွယ်ကို မပြောချင်ဘူး ထင်ပါတယ်"

ယဲ့ချန်၏စကားကြော င့်တိတ်ဆိတ်နေသော ခန်းမအတွင်း တီးတိုးပြောဆိုသံများ ထွက်ပေါ်လာပြန်သည်။

"ချန်ရဲက ပြောချင်စိတ်မရှိမှတော့ ငါတို့က ဘာလို့ဖိအားပေးနေမှာလဲ။ လူတိုင်းက သူ့ခွန်အားကို မြင်ဖူးကြတယ်မလား။ သူက အဆုံးမဲ့အဆင့်တစ်ကျင့်ကြံသူဖြစ်ပေမယ့် ပိုင်နက်ရဲ့အစွမ်းက သာမန်အဆင့်တစ်ပိုင်နက်တွေထက် သာလွန်တယ်။ သူက ငါတို့အတွက် အကူအညီကောင်းကောင်းရလိမ့်မယ်။ နတ်မိုးကြိုးမြို့တော်အတွက် ဒီလိုကျင့်ကြံသူမျိုးကို စစ်ကူအဖြစ်ရလိုက်တာ ငါတို့က မပျော်သင့်ဘူးလား"

ထိုအချိန်တွင် လျန်ရန်အာက အလွန်အမင်းချိုသာသော အသံနှင့် ဝင်ပြောပေးလိုက်ခြင်းဖြစ်သည်။ သူမက စကားပြောပြီးနောက် ကိုယ်နေဟန်ထားကို ပြင်လိုက်သဖြင့် လူတိုင်း၏အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။

"ဒါပေမယ့် သူ့နောက်ခံကို သေချာမသိရရင် ငါတို့က စိတ်အေးအေးနေလို့မဖြစ်ဘူး"

ပိုလဲ့က ကန့်ကွက်လိုက်သည်။ သူက ယဲ့ချန်ကို မျက်လုံးများကျဥ်မြောင်း၍ စိုက်ကြည့်နေခဲ့သည်။ လောင်ရင်နှင့် ပိုလင်းက ယဲ့ချန်အပေါ် အလေးပေးနေသောအကြောင်းအရင်းကို သူက သိချင်နေသည်။ သူ၏စကားကြောင့် ပိုဖန်း၏နောက်ကွယ်တွင် ပိုလဲ့ထောက်ခံပေးနေကြောင်း သိလိုက်ရသောအခါ ပိုလင်းက အလွန်ဒေါသထွက်လာခဲ့သည်။ ပိုလဲ့သည်လည်း တစ်ကိုယ်ကောင်းဆန်ပြီး အောက်တန်းကျသူဖြစ်နိုင်သောကြောင့် သူမက သတိထားရပေလိမ့်မည်။

"လူတိုင်း ကျုပ် စကားတစ်ခွန်းလောက် ပြောလို့ရလား"

ယဲ့ချန်က လူတိုင်းဟု သုံးနှုန်းလိုက်သော်လည်း ပလ္လင်ပေါ်ရှိပိုမေ့ကိုသာ တစ်ချက်စိုက်ကြည့်၍ ခွင့်တောင်းလိုက်ခြင်းဖြစ်သည်။ ပိုမေ့၏မျက်လုံးများက ခံစားချက်မရှိဟန်ဖြင့် တည်ငြိမ်နေသော်လည်း ဖိအားတစ်ခု ထွက်ပေါ်နေသည်။ သူက ခေါင်းညိတ်၍ ယဲ့ချန်ကို ဆက်ပြောရန် ခွင့်ပြုခဲ့သည်။

"အရှင်ပိုက နတ်မိုးကြိုးမြို့တော်ရဲ့ ကာကွယ်ရေးအစီအရင်ကို ဖွင့်လိုက်တဲ့အချိန်မှာ သမာဓိကောင်စီက အခွင့်အရေးယူ တိုက်ခိုက်လာမယ်ဆိုတာကို လူတိုင်း နားလည်ကြတယ်မလား။ နတ်မိုးကြိုးမြို့တော်က ဆုံးရှုံးမှုရှိပေမယ့် ရုပ်သေးတစ်သောင်းကျော်နဲ့ ထူးကဲအဆင့် ရုပ်သေးနှစ်ရာကျော် ဆုံးရှုံးလိုက်ရတဲ့ သမာဓိကောင်စီနဲ့ယှဥ်ရင် လက်ခံလို့ရတဲ့ အတိုင်းအတာဖြစ်တယ်။ ဒါက ကျုပ်တို့အတွက် အောင်ပွဲတစ်ခုဖြစ်တယ်"

ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပြီး ယဲ့ချန်၏စကားကို အာရုံစိုက်နားထောင်နေခဲ့ကြသည်။

"ကျုပ်ရဲ့ခန့်မှန်းချက်အရ ကာကွယ်ရေးအစီအရင်ကို ဖွင့်လိုက်တာဟာ အရှင်ပိုရဲ့ စမ်းသပ်ချက်ဖြစ်လိမ့်မယ်။ ဒီနေ့မှာ သမာဓိကောင်စီက ဒီအခွင့်အရေးကိုအသုံးချပြီး စစ်ပွဲကြီးကြီးစတင်ရမယ့်အစား ရုပ်သေးတွေကိုသာ စေလွှတ်ခဲ့တယ်။ ဒါကြောင့် သူတို့က ကာကွယ်ရေးအစီအရင်ကို ထိုးဖောက်နိုင်မယ်လို့ ယုံကြည်နေတာ ဖြစ်နိုင်တယ်။ ဒါကြော င့်သူတို့က အကြီးအကျယ် မတိုက်ခိုက်ခဲ့တာဖြစ်တယ်"

ယဲ့ချန်က သူ၏စကားဆုံးသောအခါ ခန်းမအတွင်းရှိ ကျင့်ကြံသူတိုင်း၏ မျက်နှာထားများကို အကဲခတ်လိုက်လေသည်။

All Chapters