← Chapters

သူလျှို ဘယ်သူလဲ

Vol. 35 Ch. 492

သူလျှို ဘယ်သူလဲ

Vol. 35 Ch. 492

ယဲ့ချန်နှင့် ပိုမေ့၏ ပိုင်နက်များကို ခေါင်းဆောင်ပိုင်းများက နှိုင်းယှဥ်ဆင်ခြင်လိုက်သည်။ ထို့နောက် သူတို့က ခန်းမအတွင်း ဖမ်းဆီးလာခဲ့သော လူသားရုပ်သေးအချို့ကိုထုတ်ယူ၍ စစ်ဆေးလိုက်ကြသည်။ သမာဓိကောင်စီမှ ရုပ်သေးများပြုလုပ်ထားသည့် နည်းလမ်းနှင့် အရေအတွက်များစွာ ထုတ်လုပ်ထားနိုင်သည့် အကြောင်းအရင်းကို အဖြေထုတ်နေကြသည်။ ယဲ့ချန်၊ လောင်ရင်နှင့် ပိုလင်းက ခန်းမအတွင်းမှ ထွက်ခွာလာ၍ ပိုလင်း၏နန်းဆောင်သို့ ပြန်လာခဲ့ကြသည်။ ထိုအချိန်တွင် နတ်မိုးကြိုးမြို့တော်အတွင်း ညအချိန် ရောက်နေပြီဖြစ်သောကြောင့် သူက ခြံဝန်းအတွင်းထိုင်ပြီး နတ်ကိုယ်ပွားကျင့်စဥ်ကို လေ့လာလိုက်သည်။

မရေမတွက်နိုင်သော အတွေးများက သူ၏စိတ်အတွင်း ထွက်ပေါ်လာကာ ဦးနှောက်သည် အဆုံးမရှိသော ကြယ်ကောင်းကင်ကြီးတစ်ခုကဲ့သို့ ခံစားလာရသည်။ နတ်ကိုယ်ပွားကျင့်စဥ်၏ ပထမအဆင့်တွင် ရှေးဦးဝိညာဥ်ကိုနှစ်ခုခွဲထုတ်၍ ထပ်တူညီသော ရုပ်ဝတ္ထုခန္ဓာတစ်ခုကိုဖန်တီးကာ ပေါင်းစပ်ရမည်ဖြစ်သည်။ ကိုယ်ပွားက မူရင်းခန္ဓာကိုယ်၏ပိုင်နက်နှင့် ပေါင်းစပ်နိုင်သောကြောင့် စွမ်းအားကို ထပ်တူထုတ်ဖော်နိုင်သည်။ သို့သော် ၎င်းအသတ်ခံလိုက်ရလျှင် မူရင်းကိုယ်က ခွန်အား လျော့နည်းသွားပေလိမ့်မည်။ ပထမအဆင့်တွင် ကိုယ်ပွားတစ်ခုခွဲထုတ်နိုင်ပြီး အဆင့်မြင့်တက်လာသည်နှင့်အမျှ ကိုယ်ပွားအရေအတွက်က အနာဂတ်တွင် တိုးလာပေလိမ့်မည်။ ကိုယ်ပွားများက ရန်သူကိုတိုက်ခိုက်ရာတွင် အချင်းချင်းပူးပေါင်းနိုင်သောကြောင့် တိုက်ခိုက်ရေးစွမ်းအားက ဆတိုးမြင့်လာမည်။ ကိုယ်ပွားတစ်ခုက ကျင့်ကြံနေစဥ် ကျန်ခန္ဓာကိုယ်တစ်ခုက အခြားကိစ္စများကို အာရုံစိုက်နိုင်သဖြင့် ကျင့်ကြံနှုန်းက အလွန်တရာမြန်ဆန်လာပေလိမ့်မည်။

ယဲ့ချန်က ဦးနှောက်ကို ဆက်တိုက်အလုပ်ပေး၍ ကြိုးကြိုးစားစား ကျင့်ကြံနေသည်။ ကျင့်စဥ်ကို စေ့စေ့စပ်စပ်ဆင်ခြင်နေရင်းဖြင့် အချိန်တစ်ခုကြာသောအခါ သူက ဉာဏ်အလင်းအချို့ကို ဖမ်းဆုပ်နိုင်ခဲ့သည်။ ကောင်းကင်အဆင့်ကျင့်စဥ်တစ်ခု၏ ခက်ခဲမှုက ကြယ်အဆင့် လျှို့ဝှက်ကျင့်စဥ်များထက် အဆများစွာပိုသည်။ သာမန်ကျင့်ကြံသူတစ်ယောက်က ၎င်းကို နှစ်ပေါင်းများစွာကျင့်ကြံလျှင်ပင် အောင်မြင်မှုတစ်စုံတစ်ရာရရန် မဖြစ်နိုင်ချေ။ သို့သော် ယဲ့ချန်က ချွင်းချက်တစ်ခုဖြစ်နေသည်။ သူ၏စိတ်အတွင်းမှ ဓားပျံသည် ပျက်စီးနေသော သွေးကြောများကို ပြုပြင်ပေးခဲ့သည်။ ထို့နောက် သူက ဝိညာဥ်အသိစိတ်နှင့် ကြယ်ပိုင်နက်ကို ထုတ်ဖော်လာနိုင်သောအခါ ၎င်းက အခရာကျသည်။ အချိန်ကြာလာသည်နှင့်အမျှ သူက ၎င်းအကြောင်း ပို၍သိချင်လာခဲ့သည်။

"ဓားပျံရဲ့ဖန်တီးသူက ဘယ်လောက်တောင် အစွမ်းထက်နေလိုက်မလဲ။ သူနဲ့ယှဥ်ရင် ထူးကဲအဆင့်နဲ့ ချီပင်လယ်အဆင့် ကျင့်ကြံသူတွေဆိုတာက ကျင့်ကြံရေးလမ်းစဥ်မှာ အစတင်ရှိသေးတာပဲ"

ယဲ့ချန်က အတွေးနက်နေသည်။ သူ၏ကျင့်ကြံနှုန်းက သာမန်ကျင့်ကြံသူများနှင့်ယှဥ်လျှင် ကြောက်စရာကောင်းလောက်အောင် မြန်သော်လည်း ချီပင်လယ်အဆင့်နှင့် မွေးဖွားလာသူများကို မယှဥ်နိုင်ပေ။ သူက ပိုမိုအစွမ်းထက်သော လောကကြီးနှင့် ထိတွေ့နိုင်ရန်အတွက် အနည်းဆုံး ချီပင်လယ်အဆင့်သို့ ရောက်ရပေလိမ့်မည်။

ယဲ့ချန်သည် ကြယ်ကိုးလုံးတည်ရှိနေသော ဒန်တန်ထံ ဝိညာဥ်အသိစိတ်ကို ပို့လွှတ်လိုက်သည်။ ဒန်တန်က အခြားကမ္ဘာတစ်ခုကဲ့သို့ တည်ရှိနေကာ ကြယ်ကိုးလုံး၏အလယ်တွင် ဝိညာဥ်အသိစိတ်က လက်မအရွယ် လူသေးသေးလေးတစ်ယောက်အဖြစ် ကွဲထွက်လာခဲ့သည်။ ၎င်းက ကြယ်များ၏အလယ်တွင် တင်ပျဥ်ခွေထိုင်ချလိုက်ပြီး ကိုယ်တွင်းမှ ရွှေရောင်အလင်းများ ပြန့်ထွက်လာ၏။ ရွှေရောင်အလင်းအောက်တွင် ကြယ်များက တဖိတ်ဖိတ်တောက်ပလာသောကြောင့် ဒန်တန်အတွင်းနယ်မြေက နေ့နှင့်ညပမာ ပြောင်းလဲသွားခဲ့သည်။ ယဲ့ချန်အငယ်စားလေး၏ပတ်လည်တွင် ကြယ်ကိုးလုံးသည် နေအဖွဲ့အစည်းအတွင်း နေကိုဗဟိုပြု၍ အခြားကြယ်များ လည်ပတ်နေသကဲ့သို့ လှည့်ပတ်နေကြသည်။ ယဲ့ချန်၏ကိုယ်တွင်း၌ ကြယ်အဖွဲ့အစည်းတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ဤမြင်ကွင်းကြောင့် သူကိုယ်တိုင်ပင် ထိတ်လန့်သွားခဲ့သည်။ ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်၏အစွမ်းက ပို၍အံ့သြစရာကောင်းလာခဲ့လေသည်။ ကြယ်များ၏စွမ်းအားကြောင့် ဒန်တန်က နောက်တစ်ဖန်တိုးတက်လာချိန်တွင် သူ၏မျက်လုံးများ ရုတ်တရက်ပွင့်လာခဲ့သည်။ မျက်လုံးများအတွင်း နတ်ကိုယ်ပွားကျင့်စဥ်၊ ရှုပ်ထွေးသော ပထမအဆင့်၏သရုပ်သကန်က ထင်ဟပ်နေခဲ့သည်။

"နတ်ကိုယ်ပွား ဖြစ်ပေါ်လာစမ်း"

ယဲ့ချန်က အော်ဟစ်ကြုံးဝါးလိုက်သောအခါ ဝိညာဥ်အသိစိတ်ထွက်ပေါ်လာကာ နှစ်ခုကွဲထွက်၍ ကိုယ်ပွားတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ကိုယ်ပွားက ယဲ့ချန်နှင့် အရာရာတိုင်းထပ်တူညီပြီး အမွေးတစ်ပင်မှ နေရာလွဲနေခြင်း မရှိချေ။ ဝိညာဥ်အသိစိတ်တစ်ဝက်က ရုပ်ခန္ဓာနှင့် ကိုယ်ပွားဖြစ်လာကာ ကျန်တစ်ဝက်က မူရင်းကိုယ်နှင့် ပြန်လည်ပေါင်းစပ်ခဲ့၏။ ယဲ့ချန်နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်၍ ကျေနပ်စွာပြုံးလိုက်ကြသည်။ အသိစိတ်နှစ်ခုက အချင်းချင်းဆက်နွယ်နေကာ စိတ်ချင်းဆက်နေသကဲ့သို့ ဆန်းကျယ်သော ဆက်သွယ်မှုတစ်ခု ဖြစ်ပေါ်နေသည်။

"ဒါက နတ်ကိုယ်ပွားရဲ့အစွမ်းလား။ ကောင်းကင်အဆင့် လျှို့ဝှက်ကျင့်စဥ်က တကယ်ကိုအစွမ်းထက်တာပဲ။ ဒီလိုအစွမ်းမျိုးကို နတ်ဘုရားတွေသာ ဖော်ထုတ်နိုင်လိမ့်မယ်"

ယဲ့ချန်က ကိုယ်ပွားဖန်တီးနိုင်ခဲ့သဖြင့် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။

"ကိုယ်ပွားရဲ့အစွမ်းကို စမ်းသပ်ကြည့်ရအောင်"

ယဲ့ချန်၏မူရင်းကိုယ်က ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်ကို တင်ပျဥ်ခွေထိုင်၍ ကျင့်ကြံနေစဥ် ကိုယ်ပွားက တဟုန်ထိုးလျှပ်စီးကျင့်စဥ်ကို လေ့လာနေသည်။ နှစ်ယောက်လုံးက ကိုယ်တိုင်ကျင့်ကြံနိုင်စွမ်းရှိပြီး ပြန်လည်ပေါင်းစပ်လိုက်သောအခါ မူရင်းကိုယ်တွင် သိသာထင်ရှားသော အကျိုးသက်ရောက်မှု ဖြစ်ပေါ်လာသည်။ သူ၏ကျင့်ကြံနှုန်းက နှစ်ဆပိုမြန်လာပြီဖြစ်သည်။ သူက ချီပင်လယ်အဆင့်သို့ တတ်နိုင်သမျှ အမြန်ဆုံးရောက်ရန်အတွက် ဆုံးဖြတ်ထား၏။ လက်ရှိတွင် သူက ထူးကဲအဆင့်တစ် ကျင့်ကြံသူသာဖြစ်သောကြောင့် အလွန်အားနည်းနေခဲ့သည်။

တိတ်ဆိတ်မည်းမှောင်သော ညနက်တွင် နတ်မိုးကြိုးမြို့တော်၏လမ်းများပေါ်တွင် လူသူကင်းမဲ့နေသည်။ သို့သော် ပုံရိပ်ဆယ်ခုကျော်က လျင်မြန်စွာ လှုပ်ရှားသွားလာနေကြသည်။

"အရာအားလုံး အဆင်သင့်ဖြစ်ပြီ"

"အချိန်ခဏသာရတယ်။ ဝိညာဥ်အသိစိတ်နဲ့ ထောက်လှမ်းခံရမှာကို သတိထားကြ"

ထိုပုံရိပ်များသည် မြို့ရိုးများထံ ဦးတည်နေပြီး သမာဓိကောင်စီမှစေလွှတ်ထားသော သူလျှိုများဖြစ်ကြသည်။ သူတို့က သမာဓိကောင်စီထံ နောက်ဆုံးရသတင်းများ ပို့ပေးရန်အတွက် ကြိုးစားနေခြင်းဖြစ်သည်။ သို့သော် သူတို့၏ရှေ့တွင် တောင့်တင်းသန်မာသော ကျင့်ကြံသူတစ်ယောက် ရုတ်တရက်ထွက်ပေါ်လာသည်။ ရှထုံတန်းကို မြင်လိုက်ရသောအခါ သူလျှိုများက ထိတ်လန့်တုန်လှုပ်သွားကြသည်။

"တိုက်ခိုက်ကြ"

သူတို့က တုံ့ဆိုင်းမနေဘဲ လွတ်မြောက်လိုလွတ်မြောက်ငြား ရှထုံတန်းကို ပူးပေါင်းတိုက်ခိုက်လိုက်ကြသည်။

"လူပြက်တွေကများ ဒီအဘိုးကြီးကို တိုက်ခိုက်ရဲတယ်"

ရှထုံတန်း၏ထိန်းချုပ်မှုဖြင့် သဲများထွက်ပေါ်လာကာ သူလျှိုအားလုံးကို ကြိုးများသဖွယ် တုပ်နှောင်လိုက်ကြသည်။ သူက ညာလက်ကို ဖျစ်ညှစ်လိုက်သောအခါ သဲကြိုးများသည် တင်းကျပ်လာပြီး သူလျှိုများကပေါက်ကွဲ၍ သေဆုံးသွားကြသည်။ မြေပြင်တွင် အစိတ်အပိုင်းများပြန့်ကြဲနေကာ သွေးချင်းချင်းနီနေသည်။ နတ်မိုးကြိုးမြို့တော်၏ အခြားနေရာများတွင်လည်း အလားတူဖြစ်ရပ်များဖြစ်ပွားနေ၍ အစွမ်းထက်ခေါင်းဆောင်များ၏လက်ချက်နှင့် သူလျှိုများ ဆက်တိုက်ရှင်းလင်းခံနေရသည်။ ပိုမေ့သည် ပိုလင်း၏သတင်းကို ရည်ရွယ်ချက်ရှိရှိထုတ်ဖော်၍ မြွေကို တွင်းထဲမှခြောက်ထုတ်သော အကြံကို အကောင်အထည်ဖော်နိုင်ခဲ့သည်။

"အကုန်သတ်ပစ်လိုက်။ ဒါတွေက ငယ်သားတွေဖြစ်လိမ့်မယ်။ အဓိကသူလျှိုတွေ ထွက်မလာသေးဘူး"

ပိုမေ့က ဝိညာဥ်အသိစိတ်ဖြင့် ဆက်သွယ်ညွှန်ကြားနေခဲ့သည်။ သူ၏မျက်လုံးများက တည်ငြိမ်လွန်းနေ၍ သမုဒ္ဒရာကြီးပမာ နက်ရှိုင်းနေသည်။ ထိုအချိန်တွင် ခြင်တစ်ကောင်အရွယ်အစားရှိသော ပိုးကောင်လေးတစ်ကောင်က နတ်မိုးကြိုးမြို့တော်၏မြို့ရိုးများထံ အလွန်လျင်မြန်စွာ ဦးတည်ပျံသန်းနေသည်။ ၎င်းက အလွန်သေးငယ်ပြီး တစ်ကိုယ်လုံးတွင် လျှို့ဝှက်ရုန်းများ ရေးထွင်းထားသည်။ ၎င်းက ချောင်ကြိုချောင်ကြားမှ ပျံသန်းနေသဖြင့် သာမန်ကျင့်ကြံသူများသတိပြုမိရန် မဖြစ်နိုင်ချေ။ နောက်ဆုံးတွင် ၎င်းက ဝိညာဥ်အသိစိတ်များကိုရှောင်ရှား၍ ကာကွယ်ရေးအစီအရင်ထံ ရောက်ရှိသွားခဲ့သည်။ ပိုးကောင်လေးက အစီအရင်ကိုထိုးဖောက်၍ မီတာရာချီသည်အထိ လှစ်ခနဲ ရောက်ရှိသွားသည်။

ထိုအချိန်တွင် လျှပ်စီးမျှော်စင်ပေါ်တွင် တင်ပျဥ်ခွေထိုင်နေသည့် ပိုမေ့က ပိုင်နက်စွမ်းအားကို ဖြန့်ထုတ်လိုက်၏။ ပိုးကောင်က မြို့နှင့် မီတာနှစ်ရာအဝေးသို့ ရောက်သောအခါ နံရံတစ်ခုနှင့် ဝင်ဆောင့်မိလိုက်သကဲ့သို့ ရပ်တန့်သွားခဲ့သည်။ ၎င်းက အစွမ်းကုန်ရုန်းကန်နေသော်လည်း မလွတ်မြောက်နိုင်ဘဲ လျှပ်စီးမျှော်စင်ထံ ယက်ကန်ယက်ကန်နှင့် စုပ်ယူခံလိုက်ရသည်။ သူက ပိုးကောင်ကိုဖမ်းဆီး၍ မျက်လုံးအစုံမှ ရွှေရောင်အလင်းများနှင့် စစ်ဆေးလိုက်သည်။ သူက ပိုးကောင်၏ကိုယ်ပေါ်ရှိ ရုန်းများကို အသေအချာစစ်ဆေးနေခဲ့သည်။

"အစ်ကိုကျန်း မီးတောက်သစ်နက်မျိုးနွယ်ခေါင်းဆောင် ဟေးယွမ်ကို ဖမ်းပေးပါ"

သူက ကျန်းလီထံ ညွှန်ကြားလိုက်သည်။

"ဒီကောင်ကရော သူလျှိုဖြစ်နေတာလား"

ကျန်းလီက မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်သည်။ တော်ဝင်မြို့တော်အစည်းအဝေးတွင် ဟေးယု အသတ်ခံလိုက်ရပြီးနောက် ဟေးယွမ်က မီးတောက်သစ်နက်မျိုးနွယ်၏ လက်ရှိခေါင်းဆောင်ဖြစ်လာခဲ့သည်။ ထို့ကြောင့် ဟေးယွမ်က သမာဓိကောင်စီ၏ သူလျှိုဖြစ်နေမည်ဟု မျှော်လင့်မထားခဲ့ပေ။ သူက ရှထုံတန်းကိုခေါ်ဆောင်၍ ဟေးယွမ်တည်းခိုနေထိုင်သော ခြံဝန်းသို့ သွားရောက်လိုက်သည်။ နက်မှောင်သောညအတွင်း တိုက်ပွဲတစ်ခု ပြင်းထန်စွာဖြစ်ပေါ်လာသည်။ ဟေးယွမ်က သူ၏နောက်လိုက်များကို ဦးဆောင်၍ တိုက်ခိုက်နေသော်လည်း အောက်စည်းတွင် ဖိနှိပ်ခံထားရသည်။

ယဲ့ချန်သည် ထိုတိုက်ပွဲကို ဝိညာဥ်အသိစိတ်ဖြင့် စောင့်ကြည့်နေခဲ့သည်။ ဟေးယွမ်က ရူးသွပ်နေဟန်ဖြင့် မျက်လုံးများနီရဲနေပြီး မိစ္ဆာချီများ ရစ်သိုင်းနေသည်။ သူ၏ခွန်အား ပေါက်ကွဲထွက်ပေါ်လာသောအခါ ကျန်းလီနှင့် ရှထုံတန်းအောက် မနိမ့်ကျပေ။ နောက်ဆုံးတွင် သူက ကိုယ့်ကိုကိုယ်ဖောက်ခွဲ၍ သတ်သေလိုက်သောအခါ ထိုခေါင်းဆောင်နှစ်ယောက်ပင် ဒဏ်ရာရလုနီးပါးဖြစ်သွားခဲ့သည်။

ယဲ့ချန်သည် ဟေးယွမ်၏အပြုအမူများက မြို့ရိုးပြင်ပတွင် သူနှင့်တိုက်ခိုက်ခဲ့သော သမာဓိကောင်စီဝင်များနှင့် တူညီနေကြောင်း တွေ့ရှိခဲ့သည်။ သူတို့အားလုံး၏မျက်လုံးများက အရောင်အဝါကင်းမဲ့နေကာ အသိစိတ်လွတ်၍ ရူးသွပ်နေကြပုံပေါ်သည်။ သမာဓိကောင်စီက သူတို့ကို နည်းလမ်းတစ်ခုခုဖြင့် ထိန်းချုပ်၍ ခွန်အား မြှင့်တင်ပေးထားပုံပေါ်သည်။ သူက ဟေးယွမ်၏ဖောက်ခွဲမှုကြောင့် တောက်ခေါက်လိုက်မိသည်။ ဟေးယွမ်က သမာဓိကောင်စီ၏ရုပ်သေးရုပ် မဖြစ်လိုသော်လည်း ထိန်းချုပ်ခံရပြီး သနားစဖွယ် အဆုံးသတ်ခဲ့ရသည်။ ထိုခွေးအိုကြီးသုံးကောင်၏ လက်ချက်ဖြင့် အရှေ့ပိုင်းတိုက်ကြီး၏ ကျင့်ကြံသူများစွာ သွေးချောင်းစီးခဲ့ရပြီဖြစ်သည်။

ယဲ့ချန်နှစ်ယောက်သည် ခြံဝန်းအတွင်း ကျင့်ကြံနေစဥ် ပုံရိပ်တစ်ခုက အပြင်ဘက်မှဖြတ်ပြေးသွားသည်ကို အာရုံခံမိလိုက်၏။ သူက မျက်မှောင်ကြုတ်လိုက်ပြီး ယဲ့ချန်တစ်ယောက်က လေပေါ်သို့ ပျံတက်လိုက်ပါသွားခဲ့သည်။

နန်းဆောင်အတွင်းရှိနေသော ပိုလင်းနှင့် လောင်ရင်က ဤလှုပ်ရှားမှုကို သတိမပြုမိခဲ့ပေ။ သူတို့နှစ်ယောက်လုံးက ဝိညာဥ်အသိစိတ်များ ထုတ်ဖော်ထားသဖြင့် ရန်သူများချဥ်းကပ်လာလျှင် အာရုံခံမိသင့်သည်။ သို့သော်လည်း ယဲ့ချန်တစ်ယောက်တည်းသာ ထိုပုံရိပ်ကို သတိပြုမိခဲ့သည်။ ရန်သူက သူ့ကို ရည်ရွယ်ချက်ရှိရှိခေါ်ထုတ်၍ ပိုလင်းနှင့် လောင်ရင်အား အန္တရာယ်ပေးလိုခြင်းဖြစ်နိုင်သည်။

ကံကောင်းစွာဖြင့် ယဲ့ချန်သည် နတ်ကိုယ်ပွားကျင့်စဥ်ကို အောင်မြင်ခဲ့သောကြောင့် အရံအစီအစဥ်တစ်ခု ရှိနေခဲ့သည်။ ခြံဝန်းအတွင်း ယဲ့ချန်တစ်ယောက် ကျန်ရစ်မည်ဖြစ်သောကြောင့် ပုံရိပ်က မည်သူဖြစ်ကြောင်းကို ကျန်ယဲ့ချန်တစ်ယောက်က စိတ်ချလက်ချ နောက်ယောင်ခံလိုက်နိုင်ခဲ့လေသည်။

All Chapters