← Chapters

နီးကပ်လာသော မဟာစစ်ပွဲကြီး

Vol. 35 Ch. 493

နီးကပ်လာသော မဟာစစ်ပွဲကြီး

Vol. 35 Ch. 493

ကိုယ်ပွားသည် ပုံရိပ်နောက်သို့ လိုက်ပါခဲ့သော်လည်း ၎င်းက အလွန်တရာမြန်ဆန်သောကြောင့် လိုက်မီရန် မလွယ်ပေ။ ၎င်းက နတ်မိုးကြိုးမြို့တော်အတွင်းရှိ လူလုပ်သစ်တောတစ်ခုသို့ ရောက်သောအခါ ရပ်တန့်လိုက်သည်။ ၎င်းက အမြှီးကိုးချောင်းနတ်ဆိုးမြေခွေး လျန်ရန်အာဖြစ်၍ ကိုယ်ပွားယဲ့ချန်ကို အပြုံးတစ်ခုနှင့် လှည့်ကြည့်လာသည်။ သူမ၏ဆွဲဆောင်မှုက ထင်ရှားစွာထွက်ပေါ်နေကာ အနီရောင်အမြှီးများကို လှုပ်ယမ်းနေခဲ့သည်။ ကိုယ်ပွားကရပ်တန့်၍ သူမကို စိုက်ကြည့်နေခဲ့သည်။

"မောင်လေးချန်ရဲ ဒီလောက်ညနက်နေပြီ။ အမကြီးနောက်ကို ဘာလို့လိုက်လာတာလဲ။ မကောင်းတာတစ်ခုခု လုပ်ချင်လို့လားဟင်"

လျန်ရန်အာက ရှက်ရွံ့နေဟန်ဆောင်၍ ပြောလိုက်ခြင်းဖြစ်သည်။ ကောင်းကင်တွင် အဆက်မပြတ်လင်းလက်နေသော လျှပ်စီးများ၏ အလင်းရောင်အောက်တွင် ခန္ဓာကိုယ်ကောက်ကြောင်းများက တစ်ချက်တစ်ချက်ထွက်ပေါ်လာကာ အလွန်လှပနေသည်။

"အဘွားကြီး ခင်ဗျားက မှတ်ဉာဏ်မကောင်းတော့ဘူးလား။ ကျုပ်နဲ့ ခင်ဗျားက အသက်အရမ်းကွာတာကို ဘယ်လိုလုပ် အမကြီးခေါ်ရမှာလဲ။ ပြီးတော့ ကျုပ်ကိုခေါ်လာတာက ခင်ဗျား မဟုတ်ဘူးလား။ ဘာလို့ရှက်ချင်ယောင်ဆောင်နေတာလဲ။ ဒီလောက်အလုပ်ရှုပ်နေတဲ့လူကို ဘာကိစ္စ လာနှောင့်ယှက်နေတာလဲ"

ယဲ့ချန်က သူမ၏စကားကြောင့် ထိတ်ထိတ်ပျာပျာဖြစ်သွားကာ အလန့်တကြားအော်ဟစ်လိုက်သည်။

"မင်းက ဘာအလုပ်တွေရှုပ်နေလို့လဲဟင်"

လျန်ရန်အာသည် ယဲ့ချန်၏လေသံကို သဘောမကျသော်လည်း ချစ်စဖွယ်ကောင်းအောင် ဟန်လုပ်၍ မေးလိုက်ပြန်သည်။

"ကျုပ်က မုတ်ဆိတ်မွေးရိတ်မလို့လေ"

ယဲ့ချန်က လက်နှစ်ဖက်နောက်ပစ်၍ ခပ်တည်တည်ဖြေလိုက်သည်။ သူက လျန်ရန်အာအပေါ် အကောင်းမမြင်သောကြောင့် ဘုတောလိုက်ခြင်းဖြစ်သည်။

"မင်း"

လျန်ရန်အာ၏မျက်လုံးများတွင် ဒေါသမီးတောက်လောင်လာ၍ သတ်ဖြတ်လိုစိတ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သို့သော် ၎င်းက ခဏအတွင်း ပြန်လည်ပျောက်ကွယ်သွားကာ အပြုံးတစ်ခု အစားထိုးဝင်ရောက်လာသည်။

"မောင်လေးက စကားကောင်းကောင်း မပြောတတ်ဘူးလားဟင်။ ပိုလင်းရဲ့ အဓိပ္ပါယ်မရှိတာတွေကို နားမယောင်ပါနဲ့။ တို့က ပိုလင်းထက် အများကြီးပိုလှတယ်လို့ မထင်ဘူးလားဟင်"

သူမက စကားပြောနေရင်း ခန္ဓာကိုယ်အထက်ပိုင်းရှိ အဝတ်စကို လျှောချလိုက်သည်။ ဖြောင့်စင်းသွယ်လျသော ခြေတံများကိုလည်း ဆန့်ထုတ်ထားခဲ့၏။

"မထင်ပါဘူး။ အဘွားကြီး ခင်ဗျားကြောင့် သားစိတ်မယားစိတ်ပျောက်ကုန်ပြီ။ ခင်ဗျား ဘာလိုချင်တာလဲ။ ဒဲ့ပြောစမ်း"

ယဲ့ချန်၏မျက်နှာက အေးစက်တင်းမာနေသည်။ သူက လျန်ရန်အာ၏မြှူဆွယ်သံကြောင့် တစ်ကိုယ်လုံးတုန်တက်သွားကာ ဆက်လက်စကားပြောရန် စိတ်ပါမနေခဲ့ပေ။ သူမက စကားပြောလိုက်တိုင်း ပုံရိပ်ယောင်အစွမ်းကို ထုတ်သုံးထားသော်လည်း ယဲ့ချန်ကိုယ်ပွားအပေါ်တွင် သက်ရောက်မှုမရှိချေ။ သူနှင့်အတူ ပုံရိပ်ယောင်ပုလဲပါမလာခဲ့သော်လည်း စိတ်သန့်စင်လက်စွပ်ကို ဝတ်ဆင်ထားသည်။ ဤရတနာလေးတစ်ခုတည်းကပင် ပုံရိပ်ယောင်ပညာရှင်များကို ခေါင်းကိုက်သွားစေနိုင်သည်။

"ဒီလိုဆိုရင် တို့က ပွင့်ပွင့်လင်းလင်းပြောမယ် ချန်ရဲ။ မင်းမှာ ပုံရိပ်ယောင်ပုလဲရှိနေတယ်ဆိုတာကို သိထားတယ်။ ဒါက နတ်ဆိုးမြေခွေးမျိုးနွယ်ရဲ့ အမွေခံရတနာဖြစ်တယ်။ ဒါကိုသာ ငါ့ဆီပေးအပ်လိုက်ရင် မင်းလိုချင်တာမှန်သမျှ တောင်းဆိုနိုင်တယ်"

လျန်ရန်အာက အလွန်အမင်းရှက်ရွံ့နေဟန်ဖြင့် အနီရောင်နှုတ်ခမ်းလေးများကို ကိုက်ထားခဲ့သည်။ သူမက ရင်ဘတ်ရှေ့တွင် လက်နှစ်ဖက်ဖြင့် ကာထားသောကြောင့် ယုန်နှစ်ကောင်က အချိန်မရွေး ခုန်ထွက်လာမည့်ပုံပေါ်သည်။ သူမ၏အပြုအမူနှင့် ရုပ်သွင်က အလွန်ဆွဲဆောင်အားပြင်းနေသောကြောင့် စိတ်မခိုင်သော ယောကျ်ားများဆိုလျှင် တစ်ချက်ပင်မတွေးဘဲ ခုန်အုပ်မိပေလိမ့်မည်။

ကံမကောင်းသည်မှာ သူမရင်ဆိုင်နေရသည်က ယဲ့ချန်ဖြစ်နေသည်။ ပုံရိပ်ယောင်ပုလဲသည် မြေခွေးမျိုးနွယ်၏ရတနာဖြစ်ပြီး ၎င်းအတွင်း မြေခွေးမျိုးနွယ်၏ဘိုးဘေးများ နေထိုင်တည်ရှိနေကြသည်။ ထို့ကြောင့် လျန်ရန်အာက လိမ်လည်နေခြင်းဖြစ်ကြောင်း လယ်ပြင်တွင်ဆင်သွားသကဲ့သို့ ထင်ရှားနေသည်။

"စိတ်မကောင်းပါဘူး။ ခင်ဗျား ဘာသာဘာလုပ်လုပ် ပုံရိပ်ယောင်ပုလဲကို မပေးနိုင်ဘူး"

ယဲ့ချန်သည် လက်နှစ်ဖက်ကို နောက်ပစ်ထားရင်း လျန်ရန်အာကို စိုက်ကြည့်နေခဲ့သည်။ သူက ထိုမြေခွေးမ နောက်ထပ်ကြံစည်မည့် လှည့်ကွက်များကို သိချင်စိတ်ဖြစ်လာသည် ။ သူမ၏မျက်နှာပေါ်ရှိအပြုံးက ယဲ့ချန်၏စကားကြောင့် ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။ သူမ၏ဆွဲဆောင်မှုက ယဲ့ချန်နှင့်အတွေ့တွင် ပထမဆုံးအကြိမ် ကျရှုံးခဲ့ရသည်။ သူမက ယဲ့ချန်ကို ယောကျ်ားမှစစ်ပါလေစဟု သံသယဝင်နေသည်။ အကယ်၍ ယဲ့ချန်သာ ပုံရိပ်ယောင်ပုလဲကို ယူဆောင်လာကြောင်း မသိထားလျှင် တိုက်ခိုက်လုယူမိပေလိမ့်မည်။

"အစွမ်းထက်ရတနာသုံးခုနဲ့ လဲမယ်"

လျန်ရန်အာ၏မျက်နှာက အကြိမ်အနည်းငယ်ခန့် တွေဝေနေပြီးနောက် ဆက်လက်သရုပ်ဆောင်မနေခဲ့ပေ။ သူမက အံကြိတ်၍ ဓားတစ်လက်၊ လည်ဆွဲတစ်ကုံးနှင့် ပုလဲတစ်လုံးကို ထုတ်ယူပြသလိုက်၏။ ၎င်းတို့အားလုံးက လေထဲတွင် တဖိတ်ဖိတ်တောက်ပနေသည်။

"ခင်ဗျားက အဖိုးတန်ရတနာဆယ်ခုထုတ်ပေးရင်တောင် မလဲဘူး။ လက်လျှော့လိုက်"

ယဲ့ချန်သည် လျန်ရန်အာက ဤရတနာများ မည်သို့ရထားကြောင်း စဥ်းစားလိုက်သည်။ တစ်ဖက်လူက အသက်ထောင်ချီ နေထိုင်လာသူဖြစ်သောကြောင့် အစွမ်းထက်ရတနာများပိုင်ဆိုင်ထားခြင်းက အကျိုးအကြောင်းသင့်ပေသည်။ သူက ရတနာများကို တစ်ချက်ပင်မကြည့်ဘဲ ငြင်းဆန်လိုက်သည်။

"သေချာလား"

လျန်ရန်အာက သူ၏စကားကြောင့် အံ့အားသင့်သွားခဲ့သည်။ ပုံရိပ်ယောင်ပုလဲက လူသားများအတွက် များစွာအသုံးမဝင်သော်လည်း ယဲ့ချန်သည် သူမနှင့် အလဲအလှယ်လုပ်ရန်အတွက် ငြင်းဆန်ခဲ့၏။ ယဲ့ချန်က အမှန်တကယ် ညှိုနှိုင်းရ ခက်ခဲသူဖြစ်သည်။

"အဘွားကြီး ခင်ဗျား နားမကောင်းတော့တာလား။ နောက်တစ်ခေါက်ထပ်ပြောရဦးမလား"

ယဲ့ချန်၏စကားကြောင့် လျန်ရန်အာ၏ သတ်ဖြတ်လိုစိတ်က ဝုန်းခနဲထွက်ပေါ်လာသည်။

"ခင်ဗျားက တိုက်ခိုက်ချင်တာလား။ အဆင့်တစ်ပိုင်နက်လောက်လေးနဲ့ ကျုပ်ကိုသတ်ဖို့ မလွယ်ဘူးထင်တယ်"

ယဲ့ချန်က ကြောက်စိတ်ကင်းမဲ့စွာဖြင့် သူမကို စိန်ခေါ်လိုက်သည်။ ကြယ်ပိုင်နက်ထွက်ပေါ်လာ၍ လျန်ရန်အာ၏အရှိန်အဝါကို ချက်ချင်းချေမွပစ်လိုက်သည်။ သူက စိတ်သန့်စင်ကျောက်မျက်ကို ဝတ်ဆင်ထားသဖြင့် သူမ၏ပုံရိပ်ယောင်အစွမ်းက အသုံးဝင်မည်မဟုတ်ပေ။ သူတို့တိုက်ခိုက်ကြလျှင် လျန်ရန်အာက ပိုင်နက်ကိုသာ အားကိုးရပေလိမ့်မည်။

"နင် နင် စောင့်နေလိုက်စမ်း"

လျန်ရန်အာက အေးစက်စက်ခြိမ်းခြောက်၍ ညအမှောင်အတွင်း အနီရောင်အလင်းတစ်ခုပမာ လှစ်ခနဲ ပျောက်ကွယ်သွားခဲ့သည်။ ယဲ့ချန်က သူမကို မည်းနက်သောမျက်နှာဖြင့် စိုက်ကြည့်နေသည်။ ဤမိန်းမက အနာဂတ်တွင် အန္တရာယ်တစ်ခု ဖြစ်လာနိုင်သော်လည်း သမာဓိကောင်စီကိုဆန့်ကျင်နေရသော အခြေအနေတွင် အကြောင်းပြချက်မရှိ၊ တိုက်ခိုက်၍မရပေ။

မီးတောက်သစ်နက်မျိုးနွယ်၏ ပုန်ကန်မှုကြောင့် နတ်မိုးကြိုးမြို့တော်က တစ်ညလုံး ဗြောင်းဆန်နေသည်။ နံနက်အလင်းရောက်သောအခါ ဟေးယွမ်သည် သမာဓိကောင်စီ၏ သူလျှိုတစ်ယောက်ဖြစ်နေသောကြောင့် သစ်နက်မျိုးနွယ်ဝင်များက ဆန့်ကျင်ခြင်းကို ရပ်တန့်လိုက်ကြသည်။ မြေပြင်ပေါ်ရှိ အလောင်းများကို ရှင်းလင်းပြီးဖြစ်သော်လည်း လေထဲတွင် သွေးနံ့များ လွှမ်းခြုံနေသည်။

ယဲ့ချန်နှစ်ယောက်တွင် တစ်ယောက်က ပိုလင်း၏ခြံဝန်းအတွင်း ကျင့်ကြံနေကာ နောက်တစ်ယောက်က မြို့တော်အတွင်း လောင်ရင်၊ ပိုလင်းတို့နှင့်အတူ လှည့်ပတ်သွားလာနေသည်။ ဤနေရာတွင်ရောင်းချသော ရတနာများက အရည်အသွေးမြင့်မားပြီး လူသားအဆင့် ဝိညာဥ်လက်နက်များလည်း ရှိသည်။ သို့သော် ယဲ့ချန်၏အမြင်ကို ဆွဲဆောင်နိုင်သည်မှာ အနည်းငယ်သာဖြစ်၏။ သူက လမ်းတလျှောက်သတ်ဖြတ်ခဲ့သော နတ်ဘုရင်အဆင့် ဝိညာဥ်သားရဲအလောင်းများကို ဆည်းဆာရွှေကဲ့သို့ အသုံးဝင်သော ရတနာများနှင့် လဲလှယ်ခဲ့သည်။

ပိုမေ့၊ ကျန်းလီနှင့် ရှထုံတန်းက သူလျှိုအားလုံးကို သတ်ဖြတ်ခဲ့သည်။

"လက်ရှိမှာ ငါတို့မြို့တော်က လုံခြုံသွားပြီ"

"အတွင်းကနေတိုက်ခိုက်တာသာ မခံရရင် ကာကွယ်ရေးအစီအရင်ကို အပြင်ကထိုးဖောက်ဖို့ မဖြစ်နိုင်ဘူး"

"မီးတောက်သစ်နက်မျိုးနွယ်ခေါင်းဆောင် ဟေးယွမ်ကို သမာဓိကောင်စီက ထိန်းချုပ်ထားတယ်လို့ ကြားမိတယ်။ ဘယ်လိုနည်းလမ်းမျိုးလဲလို့ ငါ မပြောတတ်ပေမယ့် သူ့ခွန်အားက သခင်ကျန်းနဲ့ ခေါင်းဆောင်ရှနီးနီး မြင့်တက်လာတယ်တဲ့"

စျေးအတွင်း၌ ကျင့်ကြံသူများစွာက ညမှဖြစ်ရပ်အကြောင်း ဆွေးနွေးနေကြသည်။

"ကုမင်နဲ့ ကုရန် ရောက်လာပြီ"

မြို့ရိုးပေါ်မှရောက်လာသော သတင်းတစ်ခုက တစ်မြို့လုံးကို အုတ်အော်သောင်းတင်းဖြစ်သွားစေခဲ့သည်။ သမာဓိကောင်စီ၏ ခေါင်းဆောင်နှစ်ယောက်က တပ်စခန်းအတွင်း ထွက်ပေါ်လာခဲ့သည်။

"နတ်ပန်းပဲက ဘယ်မှာလဲ"

"သူ့ကိုတော့ မတွေ့မိဘူး"

"သမာဓိကောင်စီက စစ်ပွဲစတော့မှာလား"

"ကောင်းကင်ဘုံ ကောင်းချီးပေးပါစေ။ နတ်မိုးကြိုးမြို့တော်ကို ကာကွယ်ကြ"

သမာဓိခေါင်းဆောင်များ၏ ကြောက်မက်ဖွယ်ခွန်အားက လျှို့ဝှက်ချက်တစ်ခု မဟုတ်သောကြောင့် မြို့အတွင်းရှိ ကျင့်ကြံသူတိုင်းက စိုးရိမ်တကြီးဖြစ်လာကြသည်။

ယဲ့ချန်တို့သုံးယောက်က မြို့ရိုးများထံ ချီတက်လာကြသည်။ ထိုနေရာတွင် အစောင့်များ တင်းတင်းကြပ်ကြပ်ချထားပြီး ရန်သူတပ်စခန်းသို့ လှမ်းမျှော်ကြည့်လိုက်လျှင် ရုပ်သေးများနှင့် ခေါင်းဆောင်နှစ်ယောက်က လေပေါ်သို့ပျံတက်လာသည်ကို မြင်နေရသည်။ ကုမင်နှင့် ကုရန်က အညိုရောင်ဝတ်ရုံကိုယ်စီ ဆင်မြန်းထားသဖြင့် ရုပ်သေးများအကြား ထင်ရှားနေပြီး ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုကို နတ်မိုးကြိုးမြို့တော်ထံ ပို့လွှတ်ထားသည်။ သူတို့က ကာကွယ်ရေးအစီအရင်ကို စမ်းသပ်နေခြင်းဖြစ်နိုင်သော်လည်း အရှိန်အဝါက ကြောက်မက်ဖွယ်ဖိအားတစ်ခုကို သယ်ဆောင်လာသည်။ နှစ်ယောက်လုံးက အရှေ့ပိုင်းတိုက်ကြီးတစ်ခုလုံးတွင် ထိပ်တန်းတည်ရှိမှုများ ဖြစ်ကြသည်။

ထိုအချိန်တွင် လျှပ်စီးမျှော်စင်ထက်တွင်ရှိနေသော ပိုမေ့၏မျက်နှာထားက လေးနက်လာသည်။ သူက အဆင့်နှစ်ပိုင်နက်ကို အသက်သွင်း၍ တစ်မြို့လုံးကို ကာကွယ်ထားလိုက်သည်။ ရရှိထားသောသတင်းများအရ သမာဓိကောင်စီသည် လဝက်အတွင်း တိုက်ခိုက်လာနိုင်သော်လည်း ယနေ့ဖြစ်ရပ်က အလောတကြီးနိုင်နေသည်။ သမာဓိကောင်စီမှ နတ်မိုးကြိုးမြို့တော်တွင် ဟာကွက်တစ်ခုခု ရှာတွေ့သွားနိုင်ချေရှိသည်။

"ဒီကောင်တွေက စစ်ပွဲစချင်ရင် ငါ့ဘက်ကလည်း အသင့်ပဲ"

ပိုမေ့၏ကိုယ်တွင်းမှ တိုက်ပွဲဆာလောင်စိတ်က ဝုန်းခနဲ ထွက်ပေါ်လာသည်။ ဤကား သူနှင့် သမာဓိကောင်စီခေါင်းဆောင်နှစ်ယောက်၏ တိုက်ပွဲဖြစ်သကဲ့သို့ မိုးကြိုးမျိုးနွယ်နှင့် သမာဓိကောင်စီ၏ စစ်ပွဲလည်း ဖြစ်သည်။ စစ်ပွဲက အချိန်မရွေး စတင်လာနိုင်သောကြောင့် မြို့ရိုးပေါ်ရှိလေထုက တင်းမာနေသည်။ သို့သော်လည်း ရန်သူရုပ်သေးများက ချက်ချင်းတိုက်ခိုက်မလာဘဲ နတ်မိုးကြိုးမြို့တော်ကို အပြင်ဘက်မှ ဝန်းရံလိုက်သောကြောင့် လူတိုင်း အံ့သြသွားကြသည်။ ၎င်းတို့က လေထဲတွင် မလှုပ်မရှားဖြင့် ငြိမ်သက်စွာ ရပ်နေခဲ့ကြသည်။

သုံးရက်ကြာသည်အထိ သမာဓိကောင်စီဘက်မှ လှုပ်ရှားလာခြင်းမရှိပေ။ နတ်မိုးကြိုးမြို့တော်ဘက်မှ မပေါ့ဆရဲသောကြောင့် မြို့ရိုးပေါ်ရှိအစောင့်များက သတိကြီးကြီးထား၍ အချိန်မရွေးတိုက်ခိုက်နိုင်ရန် အသင့်ပြင်ထားကြသည်။ ဤသုံးရက်အတွင်း ယဲ့ချန်၊ လောင်ရင်နှင့် ပိုလင်းသည်လည်း မြို့ရိုးပေါ်တွ င်သမာဓိကောင်စီ တိုက်ခိုက်လာမည်ကို စောင့်ကြည့်နေခဲ့ကြသည်။ သို့သော်လည်း တစ်ဖက်က အချိန်ကြာမြင့်စွာ ငြိမ်သက်နေသောအခါ ယဲ့ချန်၏စိတ်ထဲတွင် သံသယအတွေးများ ဖြစ်ပေါ်လာသည်။

နတ်မိုးကြိုးမြို့တော်အတွင်း လျန်ရန်အာတည်းခိုသည့် မိုးကြိုးနက်ခြံဝန်းအတွင်း၌ ဆင်ယင်ထားသည်က ပိုလင်း၏နန်းဆောင်နှင့် တူညီနေသည်။ သို့သော် နေရာတိုင်းတွင် ပန်းရောင်ဇာပဝါများ တွဲလောင်းကျနေသဖြင့် ပို၍ညှို့ငင်နိုင်စွမ်းရှိနေသည်။ အစောင့်များက ခန္ဓာကိုယ်အထက်ပိုင်းဗလာနှင့် ယောကျ်ားများဖြစ်ကာ ခြံဝန်းကို အချိန်တိုင်း ကင်းလှည့်နေကြသည်။

ခြံဝန်း၏အတွင်းပိုင်းရှိ အခန်းတစ်ခုထဲတွင် ပန်းရောင်ပိုးချည်တစ်ထည်က ပြတင်းပေါက်မှ ဝင်ရောက်လာသော အလင်းများကို ဖုံးကွယ်နေသည်။ အချိန်တိုင်း ညည်းညူသံအချို့က အခန်းတွင်းမှ ထွက်ပေါ်နေခဲ့လေသည်။

All Chapters