← Chapters

ဇမ္ဗူရာဇ်ရွှေ

Vol. 8 Ch. 15

ဇမ္ဗူရာဇ်ရွှေ

Vol. 8 Ch. 15

ပိုးကောင်သုံးကောင်ကို အနိုင်တိုက်ပြီးတဲ့နောက်တော့ ဖရာလီတာက မြို့တော်ရန်ကုန်ကို ပြန်လာခဲ့တယ်။ ဖရာလီတာ နန်းတော်ဆီကိုရောက်တော့ နန်းတော်ထဲကသူတွေက သူ့ကိုညီလာခံခန်းမဆီကို ခေါ်သွားပေးတယ်။ အစကတော့ ဆုဗာနာမှာလိုမျိုး လွှတ်တော်ရှေ့မှာ သူ့ကိုဂုဏ်ပြုပေးဖို့လို့ ထင်ထားခဲ့ပေမဲ့ ညီလာခံခန်းမထဲဝင်လိုက်တော့ ဧရာမဒေါင်းပလ္လင်ပေါ်မှာ ထိုင်နေတဲ့ ဘုရင်သူရိန်တစ်ယောက်တည်းကိုပဲ တွေ့ရတယ်။

ကျီ...

ဖရာလီတာ ညီလာခံခန်းမထဲကို ဝင်ပြီးတဲ့နောက် တံခါးပိတ်သွားတယ်။ သူကောင်းမျိုးဂါဝန်နဲ့မိန်းကလေးက ပလ္လင်ပေါ်မှာထိုင်နေတဲ့ ဘုရင်ကိုကြည့်လိုက်ပြီးတော့ ပခုံးတွန့်ပြလိုက်တယ်။

“ရှင်ပြောတော့ ပိုးကောင်က တစ်ကောင်တည်းဆို၊ ဘယ်လိုလုပ်ပြီး သုံးကောင်ဖြစ်နေရတာလဲ။”

“ငါ့ကိုပိုးကောင်တစ်ကောင်က ခြုံခိုတိုက်တယ်လို့ပဲ ပြောခဲ့တာ ၊ တခြားကောင်တွေမရှိဘူးလို့ မပြောခဲ့မိပါဘူး။ ဘာပဲဖြစ်ဖြစ် မင်းအောင်မြင်လာတယ်ဆိုတော့ ငါ့ကတိအတိုင်း ဇမ္ဗူရာဇ်ရွှေက မင်းအပိုင်ပဲ။”

ဘုရင်သူရိန်က ခန်းမအလယ်မှာရှိနေတဲ့ ကြာကလပ်ကို လက်ညိုးညွန်ပြလိုက်တယ်။ ကြာကလပ်ထဲမှာ ဘုရင်သူရိန်ကိုင်ထားခဲ့တဲ့ ရွှေပြားနီနီရှိနေပြီးတော့ ဖရာလီတာက ခေါင်းညိတ်ပြီး လျှောက်သွားလိုက်တယ်။ ဒါပေမဲ့ ဖရာလီတာ အနားကိုရောက်မလာခင် ဘုရင်သူရိန်က တစ်ခုသတိပေးလိုက်ပါပြီ။

“ဒါပေမဲ့ အဲဒီရွှေကို မင်းအသုံးချနိုင်တာမနိုင်တာကတော့ ငါနဲ့မဆိုင်ဘူးနော်။”

ဖရာလီတာလည်း အဲဒီအဆုံးမရှိအစမရှိစကားကြောင့် ဘုရင်သူရိန်ကို မော့ကြည့်ပြီးမေးလိုက်တယ်။ “ရှင့်စကားက... ဒီရွှေမှာ ပြဿနာတစ်ခုခုရှိနေလို့လား။”

“ဇမ္ဗူရာဇ်ရွှေကို ထိုက်တန်သူတွေပဲ အသုံးပြုနိုင်တာ။ ကိုယ့်နှလုံးသားထဲကနေ အရာတစ်ခုကို ကာကွယ်ချင်လာတဲ့အခါမျိုးမှ ဇမ္ဗူရာဇ်ရွှေက လူတစ်ယောက်ကို သခင်အဖြစ် အသိအမှတ်ပြုတယ်။ ဒီလိုမှမဟုတ်ရင်...”

“ဒီလိုမှမဟုတ်ရင် ဘာဖြစ်မှာလဲ။” ဘုရင်သူရိန်က ဆက်မပြောဘဲ ရပ်ထားတဲ့အတွက်ကြောင့် ဖရာလီတာက မေးလိုက်တယ်။ ဘုရင်သူရိန်က ဖရာလီတာရဲ့ရဲတင်းတဲ့ပုံစံကြောင့် တစ်ချက်ရယ်လိုက်တယ်။ ဖရာလီတာကတော့ စိတ်မရှည်တော့ဘူး။

“အဖိုးကြီး၊ စကားကိုရှင်းအောင်ပြော။ ရှင့်နန်းတော်ထဲမှာမလို့ ကျွန်မမသောင်းကျန်းရဲဘူး မထင်နဲ့နော်။”

ဘုရင်သူရိန်က သူ့စွမ်းအားကြောင့် အသက်ငယ်သေးသယောင်ထင်ရပေမဲ့ တကယ်တော့ အသက်အတော်ကြီးနေပါပြီ။ ဒါကြောင့်ဖရာလီတာက အဖိုးကြီးလို့ပြောလိုက်တာ။ ဘုရင်သူရိန်လည်း ရယ်နေတာကို ရပ်လိုက်ပြီးတော့ အခုလိုပြောလိုက်ပါတယ်။

“မင်းက ထိုက်တန်သူတစ်ယောက်မဟုတ်ရင် ဇမ္ဗူရာဇ်ရွှေရဲ့စစ်ဆေးမှုကို ဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူး။”

“အပြောကတော့ ကောင်းသား၊ ဒါပေမဲ့ ဘယ်လိုအရာမျိုးက ကျွန်မကို တားဆီးနိုင်မှာမလို့လဲ။ ကြည့်ရအောင်...”

“ငါခန့်မှန်းမိသလောက်၊ ဒီစမ်းသပ်မှုကို မင်းအောင်မြင်မှာမဟုတ်ဘူး။”

“ရှင်က ကျွန်မအကြောင်း ဘယ်လောက်သိလို့လဲ။”

ဖရာလီတာက ယုံကြည်ချက်အပြည့်နဲ့ ရှေ့တက်သွားလိုက်တယ်။ အနားရောက်လာတော့ ရွှေရဲ့အလင်းရောင်က ပိုပြီးတောက်ပလာတယ်။ ဖရာလီတာက ရွှေကိုယူဖို့အတွက် လက်လှမ်းလိုက်ချိန်မှာတော့ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို အလင်းရောင်တန်းတစ်ခုက ဖုံးလွှမ်းသွားပါတော့တယ်။

....

“ငါ ဘယ်ရောက်နေတာလဲ။” ဖရာလီတာ မျက်လုံးဖွင့်လိုက်တော့ သူမရင်းနှီးတဲ့ နေရာတစ်ခုကိုရောက်နေမှန်းနားလည်လိုက်မိတယ်။ နေရာက ချက်ကျောင်းတစ်ခုဖြစ်ပေမဲ့ မှောင်မိုက်နေပြီး ရောင်စုံဖန်စီပန်းချီကားတွေနဲ့ ပြုလုပ်ထားတဲ့ ပြတင်းပေါက်တွေက ကွဲကြေနေပြီးတော့ ဆုတောင်းရာမှာအသုံးပြုတဲ့ ထိုင်ခုံတန်းတွေကလည်း ကျိုးပဲ့နေတယ်။

“ဘာတွေလဲ...” သူ့ခြေထောက် စေးကပ်စေးကပ်အရာတချို့ကို နင်းမိထားတဲ့အတွက် ငုံကြည့်လိုက်တော့ အရည်တချို့ဖြစ်နေတာကို တွေ့လိုက်ရတယ်။ မှောင်လွန်းလို့ သေချာမမြင်ရပေမဲ့ အဲဒီအရည်တွေစီးလာတဲ့နေရာကို ကြည့်လိုက်တော့ မြေပြင်မှာလဲကျနေတဲ့ ခန္ဓာကိုယ်တစ်ခုကို တွေ့လိုက်ရပြီး ဖရာလီတာရဲ့မျက်လုံးတွေ ပြူးကျယ်သွားတယ်။

“ဖလေရာပါလား၊ ဘယ်လိုလုပ်ပြီး နင်ဒီကိုရောက်နေရတာလဲ။”

ဖရာလီတာက စိုးရိမ်စိတ်နဲ့ ကြမ်းပြင်ပေါ်မှာမှောက်လျက်လဲကျနေတဲ့ ဖလေရာဆီကို ပြေးသွားလိုက်ပြီး လှန်လိုက်တယ်။ ဖလေရာရဲ့ရွှေရောင်ဆံပင်တွေက စေးကပ်ကပ်အရည်တွေထဲမှာ ပေါလောမျောနေတယ်။ အဲဒီအနက်ရောင်အရည်တွေက ဖလေရာရဲ့ရင်ဘတ်ကနေ စီးကျနေတာဖြစ်ပြီး ဖရာလီတာက ထိတွေ့ကြည့်တဲ့အခါမှာတော့ ပူနွေးတဲ့ ခံစားချက်ကိုရလိုက်တယ်။ ‘အလင်းရောင်ကောင်းကောင်းမရှိလို့ ငါမသိခဲ့တာပဲ။’ ဖရာလီတာတွေးလိုက်တယ်။

“သွေးတွေပဲ...” ဖရာလီတာက သေချာအောင်လို့ ဖလေရာ အသက်ရှုမရှုစစ်ကြည့်တော့ အသက်ရှုမနေဘူး။ ဒါပေမဲ့ သွေးတွေက ပူနွေးနေဆဲဖြစ်တဲ့အတွက် အသတ်ခံရတာ သိပ်မကြာသေးတဲ့ပုံပဲ။ ဖရာလီတာက ဖလေရာကို သက်သောင့်သက်သာအနေအထားမှာ ပြန်လှဲချထားပေးပြီးတဲ့နောက် ဆုတောင်းခန်းမကြီးရဲ့ပတ်ပတ်လည်ကို ကြည့်လိုက်တယ်။ နေရာတိုင်းမှာ ပြန့်ကျဲနေတဲ့သူတွေ ရှိနေပြီးတော့ အားလုံးက ရင်းနှီးနေတဲ့သူတွေချည်းပဲ။

“ဆိုဖီယာ၊ ဖရက်၊ အေမီ၊ လီဆာနဲ့ တခြားသူတွေရောပဲ။ ဘယ်လိုလုပ်ပြီးတော့ သူတို့တွေအကုန်လုံး ဒီမှာအဆုံးသတ်ကုန်ကြတာလဲ။”

ချွင်... ချလွှင်....

ဖရာလီတာက သူ့ဘာသာသူပြောလိုက်ရင်း ရှေ့ဆက်လျှောက်တယ်။ ချက်ကျောင်းခန်းမတစ်ခုလုံး သွေးတွေနဲ့လွှမ်းနေပြီး ချော်မလဲအောင်လို့ အတော်သတိထားလျှောက်ရတယ်။ ခန်းမရဲ့ထိပ်ကိုရောက်ခါနီးတော့ လူရိပ်နှစ်ရိပ် ရပ်နေတာကို တွေ့လိုက်ရတယ်။ ပြီးတော့ ရှိုက်ငိုသံသဲ့သဲ့နဲ့သံကြိုးသံတချို့ကိုလည်း သူကြားနေရတယ်။

“ဘယ်သူတွေလဲ....” ဖရာလီတာက သူ့ကိုယ်သူမေးခွန်းထုတ်ရင်းနဲ့ အနားကပ်လာတော့ ငိုသံကို ပိုပြီးတော့ ကျယ်ကျယ်လောင်လောင် ကြားလာရတယ်။ အမှောင်ရိပ်ထဲက လူနှစ်ယောက်ကိုလည်း ပိုသည်းသည်းကွဲကွဲမြင်လာရပြီ။ အဖြူရောင်မင်္ဂလာဆောင်ဂါဝန်ကိုဝတ်ထားတဲ့ မိန်းကလေးတစ်ယောက်နဲ့ အနက်ရောင်မင်္ဂလာဆောင်ဝါဝန်ကိုဝတ်ထားတဲ့ မိန်းကလေးတစ်ယောက်ပါ။

အဖြူရောင်ဝတ်မိန်းကလေးရဲ့ငွေရောင်ဆံပင်ရှည်တွေက ခါးအထိဖြာကျနေပြီး အင်မတန်လှပတယ်။ အဲဒီမိန်းကလေးက သွေးစွန်းနေတဲ့မင်္ဂလာပွဲကိုလက်မခံနိုင်ပုံပဲ။ ဒါပေမဲ့ ဒီနေရာကနေ သူထွက်သွားနိုင်ဖို့ ခွန်အားမဲ့နေတယ်။ သံကြိုးတွေက သူ့ခြေလက်တွေကို တုပ်နှောင်ထားပြီး ကြမ်းပြင်နဲ့တွဲချည်ခံထားရတယ်။ လက်ထဲမှာတော့ မကိုင်ချင်ကိုင်ချင်ကိုင်ထားရတဲ့ အဖြူရောင်ပန်းစည်းရှိနေတယ်။

“မက်ဒါနာ၊ နင့်ကိုဘယ်သူဖမ်းထားတာလဲ။” ဖရာလီတာလည်း ခေါင်းနပန်းကြီးသွားပြီးတော့ ပြေးသွားတယ်။ အဲဒီနောက် မက်ဒါနာရဲ့လက်တွေခြေတွေကိုတုပ်နှောင်ထားတဲ့ သံကြိုးတွေကို ဖြုတ်ပေးဖို့ကြိုးစားပေမဲ့ သူ့ကိုယ်သူ အားနည်းတဲ့မိန်းကလေးတစ်ယောက်သာဖြစ်မှန်း ပြန်သတိရသွားတယ်။

“ခနစောင့်၊ နင့်ကိုဒီကနေ ရအောင်ငါလွှတ်ပေးမယ်။”

“အဟမ်း...” ဖရာလီတာ ပျာယာခတ်နေတုန်း နောက်ကနေ ချောင်းဟန့်သံထွက်လာတဲ့အတွက် နောက်ကိုလှည့်ကြည့်တော့ အနက်ရောင်မင်္ဂလာဆောင်ဝါဝန်ဝတ်ထားတဲ့ မိန်းကလေးရဲ့မျက်လုံးတွေနဲ့ အကြည့်ချင်းဆုံမိသွားတယ်။

အနက်ရောင်ဝတ်မိန်းကလေးက ဖရာလီတာနဲ့ခေါင်းအစခြေအဆုံးတူပြီး မျက်လုံးအရောင်လေးပဲကွဲတယ်။ အနက်ရောင်ဖရာလီတာရဲ့မျက်လုံးတွေက အနီရောင်ဖြစ်နေပြီး တပ်မက်မှုနဲ့လောင်ကျွမ်းမှုနှစ်မျိုးတွဲနေတဲ့ ခံစားချက်ကို ပေးစွမ်းနေတယ်။

“သူ့ကို ငါဖမ်းထားတာလေ၊ ဒီညပြီးသွားရင် သူက ငါ့အပိုင်ဖြစ်လာတော့မှာ။” အနက်ရောင်ဖရာလီတာက ဂါဝန်ကိုမလိုက်ရင်း စိတ်ကူးယဥ်ဆန်တဲ့လေသံနဲ့ပြောလိုက်တယ်။

“နင်က ဘယ်သူလဲ၊ မက်ဒါနာကို ဘာကိစ္စဖမ်းထားတာလဲ။ ပြီးတော့ အကုန်လုံးကို နင်သတ်လိုက်တာလား။”

ဖရာလီတာက မေးလိုက်တော့ အနက်ရောင်ဖရာလီတာက သူ့ကိုအရိုင်းဆန်တဲ့အကြည့်နဲ့ကြည့်လိုက်ပြီး စိတ္တဇဆန်တဲ့ အပြုံးမျိုးပြုံးလိုက်တယ်။

“နင်ဘာတွေပြောနေတာလဲ၊ နင့်ကိုယ်နင် မသိချင်ယောင်ဆောင်နေတာတော့မဟုတ်ပါဘူး။ ငါကလည်း နင်၊ နင်ကလည်းငါပဲလေ။”

အနက်ရောင်ဖရာလီတာရဲ့စကားကြောင့် ဖရာလီတာ နောက်ကိုအလိုလိုဆုတ်မိလိုက်တယ်။ အနက်ရောင်ဖရာလီတာကတော့ ရှေ့ကိုတစ်လှမ်းတိုးလိုက်တယ်။ ဖရာလီတာ သူ့ကိုယ်သူပြန်ငုံကြည့်တော့ သူကိုယ်တိုင်က အနက်ရောင်မင်္ဂလာဆောင်ဂါဝန်ကိုဝတ်ထားပြီး သူ့ရှေ့က မိန်းကလေးနဲ့ရာနှုန်းပြည့်တူညီနေတာ တွေ့ရတယ်။

“ဘာတွေလဲ၊ မဖြစ်နိုင်ဘူး။ ငါက အဲဒီလိုအရာမျိုး ဘယ်တော့မှလုပ်မှာမဟုတ်ဘူး။” ဖရာလီတာက အသည်းအသန်ငြင်းနေပေမဲ့ အနက်ရောင်ဖရာလီတာကတော့ အနားရောက်လာပြီး နားနားကပ်ပြောလိုက်တယ်။

“ကိုယ့်ကိုယ်ကိုယ်လိမ်မနေစမ်းပါနဲ့၊ နည်းနည်းလေးပိုပြီး ရိုးသားလိုက်စမ်းပါ။ တခြားအရှုပ်ထုတ်တွေကိုသတ်ပြီးတော့မှ ငါတို့တစ်ယောက်တည်း မက်ဒါနာကိုပိုင်ဆိုင်နိုင်မှာလေ။”

စိတ်ထဲမွန်းကျပ်လာတဲ့ ဖရာလီတာက သူ့ရှေ့ကဖရာလီတာကို တွန်းထုတ်လိုက်တယ်။ အဲဒီဖရာလီတာက အကျယ်ကြီးအော်ရယ်လိုက်ပြီးနောက် ပျောက်ကွယ်သွားတယ်။ ပထမတော့ စိတ်သက်သာရာရစွာနဲ့ပြုံးလိုက်မိပေမဲ့ နောက်တစ်ခနနေတော့ သူ့ရှေ့က မြင်ကွင်းက ပြောင်းသွားပြန်ပြီ။

....

“နင်....” သူ့ရှေ့မှာရပ်နေတဲ့ ဖလေရာက ခြေထောက်တွေအားမရှိတော့ဘဲ ယိုင်နဲ့လဲကျသွားတယ်။ သူ့ရင်ဘတ်ကနေ သွေးတွေစိမ့်ထွက်နေပြီးတော့ ဖရာလီတာက သူ့လက်သူငုံကြည့်လိုက်တော့ သွေးစွန်းနေတဲ့ဓားကို သူ့လက်ထဲမှာ ကိုင်ထားမိမှန်း သတိထားမိလိုက်တယ်။ ဓားရဲ့မျက်နှာပြင်ပေါ်မှာတော့ စိတ္တဇဆန်ဆန်ပြုံးနေတဲ့ သူ့မျက်နှာကိုယ်သူ ပြန်မြင်နေရတယ်။

“မဖြစ်နိုင်ဘူး....” သူဓားကို ကြမ်းပြင်ပေါ်ပစ်ချလိုက်တယ်။ ဒါပေမဲ့ ဘုရားကျောင်းကြမ်းပြင်ပေါ်မှာ ငြင်းလို့မရတဲ့ သက်သေတွေရှိနေပြီးသား။ မက်ဒါနာနဲ့ပတ်သက်တဲ့ မိန်းကလေးတွေအကုန်လုံး ဒီမှာသေဆုံးနေကြတယ်။ မက်ဒါနာနဲ့သိပ်ပြီးမရင်းနှီးတဲ့ ချီလုလုနဲ့လေဒီဘက်တာဖလိုင်းတောင် ထောင့်တစ်ထောင့်မှာလဲပြိုကျနေတာကို သူမြင်နေရတယ်။

ဖရာလီတာက သူ့ရှေ့ကိုကြည့်လိုက်တော့ တစ်ကိုယ်လုံးကြိုးနဲ့တုပ်ခံထားရပေမဲ့ ငိုရှိုက်နေပြီး သူ့ကိုမုန်းတီးစွာကြည့်နေတဲ့ မက်ဒါနာရဲ့မျက်လုံးတွေနဲ့ အကြည့်ချင်းဆုံမိသွားတယ်။

“မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး...” သူ့ခေါင်းကိုသူ ဆုပ်ကိုင်ပြီးတော့ ဆံပင်တွေကို ဆောင့်ဆွဲလိုက်မိပေမဲ့ နာကျင်မှုကြောင့် ဒါဟာတကယ်ဖြစ်နေမှန်း သူသိနေတယ်။

“ဘုရားရေ၊ အဲဒီလိုရူးရူးမိုက်မိုက်အရာတစ်ခုကို ငါတကယ်လုပ်ခဲ့မိတာလား။” ဖရာလီတာက မှန်တစ်ချပ်မှာပေါ်နေတဲ့ သူ့ရဲ့မျက်နှာကိုသူ ပြန်စိုက်ကြည့်လိုက်မိတယ်။ အခုသူ့မျက်လုံးတွေက ကြက်သွေးရောင်ဖြစ်နေတယ်။

“သူ့အနားကလူတွေ ပျောက်ကွယ်သွားမှ ငါသူ့ကို ပိုင်ဆိုင်ခွင့်ရမယ်လို့ ငါအမြဲတမ်းတွေးနေခဲ့မိတာမဟုတ်လား။”

ဖရာလီတာက အဲဒီအတွေးကို တစ်ချက်တွေးလိုက်ပြီးနောက် သူ့မျက်နှာပေါ်က တင်းကြပ်နေတဲ့ အမူအရာ ပျောက်ကွယ်သွားတယ်။ ရုတ်တရက် သူ့ရင်ထဲမှာ ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်လာသလိုပဲ။ အစပိုင်းတော့ သိပ်မသိသာပေမဲ့ အဲဒီပျော်ရွှင်မှုတွေက ဆင်ခြင်တုံတရားကို လုံးဝဖုံးလွှမ်းသွားပြီး...

“အဟက်....” သူလှောင်ပြုံးပြုံးလိုက်မိတယ်။ အဲဒီနောက်တော့ တုပ်နှောင်ခံထားရတဲ့ မက်ဒါနာနားကို သူဖြည်းဖြည်းချင်းတိုးသွားလိုက်တယ်။ မက်ဒါနာက ရုန်းကန်နေပေမဲ့ သူ့ရဲ့အားနည်းတဲ့ခန္ဓာကိုယ်လေးနဲ့ ဘယ်လိုလုပ်ပြီး အဲဒီသံမဏိကြိုးတွေကို ဖြတ်နိုင်မှာလဲ။

“ပြန်ပြီးတွေးကြည့်တော့မှ... အဲဒီချိုမြိန်တဲ့အရသာကို ငါစခံစားဖူးတာ မကြာသေးဘူးပဲ။ လင်ဒါသေသွားပြီးတဲ့နောက် ငါ့အနားမှာ အနှောင့်အယှက်တစ်ခုမရှိတော့ဘူးလို့ အမြဲတမ်းတွေးနေခဲ့မိတာ။ ဒီလိုနဲ့ငါတစ်ယောက်ပြီးတစ်ယောက်ကို ရှင်းထုတ်ဖို့ အကြံရလာပါလေရောလား။”

ဖရာလီတာက သူ့ဘာသာသူတစ်ယောက်တည်းပြောနေတယ်။ အဲဒီနောက် မက်ဒါနာရဲ့ပါးပြင်ပေါ်ကို လက်ဖဝါးတင်လိုက်ပြီး မက်မောမှုကြောင့် ဘာကိုမှမမြင်နိုင်တော့တဲ့ပုံစံနဲ့ သွားတွေပေါ်အောင်ပြုံးလိုက်တယ်။

ဘုရားကျောင်းထဲမရောက်ခင်အဖြစ်အပျက်တွေကို တစ်ခုချင်းစီ သူပြန်တွေးမိတယ်။ မက်ဒါနာကို သူပြန်ပေးဆွဲပြီးတော့ မက်ဒါနာနဲ့သက်ဆိုင်တဲ့သူတွေအားလုံးဆီကို သူစာပို့ခဲ့တယ်။ ညနေစောင်းအချိန် ဘုရားကျောင်းထဲကို မြူတန့်လက်ထိပ်တပ်ပြီးဝင်ရမယ်၊ ဘာလက်နက်မှယူလာလို့မရဘူး။ ဒီလိုမှမဟုတ်ရင် မက်ဒါနာရဲ့လုံခြုံရေးကို အာမမခံဘူးဆိုပြီးတော့ပေါ့။ အဲဒီနောက်တော့ ဖရာလီတာက ဓားတစ်ချောင်းနဲ့ သူ့ရဲ့တိုက်ပွဲကိုစတော့တာပဲ။ ဆိုဖီယာတောင်မှ သူ့လှည့်ကွက်ထဲကျရောက်သွားပြီး ကျန်တဲ့သူတွေဆိုရင်တော့ ပြောနေစရာမလိုတော့ဘူး။ အခုသူတစ်ယောက်တည်းပဲ ကျန်တော့တာဖြစ်ပြီး မက်ဒါနာက သူ့အပိုင်ဖြစ်သွားပြီ။ မက်ဒါနာက သူ့ကိုမုန်းသွားရင်တောင် တစ်သက်လုံး သူ့အနားမှာပဲ ရှိနေတော့မှာလေ။

“....” ဒါပေမဲ့ အဲဒီအပြုံးက မကြာခင်မှာပဲ အေးခဲသွားတယ်။ ဖရာလီတာက သူ့လက်သူရွံရှာနေတဲ့ အကြည့်မျိုးနဲ့ ပြန်ကြည့်လိုက်ပြီး မက်ဒါနာရဲ့ပါးပြင်ကနေရုပ်လိုက်တယ်။ အဲဒီနောက် မျက်ရည်တွေစီးကျနေတဲ့ မက်ဒါနာရဲ့မျက်နှာကို ကြည့်လိုက်ပြီး သူ့ပါးသူရိုက်ချလိုက်တယ်။ ပတ်ဝန်းကျင်တစ်ခုလုံးက မြင်ကွင်းတွေမှောင်ကျသွားပြန်တယ်။

“မဟုတ်ဘူး၊ လင်ဒါသေသွားလို့ ငါခနလောက်ပျော်မိတယ်ဆိုရင်တောင်မှ အဲဒီလိုအရာမျိုးကို ငါလုပ်ဦးမှာမဟုတ်ဘူး။”

“ဘယ်လိုအတွေးမျိုးနဲ့ငါ.. ငါကတစ်ကိုယ်ကောင်းဆန်ပြီး သူနာကျင်စေမယ့် ကိစ္စမျိုးကို လုပ်ရဲမှာလဲ။”

ဖရာလီတာထိုင်ချလိုက်တယ်။ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မည်းနေတာပဲ။ ကြမ်းပြင်ကိုတောင် သူမမြင်ရဘူး။ အမှောင်ထုထဲမှာ လမ်းပျောက်နေပြီးတော့ သူငိုနေမိတယ်။ ငိုရှိုက်သံတစ်ခုတည်းကပဲ တိတ်ဆိတ်တဲ့အမှောင်ထုထဲမှာ ထွက်ပေါ်နေတယ်။

ဒေါက်... ဒေါက်... ဒေါက်....

ရုတ်တရက် ခြေသံကြားရလို့ မော့ကြည့်လိုက်တော့ အနက်ရောင်ဂါဝန်နဲ့ဖရာလီတာကို သူထပ်မြင်ရပြန်တယ်။ “ဟေ့၊ တခြားသူတွေကို နင်ညာရင်ညာလို့ရမယ်။ ဒါပေမဲ့ နင့်ကိုယ်နင်တော့ ညာလို့မရဘူးလေ။”

အနက်ရောင်ဖရာလီတာက ပြောလိုက်တယ်။

တိတ်ဆိတ်မှုက အမှောင်ထုကို နောက်တစ်ကြိမ်လွှမ်းခြုံသွားပြန်တယ်။ အနက်ရောင်ဖရာလီတာက ထိုင်ချပြီးငိုနေတဲ့ ဖရာလီတာကိုလှည့်ပတ်လျှောက်ရင်း ရယ်မောလိုက်တယ်။ “အဲဒီတစ်ယောက် သေသွားတာလည်း နင့်ပယောဂမကင်းဘူးမဟုတ်လား။”

အနက်ရောင်ဖရာလီတာက ဖရာလီတာရဲ့မျက်လုံးတွေကို စိုက်ကြည့်ပြီးတော့ ပြောလိုက်တယ်။ “အဲဒီမစ်ရှင်မစခင်ကတည်းက သူတို့စွမ်းအားက မလုံလောက်မှန်းနင်သိတာပဲ။ နင့်တာဝန်က သူတို့ကိုထားခဲ့ဖို့ မက်ဒါနာကိုဖျောင်းဖျသင့်တာမဟုတ်လား။ ဒါပေမဲ့ သူတို့ထဲက တစ်ယောက်ယောက်သေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ သူတို့ကိုနင်ခေါ်လာခဲ့တာပဲ။”

ဖရာလီတာက နှုတ်ခမ်းကိုက်ပြီးတော့ အနက်ရောင်ဖရာလီတာကို မော့ကြည့်လိုက်တယ်။ အနက်ရောင်ဖရာလီတာကတော့ ဆက်ပြီးပြောနေတုန်းပဲ။ “နင့်ရဲ့အတိုင်းအဆမဲ့တဲ့ဦးနောက်နဲ့ ဒီလောက်တော့ ကြိုခန့်မှန်းမိမှာပဲမဟုတ်လား။”

“မဟုတ်ဘူး....” ဖရာလီတာဆီကနေ တည်ငြိမ်လေးနက်တဲ့ စကားသံထွက်ပေါ်လာတယ်။ ဖရာလီတာက အနက်ရောင်ဖရာလီတာရဲ့လက်ကို ဖမ်းဆွဲလိုက်ပြီး ထလာတယ်။ သူ့မျက်လုံးတွေထဲမှာ ဒေါသအရိပ်အယောင်က အထင်သား။

“ငါသူတို့ကို ခေါ်လာခဲ့တာ မက်ဒါနာကို နည်းနည်းလောက်ပဲဖြစ်ဖြစ် ပိုပြီးအကူအညီပေးချင်ခဲ့လို့ပဲ။” ဖရာလီတာက ကျန်တဲ့လက်တစ်ဖက်နဲ့ လက်သီးဆုပ်လိုက်ပြီး အနက်ရောင်ဖရာလီတာရဲ့မျက်နှာကို ထိုးချလိုက်တယ်။

“နင်ဘာလုပ်တာလဲ။” အနက်ရောင်ဖရာလီတာက အလန့်တကြားထအော်တယ်။ အခုသူ့မျက်နှာပေါ်မှာ အက်ရာတစ်ခုရှိနေပြီ။

“ပြီးတော့ ငါက နင့်လိုမျိုး သူချစ်ရသူတွေကိုသတ်ပြီးတော့ သူ့ကိုအပိုင်စီးမှာမဟုတ်ဘူး။ ငါက သူ့ခံစားချက်တွေကို မထိခိုက်စေချင်ဘူး။” ဖရာလီတာက စကားဆုံးတာနဲ့ အနက်ရောင်ဖရာလီတာကို နောက်တစ်ချက်ထိုးလိုက်ပြန်တယ်။

ဖောင်း....

“နင်ရူးနေပြီလား။” အနက်ရောင်ဖရာလီတာရဲ့မျက်နှာပေါ်က အက်ကြောင်းက ပိုထင်ရှားလာပြီး ရွှေရောင်အလင်းတချို့ ထွက်ပေါ်လာတယ်။ ဖရာလီတာအစစ်ကတော့ အသက်ကိုပြင်းပြင်းရှုလိုက်ပြီး နောက်ထပ်တစ်ချက်ထိုးဖို့ အသင့်ပြင်ပြန်တယ်။

“ပြီးတော့ ငါက ကြံ့ခိုင်တယ်ထင်ရပေမဲ့ နှလုံးသားနူးညံ့လွန်းတဲ့သူ့ကို ဘယ်နည်းနဲ့ဖြစ်ဖြစ် ရအောင်ကာကွယ်မှာဟဲ့။” ဖရာလီတာရဲ့နောက်ဆုံးလက်သီးချက်က အနက်ရောင်ဖရာလီတာရဲ့မျက်နှာပေါ်ကို ကျရောက်သွားတယ်။ အနက်ရောင်ဖရာလီတာရဲ့မျက်နှာက ကြွေခွက်တစ်ခွက်လို တစ်စစီအက်ကွဲကြေမွသွားပြီးတဲ့နောက် ပတ်ဝန်းကျင်တစ်ခုလုံးလည်း အလားတူကြေမွသွားတယ်။

“ဟမ်...” သူနောက်တစ်ခါ မျက်စိဖွင့်ကြည့်လိုက်တော့ အနက်ရောင်ဖရာလီတာရော မှောင်မည်းနေတဲ့ချက်ကျောင်းရော ရှိမနေတော့ဘူး။ အဲဒီအစား အနက်ရောင်ဖရာလီတာရဲ့လက်ကို ဖမ်းဆွဲထားခဲ့တဲ့ သူ့လက်က အနီရောင်သန်းနေတဲ့ သန့်စင်တဲ့သတ္တုကို ဆုပ်ကိုင်ထားမိတာကိုပဲ သတိပြုမိလိုက်တယ်။

ဖြောင်း... ဖြောင်း... ဖြောင်း....

ပလ္လင်ပေါ်မှာထိုင်နေတဲ့ ဘုရင်သူရိန်ဆီကနေ လက်ခုပ်သံထွက်လာတယ်။ သူက သဘောတကျရယ်နေတယ်။ ဖရာလီတာက ဘုရင်သူရိန်ကို ကြည့်လိုက်ပြီးတော့ မေးလိုက်တယ်။

“အဖိုးကြီး၊ ရှင်ဘာတွေမြင်လိုက်သေးလဲ။”

“တစ်ယောက်တည်း ထိုင်လိုက်ထလိုက် ငိုလိုက်ရယ်လိုက်ဖြစ်နေတဲ့ မင်းကိုပေါ့။”

ဘုရင်သူရိန်ပြောလိုက်မှ ဖရာလီတာလည်း ရှက်သွေးဖြာသွားတယ်။ သူ့ပါးသူစမ်းလိုက်တော့ မျက်ရည်စီးကြောင်းတွေ ရှိနေတုန်းပဲ။ ဘုရင်သူရိန်က ချီးကျူးလိုက်တယ်။

“ဇမ္ဗူရာဇ်ရွှေကို ထိကိုင်နိုင်တဲ့သူက သာမန်လူမဟုတ်ဘူး။ မင်းကတော့ သမိုင်းတစ်လျှောက်လုံး အငယ်ဆုံး ဇမ္ဗူရာဇ်ရွှေရဲ့ပိုင်ရှင်ဖြစ်သွားပြီ။ ကောင်းကောင်းအသုံးချပြီး မင်းကာကွယ်ချင်တဲ့အရာကို ကာကွယ်ပါ။”

ဖရာလီတာက ဘုရင်သူရိန်ကို နည်းနည်းလေးမှ ဂရုမစိုက်တဲ့ပုံစံနဲ့ ဦးညွှတ်လိုက်ပြီး ညီလာခံခန်းမထဲကနေ ထွက်သွားတယ်။ ဝင်လာတဲ့အချိန်တုန်းကနဲ့မတူတာက သူ့မျက်လုံးထဲမှာ ဆုံးဖြတ်ချက်ပြတ်သားမှုကို မြင်နိုင်တယ်။

All Chapters