ကျန်လူများအား သတိပေးရန် အပြစ်ပေးခြင်း
Vol. 88 Ch. 1219
မေးခွန်းကို ကြားပြီးနောက် အပြုံးတစ်ခုက ထန်ရှု၏ချောမောခန့်ညားသောမျက်နှာပေါ်တွင် ထွက်ပေါ်လာ၏။ သူက ခေါင်းခါယမ်းကာ ပြောလိုက်၏ “ဆုနဲ့ထန်တွေက ဘယ်တော့မှ ရန်ငြိုးတွေ မရှိပါဘူး။ ခင်ဗျားရဲ့မိသားစုက စာရင်းထဲဝင်ဖို့တောင် မထိုက်တန်ပါဘူး”
ဆုရှန်းသုံက ဒေါသတကြီး ပြော၏ “ငါတို့ကြားမှာ ရန်ငြိုးမရှိဘူးဆိုရင် ဘာလို့ မင်းက…”
လက်မြှောက်ကာ ဆုရှန်းသုံအား တားလိုက်ပြီး ထန်ရှုက အေးစက်စွာ ပြော၏ “ဆုနဲ့ထန်တွေက ဘာရန်ငြိုးရန်စမှ မရှိပါဘူး၊ ဒါပေမယ့် ကျုပ်နဲ့ခင်ဗျားရဲ့မြေးဆုရှောက်ကောကြားမှာ မရှိဘူးလို့တော့ မပြောနိုင်ဘူးလေ။ ထန်အိမ်ရဲ့လူတိုင်းက သေသွားပြီ၊ ထန်အိမ်က မရှိတော့ဘူးလို့ သူ ပြောတယ်။ ဒါကြောင့် ထန်အိမ်က တိုက်ခိုက်နိုင်သေးတယ်ဆိုတာကို ခင်ဗျားရဲ့မိသားစုသိအောင် ကျုပ် လာပြရတာပဲ”
ထန်ရှုက ယခုလိုကြီးမားသောအင်အားနှင့် လာရသည့်အကြောင်းရင်းကို ယခုမှ ဆုရှန်းသုံက နားလည်သွား၏။ သူ့မြေးက သူ့အား ရန်စခဲ့သောကြောင့် အထူးစွမ်းရည်ဗျူရိုပင် ပါဝင်လာခဲ့ရသည်။
လူငယ်တွေကြား အသေးအဖွဲ့ပဋိပက္ခလောက်နဲ့ ဒီလိုကြီးမားသောအင်အားကို ထုတ်ပြဖို့ လိုလို့လား။ နိုင်ငံတော်သစ္စာဖောက်မှုနဲ့ ဆုမိသားစုကို ထောင်ချောက်ဆင်ဖို့ လိုလို့လား။
ရုတ်တရက် တစ်စုံတစ်ခုအား သဘောပေါက်ကာ သူ့မျက်ခုံးများက ကျုံ့သွား၏ “ထန်ရှု၊ ငါတို့ကို အပြစ်ပေးပြီး အခြားသူတွေကို မင်းက သတိပေးချင်တာလား”
“ဆုတွေက မြို့တော်မှာ ဆယ်စုနှစ်ကြာ ခြေကုပ်ယူနိုင်ခဲ့တာ အံ့ဩစရာမရှိဘူးပဲ”ထန်ရှုက လက်မထောင်ကာ ချီးကျူးလိုက်သည် “ခေါင်းဆောင်ဆုက တကယ်ကို ဉာဏ်ရှိတာပဲ။ ခင်ဗျားရဲ့မြေးက မိသားစုအပေါ် ကပ်ဘေးတစ်ခု ဖိတ်ခေါ်ခဲ့တာ တကယ်ကို သနားစရာပဲ။ ဒါပေမယ့် ကိစ္စတွေ ဖြစ်ပျက်လို့ ဒီအထိ ရောက်လာပြီ၊ ဒါကြောင့် အခုက ခင်ဗျား သေဖို့အချိန်ပဲ…”
သွမ်မုလင်က ဖြည်းဖြည်းချင်း လက်မြှောက်လိုက်သည်။
“နေပါအုံး…”
ဆုရှန်းသုံ၏မျက်နှာက သနားစဖွယ်ကောင်းစွာနှင့် သူက အော်လိုက်၏ “မင်းရဲ့ရည်ရွယ်ချက်ကို ငါ သိပါတယ်၊ ထန်ရှု၊ ဒါပေမယ့် ငါ့မိသားစုကို အသက်ရှင်ဖို့ လမ်းကြောင်းတစ်ခုပေးဖို့ ငါ မင်းကို တောင်းပန်ပါတယ်။ အဲခွေးကောင်ဆုရှောက်ကွမ်းကိုတောင် ငါ မင်းကို ပေးနိုင်တယ်။ သူ သေသေရှင်ရှင်၊ မင်း သူ့ကို ကြိုက်သလိုလုပ်လို့ရတယ်”
ထန်ရှုက မျက်လုံးကျဉ်းမြောင်းသွား၏၊ ယခု ဆုရှန်းသုံက နှစ်အနည်းငယ်အသက်ပိုကြီးသွားပုံရ၏။ ထို့နောက် သူက သူ့အား ပြန်ဖြေကာ ပြောလိုက်၏ “အရာအားလုံးကို ငြိမ်းချမ်းစွာ ဖြေရှင်းချင်တယ်ဆိုရင် ခင်ဗျားမှာ အခွင့်အရေးရှိပါသေးတယ်။ ခင်ဗျားရဲ့မိသားစုကလူတွေကို ခွင့်လွှတ်ဖို့ အခွင့်အရေးနဲ့ ပတ်သက်ပြီး ကျုပ်တို့ ပြောနိုင်ပါတယ်လေ။ ဒီလိုပါ၊ အထူးစွမ်းရည်ဗျူရိုက လတ်တလောမှာ ငွေကင်းမဲ့နေတယ်၊ ကျုပ်တို့က လက်နက်အမျိုးမျိုးကို ဝယ်ယူဖို့…”
“ငါ့မိသားစုက အဲဒီအတွက် ပေးဖို့ ဆန္ဒရှိပါတယ်။ ကျေးဇူးပြုပြီး အရေအတွက်ပြောပါ”ဆုရှန်းသုံက နက်ရှိုင်းသောအသံနှင့် ပြောလိုက်၏။
“ဆယ်သန်း”ထန်ရှုက လက်တစ်ချောင်းထောင်ကာ ပြောလိုက်၏။
ဟမ်…
ဆုမိသားစုက ချမ်းသာသော်လည်း ထန်ရှုတောင်းဆိုသောပမဏကြောင့် ဆုရှန်းသုံက ပင့်သက်ရှိုက်မိသွားပါသေးသည်။
ဆုမိသားစုက ယွမ်ဆယ်သန်းကို အမှန်တကယ် ထုတ်ပေးနိုင်သည်၊ သို့သော် သူတို့က ထိုကဲ့သို့သောပမာဏကို ယူထုတ်လိုက်သည်နှင့် မိသားစု၏အုတ်မြစ်အား ထိခိုက်စေလိမ့်မည်၊ ဆယ်စုနှစ်အတွင်း မိသားစုက ယခင်အခြေအနေသို့ ပြန်ရောက်လာရန် မဖြစ်နိုင်ပေ။
ငါ ဘာလုပ်ရမလဲ။
ဆုရှန်းသုံ၏အမူအရာက အဆက်မပြတ်ပြောင်းလဲနေပြီး နောက်ဆုံးတွင် သူက လေးလံသောအသံနှင့် ပြောလိုက်၏ “ပြဿနာမရှိဘူး။ ငါ့မိသားစုက အထူးစွမ်းရည်ဗျူရိုအတွက် ပြောတဲ့ပမာဏကို ထောက်ပံ့ပေးပါ့မယ်”
“ခင်ဗျားက အခြေအနေနဲ့ အလိုက်သင့်နေနိုင်တာပဲ၊ ခေါင်းဆောင်ဆု။ ဒါ အရမ်းကောင်းတယ်”ထန်ရှုက သူ့အား လက်မထောင်ကာ ချီးကျူးလိုက်သည် “ဒါကြောင့် ဒုတိယအခြေအနေကို ကျုပ် ပြောမယ်။ ခင်ဗျားမိသားစုထဲက ဆုသင်းကောက အသက်ကြီးနေပြီ၊ အစိုးရဌာနမှာ တာဝန်ထမ်းဆောင်ဖို့ မသင့်တော်တော့ဘူး။ သူက သူ့ရဲ့ရာထူးကနေ နှုတ်ထွက်ပြီး သာမန်လူတစ်ယောက်လို အခုစပြီး အသက်ရှင်သွားရမယ်”
“မင်း…”
သူက ယင်ကောင်ထောင်ချီအား ဝါးမျိုမိလိုက်သလို ဆုရှန်းသုံက ခံစားရ၏။ သူ့မိသားစုတွင် အဖွဲ့ဝင်များစွာ ရှိသော်လည်း သူတို့တွင် အလားလာရှိသောဂျူနီယာအနည်းငယ်မျှသာ ရှိ၏။ ဆုသင်းကောက သေချာပေါက် သူတို့မိသားစုအတွက် အနာဂတ်မျှော်လင့်ချက်ဖြစ်သည်။
သူ နှုတ်ထွက်လိုက်သည်နှင့် ဆုမိသားစုက အနာဂတ်တွင် ခက်ခဲသောလမ်းကြောင်းတစ်ခုကို ရင်ဆိုင်ရန် မျှော်လင့်ထားနိုင်သည်၊ သူတို့အနေနှင့် သူတို့၏လက်ရှိအနေအထားသို့ ပြန်ရောက်ရန် ပိုတောင် ခက်ခဲပေလိမ့်မည်။
“ငါ လက်ခံတယ်…”
ဆုသင်းကောက လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်၊ လက်သည်းများက လက်ဖဝါးထဲသို့ စိုက်ဝင်သွားမတတ်ပင်၊ သွေးများပင် သူ့လက်ချောင်းများကြား၌ ကျဆင်းလာသည်။
“ဆုတွေရဲ့အဖွဲ့ဝင်တွေအားလုံးကို နောက်ခြောက်လအတွင်း အပြင်မထွက်ဖို့ တားမြစ်တယ်။ ခင်ဗျားတို့က အိမ်ထဲကနေ ခြေတစ်လှမ်းတောင် မလှမ်းရဘူး”ထန်ရှုက ပေါ့ပေါ့ပါးပါးပြော၏။
“ငါ လက်ခံတယ်…”
ဆုရှန်းသုံ၏အသံက လည်ချောင်းမှ ဖျစ်ညှစ်လျက် ထွက်လာသည်။
ထန်ရှုက နှာခေါင်းရှုံ့ကာ ဆက်ပြော၏ “ကျုပ်ရဲ့နောက်ဆုံးတောင်းဆိုချက်က ဆုရှောက်ကွမ်းနဲ့ ပတ်သက်ပြီးတော့ပဲ။ သူ့ရဲ့အမှားကြီးအတွက် အပြစ်ပေးခံရမယ်။ သူ့ရဲ့လက်ကျန်ဘဝမှာ သူက မတ်တပ်ရပ်နိုင်နေတာကို ကျုပ် မမြင်ချင်ဘူး”
အဟွတ်…
ဤတစ်ကြိမ်တွင် ဆုရှန်းသုံက သွေးတစ်ပွက်အန်ထုတ်လိုက်သည်။ ဆုသင်းကောက သူ့အား အမြန်တွဲလိုက်သောကြောင့်မဟုတ်လျှင် သူက မြေပြင်ပေါ်သို့ လဲကျသွားလောက်ပြီ။
“ငါကိုယ်တိုင် သူ့ခြေထောက်တွေကို ချိုးလိုက်ပါ့မယ်”
ပြန်ဖြေပြီးနောက် ဆုရှန်းသုံ၏မျက်နှာက အသက်ကင်းမဲ့သွားသလိုပင်။
ထန်ရှုက ပျော်ရွှင်စွာ ခေါင်းညိတ်လျက် ပြောလိုက်သည် “ဒါဆို ခင်ဗျားရဲ့ကတိတွေ တည်မလားဆိုတာ ကျုပ် စောင့်မျှော်နေပါ့မယ်။ ဆုမိသားစုဒါမှမဟုတ်အခြားမိသားစုတွေက ဘယ်လောက်ပဲ မောက်မာမောက်မာ ကျုပ်ဂရုမစိုက်ဘူး။ ဒါပေမယ့် ဒီနေ့ ထန်အိမ်က တည်ရှိနေသေးတယ်ဆိုတာကို တိုင်းပြည်က လူတိုင်းသိအောင် ကျုပ် လုပ်ရမယ်…”
ထိုသို့ပြောပြီးနောက် သူက သွမ်မုလင်အား ခေါင်းညိတ်ပြကာ လက်သီးဆုပ်လိုက်သည်။ “စီနီယာသွမ်မု၊ ဒီကိစ္စကို ဖြေရှင်းပြီးသွားပြီ၊ ဒါကြောင့် ကျုပ်တို့က ဆုတွေကို အသက်ရှင်ဖို့ လမ်းကြောင်းတစ်ခု ပေးလိုက်မယ်။ ဒီမိသားစုက ထန်အိမ်ကို ထပ်ရန်စရဲရင် အထူးစွမ်းရည်ဗျူရိုက ပါဝင်ဖို့ မလိုတော့ဘူး၊ အဲအချိန်ကျရင် ထန်အိမ်ကပဲ သူတို့ကို အမြစ်ပြတ်သုတ်သင်လိုက်မယ်…”
“မိသားစုတွေကြား ကိစ္စတွေကို ငါ ဂရုမစိုက်ဘူး”သွမ်မုလင်က ပြော၏ “ဒါပေမယ့် မင်း ဆုမိသားစုကို သုတ်သင်တဲ့အခါ ငါ မကြားရ၊ မမြင်ရအောင် လုပ်ဖို့ အထူးဂရုစိုက်ပါ”
“ဒီအတွက် မစိုးရိမ်ပါနဲ့”ထန်ရှုက ပြုံးကာ ပြော၏ “အရင်က ယောင်တွေကို ကျုပ် ရိတ်သိမ်းနိုင်ခဲ့ပါတယ်၊ ဆုတွေလို မိသားစုငယ်တစ်ခုလောက်ကတော့ ကျုပ်မျက်လုံးထဲကို ဝင်ရောက်ဖို့ မထိုက်တန်ပါဘူး”
သွမ်မုလင်က ခေါင်းညိတ်ပြလိုက်သည်၊ ထို့နောက် သူက ဆုရှန်းသုံအား အနည်းငယ်သနားစွာ ကြည့်လိုက်သည်။ ထို့နောက် သူက အမိန့်ပေးလိုက်၏ “ငါ့အမိန့်ကို နားထောင်၊ အဖွဲ့ဝင်အားလုံး၊ ချက်ချင်းပြန်ဆုတ်ကြ…”
တစ်မိနစ်အတွင်း အထူးစွမ်းရည်ဗျူရို၏အဖွဲ့ဝင်တွေအားလုံးက ဆုမိသားစုနေထိုင်ရာမှ ပြန်ဆုတ်သွားကြသည်။ သွမ်မုလင်နှင့်ထန်ရှုတို့ကလည်း ကားဖြင့် ချက်ချင်းထွက်လာခဲ့ကြ၏။
နှစ်နာရီအတွင်း ဆုမိသားစုအပေါ်သို့ ကျရောက်ခဲ့သည့် ကပ်ဘေးသတင်းက မြို့တော်ရှိ မိသားစုအားလုံးထံ ပျံ့နှံ့သွားပြီး အခြားခရိုင်များရှိ မိသားစုများ၏နားထဲသို့ပင် ရောက်ရှိသွားကြ၏။
“ထန်အိမ်က တည်ရှိနေသေးတယ်၊ သူတို့ရဲ့အဖွဲ့ဝင်တွေက အသက်ရှင်နေသေးတယ်…”
သတင်းပျံ့နှံ့မှုက အလွန်မြန်ဆန်ပြီး တရုတ်ရှိ အားကောင်းသောလူတိုင်း၏နားများထဲသို့ လျင်မြန်စွာ ရောက်ရှိသွား၏။ သတင်းကို လက်ခံရရှိပြီးနောက် အားကောင်းသောသူဌေးကြီးအချို့ပင် ရှုံ့မဲ့ပြုံးလျက်သာ တတ်နိုင်ခဲ့သည်။
****
ဧကရာဇ်ကလပ်တွင်။
ထန်ရှုလာမည်ကို စောင့်ရင်း ပုထောင်နှင့်ချင်ရှောက်ယန်တို့က စားပွဲရှေ့တွင် တည်ငြိမ်စွာ ထိုင်နေကြသည်။ နှစ်ယောက်လုံးက တူညီသောအမူအရာများနှင့် တစ်ခုခုအား တွေးနေပုံရ၏။
ကရင်း…ကရင်း…ကရင်း…
ပုထောင်၏ဖုန်းက မြည်သွားပြီး လူနှစ်ယောက်အား အတွေးရထားမှ ချက်ချင်း ဆွဲထုတ်လိုက်၏။
ပုထောင်ကာ ဖုန်းဆွဲယူကာ နံပါတ်အား ကြည့်လိုက်သည်။ သူ့အဖေနံပါတ်ဖြစ်သည်ကို မြင်ပြီးနောက် သူက answerခလုတ်အား ချက်ချင်း နှိပ်ကာ မေးလိုက်၏ “ဘာဖြစ်လို့လဲ၊ အဖေ”
“ထောင်အာ၊ အခုတလော မင်း ထန်ရှုနဲ့ တွေ့မိသေးလား”
“ဟုတ်တယ်၊ ငါတို့ ဒီနေ့ပဲ တွေ့ခဲ့တယ်၊ အခု ငါ သူ့ကို ဧကရာဇ်ကလပ်မှာ စောင့်နေတာ”
“ထန်အိမ်က ဘာပဲ ဖြစ်ဖြစ်၊ ထန်ရှုနဲ့ ဆက်ဆံရေးမပျက်ဖို့ မှတ်ထားပါ။ သူနဲ့ ဆက်ဆံရေးကောင်းတစ်ခုကို ထိန်းသိမ်းပါ။ မင်းက သူနဲ့ သေဖော်ရှင်ဖက်ညီအကိုတစ်ယောက်ဖြစ်လာနိုင်ရင် အကောင်းဆုံးပဲ”
“ဘာဖြစ်နေတာလဲ၊ အဖေ။ တစ်ခုခုဖြစ်လို့လား”
“ကြီးမားတဲ့အဖြစ်အပျက်တစ်ခု…”
မိနစ်အနည်းငယ်ကြာပြီးနောက်။
ပုထောင်က ဖုန်းချလိုက်သည်။ ဖုန်းအား စားပွဲပေါ် တင်ပြီးနောက် သူ့အပြုအမူများကြောင့် အံ့အားသင့်နေသော ချင်ရှောက်ယန်အား သူက မှင်တက်စွာ စိုက်ကြည့်လိုက်၏။ ပုထောင်၏နှုတ်ခမ်းက အကြိမ်အနည်းငယ်တုန်ယင်သွားပြီး သူက ရှုံ့မဲ့ပြောလိုက်၏ “မင်း သိလား၊ ဆုမိသားစုက ပြီးဆုံးသွားပြီ။ မကြာသေးခင်က သူတို့က ပေကျင်းမှာ ဒုတိယအဆင့်မိသားစုအဖြစ် အဆင့်ဝင်ပေမယ့် ခဏလေးအတွင်းမှာ သူတို့က တတိယအဆင့်မိသားစုစာရင်းထဲတောင် မဝင်နိုင်တော့ဘူး”
ချင်ရှောက်ယန်က ရုတ်ချည်းထရပ်ကာ လျင်မြန်စွာ မေးလိုက်၏ “အတိအကျဘာဖြစ်ခဲ့တာလဲ”
“ငါ့အဖိုးကြီးက အခုပဲ ဖုန်းခေါ်ခဲ့တယ်၊ နိုင်ငံတော်သစ္စာဖောက်မှုအတွက်ဆိုပြီး ထန်ရှုနဲ့အထူးစွမ်းရည်ဗျူရိုမှလူအမြောက်အများက ဆုမိသားစုကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး သတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့တယ်။ နောက်ဆုံးမှာ ဆုမိသားစုခေါင်းဆောင်ဆုရှန်းသုံက သနားငဲ့ညှာဖို့ တောင်းပန်ခဲ့တယ်…”
ပုထောင်ထံမှ ပုံပြင်တစ်ပုဒ်လုံးကို ကြားပြီးနောက် မယုံကြည်နိုင်မှုက ချင်ရှောက်ယန်၏မျက်နှာအား ဖုံးလွှမ်းသွား၏။ ထန်ရှက ဒီလောက်အားကောင်းပြီး အထူးစွမ်းရည်ဗျူရိုကိုပင် လှုပ်ရှားစေနိုင်မည်ဟု သူ မထင်ထားပေ။
“အတိတ်မှာ သူက သူ့မိသားစုကိုပဲ မှီခိုနေတာလို့ ငါ ထင်ထားတာ၊ အခုတော့ အဲလိုမဟုတ်ဘူးဆိုတာ ငါ သဘောပေါက်သွားပြီ။ လက်ရှိ သူပိုင်ဆိုင်တဲ့စွမ်းအားကို ငါ စိတ်ကူးတောင်မယဉ်နိုင်ဘူး”ချင်ရှောက်ယန်က သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောလိုက်သည်။
“ဟုတ်တယ်၊ ငါ သူ့ကို ပထမဆုံးတွေ့ဆုံတုန်းက သူက အညတရာတစ်ယောက်ပါပဲ”ပုထောင်က ခေါင်းညိတ်လိုက်သည် “နှစ်အနည်းငယ်အတွင်းမှာ သူက ဒီလောက်ထိ ရောက်လာမယ်လို့ ငါ ဘယ်တော့မှ မတွေးခဲ့ဘူး”
ချင်ရှောက်ယန်က တစ်ချက်စဉ်းစားကာ ပြောလိုက်သည် “ပုထောင်၊ ငါ ထန်ရှုနဲ့ သူငယ်ချင်းကောင်းလုပ်ဖို့ ဆုံးဖြတ်ခဲ့တုန်းက ငါတကယ် ရိုးသားခဲ့တယ်၊ သူ့ရဲ့အဆင့်အတန်းကြောင့်မဟုတ်သလို သူ့ရဲ့စွမ်းရည်ကြောင့်လဲ မဟုတ်ဘူး။ သူနဲ့ သိကျွမ်းပြီးကတည်းက သူက ခင်မင်းရင်းနှီးမှုနဲ့ဆက်ဆံရေးကို တန်ဖိုးထားတယ်ဆိုတာကို ငါ သိခဲ့တယ်၊ မိတ်ဆွေစစ်တစ်ယောက်မှာ ရှိရမယ့်အရည်အသွေးတွေပေါ့။ အနာဂတ်မှာ သူက ဘယ်လောက်ပဲ အားကောင်းလာပါစေ၊ ငါက သူ့ရဲ့မိတ်ဆွေကောင်းဖြစ်ရင် ရပါပြီ၊ အခြားအတွေးတွေအားလုံးကို ငါ ဖတ်ထုတ်မယ်။ ငါ သူနဲ့ပတ်သက်ပြီး ဘာမှ ဂရုမစိုက်ဘူး”
“အပြောကောင်းတယ်…”
ထန်ရှုက ထိုလူနှစ်ယောက်၏အရှေ့၌ ထွက်ပေါ်လာသည်။ သူ့ညာလက်က ချင်ရှောက်ယန်ပခုံးအား ပုတ်လိုက်ပြီး သူက ပြုံးကာ ပြော၏ “အခြားဘာအတွေးမှ မရှိဘဲ သူငယ်ချင်းတစ်ယောက်ကို ရိုးရိုးသားသားဆက်ဆံခြင်း။ ဒါက သူတို့ရဲ့သူငယ်ချင်းတွေကို ဘယ်လိုဆက်ဆံရမယ်ဆိုတာပဲ။ ချင်ရှောက်ယန်၊ မင်းက ငါ့ရဲ့စစ်မှန်တဲ့သူငယ်ချင်းတစ်ယောက်နဲ့ညီအကိုတစ်ယောက်ပဲ”
ချင်ရှောက်ယန်က ထရပ်ကာ ထန်ရှု၏ပခုံးအား ပုတ်လျက် ရယ်လိုက်သည်။ “ဟားဟားဟား၊ ငါ့မှာ သူငယ်ချင်းတွေ အများကြီးရှိပေမယ့် သူတို့ထဲမှာ အစစ်အမှန်တွေက အနည်းငယ်ပဲ ရှိတယ်။ ဒီအကောင်က ဘယ်ပြေးသွားနေသလဲဆိုတာ မသိပေမယ့် ဒီနေကစပြီး ချူရီနဲ့အတူ မင်းနဲ့ပုထောင်တို့က ငါ့ရဲ့သူငယ်ချင်းအစစ်တွေပဲ။ ဘာပဲဖြစ်လာဖြစ်လာ၊ မင်းတို့သုံးယောက်က ငါ့ရဲ့သူငယ်ချင်းတွေပဲ။ ပြီးတော့ ပုထောင်၊ ဒီနေ့ ငါ့အတွက် ရပ်တည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
“ငါတို့က သူငယ်ချင်းတွေပဲလေ”ပုထောင်က ပြုံးကာ ပြန်ဖြေသည်။
သူငယ်ချင်းနှင့်ညီအကိုများ။ ဤစကားနှစ်လုံးက ထန်ရှု၏နှလုံးသားထဲ၌ သတိအမြဲတမ်း မြင့်တက်လာစေခဲ့သည်။ ယွမ်ချူလင်းနှင့်လုံကျန်းယုတို့လို သူနှင့်အကောင်းဆုံးဆက်ဆံရေးရှိသူများကပင် သူ့နောက်ကျောအား ဓားနှင့် ထိုးမည်ကို သူက အမြဲတမ်းသတိထားနေခဲ့၏။
သို့သော် ယနေ့တွင် ချင်ရှောင်ယန်က တစ်ခုခု ပြောခဲ့သည်။ အချို့လူများက သန့်စင်သောရည်ရွယ်ချက်ဖြင့်သာ သူနှင့် သူငယ်ချင်းဖြစ်ချင်ကြသည်ကို သူက သဘောပေါက်လာသည်။
“လာ၊ သောက်ကြစို့…”
ထန်ရှုက ခွက်မြှောက်ကာ ကျယ်လောင်စွာ ရယ်လိုက်၏။