← Chapters

ထန်ဂိုဏ်းက နေရာကို ပိုင်ဆိုင်သည်။

Vol. 88 Ch. 1227

ထန်ဂိုဏ်းက နေရာကို ပိုင်ဆိုင်သည်။

Vol. 88 Ch. 1227

ထို့နောက် ထန်အန်းမှ ရသော သားရဲအကြွင်းအကျန်အားလုံးအား သူ့သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းပြီးနောက် ထန်ရှုက လုံချွမ်တောင်တန်းအနီးရှိ ရှုယန်မြို့သို့ ရွေ့လျားသွား၏။

လုံချွမ်တောင်တန်းထဲရှိ အဖြစ်အပျက်ကြောင့် သူက သွမ်မုလင်နှင့် ဆွေးနွေးရန် လိုအပ်သည်၊ အထူးသဖြင့် ယခုကဲ့သို့ အိတ်ဆောင်ကမ္ဘာတစ်ခု၏ပိုင်ရှင်နှင့် ပတ်သက်၍ပင်။ သူက ဤအိတ်ဆောင်ကမ္ဘာအား လုံးဝပိုင်ဆိုင်ရမည်ဟု ထန်ရှုက ဆုံးဖြတ်ထားသည်။ ၎င်းက ကောင်းချီနယ်မြေတစ်ခုဖြစ်၏။ ၎င်းအား တရုတ်သို့မဟုတ်တအထူးစွမ်းရည်ဗျူရိုက ရရှိသွားလျှင် ဖြုန်းတီးမှုတစ်ခုသာ ဖြစ်ပေလိမ့်မည်။

ရှုယန်မြို့က နေထိုင်သူတစ်သောင်းလောက်သာရှိသည့်မြို့ငယ်တစ်ခုဖြစ်ပြီး အခြားမြို့ငယ်ခြောက်ခုက ဝန်းရံထားသည်၊ အနီးဆုံးမြို့က နှစ်ရာကီလိုမီတာခန့်အကွာတွင် ရှိ၏။

ဝမ်ရှင်းဟိုတယ်တွင်။

ဟိုတယ်ရှေ့တွင် ကျူလုံက ဆောင့်ကြောင့်ထိုင်ကာ မျက်မှောင်ကြုတ်လျက် ဆေးလိပ်သောက်နေသည်။ သူ့လက်တစ်ဖက်က ပတ်တီးစည်းထားပြီး ဘယ်ဘက်လက်ကို အသုံးပြုကာ ဖုန်းကလိရင်း ပတ်ဝန်းကျင်ရှိ လမ်းသွားလမ်းလာများအား ကြည့်နေလေသည်။ ရုတ်တရက် သူ့မျက်လုံးများက လင်းလက်သွားပြီး သူက စီးကရက်ဖင်အား မြေပြင်ပေါ်သို့ ပစ်ချကာ နင်းခြေလိုက်သည်။ ထို့နောက် သူက ထရပ်ကာ ရှေ့သို့ လျှောက်သွား၏။

“ထန်ရှု…”ကျူလုံက မျက်မှောင်ကြုတ်ရာမှ ဖြေလျော့လိုက်ပြီးနောက် ပြုံးကာ ခေါ်လိုက်သည်။

ထန်ရှုက သူ့အား ခေါင်းညိတ်ကာ တုံ့ပြန်၏။ ကျူလုံ၏ပတ်တီးစီးထားသောညာလက်အား တစ်ချက်ကြည့်ပြီးနောက် သူက ပြုံးကာ မေးလိုက်သည် “ခင်ဗျားရော ဒဏ်ရာရထားတာလား။ ပြင်းထန်လား”

“မပြင်းထန်ပါဘူး”ကျူလုံက ခေါင်းခါယမ်းကာ ပြုံးလျက် ပြန်ဖြေသည် “အနည်းဆုံးနှစ်ရက်လောက် အနားယူလိုက်ရင် ရပါပြီ”

ထန်ရှုက အနည်းငယ်ပြုံးပြလိုက်ပြီးနောက် မေး၏ “စီနီယာသွမ်မုလင်ရော”

“ငါ မင်းကို သူနဲ့ တွေ့ဖို့ ခေါ်သွားမယ်”ကျူလုံက ပြောသည်။

ဒုတိယထပ်ရှိ အခန်းတစ်ခုထဲတွင် တိုက်ပွဲမှ ဒဏ်ရာအပြင်းအထန်ရပြီးနောက် သွမ်မုလင်က အိပ်ပျော်နေသည်။ သို့သော် သေရေးရှင်ရေးအခိုက်အတန့်တွင် သူ့အား ဝိုင်းထားသည့်နတ်ဆိုးသားရဲအား နောက်ဆုံးတွင် သတ်ဖြတ်နိုင်ခဲ့၏။ တံခါးခေါက်သံကြောင့် သူက နိုးသွားကာ မျက်လုံးဖွင့်လိုက်သည်။ ကျူလုံဝင်လာချိန်တွင် သူက မထခဲ့ပေ၊ သို့သော် နောက်မှ လိုက်ပါလာသော ထန်ရှုကို မြင်ပြီးနောက် သူက လက်ထောက်ကာ ခက်ခက်ခဲခဲနှင့် ထလိုက်၏။ ထို့နောက် အပြုံးတစ်ခုက အသက်ရလာသောသူ့မျက်နှာပေါ်တွင် ထွက်ပေါ်လာပြီး သူက ပြောလိုက်သည် “မင်း နောက်ဆုံးတော့ ရောက်လာပြီပေါ့၊ ကောင်လေး။ မင်းကို အဲဒီသားရဲတွေ စားသွားပြီလို့ ငါ ထင်ထားတာ”

“အဲလိုဖြစ်ခါနီးလေးပါပဲ”ထန်ရှုက ခါးသီးစွာ ပြုံးလိုက်သည်။

သွမ်မုလင်က မှင်တက်သွားကာ ကမန်းကတန်း မေး၏ “အတိအကျဘာဖြစ်ခဲ့တာလဲ။ မင်းက အားကောင်းတဲ့သားရဲတစ်ကောင်နဲ့ တွေ့ခဲ့တာလား”

“ဟုတ်တယ်၊ အဲဒီကောင်က အရမ်းအားကောင်းတယ်”ထန်ရှုက ခေါင်းညိတ်ကာ ပြောလိုက်၏ “ယန်အာသာ မရောက်လာရင် ကျုပ်ကို အဲဒီသားရဲက စားသွားလောက်ပြီ။ အလား၊ ဒီအဖြစ်အပျက်က ကျုပ်ရဲ့ထန်ဂိုဏ်းကြောင့်ပဲ။ ခင်ဗျားတောင် ဒီနေရာကို အပြေးရောက်လာရပြီး ဒဏ်ရာရခဲ့တယ်။ ကျုပ် တကယ်တောင်းပန်ပါတယ်”

“မင်း ဘာဆိုလိုတာလား”သွမ်မုလင်က နားမလည်နိုင်စွာနှင့် မေး၏ “မင်း ဆိုလိုတာက ဒီသားရဲထွက်ပေါ်လာမှုကို မင်းရဲ့ဂိုဏ်းက ဖြစ်ပေါ်စေခဲ့တာလား”

“မှန်တယ်”ထန်ရှုက ပြော၏ “ဒီလုံချွမ်တောင်တန်းထဲမှာ ထန်ဂိုဏ်းက သားရဲတွေကို မွေးမြူထားတာ။ အစီအရင်က ဖျက်ဆီးခံရပြီး သားရဲတွေ လွတ်မြောက်လာမယ်လို့ ကျုပ် မထင်ထားဘူး။ ကျုပ်တို့က ကြိုတင်စီမံထားတာကို ကျေးဇူးတင်ရမယ်၊ ဒါကြောင့် ဒီသားရဲတွေက လုံချွမ်တောင်တန်းက ထွက်သွားရမှာကို ကြောက်ကြတာ။ ဒါကြောင့်ပဲ အနီးဝန်းကျင်က ဒေသခံတွေအပေါ် ဘာအန္တရာယ်မှ မကျရောက်လာတာ”

သွမ်မုလင်က အနည်းငယ်ဒေါသထွက်သွားကာ ပြန်ပြော၏ “မင်းက တကယ်ကို အဓိပ္ပါယ်မရှိတာပဲ။ ဒီနေရာက တောနက်ထဲမှာ ရှိပေမယ့် ဘယ်လိုလုပ်ပြီး မင်းက သားရဲတွေကို မွေးမြူရတာလဲ။ ငါတို့က အချိန်မီရင်ဆိုင်နိုင်လို့ပေါ့၊ မဟုတ်ရင် ပြဿနာကြီးတွေ ဖြစ်လာမှာ”

ထန်ရှုက ရည်ရွယ်ချက်ရှိရှိ ရှုံ့မဲ့ပြုံးလျက် ပြောလိုက်၏ “ဒါက ကျုပ်ဂိုဏ်းရဲ့အမှားဆိုတာ ကျုပ် ဝန်ခံပါတယ်။ ဒါပေမယ့် ဒီလိုပြဿနာတွေက ဘယ်တော့မှ ထပ်မဖြစ်လာစေရဘူးလို့ ကျုပ် ကတိပေးပါတယ်”

သွမ်မုလင်က ခဏစဉ်းစားပြီးနောက် မေးလိုက်သည် “တရုတ်တစ်နိုင်ငံလုံးမှာ ဒီသားရဲတွေကို မွေးမြူထားတဲ့နေရာတွေ ထန်ဂိုဏ်းမှာ ဘယ်လောက်ထိ ရှိလဲ”

“ဒီတစ်ခုအပြင် တောင်တရုတ်ပင်လယ်က ကျွန်းနှစ်ကျွန်းပေါ်မှာ ရှိတယ်”ထန်ရှုက ပြန်ဖြေ၏ “ဒီကျွန်းနှစ်ကျွန်းကို ကျုပ်ငှားထားတယ်ဆိုတာကို ခင်ဗျား သိတာ ကြာပြီထင်တယ်၊ စီနီယာသွမ်မုလင်”

“သူတို့နဲ့ ပတ်သက်ပြီး ငါ သိပါတယ်၊ ဒါပေမယ့် မင်းရဲ့စိတ်ထဲမှာ ဘာအစီအစဉ်ရှိသလဲဆိုတာတော့ ငါ မသိဘူး”သွမ်မုလင်က ခေါင်းညိတ်ကာ ပြော၏ “ထန်ရှု၊ သားရဲတွေကို မွေးမြူတာက အသေးအဖွဲ့ကိစ္စတစ်ခုမဟုတ်ဘူး။ ဒီသားရဲတွေအားလုံးကို သတ်ဖြတ်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် အနည်းဆုံး တရုတ်ရဲ့ပိုင်နက်ကနေ အဝေးကို မောင်းထုတ်တာပဲဖြစ်ဖြစ် မင်းကို ငါ လုပ်စေချင်တယ်”

“ဒီနေရာကနေ ဒီသားရဲတွေကို မောင်းထုတ်တာက အရမ်းခက်ခဲလိမ့်မယ်၊ စီနီယာသွမ်မုလင်”ထန်ရှုက အားတင်းပြုံး၏ “ဒါပေမယ့် ဒီနေရာမှာ ထန်ဂိုဏ်းရဲ့ကျွမ်းကျင်သူတွေအများကြီး စခန်းချနေစေရမယ်လို့ ကျုပ် ကတိပေးတယ်၊ ပြီးတော့ နောက်ထပ်ဒါမျိုးအလားတူပြဿနာမဖြစ်ဖို့အတွက် ပိုအားကောင်းတဲ့အစီအရင်အချို့ကို ကျုပ် ခင်းကျင်းမှာပါ”

အချိန်အတန်ကြာ နှုတ်ဆိတ်သွားပြီးနောက် သွမ်မုလင်က ခါးသီးစွာ ပြုံးလိုက်၏ “ဒါဆို ထားလိုက်ပါတော့။ မင်းက ဒါကို အချိန်မီဖြေရှင်းနိုင်ခဲ့တယ်ဆိုတော့လဲ ဒီသားရဲတွေကို ရွှေ့ပြောင်းဖို့ ငါ မင်းကို ဖိအားမပေးပါဘူး။ ဒါပေမယ့် ငါ အရမ်းသိချင်တာ တစ်ခုရှိတယ်_ ဒီနေရာမှာ သားရဲအရေအတွက်ဘယ်လောက်ထိ မင်း မွေးထားတာလဲ။ ဘာလို့ ဒါနဲ့ ပတ်သက်ပြီး အရင်က ဘာတစ်ခုမှ မထွက်ပေါ်လာရတာလဲ”

“အရေအတွက်က အတော်လေးများပေမယ့် ကျုပ်လူတွေက သေချာလျှို့ဝှက်ပြီး လုပ်နေကြတာလေ၊ ဒါကြောင့် အပြင်လူတစ်ယောက်မှ ဒါကို သတိပြုမိဖို့ မဖြစ်နိုင်ဘူး”ထန်ရှုက ပြုံးကာ ပြန်ဖြေသည်။

သွမ်မုလင်က ခေါင်းခါယမ်းလိုက်သည်။ ထို့နောက် သူက ရုတ်တရက် မေးလိုက်၏ “တိုင်းပြည်အနှံ့မှာ ဖြစ်ပွားတဲ့ တုန်ခါမှုကရော။ လက်ရှိမှာ လူတိုင်းက အဲဒါနဲ့ ပတ်သက်ပြီး ပြောနေကြတယ်”

“အဲဒါက ဒီသားရဲတွေကို မွေးမြူထားတဲ့ကမ္ဘာငယ်လေးထဲမှာ ဖြစ်ပျက်ခဲ့တဲ့တစ်စုံတစ်ခုကြောင့်ပဲ”ထန်ရှုက ရှင်းပြလိုက်၏ “သားရဲတွေထဲကတစ်ကောင်က သန္ဓေပြောင်းပြီး ၎င်းရဲ့ခွန်အားက အဆတစ်ရာတိုးလာတယ်၊ ပြောင်းလဲတဲ့အချိန်မှာ ၎င်းက ဖျက်ဆီးခြင်းအားတစ်ခုကို ဖြစ်ပေါ်စေတယ်။ ဒါပေမယ့် ကျုပ်တို့က သူ့ကို သတ်ပြီးပြီ၊ ဒါကြောင့် ကပ်ဘေးက ပြီးသွားပြီ။ ပြီးတော့ ပင်လယ်ထဲမှာ စီနီယာသွမ်မုလင်တွေ့ခဲ့တဲ့ကျုပ်တပည့်ကူယန်အာက ဒီနေရာမှာ စောင့်ကြပ်နေတယ်။ အခုကစပြီး သူမက ဒီနေရာမှာပဲ နေလိမ့်မယ်”

သွမ်မုလင်၏မျက်လုံးများက ပြူးကျယ်သွားပြီး သူက မယုံကြည်နိုင်စွာ မေးလိုက်၏ “မင်း ငါ့ကို ကျီစားနေတာလား။ သားရဲတစ်ကောင်သန္ဓေပြောင်းတာက ဒီလောက်များတဲ့အနှောင့်အယှက်တွေကို ဖြစ်စေခဲ့တာလား။ တရုတ်ပြည်အနှံ့မှာ တုန်ခါမှုတွေ ဖြစ်သွားတာကို မင်း သိတယ်မလား”

“စီနီယာသွမ်မုလင်၊ ခင်ဗျားတွေ့ဖူးတဲ့အားအကောင်းဆုံးသားရဲက ဘာလဲ”ထန်ရှုက တည်ငြိမ်စွာ မေးလိုက်သည်။

ခဏစဉ်းစားပြီးနောက် သွမ်မုလင်က ပြန်ဖြေ၏ “အရင်တုန်းက ငါတို့တိုက်ခိုက်ခဲ့တဲ့ဟိမဝန္တာတောထဲက နတ်ဆိုးသားရဲတွေပဲ။ သူတို့က သန်မာလွန်းတာကြောင့် ငါတောင် မျှော်လင့်ချက်မဲ့သလို ခံစားခဲ့ရတယ်။ အဲဒီမီးချီလင်လဲ ရှိသေးတယ်။ ၎င်းက အရမ်းအားကောင်းပြီး ငါ့ရဲ့အထူးစွမ်းရည်ဗျူရိုတစ်ဖွဲ့လုံးက ၎င်းကို သတ်ဖို့ လုံလောက်မယ်လို့ ငါ မထင်ဘူး”

ထန်ရှုက ခေါင်းညိတ်ကာ မေးလိုက်သည် “ဒီသန္ဓေပြောင်းသားရဲရဲ့ခွန်အားက မီးချီလင်ထက် ဆယ်ဆပိုတယ်လို့ ကျုပ် ခင်ဗျားကို ပြောရင်ရော။ ခင်ဗျား ဒါကို ယုံကြည်လား”

“ဒါက…”

ဟိမဝန္တာထဲရှိ နတ်ဆိုးသားရဲများအား မတွေ့ကြုံခဲ့ဖူးလျှင် သွမ်မုလင်က သေသည့်အထိ ယုံကြည်နိုင်မည်မဟုတ်ပေ။ သို့သော် ထန်ရှု၏လေးနက်သောအမူအရာကို သတိပြုမိပြီးနောက် သူက တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက အားတင်းပြုံးကာ ပြောလိုက်သည် “ဒါက တကယ်ကြောက်စရာကောင်းလွန်းတာပဲ…”

လိမ်ဆင်လုပ်ကာ ပြောခဲ့သည့်အတွက် ထန်ရှုက အားတင်းပြုံးရန်သာ တတ်နိုင်ခဲ့သည်။ သို့သော် ဒါက တိုင်းပြည်၏ကြားဝင်စွက်ဖက်ခြင်းမှ ကာကွယ်ရန် တိုက်ရိုက်အကျဆုံးနည်းလမ်းဖြစ်သည်။ သို့မဟုတ်လျှင် သူက ဤနေရာတွင် အိတ်ဆောင်ကမ္ဘာတစ်ခုတွေ့ခဲ့သည်ကို သွမ်မုလင်က သိလျှင် သူ၏စရိုက်လက္ခဏာအရ ထိုလူက တိုင်းပြည်ကိုယ်စား အိတ်ဆောင်ကမ္ဘာ၏တစ်စိတ်တစ်ပိုင်းအား တောင်းဆိုပေလိမ့်မည်။

သွမ်မုလင်က ထန်ရှုအား ကြည့်ကာ မေးလိုက်သည် “ဒီသားရဲတွေကို မွေးမြူတဲ့နေရာကို ငါ တစ်ချက်ကြည့်လို့ရမလား”

“ကောင်းပါပြီ”ထန်ရှုက တုံ့ဆိုင်းလျက် ပြောသည် “အဲနေရာကို ခင်ဗျားကို မသွားစေချင်တာတော့ မဟုတ်ဘူး၊ စီနီယာသွမ်မုလင်။ ကျုပ်တို့က အဲဒီသန္ဓေပြောင်းသားရဲကို သတ်ခဲ့ပြီဆိုပေမယ့် ကျန်ရှိတဲ့သားရဲတွေအားလုံးက သောင်းကျန်းနေတုန်းပဲ။ ကျုပ်ဂိုဏ်းရဲ့ကျွမ်းကျင်သူများစွာက ဒီပြဿနာကို အခု ဖြေရှင်းနေတယ်။ အချိန်တိုအတွင်းမှာ ကပ်ဘေးကို ဖယ်ရှားဖို့က ခက်ခဲပါလိမ့်မယ်။ အဲဒါက အနည်းဆုံးလအနည်းငယ်ကြာလိမ့်မယ်။ ခင်ဗျားရဲ့လက်ရှိခွန်အားနဲ့ အဲနေရာကို ဝင်မယ်ဆိုရင် ခင်ဗျားက ပြဿနာတွေ အလွယ်တကူကြုံရလိမ့်မယ်။ ခင်ဗျားကို ကာကွယ်ဖို့အတွက် ကျုပ်က တစ်ယောက်ယောက်ကို တာဝန်ပေးရဖို့ များတယ်”

ဤသည်ကို ကြားပြီး သွမ်မုလင်က မျက်နှာအနည်းငယ်ပျက်သွားသည်။ သူက အငြင်းခံလိုက်ရတာလား။

သို့သော် သူက ထန်ရှုအား အကူအညီမဲ့သောအမူအရာနှင့်သာ ကြည့်နိုင်သည်။ ဤအချိန်တွင် သူက ထန်ရှုအား မျက်နှာချင်းဆိုင်ရမှန်း မသိတော့ပေ။ တရုတ်တစ်နိုင်ငံလုံးမှာ ထန်ရှုက လွဲပြီး ဘယ်သူက သူ့ကို ငြင်းရဲမှာလဲ။

အချိန်တန်ကြာပြီးနောက် သွမ်မုလင်က လက်မြှောက်ပြလျက် ပြော၏ “ဒါဆိုလဲ ထားလိုက်ပါတော့။ ဒါက အဆင်မပြေမှတော့ ငါ မင်းကို ဒုက္ခမပေးတော့ပါဘူး။ ဒါပေမယ့် နောက်ထပ်ဒါမျိုးထပ်မဖြစ်ဖို့ မှတ်ထားပါ၊ ထန်ရှု။ ပြီးတော့ နှစ်ထပ်အကာအကွယ်အနေနဲ့ လုံချွမ်တောင်တန်းပတ်လည်မှာ နောက်ထပ်အစီအရင်တစ်ခုကို ခင်းကျင်းရင် ပိုကောင်းမယ်”

ထန်ရှု၏မျက်လုံးများက လင်းလက်သွားသည်။ သူက စိတ်ထဲ၌ အတော်လေးကျေနပ်ပီတိဖြစ်သွား၏။ လုံချွမ်တောင်တန်းပတ်လည်တွင် ကြီးမားသောအစီအရင်တစ်ခုတည်ဆောက်ရန် သွမ်မုလင်၏အကြံပြုချက်က ဤနေရာကို သူ့ထန်ဂိုဏ်းအား တာဝန်ပေးထားသည်ဟု ဆိုလို၏။

ထို့နောက် ထန်ရှုက သွမ်မုလင်အား သန့်စင်ဒဏ်ရာပျောက်ဆေးဆယ်လုံးပေးပြီးနောက် ကမန်းကတန်း ထွက်ခွာလာသည်။ သူ ထွက်ခွာပြီးနောက် စက္ကန့်သုံးဆယ်အကြာတွင် တရုတ်စွမ်းရည်အသုံးပြုသူအားလုံးအား ပြန်ဆုတ်ရန် သွမ်မုလင်က အမိန့်ပေးခဲ့သည်။

နောက်လဝက်တွင် ထန်ရှု၊ ထန်အန်း၊ ကျင်းရှီနှင့် ကျန်ရှိသူများက လုံချွမ်တောင်တန်းတစ်ခုလုံးအား ပိုက်စိပ်တိုက်ရှာပြီး နောက်ဆုံးတွင် လွတ်မြောက်လာသောနတ်ဆိုးသားရဲအားလုံးအား သတ်ပစ်ခဲ့၏။

အိတ်ဆောင်ကမ္ဘာထဲသို့ ပြန်ဝင်လာပြီးနောက် ဤနေရာရှိ ရတနာအားလုံးစုဆောင်းပြီးပြီဖြစ်ကြောင်း ကူယန်အာက ထန်ရှုအား ပြောသည်။ အလောတကြီး မလိုအပ်သော ရတနာအချို့ကိုသာ သူမက ချန်ထားခဲ့၏၊

“ဒါတွေက လက်ရှိ ငါတို့မှာ ရှိတာတွေပဲ၊ ဆရာသခင်”ကူယန်အာက သိုလှောင်လက်စွပ်တစ်ကွင်းထုတ်ကာ ထန်ရှုအား ပေးလိုက်သည်။

စိတ်ဝိညာဉ်အာရုံကို အသုံးပြုလျက် လက်စွပ်အား စစ်ဆေးလိုက်သည်၊ အထဲရှိ အရာအားလုံးကို မြင်ပြီးနောက် ထန်ရှုက ထိတ်လန့်သွား၏။ သူက အင်မော်တယ်ကမ္ဘာတစ်ခုတွင် အန္တိမအရှင်တစ်ယောက်ဖြစ်ခဲ့တုန်းကတောင် ဒီလောက်များသောအရင်းအမြစ်မပိုင်ဆိုင်ခဲ့ပေ။

“ငါ အခု သဘောပေါက်သွားပြီ”လက်စွပ်ကို လက်ခံပြီးနောက် ထန်ရှုက အားတင်းပြုံးကာ သက်ပြင်းချလိုက်၏။

“အာ”ကူယန်အာက မေးလိုက်၏ “ဆရာက ဘာကို နားလည်လိုက်လို့လဲ”

“ဘာလို့ အင်မော်တယ်ကမ္ဘာက ကျွမ်းကျင်သူတွေများစွာက ပိုင်နက်အသစ်တွေ ဖွင့်ချင်တယ်ဆိုတာ ငါ အခုမှ နားလည်တယ်။ သူတို့ရဲ့ရည်မှန်းချက်က ပိုင်နက်အသစ်တွေ ရရုံတင်မက အရင်းအမြစ်တွေပါ စုဆောင်းချင်လို့ကိုး။ ရတနာသိုက်တွေလို အရင်းအမြစ်တွေအများကြီးရှိတဲ့နေရာတွေကို ရှာတွေ့တာနဲ့ သူတို့က ကြီးမားတဲ့အကျိုးအမြတ်တွေကို ရရှိနိုင်မှာလေ”

All Chapters