သခင်ဟောင်းများ
Vol. 76 Ch. 1057
ကောင်းကင်ကြီးမှာ ဟင်းလင်းပြင်ကြီးတစ်ခု ဖြစ်နေပြီး မရေမတွက်နိုင်လောက်အောင် များပြားသည့် လျှပ်စီးတန်းများမှာ အဆက်မပြတ် တလက်လက်ထနေ၏။ တစ်ခါတစ်ရံတွင်ဆိုလျှင် ထို လျှပ်စီးတန်းများမှာ ဧရာမပိုက်ကွန်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကြသဖြင့် ထစ်ချုန်းသံများ ထွက်ပေါ်လာပြီး ကမ္ဘာကြီးတစ်ခုလုံး တုန်ရီသွားရသည်သာဖြစ်သည်။
မြေပြင်ကြီးမှာလည်း... ထိုနည်းတူပင်။
ကုန်းမြေထုများ၊ တောင်တန်းများနှင့် သစ်ပင်ပန်းမန်များမရှိဘဲ ဟင်းလင်းပြင်ကြီးတစ်ခုကသာ မျက်စိတစ်ဆုံး နေရာယူထားသည်။
သို့ဖြစ်ရာ ရှေ့နောက်တောင်မြောက် အရပ်မျက်နှာအားလုံးတွင် လျှပ်စီးတန်းများနှင့် ဟင်းလင်းပြင်ကြီးသာ ရှိနေ၏။ သို့ဖြစ်ရာ ထိုကမ္ဘာကြီးမှာ အဆုံးမရှိသော မဟူရာချောက်နက်ကြီး တစ်ခုကဲ့သို့ပင်။
" ဒါပေမဲ့ ငါကတော့ ဒီနေရာကို သင်္ချိုင်းတစ်ခုလို့ ခေါ်ရတာ ပိုကြိုက်တယ်။ ကျပ်မပြည့်တဲ့ ငါ့ရဲ့ နံပါတ်သုံးသခင် ငါ အဲဒီလို ခေါ်တာကို သဘောတူခဲ့တာ သူ့ရဲ့ဘဝတစ်လျှောက်လုံး လုပ်ခဲ့သမျှ လုပ်ရပ်တွေအားလုံးထဲမှာ အမြော်အမြင်အရှိဆုံး လုပ်ရပ်ပဲ "
" အဲတာကြောင့်မလို့လည်း သူက ကျပ်မပြည့်တဲ့ လူတစ်ယောက် ဖြစ်နေတာတောင် ငါက ငါ့ရဲ့ စွမ်းအားတွေကို သူ့ဆီ စိတ်မပါလက်မပါနဲ့ လွှဲပေးခဲ့တာ။ ဒါပေမဲ့ ငါ ဒီနေရာကို သင်္ချိုင်းတစ်ခုလို့ ခေါ်ရတဲ့အကြောင်းအရင်းက ငါ့ကို ဒီနေရာမှာ သင်္ဂြိုလ်ထားတဲ့ အချက်ကြောင့်ဆိုတာ သူ မသိပါဘူး။ ဒါမှမဟုတ် ပိုပြီးတိတိကျကျပြောရရင်... ငါ ဒီနေရာမှာ ဖွားမြင်လာခဲ့တဲ့ အချက်ကြောင့်ပေါ့ "
" ငါ ဘယ်တုန်းက သတိပြန်ရလာခဲ့မှန်း မမှတ်မိတော့ဘူး။ ပြီးတော့ ဘယ်တုန်းက ငါ့ရဲ့ ဘေးပတ်ဝန်းကျင်ကို အာရုံခံနိုင်စွမ်း ရှိသွားခဲ့မှန်းကိုလည်း မမှတ်မိဘူး။ ဒီ ဟင်းလင်းပြင်သင်္ချိုင်းကြီးထဲမှာ ငါ့လိုမျိုး တခြားသက်ရှိတွေ ရှိရင်ရှိနေနိုင်တယ်။ ဒါပေမဲ့ ငါ ဖွားမြင်လာခဲ့တဲ့အချိန်တုန်းက သူတို့တွေအကုန်လုံး တဆတ်ဆတ် တုန်သွားခဲ့ကြတာ "
" ကြည့်ရတာ သူတို့တွေ ငါ့ကို ကြောက်နေခဲ့ကြတဲ့ပုံပါပဲ "
" ဒါပေမဲ့ မကြောက်သင့်ပါဘူး။ ဘာလို့လဲဆိုတော့... အစာတွေမှာ စိတ်ခံစားချက် ရှိနေစရာမလိုဘူးလေ။ သူတို့တွေ ရှင်သန်နေတာ ငါ ဗိုက်ဆာလာတဲ့အချိန် ငါ့အတွက် အာဟာရဓာတ်တွေအဖြစ် ရှိနေပေးဖို့ပဲ "
" ဗိုက်ဆာလာရင် စားရမှာပဲတဲ့။ ငါ့ရဲ့ နံပါတ်လေးသခင်က အဲဒီစကားကို အမြဲတမ်းပြောခဲ့တာ။ ငါ အဲဒီအကြောင်း ပြန်တွေးမိလေလေ သူ့ရဲ့စကားက ပိုပြီးတော့ အဓိပ္ပါယ်ရှိလာလေလေပဲ "
" အဲတာကြောင့်မလို့ အဲဒီ စားစရာတွေက ရွံဖို့ကောင်းပြီး ခန္ဓာကိုယ်တွေ မာဆတ်ဆတ် ဖြစ်နေလို့ စားလို့မကောင်းတာတောင်မှ ငါက သူတို့ကို အရသာကောင်းလာအောင် လုပ်နိုင်တဲ့နည်းလမ်းတစ်ခုကို မတွေ့တွေ့အောင် ရှာခဲ့တာပဲ။ အဲဒီနည်းလမ်းကတော့ သူတို့ကို အပိုင်ပိုင်းဖြစ်အောင်လုပ်ပြီး နည်းနည်းချင်းစီ အရသာခံပြီး စားရတဲ့ နည်းလမ်းပေါ့ "
" ငါ့ရဲ့ နံပါတ်ရှစ်သခင်နဲ့ မတွေ့ခင်အချိန်အထိ ငါ အဲဒီလို စားလာခဲ့တာပဲ။ သူက အဲဒီနည်းလမ်းကို မကြိုက်တော့ ငါ့ကို တားဖို့ ခဏခဏ ကြိုးစားခဲ့တာ။ အဲတာမလို့ နောက်ဆုံးကျတော့ ငါ သူ့ကိုလည်း ဝါးမျိုပစ်ခဲ့တာပဲ "
" ငါက အိုနေပြီဆိုတော့ မှတ်ဉာဏ်တွေလည်း သိပ်မကောင်းတော့ပါဘူး။ ငါ့ရဲ့ အကြိုက်ဆုံးစားစရာအကြောင်း ဆက်ပြောကြတာပေါ့ "
" ငါ စားရတာအကြိုက်ဆုံးကတော့ သူတို့ရဲ့ ဝိညာဉ်တွေပဲ။ အရမ်းကို အရသာရှိတာလေ။ ဝိညာဉ်တွေ စားရတာ ကြိုက်လွန်းလို့ တစ်ခါတစ်လေကျရင် အိပ်ရမှာကို မေ့နေတဲ့အထိပဲ။ ငါက ဗိုက်မဆာရင်တောင် ဝိညာဉ်တွေကို စားနေရရင် ကျေနပ်နေတာ "
" ငါ မှတ်မိသလောက်ဆိုရင် ငါ့ရဲ့ စားစရာတွေထဲမှာ ငါ့ကိုပြန်ပြီးတော့ ဖီဆန်ခဲ့တဲ့ အရာတွေလည်း ရှိတယ်။ ကြည့်ရတာ သူတို့က ငါစားတာ မခံချင်တဲ့ပုံပါပဲ။ ငါကတော့ အဲဒီလိုစားစရာတွေနဲ့ ကြုံရတိုင်း အရမ်းကိုပျော်တာ။ ငါ့ရဲ့ နံပါတ်ခုနစ်သခင်ကတော့ ပြောပါတယ်။ အဲတာ ပျော်ရွှင်မှုမဟုတ်ဘဲ သွေးဆာတဲ့စိတ်နဲ့ ရက်စက်ကြမ်းကြုတ်တဲ့စိတ်တဲ့ "
" ဘာလို့လဲဆိုတော့ ငါက သူတို့ကို စိတ်တိုင်းကျ နှိပ်စက်ညှင်းပန်းပြီး သူတို့တွေ ရုန်းကန်နေကြတဲ့ မြင်ကွင်းကို ကြည့်ရတာ အရမ်း သဘောကျတာလေ။ ပြီးတော့မှ ငါက သူတို့ကို တစ်ကိုက်ချင်းစီ ကိုက်စားတာ။ ငါ အဲဒီလို ကိုက်စားတဲ့အချိန်တိုင်း သူတို့လည်း နာကျင်မှုဝေဒနာတွေ ခံစားရလို့ အော်ဟစ်ရင်း အသက်ထွက်သွားကြတာပါပဲ "
" ဒါပေမဲ့ ကံဆိုးတာက ငါ ငါ့ရဲ့ နံပါတ်ဆယ့်သုံးသခင်နဲ့ မကြုံခဲ့ရခင် အချိန်အထိ ဘယ်သူမှ သုံးရက်ထက်ပိုပြီးတော့ မခံခဲ့တာပဲ။ အဲတာမလို့လည်း ငါက ငါ့ရဲ့ နံပါတ်ဆယ့်သုံးသခင်ကို အရမ်းသတိရနေတာ။ ငါ အသိစိတ်ပျောက်သွားခဲ့ပြီးတော့ သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး ဘာမှမကျန်တော့တဲ့အထိ ဝါးမျိုမိခဲ့တာကိုလည်း အခုထိ နောင်တရနေတုန်း "
" ဒါပေမဲ့ ကိစ္စတော့မရှိပါဘူးလေ။ ငါ သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကိုတောင် ဝါးမျိုနိုင်ခဲ့မှတော့ သူက ငါ တစ်သက်လုံး စောင့်နေခဲ့တဲ့သခင် မဖြစ်နိုင်ပါဘူး "
" ဘယ်တုန်းကလဲတော့ သေချာမမှတ်မိဘူး။ ငါ ဒီကမ္ဘာကြီးထဲမှာ စပြီးတော့ ပေါ်ပေါက်လာခဲ့တဲ့ အချိန်ကတည်းက ဖြစ်လောက်မယ်။ အဲဒီအချိန်ကတည်းက လူတစ်ယောက်ကို စောင့်နေဖို့ ငါ့ကို အမြဲတမ်းသတိပေးနေတဲ့ စကားသံတစ်သံ ရှိတယ်။ အဲဒီလူက ဘယ်သူမှန်း ငါမသိပေမဲ့... အဲဒီလို စောင့်ဆိုင်းနေဖို့က ငါ့ရဲ့ ကံကြမ္မာပဲဆိုတာ သေချာတယ် "
" ဒါပေမဲ့ ငါက စောင့်ရတာကို စိတ်မရှည်ဘူးလေ။ အဲတာမလို့ သင်္ချိုင်းထဲက စားစရာတွေအကုန်လုံး ကုန်သွားတော့မယ့် အချိန်တုန်းက ငါက ဒီနေရာကနေ ထွက်ခွာသွားချင်ခဲ့တာ။ ပြင်ပကမ္ဘာကြီးထဲကို ထွက်ပြီး စားစရာအသစ်တွေရှာမယ်ဆိုတဲ့ စိတ်ကူးနဲ့ပေါ့။ ပိုပြီးတိတိကျကျ ပြောရရင်တော့ ငါက ငါ့ကို ဖီဆန်ပြီး ခုခံတွန်းလှန်မယ့် လူအသစ်တွေနဲ့ တွေ့ချင်ခဲ့တာပါ။ ဒါပေမဲ့ အဲဒီအကြောင်းကို ငါ ဘယ်သူ့ကိုမှ ပြောပြမှာတော့မဟုတ်ဘူး။ တကယ်လို့ အနာဂတ်မှာ တစ်ယောက်ယောက်က ငါ့ကို မေးလာမယ်ဆိုရင် ငါက ငါ့ရဲ့သခင်ကို ရှာချင်လို့ သင်္ချိုင်းထဲက ထွက်လာတာလို့ပဲ ပြန်ဖြေလိုက်မှာပါ "
" ငါကိုယ်တိုင်တောင် ဘယ်သူလဲဆိုတာမသိတဲ့ ဆရာတစ်ယောက်ပေါ့ "
" အဲတာကြောင့်မလို့ ငါက ငါ့ရဲ့ အငွေ့အသက်တွေကို ဖြန့်ကြက်ပြီး ပြင်ပကမ္ဘာထဲက စိတ်ဆန္ဒတွေ ငါ့ကို အာရုံခံမိလာအောင်လုပ်ခဲ့တာပဲ။ အဲလိုနဲ့ တစ်ရက်ကျတော့... လူတစ်ယောက် သင်္ချိုင်းထဲကို ရောက်လာပါရော "
" အဲဒီလူကြီးက အသက်စွမ်းအားတွေ ယိုယွင်းပျက်စီးနေတဲ့ အဘိုးကြီးတစ်ယောက်ပဲ။ ငါ့ရဲ့ အမြင်မှာ သူက စိတ်မနှံ့တဲ့ လူတစ်ယောက်နဲ့ တူနေတာမလို့ ငါက သူ့ကို သဘောကျခဲ့တာမဟုတ်ဘူး။ သူ ငါ့ကို မြင်လိုက်ရတုန်းကဆိုရင် သွေးပျက်သွားခဲ့ပြီးတော့ ငါ့ကို မလွှတ်တမ်းဖက်ထားတော့တာပဲ။ ပြီးတော့ ခေါင်းမော့ပြီး မျက်လုံးထဲကနေ မျက်ရည်တွေ ကျလာတဲ့အထိ အရူးတစ်ယောက်လို အသံအကျယ်ကြီးနဲ့ ရယ်မောနေခဲ့တာလေ။ သူ့ရဲ့ ခန္ဓာကိုယ်တောင် တဆတ်ဆတ် တုန်နေရတဲ့အထိပဲ။ အဲဲဒီတုန်းက သူ အရမ်းကို စိတ်လှုပ်ရှားနေခဲ့တဲ့ ပုံပါပဲ။ ထူးထူးဆန်းဆန်း စကားတွေကိုလည်း အော်ပြောခဲ့သေးတယ် "
" နောက်ဆုံးတော့ ငါ ရှာတွေ့ခဲ့ပြီကွ။ တုလင်းဆိုတဲ့ငါ တစ်ဘဝလုံး ခံစားခဲ့ရတဲ့ ဆင်းရဲဒုက္ခတွေနဲ့ မတရားမှုတွေရဲ့ အဆတစ်ရာ၊ အဆတစ်ထောင်အထိ မင်း ပြန်ပြီးတော့ ခံစားရအောင် ငါ လုပ်ပြမယ်... ဆိုပြီး အော်ပြောခဲ့တာ "
" အဲဒီတုန်းက ငါလည်း စိတ်ရှုပ်နေတာနဲ့ အဲဒီ အရူးကြီးကို ဝါးမျိုပစ်ခဲ့တာပဲ "
" အဲဒီလိုနဲ့ ငါ့ရဲ့ နံပါတ်တစ်သခင် သေသွားခဲ့တာပေါ့ "
" ငါ သူ့ကို ဝါးမျိုးခဲ့တုန်းက သူ့ရဲ့ ဝိညာဉ်က တခြား စားစရာတွေထက် ပိုပြီးတော့ အရသာရှိနေလို့ နောက်ပိုင်းရောက်တော့ တခြား ဆရာတွေကိုလည်း ထပ်ပြီးတော့ ဝါးမျိုမိခဲ့တာများလား "
" ဘယ်လိုပဲဖြစ်ဖြစ်ပါ။ အဲဒီလိုနဲ့ လူတစ်ယောက် ငါ့ဆီကို ထပ်ပြီးတော့ ရောက်လာပြန်ရော။ သူက တော်တော်လေးကို မွှေးရနံ့ သင်းပျံ့တဲ့ မိန်းမငယ်လေးတစ်ယောက်ပဲ။ ငါက သူ့ကို အရမ်းသဘောကျခဲ့တာမလို့ သူနဲ့အတူ လိုက်သွားဖို့တောင် စိတ်ကူးထားခဲ့တာ။ ဒါပေမဲ့ သူက ငါ့ကိုလည်း မြင်လိုက်ရရော လန့်ဖျပ်သွားပြီး တစ်ချိုးတည်း လှည့်ပြေးသွားတော့တာပဲ "
" အဲတာမလို့ ငါလည်း ရှက်ရှက်နဲ့ သူ့ကို ဝါးမျိုပစ်ခဲ့တာ "
" ငါ အခု သေချာပြန်စဉ်းစားကြည့်တော့မှ အဲဒီတုန်းက ငါ အရမ်း လောသွားခဲ့မှန်း သတိထားမိတာပဲ။ သူ့ကို အဲ့လောက်မြန်မြန်ကြီး မစားပစ်ခဲ့သင့်ဘူး။ အဲဒီနောက်ပိုင်း အချိန်တော်တော်ကြာတဲ့အထိ ငါ့ဆီကို ဘယ်သူမှ ထပ်ပြီးတော့ ရောက်မလာခဲ့ဘူးလေ။ အဲတာမလို့လည်း ငါ အကြာကြီး အစာငတ်နေခဲ့ရတာပေါ့ "
" ငါ ဗိုက်ဆာလွန်းလို့ သတိလစ်သွားခါနီးဆဲဆဲမှာ လူတစ်ယောက် ရောက်လာတာပဲ။ မကျေနပ်ချက်တွေနဲ့ အေးစက်စက် အငွေ့အသက်တွေ ပြည့်နှက်နေတဲ့ သက်လက်ပိုင်းလူကြီးတစ်ယောက်ပေါ့။ ပြီးတော့ သူက သေမင်းအငွေ့အသက်တွေကိုလည်း ပိုင်ဆိုင်ထားသေးတယ်။ သူ ငါ့ဘေးကို ရောက်လာတော့လည်း တခြားလူတွေအတိုင်း ဆွံ့အမှင်တက်၊ စိတ်ကျေနပ်သွားပြီး အသိစိတ်ပျောက်သလို ဖြစ်သွားတာပါပဲ။ အဲတာမလို့ ငါက သူ့ကို အရူးတစ်ယောက်လို့ကို ထင်ခဲ့တာ။ ငါ သူ့ကို ဝါးမျိုခါနီးတုန်းကဆိုရင် သူက ' ငါ မင်းကို စားမယ် ' ဆိုပြီးတော့တောင် ပြန်ပြောခဲ့သေးတာလေ "
" ဒီ နယ်မြေကို တားမြစ်နယ်မြေသုံးခုစာရင်းထဲမှာ ထည့်ထားတာ မထူးဆန်းပါဘူး။ ဒီလို သင်္ချိုင်းပုံစံ ချောက်နက်ကြီးထဲမှာ တားမြစ်လက်နက်တစ်ခု ပေါက်ဖွားလာခဲ့တာပဲ... ဆိုပြီးတော့လည်း သူက ပြောခဲ့သေးတယ် "
" သူ့ကြောင့် ' သင်္ချိုင်း ' ဆိုတဲ့ စကားလုံးရဲ့အဓိပ္ပါယ်ကို ငါ နားလည်သွားခဲ့တာပဲ။ အဲဒီ စကားလုံးကို ငါ အရမ်းသဘောကျတာ။ အဲဒီ စကားလုံးကြောင့်လား ဒါမှမဟုတ် ငါ ဆက်ပြီးတော့စောင့်နေရင်း ငတ်သေသွားမှာကို ကြောက်လို့လားတော့မသိဘူး။ ငါ အဲဒီ ကြောင်တောင်တောင် နံပါတ်သုံးသခင် ငါ့ကို ချောက်နက်ကြီးထဲကနေ ဆွဲထုတ်တာကို စိတ်မပါလက်မပါနဲ့ လက်ခံလိုက်တာပဲ "
" ဟုတ်တယ်... ငါက ဒီ စကြဝဠာကြီးရဲ့ တားမြစ်နယ်မြေသုံးခုထဲက တစ်ခုဖြစ်တဲ့ ချောက်နက်ကြီးထဲမှာ ပေါက်ဖွားလာခဲ့တဲ့ တားမြစ်လက်နက်တစ်ခုပဲ "
" ငါက ထိပ်ဖျားပိုင်းကနေ ဓားရိုးပိုင်းအထိ မည်းနက်နေပြီး နဂါးတစ်ကောင်ရဲ့အစွယ်နဲ့ တူတဲ့ ဓားရှည်တစ်လက်ပဲ "
" ကြောင်တောင်တောင် နံပါတ်သုံးသခင် ငါ့ကို ချောက်နက်ကြီးထဲက ဆွဲထုတ်လာပြီးတဲ့နောက်ပိုင်း ငါ့ရဲ့ ဘဝကြီးက စပြီးတော့ ပြောင်းလဲလာခဲ့တာပဲ။ ငါ့ရဲ့ သခင်က သွေးဆာနေတဲ့ လူသတ်သမားတစ်ယောက်မလို့ သူ တခြားလူတွေကို သတ်ဖြတ်ပြီးတော့ ဝါးမျိုနိုင်အောင် ကူညီပေးပြီးတဲ့ အချိန်တိုင်း သူ အားအင်တွေ ဆုတ်ယုတ်သွားတာကို ငါ သတိထားမိခဲ့တာ။ အဲတာနဲ့ ငါလည်း သူ့ကို ပိုပြီးတော့အကူအညီ ပေးနိုင်ဖို့အတွက် တောင်းဆိုမှုတစ်ခု ပြုလုပ်ခဲ့တာပေါ့ "
" အဲဒီတောင်းဆိုမှုက... ငါ့ကို နေ့စဉ်နေ့တိုင်း အသုံးပြုပြီးတော့ သက်ရှိဆယ်သန်းတိတိ သတ်ဖြတ်ပေးဖို့ပဲ "
" အဲလိုနဲ့ ဒုတိယနေ့ရောက်သွားရော။ ဒါပေမဲ့ အဲဒီ ဦးနှောက်မရှိတဲ့ နံပါတ်သုံးသခင်က ငါ့ရဲ့တောင်းဆိုမှုကို မဖြည့်ဆည်းပေးခဲ့တာမလို့ ငါလည်း သူ့ကို ဝါးမျိုပစ်ခဲ့တာပဲ "
" ငါ သူ့ကို ဝါးမျိုပြီး သိပ်မကြာခင်မှာ ငါ့ရဲ့ နံပါတ်လေးသခင် ပေါ်လာခဲ့တာ။ သူနဲ့ပတ်သတ်လို့ ငါ မှတ်မိနေတဲ့အချက်က တွေ့သမျှမြင်သမျှ အကုန်လုံးကို စားတတ်တဲ့ သူ့ရဲ့ အကျင့်ပဲ။ ငါကတော့ ငါတို့နှစ်ယောက်အတူတူ အဆင်ပြေပြေ နေနိုင်လိမ့်မယ်လို့ မျှော်လင့်ထားခဲ့တာပေါ့ကွာ။ ဒါပေမဲ့ တစ်ရက်ကျတော့ သူက ငါအိပ်နေတုန်း ငါ့ကိုစားဖို့ ကြိုးစားခဲ့တာကွ။ အဲတာနဲ့ ငါလည်း သူ့ကို ပြန်စားမိလိုက်ရော။ ငါ သူ့ကို ဆုံးရှုံးလိုက်ရတာ စိတ်မကောင်းပါဘူး "
" ဒါပေမဲ့ ကိစ္စမရှိပါဘူးလေ။ ငါ့ဆီမှာ အပေါဆုံးက သခင်တွေပဲကို။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းအတွင်းမှာ သခင် ခုနစ်ထောင့်ငါးရာလေးဆယ့်ခြောက်ယောက်တိတိ ငါ့ဆီကိုရောက်လာခဲ့တာ "
" အဲဒီ သခင်တွေထဲမှာ လူကြီးလူငယ် ကျားမမရွေး အကုန်ပါတယ်။ သူတို့တွေက တစ်ယောက်နဲ့တစ်ယောက် လူမျိုးစုလည်း တူကြတာမဟုတ်ဘူး။ ဒါပေမဲ့လည်း သူတို့အကုန်လုံး ငါစားတာ ခံခဲ့ရတာချည်းပါပဲ။ အဲဒါကြောင့်မလို့လဲ တခြားသူတွေက ငါ့ကို နာမည်အသစ်တစ်ခု ပေးထားကြတာ "
" အမည်မသိ နာကြည်းမှုစစ်သည်တော်တဲ့ "
" ငါ ငါ့ရဲ့ သခင်တွေကို စားပစ်ခဲ့လို့လား ဒါမှမဟုတ် ငါ့ရဲ့သက်တမ်းတစ်လျှောက်လုံးမှာ လူတွေအများကြီးသတ်ခဲ့လို့ သက်ရှိပေါင်းမြောက်မြားစွာရဲ့ နာကြည်းမှုတွေကို တစ်နေရာတည်းမှာ စုစည်းထားသလိုမျိုး ဖြစ်နေလို့လားတော့မသိဘူး။ လူတိုင်းက ငါ့ရဲ့နာမည်ကို ချက်ချင်း သဘောတူလက်ခံခဲ့ကြတာ "
" ဒါပေမဲ့ ငါက သခင်အစစ်ကို လိုက််ရှာနေတဲ့ ဓားလေးတစ်လက်လို့ပဲ ငါ့ကိုယ်ငါ မှတ်ယူထားတာမလို့ အဲဒီနာမည်ကို မကြိုက်ဘူး။ တကယ်လို့ အဲဒီ သခင်အစစ်က ငါ့ကို လိုက်မရှာဘူးဆိုရင် ငါကိုယ်တိုင် သူ့ကို လိုက်ရှာရုံကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ဘူးလေ။ သူ့ကို လိုက်ရှာနေတုန်း ငါ့ကို လိမ်ညာလှည့်ဖျားပြီး လမ်းပျောက်အောင်လုပ်ခဲ့တဲ့ သခင်ဟောင်းတွေ အကုန်လုံးကိုတော့ ဝါးမျိုပစ်ရမှာပဲ။ ဒါ ငါ့ရဲ့ သခင်အစစ်အပေါ် ထားရှိတဲ့ ငါ့ရဲ့ ရိုသေလေးစားမှုပဲ "
" ငါက ဖြူစင်ပါတယ် "
" နှစ်တွေအများကြီး ကုန်သွားခဲ့ပြီးတော့ သခင်အသစ်တစ်ယောက်နဲ့ ကြုံခဲ့ရတုန်းက ငါ အဲဒီစကားကို ပြောခဲ့တာ "
" ငါ့ရဲ့ သခင်အသစ်က မိန်းမငယ်လေးတစ်ယောက်ပဲ။ နန်းတွင်းအဝတ်အစားတွေ ဝတ်ထားပြီး အရမ်းကိုမှ ချောမောလှပတဲ့ မိန်းမငယ်လေးတစ်ယောက်ပေါ့။ သူ့ရဲ့ ကိုယ်သင်းနံ့လေးတွေကလည်း အရမ်းကိုမှ မွှေးကြိုင်သင်းပျံ့တာ "
" သူ့ကို စားလိုက်ရရင် အရမ်း အရသာရှိမှာပဲ “