တည်ရှိမှု လှုံ့ဆော်ခြင်း
Vol. 65 Ch. 898
ထုံရို့ပင်းက အနည်းငယ် စိတ်ရှုပ်ထွေးသွားဟန်ဖြင့် ပူးပေါင်းမည့်အကြောင်းကို မည်သို့ဆွေးနွေးရမည်ကို မစဉ်းစားနိုင်တော့ပေ။ ထို့ကြောင့် ဝမ်ဝေ့က ရှင်းပြလိုက်၏။
“မူလိန်အနေနဲ့ ကောင်းကင်ခုံရုံးကို တည်ထောင်ဖို့ လွယ်မယ်များ ထင်နေလား” ဝမ်ဝေ့က ပြောလိုက်သည်။
“သူ့ကို သုံးသပ်ကြည့်သလောက်တော့ သူက လှည့်ဖျားမှုစစ်ဆေးရေးအပြီးမှာ သူ့လမ်းစဉ်ကို ပြောင်းလဲပြီးတော့ ခန္ဓာကိုယ်လေ့ကျင့်ရေးနဲ့ ချီသန့်စင်ရေး လမ်းကြောင်းကို လျှောက်လှမ်းခဲ့တယ်။ ဒါပေမဲ့ သူ ပြသထားတဲ့ ပါရမီနဲ့ ကံအပြောင်းအလဲ အခွင့်အရေးတွေကိုပါ ထည့်တွက်လိုက်မယ်ဆိုရင် သူက ထာဝရအထွတ်အထိပ် ဖြစ်လာနိုင်ရုံလောက်ပဲ”
ထုံရို့ပင်းက ထိုလူ ပြောစကားမှန်ကန်နေသည့်အတွက် တိတ်ဆိတ်သွားလေသည်။ သူတို့၏ စကားဝိုင်းအရ သူမအနေဖြင့် မူလိန်၏ စွမ်းအားသည် အသက်ဝင်နိုးထခြင်း၊ တာအိုဆန္ဒ၊ ဝိညာဉ်၊ ခန္ဓာကိုယ်နှင့် တခြားသော လျှို့ဝှက်နည်းစနစ်များကို အသုံးပြုပြီးသည့်နောက်တွင် မဟာတာအိုအရင်းအမြစ် ၂၅ရာခိုင်နှုန်းသို့ ရောက်ရှိလုနီးပါးမျှသာ ဖြစ်ခဲ့သည်။
“သူ့ဆီမှာ အလားအလာ ရှိတယ်ဆိုတာ သိတယ်။ အထူးသဖြင့် ခန္ဓာကိုယ် လေ့ကျင့်ရေးလမ်းစဉ်နဲ့ ပတ်သက်ပြီးတော့ပေါ့။ သူ့စွမ်းအားက ခွန်အားအစစ်အမှန် တာအိုနယ်ပယ်ကိုသာ လျှောက်လှမ်းမယ်ဆိုရင် ပိုပြီးတော့ မြင့်မားနိုင်တယ်။ ဒါပေမဲ့ သူက သက်တမ်းကို စိုးရိမ်နေတဲ့ပုံပဲ” ဝမ်ဝေ့က ဆက်ပြောလိုက်၏။
မူလိန်က ခွန်အားဂိတ်ပေါက်ကို ဖွင့်လှစ်ဖို့ အခွင့်အရေးကို မယူချင်ခဲ့သည့်အတွက် ခန္ဓာကိုယ်လေ့ကျင့်ရေး လမ်းစဉ်သက်သက်ကို မလျှောက်လှမ်းခဲ့ပေ။
“အရှင်က ဘာကို ပြောချင်တာပါလဲ” ထုံရို့ပင်းက တဲ့တိုးသာ မေးလိုက်သည်။
“ကြယ်တာရာ သားရဲကမ္ဘာက အသင်္ချေသားရဲကမ္ဘာနဲ့ ကွဲပြားတယ်” ဝမ်ဝေ့က ရှင်းပြလိုက်သည်။
“အဲဒီကမ္ဘာက ကျဆင်းနေတဲ့ကမ္ဘာမျိုး မဟုတ်ဘူး။ အနှစ်ချုပ် ပြောရမယ်ဆိုရင် သူတို့ရဲ့ ထူးခြားတဲ့ ကျင့်ကြံရေးနည်းစနစ်နဲ့ဆိုရင် သူတို့ရဲ့ ကမ္ဘာက တခြားကောင်းကင်အလိုဆန္ဒကမ္ဘာနဲ့ အသိုင်းအဝိုင်းရာချီနဲ့ ဆက်ဆံရေးတွေ ရှိတယ်။ အဲဒီကမ္ဘာတစ်ခုမှာ အင်မော်တယ်အဆင့် ကျင့်ကြံသူ ဘယ်လောက်ရှိမယ်လို့ ထင်လဲ။ ထာဝရဦးသျှောင်တွေကရော ဘယ်လောက်ပုန်းအောင်းနေမယ် ထင်လဲ”
ထုံရို့ပင်း၏ မျက်နှာထားက အလေးအနက် ဖြစ်လာသည်။
“ကောင်းကင်တာအိုက အဲဒီထာဝရဦးသျှောင်တွေကို အကွက်ကျကျ စီစဉ်ပြီးတော့ ဒိုင်မေးရှင်းအနိမ့်မှာ ပေါ်ထွက်မလာအောင် တားဆီးမယ်ဆိုရင်တောင် သူတို့တွေက ငါတို့တွေရှိတဲ့ သုံးယောက်ထက်တော့ ပိုမှာသေချာတယ်။ မူလိန်က အဲ့လိုမျိုး အားကောင်းတဲ့ ကမ္ဘာမျိုးမှာ မိုးမြေကို အလွယ်တကူ အုပ်စိုးနိုင်မယ်လို့ ထင်လား” ဝမ်ဝေ့က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
“မင်းရဲ့ ဉာဏ်များမှုနဲ့ဆိုရင် သူ့ကို ကူညီပေးဖို့ နတ်ဘုရားရာထူးတွေကို ငါးစာအဖြစ် သုံးပြီးတော့ မဟာမိတ်တွေ ဖွဲ့ပြီး သံတမန် နည်းဗျူဟာကို အသုံးပြုနိုင်တယ်။ ဒါပေမဲ့ တချို့လူတွေကတော့ အတင်းအကြပ် အားသုံးလာမှာပဲ။ သူက သူတို့ကို ဘယ်လိုဖြေရှင်းမှာလဲ”
“အဲဒါဆိုတော့ အရှင်က အကူအညီ ပေးမှာလား” ထုံရို့ပင်းက မေးလိုက်သည်။
“ဟုတ်တယ်။ တကယ်လို့ သူက ငါ့ကို ကုသိုလ်နဲ့ ကံကောင်းမှုကို ပေးမယ်ဆိုရင် သူ့ရန်သူကို ကူညီပြီး ဖြေရှင်းပေးမယ်။ အရှုပ်အထွေး မဖြစ်အောင် ငါ့ရဲ့ဇစ်မြစ်ကိုပါ ဝှက်ထားနိုင်တယ်”
တခြားကမ္ဘာမှ ကျင့်ကြံသူများသည် တခြားကမ္ဘာမှလူများ သူတို့၏ အတွင်းရေး ပဋိပက္ခများကို ဝင်ရောက်စွက်ဖက်ခွင့် မပြုလိုကြပေ။ ထို့ကြောင့် ဝမ်ဝေ့က သူ့ဇစ်မြစ်ကို ဖုံးကွယ်ပြီး မူလိန်အတွက် ကူညီပေးဖို့ စိတ်ထဲမထားပေ။
ငါလည်း အစောပိုင်းအဆင့်မှာ ငါ့ရဲ့ဇစ်မြစ်ကို ဖုံးကွယ်ထားသင့်တယ်…
ထုံရို့ပင်းက တွေးလိုက်မိသည်။
“မင်းရော ဘယ်လိုထင်လဲ” ဝမ်ဝေ့က မေးလိုက်၏။
“အဲဒီအပေးအယူနဲ့ပတ်သက်ပြီး ကျွန်မမှာတော့ ပြဿနာ မရှိပါဘူး။ ဒါပေမဲ့ နောက်ဆုံး ဆုံးဖြတ်ချက်မချခင် သူနဲ့ အရာအားလုံးကို ဆွေးနွေးဖို့ လိုပါတယ်”
“ကောင်းပြီလေ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။
“မင်းကို အဲဒီဆီ ပို့ပေးမယ်။ ငါ့အကူအညီ လိုလား ဒါမှမဟုတ် မင်းဘာသာမင်း သွားမလား။ မစိုးရိမ်နဲ့။ ဒါက အလကား လုပ်ပေးတာ”
ထုံရို့ပင်း၏ ပထမဆုံးအလိုလိုသိစိတ်က ထိုအရာကို ငြင်းဆန်ဖို့ ဖြစ်၏။ သူမ၏ ဂိုဏ်းက အဆုံးမဲ့လေဟာနယ်အတွင်း သွားလာနိုင်သည့် အသုံးအဆောင်ပစ္စည်းများ ရှိလေသည်။ သို့သော်လည်း သူမက ကောင်းကင်ဧကရာဇ်၏ စွမ်းအားကို စမ်းသပ်ဖို့ရာ ပြီးပြည့်စုံသည့် အခွင့်အရေးတစ်ခု ဖြစ်ကြောင်း တွေးလိုက်မိသည်။
“ကျေးဇူးပါ အရှင်။ ဒါပေမဲ့ ကျွန်မ ထွက်မသွားခင် ပြင်ဆင်ဖို့ မိနစ်အနည်းငယ်တော့ လိုသေးတယ်”
“ကောင်းပြီ။ မင်းပြီးရင် ငါ့နာမည်ကို ရေရွတ်လိုက်။ မင်း သွားမဲ့နေရာကို ပို့ပေးမယ်”
သူမက ပါးစပ်ဟကာ ကျေးဇူးတင်တော့မည့်ဆဲဆဲတွင် တခြားတစ်ခုကိုသာ ပြောလိုက်မိ၏။
“ဘာနာမည်ကိုပါလဲ”
“ဘာမဆို အဆင်ပြေတယ်” ဝမ်ဝေ့က လက်ဝှေ့ကာ သူမကို သူမ၏ မြို့ဆီ ပြန်လည်ပို့ပေးလိုက်သည်။
“တကယ်ကို ဉာဏ်ကောင်းတဲ့သူပဲ” သူက ရေရွတ်လိုက်သည်။ ကောင်းကင်ခုံရုံးနှင့် ကောင်းကင်ဧကရာဇ်ရာထူးက သူတို့တည်ရှိမှုအတွက် အဓိပ္ပာယ်အလွှာများစွာ ရှိလေသည်။ တစ်ခုက ဝမ်ဝေ့သည် စနစ်ကို လိမ်လည်လှည့်ဖျားခြင်း ဖြစ်၏။ သူ့စကားအရ တည်ရှိမှုအတွက် အသုံးပြုမှုတစ်ခုသာ ဖြစ်သည်။
သူက နာမည်နှင့် ဂုဏ်ပုဒ်များ၏ အရေးပါပုံကို သိထားလေ၏။ ထို့ကြောင့် ကောင်းကင်ခုံရုံးကို ဖန်တီးပြီးသည့်နောက်တွင် သူက သူ့နာမည်နှစ်ခုဖြစ်သည့် ကံကြမ္မာလွှမ်းမိုးရေးဧကရာဇ်နှင့် ကောင်းကင်ဧကရာဇ်ဟူသော နာမည်နှစ်ခုကို စာရွက်စာတမ်းများနှင့် လူအများ၏ ပါးစပ်များမှ ထွက်လာဖို့ သေချာအောင် လုပ်ဆောင်ခဲ့သည်။
သူ့ကြိုးစားမှုက သူသည် ကောင်းကင်ဧကရာဇ်ဖြစ်သော်လည်း တစ်ချိန်တည်းဆိုသလို သူက မဟုတ်ကြောင်း ဝိရောဓိဖြစ်မှု ပါဝင်နေသည်။ အကယ်၍ တစ်ရက်ကျ သူ့ကို တည်ရှိမှုများ ဖျောက်ပစ်လိုက်လျှင် ကံကြမ္မာလွှမ်းမိုးရေး ဧကရာဇ်က သမိုင်းကြောင်းတွင် ရှိတော့မည် မဟုတ်ဘဲ လူများစွာက ပထမဦးဆုံး ကောင်းကင်ဧကရာဇ်ကိုသာ သိကြပြီး သူက ဘယ်သူလဲနှင့် သူ အောင်မြင်ခဲ့သည့် အရာများကို မှတ်မိကြမည် မဟုတ်ပေ။
သူတို့က သူ ကောင်းကင်ခုံရုံးကို ဖန်တီးခဲ့သည်ကိုပင် သိကြမည် မဟုတ်ပေ။
ထို့ကြောင့် ဝမ်ဝေ့၏ လှည့်ကွက် အသုံးဝင်လာခြင်း ဖြစ်၏။ အကယ်၍ သူက သမိုင်းကြောင်းအား ဖျောက်ဖျက်ခံလိုက်ရလျှင်ပင် ကောင်းကင်ဧကရာဇ်နာမည်ကို အသုံးပြု၍ သူ့ကိုယ်သူ အသက်ပြန်သွင်းနိုင်မည် မဟုတ်ပါလော။
တခြားနည်းဖြင့် ပြောရလျှင် သူက ကောင်းကင်ဧကရာဇ်ဟူသော နာမည်ကို သူ့တည်ရှိမှုအတွင်း ပေါင်းစည်းဖို့ ကြိုးစားနေခြင်း ဖြစ်၏။ အကယ်၍ တစ်စုံတစ်ယောက်က အနာဂတ်တွင် သူ့ကို သတ်လိုပါက သူတို့သည် သမိုင်းကြောင်း တစ်ခုလုံးကို ဖျက်ဆီးပစ်ရမည်။ အကြောင်းအရင်းမှာ သူက ကောင်းကင်ဧကရာဇ်၏ ဂုဏ်ပုဒ် သို့မဟုတ် နာမည်ရှိနေသရွေ့ သူက အမြဲတမ်း ထာဝရတည်ရှိနေလိမ့်မည်။
ဝမ်ဝေ့၏ အစီအစဉ်က မအောင်မြင်သေးသော်လည်း သူက အကောင်းဆုံး ကြိုးစားထားခဲ့၏။
သို့သော်လည်း ထုံရို့ပင်းလိုမျိုး ဉာဏ်ကောင်းသည့်သူများက တစ်စုံတစ်ခုကို အာရုံခံမိခဲ့ကြသည်။
ဝမ်ဝေ့၏ အပြုအမူများက သံသယဝင်ဖို့ ကောင်းနေသည့်အတွက် ထင်မှတ်ထားပြီးသား ဖြစ်၏။ ထာဝရဧကရာဇ်အများစုက သူတို့နာမည်ကို မိုးမြေနှင့် သဟဇာတဖြစ်အောင် လုပ်ဆောင်ခဲ့ကြသည်။ သူတို့က ကမ္ဘာပေါ်တွင် သက်ရောက်မှုများများ ရှိလေလေ သူတို့၏ နာမည်ကို ပိုမိုမှတ်မိလေလေဖြစ်ကာ သူတို့ကို သတ်ဖို့ရာ ပိုမိုခက်ခဲလိမ့်မည်။
သို့သော်လည်း တာအိုကို သက်သေပြပြီးသည့်နောက်တွင် လူအများက ဝမ်ဝေ့အား ကံကြမ္မာလွှမ်းမိုးရေး ဧကရာဇ်အစား ကောင်းကင်ဧကရာဇ်ဟုသာ ခေါ်ဝေါ်သုံးစွဲခဲ့ကြသည်။ ထိုသို့သော အပြုအမူမျိုးက သံသယဖြစ်ဖို့ ကောင်း၏။
မင်းတို့တွေ တစ်ခုခုကို သံသယဖြစ်နေတာ ကိစ္စမရှိဘူး…
ဝမ်ဝေ့က တွေးလိုက်သည်။
ငါက ဒီကမ္ဘာရဲ့ကံကြမ္မာကို ထိန်းချုပ်နိုင်တယ်။ ငါက ကိစ္စတွေကို အနည်းငယ် ပြောင်းလဲလိုက်ရုံနဲ့ မင်းတို့ရဲ့ အမှန်တရားအပေါ် အသိအမြင်က ပြောင်းလဲသွားလိမ့်မယ်။
အဲဒီနောက်ပိုင်းမှာ မင်းတို့တွေက ဒီအတွေးအခေါ်ကို ထပ်ပြီးတွေးမိကြတော့မှာ မဟုတ်ဘူး။ ပိုပြီးကောင်းတာက မင်းတို့တွေက ဒါက ငါ့ရဲ့ အစီအစဉ်လို့ တွေးမိကြမှာ မဟုတ်ဘူး…
ဝမ်ဝေ့က တိတ်တဆိတ် ခေါင်းခါလိုက်ပြီး သူက ဒိုင်မေးရှင်းအနိမ့်နှင့် ယှဉ်လိုက်လျှင် မည်မျှအားကောင်းလာသည်ကို တွေးလိုက်မိသည်။ သူက ဟွင်သွမ်းစကြဝဠာ၏ အထွတ်အထိပ်တွင် ရှိနေသည့်သူများကို မြင်တွေ့ခဲ့ဖူးသည့်အတွက် စိတ်ကြီးဝင်ခြင်း မရှိပေ။ သူ့လက်ရှိစွမ်းအားက မည်မျှသေးငယ်ကြောင်း သဘောပေါက်ထားလေ၏။
သူက ထုံရို့ပင်း၏ အချက်ပြမှုကို လက်မခံခင်အထိ ခဏကြာ စောင့်ဆိုင်းနေခဲ့သည်။ လက်တစ်ဖျောက် တီးပြီးသည့်နောက်တွင် သူမက ကမ္ဘာမှ ပျောက်ကွယ်သွားခဲ့၏။
…………………………
ကြယ်တာရာသားရဲ ကမ္ဘာ့အသိုက်အဝန်း
ထုံရို့ပင်းနှင့် ငါးယောက်အဖွဲ့က ဗလာကျင်းနေသည့် နေရာတစ်ခု၌ ပေါ်ထွက်လာကြသည်။ သူမက ဘေးပတ်လည်ကို ကြည့်ကာ သတိမမူပါက လေဟာနယ်ဖြိုခွင်းခြင်းအဆင့် ကျင့်ကြံသူကိုပင် သတ်နိုင်သည့် လေဟာနယ်စွမ်းအားကို သတိထားမိသွားသည်။
အဝေးတစ်နေရာတွင် သူမက တောက်ပနေသည့် ဥတစ်လုံးနှင့်တူသည့် အရာတစ်ခုကို မြင်လိုက်ရ၏။ ကြယ်တာရာများက ထိုဥခွံပေါ်တွင် တစ်လက်လက်တောက်ပနေသကဲ့သို့ ဖြစ်သည်။
ကြယ်တာရာသားရဲကမ္ဘာလား … ငါတို့တွေက ဒီကိုရောက်လာပြီလား…
အထွတ်အထိပ် ကျင့်ကြံသူများနှင့် ဧကရာဇ်တစ်ပိုင်းအဆင့် ကျင့်ကြံသူများက အဆုံးမဲ့လေဟာနယ်အတွင်း လွတ်လပ်စွာ သွားလာနိုင်ကြသည်။ မဟာဧကရာဇ်များကို ထည့်ပြောဖို့ပင် မလိုတော့ပေ။ သို့သော်လည်း အာကာပြင် မဟာတာအိုအရင်းအမြစ် ရှိသည့် ထာဝရဧကရာဇ်တစ်ယောက်က အားစိုက်ထုတ်ခြင်း မရှိဘဲ အဝေးတစ်နေရာသို့ ကူးပြောင်းပို့ဆောင်ပေးနိုင်၏။
ကမ္ဘာ့အသိုက်အဝန်း တစ်ခုချင်းစီကြားတွင် လေဟာနယ် အတားအဆီးရှိပြီး မဟာဧကရာဇ်များအတွက်ပင် ကူးသန်းဖို့ရာ ခက်ခဲအောင် ပြုလုပ်ထားလေ၏။
ဒါက သူ့စွမ်းအားလား။ သူက ငါ့ကို ကြယ်တာရာသားရဲကမ္ဘာဆီ ဘာပြဿနာမှ မရှိဘဲ တိုက်ရိုက်ပို့ဆောင်ပေးနိုင်တယ်ပေါ့…
ထိုအတွေးက ကြောက်ဖို့ ကောင်းလှသည်။ ဆိုလိုသည်မှာ မည်သည့်ကမ္ဘာကမှ ထိုလူ၏ လက်အောက်တွင် လုံခြုံနေခြင်း မရှိပေ။ ထို့အပြင် သူ့လက်တံများက သိပ်မကြာခင် ဒိုင်မေးရှင်းအနိမ့် တစ်ခုလုံးဆီ ပျံ့နှံ့သွားလိမ့်မည်။
ထုံရို့ပင်းက စိတ်တည်ငြိမ်ဖို့ အသက်ပြင်းပြင်းရှူလိုက်သည်။ သူမ၏ အပေါင်းအပါများကလည်း တူညီစွာ ကောက်ချက်ချပြီးသည့်နောက်တွင် အသက်ပြင်းပြင်း ရှူထုတ်လိုက်ကြ၏။
သူမက မူလိန်ကို ဆက်သွယ်ဖို့ ပြင်လိုက်ပြီး ကမ္ဘာထဲ တိုက်ရိုက် မဝင်ရောက်ခဲ့ပေ။ သို့သော်လည်း သူမ၏ လက်ထဲရှိ သတင်းစကားတစ်ခုနှင့်အတူ အဆောင်ကို မြင်လိုက်ရသည်။ ထို့နောက် သူမ၏ မျက်နှာအထက် မလုံမလဲ အပြုံးတစ်ခု ပေါ်ထွက်လာ၏။
အဆောင်ထဲတွင် ဝမ်ဝေ့၏ စွမ်းအား ပါဝင်နေသည်။ သို့သော်လည်း သူမက ထိုအရာကို လက်ခံရသည့် ရည်ရွယ်ချက်ကို သိထားလေ၏။ မူလိန်ထံ စွမ်းအားပြသဖို့ ဖြစ်သည်။
ငါ တတ်နိုင်သမျှ မြန်မြန် တာအိုကို သက်သေပြပြီးတော့ လိုအပ်တဲ့ နည်းလမ်းတွေကို သုံးရမယ်…
သူမက အမြဲတမ်း ရည်မှန်းချက် ကြီးမားခဲ့ပြီး စွမ်းအားနှင့် အာဏာ၏ အရေးပါပုံကို သိထားခဲ့သည်။ သို့သော်လည်း လတ်တလော အဖြစ်အပျက်များက ထိုအတွေးအခေါ်ကို ပိုမိုပြင်းထန်လာစေခဲ့၏။ ထုံရို့ပင်းက ဒိုင်မေးရှင်းအနိမ့်သည် ကြောက်မက်ဖွယ် အပြောင်းအလဲ တွေ့ကြုံခံစားရတော့မည် ဖြစ်ကြောင်း နားလည်ထားသည်။
စွမ်းအားမရှိဘဲ သူမက ဖြတ်သွားဖြတ်လာ တစ်ယောက် ဖြစ်လာလိမ့်မည်။ ပို၍ဆိုးရွားသည်က ဘာမှမသိလိုက်ဘဲ သေဆုံးသွားနိုင်၏။ သို့သော်လည်း သူမက ထိုသို့ ကံကြမ္မာမျိုးကို လက်ခံဖို့ ငြင်းဆန်သည်။ ထို့ကြောင့် သူမက ထိပ်ဆုံးသို့ တတ်နိုင်ဖို့ရာ ဘာမဆိုလုပ်ပြီး ဤခေတ်ကာလတွင် ပါဝင်ဆင်နွှဲကာ သူမ၏ ကိုယ်ပိုင်ဒဏ္ဍာရီကို ထားရှိခဲ့မည်။
သူမက အသက်ပြင်းပြင်းရှူပြီးသည့်နောက်တွင် မူလိန်ဆီ ဆက်သွယ်လိုက်သည်။
…………………………………………………………….
အသင်္ချေအင်ပါယာကမ္ဘာ၊ ကောင်းကင်ခုံရုံး
ဝမ်ဝေ့က အဝေးတစ်နေရာဆီ ကြည့်နေရင်း အကွာအဝေးနှင့် အာကာပြင် သဘောတရားက သူ့အတွက် ဘာမှမဟုတ်ပေ။
အင်အားစုအသီးသီးက ထာဝရဧကရာဇ်တွေ ပေါ်ထွက်လာသရွေ့ မျှခြေညီစက်ယန္တရားက တာအိုအခွင့်အလမ်းဂိုဏ်းအပေါ် တင်းကြပ်မှာ မဟုတ်ဘူး…
သူက တွေးလိုက်မိသည်။
သူက အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ထားဖို့ လို၏။ မဟုတ်ပါက သူ့ဂိုဏ်းသည် ကောင်းကင်တာအို၏ အကွက်ချလုပ်ကြံမှုကို ခံစားရလိမ့်မည်။ ဂိုဏ်းက ကောင်းကင်တာအိုကို အပြည့်အဝ ထိန်းချုပ်နိုင်လျှင်ပင် သူတို့က ထိုအခြေအနေမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ အနှစ်ချုပ်အားဖြင့် အစစ်အမှန် ကောင်းကင်တာအိုက ဝင်ရောက်စွက်ဖက်လာပါက ပို၍ ဆိုးရွားသွားလိမ့်မည်။
ပြီးတော့ ငါက ကပ်ပါး၈ယောက်ကို မြန်မြန်ဖယ်ရှားဖို့ စစ်သူကြီး လိုအပ်တယ်။ ဒီမျိုးဆက်ရဲ့ ပါရမီရှင်တွေက ပြိုင်ဘက်ကင်းပါရမီ၊ ကံကောင်းမှုနဲ့ တာအိုနှလုံးသားကို ရှိထားတဲ့သူတွေဆိုတော့ သူတို့ကို အသုံးမပြုရင် အလကားပဲ…
သူ့အကြည့်က တစ်ကမ္ဘာလုံးကို စစ်ဆေးကြည့်နေဟန်ပေါ်သည်။
မိုရှင်းယွင်အတွက်တော့ နှမြောစရာပဲ။ သူမက ငါ့ရဲ့စာရင်းထဲမှာ ရှိခဲ့တာ…
ဝမ်ဝေ့က ထိုမိစ္ဆာကောင်မလေးက သံသရာထဲ ဝင်ရောက်သွားပြီး နဝမအဆုံးစွန်အုတ်မြစ်ကို ပျိုးထောင်ဖို့ ကြိုးစားနေကြောင်း သိထားပြီးသား ဖြစ်၏။
ကောင်းပြီလေ။ မင်းရဲ့ ကံကြွေးကို ဝှက်ထားဖို့ ကူညီပေးမယ်။ တကယ်လို့ မင်း အောင်မြင်တယ်ဆိုရင် ငါ့အပေါ် ကံကြွေး ကြီးကြီးမားမား တင်နေတယ်ဆိုတာကို မမေ့နဲ့ပေါ့…
သူက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် ပြန်လည်ဝင်စားခြင်းနေရာရှိ မိုရှင်းယွင်၏ ဝိညာဉ်အပေါ် စည်းတံဆိပ်တစ်ခု ပို့ဆောင်လိုက်သည်။ ထိုမိစ္ဆာမိန်းကလေးသည် သူမ၏ ပြန်လည်ဝင်စားခြင်းတွင် ပြဿနာမရှိစေဖို့အတွက် အကုသိုလ်များကို ဝှက်ထားဖို့ ကြိုးစားခဲ့သည်။
သို့သော်လည်း ဝမ်ဝေ့က သူမ၏ နည်းလမ်းသည် သိပ်မကောင်းလှဘဲ သိပ်မကြာခင် ရှာဖွေတွေ့ရှိခံရမည်ဖြစ်ကြောင်း ပြောနိုင်လေ၏။
သူက ပြန်လည်ဝင်စားခြင်းနေရာမှ အကြည့်လွှဲကာ ကမ္ဘာကို အာရုံစိုက်ထားလိုက်သည်။ နယ်ရုပ်များနှင့် ကစားသူအားလုံးက နေရာတကျ ဖြစ်သွားပြီဖြစ်သည့်အတွက် သူ့အနေနဲ့ ရလဒ်ကိုသာ စောင့်ဆိုင်းဖို့ကို လိုအပ်နေတော့သည်။ ထို့နောက် သူက နောက်ကစားပွဲကို စတင်နိုင်လိမ့်မည်။
အချိန်တစ်ခုကြာ ဖရိုဖရဲဖြစ်နေမယ်ဆိုပေမဲ့ ဒါကတော့ ထင်ထားတဲ့အတိုင်းပါပဲ…
ဝမ်ဝေ့က တွေးလိုက်မိသည်။
ကောင်းပြီလေ။ ငါတို့ရဲ့ ဧည့်သည်ကို စောင့်လိုက်ရအောင်…
သူက ဧည့်ခန်းဆီ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာပြီး အဖန်ရည်ကို ကျိုချက်လိုက်သည်။ ထင်ထားသည့်အတိုင်း နာရီအနည်းငယ် ကြာမြင့်ပြီးသည့်နောက်တွင် ခုံရုံးဆီ ဧည့်သည်တစ်ယောက် ရောက်ရှိလာလေ၏။