ဗုဒ္ဓအသစ်
Vol. 65 Ch. 899
ဝမ်ဝေ့က ဖုန်းဟွမ်ကို ထိုင်ဖို့ လက်ဟန်ဖြင့် ညွှန်ပြလိုက်သည်။ အဖန်ရည်ကို ကျိုချက်ထားပြီးသားဖြစ်သည့်အတွက် တိုက်ရိုက် ဧည့်ခံလိုက်၏။
“အလုပ်များနေတာကို ဘာလို့များ တွေ့ဖို့ ရောက်လာတာလဲ”
“အကြောင်းအရင်းများစွာကြောင့် ရောက်လာတာပါ။ ပထမတစ်ခုအနေနဲ့ကတော့ ဒကာကြီးကို ကျေးဇူးတင်ဖို့ပါ” ဖုန်းဟွမ်က ပြောလိုက်သည်။ သူ့အသံတွင် လေးနက်မှုများ ပါဝင်နေ၏။
“ကံကြွေးကို ပြန်လည်ပေးဆပ်ရုံပါပဲ။ အခု ဗုဒ္ဓဘာသာအပေါ် ဘာမှကျေးဇူးကြွေး မရှိတော့ဘူး”
ဖုန်းဟွမ်က ဝမ်ဝေ့နှင့် သူတို့ဘာသာရေးကြားမှ ဆက်ဆံရေးသည် ရှုပ်ထွေးကြောင်း သိထားလေသည်။ သူက အောက်ခြေထိ မသွားလိုသည်မှာ မေတ္တယျမာတာဗုဒ္ဓ ပါဝင်ပတ်သက်နေနိုင်၍ ဖြစ်သည်။
“သဘောတူညီချက်အတိုင်း ဒီကိုယ်တော်က ကုသိုလ်ကို ဝေမျှပေးဖို့ ရောက်လာတာပါ” ဖုန်းဟွမ်က ဆက်ပြောလိုက်ပြီး ဝမ်ဝေ့အား ခရမ်းရောင်နှင့် ရွှေရောင်အလင်းလုံးကို ပေးလိုက်သည်။ ဝမ်ဝေ့က တုံ့ဆိုင်းခြင်းမရှိဘဲ သူတို့ကို လက်ခံလိုက်၏။
ဒိုင်မေးရှင်းအနိမ့်တွင် ဗုဒ္ဓဘာသာ မြင့်တက်လာမှုက သူ့အပြုအမူများကြောင့် မြန်ဆန်နေခြင်း ဖြစ်၏။ အကယ်၍ သူသာ စကားဝိုင်းအဖွဲ့မှတဆင့် ကမ္ဘာ့အသိုက်အဝန်းများဆီ ဗုဒ္ဓဘာသာကို တိတ်တဆိတ် မဖြန့်ဝေခဲ့ပါက ဖုန်းဟွမ်သည် တာအိုကို သက်သေပြဖို့ ကုသိုလ်လုံလုံလောက်လောက် အမြန်အဆန် စုစည်းနိုင်မည် မဟုတ်ပေ။
“ကိုယ်တော်ရဲ့ တတိယ ရည်ရွယ်ချက်ကတော့ ဒကာကြီးအတွက် လက်ဆောင်ပေးဖို့ပါ” ဖုန်းဟွမ်က လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် ရွှေရောင်စာအုပ် နှစ်အုပ်ကို ထုတ်ဖော်လိုက်၏။
“အတိတ်နဲ့ ပစ္စုပ္ပန် ဗုဒ္ဓကျမ်းလား”
ဝမ်ဝေ့က တိထျန်း၏ မှတ်ဉာဏ်များကို ဖတ်ရှုကာ စိတ်ဝင်စားဖို့ကောင်းသည့် ကိစ္စများစွာကို သင်ယူခဲ့ရသည်။ ထိုအရာထဲတွင် ပျောက်ဆုံးသွားပြီဖြစ်သည့် ထူးကဲဧကရာဇ်ကျမ်းများလည်း ပါဝင်သည်။
သို့သော်လည်း သူက ထိုနည်းစနစ်ကို မသင်ယူခဲ့သည်မှာ သူ မဖြေရှင်းရဲသည့် စွမ်းအားဖြင့် ကန့်သတ်ခံထားရ၍ ဖြစ်သည်။
“ဟုတ်ပါတယ်။ ဉာဏ်အလင်းပွင့်လာပြီးတဲ့နောက်မှာ ကိုယ်တော်က ဒီကျမ်းတွေနဲ့ ဒကာကြီးက ရေစက်ရှိတယ်ဆိုတာကို ခန့်မှန်းမိလိုက်လို့ပါ” ဖုန်းဟွမ်က ဆက်ပြောသည်။
“ဒကာကြီး ကောင်းကင်ဧကရာဇ် မစိုးရိမ်ပါနဲ့။ ဒါက လက်ဆောင်ဆိုတော့ ဘာကံကြွေးအနှောင်အဖွဲ့မှ မရှိပါဘူး”
ဝမ်ဝေ့က ထိုဧကရာဇ်ကျမ်းနှစ်ခုကို ကြည့်လိုက်၏။ သူက ထိုကျမ်းများသည် သူ့အတွက် အရေးပါလာလိမ့်မည်ဟု အမြဲလိုလို ခံစားမိခဲ့သော်လည်း အကြောင်းအရင်းကို မသိရသေးပေ။
“လက်ဆောင်ကို လက်ခံထားလိုက်ပါ့မယ်”
“အော်မိတောဖော” ဖုန်းဟွမ်က လက်နှစ်ဖက်ယှက်ကာ ရေရွတ်လိုက်၏။
“နောက်ထပ် ရှိသေးလို့လား”
“ဒီကိုယ်တော်က တစ်ကိုယ်ကောင်းဆန်တဲ့ တောင်းဆိုချက်လေးရှိလို့ပါ”
“တစ်ကိုယ်ကောင်းဆန်တယ်ဆိုရင် ပြောမနေနဲ့တော့လေ” ဝမ်ဝေ့က ပြောလိုက်သည်။
ဖုန်းဟွမ်က သက်ပြင်းချလိုက်ပြီး “ဒီကိုယ်တော်က စိတ်အခြေအနေ သန့်စင်ပြီး လောကီဆန္ဒတွေ မရှိစေချင်ပေမဲ့ မြင့်မြတ်တဲ့ တာဝန်ကို သယ်ပိုးထားရတော့ ဒီအကြောင်းအရင်းကနေ ခွဲမထွက်နိုင်ဘူး ဖြစ်နေတယ်”
ဝမ်ဝေ့က အဖန်ရည် တစ်ငုံသောက်ကာ “လောကီရေးရာကိစ္စကနေ အစစ်အမှန် ကွဲကွာပြီးတော့ ဓမ္မကိုပဲ ရွတ်ဖတ်နေတဲ့ ဘုန်းကြီးဘယ်နှစ်ယောက်များ ရှိမှာမလို့လဲ။ အဲ့လိုအမျိုးအစားတွေက ဒိုင်မေးရှင်းအမြင့်တောင် ရှားပါးလိမ့်မယ်ဆိုတာ အာမခံနိုင်တယ်”
ဖုန်းဟွမ်က သဘောတူကာ သက်ပြင်းချလိုက်၏။
“တောင်းဆိုချက်က ဘာလဲ”
“ဒီကိုယ်တော်က ဒကာကြီးကို သိက္ခာတော်ရ ဘုန်းကြီးဖြစ်စေချင်တာပါ”
“ဘုန်းကြီး … ခင်ဗျားရဲ့ လှေနဲ့ ကျုပ်ကို လာပြီး ချည်နှောင်နေတာလား”
“ဒါက ဒီကိုယ်တော်ရဲ့ ရည်ရွယ်ချက်သက်သက်ပါ” ဖုန်းဟွမ်က ခေါင်းယမ်းကာ ပြောလိုက်သည်။
“ဒိုင်မေးရှင်းအမြင့်နဲ့ ပတ်သက်ပြီးတော့ များများစားစား မသိပါဘူး။ ဒါပေမဲ့ ဒကာကြီးက အရှုပ်အထွေးကြားမှာ ပါဝင်ပတ်သက်နေပြီးတော့ ဘက်ရွေးပြီးပြီဆိုတာကိုတော့ ပြောနိုင်ပါတယ်”
ဝမ်ဝေ့က ဘာမှမပြောဘဲ အဖန်ရည် ဆက်သောက်လိုက်သည်။
“ဒီကိုယ်တော်က ဒကာကြီးကို ခြိမ်းခြောက်ဖို့ ကြိုးစားနေတာ မဟုတ်သလို ဘာမှလုပ်ဖို့လည်း မဟုတ်ပါဘူး။ တစ်ခုတည်းသော ရည်ရွယ်ချက်က ဗုဒ္ဓဘာသာ ကြွယ်ဝစည်ပင်လာစေဖို့ပါ”
ဝမ်ဝေ့က ပြန်မဖြေပေ။
ထို့ကြောင့် ဖုန်းဟွမ်က ဆက်ပြောလိုက်၏။
“ဒကာကြီးက ဗုဒ္ဓဘာသာရဲ့ သိက္ခာတော်ရ ဗုဒ္ဓဆိုတာကို ထုတ်ဖော်ဖို့ မလိုပါဘူး။ ပိုပြီးအရေးကြီးတာက ဒကာကြီးက ဒီရာထူးကနေ ဗုဒ္ဓဘာသာရဲ့ ကံကောင်းမှုတချို့ကိုလည်း ရယူနိုင်ပါလိမ့်မယ်”
ဝမ်ဝေ့က ဖုန်းဟွမ်၏ ကမ်းလှမ်းမှုအကြောင်း နက်နက်နဲနဲ စဉ်းစားနေမိသည်။ သူက ဗုဒ္ဓဘာသာ ပြန်လည်ရှင်သန်လာစဉ်ကတည်းက မေတ္တယျအဆင့်လို လူမျိုးအတွက် အရေးပါမှုအကြောင်းကို စဉ်းစားနေခဲ့သည်။
လက်ရှိ သူက ကောက်ချက်ချမှုတချို့ ရှိထား၏။ ပထမတစ်ခုက ဗုဒ္ဓဘာသာ၏ ကံကောင်းမှုသည် သူမအတွက် အလွန်အရေးပါသည်။ သို့သော် ဝမ်ဝေ့အနေဖြင့် ဒိုင်မေးရှင်းအနိမ့်ရှိ ကံကောင်းမှုသည် အဖိုးမတန်ကြောင်း ယုံကြည်ထားသည့်အတွက် ထိုအတွေးအခေါ်က အလှမ်းဝေးလွန်းလှသည်။
သို့သော်လည်း ဗုဒ္ဓဘာသာ၏ ကံကောင်းမှုက ဒိုင်မေးရှင်းအနိမ့်၏ အဖွဲ့ခွဲ ရှင်သန်မလာခင်အထိ မပြည့်စုံနိုင်သည့် ဖြစ်နိုင်ချေလည်း ရှိပေသည်။
ဒုတိယ ကောက်ချက်ချမှုကမူ သူမက ကုသိုလ်ကို လိုချင်ပြီး လက်ရှိ ဒိုင်မေးရှင်းအမြင့်၏ အာဏာပိုင်း မျှခြေအခြေအနေအရ ရယူဖို့ရာ မလွယ်ကူပေ။
ကုသိုလ်က စကြဝဠာထဲ မှော်အဆန်ဆုံး အရာတစ်ခုဖြစ်ကာ စွယ်စုံသုံးနိုင်လေသည်။
သို့သော်လည်း ပထမကောက်ချက်ချမှုနှင့် တူညီသည့် အငြင်းအခုန်မျိုး ရှိနေသည်။ ကံကောင်းမှု ပမာဏအနည်းငယ်က သူမလိုအဆင့်မျိုးအတွက် ထိုက်တန်မည် မဟုတ်ပေ။ ကုသိုလ်က သို့မဟုတ် ထူးကဲသာလွန်မှု တစ်ပိုင်းအဆင့်များအတွက်ပင် အဖိုးတန်နေခြင်း ဖြစ်နေနိုင်သည်။
ဝမ်ဝေ့က ထိုအဆင့်နှင့် ပတ်သက်ပြီး မသိသလောက် နည်းပါးသည့်အတွက် သေချာကောက်ချက်မချနိုင်ဘဲ သူ့သီအိုရီများတွင် ဟာကွက်များစွာ ရှိနေလေသည်။
တတိယ ကောက်ချက်ချမှုတွင် သူမ၏ တာအိုနှလုံးသား ပါဝင်နေ၏။ ဝူဟုန်ဆီမှ ဗုဒ္ဓဘာသာကျရှုံးမှုသည် မေတ္တယျကြောင့် ဖြစ်မှန်း သိခဲ့ရသည်။ သူမက တာအိုဘာသာနှင့် ရင်ဆိုင်နေစဉ်အတွင်း တစ်စုံတစ်ခု ဖြစ်ပျက်သွားခဲ့ကာ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာရှိ ဗုဒ္ဓဘာသာ ဘုန်းကြီးများအားလုံးကို သက်ရောက်မှု ရှိလာခဲ့သည်။
သူမက သူတို့၏ စိတ်ကို သက်ရောက်မှုဖြစ်စေကာ အစွန်းရောက် ဖြစ်သွားစေ၏။ ထို့နောက် ယုံကြည်မှုက ဗုဒ္ဓဘာသာ၏ ပျက်သုဉ်းမှုအတွက် ဓာတ်ကူးတစ်ခု ဖြစ်လာခဲ့သည်။
ထိုစဉ် ဒိုင်မေးရှင်းအမြင့်ရှိ အဖွဲ့ခွဲများက ရှင်သန်ခဲ့သည်မှာ သူတို့က သူမနှင့် နီးကပ်ပြီး အရင်းအမြစ်များစွာလည်း ရှိနေ၍ ဖြစ်သည်။
ဝမ်ဝေ့က မေတ္တယျ၏ တာအိုနှလုံးသားသည် ဗုဒ္ဓဘာသာ ပြန်လည်ရှင်သန်လာမှုအပြီးတွင် ပြီးပြည့်စုံသွားလိမ့်မည်ဟု ယုံကြည်ထားသည်။
နောက်ဆုံးသော ကောက်ချက်ချမှုတွင် နေမင်းနှစ်စင်းကြားက တိုက်ပွဲ ပါဝင်နေသည်။
မေတ္တယျ၏ လက်တံက ယခုအခါ ဒိုင်မေးရှင်းအနိမ့်အထိ ရောက်ရှိလာပြီဖြစ်ကာ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာကို ပိုမိုလွှမ်းမိုးလာနိုင်ပြီး အန္တိမသဟဇာတ၏ စွမ်းအားကို လျှော့ချနိုင်လိမ့်မည်။
ဝမ်ဝေ့၏ စိတ်ထဲ ထိုအတွေးအားလုံး ဖြတ်ပြေးသွား၏။
မေတ္တယျကို ယုံနိုင်ပါ့မလားဆိုတာကို သေချာမသိရပေမဲ့ အန္တိမသဟဇာတကတော့ ငါ့ရဲ့တည်ရှိမှုကို သည်းမခံနိုင်ဘူးဆိုတာကို သိတယ်…
အသင်္ချေအင်ပါယာကမ္ဘာ ပြန်လည်ရှင်သန်လာမှုသည် ဒိုင်မေးရှင်းအနိမ့် တစ်ခုလုံးထံ စည်ပင်ကြွယ်ဝသည့် ခေတ်ကာလကို ဖြစ်စေကာ အစစ်အမှန်ကောင်းကင်တာအို၏ စွမ်းရည်ကို အားဖြည့်ပေးလိမ့်မည်။
ထို့အပြင် သူက တက်လှမ်းပြီးသည့်နောက်တွင် ကပ်ပါးများကို သုတ်သင်ပစ်ပြီး ဒိုင်မေးရှင်းအမြင့်ကို အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိစေမည် ဖြစ်၏။ ထို့ကြောင့် မည်သို့ပင်ဆိုစေကာမူ အန္တိမသဟဇာတက သူ့ကို အသက်ရှင်ခွင့်ပြုမည် မဟုတ်ပေ။
ငါက တတ်နိုင်သမျှမြန်မြန် စံပြ ဖြစ်လာရင်တောင် ကာကွယ်မှုလိုတယ်။ ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်နဲ့ ယှဉ်ရင်တော့ အသုံးမဝင်ဘူး။ အဲဒါဆိုတော့ ငါက အသက်ရှင်ဖို့ ရွေးချယ်စရာတစ်ခုက သူမရဲ့ ကာကွယ်မှုကို ရယူဖို့ပဲ…
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။
မဟုတ်သေးဘူး။ ငါ့ဆီမှာ တတိယရွေးချယ်စရာ ရှိတယ်။ ငါ ဟုန်ကျွင်းကို နောက်ထပ် ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့် ဖြစ်မဲ့သူနဲ့ မိတ်ဆက်ပေးပြီးတော့ အပြောင်းအလဲတွေကို ဖန်တီးလို့ရတယ်…
ဝမ်ဝေ့၏ စိတ်ထဲ တက်လှမ်းသွားပြီးသည့်နောက်တွင် မည်သို့ဖြေရှင်းရမည်ကို သိသည့်အတွက် ရှင်းလင်းနေသည်။ သူ့အဓိကရည်ရွယ်ချက်က ထိုအဓိက ကစားသမားများနှင့် ကျင့်ကြံဆင့် တူညီရန် လုံလောက်သည့် အချိန် ရရှိဖို့ ဖြစ်သည်။
“ကောင်းပြီလေ။ အပေးအယူကို လက်ခံတယ်” ဝမ်ဝေ့က ပြောလိုက်သည်။
နောက်ဆုံးတွင် ဘုန်းကြီးကို ကြည့်လိုက်ပြီးသည့်နောက်တွင် မိနစ်ပိုင်းကြာ စဉ်းစားလိုက်သည်။
“မင်းရဲ့ ဆန္ဒက ဗုဒ္ဓဘာသာကို ခုံရုံးရဲ့ ဘာသာရေး ဖြစ်လာစေချင်တာမလား။ ဒါပေမဲ့ အခုတော့ လုပ်လို့မရသေးဘူး”
ဝမ်ဝေ့က ဆုံးဖြတ်ချက်ချပြီးသည့်နောက်တွင် တာအိုဘာသာကို လျစ်လျူရှုပြီး ဗုဒ္ဓဘာသာထဲ ပိုမိုရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်လိုက်သည်။ သူက ယခင်ကလောက် ဆုံးဖြတ်ချက် မပြတ်မသား မဖြစ်ဖို့ရာ ရွေးချယ်လိုက်၏။
တချို့သော ကိစ္စများက စွန့်စားဖို့ရာ လိုအပ်၏။ ထို့ကြောင့် သူက အကြောက်တရားနှင့် မလုံခြုံမှုများကြောင့် လိုအပ်လာသည့်အခါ လှုပ်ရှားဖို့ တားဆီးခံထားရခြင်း မဖြစ်သင့်ပေ။
သို့သော်လည်း သူက ဒိုင်မေးရှင်းအနိမ့်ရှိ တာအိုဘာသာကို ဖျက်ဆီးပစ်မည် မဟုတ်ပေ။
သူက အန္တိမသဟဇာတကို သူ ဒိုင်မေးရှင်းအနိမ့်တွင် ရှိနေတုန်း အတင်းအကြပ် တိုက်ခိုက်လာဖို့ တစ်စုံတစ်ခု တွန်းအားမပေးလိုပေ။
ဖုန်းဟွမ်က ထိုစကားများကို ကြားကာ အကြည့်များ တောက်ပလာ၏။ ယခင်က သူသည် သူ့အစီအစဉ် အောင်မြင်ဖို့ရာ မျှော်လင့်ချက် အနည်းငယ်သာ ရှိခဲ့သည်။ သို့သော် သူက ယခုတွင် အခွင့်အရေးကို မြင့်ခဲ့ရပြီး အချိန်မှန် စောင့်ဆိုင်းဖို့သာ လိုအပ်တော့သည်။
“ဒကာကြီးကို ကျေးဇူးတင်ပါတယ်။ ဆုံးဖြတ်ချက်ကို နောင်တရမှာ မဟုတ်ပါဘူး”
“အဲ့လိုပဲ မျှော်လင့်ပါတယ်”
ဖုန်းဟွမ်က သူ့အဆင့်အတန်းကို ညွှန်ပြသည့် အမှတ်အသားပြားတစ်ခုကို ထုတ်ပေးလာခဲ့သည်။
“ဒီဘုန်းကြီးက ဒကာကြီးကို အနောက်ပိုင်းကောင်းချီးဂိုဏ်းရဲ့ ဖွင့်ပွဲကို တက်ရောက်ဖို့ ဖိတ်ကြားပါတယ်”
“လာခဲ့ပါ့မယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ နှစ်ဦးသားက စကားစမြည်ပြောပြီးသည့်နောက်တွင် တာအိုဆွေးနွေးဖို့ ရက်တစ်ရက် ဆုံးဖြတ်ခဲ့ကြသည်။ နောက်ဆုံးတွင် ဖုန်းဟွမ်က ထွက်ခွာသွားခဲ့၏။
ဝမ်ဝေ့က သူ့လက်ထဲမှ အမှတ်အသားပြားကို ကြည့်လိုက်သည်။ သိက္ခာတော်ရ ဘုန်းကြီးတစ်ပါးအနေဖြင့် ဆိုးကျိုးများ ရှိသလို ကောင်းကျိုးများလည်း ရှိလေသည်။
ငါ့ဇစ်မြစ်ကို အခု လူသိရှင်ကြား ထုတ်ဖော်လို့မရသေးဘူးဆိုပေမဲ့ အကျိုးအမြတ်တော့ ရယူနိုင်တယ်…
သူက သူ့မျက်ဝန်းအထက် ဉာဏ်များသည့် အကြည့်တစ်ချက် ဖြတ်ပြေးသွားသည်။
တာအိုဘာသာက ငါ့ရန်သူဆိုပေမဲ့ သူတို့ကို မဖယ်ရှားပစ်ခင် နယ်ရုပ်အဖြစ်နဲ့ သုံးလို့ရတယ်။ ပြီးတော့ အန္တိမသဟဇာတဆီကနေ သူတို့ကို ပြောင်းပစ်ဖို့ အခွင့်အရေးလည်းရှိတယ်…
ဝမ်ဝေ့က သူ့ရန်သူသည် အန္တိမသဟဇာတဖြစ်ပြီး တာအိုဘာသာ မဟုတ်ကြောင်း နားလည်လေသည်။ အကယ်၍ သူသာ မှန်မှန်ကန်ကန် ကစားနိုင်ပါက သူတို့သည် မဟာမိတ်ပင် ဖြစ်လာနိုင်၏။
အလျင်လိုဖို့ မလိုဘူး။ အချိန်ယူပြီးတော့ သူတို့ကို ဖိအားပေးနိုင်တယ်။ အခုတော့ မလုံလောက်သေးဘူး…
သူက အမှတ်အသားပြားအပေါ် သွေးတစ်စက်ချကာ ချက်ချင်းသန့်စင်လိုက်သည်။
ထို့နောက် ချက်ချင်းဆိုသလို သူက ဗုဒ္ဓဘာသာ၏ ကံကောင်းမှုနှင့် ဆက်နွယ်မှုရှိသလို ခံစားလိုက်ရ၏။ ထိုအရာက ငယ်ရွယ်ကာ လတ်တလောမှ ဖွဲစည်းထားခြင်း ဖြစ်သော်လည်း ဝမ်ဝေ့က အလားအလာကို ခံစားမိလိုက်သည်။
ငါ ဖုန်းဟွမ်ကို တခြားကမ္ဘာ့အသိုက်အဝန်းမှာ ဗုဒ္ဓဘာသာကို ပစ်မှတ်ထားတဲ့ သစ္စာဖောက်တွေအကြောင်းကို သတိပေးရမယ်…
ဝမ်ဝေ့က တွေးလိုက်မိသည်။
ဒါပေမဲ့ သူက ဆုံးရှုံးမှုနည်းနည်းခံစားပြီးတော့ ငါ့အပေါ် ပိုမှီခိုလာတာလည်း ကိစ္စဆိုးတစ်ခုတော့ မဟုတ်ပါဘူး…
သူက ခေါင်းမော့ကြည့်ကာ အဝေးတစ်နေရာကို ကြည့်ပြီး ပြုံးလိုက်သည်။
“ဒီလောက်တောင် မြန်တယ်လား” သူက ရေရွတ်လိုက်သည်။