လျင်မြန်သည့် ဆုံးဖြတ်ချက်များ
Vol. 65 Ch. 900
ကြယ်တာရာသားရဲကမ္ဘာ၊ ကြယ်တာရာသခင်တောင်
ဤကမ္ဘာ၏ လက်ရှိ လွှမ်းမိုးမှုအရှိဆုံးဂိုဏ်းအနေဖြင့် သူတို့၏ ရှစ်ယောက်မြောက် မဟာဧကရာဇ်နှင့် ဒုတိယမြောက် ထာဝရဧကရာဇ်ကို ပြုစုပျိုးထောင်နိုင်သည့်အတွက် ရှေးဦးကြယ်တာရာဂြိုလ်က အတော်လေးကို ကြီးကျယ်ခမ်းနားလာသည်။ ထိုဂြိုလ်၏ အရွယ်အစားက အသင်္ချေအင်ပါယာကမ္ဘာရှိ နယ်မြေများစွာနှင့်ပင် ယှဉ်နိုင်လေ၏။
အကယ်၍ ကမ္ဘာမြေမှ သိပ္ပံပညာရှင်များသာ ဤဂြိုလ်ကို မြင်တွေ့ခဲ့လျှင် ဂြိုလ်သည် ဂလက်ဆီနီးပါးလောက် ကြီးနေသည့်အတွက် မည်မျှပင် ယုတ္တိမတန်ကြောင်း တွေးကာ ကောင်းကင်ကို ကျိန်ဆဲကြလိမ့်မည်။ သို့သော်လည်း ဤအရာမျိုးက ဤထူးထူးဆန်းဆန်း ကမ္ဘာတွင် ပုံမှန်သာဖြစ်၏။
ဧကရာဇ်မျိုးနွယ်များက သူတို့၏ အင်အားစုများအတွက် လူလုပ်ဂြိုလ်များကို ဖန်တီးထားကြသည်။ ထို့ကြောင့် ဤကမ္ဘာ၌ သဘာဝမဆန်သည့် အရာများစွာ ရှိလေသည်။ ပြောရလျှင် သဘာဝအတိုင်း ဖန်တီးခံထားရသည့် ဂြိုလ်များနှင့် ကြယ်တာရာများကပင် အတော်အတန် ကြီးမားလှ၏။
ကြယ်တာရာသခင်တောင်အတွင်း လျှို့ဝှက်ခန်းတစ်ခု၌
“တကယ့်ကို အကြံကောင်းပဲ” မူလိန်က အကြည့်များ တောက်ပလျက် ရေရွတ်လိုက်သည်။ သို့သော်လည်း သူက စိတ်ခံစားချက်များကို အလျင်အမြန် ထိန်းချုပ်လိုက်၏။
“ရှင် ဘယ်လိုထင်လဲ။ ဒါက ဖြစ်နိုင်မယ်လို့ ထင်လား” ထုံရို့ပင်းက မေးလိုက်သည်။
မူလိန်က ထိုအရာကို ချက်ချင်းပြန်မဖြေသေးဘဲ ဖြစ်နိုင်ချေကို စဉ်းစားကြည့်လိုက်၏။
“အဆောင်ကို ကြည့်ရအောင်”
သူက သူမဆီမှ အဆောင်ကို ယူရင်း အခွင့်အရေးကို အသုံးချကာ သူမ၏ ကျောက်စိမ်းလို လက်ကလေးကို ပွတ်သပ်လိုက်သည်။
ထုံရို့ပင်းက သူ့ကို မျက်စောင်းအသာထိုးလိုက်၏။
သူက ရှက်ရွံ့မှုမရှိဘဲ မျက်လုံးကိုအသာမှိတ်ကာ အာရုံစိုက်လိုက်၏။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် မူလိန်၏ မျက်နှာက ဖြူဖျော့သွားပြီး အကြောက်တရားဖြင့် မျက်လုံးဖွင့်လာသည်။
“တကယ့်ကို မကောင်းဆိုးဝါးပဲ” သူကရေရွတ်လိုက်သည်။
“သူက အဲ့လောက်တောင် အားကောင်းတာလား”
“ဟုတ်တယ်။ အနည်းဆုံး မဟာတာအိုအရင်းအမြစ် ၃၀ ရာခိုင်နှုန်းပဲ”
“အနည်းဆုံးလား။ သေချာရဲ့လား”
မူလိန်က ပုခုံးတွန့်ကာ “ကိုယ်သိသလောက်ကတော့ သူ့ဆီကနေ တိုက်ကွက်တစ်ခုတောင် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။ သူက စွမ်းအားများများစားစား သုံးမထားဘူး”
ထုံရို့ပင်းက သက်ပြင်းချကာ “အဲဒါဆိုတော့ ရှင် သဘောတူတယ်လား”
“ဘာလို့ သဘောမတူရမှာလဲ။ ဒီလိုအကျိုးအမြတ် အများကြီးနဲ့ဆိုရင် သဘောမတူစရာ အကြောင်းမရှိဘူးလေ”
မူလိန်၏ အကြည့်များက ရည်မှန်းချက်ဖြင့် တောက်ပနေသည်။ လူတချို့က သူသည် ခန္ဓာကိုယ်လေ့ကျင့်ရေး လမ်းစဉ်သက်သက်ကို မလျှောက်လှမ်းသည့်အတွက် သဘောမကျကြပေ။ သို့သော်လည်း သူက ဆုံးဖြတ်ချက်ကို နောင်တမရခဲ့ပေ။
လှည့်ဖျားရေးစစ်ဆေးမှုအတွင်း သူက ဒိုင်မေးရှင်းအမြင့်၏ အာဏာပိုင်းဆိုင်ရာ အခြေအနေများကို သင်ယူခဲ့ရသည်။ သူသာ တက်လှမ်းပြီးသည့်နောက်တွင် သူ့ဦးခေါင်းကို ဦးညွှတ်ပြီး တစ်စုံတစ်ယောက်၏ နောက်လိုက်ခွေး ဖြစ်မလာသရွေ့ ဘဝကြီးသည် ငြိမ်းချမ်းမည် မဟုတ်ကြောင်း သိလိုက်၏။
ကံဆိုးစွာဖြင့် ခန္ဓာကိုယ်လေ့ကျင့်ရေး လမ်းစဉ်သက်သက်တွင် ခွန်အားဂိတ်ပေါက်ကို မဖွင့်ခင် ခွန်အားသာ ရှိထား၍ သူတို့က အလွယ်တကူ အသတ်ခံရနိုင်၏။ ထို့ကြောင့် သူသည် ဤလမ်းစဉ်ကို ရွေးချယ်ကာ တက်လှမ်းပြီးသည့်နောက်တွင် မြင့်မားသည့် အသက်ရှင်နိုင်ချေရရှိဖို့ အာမခံအနေဖြင့် ဤလမ်းစဉ်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် သူ့ရွေးချယ်မှုက သူ့အလားအလာကို ပျက်စီးမသွားစေခဲ့ပေ။ အနည်းငယ် နှောင့်နှေးထားရုံမျှသာ ဖြစ်၏။ ခန္ဓာကိုယ် လေ့ကျင့်သူအနေဖြင့် သူ့ပါရမီနှင့် အုတ်မြစ်က ပျောက်ကွယ်မသွားပေ။ သူသာ လုံလောက်သည့် အရင်းအမြစ် ရှိနေသရွေ့ သူ့ခန္ဓာကိုယ်လေ့ကျင့်ရေး လမ်းစဉ်သက်သက်ကို လျှောက်လှမ်းဖို့ ရွေးချယ်ခဲ့သည်နှင့် ယှဉ်နိုင်သည့် အနေအထားသို့ ရောက်ရှိလာလိမ့်မည်။
ယခုအခါ ကောင်းကင်ခုံရုံးဖြင့် သူက ထိုအခွင့်အရေးကို မြင်လိုက်ရသည်။ သူသာ အောင်မြင်ပါက အလားအလာကောင်းသည် ထာဝရအထွတ်အထိပ် ဖြစ်လာပြီး သူ့စွမ်းအားကလည်း သိသိသာသာ တိုးမြင့်လာလိမ့်မည်။
“မဆုံးဖြတ်ခင် အကြီးအကဲတွေနဲ့ ဆွေးနွေးချင်သေးလား”
“မလိုဘူး။ သူတို့ထဲက တချို့က လောဘကြီးပြီးတော့ တုံးအအ အရာတွေ လုပ်လာနိုင်တယ်။ ဝမ်ဝေ့နဲ့ သဘောတူညီချက်ယူပြီးမှ သူတို့ကို ဆွေးနွေးရအောင်”
ထုံရို့ပင်းက ခေါင်းညိတ်လိုက်၏။
“သူနဲ့ ဆွေးနွေးဖို့ မင်းကို အိမ်ပြန်ပို့ပေးမယ်”
“အဲဒါက အကြံကောင်းလို့တော့ မထင်ဘူး” ထုံရို့ပင်းက ခေါင်းခါကာ ပြောလိုက်၏။ အသင်္ချေအင်ပါယာကမ္ဘာ၏ အခြေအနေက ထူးခြားလှကာ နယ်ခြားထာဝရဧကရာဇ် တစ်ယောက် ပေါ်ထွက်လာမှုက ကိစ္စများစွာကို ရှုပ်ထွေးသွားစေနိုင်သည်။
“မင်းကို တစ်ယောက်ထဲ အိမ်ပြန်လွှတ်ရမှာ စိတ်မချဘူး”
ထုံရို့ပင်းက ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် ဖြေရှင်းနည်းတစ်ခုကို ထုတ်ဖော်ခဲ့သည်။
“ကျွန်မတို့တွေ သီးသန့်နေရာတစ်ခုကို သွားလို့ရမလား”
မူလိန်က ထိုထူးထူးဆန်းဆန်း တောင်းဆိုချက်ကြောင့် နားမလည်ဖြစ်သွားသော်လည်း မေးခွန်းများ မမေးပေ။ သူက အာကာပြင်ကို ဆုတ်ဖြဲကာ သူ့အနှစ်သက်ဆုံး ဂြိုလ်ဆီ ပို့ဆောင်ပေးခဲ့သည်။ သူက ပြိုင်ဘက်၏ ခိုးကြောင်ခိုးဝှက်တိုက်ကွက်ကြောင့် သေဆုံးလုနီးပါးဖြစ်ခဲ့ပြီး ထိုကျတ်တီးမြေဂြိုလ်ပေါ်တွင် ပြန်လည်အားဖြည့်ခဲ့ရသည်။
ထိုအခိုက်အတန့်မှစ၍ ထိုနေရာသည် သူတစ်ယောက်ထဲ နေလိုသည့် အချိန်အခါတိုင်း သွားသည့် နေရာတစ်ခု ဖြစ်လာခဲ့၏။
သိပ်မကြာခင် သူက စံအိမ်တစ်ခုရှေ့ ရောက်ရှိလာကာ ထုံရို့ပင်းက လှုပ်ရှားလိုက်သည်။
“ကောင်းကင်ဧကရာဇ်ကို တွေ့ခွင့်တောင်းပါတယ်”
အခန်း၏ လေထုက ရုတ်ချည်းဆိုသလို ပြောင်းလဲသွားပြီး လျှို့ဝှက်ဆန်းကြယ်ကာ ကြီးကျယ်ခမ်းနားလာ၏။ ထို့နောက် တစ်နေရာရာမှ ဝမ်ဝေ့က အခန်းအတွင်း ပေါ်ထွက်လာသည်။
မူလိန်က မျက်လုံးဝှေ့ကာ တွေးလိုက်မိသည်။
ပုံရိပ်ယောင်လား။ ဒီလောက် အဝေးကြီးကနေ နာမည်တစ်ခုနဲ့လေ…
ထာဝရဧကရာဇ်တစ်ယောက်အနေဖြင့် သူ့နာမည်က စွမ်းအားကို ကိုင်ဆောင်ထားသောကြောင့် တစ်စုံတစ်ယောက်က တခြားကမ္ဘာ့အသိုက်အဝန်း အကွာအဝေးမှ သူတို့ကို ခေါ်လျှင်ပင် ခံစားနိုင်လေသည်။ သို့သော်လည်း သူက အရင်းအမြစ်ကို ရှာဖွေရမည်ဖြစ်သည့်အတွက် ခံစားချက်က ဝေဝါးနေလိမ့်မည်။
သို့သော်လည်း ဝမ်ဝေ့၏ စွမ်းဆောင်ရည်က အတားအဆီးမရှိ ချက်ချင်းလက်ငင်း ဖြစ်၏။
“လှည့်ကွက်အသေးလေးပါပဲ” ဝမ်ဝေ့က သူ့အတွေးများကို ခန့်မှန်းမိသည့်အလား ပြောလိုက်သည်။
“ငါ့ရဲ့နာမည်မှာ ကံဆက်နွယ်ထားပြီးတော့ လူတွေပြောတဲ့အခါမှာ အာရုံခံဖို့ ပိုပြီး လွယ်ကူလာစေတယ်လေ။”
“တစ်ခါတစ်လေ တားမြစ်ခံတာအိုတွေရဲ့ စွယ်စုံအသုံးပြုမှုကို အားကျမိသား”
“ငါတို့ရဲ့ တာအိုအတွက် တန်ကြေးအများကြီး ပေးထားရတာဆိုတော့ အားကောင်းတာက ပုံမှန်ပါပဲ” ဝမ်ဝေ့က ထိုင်ခုံတွင် ဝင်ထိုင်ကာ ပြောလိုက်သည်။
“အကြံပြုချက်ကို စဉ်းစားပြီးသွားပြီလား”
“စဉ်းစားပြီးသွားပြီ။ ငါ သဘောတူတယ်”
“ကောင်းပြီ။ မင်းက ဆုံးဖြတ်ချက် ပြတ်သားတဲ့သူမှန်း သိပါတယ်”
“အဲ့လိုမျိုး မြင့်မြင့် တွေးထားလိမ့်မယ်လို့ ထင်မထားမိဘူး” မူလိန်က ပြုံးကာ ပြောလိုက်၏။
ဝမ်ဝေ့က အနည်းငယ် ချီးကျူးလိုက်သည်။ သူက သူတို့၏ စီးပွားရေးတွဲဖက်အဖြစ် လုပ်ကိုင်ခဲ့စဉ်အတွင်း မူလိန်ကို သုံးသပ်ခဲ့သည်။
ထိုသူက သူအလိုရှိသည့် အရာနောက်ကို လိုက်သည့်အခါ တုံ့ဆိုင်းနေမည့်သူ မဟုတ်ဘဲ ဆုံးဖြတ်ချက်ပြတ်သားသည့်သူ ဖြစ်ကြောင်း သိခဲ့၏။ ထို့အပြင် မူလိန်က ကောင်းကင်ရွေးချယ်ခံများရှိထားသည့် မာနမျိုး မရှိသည့်အတွက် သူ့စိတ်နှင့် အပြုအမူတို့က ပိုပြီးတော့ ပြင်လွယ်ပြောင်းလွယ်နိုင်သည်။
“ဒီလိုဆိုရင် အသေးစိတ်ကို ဆွေးနွေးရအောင်”
နှစ်ဦးသားက အပေးအယူအကြောင်း အသေးစိတ် ဆွေးနွေးလိုက်ကြသည်။ ဤနေရာကို ရောက်မလာခင် ဝမ်ဝေ့သည် ထုံရို့ပင်းက သူ အကျိုးအမြတ်များများ ရယူရာတွင် အကြီးမားဆုံး အတားအဆီးဖြစ်လိမ့်မည်ဟု ထင်ထားခဲ့မိသည်။ သို့သော်လည်း သိပ်မကြာခင် မှားယွင်းသွားကြောင်း သိခဲ့ရ၏။ မူလိန်က ငြင်းခုံသည့်အခါ အရှက်မရှိဘဲ အကျိုးအမြတ်ကို တတ်နိုင်သမျှများများ ညှစ်ထုတ်ယူနေသည်။
သူတို့၏ ယခင် အပေးအယူက သေးငယ်ကာ အဖိုးမတန်သည့်အတွက် မူလိန်က လူကြီးလူကောင်းတစ်ယောက် ဖြစ်ခဲ့သည်။ သို့သော် ယခုတွင် ထိုသူက ထာဝရဧကရာဇ်တစ်ယောက်၏ ဂုဏ်သိက္ခာကိုပင် မပြသပေ။
ဝမ်ဝေ့က ဂုဏ်ကျက်သရေကြီးမားသည့် ထာဝရဧကရာဇ် တစ်ယောက်အစား ဉာဏ်များသည့် လမ်းဘေးကုန်သည်နှင့် ဆွေးနွေးရသလိုမျိုး ခံစားနေရသည်။
နာရီအနည်းငယ်ကြာမြင့်ပြီးသည့်နောက်တွင် သူတို့က သဘောတူညီချက် ရယူပြီး စာချုပ်ချုပ်ခဲ့ကြ၏။ ဝမ်ဝေ့က မူလိန်အား ခုံရုံးနှင့် ပတ်သက်ပြီး သတင်းအချက်အလက် အားလုံးကိုပေးခဲ့ပြီး နန်းဆောင်ကို မည်သို့သန့်စင်ရမည့်အကြောင်းနှင့် ရွေးချယ်ခံ နတ်ဘုရားစာရင်းလည်း အပါအဝင် ဖြစ်သည်။
ဆက်တိုက်ဆိုသလို သူက ထုံရို့ပင်းအား ကုသိုလ်သက်သေပြနည်းလမ်းကို ပေးခဲ့ပြီး သူမ တစ်ယောက်ထဲကသာ ထိုအရာကို အသုံးပြုနိုင်ပြီး ဒုတိယမြောက်လူဆီ လက်ဆင့်ကမ်းမပေးဖို့ တားမြစ်ခဲ့သည်။
နောက်ဆုံးတွင် ဝမ်ဝေ့၏ ပုံရိပ်ယောင်က ပျောက်ကွယ်သွားလေ၏။
“ရှင် ဘယ်လိုထင်လဲ”
“လူကိုယ်တိုင်က ပိုပြီးကြောက်ဖို့ ကောင်းတယ်” မူလိန်က ဖြေလိုက်သည်။
“တခြား တစ်ခုခုရှိသေးလား” ထုံရို့ပင်းက မေးလိုက်သည်။
“ဒိုင်မေးရှင်းအနိမ့်က ပိုပြီးတော့ ဖရိုဖရဲဖြစ်လာပြီဆိုတော့ ရောက်ရှိလာမဲ့ မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ်”
သူက သူ့လက်ရှိအင်အားဖြင့် ဖုံးကွယ်နေသည့် အရာများစွာကို အာရုံခံမိခဲ့သည်။
“သွားကြစို့။ လုပ်စရာတွေ အများကြီး ရှိသေးတယ်”
………………………………………………………….
အသင်္ချေအင်ပါယာကမ္ဘာ၊ ကောင်းကင်ခုံရုံး
ဝမ်ဝေ့က သူ့လက်ထဲမှ စာချုပ်ကို ကြည့်ကာ တောက်တောက်ပပ ပြုံးလိုက်သည်။ သူက သိမ်းဆည်းပြီးသည့်နောက်တွင် ခန္ဓာကိုယ်ကို အညောင်းအညာ ဆန့်လိုက်၏။
“ငါအချိန်အတော်ကြာ မအိပ်ရသေးဘူးဆိုတော့ တရေးတမော အိပ်ရအောင်”
သူက အခန်းအတွင်းသွားကာ အိပ်စက်ခဲ့၏။ နောက်တစ်ရက်တွင် သူက ဧည့်သည် ရောက်လာသည့်အတွက် နိုးထလာခဲ့ရသည်။
ပလ္လင်အခန်းအတွင်း ဝင်ရောက်လာသည့်သူက ဆွဲဆောင်မှုရှိရှိ အလှပြင်ထားသည့် အမျိုးသမီးတစ်ဦး ဖြစ်ပြီး သူမ၏ ဘေးတွင် ဓားမော့ရှည် တစ်ချောင်းကို ချိတ်ဆွဲထားသည်။
သူမက လှပသော်လည်း သူမ၏ ခန္ဓာကိုယ်မှ အရိုးနှင့် ဝိညာဉ်ထဲအထိ ကိန်းအောင်းနေသည့် သွေးနံ့ပြင်းပြင်း ရှိနေသည်။
သူမက ချက်ချင်းဆိုသလို ဒူးထောက်လိုက်ပြီး ဝပ်တွားလိုက်သည်။
“ဟို့ချင်းက အရှင့်ကို ဂါရဝပြုပါတယ်”
“အေးအေး သက်သက်သာသာနေပါ” ဝမ်ဝေ့က ပြောလိုက်သည်။
“တကယ်လို့ ငါ မှတ်မိတာသာမှန်ရင် မင်းက သွေးဓားမော့ဂိုဏ်းရဲ့ ဒီမျိုးဆက် ဂိုဏ်းချုပ်မလား”
ဤသည်က ဓားမော့တာအိုအတွက် လူသိများသည့် မဟာဧကရာဇ် နှစ်ယောက်ရှိသည့် မိစ္ဆာဂိုဏ်းတစ်ခု ဖြစ်သည့်အတွက် ဝမ်ဝေ့က သူတို့ကို မှတ်မိလေသည်။
“ဒီနိမ့်ကျတဲ့ အစေခံက ဧကရာဇ် မှတ်မိတာကို ဂုဏ်ယူပါတယ်”
“နိမ့်ကျတဲ့ အစေခံတဲ့လား”
“ဟုတ်ပါတယ်။ ကျွန်မတို့ သွေးဓားမော့ဂိုဏ်းက ဧကရာဇ်ကို ခစားပြီးတော့ ခုံရုံးအတွက် အေးအတူပူအမျှ ဖြတ်ကျော်ဖို့ ကျိန်ဆိုပါတယ်”
ဝမ်ဝေ့က အားပါးတရ ရယ်မောလိုက်၏။
“မိစ္ဆာကျင့်ကြံသူဆီက သစ္စာရှိမှု ကျမ်းသစ္စာတဲ့လား။ ငါ အကုန်လုံးကို မြင်တွေ့ခဲ့ဖူးတာပဲ”
“အရှင် ကျွန်မက လေးလေးနက်နက် ပြောတာပါ” ဟို့ချင်းက အလျင်အမြန်ရှင်းပြလိုက်သည်။
“အဲ့လိုလား” ဝမ်ဝေ့က နောက်ထပ် စကားမဆိုဘဲ ရေရွတ်လိုက်၏။ သူ့တိတ်ဆိတ်မှုက အခန်းအတွင်း ဖိအားကို ပိုမိုတိုးမြင့်လာစေသည်။ ဟို့ချင်းက နှလုံးခုန်မြန်လာပြီး နောက်ကျောမှ ချွေးများ စီးကျလာလေ၏။
ကံကောင်းစွာဖြင့် ဝမ်ဝေ့က စကားပြောလာခဲ့သည်။
“ခုံရုံးရဲ့ ထိန်းချုပ်မှုအောက်မှာ အံ့ဖွယ်တပ်ဖွဲ့ကို ဖန်တီးပြီး အံ့ဖွယ်စစ်သူကြီး ရာထူးအတွက် စဉ်းစားနေတာ။ ဒါပေမဲ့…”
“အရှင် ကျွန်မတို့ သွေးဓားမော့ဂိုဏ်းက အရှင့်ရဲ့ အထက်ရှဆုံးဓား ဖြစ်လာပါ့မယ်”
“အင်း” ဝမ်ဝေ့က အတွေးနက်ကာ ရေရွတ်လိုက်သည်။
“ငါက ဆုံးဖြတ်ချက် မချရသေးဘူး။ ဒါပေမဲ့ မင်းတို့ဂိုဏ်းက ထူးချွန်သူတွေကို ခုံရုံးဆီ ပို့ပြီးတော့ စတင်လေ့ကျင့်ပေးလို့ရတယ်။ အချိန်ကျလာတဲ့အခါ မင်းကို ရာထူးချမှတ်ပေးမယ်”
ခေါင်းငုံ့ထားသည့် ဟို့ချင်း၏ အမူအရာက ရုတ်ချည်းဆိုသလို ပြောင်းလဲသွား၏။ မိစ္ဆာကျင့်ကြံသူများ၏ အပြုအမူက ကောင်းကင်ဧကရာဇ်ကို ကျေနပ်ဖို့ မလုံလောက်ခဲ့ပေ။
အနည်းဆုံးတော့ သူက သူတို့အပေါ် စက်ဆုပ်ခြင်း မရှိတော့ပေ။ သူတို့က အသုံးဝင်လာသော်လည်း လုံလောက်သည်ထက် အလှမ်းဝေးနေသေး၏။
“အရှင့် အလိုအတိုင်းပါ” ဟို့ချင်းက ဤသည်မှာ အကောင်းဆုံး ရွေးချယ်မှုဖြစ်ကြောင်း သိလေသည်။ သိပ်မကြာခင် သူမက ရလဒ်ကို တင်ပြဖို့ ခုံရုံးမှ ထွက်ခွာသွား၏။
“အဲဒီမိစ္ဆာကျင့်ကြံသူတွေက စိတ်ဝင်စားဖို့ ကောင်းတာပဲ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။
“ဒါပေမဲ့ သူတို့တွေက အမြောက်စာကောင်း ဖြစ်လာမှာပါ”
သူက နောက်ထပ်နာရီပိုင်းတွင် ဧည့်သည်တစ်ယောက် ရောက်ရှိလာမည်ကို သိနေ၍ အခန်းအတွင်း စောင့်ဆိုင်းနေလိုက်သည်။
“နန်းဆောင်က နည်းနည်း ဗလာကျင်းနေသလိုပဲ။ နန်းဆောင် အစေခံ မိန်းမပျိုတချို့ကို ရွေးချယ်သင့်လား”
ဝမ်ဝေ့က သူသည် သူ့ရည်ရွယ်ချက်က ဖြူစင်လျှင်ပင် ထိုကိစ္စကို လုပ်ဆောင်ပါက ဆိုးဆိုးရွားရွား ခံစားရမည်ဖြစ်ကြောင်း သိသည့်အတွက် ခေါင်းခါလိုက်သည်။
ကောင်းကင်ခုံရုံးကို အလှအပ သုံးထောင်နဲ့ မောင်းမဆောင်တည်မဲ့ အနာဂတ်ခေါင်းဆောင်ဧကရာဇ်တွေကိုတော့ အားကျမိသား…
သူက နောက်မျိုးဆက်သည် ကြီးကျယ်ခမ်းနားသည့် ခုံရုံးအတွင်း ဖြစ်ပျက်လာမည့် ကိစ္စများကို ကြိုတင်မြင်နေမိသည်။
ကံဆိုးစွာဖြင့် သူက မောင်းမဆောင်ရှိသည့် ကံကြမ္မာ ပါမလာခဲ့ပေ။
“ကဲ ငါ့ရဲ့ ကိစ္စကို စသင့်ပြီ။ ကံကြမ္မာတာအိုကို ကျင့်ကြံဖို့ နည်းလမ်းကောင်းပဲ”
သူက သူ့စွမ်းအားကို ထုတ်ပြဖို့အပါအဝင် နောင်အနာဂတ်တွင် လုပ်ဖို့ လိုအပ်သည့် ကိစ္စများစွာကို စဉ်းစားကြည့်လိုက်သည်။ မဟုတ်ပါက ထိုသူများသည် သူ့အပေါ် အကြောက်တရား ဆုံးရှုံးသွားမည်ဖြစ်ကာ သတ္တိကောင်းလာပြီး စွန့်စားလာကြလိမ့်မည်။
သူက ခန္ဓာကိုယ်စမ်းသပ်ချက်ကို ခံယူဖို့ ကြံရွယ်ထား၏။ ရှေးဟောင်းဖျက်ဆီးခြင်းဧကရာဇ်ဆီမှ သူ ရရှိထားသည့် သတင်းအချက်အလက်အရ ထိုစမ်းသပ်ချက်သည် ပြင်းထန်လွန်းလှသည်။
“ဟော လုပ်စရာအလုပ်တွေ အများကြီးရှိနေတာပဲ။ ကံကောင်းတာက ငါ့ဆီမှာ အချိန်ပိုတွေ ရှိနေလို့”