တိုက်ခိုက်မှု
Vol. 65 Ch. 901
“အားလုံး ပြီးသွားပြီလား” ဝမ်ဝေ့က မေးလိုက်သည်။
“ဟုတ်ကဲ့” ဝူမင်က စိတ်လှုပ်ရှားစွာ ပြုံးကာ ပြန်ဖြေလိုက်သည်။ ဤနှစ်ရက်အတွင်း ထိုအမျိုးသားက မူလသင်္ကေတနန်းဆောင်၏ အထက်ပိုင်းအများစုကို သတ်ဖြတ်ပြီး ကျန်အားလုံးကို ကျွန်ပြုကာ ဝူမျိုးနွယ်ကို ရှေးဟောင်းဧကရာဇ်မျိုးနွယ်၏ ခေါင်းဆောင်အင်အားစုအဖြစ် ပြောင်းလဲပစ်လိုက်မည်ကို မည်သူကများ သိမည်နည်း။
“အကူအညီအတွက် ကျေးဇူးတင်ပါတယ်” ဝူမင်က သက်ပြင်းချကာ ပြန်ပြောလိုက်သည်။ သူက ဤကောင်းကင်ဧကရာဇ်၏ ကြောက်စရာကောင်းမှုကို တွေ့ကြုံခံစားခဲ့ရသည့် လူတချို့ထဲမှ တစ်ယောက် ဖြစ်သွားလေပြီ။
အဆောင်တစ်ခုတည်းဖြင့် သူက ဝမ်ဝေ့၏ စွမ်းအားကို ငှားယူနိုင်ခဲ့သည်။ ဝူမင်က ဤမျှတစ်ခါမှ စိတ်မလှုပ်ရှားဖူးပေ။ သူက အင်မော်တယ်များကို ပုရွက်ဆိတ်များကဲ့သို့ သတ်ဖြတ်နိုင်ခဲ့၏။ သူ့လမ်းတွင် ပိတ်ဆို့ရပ်နေသူများအားလုံးကို သတ်ဖြတ်ကာ ဖိနှိပ်နိုင်ခဲ့သည်။ ထိုဖြစ်စဉ်တစ်ခုလုံးအတွင်း ဝူမင်၏ စိတ်ထဲ အတွေးတစ်ခု ပေါ်ထွက်လာခဲ့၏။ ဤစွမ်းအားကို သိမ်းဆည်းဖို့ ထွက်ပြေးခြင်း ဖြစ်သည်။ ထိုအတွေး၏ ဆွဲဆောင်မှုက လူများနားလည်နိုင်သည်ထက်ပင် ကျော်လွန်နေသည်။ အတွေ့အကြုံက ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်တွင် နှလုံးသားစိတ်နတ်ဆိုး ဖြတ်ကျော်ရသည်ထက်ပင် ပိုမိုဆိုးရွားလေ၏။
ဝူမင်အား ထိုသို့တုံးအအ လုပ်ခြင်းမှ ကာကွယ်ထားသည့် အရာနှစ်ခုမှာ ထိုစွမ်းအားက သူ့အပိုင် မဟုတ်ဘဲ မကြာခင် ပျောက်ကွယ်သွားမည်ကို သိထားသည်။ ဒုတိယအနေဖြင့် သူ့တွင် မျိုးနွယ်ကို ပြန်လည်ရှင်သန်အောင် လုပ်ရမည့် တာဝန်ရှိနေသည်။
သူ့ဘိုးဘေးက အစီအရင်ဘိုးဘေး ဖြစ်သင့်သော်လည်း မူလသင်္ကေတနန်းဆောင်၏ တည်ထောင်သူက သူတို့ဝူမျိုးနွယ်၏ ကံကြမ္မာကို ခိုးယူသွားခဲ့သည်။ ထို့ကြောင့် ဤမျိုးဆက်တွင် သူက မည်သည့်နည်းလမ်းပင် သုံးရစေကာမူ ထိုအရာကို ပြန်လည်သိမ်းပိုက်ရမည်။
ဝူမင်က အချိန်ဖြုန်းမနေဘဲ ဝမ်ဝေ့အား သင်္ကေတများ ရေးထွင်းထားသည့် တောင်ငယ်တစ်လုံးပုံစံ ရှိသည့် အမှတ်အသားပြားကို ထုတ်ပေးလိုက်သည်။
ဝမ်ဝေ့က ထိုအမှတ်အသားပြားကို ကိုင်လိုက်သည်နှင့် မူလသင်္ကေတနန်းဆောင်၏ ချီကံကောင်းမှုကို ရရှိသလို ခံစားလိုက်ရသည်။
“နည်းပါးပြီးတော့ အားနည်းတယ်။” သူက မှတ်ချက်ပေးလိုက်သည်။
“အဲ့လိုပဲ ဖြစ်သင့်တာပဲလေ။ သူတို့က ကျဆင်းတာ အတော်လေးကို ကြာလှပြီ။ အစီအရင်တာအို ကံကောင်းမှုနဲ့ ကောင်းကင်တာအိုရဲ့ ကာကွယ်မှုကြောင့်သာ မဟုတ်ရင် ပျက်သုဉ်းသွားတာ ကြာလောက်ပြီ”
ဝမ်ဝေ့က ခေတ္တမျှ စဉ်းစားလိုက်ပြီးသည့်နောက်တွင် “အဲဒါဆို အခု ပြန်လည်ရှင်သန်အောင် လုပ်ရမဲ့ အချိန်ပဲ”
ကဏ္ဍတစ်ခုခုက လိုအပ်နေပါက ကျင့်ကြံရေးအဖွဲ့အစည်း ကံကောင်းမှုကို ဖွဲ့စည်းဖို့ရာ အသုံးမဝင်ပေ။
“စီစဉ်ထားတာများ ရှိလို့လား” ဝူမင်က စိတ်လှုပ်ရှားစွာ မေးလိုက်၏။
ဝမ်ဝေ့က သူ့ကို စိုက်ကြည့်လိုက်ပြီး ထိုသူ၏ ကံကြမ္မာနှင့် အနာဂတ်ကို မြင်လိုက်ရသည်။
“အင်း မူလသင်္ကေတနန်းဆောင်ရဲ့ ကံကြမ္မာနဲ့ ကံကောင်းမှုကို ပြန်လည်အသက်သွင်းဖို့က မင်းတို့မျိုးနွယ်ရဲ့ ကြမ္မာပဲ။ ဒါပေမဲ့ ဒီဖြစ်စဉ်က အတော်လေး ကြာမြင့်လိမ့်မယ်ဆိုတော့ ကိစ္စတွေကို ပြောင်းလဲလိုက်ရအောင်”
“ဘယ်လိုစတင်ရမှာလဲ”
“ပထမဦးဆုံး မင်းတို့ရဲ့ အပေါင်းအပါတချို့ကို ခုံရုံးထဲပို့လိုက်။ မင်းကို ထူထန်စစ်သည်တော် တပ်ဖွဲ့ တည်ဆောက်စေချင်တယ်”
“ထူထန်စစ်သည်တော်လား” ဝူမင်က စိတ်ရှုပ်ထွေးစွာ မေးလိုက်၏။ သို့သော်လည်း သူ့စိတ်ထဲ သတင်းအချက်အလက် တချို့ ချက်ချင်းဝင်ရောက်လာသည်။
“ကျွန်တော် သိပြီ” ထူထန်စစ်သည်တော်များက သူတို့မျိုးနွယ်၏ အစီအရင်ခန္ဓာ၏ လက်နက် တပ်ဆင်ထားသည့်ပုံစံ ဖြစ်ကာ ဝမ်ဝေ့ သူ့ကိုပေးထားသည့် အတွေးအခေါ်ထဲမှ တစ်ခု ဖြစ်၏။ ထူထန်စစ်သည်တော်က သူတို့၏ ခန္ဓာကိုယ်ထဲက အစီအရင်များကို ရေးထွင်းထားပြီး သူတို့၏ စွမ်းဆောင်ရည်ကို တိုးမြှင့်ကာ စွမ်းအားအသီးသီးကို ရယူနိုင်လိမ့်မည်။
တချို့သူများက ဧကရာဇ်အစီအရင်၏ တစိတ်တပိုင်းကို ရေးထွင်းထားပြီး စွမ်းအားကို ငှားယူနိုင်လိမ့်မည်။
“ကျွန်တော်တို့ ဝူမျိုးနွယ်က ထူထန်စစ်သည်တော် စနစ်ကို ဖန်တီးထားပြီးပါပြီ။ ဒါပေမဲ့ သာမန်အစီအရင်နဲ့ပဲ လုပ်ထားဖူးသေးတယ်”
ဝမ်ဝေ့က တိတ်တဆိတ် ခေါင်းခါလိုက်၏။ ထုံရို့ပင်းက မူလအဆောင်၏ စွမ်းအားက အောင်အောင်မြင်မြင် အမွေဆက်ခံနိုင်သည့်အတွက် ထူထန်စစ်သည်တော် တစ်ယောက် ဖြစ်ပေသည်။
ထိုစဉ် ထိုအတွေးအခေါ်ကို ပေးခဲ့သည့် ဝူမင်ကမူ မအောင်မြင်သေးပေ။
“စိတ်မပူနဲ့။ ခုံရုံးက အရင်းအမြစ်နဲ့ ပါရမီအတွက် ထောက်ပံ့ပေးလိမ့်မယ်”
ဝူမင်က ထိုစကားကို ကြားကာ စိတ်သက်သာရာရသွားမိ၏။ ထို့ကြောင့် သူက ဦးညွှတ်ပြီးသည့်နောက်တွင် တာဝန်ကို ထမ်းဆောင်ဖို့ ထွက်လာခဲ့လိုက်သည်။
“ပါရမီ ရှိတဲ့သူပဲ။ ဒါပေမဲ့ သူက ဧကရာဇ် ကံကြမ္မာနည်းနည်းတောင် မရှိဘူး။ ဒါက ရွေးချယ်မှုလား”
ပါရမီရှင် သို့မဟုတ် ကောင်းကင်ရွေးချယ်ခံအားလုံးတွင် ဧကရာဇ်ကြမ္မာရှိထားပြီး တစ်ရက်ကျ မဟာဧကရာဇ်ဖြစ်လာနိုင်သည့် ကံကောင်းမှုမျိုး ရှိထားကြသည်။ သို့သော်လည်း ဝူမင်က ကွဲပြား၏။ သူက ဧကရာဇ် ဖြစ်လာဖို့ လိုအင်ဆန္ဒ မရှိဘဲ သူ့မျိုးနွယ်ထံမှ ပျောက်ဆုံးခဲ့သည့်အရာကို ပြန်လည်ရယူဖို့ စွဲလမ်းမှုသာ ရှိနေသည်။
သူ့တစ်ခုတည်းသော ရည်မှန်းချက်က သူ့မျိုးဆက်သည် အလားအလာကောင်းသည့် ဧကရာဇ်တစ်ယောက်ကို ပြုစုပျိုးထောင်နိုင်ဖို့ ဖြစ်ပြီး သူကိုယ်တိုင် ဧကရာဇ်တစ်ယောက် ဖြစ်လာဖို့ ဘယ်သောအခါမှ မတွေးခဲ့ဖူးပေ။
ဝမ်ဝေ့က ခေါင်းအသာယမ်းပြီးသည့်နောက်တွင် သူ့ကို ဆက်ပြီး အာရုံမစိုက်တော့ပေ။ သူက အဝေးတစ်နေရာကို လှမ်းကြည့်လိုက်၏။
“သူတို့က အခု တောင့်မခံနိုင်တော့ဘူးလား” သူက ရေရွတ်လိုက်သည်။
………………………………………………………
အနောက်ပိုင်းကုန်းမြေ
အောင်းရှန်က သူ့နတ်ဘုရားရာထူးများကို မည်သို့ခွဲဝေပေးရမည်ကို ဆွေးနွေးနေရင်း ဤလက်ရှိနည်းစနစ်ကို သူတို့နတ်ဆိုးမျိုးနွယ် မြင့်တက်ပြီး စည်ပင်ကြွယ်ဝဖို့ အပြည့်အဝ အသုံးချနိုင်ဖို့ရာ ဆွေးနွေးနေကြသည်။ စာရင်းကို သုံးသပ်ပြီး ဆုံးဖြတ်ဖို့ရာ အချိန်ယူဆုံးဖြတ်ရသည့် တခြားအင်အားစုများနှင့် မတူဘဲ သူက ဤရက်ပိုင်းအတွင်း ရပ်တန့်ခဲ့ခြင်း မရှိပေ။
အောင်းရှန်က ပုံကြမ်းရှိထားပြီ ဖြစ်သည့်အတွက် လူများစွာကို နေရာအသီးသီးအတွက် ရွေးချယ်ထားခဲ့သည်။
အောင်းရှန်က ရုတ်ချည်းဆိုသလို တစ်စုံတစ်ခုကို ခံစားမိ၍ ဒေါသတကြီးဖြင့် ကြည့်လိုက်သည်။
“အစီအရင်ကို ဖွင့်လိုက်” အောင်းရှန်က အမိန့်ပေးပြီးသည့်နောက်တွင် ပျောက်ကွယ်သွား၏။
“ဒါပေမဲ့…”
“လုပ်လိုက်”
သူက ထိုသူသည် ဘာပြောချင်မှန်း သိလေသည်။ နတ်ဆိုးမျိုးနွယ်က ကုန်းမြေတစ်ခုလုံးကို ဖုံးလွှမ်းဖို့ အစီအရင်ကို ဖွင့်လှစ်ခဲ့သည့် နောက်ဆုံးအချိန်က အရင်းအမြစ်များစွာကို အသုံးပြုခဲ့ရသည်။
သူတို့က တာအိုအခွင့်အလမ်းဂိုဏ်းနှင့် မဟာမိတ်ဖွဲ့ထားသည့်အတွက် ပြန်လည်အားဖြည့်နိုင်ခဲ့သော်လည်း စည်ပင်ကြွယ်ဝသည်ဟု ယူဆဖို့ရာအတွက် အချိန်များစွာ လိုအပ်နေဆဲ ဖြစ်၏။
ယခုတွင်သူတို့သာ ဒုတိယအကြိမ် လုပ်ဆောင်ပါက ပို၍ ဆုံးရှုံးသွားမည်ဖြစ်ကာ သူတို့မျိုးနွယ်၏ ကြီးထွားမှုကိုလည်း နှောင့်နှေးသွားစေလိမ့်မည်။
သို့သော် မည်သို့ပင် ခံစားရစေကာမူ သူတို့က ခေါင်းဆောင်၏ ညွှန်ကြားချက်အတိုင်း လိုက်လုပ်ကာ အစီအရင်ကို ဖွင့်လိုက်၏။
ထိုစဉ် အောင်းရှန်က ဝေဟင်အထက် ပေါ်ထွက်လာကာ တည်နေရာတစ်ခုကို လှမ်းကြည့်လိုက်သည်။
“ရွံစရာကောင်းတဲ့ ပါမွှားတွေ။ ငါ့ကို တည်သီးပျော့များ ထင်နေလား”
အောင်းရှန်က မေးလိုက်ပြီး ကြောက်မက်ဖွယ် သတ်ဖြတ်ငွေ့တစ်ခုကို ထုတ်လွှတ်လာခဲ့သည်။
“ကံဆိုးတာက ရွေးချယ်ခံနတ်ဘုရားတွေအားလုံးထဲမှာ မင်းက အားအနည်းဆုံး ဖြစ်နေတာပဲ” ညင်သာသည့် အသံတစ်သံက ပြောလိုက်သည်။ သိပ်မကြာခင် ရုပ်ချောချော အမျိုးသားတစ်ဦးက ဝေဟင်အထက် ထွက်ပေါ်လာခဲ့၏။ သူက အနက်ရောင်ဆံပင်ရှည် ရှိကာ အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆွဲဆောင်မှုရှိသည့် မိစ္ဆာဆန်ဆန် အပြုံးမျိုးကို ရှိနေသည်။ သူ့အပြုံးအပြင် မည်သည့်အရာကမှ မိစ္ဆာကျင့်ကြံသူနှင့် မတူလှပေ။ သို့သော်လည်း ထိုအရာက သာမန်မျက်လုံးဖြင့် ကြည့်ရင်သာ ဖြစ်၏။
အောင်းရှန်က ထိုသူဆီမှ အကုသိုလ်များကို ခံစားမိပြီး အဓိကအရင်းအမြစ်ကိုပင် သိလိုက်သည်။
ထိုသူက သူ့ကိုယ်သူအားဖြည့်ဖို့ အမျိုးသမီးများ၏ ကမ္ဘာဦးယင်ကို ခိုးယူသည့် မိစ္ဆာကျင့်စဉ်ကို ကျင့်ကြံသူ ဖြစ်သည်။
“တခြားပါမွှားတွေကိုလည်း ထွက်လာဖို့ ပြောလိုက်။ သူတို့ရဲ့ ပုန်းအောင်းနေတဲ့ နည်းလမ်းက ငါ့အမြင်မှာ ကလေးကစားစရာပဲ”
“အရှင် ဒီလိုလုပ်ဖို့မလိုပါဘူး” မိစ္ဆာလူငယ်လေးက ပြောလိုက်သည်။
“ညှိနှိုင်းပြီးတော့ တိုက်ခိုက်တာကို ကာကွယ်လို့ရပါတယ်”
အောင်းရှန်က သူ့ကို စိုက်ကြည့်ကာ “မိစ္ဆာကျင့်ကြံသူတွေက ငါ့အပေါ် တက်နင်းပြီးတော့ ကမ္ဘာကြီးနဲ့ ကောင်းကင်ဧကရာဇ်ကို သူတို့မျိုးနွယ်အပေါ် အလေးအနက် မှတ်ယူစေချင်နေတာပဲ။ ဒါပေမဲ့ ငါကလည်း မင်းကို တက်နင်းပြီးတော့ ကမ္ဘာကြီးဆီ နတ်ဆိုးမျိုးနွယ်ရဲ့ အင်အားကို ပြသချင်တယ်။ အဲဒါဆိုတော့ ဘာမှညှိနှိုင်းနေစရာ မလိုဘူး။ မင်းတို့အားလုံးကို သတ်ပစ်မယ်”
ဝုန်း
အောင်းရှန်က ကြောက်မက်ဖွယ် အငွေ့အသက်တစ်ခုကို ထုတ်လွှတ်လာပြီး ထိုလူငယ်လေးကို ချက်ချင်းဆိုသလို ဖိနှိပ်လိုက်သည်။ နဂါးများက မိုးမြေကြားတွင် အမြင့်မြတ်ဆုံးနှင့် အားအကောင်းဆုံး သက်ရှိများထဲ ပါဝင်၏။ ထို့ကြောင့် သူတို့၏ အရှိန်အဝါက သူတို့ထက် သွေးမျိုးဆက်နိမ့်ကျသည့် သက်ရှိအားလုံးကို ဖိနှိပ်ထားနိုင်ပြီး သွေးမျိုးဆက် မရှိသည့် အားနည်းသော သက်ရှိများကို ပိုမိုလွှမ်းမိုးနိုင်သည်။
“လုပ်လိုက်တော့” မိစ္ဆာလူငယ်လေးက ပြောလိုက်သည်။ ထို့နောက် သူ့ဝန်းကျင်တွင် လူဆယ်ယောက် ပေါ်ထွက်လာပြီး အောင်းရှန်ကို ရှေ့တစ်ယောက် နောက်တစ်ယောက် ဝိုင်းထားလိုက်ကြသည်။ ထို့နောက် ပထမတန်းမှ လူများတွင် မြင်ကွင်းတချို့ ထွက်ပေါ်လာ၏။
အောင်းရှန်က သူ့ရှေ့မှ လူကို ကြည့်လိုက်သည်။ ထိုသူ၏ ဦးခေါင်းအထက်တွင် မီးတောက်ကမ္ဘာတစ်ခု ပေါ်ထွက်လာလေ၏။ သူ့အနောက်ဖက်တွင် ရေကမ္ဘာတစ်ခု ပေါ်ထွက်လာခဲ့ပြီး မြေကမ္ဘာ၊ သစ်သားကမ္ဘာနှင့် သတ္တုကမ္ဘာလည်း လိုက်ပါလာခဲ့သည်။
ဒုတိယတန်းတွင် သူတို့၏ စွမ်းအားကို အသက်သွင်းကာ သူတို့ဆီမှ မြင့်မြတ်ကာ အင်မော်တယ်နှင့် တူသည့် အငွေ့အသက်မျိုး ထွက်ပေါ်နေသည်။ ကံဆိုးစွာဖြင့် ထိုသူများအတွင်း မိစ္ဆာအငွေ့အသက်များက လျှို့ဝှက်စွာ နက်ရှိုင်းနေသည့်အတွက် သူတို့၏ အင်မော်တယ်ပုံစံကို ဖျက်ဆီးနေလေ၏။
ထိုစဉ် ထာဝရအရှင်များက သူတို့၏ အင်မော်တယ်ချီကို အသက်သွင်းကာ ဓာတ်ငါးပါးရှိသည့် အစီအရင်ငါးခုကို ဖန်တီးခဲ့သည်။ ထိုအစီအရင်များက ထိုတာအိုဘိုးဘေးများ၏ အတွင်းကမ္ဘာနှင့် သဟဇာတ ဖြစ်နေပြီး ထူးကဲသည့် နည်းစနစ်နှင့် အစီအရင်တစ်ခုကို ဖြစ်ပေါ်လာစေသည်။
မိစ္ဆာလူငယ်လေးက အောင်းရှန်၏ မြင်ကွင်းမှ ပျောက်ကွယ်သွားပြီ ဖြစ်သော်လည်း သူက နောက်ကွယ်မှ ထိုလုပ်ငန်းစဉ်ကို ထိန်းချုပ်ထားလေသည်။
မှတ်တမ်းတွေအရဆိုရင် ကြယ်၆လုံး ယွမ်ထီက ထာဝရဧကရာဇ်ကိုတောင် အနိုင်ယူနိုင်တဲ့ စွမ်းအားမျိုး ရှိတယ်တဲ့။ ဒါပေမဲ့ သူတို့က ထာဝရဧကရာဇ်တွေလိုမျိုး အလွယ်တကူ မကုစားနိုင်တဲ့ အားနည်းချက်တစ်ခုတော့ ရှိတယ်…
ထိုမိစ္ဆာလူငယ်လေး၏ မျက်ဝန်းအထက် ရက်စက်သည့် အကြည့်တစ်ချက် ဖြတ်ပြေးသွားခဲ့သည်။
ငါက အဲဒီအားနည်းချက်ကို အခွင့်ကောင်းယူဖို့ပဲ လိုတယ်။ ငါ အောင်းရှန်ကို အနိုင်ယူစရာ မလိုဘူး။ ဒီယင်ဓာတ်ငါးပါးအစီအရင်ကို အသုံးပြုပြီး သူ့ကို ပိတ်ဆို့ထားပြီးတော့ ဖြည်းဖြည်းချင်း ဒဏ်ရာပေးရုံပဲ။ သူ ငါ့တို့ကို သဘောတူမလာမချင်းပေါ့…
ထိုမိစ္ဆာလူငယ်လေးက သူ့လူများကို တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်သည်။ ထို့ကြောင့် ကောင်းကင်အထက် အစိမ်းရောင် မီးတောက်နဂါးတစ်ကောင် ထွက်ပေါ်လာပြီး အောင်းရှန်ဆီ ပြေးဝင်လာသည်။
အောင်းရှန်က ထိုတိုက်ကွက် သူ့ဆီ ရောက်ရှိလာသည်ကို တည်တည်ငြိမ်ငြိမ်သာ ကြည့်နေပြီး ပျာယာခတ်ခြင်းမျိုး မရှိပေ။
ထို့နောက် သူ့ခန္ဓာကိုယ်မှ ဝါးမျိုခြင်းစွမ်းအား တစ်ခု ထွက်ပေါ်လာပြီး အစိမ်းရောင် မီးတောက်နဂါးက ပျောက်ကွယ်သွားလေသည်။
ထိုတိုက်ပွဲကို တိတ်တဆိတ် ကြည့်ရှုနေသည့်သူများကလည်း အံ့အားသင့်သွားကြ၏။
“ယွမ်ထီတွေကြားမှာ ထာဝရဧကရာဇ်တွေလိုမျိုးကွဲပြားချက်ရှိတယ်ဆိုတာ မသိဘူးလား။” အောင်းရှန်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ သူက သူ့မျိုးဆက်အတွင်း အမြင့်မားဆုံး ကောင်းကင်ရွေးချယ်ခံထဲမှ တစ်ယောက်ဖြစ်ခဲ့သည့်အတွက် ပုံမှန်ယွမ်ထီ မည်သို့ ဖြစ်လာမည်နည်း။
အောင်းရှန်က သူ့လက်ဖြင့် ကုတ်ခြစ်သည့် ဟန်လုပ်လိုက်သည်။
နဂါးလက်သည်း
ဝုန်း
မီးတောက်အတွင်းကမ္ဘာ ရှိထားသည့် တာအိုဘိုးဘေးက သွေးတစ်ပွက် အန်လိုက်ရပြီး နဂါးကို တုန်လှုပ်စွာ ကြည့်နေသည်။
တာအိုဘိုးဘေးက သူတို့၏ အားနည်းချက်သည် အတွင်းကမ္ဘာဖြစ်ကြောင်း သိထားလေ၏။
ထိုအရာ မရှိဘဲ သူတို့က မဟာတာအိုအရင်းအမြစ်ကို ငှားယူနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူတို့သည် သူတို့၏ အတွင်းကမ္ဘာကို ကာကွယ်ဖို့နှင့် ဝှက်ထားဖို့ နည်းလမ်းများစွာ ရှိတတ်ကြ၏။
သို့သော်လည်း အောင်းရှန်က ထိုနည်းလမ်းများကို လျစ်လျူရှုခဲ့ပြီး အတွင်းကမ္ဘာကို တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်ခဲ့သည်။
သူက ထိုဖျက်ဆီးခံလိုက်ရသည့်နောက်တွင်ပင် မသေဆုံးခဲ့သော်လည်း သူ့အင်အား၏ ၈၀ ရာခိုင်နှုန်း ဆုံးရှုံးလိုက်ရပြီဖြစ်ကြောင်း သိလိုက်သည်။ ထို့ကြောင့် ထိုအမျိုးသားက ထွက်ပြေးဖို့ တွေးလိုက်မိသည်။ သူက သူ့အတွင်းကမ္ဘာကို ပြန်လည်တည်ဆောက်ဖို့ရာအတွက် အချိန်နှင့် အားစိုက်ထုတ်မှုမည်မျှ လိုအပ်ကြောင်း သိထား၍ နာနာကျင်ကျင် ခံစားလိုက်ရသည်။
ဝမ်းနည်းစရာ အကောင်းဆုံးအပိုင်းက သူသည် ကံကောင်းမှုအခွင့်အရေးတစ်ခုနှင့် တွေ့ဆုံခဲ့ပြီး ထူးကဲသည့် မီးတောက်အတွင်းကမ္ဘာကို တည်ဆောက်နိုင်ခဲ့သည့်အတွက် ဆန့်ကျင်ကျင့်ကြံသူ ဖြစ်လာခြင်း ဖြစ်သည်။ ယခုအခါ ပြန်လည်တည်ဆောက်ပြီးသည့်နောက်တွင် သူက ယခင်အင်အားထိ ပြန်ရောက်နိုင်မည် မဟုတ်ပေ။
ကံဆိုးစွာဖြင့် ထိုအမျိုးသားက လှုပ်ရှားဖို့ အချိန်မရှိခင် အောင်းရှန်က အရင်လှုပ်ရှားလာခဲ့သည်။ သူ့လူသားမျက်ဝန်းက မြွေမျက်ဝန်းအသွင် ပြောင်းလဲသွားပြီး ထိုအမျိုးသားက အကြည့်တစ်ချက်တည်းဖြင့် သွေးမြူအဖြစ် ပေါက်ကွဲထွက်သွားသည်။