ကြီးမားသည့်ကွာဟချက်
Vol. 65 Ch. 902
အောင်းရှန်က ပထမလူကို သတ်ပြီးသည့်နောက်တွင် သူ့နောက်မှ ထာဝရအရှင်ကို လှည့်ကြည့်လိုက်သည်။ သူ့အနေနှင့် တစ်ဖက်လူက ဆန့်ကျင်ကျင့်ကြံသူ မဟုတ်ဘဲ သာမန်ကျင့်ကြံသူတစ်ယောက်သာ ဖြစ်ကြောင်း သဘောပေါက်လိုက်၏။ သူ့ရည်ရွယ်ချက်က အစီအရင်ကို အားဖြည့်ပေးဖို့ရာသာ ဖြစ်သည်။
ထိုမိစ္ဆာကျင့်ကြံသူက အောင်းရှန်၏ အကြည့်ကို သတိထားမိပြီးသည့်နောက်တွင် နှလုံးခုန်တစ်ချက် မြန်သွားမိသည်။ သူက စကြဝဠာ၏ ထိပ်ဆုံးတွင် ရပ်တည်နေသည့် အစားအစာကွင်းဆက်တွင် ရှိနေသူတစ်ဦးနှင့် ရင်ဆိုင်နေရသလိုမျိုး ခံစားနေရ၏။
သူ့တိုက်ပွဲအလိုလိုသိစိတ်က အသက်ဝင်လာကာ သူ့ခန္ဓာကိုယ်ထဲမှ များပြားလှသည့် အင်မော်တယ်ချီများကို အသက်သွင်းလိုက်သည်။ သူက ထိုသို့လုပ်ဖို့ ကြိုးစားခဲ့လေ၏။
အောင်းရှန်က သူ့ဟွင်သွမ်းပင်ကို စည်းမျဉ်းကို ထိန်းချုပ်လိုက်သည့်အတွက် မိုးမြေစည်းမျဉ်းက ကောင်းကင်စည်းမျဉ်းအဖြစ် သိမ်မွေ့သွားကာ ညင်သာသည့် အတက်အကျလှိုင်း တစ်ခု ထုတ်လွှတ်လာသည်။
မိစ္ဆာကျင့်ကြံသူက သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအားများကို မထိန်းချုပ်နိုင်ကြောင်း သိသွားသည့်အခါ အမူအရာ ပြောင်းလဲသွား၏။ ထို့နောက် အောင်းရှန်က လက်တစ်ချက် ဝှေ့ကာ ကြောက်မက်ဖွယ် အားတစ်ခုကို ထုတ်လွှတ်လာခဲ့သည်။
ဝုန်း
ထာဝရအရှင်က သွေးမြူအဖြစ် ပေါက်ကွဲထွက်သွား၏။ အောင်းရှန်က သေခြင်းတရားကို အရက်စက်ဆုံး နည်းလမ်းဖြင့် လုပ်ဆောင်ပေးခဲ့သည်။
ညစ်ညမ်းမဟူရာ ရေစင်
ဝိညာဉ်ဖြတ်တောက်ရေး ဓား
မြေကမ္ဘာဝါးမျိုရေး တောင်
သွေးစုပ်ယူရေး သစ်သား
ထိုမိစ္ဆာလူငယ်လေး၏ အမိန့်အောက်တွင် အစီအရင်က ရုတ်ချည်းဆိုသလို ပြိုလဲမသွားခဲ့ပေ။ အနှစ်ချုပ်အားဖြင့် သူတို့သည် ကျန်ရှိနေသည့် ဓာတ်သဘာဝများကို အသုံးပြု၍ တိုက်ခိုက်လာခဲ့၏။
ဟွင်သွမ်းဆွေးနွေးခြင်း
ထိုတိုက်ကွက်များက အောင်းရှန်ဆီ ကျရောက်လာသော်လည်း သူတို့တွင် လိုချင်သည့် သက်ရောက်မှုမျိုး မရှိခဲ့ပေ။ ထိုအစား သူက သူတို့ကို ထိန်းချုပ်ပြီး သူ့ခန္ဓာကိုယ်အတွင်း သိုလှောင်ထားသည့် ဟွင်သွမ်းစွမ်းအားအဖြစ် ပြောင်းလဲပစ်ခဲ့သည်။
“နောက်တစ်လှည့်က မင်းပဲ” သူက မြေဓာတ်အတွင်းကမ္ဘာ ရှိထားသည့် မိစ္ဆာ တာအိုဘိုးဘေးကို ပြောလိုက်သည်။
အောင်းရှန်က ထိုသူရှေ့မှောက် ရောက်လာကာ ကြော့ရှင်းနေဟန်ပေါ်သည့် လက်ဝါးချက်ဖြင့် ရိုက်လွှတ်လိုက်၏။ သို့သော်လည်း ထိုကျင့်ကြံသူက ထိုလက်ဝါးချက်သည် မည်မျှကြောက်ဖို့ကောင်းကြောင်း သိလိုက်သည်။
ဘန်း
မိစ္ဆာကျင့်ကြံသူက ချက်ချင်းဆိုသလို သေဆုံးမသွားခဲ့ပေ။ နောက်ဆုံးမိနစ်ခန့်တွင် သူက သွေးပုတီးစေ့နှင့် တူသည့် ဧကရာဇ်အသုံးအဆောင်ပစ္စည်းတစ်ခုကို ဆင့်ခေါ်ခဲ့၏။ ထိုအသုံးအဆောင်က သွေးနီရောင်ဒိုင်းကာ တစ်ခု ထွက်ပေါ်လာပြီး ထိုတိုက်ကွက်၏ စွမ်းအားအများစုကို တားဆီးပေးခဲ့သည်။
“အသုံးမဝင်ဘူး” အောင်းရှန်က လက်သီးဆုပ်သည့် အမူအရာမျိုးကို ပြုလုပ်လိုက်၏။
ကြောက်မက်ဖွယ် စွမ်းအားတစ်ခုက ထိုမိစ္ဆာကျင့်ကြံသူဆီ ကျရောက်လာလေ၏။ သူ့ဒိုင်းကာက တစ်စက္ကန့်ပင် မခံပဲ သွေးအိုင်အဖြစ် ပေါက်ကွဲထွက်သွားသည်။
ထို့နောက် အောင်းရှန်က ထိုသူ၏ အတွင်းကမ္ဘာကို အာရုံစိုက်လိုက်၏။ ထိုကမ္ဘာ မပျက်စီးသွားသရွေ့ ထိုတာအိုဘိုးဘေးက အမှန်တကယ် မသေဆုံးသေးပဲ အသက်ပြန်ရှင်လာနိုင်သည်။
ထို့ကြောင့် အောင်းရှန်က ပါးစပ်ဟကာ ကမ္ဘာတစ်ခုလုံးကို ဝါးမျိုပစ်လိုက်ပြီး ဟွင်သွမ်းစွမ်းအား အမြောက်အများ ထုတ်လွှတ်လိုက်သည်။
နဂါးအော်သံ
မိုးမြေကြားတွင် အထွတ်အထိပ် အော်သံတစ်ခု ထွက်ပေါ်လာ၏။ ထိုအရာက သက်ရှိအားလုံးထံ မည်သူက သာလွန်ကြောင်း ကြေညာနေဟန်ပေါ်သည်။ ထိုအော်သံဖြင့် မြေဓာတ်ထာဝရအရှင်၏ ခန္ဓာကိုယ်က အလင်းမှုန်များအဖြစ် ပေါက်ကွဲထွက်သွားပြီး တိမ်တိုက်များကြား လွင့်မြောသွားသည်။
ထိုစဉ် ထိုသူများက သူတို့၏ အစီအစဉ်သည် ဆိုးဆိုးရွားရွား ကျရှုံးသွားကြောင်း သဘောပေါက်သွားကြ၏။ ထို့ကြောင့် ဉာဏ်များသည့် မိစ္ဆာကျင့်ကြံသူများက ထွက်ပြေးဖို့ ရွေးချယ်ခဲ့ကြသည်။
“ဒီကို လာချင်တိုင်းလာ၊ ထွက်သွားချင်တိုင်း ထွက်သွားလို့ရမယ်များ ထင်နေလား” အောင်းရှန်က သရော်ကာ ပြောလိုက်သည်။ သူတို့ဝန်းကျင်ရှိ အာကာပြင်သည် ရုတ်ချည်းဆိုသလို ပြောင်းလဲသွား၏။ ထိုမိစ္ဆာကျင့်ကြံသူများသည် သူတို့က မည်မျှပြေးနေစေကာမူ ထိုနဂါးနှင့် မီတာအနည်းငယ် အကွာအထိအတွင်းသာ ရှိနေသေးကြောင်း တွေ့လိုက်ရသည်။
“သခင်အောင်းရှန် ဒီလိုမျိုး ဆက်ပြီး သတ်ဖြတ်နေဖို့ မလိုပါဘူး” မိစ္ဆာလူငယ်လေးက အလျင်အမြန် ပြောလိုက်၏။
“ ကျုပ်တို့က အမှားလုပ်မိတာဆိုတော့ အမှားကို ဝန်ခံပါတယ်။ တကယ်လို့ ကျုပ်တို့ကို ထွက်သွားခွင့်ပေးမယ်ဆိုရင် မိစ္ဆာမျိုးနွယ်ဆီကို ရက်ရက်ရောရော လျော်ကြေးပေးပါ့မယ်”
“ငါ ပြောတဲ့အတိုင်း မင်းက ကျန်တဲ့လူတွေအတွက် သတိပေးမှုတစ်ခုပဲ”
“သခင်အောင်းရှန် ကိစ္စတွေကို ဒီလောက်ထိ တွန်းမပို့ပါနဲ့။ ချောင်ပိတ်ခံရတဲ့ ခွေးတောင် ပြန်ကိုက်တတ်သေးတယ် မဟုတ်ဘူးလား” မိစ္ဆာလူငယ်လေးက အံကြိတ်ကာ ပြောလိုက်သည်။
“ခွေးတဲ့လား။ မင်းက ငါ့မျက်လုံးထဲမှာ ပုရွက်ဆိတ်တောင် မဟုတ်ဘူး”
ထိုမိစ္ဆာလူငယ်လေး၏ မျက်ဝန်းအထက် ဒေါသအရိပ်အယောင် ထွက်ပေါ်လာကာ အေးစက်စက် ဖြစ်လာသည်။
“ကျုပ်ကို ရွေးချယ်စရာ မပေးဘူးကိုး”
“အခု ငါက စိတ်ဝင်စားသွားပြီဆိုတော့ မင်းရဲ့ နောက်ထပ်လှုပ်ရှားမှုက စိတ်ဝင်စားဖို့ကောင်းမယ်လို့ မျှော်လင့်တယ်”
ထိုမိစ္ဆာလူငယ်လေးက ပိုပြီး အရှက်ကွဲသွားသလို ခံစားလိုက်ရသည်။ သူက ဤအခြေအနေတွင် စိတ်ခံစားချက်များ ထားနေ၍ အသုံးမဝင်ကြောင်း သိထားလေသည်။
“လုပ်လိုက်ကြရအောင်” ကျန်ရှိနေသူများအား အမိန့်ပေးလိုက်သည်။ သို့သော်လည်း မည်သူကမှ သူ့ကို မတုံ့ပြန်ကြပေ။
“မင်းတို့မှာ ရွေးချယ်စရာရှိမယ်များ ထင်နေလား။ သူက ငါတို့ကို သေမိန့် ချပြီးသွားပြီ။ ငါတို့က အစွန်းရောက်နည်းလမ်းတွေ ထုတ်မသုံးသရွေ့ ဒီနေရာကနေ ဘယ်သူမှ ထွက်သွားနိုင်မှာ မဟုတ်ဘူး”
အသက်ရှင်ကျန်သူများက အံကြိတ်ကာ ထိုမိစ္ဆာလူငယ်လေးများဆီ ပြေးဝင်လာပြီး အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ သူ့ခန္ဓာကိုယ်အတွင်း ပေါင်းစပ်သွားခဲ့သည်။ သိပ်မကြာခင် သူ့ခန္ဓာကိုယ်က ဆင့်ကဲပြောင်းလဲလာ၏။ သူက ဆယ်မီတာ မြင့်မားလာသည်။ သူ့အပေါ်ပိုင်းခန္ဓာကိုယ်က အစိမ်းရောင် သွေးကြောများနှင့် ကြွက်သားများအပြည့် ဖြစ်လာလေ၏။
ထို့အပြင် သူ့အပေါ်ပိုင်း ခန္ဓာကိုယ်က အောက်ပိုင်းထက် များစွာ ကြီးနေသည့်အတွက် ကျားတစ်ကောင်၏ ကျောပြင်နှင့် ဝက်တံတစ်ကောင်၏ အပေါ်ပိုင်းနှင့် ခြေထောက်တိုတို ရရှိထားသလိုမျိုး ဖြစ်နေသည်။
နောက်ဆုံးတွင် မိစ္ဆာလူငယ်လေး၏ အကြည့်က မှောင်မိုက်လာပြီး အန္တရာယ်အငွေ့အသက် တစ်ခု ထုတ်လွှတ်လာခဲ့သည်။ သူ့အသိဉာဏ်ဖြင့် အသိပြန်ဝင်မလာခင် သူ့အသိစိတ်က လွင့်မြောသွားဟန်ပေါ်သည်။
“စိတ်ရိုင်းဝင် အသွင်ပြောင်းခြင်းလား … ဒီနည်းစနစ်က မိစ္ဆာခေတ်ကာလတုန်းက ပျောက်သွားပြီလို့ထင်နေတာ”
မိစ္ဆာလူငယ်လေးက ပြန်မဖြေပေ။ ထိုနည်းစနစ်က ပျောက်ဆုံးသွားခြင်း မဟုတ်ဘဲ မိစ္ဆာကျင့်ကြံသူများက တခြားအင်အားစုများသည် သူတို့ကိုသုတ်သင်ဖို့ ထိုအရာကို အကြောင်းပြချက်အနေဖြင့် သုံးမည်ကို စိုး၍ ဖုံးကွယ်ထားခဲ့ခြင်းသာ ဖြစ်သည်။
ဤနည်းစနစ်က စွမ်းအားကို တိုးမြှင့်ပေးနိုင်သော်လည်း လူအများစုက အသုံးပြုပြီးသည့်နောက်တွင် စိတ်လွတ်သွားမည် ဖြစ်ကာ သတ်ဖြတ်ဖို့သာ သိသည့် စက်ယန္တရားအဖြစ် ပြောင်းလဲသွားလိမ့်မည်။ မိစ္ဆာခေတ်ကာလအတွင်း မိစ္ဆာကျင့်ကြံသူများစွာက ထိုတားမြစ်နည်းစနစ်ကို အသုံးပြုခဲ့ပြီး မိစ္ဆာမျိုးနွယ်ကို တိုက်ခိုက်ခဲ့ကြသည်။
“ဒါပေမဲ့ မင်းက ဒါနဲ့ ငါ့ကို တားနိုင်ဖို့ တွေးနေတယ်ဆိုရင်တော့ အမှားကြီးမှားသွားပြီ”
“ဒါက အစပဲရှိသေးတယ်” မိစ္ဆာလူငယ်လေးက အသံများစွာ ပေါင်းစပ်ထားသလိုမျိုး ကြက်သီးထလုဖွယ် အသံဖြင့် ပြောလိုက်သည်။ သူ့လက်ထဲတွင် အနီရင့်ရင့် ဓားတစ်ချောင်း ပေါ်ထွက်လာပြီး ထူးဆန်းသည့် အတက်အကျလှိုင်းတစ်ခု ထုတ်လွှတ်လာခဲ့သည်။
“တာအိုဆန္ဒ လက်နက်လား။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” အောင်းရှန်က ရေရွတ်လိုက်သည်။ တာအိုဆန္ဒလက်နက်သည် အတုအယောင်နှင့် အစစ်အမှန် ထာဝရဧကရာဇ်များသာ သူတို့၏ အင်အားစုအတွက် ချန်ထားကြသည့် ပစ္စည်းမျိုး ဖြစ်၏။ ထိုလက်နက်မျိုးကို မဟာဧကရာဇ်ကို ထာဝရသတ်ဖြတ်ဖို့ မကြာခဏ အသုံးပြုကြသည်။
သို့သော်လည်း ကောင်းကင်တာအို၏ မျှခြေညီစက်ယန္တရားအောက်တွင် ထိုအသုံးအဆောင်ပစ္စည်းများ၏ စွမ်းအားက အချိန်နှင့်အမျှ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလိမ့်မည်။
မိစ္ဆာကျင့်ကြံသူများ၏ အခြေခံအုတ်မြစ်ဖြင့် သူတို့သည် ဤအရာမျိုးကို မရှိသင့်ပေ။ သူတို့တွင် ရှိထားလျှင်ပင် ထိုလက်နက်က အသုံးမဝင်ဖြစ်သွားသည်မှာ ကြာမြင့်သင့်သည်။
“ငါ သိပြီ” အောင်းရှန်က ပြောလိုက်သည်။
“မင်းတို့တွေက တာအိုဆန္ဒ လက်နက်တစ်ခုကို တွေ့ထားပြီးတော့ လူသားစတေးခံတွေ သုံးပြီး စွမ်းအားမပျောက်သွားအောင် ကာကွယ်ထားတာပဲ။ မင်းတို့တွေက ကောင်းကောင်း ဖုံးကွယ်ထားခဲ့ပေမဲ့ ဘာမှတောင် မပြောင်းလဲဘူးပဲ”
မိစ္ဆာကျင့်ကြံသူက ဓားကို မြှောက်ကာ တာအိုဆန္ဒလက်နက်၏ ကန့်သတ်ချက်အထိ သူ့စွမ်းအားကို တိုးမြှင့်လိုက်သည်။ သို့သော်လည်း အောင်းရှန်က လက်ကို အသာမြှောက်ကာ ထိုတိုက်ကွက်ကို တားဆီးလိုက်၏။
ထိုတိုက်ကွက်က ထာဝရဧကရာဇ်အဆင့် အားလောက်အထိ ရောက်ရှိလာသည်။ ထို့အပြင် စွမ်းအားအခြေခံ တိုက်ကွက်တစ်ခု ဖြစ်၏။
အောင်းရှန်က အခြေအနေကို သုံးသပ်ဖို့ အချိန်ခဏ ယူလိုက်သည်။ ထူးထူးဆန်းဆန်း ဆင့်ကဲပြောင်းလဲခြင်း သို့မဟုတ် ပေါင်းစည်းပြီးသည့်နောက်တွင် တစ်ဖက်လူ၏ အတွင်းကမ္ဘာက ပိုမိုအားကောင်းလာသင့်သည်။ သို့သော်လည်း သူ့စိတ်က ပြိုလဲလုနီးပါးဖြစ်နေပြီး သူ့မဟာတာအို အရင်းအမြစ်ကို ထိန်းချုပ်ဖို့ မဖြစ်နိုင်တော့သလောက်နီးပါး ဖြစ်နေသည်။
ထို့ကြောင့် သူက အတွင်းကမ္ဘာကို စွမ်းအားထုတ်လုပ်ရေး အခြေစိုက်အဖြစ် ပြောင်းလဲခဲ့ပြီး တိုက်ပွဲအတွက် ထာဝရအရှင်အဆင့် နည်းလမ်းများကိုသာ အသုံးပြုနေသည်။
အောင်းရှန်က သူ့လက်ဖဝါးထက်မှ အဖြူရောင် အမှတ်အသားကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။
ယွမ်ထီတွေက ထာဝရဧကရာဇ်နဲ့ မယှဉ်နိုင်ဘူးပဲ…
သူက တွေးလိုက်မိသည်။ ဧကရာဇ်အတန်းအစားက မည်သို့ပင်ဖြစ်စေကာမူ စွမ်းအင် သို့မဟုတ် ချီအခြေခံတိုက်ကွက်များထံ မြင့်မားသည့် ခံနိုင်ရည်မျိုး ရှိလေသည်။ ယခင်က ဆန့်ကျင်ချီသည် ဧကရာဇ်တစ်ပါးကို ထိခိုက်နိုင်သည်ဆိုပါက သူတို့သည် အချိန်တစ်ခုယူကာ ထိုသီးသန့် ချီကို စုပ်ယူပြီး ခုခံရေး မြှင့်တင်နိုင်ကြသည်။
ကံဆိုးစွာဖြင့် ယွမ်ထီက ထိုစွမ်းဆောင်ရည်မျိုး မရှိပေ။
ကံကောင်းတာက ငါ့ရဲ့စည်းမျဉ်းက ဟွင်သွမ်း ဖြစ်နေတာပဲ။ ငါက အရာအားလုံးကို အသုံးဝင်လာအောင် လုပ်နိုင်တယ်…
အောင်းရှန်က တစ်ဖက်လူကို အာရုံစိုက်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ ထူးထူးဆန်းဆန်း အတက်အကျလှိုင်း တစ်ခု ထွက်ပေါ်လာပြီး လက်ကို အသာဝှေ့လိုက်၏။
မဟာဖြတ်တောက်ခြင်း နည်းစနစ်
ဝှစ်
မိစ္ဆာလူငယ်လေးက မတုံ့ပြန်နိုင်ခင် သူ့ခန္ဓာကိုယ်၏ ညာဖက်အခြမ်းက ပိုင်းထွက်ကာ ကွဲသွားလေသည်။
“တာအိုဆန္ဒ … ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” မိစ္ဆာကျင့်ကြံသူက ရေရွတ်လိုက်၏။ သို့သော်လည်း အောင်းရှန်က သရော်ကာ တုံ့ပြန်လိုက်သည်။ သူက ထူးကဲသည့် ယွမ်ထီတစ်ယောက် ဖြစ်ပေသည်။
ပင်ကိုနတ်ဆိုး နတ်ဘုရားများက ယွမ်ထီ ဖြစ်လာပြီးသည့်နောက်တွင် မှီခိုဖို့ရာ အားကောင်းသည့် ခန္ဓာကိုယ် ရှိ၏။ သို့သော်လည်း လူသားများအတွက် အတူတူ မဟုတ်ပေ။ အားကောင်းသည့် သွေးမျိုးဆက်ဖြင့်ပင် လူသားများက ပင်ကိုနတ်ဆိုး နတ်ဘုရားများထက် နိမ့်ကျနေဆဲသာ ဖြစ်၏။
ဤအားနည်းချက်ကို မည်သို့ ဖြည့်ဆည်းရမည်နည်း။
အဖြေကမူ တာအိုဆန္ဒ ဖြစ်ပြီး စည်းမျဉ်းဆန္ဒဟုလည်း ခေါ်ဆိုသည်။
တုယီနယ်ပယ်အဆင့်ကို ရယူထားသည့် လူသားများက ကြယ်၆လုံး ယွမ်ထီ ဖြစ်လာပြီးသည့်နောက်တွင် တာအိုဆန္ဒကို ရယူနိုင်သည်။
ထိုစဉ် ပင်ကိုနတ်ဆိုး နတ်ဘုရားများက ကျင့်ကြံရေးနည်းစနစ် မရှိဘဲ သူတို့၏ သွေးမျိုးဆက်နှင့် ပင်ကိုစည်းမျဉ်းများကိုသာ နားလည်အောင် အားထားနိုင်သည်။ ထို့ကြောင့် သူတို့သည် တုယီနယ်ပယ်အဆင့် မဝင်ရောက်နိုင်ကြပေ။
သူတို့ထဲက ၉၉ ရာခိုင်နှုန်းက လူသားကျင့်ကြံရေးနည်းစနစ်ကို ကျင့်ကြံဖို့ရာ မာနကြီးလွန်းသည်ကို ထည့်ပေါင်းလိုက်လျှင် အောင်းရှန်၏ ဖြစ်ရပ်က အင်မတန် ရှားပါးလှသည်။ အကြောင်းမှာ သူက တာအိုဆန္ဒရှိထားသည့် ပင်ကိုနတ်ဆိုးထဲမှ တစ်ယောက်ဖြစ်၍ ဖြစ်သည်။
“ကောင်းပြီ။ ငါ ပြောချင်တာကို သက်သေပြပြီးပြီဆိုတော့ မင်း သေလို့ ရပြီ”
“မဟုတ်ဘူး” မိစ္ဆာလူငယ်က အော်ပြောလိုက်ပြီး သူ့တာအိုဆန္ဒလက်နက်ကို အသက်သွင်းပြီး သူ့အတွင်းကမ္ဘာကို ဆင့်ခေါ်ကာ ကာကွယ်ခဲ့သည်။ ကံဆိုးစွာဖြင့် အောင်းရှန်၏ တိုက်ကွက်က သူ့ခုခံရေးနည်းလမ်းများကို ကျော်လွှားကာ သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို သုတ်သင်ပစ်လိုက်သည်။
နောက်ဆုံးတွင် နဂါးက ကျန်ရှိနေသည့် ဆင့်ကဲပြောင်းလဲသွားသော အတွင်းကမ္ဘာကို ဝါးမျိုပစ်လိုက်၏။
ဒီရယူထားတဲ့ ဟွင်သွမ်းစွမ်းအားနဲ့ဆိုရင် ငါ့ရဲ့ခန္ဓာကိုယ်ကို ပိုမြန်လာအောင် လေ့ကျင့်ပေးနိုင်လိမ့်မယ်…
အောင်းရှန်၏ မျက်ဝန်းထဲ လောဘအရိပ်အယောင် ဖြတ်ပြေးသွားပြီး သူက အင်မော်တယ်အဆင့် မိစ္ဆာကျင့်ကြံသူများကို အမဲလိုက်နိုင်ဖို့ရာ ဆုတောင်းမိသွားသည်။ သူ ဖန်တီးထားသည့် နည်းစနစ်က အရာအားလုံးကို ဟွင်သွမ်းစွမ်းအားအဖြစ် ပြောင်းလဲနိုင်သည့်အတွက် အလွန်အဖိုးတန်လှသည်။ သူက အတားအဆီး မရှိဘဲ စိတ်တိုင်းကျ အသုံးပြုချင်မိသည်။
ကံကောင်းစွာဖြင့် သူက သူ့ကိုယ်သူ ထိန်းချုပ်နိုင်ခဲ့သည်။