ပြိုင်ဘက်ကင်းစွမ်းအား
Vol. 65 Ch. 905
ညစာစားပြီးသည့်နောက်တွင် ဝမ်ဝေ့က သူ့မိသားစုဝင်များကို စစ်ဆေးကြည့်ခဲ့၏။ သူ့အဘိုးက သူ့ကံကြမ္မာသာလွန်ကျမ်းကို လေ့လာရင်း သီးသန့်ကျင့်ကြံရေး ဝင်ရောက်သွားသည်။ သူ့ပြောစကားအရ သူသည် နေမင်းကိုးစင်းဧကရာဇ်နှင့် တိုက်ပွဲအတွက် လိုအပ်သည်များကို ပြင်ဆင်ထားလို၏။
လီကျွင်းနှင့် ယန်းလီလင်းအတွက်လည်း အတူတူသာဖြစ်ကာ သူတို့၏ အခြေအနေအတွက် သီးသန့်ကျင့်ကြံရေး ဝင်ရောက်နေကြသည်။ ဝမ်ကျူက တာအိုဘိုးဘေး ဖြစ်လာဖို့ ကြိုးစားနေ၏။ သခင့်အရိပ်နည်းစနစ်က ဝမ်ဝေ့အား သူမအတွက် ထူးကဲသည့် တာအိုမျိုးစေ့ကို ဖွဲ့စည်းခွင့်ပြုထားသည်။
ထို့အပြင် ဝမ်ဝေ့က လောကသစ်ပင်မှ သစ်ကိုင်းတချို့ဖြင့် သူမ၏ အတွင်းကမ္ဘာကို ပိုမိုတည်ငြိမ်အောင် ထောက်ပံ့ပေးခဲ့သည်။
ထျဲ့ကန်က အနားယူနေရင်း တာအိုဘိုးဘေး ဖြစ်လာမည့်အချိန်ကို စောင့်ကာ ဝမ်ဝေ့အတွက် နောက်ဆုံးအကြိမ် ခစားဖို့ ပြင်ဆင်နေသည်။ ထို့နောက် သူ့အနေနှင့် ပြန်လည်ဝင်စားဖို့ အချိန် ကျရောက်လာလိမ့်မည်။
အားလုံးကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ခုံရုံးသို့ ပြန်ကာ ကျင့်ကြံလိုက်၏။ သူက အနောက်ပိုင်းကုန်းမြေ၏ ဗြောင်းဆန်နေမှုကို လျစ်လျူရှုထားခဲ့သည်။
ထို့အပြင် ဤသည်က သူ တာအိုကို သက်သေပြပြီးကတည်းက ပထမဦးဆုံးအကြိမ် သီးသန့်ကျင့်ကြံခြင်း ဖြစ်၏။
ဝမ်ဝေ့က အခန်းအတွင်း လက်သီးကျစ်ကျစ် ဆုပ်ကာ သူ့သွေးကြောများမှ စွမ်းအားကို ခံစားလိုက်သည်။
မွေးကင်းစ မကောင်းဆိုးဝါးနတ်ဘုရား ၃၁ပါး ခွန်အား
သူက တတိယတန်းစား ဧကရာဇ်ကို သူ့ရုပ်ပိုင်းဆိုင်ရာခွန်အားဖြင့် အနိုင်ပိုင်းနိုင်မည့် အနေအထားရောက်ဖို့ရာ နောက်ထပ် ၉ ဂဏန်းမျှသာ လိုအပ်တော့သည်။
“ငါက မဟာတာအိုအရင်းအမြစ် ဆေးကြောမှု ၂ကြိမ် ကျော်ဖြတ်ထားပေမဲ့ တိုးတက်မှုက နည်းနေတုန်းပဲ” ဝမ်ဝေ့က ညည်းတွားလိုက်သည်။ နောက်ဆုံးတိုက်ပွဲအတွင်း သူက မွေးကင်းစ မကောင်းဆိုးဝါးနတ်ဘုရား ၂၁ပါး ခွန်အားသာ ရှိခဲ့၏။ ထို့ကြောင့် ၁၀ တိုးလာခြင်း ဖြစ်သည်။
ဝမ်ဝေ့က ထိုသေးငယ်သည့် တိုးတက်မှုသည် သူသည် ကမ္ဘာဦးနတ်ဘုရားအဆင့်တွင် မဟုတ်ဘဲ မွေးကင်းစ မကောင်းဆိုးဝါးနတ်ဘုရားအဆင့်တွင် ရှိနေသည့် အချက်ကြောင့် ဖြစ်မှန်း သိလေ၏။ ဝမ်ဝေ့က ခေါင်းအသာယမ်းပြီးသည့်နောက်တွင် တခြားတစ်နေရာကိုသာ အာရုံစိုက်လိုက်သည်။ သူက ကျင့်ကြံရေးအခန်းရှိ အစီအရင်များကို ပြန်လည်အားဖြည့်လိုက်၏။
“ငါ ဘယ်လောက်အားကောင်းတယ်ဆိုတာကိုတော့ အကြမ်းဖျင်းသိထားပေမဲ့ အတိအကျတော့ မသိရသေးဘူး။”
အခန်းက ရုတ်ချည်းဆိုသလို ပြောင်းလဲသွားကာ ကြီးကျယ်ခမ်းနားကာ မြင့်မြတ်သည့် အငွေ့အသက်ရှိသည့် နန်းဆောင်ဆယ်ခု ပေါ်ထွက်လာခဲ့သည်။ ထိုအရာကို မြင်သည့်သူတိုင်းက သက်ရှိအားလုံးရှိ လျှို့ဝှက်ချက်၏ အဖြေနှင့် သူတို့၏ ကံကြမ္မာသည် ဤနန်းဆောင်များအတွင်း တစ်နေရာရာတွင် ရှိလိမ့်မည်ဟု တွေးမိသွားကြလိမ့်မည်။
စိတ်ဝင်စားစရာပဲ။ ငါ့ရဲ့ အသက်ဝင်နိုးထခြင်းက ကံကြမ္မာနန်းဆောင်ပုံစံနဲ့ပဲ…
ဝမ်ဝေ့က သူ့လက်ရှိ မဟာတာအိုအရင်းအမြစ် ၃၅ ရာခိုင်နှုန်းကို စစ်ဆေးကြည့်လိုက်သည်။
ဧကရာဇ်တာအိုခန္ဓာက တာအိုကို သက်သေမပြခင် သူ့အခြေခံအုတ်မြစ်၏ သဏ္ဌာန်ပြမှုတစ်ခု ဖြစ်၏။ အသက်ဝင်နိုးထခြင်းက ထိုအုတ်မြစ်ကို တိုက်ပွဲအတွက် ပြသမှုတစ်ခု ဖြစ်သည်။ ဝမ်ဝေ့က ဒဿမသာလွန်အုတ်မြစ်ကို ရရှိထားသည့်အတွက် မဟာတာအိုအရင်းအမြစ် ၁၀ ရာခိုင်နှုန်းကို ရရှိခဲ့သည်။
“ကောင်းပြီ။ နောက်ထပ် ဝိညာဉ်ကိုပါ ထည့်ပေါင်းကြည့်ရအောင်”
သူ့အသိစိတ်ပင်လယ်မှ အစပြုလာသည့် ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအားတစ်ခုက ထွက်ပေါ်လာပြီး သူစွမ်းအားကို တိုးမြှင့်ပေးလိုက်သည်။ ဝိညာဉ်စွမ်းအား ပေါ်ထွက်လာပြီးသည့်နောက်တွင် ဝမ်ဝေ့၏ စွမ်းအားက ထူးထူးဆန်းဆန်း တိုးတက်မှုမရှိဘဲ ယခင်အတိုင်း ၃၅ ရာခိုင်နှုန်းသာ ကျန်ရှိနေလေ၏။
သို့သော်လည်း သူက အံ့ဩခြင်း မရှိပေ။ ဧကရာဇ်အဆင့်တွင် ကျင့်ကြံရေးက ထူးခြားလှ၏။ ရာခိုင်နှုန်းက ခွန်အားနှင့် အဆင့်ကို ဆုံးဖြတ်ပေးနိုင်သော်လည်း ၁ ရာခိုင်နှုန်း တိုးတက်မှုက သိသိသာသာ များပြားလှသည်။
ထို့ကြောင့် မဟာတာအိုအရင်းအမြစ် ၄ ရာခိုင်နှုန်းနှင့် ၅ ရာခိုင်နှုန်းကြား ကွာဟချက် ကြီးမားသလို ၆၉ ရာခိုင်နှုန်းနှင့် ၇၀ ရာခိုင်နှုန်းအတွက်လည်း အတူတူသာ ဖြစ်၏။ ရာခိုင်နှုန်းက မြင့်မားလေလေ ကွာဟချက်က ပိုမိုကြီးမားလေလေ ဖြစ်သည်။
ထိုကွာဟသည့် ခြားနားချက်ကြောင့် ဧကရာဇ်အတွက် တိုးတက်မှုသည် သဘောတရားအရ အဓိပ္ပာယ်မရှိပေ။ နမူနာအားဖြင့် ဝမ်ဝေ့၏ လက်ရှိ ၃၅ ရာခိုင်နှုန်းသည် သူ့ဝိညာဉ်က ၁၀ ရာခိုင်နှုန်း တိုးမြင့်ပေးခဲ့လျှင်ပင် ၃၅ နှင့် ၃၆ ရာခိုင်နှုန်းကြား ကွာဟချက်ကြောင့် သူ့တိုက်ပွဲစွမ်းအားကို တိုးမြှင့်နိုင်မည် မဟုတ်ပေ။
ဧကရာဇ်အဆင့်အတွက် ထိုမေးခွန်းများ၏ အဖြေက စက်ယန္တရားတစ်ခုသာ ဖြစ်၏။ တချို့သော နည်းစနစ်များက ဧကရာဇ်၏ အခြေခံအနေအထားကို တိုးမြင့်ပေးနိုင်ပြီး သူတို့နှင့် တူညီသည့် စွမ်းအား သို့မဟုတ် ရာခိုင်နှုန်းရှိသည့်သူကို တိုက်ခိုက်နိုင်အောင် ခွင့်ပြုထားသည်။
သို့သော်လည်း နောက်ထပ်တစ်ခုကမူ အရင်းအမြစ် နည်းစနစ်ဟုခေါ်ပြီး မဟာတာအိုအားဖြည့်မှုကို ချီးမြှင့်ပေးထားပြီး သူတို့၏ ရာခိုင်နှုန်းအထက် ရှိသူများကို တိုက်ခိုက်ခွင့်ပြုထားသည်။
အရင်းအမြစ် နည်းစနစ်၏ နမူနာတစ်ခုက ဝမ်ဝေ့၏ အစွမ်းထိန်းချုပ်ရေး ပညာရပ် ဖြစ်သည်။
ဧကရာဇ်များအတွက် တိုက်ပွဲပုံစံက ဟာကွက်များစွာရှိနေဆဲ ဖြစ်၏။ မဟာတာအိုအားဖြည့်မှုက အဆင့်ဆင့် မဖြစ်သင့်ပေ။
ဝမ်ဝေ့၏ အသက်ဝင်နှိုးထထားခြင်းနှင့် ပင်ကိုစံပြဝိညာဉ်က သူ့ကို မဟာတာအိုအရင်းအမြစ် ၂၀ ရာခိုင်နှုန်း ပေးနိုင်ဖို့ ပေါင်းစည်းမသွားသင့်ပေ။ အကြောင်းအရင်းမှာ ရာခိုင်နှုန်းတစ်ခုချင်းစီတွင် ကွာဟချက်က အလွန်ကြီးမားနေ၏။
သဘောတရားအရ သူသာ မဟာတာအိုအရင်းအမြစ် ၃၅ ရာခိုင်နှုန်း အားဖြည့်မှုရှိ သည့် ပြိုင်ဘက်ကို တိုက်ခိုက်ဖို့ သူ့အသက်ဝင်နိုးထခြင်းကို အသုံးပြုနိုင်သင့်သည်။ ထို့နောက် ထိုနည်းစနစ် အချိန်ကုန်ဆုံးသွားသည့်အခါ သူက ပင်ကိုစံပြဝိညာဉ်ကို လဲလှယ်ပြီး တူညီစွာ ထပ်မံ အသုံးပြုနိုင်လိမ့်မည်။
ထိုအရာက သူ့တခြားသော မဟာတာအို အားဖြည့်မှုများအတွက်လည်း အတူတူ ဖြစ်၏။
သို့သော်လည်း သူက သူ့အားဖြည့်မှုကို အဆင့်ဆင့်စီထားနိုင်သည်။
သူက တာအိုအမှတ်အသားကို ကြားခံနယ်အဖြစ် အသုံးပြုပြီး မဟာတာအိုအားဖြည့်မှုကို များပြားလာစေကာ ရာခိုင်နှုန်းတစ်ခုစီကြားမှ ကွာဟချက်ကို လျစ်လျူရှုထားနိုင်သည်။
ဝမ်ဝေ့က သူ့တာအို အမှတ်အသားကို အသက်သွင်းလိုက်သည့်အခါ သူ့စွမ်းအားက မဟာတာအိုအရင်းအမြစ် ၄၅ ရာခိုင်နှုန်းသို့ ရောက်ရှိသွားသည်။ သူက တုံ့ဆိုင်းခြင်း မရှိဘဲ သူ့ရုပ်ပိုင်းဆိုင်ရာကိုပါ ထပ်မံ အားဖြည့်လိုက်၏။ သို့သော်လည်း သိပ်မကြာခင် သူက မျက်မှောင်ကြုတ်လိုက်ကာ ၂ ရာခိုင်နှုန်းတိုးတက်မှုသာ ရှိကြောင်း သိလိုက်ရသည်။
ငါ သိပြီ။ သူမက ငါက ဒိုင်မေးရှင်းအနိမ့်မှာ ကျင့်ကြံမယ်ဆိုတာကိုပါ ထည့်တွက်ပြီးတော့ ငါ့ရဲ့ ရုပ်ပိုင်းဆိုင်ရာက မကောင်းဆိုးဝါးနတ်ဘုရား ၄၀ ခွန်အားအထိပဲ ရောက်မယ်ဆိုတာ သိနေခဲ့တာပဲ…
ဝမ်ဝေ့က ထိုနည်းပါးလှသည့် အားဖြည့်မှုကို စိတ်ထဲမထားပေ။ သူ့အားဖြည့်မှု အားလုံးထဲတွင် သူ့ဝိညာဉ်နှင့် ခန္ဓာကိုယ်က အလားအလာ အကောင်းဆုံးဖြစ်၏။
ဆက်တိုက်ဆိုသလို သူက သူ့ကို ၃ရာခိုင်နှုန်း တိုးမြှင့်ပေးနိုင်သည့် တာအိုဆန္ဒကို အသက်သွင်းလိုက်သည်။
တာအိုဆန္ဒက ဒီထက် ပိုသင့်တယ်…
ဝမ်ဝေ့က တွေးလိုက်မိသည်။ အန္တရာယ်များသည့် အခြေအနေတွင် တာအိုဆန္ဒ တိုးမြှင့်မှုက အဆုံးစွန်အထိ တိုးမြှင့်ခဲ့လျှင် ၅ ရာခိုင်နှုန်းအထိ ရောက်ရှိသွားနိုင်သော်လည်း တန်ပြန်သက်ရောက်မှုက ထာဝရဧကရာဇ်အတွက်ပင် ဆိုးဝါးလှသည်။
ဝမ်ဝေ့၏ လက်ရှိစွမ်းအားက ၅၀ ရာခိုင်နှုန်းအထိ ရောက်ရှိလာခဲ့သည်။ ထို့ကြောင့် သူက စိတ်ဆန္ဒသဏ္ဌာန်ပြခြင်းကို ထုတ်ဖော်ကာ နောက်ထပ် မဟာတာအိုအရင်းအမြစ် တိုးမြင့်မှု ၁၀ ရာခိုင်နှုန်းကို ရယူလိုက်သည်။
ဒါက မဟာတာအိုအရင်းအမြစ် ၆၀ ရာခိုင်နှုန်းရဲ့ စွမ်းအားလား…
ငါက ကမ္ဘာ့အသိုက်အဝန်း ဒါဇင်ချီကို တိုက်ကွက်တစ်ခုထဲနဲ့ အလွယ်တကူ ဖျက်ဆီးပစ်နိုင်ပြီ…
ထိုအတွေးက ကြောက်ဖို့ ကောင်းလှသည်။ ကမ္ဘာ့အသိုက်အဝန်းတစ်ခုချင်းစီက ကမ္ဘာသိန်းချီ ပါဝင်နေသော်လည်း သူက သူ့လက်တစ်ချက်အဝှေ့တွင် ထိုနေရာရှိ ရှင်သန်မှုအားလုံးကို ဖျက်ဆီးပစ်နိုင်သည်။
ဒါပေမဲ့ ဒါက အဆုံးသတ် မဟုတ်သေးဘူး…
ဝမ်ဝေ့က သူ့တာအိုသက်သေပြ ပစ္စည်းကို ဆင့်ခေါ်လိုက်သည့်အခါ သူ့စွမ်းအားက ၆၅ ရာခိုင်နှုန်းအထိ ရောက်ရှိသွားခဲ့သည်။
“ငါက အနည်းငယ် မတည်ငြိမ်သလို ခံစားနေရတယ်”
ဝမ်ဝေ့က သူ့တာအိုအမှတ်အသားမှ စွမ်းရည်သည် မတည်ငြိမ်မှု ပြသနေသည်ကို ခံစားမိလိုက်သည်။
ငါက အမှတ်အသားကို လေ့လာပြီးတော့ ဒီအဆင့်ဆင့်စီထားတဲ့ လျှို့ဝှက်ချက်ကို တွေ့ဖို့ အချိန်တစ်ခုယူရလိမ့်မယ်…
သူက ဆက်မလုပ်ခင် မှတ်ချက်ပေးလိုက်သည်။ သူက အရင်းအမြစ် နည်းစနစ်ဖြစ်သည့် အစွမ်းထိန်းချုပ်ရေး ပညာရပ်ကို အသက်သွင်းလိုက်၏။
သူ့စွမ်းအားက မဟာတာအိုအရင်းအမြစ် ၆၇ ရာခိုင်နှုန်းအထိ ရောက်ရှိသွားခဲ့သည်။
“မဟာတာအိုထိန်းချုပ်မှုအဆင့် မပါပဲနဲ့ တိုးမြင့်မှုက ၂ ရာခိုင်နှုန်းပဲ ရှိတယ်။ ဒါပေမဲ့ ကိစ္စမရှိဘူး။ သိပ်မကြာခင် ပြီးမြောက်တော့မှာပါ”
သူက ကောင်းကင်တာအိုကို ဖမ်းဆီးပြီး လူသားခန္ဓာကိုယ်အတွင်း အတင်းအကြပ် ထည့်လိုက်ရသည့် အကြောင်းအရင်းတစ်ချက်က ထိုအရာ၏ အလုပ်လုပ်ပုံနှင့် စည်းမျဉ်းများကို ထိန်းချုပ်ပုံတို့ကို သေချာလေ့လာနိုင်ဖို့ ဖြစ်သည်။ ထို့ကြောင့် သူ့အစွမ်းထိန်းချုပ်ရေး ပညာရပ်က မကြာခင် အောင်မြင်သွားလိမ့်မည်။
ဒါပေမဲ့ ဒါက အောင်မြင်သွားရင်တောင် ငါ့ရဲ့စွမ်းအားက ၆၉ ရာခိုင်နှုန်းအထိပဲ ရောက်ပြီးတော့ ကောင်းကင်ဘုံအဆင့်ကို မရောက်သေးဘူးဆိုတဲ့ ခံစားချက် ရှိနေတယ်…
သူ့ခံစားချက်က အမှန် ဖြစ်ကြောင်း သိထားလေသည်။ နောင်အနာဂတ်တွင် သူ့အခြေခံစွမ်းအားက ၂၅ ရာခိုင်နှုန်း တိုးမြင့်သွားပြီးသည့်နောက်တွင်ပင် ကောင်းကင်ဘုံအဆင့် ၇၀ ရာခိုင်နှုန်းကို ကျော်ဖြတ်ဖို့ ခက်ခဲနေလိမ့်မည်။
ဒီဟာအတွက်က အကြောင်းအရင်းတွေ အများကြီး ရှိတယ်။ ပထမတစ်ခုက ဧကရာဇ်လမ်းစဉ်က အဆင့် ၁၁ နဲ့ အဆင့် ၁၀ ကြားက ကွာဟချက် ကြီးမားမှုကြောင့်ပဲ။ ဒုတိယတစ်ခုနဲ့ အဓိကတစ်ခုက ဒိုင်မေးရှင်းအနိမ့်ရဲ့ ကန့်သတ်ခံထားရမှုကြောင့်ပဲ
အစစ်အမှန် ကောင်းကင်တာအိုက ဒိုင်မေးရှင်းအနိမ့်မှာ ကောင်းကင်ဘုံအဆင့်ကို မပြောနဲ့ …. တာအိုအုပ်ချုပ်သူကိုတောင် ပေါ်ထွက်လာခွင့်မပြုဘူး…
ဝမ်ဝေ့က သူ့စွမ်းအားကို ဖုံးကွယ်ထားဖို့ လိုအပ်ကြောင်း သဘောပေါက်သွားသည့်အခါ မျက်မှောင်ကြုတ်လိုက်သည်။ မဟုတ်ပါက အစစ်အမှန် ကောင်းကင်တာအိုသည် သူ့ကို ဒိုင်မေးရှင်းအမြင့်သို့ ချက်ချင်း နှင်လွှတ်လိမ့်မည်။
ကောင်းပြီလေ။ ဒါက သိပ်များများစားစားတော့ မဟုတ်ပါဘူး။ ငါက ဒိုင်မေးရှင်းအနိမ့်မှာ ပြိုင်ဘက်ကင်းသွားလိမ့်မယ်။ လူအိုကြီးငရဲကို ချက်ချင်းသတ်နိုင်သေးတာတော့ နှမြောစရာပဲ…
ဝမ်ဝေ့က ဒိုင်မေးရှင်းအနိမ့်ရှိ လူနှစ်ဦးကိုသာ သူ့အစစ်အမှန် ရန်သူအဖြစ် သတ်မှတ်ထားလေသည်။ သူက အလောင်းရောင်းဝယ်ရေး ဂိုဏ်းကို ဖျက်ဆီးခဲ့သည့်အတွက် မရဏအရှင်နှင့် လူအိုကြီးငရဲတို့ ဖြစ်သည်။
မဟုတ်သေးဘူး။ တတိယတစ်ခုက ယီလျန်ချန်းနဲ့ ချောက်နက်နဲ့ ပတ်သက်နေတဲ့ သက်တမ်းရင့်နတ်ဘုရားတွေလည်း ဖြစ်နေနိုင်တယ်။ ဒီထူးထူးဆန်းဆန်းနေရာကနေ မထင်မှတ်ထားတာတွေ ထွက်ပေါ်လာနိုင်တယ်…
ကောင်းပြီလေ။ အရင်ဆုံး နှစ်၃၀၀ သုံးပြီး ခန္ဓာကိုယ်ကို ကျင့်ကြံရအောင်…
ဝမ်ဝေ့က သူ့အခန်းနှင့် အပြင်ဘက်ရှိ အချိန်အချိုးအစားကို ပြောင်းလဲလိုက်သည်။
ထို့နောက် သူက ရှေးဟောင်းခန္ဓာသန့်စင်ကျမ်း၏ အင်မော်တယ်အဆင့်ကို ထုတ်ကာ သုံးသပ်လိုက်၏။ သူက သီးသန့်ကျင့်ကြံနေစဉ်အတွင်း ပြင်ပလောကက ဆူပူနေသည့် အခြေအနေတွင် ရှိလေသည်။
အနောက်ပိုင်းကုန်းမြေတွင် ကြောက်မက်ဖွယ် သတ်ဖြတ်မှုများက ဖြစ်ပွားနေလေ၏။
ထိုမိစ္ဆာကျင့်ကြံသူများက တစ်ယောက်နှင့်တစ်ယောက် သတ်ဖြတ်နေကြသည့်အတွက် ဧကရာဇ်စစ်ပွဲ ဖြစ်ပေါ်လာခဲ့သည်။
ဝင်ရောက်မစွက်ဖက်လိုသည့် ဖုန်းဟွမ်က သေမျိုးများ ပါဝင်လာသည့်အခါ သူ့အနေဖြင့် ကယ်တင်ဖို့ရာ လုပ်ဆောင်လာရသည်။
အရှေ့ပိုင်းကုန်းမြေတွင် ထိပ်သီးဧကရာဇ်မျိုးနွယ်များက ရှေးဟောင်းမျိုးနွယ်ကို ဖိအားပေးလာကြသည်။ သူတို့က သဘောမတူမှု ရှိထားသော်လည်း မည်သူကမှ မတိုက်ခိုက်ကြသေးပေ။ သို့သော်လည်း ဗဟုသုတကြွယ်ဝသည့်သူများက ဓားရေးစံအိမ် ဝင်ရောက်စွက်ဖက်လာဖို့ရာ အချိန်တစ်ခုမျှသာ လိုကြောင်း သိထားကြ၏။
ထိုအခါ ကိစ္စများက ပိုမိုရှုပ်ထွေးသွားလိမ့်မည်။
တောင်ပိုင်းကုန်းမြေတွင်မူ အရာအားလုံးက အဆင်ပြေနေလေ၏။ ရှုရှစ်က သံတမန်ရေးရာနည်းလမ်းဖြင့် ကိစ္စများကို ဆောင်ရွက်ခဲ့သည်။ သို့သော်လည်း မူလသင်္ကေတနန်းဆောင်တွင် ဖြစ်ပျက်ခဲ့သမျှ သတင်းက ထွက်ပေါ်လာခဲ့၏။
ပထမပိုင်းတွင် သတင်းက အံ့ဩဖို့ ကောင်းခဲ့သော်လည်း ဝူမင်က ကောင်းကင်ခုံရုံးတွင် စတင်နေထိုင်သည်ကို သိပြီးသည့်နောက်တွင် မည်သူကမှ ဂရုမစိုက်ကြတော့ပေ။ တချို့သော အင်အားစုများက ခုံရုံး၏ ကောင်းမွန်လှသည့် ကျင့်ကြံရေးအခြေအနေကို အသုံးပြုပြီးသည့်နောက်တွင် တိုးတက်လာပြီး လွှမ်းမိုးမှုကြီးမားလာမည်ကို စတင်စိုးရိမ်လာကြသည်။
ထို့ကြောင့် လူတချို့က သူတို့ပါ ပါဝင်ရမလားဟု စတင်စဉ်းစားလာကြသည်။
မြောက်ပိုင်းကုန်းမြေတွင် အောင်းရှန်က အနိုင်ရရှိပြီးသည့်နောက်တွင် သိုသိုသိပ်သိပ်သာ နေနေ၏။ သူက လူများ၏ အာရုံက အနောက်ပိုင်းကုန်းမြေသို့ ရောက်ရှိနေစဉ်အတွင်း နတ်ဆိုးမျိုးနွယ်ကို တတ်နိုင်သမျှ မြန်မြန်အားဖြည့်နိုင်အောင် လုပ်ခဲ့သည်။
ထို့အပြင် သူက ဧကရာဇ် ဖြစ်လာမည့် နည်းလမ်းကို ရှာဖွေဖို့ ကြိုးစားနေလေ၏။
သဘောတရားအရ သူသည် ထိုအတွေးမျိုး မရှိသင့်ပဲ ပြန်လည်ဝင်စားဖို့ အဆင်သင့်ပြင်သင့်၏။ သို့သော်လည်း ဤမျိုးဆက်၏ မူမမှန်မှုကို ခံစားပြီးသည့်နောက်တွင် သူ့အတွက် နည်းလမ်း ရှိနိုင်ကြောင်း ယုံကြည်လာသည်။
ပင်လယ်မျိုးနွယ်က ကိစ္စများစွာကြောင့် မကျေမနပ် ခံစားနေရသော်လည်း သိုသိုသိပ်သိပ်သာ ဆက်နေခဲ့သည်။ ထို့ကြောင့် သူတို့သည် သိုသိုသိပ်သိပ် နေနေသည်လား သို့မဟုတ် တခြားတစ်ခုအတွက် အချိန်ဆွဲနေသည်လားဆိုတာကို မည်သူကမှ မသိကြပေ။
ကမ္ဘာ၏ အခြေအနေက ပြောင်းလဲလာပြီး ဒုတိယခုံရုံး၏ တွေ့ဆုံပွဲရက်ကို စောင့်ဆိုင်းနေကြသည်။