← Chapters

ကမ္ဘာဦးဖျက်ဆီးခြင်း

Vol. 65 Ch. 909

ကမ္ဘာဦးဖျက်ဆီးခြင်း

Vol. 65 Ch. 909

“ဘာမှစိုးရိမ်နေစရာ မလိုဘူး။ ကျုပ် မေးခွန်းအပေါ် ခင်ဗျားရဲ့ တုံ့ပြန်မှုပေါ် မူတည်ပြီး ဒီတစ်ခေါက် အသက်ရှင်နိုင်တယ်” ဝမ်ဝေ့က ကမ္ဘာဦးနတ်ဘုရား၏ မသက်မသာဖြစ်မှုကို ခံစားမိလိုက်သည်။

ဝမ်ဝေ့၏ စကားများက နတ်ဘုရားကို ရှုံ့မဲ့သွားစေ၏။ သူ့အလိုလိုသိစိတ်က ထိုသက်ရှိလေးအား ကြိမ်းမောင်းချင်သော်လည်း မလုပ်ရဲခဲ့ပေ။

သူက ဆိုးဆိုးရွားရွား စစ်ပွဲတွင် အသက်ရှင်ကျန်ခဲ့၏။ ရလဒ်အနေဖြင့် သူက အရာများစွာကို ဆုံးရှုံးခဲ့ရသည်။ ထိုအရာများထဲမှ တစ်ခုက ပင်ကိုသက်ရှိအနေဖြင့် သူ့မာန်မာန ဖြစ်၏။

တစ်ခါက သူတို့သည် မိုးမြေကြားမှ အမြင့်မြတ်ဆုံး သက်ရှိများအနေဖြင့် ကမ္ဘာတစ်ဝှမ်း သွားလာခဲ့ကြသည်။ ကံဆိုးစွာဖြင့် စစ်ပွဲက ထိုမာနကို ချေမွပစ်ခဲ့၏။ တစ်ခါက သူတို့၏ ကာကွယ်မှုကို လိုအပ်သည့် အားနည်းသည့် မျိုးနွယ်စုတစ်ခု၊ သူတို့က ဆက်သွယ်ပြီး ကြည့်ဖို့ရာပင် စက်ဆုပ်ခဲ့ကြသည့် အားနည်းသည့် မျိုးနွယ်တစ်ခု၊ တချို့သူများက အစားအစာဖြင့် သတ်မှတ်ခံရသည့် အားနည်းသော မျိုးနွယ်စုတစ်ခု … ထိုမျိုးနွယ်စုက သူတို့ကို အောင်အောင်မြင်မြင် တော်လှန်နိုင်ခဲ့သည်။

ထိုအားနည်းသည့် သက်ရှိများက ပင်ကိုနတ်ဆိုးနတ်ဘုရားများပင် တွေးမကြည့်နိုင်သည့် အနေအထားတစ်ခုသို့ ရောက်ရှိလာပြီး သူတို့၏ မျိုးနွယ်ကို သတ်ဖြတ်ကာ အစာကွင်းဆက်၏ ထိပ်ဆုံးသို့ တက်လှမ်းသွားခဲ့သည်။

ကမ္ဘာဦးနတ်ဘုရားက ထိုသေးငယ်သည့် သက်ရှိများသည် မည်မျှကြောက်ဖို့ကောင်းကြောင်း သိထားလေ၏။

လူသားမျိုးနွယ်သည် ကမ္ဘာဦးနတ်ဘုရားနှင့် ပင်ကိုနတ်ဆိုးတို့ဖြင့် တိုက်ခိုက်ပြီး အနိုင်ရရှိခဲ့သည်။ တိုက်ပွဲတွင် တခြားသောမျိုးနွယ်များစွာ ပါဝင်နေသော်လည်း ထိုသုံးခုကမူ အဓိက တိုက်ခိုက်သူများ ဖြစ်နေသည်။

“ကဲ ပြောရအောင်။ ကျုပ် ခေါင်းမော့ပြီးတော့ ပြောရတာခက်တယ်ဆိုတော့ ခင်ဗျားစိတ်ထဲ မထားရင် ခင်ဗျားရဲ့ကိုယ်ကို ကျုံ့လိုက်ပါ့လား” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။

“ငါ့ကို အရှက်ခွဲဖို့ ကြိုးစားနေတာလား”

ဝမ်ဝေ့က သူ့ကို စိုက်ကြည့်ကာ “ခင်ဗျားရဲ့ လက်တွေ့အခြေအနေကို လက်ခံပြီးပြီလို့ ထင်ခဲ့တာ။ ဒါပေမဲ့ အဲ့လိုဖြစ်ပုံမပေါ်ဘူးပဲ”

သူက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် ထိုဧရာမသက်ရှိကြီးက သာမန်လူသားအရွယ်အဖြစ် ကျုံ့လာခဲ့သည်။

“ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ”

ကမ္ဘာဦးနတ်ဘုရားက ခေတ္တမျှ တုံ့ဆိုင်းသွားပြီးသည့်နောက်တွင် သက်ပြင်းချကာ “ငါ့ကို ကမ္ဘာဦးဖျက်ဆီးခြင်းလို့ သိကြတယ်”

“ကမ္ဘာဦး ဖျက်ဆီးခြင်း … နာမည်က အရေးပါမှုတချို့တော့ ရှိတဲ့ပုံပဲ” သူက ရေရွတ်လိုက်သည်။

ဒါပေါ့…

ကမ္ဘာဦးဖျက်ဆီးခြင်းက တွေးလိုက်မိသည်။ သူ့ခေတ်ကာလတုန်းက အမြင့်မြတ်ဆုံး သွေးမျိုးဆက်ရှိသည့် ကမ္ဘာဦးနတ်ဘုရားများကသာ သူတို့၏ နာမည်တွင် ကမ္ဘာဦး ဟူသည့် နာမည်ကို ထည့်သုံးနိုင်ကြသည်။

ကံဆိုးတာက အခုတော့ ဘာအဓိပ္ပာယ်မှ မရှိတော့ဘူး…

ဝမ်ဝေ့က ထိုအကြောင်းကို ဆက်မပြောတော့ပေ။

“ကျုပ်ဆီမှာ အတိတ်အကြောင်း မေးစရာရှိတယ်။ ခင်ဗျားက စိတ်ထဲ မထားဘူးဆိုရင် ဖြေပေးပေါ့”

“ဘာကို သိချင်တာလဲ”

“ပထမဦးဆုံး စစ်ပွဲက ဘယ်လိုအဆုံးသတ်သွားတာလဲ”

ကမ္ဘာဦးဖျက်ဆီးခြင်းက ခေတ္တမျှ စဉ်းစားကြည့်ပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်ကာ ဖြေလိုက်သည်။

“ငါ့မှတ်ဉာဏ်တွေက အနည်းငယ် ဝေဝါးနေတယ်။ ဒါပေမဲ့ ငါ မှတ်မိသလောက် အဆုံးသတ်ခါနီးမှာ ရှုံးနိမ့်နေတဲ့ ငါတို့ဘက်အခြမ်းက ရုတ်တရက်ဆိုသလို အရေးသာလာပြီးတော့ ဟော်သဲ့သက်ရှိတွေကို အန္တရာယ်များတဲ့ အနေအထားအထိ တွန်းပို့နိုင်ခဲ့တယ်။ ငါတို့တွေက ကမ္ဘာတွေ တစ်ခုပြီးတစ်ခု သိမ်းပိုက်ပြီးတော့ သူတို့တွေကို ဌာနချုပ်အထိ ပြန်ပြောင်းအောင် ဖိအားပေးနိုင်ခဲ့တယ်။

ဒါပေမဲ့ ငါတို့အနိုင်ရခါနီးနီးမှာ သူတို့ဘက်ကလည်း ရုတ်တရက် အစီအရင်တစ်ခု ထုတ်ဖော်လာတယ်။

ကောင်းကင်ပြုပြင်ရေးအစီအရင် … ”

ကမ္ဘာဦးနတ်ဘုရားက ထိုအစီအရင်နာမည်ကို ရေရွတ်ရင်း အကြောက်တရားတချို့ဖြတ်ပြေးသွားသည်။

“မင်းရဲ့ ဘိုးဘေး ကောင်းကင်ဖွင့်လှစ်ခြင်းဧကရာဇ်အပါအဝင် ဟော်သဲ့သက်ရှိဘက်က အကောင်းဆုံးဧကရာဇ် ၁၂ယောက်က ဒီအစီအရင်ရဲ့ ဆုံမှတ်တွေကို ဦးဆောင်ခဲ့ကြတယ်။ အဲဒီနောက်မှာ တိုက်ပွဲက အပြီးသတ်သွားခဲ့တာပဲ။ သူတို့တွေက ငါ့မျိုးနွယ်ကို သက်ညှာမှု မရှိပဲ သတ်ဖြတ်ခဲ့ပြီးတော့ ကလေးတွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေတောင် မချန်ဘူး။ နောက်ဆုံးမှာ ငါတို့ရဲ့ အဆုံးသတ်က ရှောင်လွှဲလို့ မရဘူးဆိုတာကို သဘောပေါက်သွားပြီးတော့ ခေါင်းဆောင်တွေက ဒိုင်မေးရှင်းအမြင့်ဆီ အမြောက်အများ တက်လှမ်းဖို့ လုပ်ဆောင်ပြီး တတ်နိုင်သမျှ အသက်ကို ကယ်တင်ခဲ့ကြတယ်။”

ဝမ်ဝေ့က ကမ္ဘာဦးဖျက်ဆီးခြင်း၏ သူ့သနားကြင်နာမှုကို ရယူဖို့ ကြိုးစားနေမှုအား လျစ်လျူရှုထားလိုက်သည်။ ထိုပင်ကိုနတ်ဆိုးနတ်ဘုရားများသည် ဘိုးဘေးက သက်ရှိအားလုံးအတွက် တာအိုကို လမ်းကြောင်း မပြသပေးခင်တုန်းက လူသားမျိုးနွယ်ကို မည်သို့ ဆိုးဆိုးရွားရွား ဆက်ဆံခဲ့မှန်း သိထားလေ၏။

“တိုက်ပွဲအဆုံးသတ်ခါနီးမှာ ရုတ်တရက် အားကောင်းလာတယ်လို့ ပြောခဲ့တယ်နော်။ အကြောင်းအရင်းကိုရော သိထားလား”

“ငါ မမှတ်မိဘူး” ကမ္ဘာဦးဖျက်ဆီးခြင်းက မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်၏။ သူကလည်း မူမမှန်မှုတစ်ခုကို ချက်ချင်း သတိထားမိခဲ့သည်။ သူက ကြယ် ၆လုံး ယွမ်ထီဖြစ်သည့်အတွက် အားအကြီးဆုံးထဲမှ တစ်ယောက် ဖြစ်ပေသည်။ သို့သော် သူ့မှတ်ဉာဏ်များက ဝေဝါးနေသည်။

ဝမ်ဝေ့က အံ့ဩခြင်း မရှိပေ။ ဤစကားဝိုင်းအတွင်း သူက အချိန်တာအိုကို အသုံးပြုကာ အတိတ်ကို စစ်ကာ ထိုသူက အမှန်အတိုင်းပြောနေတာလားဟု စစ်ဆေးကြည့်ခဲ့သည်။ သို့သော်လည်း ဗလာခေတ်ကာလဝန်းကျင်ရှိ အချိန်တွင် ထူးထူးဆန်းဆန်း စွမ်းအားတစ်ခု ပါဝင်နေသည်ကို တွေ့လိုက်ရသည်။

တစ်စုံတစ်ယောက်က အချိန်မြစ်ကြောင်းကို လှုံ့ဆော်ကြိုးကိုင်ပြီး သေချာသည့် သတင်းအချက်အလက် သို့မဟုတ် အမှန်တရားတချို့ကို ဖုံးကွယ်ထားဖို့ ဖြစ်ရပ်တချို့ကို ဝေဝါးထားဟန်ပေါ်သည်။

သမိုင်းကြောင်းမှာရှိတဲ့ ဖြစ်ရပ်အများစုက ဒိုင်မေးရှင်းအမြင့်နဲ့ တစ်ခုမဟုတ်တစ်ခုတော့ ဆက်နွယ်နေတာပဲ။ အဲဒါဆိုတော့ ဗလာခေတ်ကာလနဲ့ ပင်ကို-ဟော်သဲ့ တိုက်ပွဲကလည်း အတူတူပဲဖြစ်လောက်တယ်…

“ခင်ဗျားက ဘယ်လိုအသက်ရှင်ခဲ့တာလဲ။ ဒိုင်မေးရှင်းအနိမ့်မှာ နေရတဲ့ ခင်ဗျားရဲ့ တာဝန်က ဘာလဲ” ဝမ်ဝေ့က ယနေ့တွင် အမှန်တရားကို ရှာမတွေ့နိုင်ကြောင်း သိလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူက သီအိုရီတချို့ရှိထားပြီးသားဖြစ်သည့်အတွက် နောက်ပိုင်းတွင် အတည်ပြုနိုင်သည်။

“ငါက ဒီမှာနေဖို့ ရွေးချယ်ခံခဲ့ရတာ။ ဒိုင်မေးရှင်းအနိမ့်မှာ ငါတို့မျိုးနွယ်ကို အသက်ပြန်သွင်းဖို့ မျှော်လင့်ချက်နဲ့ပေါ့”

“အဲ့လိုလား” သူက မေးလိုက်သည်။ သူက ဤမျှခန့်မှန်းထားပြီးသား ဖြစ်၏။ ပင်ကိုနတ်ဆိုး နတ်ဘုရားများက ဒိုင်မေးရှင်းအနိမ့်ရှိ ချီကံကောင်းမှုတစ်ခုလုံးကို အဘယ်ကြောင့် စွန့်ပစ်နိုင်မည်နည်း။

“အဲဒါက မလုံလောက်ဖူးလား” ကမ္ဘာဦးဖျက်ဆီးခြင်းက စိတ်ရှုပ်ထွေးစွာ မေးလိုက်၏။

ဒီလူက ဘာမှမသိတတ်တာလား ဒါမှမဟုတ် ငါကပဲ အခြေအနေကို အကဲခတ်တတ်လွန်းနေတာလား…

“နောက်ဆုံးမေးခွန်း ကျုပ်ရဲ့ ဘိုးဘေးကို ခင်ဗျားရဲ့ နှလုံးသား ဘာလို့ ခိုးယူခွင့်ပြုခဲ့တာလဲ” ဝမ်ဝေ့က မေးလိုက်သည်။ သူက ထိုသူသည် မည်မျှအားကောင်းကြောင်း သိထားသည့်အတွက် ရှေးဟောင်းဖျက်ဆီးခြင်းအနေဖြင့် သူ့နှလုံးသားကို အောင်အောင်မြင်မြင် ခိုးယူနိုင်ဖို့ရာ အဓိပ္ပာယ် မရှိပေ။

ကမ္ဘာဦးဖျက်ဆီးခြင်းက မလုံမလဲ ရယ်မောလိုက်သည်။ ဝမ်ချုံးသည် ကံကောင်းပြီး ဤခန်းမ၏ ဗဟိုချက်အထိ ရောက်ရှိလာပြီးသည့်နောက်တွင်ပင် သူက မနိုးထခဲ့ပေ။

သူက တိုက်ပွဲမှ ဒဏ်ရာအပြင်းအထန် ရရှိထားပြီး အသက်ဆက်ရှင်သန်ဖို့ရာအတွက် သူ့ကိုယ်သူ စည်းပိတ်ထားခဲ့ရသည်။ ထို့အပြင် မဟာဧကရာဇ်တချို့က သူ အိပ်စက်နေသည့် နေရာကို လာရောက်နှောင့်ယှက်ကာ စိန်ခေါ်ခဲ့ကြသည်။ အများစုက ပါမွှားများ ဖြစ်ကြသော်လည်း တချို့က သူ့ကို ဒဏ်ရာပေးနိုင်ခဲ့၏။ ထိုသူထဲမှ နှစ်ယောက်ကို ကောင်းကောင်းမှတ်မိနေသည်မှာ တူညီသည့် ဂိုဏ်းမှ ဖြစ်နေ ၍ဖြစ်သည်။

ထို့ကြောင့် ဝမ်ချုံးက သူ့ခန္ဓာကိုယ်ကို လေ့လာပြီး သူ့ဘိုးဘေးနှင့် တူညီသည့် လမ်းစဉ်သို့ လျှောက်လှမ်းသွားစဉ်အခါက ဂရုမစိုက်ခဲ့ပေ။ သူ့အတွက် ထိုသူသည် ဘာမှအရေးမပါဘဲ ပုရွက်ဆိတ်တစ်ကောင် သူ့အနားတွင် လျှောက်သွားနေရုံမျှသာ ဖြစ်၏။

သူက လူသားများကို မုန်းတီးသော်လည်း သူ့ဒဏ်ရာများကို ကုစားဖို့အတွက် ပိုမိုဂရုစိုက်လေသည်။

ကမ္ဘာဦးဖျက်ဆီးခြင်းက ထိုသူသည် သူ့နှလုံးသားကို ခိုးယူဖို့ ကြိုးစားသည့်အခါမှ နိုးထလာခဲ့၏။

ထို့နောက် ထိုသူခိုးလေးသည် ကောင်းကင်ဖွင့်လှစ်ခြင်း ဧကရာဇ်၏ မျိုးဆက်ဖြစ်နေကြောင်း သူတို့ကြားမှ ဆက်နွယ်မှုကို သိလိုက်သည်။ သူ့စိတ်ထဲ ဒေါသကြီးလာကာ ထိုသူကို သေသည်အထိ ရိုက်နှက်ပစ်လို၏။ ထို့နောက် သူ့စိတ်ထဲ အတွေးတစ်ခု ပေါ်ထွက်လာခဲ့သည်။

“ငါ့ရဲ့ အစီအစဉ်က မင်းတို့ ဝမ်မျိုးနွယ်ရဲ့ သွေးမျိုးဆက်ကို ရယူဖို့ပဲ။ အဲဒီကနေ ငါက မင်းတို့မျိုးနွယ်ရဲ့ ကံကောင်းမှုကို ခိုးယူပြီးတော့ ငါ့မျိုးနွယ်ရဲ့ ရှင်သန်မှုကို တိုးမြှင့်နိုင်လိမ့်မယ်” ကမ္ဘာဦးဖျက်ဆီးခြင်းက မလုံမလဲအပြုံးဖြင့် ရှင်းပြလိုက်သည်။

“အကြံက မဆိုးဘူးပဲ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ သက်ရှိအားလုံးကို တာအိုလမ်းစဉ် နှစ်ကြိမ်မျှ ဦးဆောင်ထားသည့် မျိုးနွယ်အနေဖြင့် ဝမ်မျိုးနွယ်က အတော်လေး ထူးကဲလှသည်။

ထို့ကြောင့် ပင်ကိုနတ်ဆိုးနတ်ဘုရားများကို အသက်ပြန်သွင်းဖို့အတွက် ပြီးပြည့်စုံသည့် ပစ်မှတ်တစ်ခု ဖြစ်၏။ အထူးသဖြင့် လူသားများက ကမ္ဘာ၏ ဇာတ်လိုက် ဖြစ်လာပြီးသည့်နောက်တွင် ဖြစ်သည်။

“ခင်ဗျား ကျရှုံးသွားတယ်ဆိုတာကို သိတယ်။ ဒါနဲ့ ဘာကြောင့်လဲ” ဝမ်ဝေ့က မေးလိုက်သည်။

“မင်းတို့ ဝမ်မျိုးနွယ်ရဲ့ သွေးမျိုးဆက်ထဲမှာ တစ်စုံတစ်ယောက်က ကာကွယ်မှုကို ချန်ထားခဲ့တယ်ဆိုတာ ဘယ်လိုလုပ်သိမှာလဲ။ ငါ့နည်းလမ်းကို ရှာတွေ့သွားပြီးတော့ ရှင်းထုတ်ခံလိုက်ရတယ်” ကမ္ဘာဦးဖျက်ဆီးခြင်းက ပြောလိုက်၏။

“အဲဒီနောက် အဲဒီသူခိုးက ငါ့နာမည်ဖျက်ဆီးခြင်းကို သူ့ဧကရာဇ်နာမည်အထိပါ ယူသုံးခဲ့သေးတယ်။ သူ့ရဲ့ အောင်မြင်မှုတွေကို ကျေးဇူးမတင်ပဲနဲ့ ဒီနေရာပြန်ရောက်လာပြီး ငါ့ကို ခိုးကြောင်ခိုးဝှက် လာပြီး တိုက်ခိုက်ခဲ့သေးတယ်လေ”

ဝမ်ဝေ့က ရှေးဟောင်းဖျက်ဆီးခြင်းဧကရာဇ်ကို တိတ်တဆိတ် လက်မထောင်ပြလိုက်သည်။ ထိုသူက အမှန်တကယ် ရည်မှန်းချက်ကြီးက သတ္တိကောင်းသည့် လူတစ်ဦး ဖြစ်၏။

“ခဏနေပါဦး။ ကျုပ်ဘိုးဘေးက ကြာခုနစ်ပွင့်ဧကရာဇ်နဲ့ သွေးစက် လဲလှယ်ခဲ့တာကိုတော့ မှတ်မိလိုက်တယ်။ သူ့ကိုလည်း ခင်ဗျား လုပ်ခဲ့တာလား”

“သူလား။ သူကလည်း အားဆေးကောင်း တစ်ခုပဲ” ကမ္ဘာဦးဖျက်ဆီးခြင်းက နှုတ်ခမ်းကို သပ်ကာ ပြောလိုက်သည်။

အိပ်စက်သူများ၏ မှတ်တမ်းများအရ ကြာခုနစ်ပွင့် တက်လှမ်းသွားပြီးသည့်နောက်တွင် ကောင်းချီးမင်္ဂလာ အမြင်ရုပ်လွှာများ ထွက်ပေါ်ခဲ့ဖူးကြောင်း သိထားသည်။ ယခုအခါ ထိုအရာက ကမ္ဘာဦးဖျက်ဆီးခြင်းသည် သူ့အပြုအမူ၏ အမှန်တရားကို ဖုံးကွယ်ဖို့အတွက် ဖန်တီးခဲ့ခြင်းဟု မှန်းဆမိလိုက်သည်။

သူက ကြာခုနစ်ပွင့်ဧကရာဇ်သည် သူ့ပစ်မှတ် ဖြစ်ရုံသာမက အဆင့်နိမ့်ဧကရာဇ်များကိုပင် သူ့သွေးမျိုးဆက်နှင့် လှည့်ဖျားကာ တိတ်တဆိတ် ဝါးမျိုခဲ့လိမ့်မည်။

ဟုတ်တယ်။ တိုက်ပွဲမှာ အသက်ရှင်သန်လာပြီးတော့ မျိုးနွယ်ကို အသက်ပြန်သွင်းရမဲ့ လူတစ်ယောက်အနေနဲ့ ဘယ်လိုလုပ် တုံးအနေနိုင်ပါ့မလဲ…

ဝမ်ဝေ့က တွေးလိုက်မိသည်။

ပျက်သုန်းလုနီးပါး အခြေအနေကို ကြုံတွေ့ပြီးတဲ့နောက်မှာ သူ့မျိုးနွယ်ရဲ့ ဟာကွက်တောင် မရှိလောက်တော့ဘူး …

“မေးခွန်းတစ်ခု မေးလို့ ရမလား”

“ကျုပ်က ပတ်ဝန်းကျင်ကို ပင်ကိုချီအဖြစ် ပြောင်းလဲမယ်ဆိုတာ အမှန်လားလို့ သိချင်တာလား”

“ဟုတ်တယ်”

“အမှန်ပဲ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။

“ဒါပေမဲ့ ဘယ်လိုလုပ် လုပ်နိုင်မှာလဲ။ ငါတို့ ပင်ကိုနတ်ဆိုးမျိုးနွယ်ကတောင် ဖြေရှင်းနည်းကို ရှာနေတာ ကြာလှပေမဲ့ အဖြေမရခဲ့သေးဘူး”

“မိုးမြေက ခင်ဗျားတို့ရဲ့ မျိုးနွယ်ကို အရေးသာချက်တွေ အများကြီးနဲ့ ကောင်းချီး ပေးထားပေမဲ့ ဖန်တီးဉာဏ်ကတော့ မပါခဲ့ဘူး” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။

ထိုအရာက သူ့ကို လှောင်ပြောင်နေသည့်ဟန်ပေါ်သော်လည်း အမှန်အတိုင်း ပြောနေခြင်းသာ ဖြစ်၏။

ပင်ကိုနတ်ဆိုးနတ်ဘုရားများ၏ မြင့်မြတ်သည့် မွေးဖွားမှုက ဖန်တီးဉာဏ်အတွက် တိုးတက်ဖို့ရာ အခွင့်အရေးမရှိဘဲ ဝါစဉ်ကို အရေးပေးသည့် အဖွဲ့အစည်းတစ်ခုကို ဖန်တီးခဲ့၏။ ရလဒ်အနေဖြင့် သူတို့က တင်းကြပ်ကာ ရှေးကျသည့် တွေးခေါ်မှုများကို ပိုင်ဆိုင်ထားသည်။

အကယ်၍ သူတို့ကို တိုးတက်ဖို့ ဖိအားပေးသည့် တိုက်ပွဲကြောင့်သာ မဟုတ်လျှင် သူတို့၏ အောင်မြင်မှု အများစုကို ဘယ်သောအခါမှ တွေ့ရမည်မဟုတ်ပေ။

“အမှန်ပဲ” ကမ္ဘာဦးနတ်ဘုရားက ထိုသူ၏ ယုံကြည်ချက်ကို ခံစားမိပြီးသည့်နောက်တွင် ရေရွတ်လိုက်၏။ တခြား‌‌သော မှတ်ချက်များအတွက်မူ သူက ဂရုမစိုက်ပေ။ သမိုင်းကြောင်းများက ထိုစကားများသည် အမှန်ဖြစ်ကြောင်း သက်သေပြခဲ့၏။

ငါ့မျိုးနွယ်ရဲ့ ရှင်သန်မှုက လူသားတစ်ယောက်ရဲ့ အပြုအမူကြောင့်တဲ့လား။ ကံကြမ္မာရဲ့ လှည့်ကွက်ပဲ…

သူက တွေးလိုက်မိသည်။ ထို့နောက် သက်ပြင်းချလိုက်၏။

“ငါ့ကို ဘာလုပ်မှာလဲ”

“အစတုန်းကတော့ ခင်ဗျားကို သတ်ပြီးတော့ ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို ကျင့်ကြံရေး အရင်းအမြစ်အနေနဲ့ သုံးဖို့ပဲ။ ဒါပေမဲ့ အခု စိတ်ပြောင်းသွားပြီ”

ကမ္ဘာဦးဖျက်ဆီးခြင်းက ရှုံ့မဲ့သွားလေ၏။

“ပင်ကိုနတ်ဆိုးနတ်ဘုရားတွေ ပြန်ရောက်လာတာနဲ့ သူတို့တွေကို အတိတ်ရဲ့ ကျရှုံးမှုတွေကို သင်ယူပြီးတော့ ဦးဆောင်လမ်းပြလုပ်နိုင်မဲ့ ခေါင်းဆောင် တစ်ယောက် လိုအပ်လာလိမ့်မယ်”

သူ့မျက်ဝန်းက ပိုမို ခက်ထန်လာ၏။

“သူတို့က မွေးဖွားလာပြီးတဲ့နောက်မှာ သူတို့နေရာကို သိဖို့ လိုပြီးတော့ ခင်ဗျားက သူတို့ကို ဦးဆောင်ပြီး သင်ပြပေးဖို့ အကောင်းဆုံးပဲ”

“ဒါက ငါ့အတွက် ဂုဏ်ယူစရာပါပဲ” ကမ္ဘာဦးဖျက်ဆီးခြင်းက အလျင်အမြန် ပြောလိုက်၏။

“ပထမဆုံး ပင်ကိုသက်ရှိ ပေါ်ထွက်မလာခင် အဲဒီအချိန်အထိ စောင့်နေလိုက်”

အားကောင်းသည့် ရှေးဟောင်းနတ်ဘုရားက ကောင်းကင်ဧကရာဇ်သည် သူ့အား နောက်လိုက်အနေနှင့် အသုံးပြုလိုကြောင်း သိသည့်အတွက် ကျိန်ဆဲလိုမိသည်။

“နောက်ဆုံး ခင်ဗျားရဲ့နှလုံးသားနဲ့ သွေးတချို့ကို ပေး” ဝမ်ဝေ့က ဆက်ပြောလိုက်သည့်အတွက် ကမ္ဘာဦးဖျက်ဆီးခြင်းက သူ့ကို တုန်လှုပ်တကြီး ကြည့်လိုက်သည်။

“မစိုးရိမ်ပါနဲ့။ ခင်ဗျားရဲ့ ကောင်းကင်ခုံရုံးမှာရှိတဲ့ ရာထူးနဲ့ဆိုရင် အချိန်တိုအတွင်း ပြန်လည်ကုစားနိုင်မှာပါ ”

ကမ္ဘာဦးဖျက်ဆီးခြင်းက ဒေါသကြောင့် မေ့လဲလုမတတ်ဖြစ်နေလေသည်။

ဒီခွေးကောင်က ငါ့ကို တိရစ္ဆာန်လိုမျိုး မွေးမြူပြီးတော့ နှလုံးသားနဲ့ သွေးကို တောင်းနေတာပဲ…

“မှားယွင်းသလို ခံစားမနေပါနဲ့” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။

“အရာတိုင်း လူတိုင်းမှာ ကံကြွေးကို ပေးဆပ်ရမယ်လေ။ တစ်ခါက ခင်ဗျားတို့တွေကလည်း လူသားဘိုးဘေးတွေကို ခြံမွေးတိရစ္ဆာန်အဖြစ်နဲ့ အသုံးပြုခဲ့တာဆိုတော့ အခု ခင်ဗျားတို့အလှည့်ပေါ့။ ဒါပေမဲ့ ခင်ဗျားက သေစရာ မလိုတဲ့အတွက် ကံကောင်းတယ်။ သူတို့က ဒီလိုဇိမ်ကျမှုမျိုး ရခဲ့တာ မဟုတ်ဘူး”

All Chapters