← Chapters

တတိယဘဝ၏ အရိပ်

Vol. 77 Ch. 1059

တတိယဘဝ၏ အရိပ်

Vol. 77 Ch. 1059

ဝမ်ပေါင်လဲ့မှာ နှုတ်ဆိတ်ကာ သူ၏ လက်ထဲမှ နတ်ဆိုးဓားကို စိုက်ကြည့်နေ၏။ သူ၏ အသိစိတ်ထဲတွင်မူ လက်နက်တစ်ခုအဖြစ် ဖြတ်သန်းခဲ့ရသည့် သူ၏ အတိတ်ဘဝထဲမှ မှတ်ဉာဏ်များနှင့် ထိုဘဝ၏ နောက်ဆုံးတွင် သူမြင်ခဲ့ရသည့် စကြဝဠာကြီးတို့ဖြင့် ပြည့်နှက်နေသည်။

သူသည် မမလေးအား မေးခွန်းတစ်ခုမှ မေးခဲ့ခြင်းမရှိပေ။ သူမသည် စိတ်ထဲတွင် ရှိသည့်အတိုင်းသာ ပြန်ဖြေမည်မဟုတ်ပါလော။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ သူမသည် သူ၏ မေးခွန်းများကို ရှောင်တိမ်းနေခဲ့သည်ဖြစ်ကြောင်း သတိထားမိသွားပြီ ဖြစ်သည်။

သူသည် သူ၏ စိတ်ထဲ၌ အဖြေတစ်ခုအား ခန့်မှန်းမိထားပြီးသား ဖြစ်ပါသော်လည်း ထိုအကြောင်း အလေးအနက် စဉ်းစားတွေးတောချင်စိတ် မရှိပေ။ ထို့ကြောင့် သူသည် ထိုအဖြေအား နှလုံးသားထဲ၌သာ မေ့ပျောက်ထားလိုက်ရန် ဆုံးဖြတ်လိုက်တော့သည်။

သို့သော် သူသည် သူ၏ အတိတ်ဘဝထဲသို့ နောက်ထပ်တစ်ကြိမ်ထပ်၍ ရောက်ရှိသွားပါက အခြားအဖြေတစ်ခုကို ရှာတွေ့နိုင်မည်လောဟု သိချင်နေ၏။

ထို့ကြောင့် သူ၏ အကြည့်မှာ ပို၍ပင် အဓိပ္ပါယ်လေးနက်သွားရသည်။ ခဏအကြာတွင် သူသည် သူ၏ အကြည့်အား နတ်ဆိုးဓားပေါ်မှ ပြန်လည်ရုပ်သိမ်းလိုက်ပြီး ခေါင်းမော့ကာ ရှေ့တွင်ရှိနေသည့် မြူခိုးများအား လှမ်းကြည့်လိုက်၏။ သူသည် နှုတ်ဆိတ်နေဆဲပင်။

ယခုတွင် သူ၏ အသိစိတ်ထဲ၌ ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်းမှ နံပါတ်ဆယ့်ခုနစ် တာအိုကလေးငယ်အား လိုက်လံရှာဖွေလိုသည့် အတွေးများ မရှိတော့ပေ။ သူသည် သူ၏ အတိတ်ဘဝအကြောင်း ထပ်ကာတလဲလဲ စဉ်းစားခဲ့ပြီးနောက် စိတ်ရောကိုယ်ပါ ပင်ပန်းနေရပြီဖြစ်သည်။

" စတုတ္ထနေ့ရောက်ဖို့ ဆယ့်နှစ်နာရီ လိုသေးတယ် " အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့မှာ ကျန်ရှိနေသေးသည့်အချိန်အား တွက်ချက်လိုက်ပြီး တစ်ကိုယ်တည်းရေရွတ်လိုက်၏။ သူ၏ မျက်ဝန်းများထဲတွင်မူ ခေါင်းမာမှု အရိပ်အယောင်များဖြင့် တောက်ပလာသည်။

" ငါ ငါ့ရဲ့အတိတ်ဘဝထဲ နောက်တစ်ခါ ရောက်သွားတဲ့အချိန်ကျရင် အရာအားလုံးကို နားလည်သွားမှာပါ " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်ပြီးနောက် အသက်ပြင်းပြင်းရှူကာ ခေါင်းငုံ့၍ သူ၏ ခန္ဓာကိုယ်အား ကြည့်ရှုစစ်ဆေးလိုက်၏။ ထိုအခါ သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားများ ထပ်၍ တိုးတက်လာသည်ကို အာရုံခံမိလိုက်သည်။ ယခုတွင် သူသည် နှောင်းပိုင်းဂြိုဟ်အဆင့်သို့ ရောက်ရှိနိုင်ရန် ခြေလှမ်းတစ်လှမ်းသာ လိုတော့သည်။

ဝါးမျိုခြင်းတာအို၏ ထပ်တူကျနိုင်စွမ်း တိုးတက်လာမှုကြောင့် သူ၏ မှော်ပညာရပ်များနှင့် နတ်ဘုရားပညာရပ်များမှာလည်း သိသိသာသာ ပို၍အစွမ်းထက်လာပြီ ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ သူ၏ လက်ရှိ တိုက်ရည်ခိုက်ရည်စွမ်းအား အဆင့်အတန်းကိုပင် အတိအကျ မသိနိုင်ဘဲ ဖြစ်နေရ၏။

သို့သော် သူ၏ ညာဘက်လက်ထဲရှိ မှုန်ဝါးဝါးဖြစ်နေသော နတ်ဆိုးဓားကိုသာ အသုံးပြုလိုက်မည်ဆိုပါက ၎င်းမှာ ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားများကို အကန့်အသတ်မရှိ ထုတ်လွှတ်လိုက်မည်သာဖြစ်ကြောင်း သူက သိထား၏။ ၎င်း၏ စွမ်းအားများမှာ အဆုံးမရှိလောက်အောင် များပြားနေမည်ဖြစ်သည်။ သူ၏ လက်ရှိအနေအထားနှင့် ထို စွမ်းအားများအားလုံးကို ထုတ်လွှတ်နိုင်ဦးမည် မဟုတ်ပေ။

ဝမ်ပေါင်လဲ့မှာ ထို နတ်ဆိုးဓားထဲရှိ ကြောက်မက်ဖွယ်ရာ အငွေ့အသက်များကို အာရုံခံမိလိုက်ပြီးနောက် သူ့အား အတိတ်ဘဝထဲသို့ ရောက်သွားနိုင်အောင် ကူညီပေးသည့် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ လမ်းပြအလင်းရောင်မှာ အလွန်အင်မတန်မှ မှေးမှိန်နေပြီဖြစ်ကြောင်း သတိထားမိလိုက်သည်။

ထို အလင်းရောင်မှာ အတိတ်ဘဝထဲသို့ ဝင်နိုင်ရန် မရှိမဖြစ်လိုအပ်သည့် အဓိကသော့ချက်တစ်ခုဖြစ်၏။ သူ အတိတ်ဘဝထဲသို့ တစ်ကြိမ်ရောက်သွားတိုင်း ထို အလင်းရောင်များမှာ ကုန်ခန်းသွားမည် ဖြစ်သည်။ သူသည် ယခင်တုန်းက ၎င်းတို့အား ပြန်လည်ဖြည့်တင်းနိုင်ခဲ့ပါသော်လည်း ယခုကဲ့သို့ မှေးမှိန်နေသည့် အနေအထားမျိုးနှင့်ဆိုပါက သူ၏ ဉာဏ်အလင်းပွင့်ခြင်း လုပ်ငန်းစဉ်အား ထိခိုက်လာနိုင်ပေသည်။

ဝမ်ပေါင်လဲ့မှာ အခြားသူများအားလုံး ထိုအခြေအနေမျိုးနှင့် ကြုံနေရသည်လော သို့မဟုတ် သူ တစ်ယောက်တည်းသာ ကြုံနေရသည်လော အတိအကျမသိပေ။ မည်သို့ပင်ဆိုစေကာမူ သူ၏ ခန့်မှန်းချက်အရဆိုလျှင် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ လမ်းပြအလင်းရောင်မှာ သူ့အား ကူညီပေးနိုင်စွမ်း ရှိနေသေးလျှင်တောင် ၎င်း၏ လက်ရှိအနေအထားနှင့်ဆိုပါက သူ၏ အတိတ်ဘဝအား နားလည်နိုင်ရန်မှာ အလွန်အင်မတန်မှ ခဲယဉ်းနေမည်ဖြစ်သည်။

" ဒီလိုဆိုမှတော့လည်း... " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အေးစက်စွာတောက်ပသွားပြီး တင်ပျဥ်ခွေ ထိုင်ချလိုက်ပြန်သည်။ ထို့နောက် သူ၏ နတ်ဘုရားအာရုံအား အသုံးပြုလိုက်သောအခါ သူ၏ ပတ်ပတ်လည်ရှိ ကိုယ်ပွားများမှာ ပုံရိပ်ယောင်များအဖြစ် ပြောင်းလဲသွားကြပြီး အရပ်မျက်နှာအနှံသို့ ပြေးထွက်သွားကြ၏။ ထို့နောက် ၎င်းတို့မှာ မြူခိုးများထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

သူသည် မျက်ဝန်းများ အေးစက်စွာတောက်ပနေသည့်တိုင်အောင် သူ၏ ကိုယ်ပွားများမှာ အခြားမည်သူ့ကိုမှ နှောင့်ယှက်နေခြင်းမရှိသော ကျင့်ကြံသူများဆီမှ လမ်းပြအလင်းရောင်များကို လုယူခဲ့ခြင်းမရှိပေ။ ၎င်းတို့မှာ နည်းလမ်းမျိုးစုံသုံး၍ အခြားသူများ၏ လမ်းပြအလင်းရောင်များကို ခိုးယူနိုင်ရန် ကြိုးစားနေကြသည့် ခိုးသားဓားပြများကိုသာ ပစ်မှတ်ထားနေကြသည်။

ဤ ပြိုင်ပွဲကြီးထဲတွင် ထိုကဲ့သို့သော ခိုးသားဓားပြများ အများအပြား ရှိကြပေသည်။

အဘယ်ကြောင့်ဆိုသော အချို့သူများမှာ လမ်းပြအလင်းရောင်များ ပို၍ပိုင်ဆိုင်ထားလေလေ အတိတ်ဘဝထဲသို့ ဝင်ရောက်ရသည်မှာ ပို၍ လွယ်ကူလေလေဖြစ်ကြောင်း သိထားကြသောကြောင့်ပင်။ ထို့အပြင်... ထို အတိတ်ဘဝများထဲမှ ပြန်လည်ရယူနိုင်မည့် စွမ်းအားပမာဏမှာလည်း ပို၍ များပြားနေဦးမည် ဖြစ်သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့၏ ကိုယ်ပွားများမှာ မြူခိုးများထဲ၌ လှည့်လည်သွားလာနေကြပြီး ခိုးသားဓားပြများနှင့် ကြုံလိုက်ရသည့်အချိန်တိုင်း ချက်ချင်းတိုက်ခိုက်လိုက်သည်သာ ဖြစ်သည်။ ၎င်းတို့မှာ မြန်ဆန်လွန်းနေပြီး အစွမ်းထက်လွန်းနေသောကြောင့် ဂြိုဟ်အဆင့်ထက်ပင် ပို၍သာလွန်နေသည့်ပုံ ပေါက်နေတော့သည်။ ထို့ကြောင့်လည်း ၎င်းတို့မှာ လမ်းတစ်လျှောက်တွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသမျှ ကျင့်ကြံသူများအားလုံးကို အနိုင်ယူချေမှုန်းနိုင်ခဲ့၏။

မည်သူကမှ သူ့အား မယှဉ်နိုင်ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော ခန္ဓာကိုယ်အစစ်၏ စွမ်းအားမှာ ကိုယ်ပွားများ၏ စွမ်းအားများပေါ်တွင် တိုက်ရိုက်အကျိုးသက်ရောက်မှု ရှိနေသောကြောင့်ပင်။ ဝမ်ပေါင်လဲ့၏ ကိုယ်ပွားများမှာ အလွန်အင်မတန်မှ တမူထူးခြား၏။ ၎င်းတို့မှာ သူ၏ အသက်စွမ်းအားများဖြင့် ဖန်တီးထားသည့် ကိုယ်ပွားများ ဖြစ်ကြရာ သူ၏ ခန္ဓာကိုယ်အစစ်နှင့် ကွာခြားချက် အများကြီးမရှိပေ။

ယခုတွင် ထိုကဲ့သို့သော ကိုယ်ပွားများအား အမြောက်အမြား ထုတ်လွှတ်ထားသဖြင့် ၎င်းတို့ တစ်ခုချင်းစီတိုင်းမှာ အနည်းငယ်ခန့် အားနည်းနေပါသော်လည်း မသိသာပေ။ ဝမ်ပေါင်လဲ့မှာ ကြောက်ခမန်းလိလိ အစွမ်းထက်နေသည်မဟုတ်ပါလော။ ထို့ကြောင့် သူ၏ ကိုယ်ပွားများမှာ နေရာအနှံ့တွင် ရှိနေသည့်တိုင်အောင် တိုက်ပွဲများအားလုံးကို စိုးမိုးထားနိုင်စွမ်း ရှိနေဆဲပင်။

ထိုသို့ဖြင့် မြူခိုးများထဲ၌ တအုန်းအုန်းမြည်သံများ အဆက်မပြတ် ထွက်ပေါ်လာပြီး ခဏအကြာတွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ပေါ်မှ လမ်းပြအလင်းရောင်မှာ ပို၍ပင် ဝင်းလက်တောက်ပလာတော့သည်။ လေးနာရီအတွင်းတွင် သူ၏ ခန္ဓာကိုယ်မှာ ဧရာမ အလင်းစက်လုံးကြီးတစ်လုံးအဖြစ် ပြောင်းလဲသွား၏။ သူရှိနေသည့် ဟင်းလင်းပြင်ကြီးပင်လျှင် အလင်းရောင်များ၏ ဖုံးလွှမ်းခြင်းကို ခံထားရပြီဖြစ်သည်။

ထိုမြင်ကွင်းမှာ ဘေးနားမှ ဖြတ်သွားကြသည့် ကျင့်ကြံသူများ၏ အာရုံများကို ဖမ်းစားနိုင်ခဲ့၏။ ထို့ကြောင့် ထိုကျင့်ကြံသူများမှာ သတိကြီးကြီးထား၍ အနီးသို့ ချဥ်းကပ်လာကြပါသော်လည်း ဝမ်ပေါင်လဲ့အား မြင်လိုက်ရသည်နှင့် ချီတုံချတုံ ဖြစ်သွားကြတော့သည်။

ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေသည့် အငွေ့အသက်များမှာ အားကောင်းလွန်းနေသောကြောင့် ၎င်းတို့အား အာရုံခံမိလိုက်သည့်လူတိုင်းမှာ ကြောက်ဒူးတုန်၍ ထွက်ပြေးသွားကြသည်သာဖြစ်သည်။

သို့သော်လည်း... ဤ အရည်အချင်းစမ်းသပ်ပွဲထဲ၌ အစွမ်းထက်ကျင့်ကြံသူအနည်းငယ်ခန့် ကျန်ရှိနေဆဲပင်။ ဥပမာပြရလျှင် စတုတ္ထနေ့သို့ ရောက်ရန် သုံးနာရီခန့်သာ လိုတော့သည့်အချိန်တွင် မျက်လုံးများမှိတ်ကာ တရားထိုင်နေသည့် ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို မျက်လုံးများပွင့်လာ၏။

သူ၏ ကိုယ်ပွားတစ်ခု ဖျက်ဆီးခံလိုက်ရခြင်းဖြစ်ပြီး ၎င်းထဲရှိ သူ၏ အသက်စွမ်းအားများမှာလည်း လုယူခံလိုက်ရခြင်း ဖြစ်သည်။ တစ်စုံတစ်ယောက်မှာ ၎င်းတို့အား သန့်စင်ရန် ပြင်နေသည့်ပုံပင်။

အသက်စွမ်းအားများဖြင့် ဖန်တီးထားသည့် ကိုယ်ပွားများမှာ အခြား ပညာရပ်များဖြင့် ဖန်တီးထားသည့် ကိုယ်ပွားများထက် ပို၍ အစွမ်းထက်ပါသော်လည်း အားနည်းချက်တစ်ခုရှိပေသည်။ အကယ်၍ ၎င်းတို့ ထိခိုက်ပျက်စီးသွားမည်ဆိုပါက ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အစစ် ပြန်လည်ခံစားရမည့် ဘေးထွက်ဆိုးကျိုးများမှာ အခြား ကိုယ်ပွားပညာရပ်များအား အသုံးပြုရာမှ ပေါ်ထွက်လာနိုင်သည့် ဘေးထွက်ဆိုးကျိုးများထက် ပို၍ ပြင်းထန်နေမည်ဖြစ်သည်။

ယခု ဖျက်ဆီးခံလိုက်ရသည့် ကိုယ်ပွားမှာ ဒုတိယအဆင့် ကိုယ်ပွားတစ်ခုသာဖြစ်သောကြောင့် ၎င်းထဲ၌ သူ၏ အသက်စွမ်းအား အများကြီးမပါပေ။ သို့သော်လည်း သူသည် ၎င်းတို့အား ဆုံးရှုံးခံ၍ မဖြစ်ပေ။

ထို့ကြောင့်လည်း ဝမ်ပေါင်လဲ့မှာ မျက်လုံးများပွင့်လာသည်နှင့် သူ၏ ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားကာ ပျောက်ကွယ်သွား၏။ ထို့နောက် သူသည် သူ၏ ကိုယ်ပွား ဖျက်ဆီးခံလိုက်ရသည့်နေရာသို့ လျှပ်စီးတန်းတစ်ခုကဲ့သို့ ဦးတည်ပျံသန်းသွားတော့သည်။

သူသည် ထိုသို့ ပျံသန်းသွားနေရင်း အေးစက်စက်မျက်နှာအမူအရာဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်၏။

" ကျိန်စာ "

ဝမ်ပေါင်လဲ့ ထိုသို့ရေရွတ်လိုက်ချိန်တွင် သူနှင့် မလှမ်းမကမ်း တစ်နေရာရှိ မြူခိုးများထဲ၌ နတ်ဧကရာဇ်ကျိကျား၏ နံပါတ်ကိုးတပည့်ဖြစ်ပြီး ဝမ်ပေါင်လဲ့ကဲ့သို့ ရှေးဟောင်းဂြိုဟ်ကိုးလုံး ပိုင်ဆိုင်ထားသည့် လူငယ်လေးမှာ သူ၏ လက်ဖဝါးထဲရှိ ကိုးရောင်ခြယ် အလင်းရင်းမြစ်လေးအား အထူးအဆန်းဖြစ်နေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေသည်။

" ဒီ ကိုယ်ပွားက တော်တော်လေးကို အစွမ်းထက်တာပဲ။ ဝမ်ပေါင်လဲ့ရဲ့ ပင်မကိုယ်ပွားပဲ ဖြစ်ရမယ်။ အဲတာမလို့ အခုလို ပစ္စည်းကောင်းတွေ ပိုင်ဆိုင်ထားတာ။ ငါ ဒီ အလင်းရင်းမြစ်ကို သန့်စင်လိုက်မယ်ဆိုရင် ဝမ်ပေါင်လဲ့ရဲ့ ရှေးဟောင်းဂြိုဟ်ကိုးလုံးနဲ့ ပတ်သတ်တဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်လောက်တယ်... " သူသည် နတ်ဧကရာဇ်ကျိကျား၏ နံပါတ်ကိုးတပည့် ဖြစ်နေသည့်အပြင် ဂြိုဟ်ထိပ်ဆုံးအဆင့်တွင်ပါ ရှိနေသည်ဖြစ်ရာ သူ့ကိုယ်သူ ယုံကြည်မှုအပြည့် ရှိပေသည်။ ဝမ်ပေါင်လဲ့၏ ကိုယ်ပွားမှာ အစွမ်းထက်သည့်တိုင်အောင် သူ့အား မယှဉ်နိုင်ခဲ့ပေ။

သို့သော်လည်း ၎င်းမှာ သူ့အား အခက်တွေ့အောင်လုပ်နိုင်ခဲ့ဆဲပင်။ သူသည် ထို ကိုယ်ပွားနှင့် တိုက်ခိုက်ခဲ့ပြီးနောက် ဝမ်ပေါင်လဲ့၏ တိုက်ရည်ခိုက်ရည် စွမ်းအားများကို တီးမိခေါက်မိ ရှိသွားပြီဟု မှတ်ယူလိုက်၏။ ထို့ကြောင့်လည်း သူသည် ထိုနေရာမှ ထွက်ခွာသွားခြင်းမရှိဘဲ ထို ကိုယ်ပွားအား သန့်စင်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ တစ်ချိန်ထဲမှာပင် သူသည် ဝမ်ပေါင်လဲ့တစ်ယောက် သူရှိနေသည့် နေရာသို့ ရောက်လာရဲလောက်အောင် သတ္တိကောင်းနေမည်လောဟု သိချင်နေသည်။

သူသည် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အစစ် ရောက်ရှိလာလျှင်တောင် သူ့အား ဖိနှိပ်ချုပ်တည်းနိုင်လိမ့်မည်ဟု ယုံကြည်နေ၏။

သို့သော် သူ မသိထားသည့်အချက်မှာ ထိုကိုယ်ပွားသည် ဝမ်ပေါင်လဲ့၏ ပင်မကိုယ်ပွား ဖန်တီးထားသော ကိုယ်ပွားပေါင်း မြောက်မြားစွာထဲမှ တစ်ခု ဖြစ်နေခြင်းပင်။ ၎င်းအား ဒုတိယအဆင့် ကိုယ်ပွားတစ်ခုဟုပင် သတ်မှတ်နိုင်ပေသည်။ သို့ဖြစ်ရာ ၎င်းနှင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အစစ်ကြားရှိ တိုက်ရည်ခိုက်ရည်စွမ်းအား ခြားနားချက်မှာ အလွန်အင်မတန်မှ ကြီးမားနေမည်ဖြစ်သည်။

နတ်ဧကရာဇ်ကျိကျား၏ နံပါတ်ကိုးတပည့် ထိုကဲ့သို့ တွက်ချက်မှုများ မှားယွင်းသွားချိန်တွင် သူ၏ရှေ့တွင်ရှိနေသည့် အလင်းရောင်များမှာ အံ့သြတုန်လှုပ်ဖွယ်ရာ အငွေ့အသက်တစ်မျိုးကို ထုတ်လွှတ်နေသည့် မီးတောက်တစ်ခုအသွင် ပြောင်းလဲသွား၏။ ထို့နောက် ၎င်းမှာ အချုပ်အနှောင် အမှတ်အသားတစ်ခုအသွင် ပြောင်းလဲသွားပြီး သူ၏ နဖူးဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာတော့သည်။

ထိုအဖြစ်အပျက်များမှာ မြန်ဆန်လွန်းနေပါသော်လည်း နတ်ဧကရာဇ်ကျိကျား၏ နံပါတ်ကိုးတပည့်မှာ တိုက်ပွဲအတွေ့အကြုံ ရင့်သန်နေသည့် လူတစ်ယောက်ဖြစ်ရာ အံ့ဩမှင်တက်ဖွယ်ရာ အမြန်နှုန်းဖြင့် ပြန်လည်တုံ့ပြန်နိုင်ခဲ့သည်။ ထို့ကြောင့် သူသည် နောက်သို့ ချက်ချင်းဆုတ်ခွာသွားပြီး ထို အချုပ်အနှောင် အမှတ်အသားအား ရှောင်တိမ်းလိုက်၏။ ထို့နောက် သူသည် မျက်ဝန်းများ အေးစက်စွာတောက်ပသွားပြီး မန္တန်လက်ကွက်တစ်ခုဖော်ကာ အလင်းရောင်များကို ဖိနှိပ်ချုပ်တည်းနိုင်ရန် ကြိုးစားလိုက်တော့သည်။ သို့သော် ထိုအချိန်တွင် ....

ထို အလင်းရောင်များ မီးတောက်တစ်ခုအဖြစ် ပြောင်းလဲသွားသည်နှင့် ထိုမီးတောက်၏ အငွေ့အသက်များမှာ အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်ပေါ်လာ၏။ ထို့နောက် ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းများမှာ မြူခိုးများထဲမှနေ၍ နံပါတ်ကိုးတပည့်ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာတော့သည်။

ထို စွမ်းအင်လှိုင်းများ၏ ပိုင်ရှင် ရောက်မလာခင် အလင်းရင်းမြစ်ကြောင့် ပေါ်ပေါက်လာသည့် မီးတောက်ထဲမှ စကားသံတစ်သံ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာ၏။

" ငါ့ရဲ့ အသက်စွမ်းအားကို ချုပ်တည်းဖို့ကြိုးစားနေတယ်ပေါ့... မင်းက သေချင်နေတာပဲကွ " ထို အေးစက်စက်စကားသံကြီးနှင့်အတူ ဝမ်ပေါင်လဲ့၏ မျက်နှာကြီးမှာ မီးတောက်ထဲမှ ထွက်ပေါ်လာ၏။ သူ၏ မျက်နှာကြီးမှာ ဖုတ်ကောင်တစ်ကောင်၏ မျက်နှာနှင့် တူနေသလို နတ်ဘုရားတစ်ပါး၏ မျက်နှာနှင့်လည်း တူနေသည့်အပြင် တစ်ချိန်ထဲမှာပင် နတ်ဆိုးဓားတစ်လက်နှင့်လည်း တူနေသေးသည်။ ၎င်းတို့အားလုံး အတူတကွ ပေါင်းစည်းသွားရာမှ ထွက်ပေါ်လာသည့် ကျောချမ်းဖွယ်ရာ စွမ်းအားကြီးကြောင့် နတ်ဧကရာဇ်ကျိကျား၏ နံပါတ်ကိုးတပည့်မှာ မျက်နှာအမူအရာများ ပြောင်းလဲသွားရပြီး ရင်ခုန်နှုန်းများ မြန်ဆန်လာရတော့သည်။

ထို့ကြောင့် သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ နောက်သို့ ဆုတ်ခွာသွားရန်ပြင်လိုက်၏။

သို့သော် နောက်ကျသွားခဲ့ပြီဖြစ်သည်…

All Chapters