← Chapters

စတုတ္ထဘဝ

Vol. 77 Ch. 1060

စတုတ္ထဘဝ

Vol. 77 Ch. 1060

နတ်ဧကရာဇ်ကျိကျား၏ နံပါတ်ကိုးတပည့် နောက်သို့ ထွက်ပြေးဆုတ်ခွာသွားသည်နှင့် ခပ်လှမ်းလှမ်းရှိ မြူခိုးများမှာ အပြင်းအထန် တုန်ရီလာ၏။ ထို့နောက် ၎င်းတို့မှာ အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားကြပြီး သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည့် အေးစက်စက် အငွေ့အသက်ကြီးတစ်မျိုး ပေါက်ကွဲထွက်ပေါ်လာတော့သည်။

ထို အငွေ့အသက်ကြီးနှင့်အတူ လူရိပ်တစ်ခုလည်း ပေါ်ပေါက်လာ၏။ ၎င်းမှာ အလွန်အင်မတန်မှ မြန်ဆန်လွန်းနေသောကြောင့် ၎င်း၏ ပုံပန်းသွင်ပြင်အား အတိအကျမမြင်နိုင်ပေ။ အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်းရှိသည့်ပုံပေါ်သော ကြောက်မက်ဖွယ်ရာ အငွေ့အသက်ကြီး တစ်မျိုးကိုသာလျှင် အာရုံခံမိနိုင်ပေသည်။ ထို အငွေ့အသက်ကြီးမှာ တောင်တန်းများကိုပင် ပြိုလဲသွားစေနိုင်သည့် စွမ်းအားမျိုးဖြင့် နံပါတ်ကိုးတပည့်ဆီသို့ ဦးတည်လာ၏။ နောက်ဆုံးတွင် ၎င်းမှာ လက်ကြီးတစ်ဖက်အသွင် ပြောင်းလဲသွားကာ နံပါတ်ကိုးတပည့်၏ ရှေ့တည့်တည့်၌ ပေါ်ပေါက်လာပြီး သူ၏နဖူးထဲသို့ စိုက်ဝင်သွားတော့မည်ဖြစ်သည်။

ထို့ကြောင့် နံပါတ်ကိုးတပည့်မှာ မျက်စိသူငယ်အိမ်များ ကျဉ်းမြောင်းသွားရပြီး သွေးပျက်သွားရ၏။ သူသည် ထို အငွေ့အသက်ကြီး၏ ပိုင်ရှင်မှာ မည်သူမည်ဝါဖြစ်ကြောင်း သိချင်ပါသော်လည်း မည်မျှပင်ကြိုးစားစေကာမူ ထို ကျင့်ကြံသူအား မြင်နိုင်စွမ်းမရှိဘဲ ဖြစ်နေရ၏။ ထို့အပြင် သူသည် ထိုလက်ချောင်းကြီးအား ရှောင်တိမ်းချင်ပါသော်လည်း သူ၏ အသိစိတ်နှင့် ခန္ဓာကိုယ်မှာ ဟန်ချက်မညီတော့သည်အလားပင်။ ထို့ကြောင့် သူ သူ၏ ခန္ဓာကိုယ်အား ထိန်းချုပ်နိုင်ရန် ကြိုးစားလိုက်သည့်တိုင်အောင် နောက်ကျသွားပြီ ဖြစ်သည်။ သူသည် ထိုလက်ကြီးအား ရှောင်တိမ်းနိုင်တော့မည်မဟုတ်ပေ။

ထို့ကြောင့် သူသည် အသက်အန္တရာယ်နှင့် ကြုံနေရသည့်အလား ခံစားနေရတော့သည်။ ထိုအချိန်တွင် ထို လက်ကြီး၏ လက်ညှိုးမှာ သူ၏ နဖူးအား ထိသွား၏။ ထိုသို့ ထိသွားသည်နှင့် အုန်းခနဲ မြည်သံကြီးတစ်သံ ထွက်ပေါ်လာပြီး ကမ္ဘာကြီးတစ်ခုလုံးမှာ ပြောင်းလဲသွားတော့သည်။ ထိုနေရာတစ်ဝိုက်ရှိ မြူခိုးများမှာ အဝေးသို့ လွင့်စင်ပပျောက်သွားကြပြီး ထစ်ချုန်းသံကြီးတစ်သံမှာ အရပ်မျက်နှာအနှဲ့တွင် ပဲ့တင်ထပ်သွား၏။

ထို့နောက် နံပါတ်ကိုးတပည့်၏ နှုတ်မှ သနားစရာကောင်းသည့် အော်ဟစ်မြည်တမ်းသံတစ်သံ ထွက်ပေါ်လာသည်။ သူ၏ နဖူးပေါ်တွင်မူ အက်ကွဲကြောင်းကြီးတစ်ခု ပေါ်ပေါက်လာ၏။ သူ၏ နောက်တွင် ရှေးဟောင်းဂြိုဟ်ကိုးလုံး အလျင်အမြန် ပေါ်ပေါက်လာနေသည့်တိုင်အောင် ၎င်းတို့မှာလည်း လက်ချောင်းကြီးထဲ၌ ကိန်းအောင်းနေသည့် စွမ်းအားများကို ခုခံတွန်းလှန်စွမ်း မရှိကြပေ။ ထို့ကြောင့် ၎င်းတို့ပေါ်တွင်လည်း အက်ကွဲကြောင်းများ ပေါ်ပေါက်လာရတော့သည်။

အမှန်တွင်... ထိုလက်ချောင်းကြီးထဲ၌ အလွန်အင်မတန်မှ အားကောင်းသည့် သွေးချီစွမ်းအားများသာမက နာကြည်းမှု အငွေ့အသက်များလည်း ကိန်းအောင်းနေသေးသည်။ ထို့အပြင် အရာအားလုံးအား သန့်စင်နိုင်စွမ်းရှိသည့်ပုံပေါ်သော အလင်းရောင်တစ်မျိုးလည်း ရှိနေသေးသည်။ ထို ဆန့်ကျင်ဘက် စွမ်းအားနှစ်မျိုးမှာ ထူးဆန်းစွာ အတူတကွ ပေါင်းစည်းသွားကြ၏။ ၎င်းတို့ ထိုသို့ပေါင်းစည်းသွားရခြင်း၏ အဓိကသော့ချက်မှာ အလွန်အင်မတန်မှ ရက်စက်ကြမ်းကြုတ်သည့် သတ်ဖြတ်ခြင်းနှင့် ဝါးမျိုခြင်းစိတ်ဆန္ဒ ဖြစ်ပေသည်။

သို့ဖြစ်ရာ ထိုလက်ချောင်းကြီးမှာ စွမ်းအားများအားလုံးကို ဓားထိပ်ဖျားပိုင်း၌ စုစည်းထားသည့် ဓားတစ်လက် သကဲ့သို့ပင်။ ၎င်းမှာ မည်သည့် ဂြိုဟ်အဆင့်ကျင့်ကြံသူကိုမဆို ထုတ်ချင်းပေါက် ထိုးဖောက်သွားနိုင်စွမ်းရှိနေမည်ဖြစ်သည်... အကယ်၍ ၎င်းအား ရင်ဆိုင်နေရသည့်သူမှာ နတ်ဧကရာဇ်ကျိကျား၏ နံပါတ်ကိုးတပည့် မဟုတ်ပါက ချက်ချင်း ဇီဝိန်ချုပ်သွားရမည်သာဖြစ်သည်။

သို့သော် နံပါတ်ကိုးတပည့်မှာ ခိုင်မာသည့် ကျင့်ကြံခြင်းအခြေခံအုတ်မြစ်တစ်ခုကို ပိုင်ဆိုင်ထားဆဲပင်။ ထို့ကြောင့် သူ ထိုကဲ့သို့ အသက်အန္တရာယ်နှင့် ကြုံလိုက်ရချိန်တွင် သူ၏ ခန္ဓာကိုယ်ပေါ်၌ ကမ္ဗည်းစာလုံး အမြောက်အမြား ပေါ်ပေါက်လာ၏။ ၎င်းတို့မှာ အားကောင်းသော စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေသည်။ ထို စွမ်းအင်လှိုင်းများမှာ သူ၏ စွမ်းအင်လှိုင်းများမဟုတ်ဘဲ သူ၏ ဆရာ၏ စွမ်းအင်လှိုင်းများဖြစ်ပေသည်။ ၎င်းတို့အား သေရေးရှင်ရေး အခိုက်အတန့်မျိုးတွင် အသုံးပြုနိုင်အောင် သူ့အား ပေးအပ်ထားခြင်းဖြစ်၏။

ထို ကမ္ဗည်းစာလုံးများထဲမှ စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီး အကာအရံတစ်ခုအား ဖန်တီးပေးလိုက်သဖြင့် ဝမ်ပေါင်လဲ့၏ လက်ချောင်းကြီးမှာ တစ်ခဏမျှ ရပ်တန့်သွားရသည်။ နံပါတ်ကိုးတပည့်မှာမူ ဖြူဖပ်ဖြူရော်ဖြစ်နေသည့် မျက်နှာဖြင့် နောက်သို့ ပေတစ်ထောင်အကွာအထိ အလျင်အမြန် ဆုတ်ခွာသွားလိုက်၏။ ထို့နောက် သူသည် ပါးစပ်ထဲမှ သွေးတစ်ပွက်အန်ထွက်လာပြီး သူ၏ မျက်ဝန်းများထဲမှ တုန်လှုပ်ချောက်ချားမှု အရိပ်အယောင်များကို ဖုန်းကွယ်ထားနိုင်စွမ်းမရှိတော့ပေ။ သူသည် ရပ်တန့်သွားခြင်းမရှိဘဲ သူ၏ ပါးစပ်ထဲမှ ထွက်လာသည့် သွေးများကိုအသုံးပြုကာ နောက်ထပ် မှော်ပညာရပ်တစ်ခုအား ချက်ချင်းထုတ်လွှတ်လိုက်ပြီး နောက်သို့ သွေးရူးသွေးတန်းနှင့် ထွက်ပြေးဆုတ်ခွာသွားလိုက်ပြန်သည်။

ထို့အပြင် သူသည် အရှိန်မြှင့်တင်နိုင်ရန် သူ၏ အသက်စွမ်းအားအချို့ကိုပင် စတေးပစ်လိုက်သေးသည်။ ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းတွင် သူသည် မြူခိုးများထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

သူသည် ထိုကဲ့သို့ထွက်ပြေးနေစဉ် အတွေးများ ယောက်ယက်ခတ်နေရ၏။

" တောက်ကွာ... ဘာလို့ သူက အဲလောက်အထိ အစွမ်းထက်နေရတာလဲ " နတ်ဧကရာဇ်ကျိကျား၏ နံပါတ်ကိုးတပည့်မှာ စကားလုံးများနှင့် မဖော်ပြနိုင်လောက်အောင် သွေးပျက်နေရပြီဖြစ်သည်။ သူ၏ဆရာ ပေးထားသည့် အသက်ကယ် ကမ္ဗည်းစာလုံးများမှာ ထာဝရကြယ်အဆင့် စွမ်းအားများနှင့် ရင်ဆိုင်ရချိန်တွင်သာ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း သူက ကောင်းကောင်းကြီး သိထား၏။ သို့သော်လည်း သူ၏ ဘဝတစ်လျှောက်လုံးတွင် ဂြိုဟ်အဆင့်တွင်သာ ရှိနေသေးပါသော်လည်း ထာဝရကြယ်အဆင့် စွမ်းအားများကို ထုတ်လွှတ်နိုင်စွမ်းရှိနေသည့် ဂြိုဟ်အဆင့်ကျင့်ကြံသူတစ်ယောက်အကြောင်း လုံးဝ မကြားဖူးခဲ့ပေ။

မကြာသေးမီတုန်းက သူ၏ရှေ့၌ ပေါ်ပေါက်လာခဲ့သည့် လက်ကြီးမှာ ဂြိုဟ်အဆင့်တွင် မဟုတ်တော့ဘဲ ထာဝရကြယ်အဆင့်တွင် ရှိနေပြီဟု သူက ခံစားနေရ၏။ အထူးသဖြင့် ၎င်းထဲမှ ထွက်ပေါ်လာနေသည့် အလင်းစည်းမျဥ်းဥပဒေသများနှင့် ဝါးမျိုခြင်းစည်းမျဉ်းဥပဒေသများမှာ အလွန်အင်မတန်မှ ကြောက်မက်ဖွယ်ရာကောင်းနေသည်။ သူ့အား သွေးပျက်လုမတတ် တုန်လှုပ်ချောက်ချားသွားစေခဲ့သည့် အချက်မှာမူ သူသည် ထို လက်ချောင်းကြီးကြောင့် သူ့အား တစ်ကိုယ်လုံး ဝါးမျိုပစ်နိုင်စွမ်းရှိသော ကြောက်မက်ဖွယ်ရာ လက်နက်ကြီးတစ်ခုနှင့် ရင်ဆိုင်နေခဲ့ရသည့်အလား ခံစားခဲ့ရခြင်းပင်။

သူ၏ ဆရာ ပေးထားသည့် ကမ္ဗည်းစာလုံးများမှာ အစွမ်းထက်ပါသော်လည်း ၎င်းတို့၏ စွမ်းအားများမှာ သူ၏ ကျင့်ကြံခြင်းအဆင့်ပေါ်တွင် မူတည်နေကြောင်း သူက သိထား၏။ အကယ်၍ ၎င်းတို့သာ ပျက်စီးသွားမည်ဆိုပါက သူသည်လည်း ဇာတ်သိမ်းလှမည်မဟုတ်ပေ။

ထို့ကြောင့် သူသည် သွေးရူးသွေးတန်းနှင့် ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။ နတ်ဧကရာဇ်ကျိကျား၏ နံပါတ်ကိုးတပည့် ထွက်ပြေးသွားချိန်တွင် လက်ကြီး၏ နောက်ဘက်ရှိ ဟင်းလင်းပြင်ကြီးမှာ တွန့်လိမ်ပုံပျက်သွား၏။ ထို့နောက် ဝမ်ပေါင်လဲ့ ပေါ်ပေါက်လာတော့သည်။

သူသည် ခရမ်းရောင်ဝတ်ရုံတစ်ခုကို ဆင်မြန်းထားကာ ဓားတစ်လက်ကဲ့သို့ မလှုပ်မယှက် ရပ်နေပြီး သူ၏ အနက်ရောင်ဆံပင်ရှည်များမှာ လေထဲ၌ တလူလူလွင့်နေ၏။ သူ၏ မျက်ဝန်းများမှာမူ အေးစက်နေပြီး အလင်းစည်းမျဉ်းဥပဒေသနှင့် ဝါးမျိုခြင်းစည်းမျဉ်းဥပဒေသတို့မှာ သူ၏ ပတ်ပတ်လည်၌ လည်ပတ်နေသည်။ သူ၏ နောက်ရှိ ရှေးဟောင်းဂြိုဟ် ကိုးလုံးထဲတွင်လည်း နတ်ဆိုးဓားများကို မသဲမကွဲ မြင်နိုင်ပေသည်။

သူ၏ မျက်နှာအမူအရာမှာ ဖုတ်ကောင်တစ်ကောင်ကဲ့သို့ အသက်မဲ့နေပြီး သူ၏ ခန္ဓာကိုယ်မှာမူ နတ်ဘုရားတစ်ပါးကဲ့သို့ တောင့်တင်းကြံ့ခိုင်မူအပြည့် ရှိနေ၏။ သူ၏ ဝိညာဉ်မှာမူ နတ်ဆိုးဓားတစ်လက်ကဲ့သို့ပင်။

၎င်းမှာ ဝမ်ပေါင်လဲ့ သူ၏ အတိတ်ဘဝသုံးခုမှ အတွေ့အကြုံများကို ပြန်လည်ရယူခဲ့ပြီးနောက် ပေါ်ပေါက်လာခဲ့သည့် တမူထူးခြားသော ပုံပန်းသွင်ပြင်ဖြစ်ပေသည်။ သူသည် မလှုပ်မယှက် ရပ်နေသည့်တိုင်အောင် သူ၏ ပတ်ပတ်လည်ရှိ အငွေ့အသက်များမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားနေသဖြင့် ထိုနေရာကြီး တစ်ခုလုံးမှာ တွန့်လိမ်ပုံပျက်လာရတော့သည်။

" ငါ အဲဒီ ဒိုင်းကာကို နှစ်ကြိမ်သုံးကြိမ်လောက် ထပ်ပြီးတော့ ဖျက်ဆီးနိုင်ဦးမှာပါ " ဝမ်ပေါင်လဲ့မှာ အေးစက်စက် နှာမှုတ်လိုက်ပြီးနောက် နတ်ဧကရာဇ်ကျိကျား၏ နံပါတ်ကိုးတပည့် ထွက်ပြေးသွားသည့် အရပ်မျက်နှာဘက်သို့ လှမ်းကြည့်လိုက်၏။ သို့သော် သူသည် သူ၏ နောက်သို့ လိုက်သွားခြင်းမရှိပေ။ တစ်ဖက်တွင် အချိန်ကန့်သတ်ချက် ရှိနေသေးသည်ဖြစ်သလို အခြားတစ်ဖက်တွင်လည်း သူ နံပါတ်ကိုးတပည့်အား လိုက်မီသွားလျှင်တောင် ဤ အရည်အချင်းစမ်းသပ်ပွဲထဲ၌ လူသတ်ရန်မှာ မသင့်တော်ပေ။

သို့ဖြစ်ရာ သူ့အား လိုက်လံဖမ်းဆီးရင်း အချိန်ဖြုန်းနေ၍ အကျိုးမရှိပေ။ ထိုအချိန်များတွင် လမ်းပြအလင်းရောင်များ ရှာဖွေခြင်းသာလျှင် အကျိုးရှိပေသည်။ ထိုကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် သူ၏ အကြည့်အား ပြန်လည်ရုပ်သိမ်းလိုက်၏။ သူသည် ဤနေရာတွင် စခန်းချပြီး သူ၏ ကိုယ်ပွားများကို ထုတ်လွှတ်ကာ လမ်းပြအလင်းရောင်များ ဆက်လက်စုဆောင်းခိုင်းထားမည် ဖြစ်သည်။

ထိုသို့ဖြင့် အချိန်များကုန်လွန်သွားပြီး သူ၏ ပတ်ပတ်လည်ရှိ နေရာတစ်ဝိုက်မှာ တားမြစ်နယ်မြေတစ်ခုကဲ့သို့ ဖြစ်လာတော့သည်။ ဘေးနားတစ်ဝိုက်မှ ဖြတ်သွားကြသည့် ကျင့်ကြံသူများအားလုံးမှာ တုန်လှုပ်ချောက်ချားသွားရပြီး သူ့အား အဝေးမှနေ၍ ရှောင်ကျဉ်သွားကြသည်သာ ဖြစ်သည်။

သူ ထုတ်လွှတ်ထားခဲ့သည့် ကိုယ်ပွားများမှာမူ မြူခိုးများထဲ၌ လိုက်လံရှာဖွေနေကြဆဲဖြစ်သဖြင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အစစ် ပတ်ပတ်လည်ရှိ အလင်းရောင်မှာ ပို၍ပင် တောက်ပလာတော့သည်။ စတုတ္ထနေ့သို့ ရောက်ခါနီး အချိန်မှသာ ဝမ်ပေါင်လဲ့မှာ သူ၏ နတ်ဘုရားအာရုံမှတစ်ဆင့် ကိုယ်ပွားများအားလုံးကို ပြန်လည်ဆင့်ခေါ်လိုက်၏။ ၎င်းတို့အားလုံး ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်၌ ပေါ်ပေါက်လာချိန်တွင် ပြင်ပကမ္ဘာကြီးထဲမှ ရှေးဆန်သည့်စကားသံကြီးမှာ မြူခိုးများထဲ၌ ကျန်ရှိနေသေးသည့် ပြိုင်ပွဲဝင်များ၏ အသိစိတ်ထဲ၌ ပဲ့တင်ထပ်သွားတော့သည်။

" စတုတ်ထနေ့၊ စတုတ်ထဘဝ "

ဝမ်ပေါင်လဲ့မှာ သူ၏ ပတ်ပတ်လည်၌ တဖြည်းဖြည်းနှင့် ပို၍ ဝင်းလက်တောက်ပလာသည့် လမ်းပြအလင်းရောင်များ၏ လွှမ်းခြုံခြင်းကို ခံလိုက်ရ၏။ သူသည် သူ၏ ဘေးပတ်ဝန်းကျင်တစ်ခုလုံး ချာချာလည်နေပြီး သူ၏ အသိစိတ် တဖြည်းဖြည်းနှင့် လွင့်ပါးပျောက်ကွယ်သွားနေသည်ကို ခံစားမိနေပြီဖြစ်သည်။ ထိုအချိန်တွင် သူသည် လေသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။

" ဒီဘဝထဲမှာတော့ ငါ ရှာနေတဲ့ အဖြေကို တွေ့လောက်ပါတယ် "

သူ၏ စကားသံ ပဲ့တင်ထည့်သွားချိန်တွင် သူသည်လည်း လုံးဝ သတိလစ်သွားတော့သည်။

....

" တာအိုနတ်ဝိဇ္ဇာကြီးခြောက်ပါး မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးကို ဖန်တီးခဲ့ပြီးတဲ့နောက်မှာ ဆဋ္ဌမနတ်ဝိဇ္ဇာကြီးက သူတော်စင်ဂိုဏ်းကို တည်ထောင်ခဲ့တာ။ တခြား နတ်ဝိဇ္ဇာငါးပါးနဲ့အတူ ငါတို့တွေက စကြဝဠာကြီးထဲမှာ လှည့်လည်သွားလာနိုင်စွမ်း ရှိပြီးတော့ အရာအားလုံးကို ထိန်းချုပ်နိုင်စွမ်းရှိတယ် "

" မင်းတို့ငါးယောက် သူတော်စင်ဂိုဏ်းထဲကို ဝင်ခွင့်ရတာ ကံကောင်းလို့။ ဒါ မင်းတို့ဘဝအတွက် အကြီးမားဆုံး အခွင့်အရေးပဲ "

" စကြဝဠာကြီး တစ်ခုလုံးထဲမှာ ပညာရပ်တွေအမျိုးမျိုးရှိပေမယ့် တာအိုနတ်ဝိဇ္ဇာကြီးခြောက်ပါးရဲ့ ပညာရပ်တွေကပဲ မိုးကောင်းကင်အဆင့်အထိ ရောက်နိုင်တာ။ တာအိုနတ်ဝိဇ္ဇာကြီးခြောက်ပါးကပဲ အထွတ်အထိပ်အဆင့်အထိ တက်လှမ်းနိုင်ပြီးတော့ နတ်ဝိဇ္ဇာကြီးတွေ ဖြစ်လာခဲ့ကြတာ... "

ပြည်သူ့ရင်ပြင်ကြီး တစ်ခုထဲ၌ သြဇာညောင်းသည့် စကားသံကြီးတစ်သံ ထွက်ပေါ်လာ၏။ ယခုတွင် ထို ပြည်သူ့ရင်ပြင်ကြီးထဲ၌ လူငယ်လူရွယ် အယောက်တစ်သိန်းနီးပါးခန့် ရှိနေကြသည်။ သူတို့အားလုံးမှာ သူတို့၏ ရှေ့၌ ရပ်နေကြသည့် လူငယ်လေးငါးယောက်အား မနာလိုဖြစ်နေသည့် မျက်နှာအမူအရာများဖြင့် စိုက်ကြည့်နေကြ၏။

ထို လူငယ်လေးငါးယောက်ထဲတွင် သုံးယောက်မှာ ယောက်ျားလေးများဖြစ်ပြီး နှစ်ယောက်မှာ မိန်းကလေးများ ဖြစ်ကြသည်။ သူတို့ငါးယောက်စလုံးမှာ ဆယ်ကျော်သက်အရွယ်သာ ရှိသေးပြီး ထိုစကားသံကြီးအား တရိုတသေ နားထောင်နေကြ၏။

ချန်းရန်မှာ ထိုငါးယောက်ထဲမှ တစ်ယောက်ဖြစ်၏။ ယနေ့တွင် သူသည် သူတော်စင်ဂိုဏ်းထဲသို့ တရားဝင် ဝင်ခွင့်ရမည်ဖြစ်သည်။

သူသည် ချန်းမိသားစု၏ လက်ရှိမျိုးဆက်ထဲမှ ပါရမီအပါဆုံး ကျင့်ကြံသူဖြစ်ရာ မိသားစုဝင်များမှာ သူ့အား အများကြီးမျှော်လင့်ထားကြ၏။ ထို့အပြင် ချန်းမိသားစုမှာ သူတော်စင်ဂိုဏ်းထဲရှိ တာအိုမိသားစုပေါင်း မြောက်မြားစွာထဲမှ တစ်ခုဖြစ်သလို အဖွဲ့အစည်းပေါင်း တစ်သိန်းကိုးသောင်းခုနစ်ထောင့်သုံးရာရှစ်ဆယ့်တစ်ခုထဲမှ ထိပ်ဆုံးအဆင့်ငါးရာထဲတွင် ပါသည့် မိသားစုတစ်ခုလည်းဖြစ်ရာ အလွန်အင်မတန်မှ ချမ်းသာကြွယ်ဝ၏။ ထို့ကြောင့်လည်း ချန်းရန်တစ်ယောက် ကလေးဘဝကတည်းက အံ့သြမှင်တက်ဖွယ်ရာ ပါရမီများကို ပိုင်ဆိုင်ထားကြောင်း သိလိုက်ရသည်နှင့် မိသားစုတစ်ခုလုံးမှာ သူ့အား ပြုစုပျိုးထောင်ပေးနိုင်ရန် ငွေကြေးအမြောက်အမြား အကုန်ကျခံခဲ့သည်။

သူသည် အသက်ဆယ့်သုံးနှစ်သာ ရှိသေးသည့်တိုင်အောင် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ လောကီအဆင့်၏ နဝမအဆင့်အထိ ရောက်နေပြီဖြစ်သည်။ သူ ထိုကျင့်ကြံခြင်းအဆင့်မှ ဖောက်ထွက်သွားနိုင်သည်နှင့် လောကီအဆင့် ကျင့်ကြံသူတစ်ယောက်အဖြစ်သို့ ရောက်သွားမည်ဖြစ်ပြီး ဝိညာဉ်အဆင့် ဆရာတစ်ယောက်အားရွေးချယ်ကာ သူတော်စင်ဂိုဏ်း၏ ပင်မဂိုဏ်းထဲသို့ ဝင်ခွင့်ရသွားမည် ဖြစ်သည်။

မိသားစုမျိုးနွယ်စုခေါင်းဆောင်ကြီး၏ ခန့်မှန်းချက်များအရ ချန်းရန်၏ ပါရမီနှင့် ချန်းမိသားစု၏ ကူညီထောက်ပံ့မှုများကြောင့် သူသည် ဝိညာဉ်အဆင့်၌သာ ရပ်တန့်နေမည်မဟုတ်ဘဲ ကြယ်အဆင့်အထိ ရောက်သွားနိုင်ပေသည်။

စကြဝဠာကြီး တစ်ခုလုံးထဲတွင် ကြယ်အဆင့်အား ထိပ်သီးအဆင့်အဖြစ် သတ်မှတ်နိုင်ပေသည်။ ၎င်း၏ အထက်တွင် နတ်ဝိဇ္ဇာအဆင့် ရှိပါသော်လည်း သမိုင်းတစ်လျှောက်လုံးတွင် နတ်ဝိဇ္ဇာအဆင့် ကျင့်ကြံသူ ခြောက်ယောက်သာ ရှိခဲ့ဖူးသည် ဟုတ်ပါလော။

ထို့ကြောင့်လည်း ပါရမီပါသည့် ချန်းရန်တစ်ယောက် လူအယောက်တစ်သိန်းထဲ၌ ထင်ပေါ်ကျော်ကြားနေပြီး သူတော်စင်ဂိုဏ်းအား တရားဝင် ဝင်ခွင့်ရသွားသည်မှာ မထူးဆန်းပေ။

သို့သော်လည်း ယခုတွင် သူသည် သူတော်စင်ဂိုဏ်း၏ ဂိုဏ်းခွဲပေါင်းမြောက်မြားစွာထဲမှ တစ်ခုကိုသာ ဝင်ခွင့်ရဦးမည် ဖြစ်သည်။

သူတော်စင်ဂိုဏ်းမှာ အလွန်အင်မတန်မှ ကြီးမားလွန်းလှသည်ဖြစ်ရာ ဂိုဏ်းခွဲတစ်ခုထဲသို့ ဝင်ခွင့်ရခြင်းပင်လျှင် ချန်းရန်အတွက် ဂုဏ်ယူစရာ ကိစ္စတစ်ခု ဖြစ်ပေသည်။

ထို့ကြောင့် သူသည် စိုးရိမ်တုန်လှုပ်နေရသည့်တိုင်အောင် နှလုံးသားထဲ၌ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပြီး သူ၏ အနာဂတ်အား ကြိုတင် စိတ်ကူးယဉ်နေမိတော့သည်။ သူသည် သူ၏ မျိုးနွယ်စုအား တန်ခိုးအာဏာကြီးထွားလာအောင် လုပ်ကာ သူ၏ မိသားစုကိုလည်း အဆင့်အတန်းမြင့်မားလာအောင် ကူညီပေးရန် သန္နိဋ္ဌာန်ချထား၏။ ထို့အပြင် သူသည် သူ၏ ဂိုဏ်းတူညီမလေးနှင့် တာအိုလက်တွဲဖော်များ ဖြစ်လာနိုင်ရန်လည်း စိတ်ကူးထားသေးသည်။

ထိုမျှသာမက သူ၏ နှလုံးသားထဲ၌ လူငယ်ယောက်ျားလေးများ၏ ထုံးစံအတိုင်း အားနွဲ့သူအပေါ်ကြင်နာပြီး အမှန်တရားအား ကာကွယ်စောင့်ရှောက်လိုသည့် စိတ်ဆန္ဒများဖြင့်လည်း ပြည့်နှက်နေသေးသည်။

All Chapters