← Chapters

စကြာဝဠာကွင်း

Vol. 60 Ch. 818

စကြာဝဠာကွင်း

Vol. 60 Ch. 818

အရိပ်သစ်သီးရှိရင် အလားတူ‌တောက်ပသစ်သီးရှိတာ သဘာဝပါပဲ။

အဝေးကနေ လီဖူချန်းက ကောင်းကင်ရဲ့အလယ်မှာ တောက်ပနေတဲ့ နေသေးတစ်လုံးကို မြင်နေရတယ်။

နီးနီးကပ်ကပ်ကြည့်ပြီး‌နောက် အရိပ်သစ်ပင်နဲ့အရွယ်အစားတူနီးပါးဖြစ်တဲ့သစ်ပင်တစ်ပင် ဖြစ်နေတာကို တွေ့လိုက်ရတယ်။ ဒါပေမယ့် အဲဒါက ရွှေရောင်တောက်ပနေပြီး မိုင်တစ်ထောင်ကွာဝေးတယ်။ ရွှေရောင်သစ်ပင်ရဲ့ထိပ်မှာ ရွှေရောင်အင်းကွက်‌တွေနဲ့ အလွန်အမင်းတောက်ပနေတဲ့သစ်သီးတစ်လုံး ရှိတယ်။

တောက်ပသစ်သီးကလည်း ထိပ်တန်းအဆင့်ရတနာတစ်ခုဖြစ်ပြီး အရိပ်သစ်သီးနဲ့ တန်ဖိုးတူတယ်။ ဒါပေမယ့် အမှောင်ဥပဒေသနဲ့အလင်းဥပဒေသကို မကျင့်ကြံတဲ့သူတွေအတွက် တောက်ပသစ်သီးက ပိုတန်ဖိုးရှိတယ်။ အရိပ်သစ်သီးတစ်လုံးရဲ့တန်ဖိုးက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးထောင်အနည်းငယ် ရှိတယ်၊ တောက်ပသစ်သီးက အနည်းဆုံး အထွန်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတစ်သောင်းခန့် တန်ဖိုးရှိတယ်။

သာမန်သူတော်စင်တွေကို အသာထား၊ ထိပ်တန်းအဆင့်သူ‌တော်စင်တွေတောင် တောက်ပသစ်သီးအတွက်ဆိုရင် ဘာမဆို လုပ်ကြပါလိမ့်မယ်။

"အဲဒါက တောက်ပသစ်သီးပဲ"

တောက်ပသစ်သီးက စူးရှတောက်ပလွန်းပြီး သားရဲအရှင်သခင်နဲ့သူတော်စင်များစွာက ရှာတွေ့ခဲ့ကြတယ်။ အားလုံးက အမြန်ဆုံးအရှိန်နဲ့တစ်ဟုန်ထိုး ပြေးလာနေကြတယ်။

ရေဝဲနက်ကျွန်းပေါ်မှာ လူတိုင်းရဲ့လိပ်ပြာအသိစိတ်အာရုံက မိုင်ဒါဇင်အနည်းငယ်မှ မိုင်တစ်ရာအထိသာ ဆန့်ထုတ်နိုင်တယ်။ ဒါပေမယ့် တောက်ပသစ်သီးက ဟင်းလင်းပြင်တစ်လျှောက် တောက်ပနေတာလေ။ အဲ့ဒါကြောင့် သူတို့က မိုင်တစ်သောင်းအကွာကနေတောင် မြင်နိုင်ကြတာပေါ့။

အနီးကပ်ဆုံးသားရဲအရှင်သခင်က တောက်ပသစ်သီးရဲ့မိုင်တစ်ရာအကွာမှာ ရှိတယ်။ ဒါပေမယ့် နီးတိုင်းက ကောင်းတဲ့အရာ မဟုတ်ဘူး။ တောက်ပသစ်ပင်ရဲ့အလင်းသက်ရှိက သားရဲအရှင်သခင်ကို အပြင်းအထန် ခေါင်းကိုက်စေခဲ့တာလေ။

အလင်းသက်ရှိမှာ အလင်းခန္ဓာကိုယ်တစ်ခု ရှိပြီး အစစ်အမှန်ခန္ဓာကိုယ်တစ်ခု မဟုတ်ပါဘူး။

"တောက်ပသစ်သီးကို အရင် ယူရမယ်........."

လူသားပုံစံနဲ့သားရဲအရှင်သခင်က သူ့ရဲ့အစစ်အမှန်ခန္ဓာကိုယ်ကို ပြသလိုက်တယ်။ အဲဒါက တောင်ပံတွေ၊မျက်လုံးလေး‌လုံးနဲ့ ထူးဆန်းတဲ့သားရဲအရှင်သခင်တစ်ကောင် ဖြစ်တယ်။ အဲဒါက အကြွင်းမဲ့မြန်ဆန်ပြီး တောင်ပံတစ်ချက်ခတ်ရုံနဲ့ တောက်ပသစ်သီးရဲ့အနီးဝန်းကျင်ကို ချက်ချင်း ရောက်ရှိသွားတယ်။

သားရဲအရှင်သခင်က မြန်တယ်၊ အလင်းသက်ရှိက ပိုမြန်တယ်။ လျှပ်တစ်ပြက်အတွင်း အဲဒါက သားရဲအရှင်သခင်ကို တားဆီးလိုက်တယ်။

"ဟားဟား၊ တောက်ပသစ်သီးက ငါ့ဟာပဲ"

ဒုတိယမြောက်ရောက်လာသူက အစိမ်းရောင်ဝတ်စုံနဲ့လူတစ်ယောက်ပဲ။

ဒီအစိမ်းရောင်ဝတ်လူက လေဥပဒေသကို ကျင့်ကြံထားတယ်။ သူက လေ‌ပြေတစ်ခုအဖြစ် ပြောင်းသွားပြီး တောက်ပသစ်သီးဆီ ရွေ့လျားသွားတယ်။

"တောက်"

မျက်လုံးလေးလုံးသားရဲအရှင်သခင်က ဒေါသထွက်သွားတယ်။ အလင်းသက်ရှိကသာ သူ့ကို ရစ်မနေရင် အစိမ်းရောင်ဝတ်လူက တောက်ပသစ်သီးအနားကို ကပ်ဖို့ အခွင့်အရေးရှိလာမှာ မဟုတ်ပါဘူး။

တောကိပသစ်သီးက အစိမ်းရောင်ဝတ်လူရဲ့လက်ထဲကို ကျရောက်ခါနီးမှာ ဓားအလင်း‌တစ်ခုက လက်သွားပြီး တောက်ပသစ်သီးက ‌အဝေးကို ပျံသန်းသွားတယ်။

"ဒါ ဘယ်သူလဲ" အစိမ်းဝတ်လူက ဒေါသထွက်သွားတယ်။

အော်နေရင်းနဲ့ အစိမ်းဝတ်လူက ဓားအလင်းထံ လက်သီးတစ်ချက်ကို ထုတ်ဖော်လိုက်တယ်။

သူက အဆင့်နိမ့်သူတော်စင်တစ်ယောက်ဖြစ်နိုင်တယ်၊ ဒါပေမယ့် သူ့ရဲ့ကျင့်ကြံခြင်းက ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်ရဲ့အဆင့်၃မှာ ရှိတယ်။ သူက သာမန်အလယ်ဆင့်သူတော်စင်တွေထက် အနည်းငယ်သာ အားနည်းတယ်။

ဝုန်း........

မီးပွားတစ်ခုဖြစ်လာပြီး ဓားအလင်းက ကြေမွသွားတယ်၊ ဓားအလင်းအတွင်းမှာ ပုံရိပ်တစ်ခုက ထွက်ပေါ်လာတယ်။

"ဒီကမ္ဘာရဲ့သူတော်စင်တွေကို ငါ တကယ် လျော့တွက်လို့မရဘူးပဲ"

သူ အခက်အခဲမရှိ ထွက်သွားနိုင်မယ်လို့ လီဖူချန်းက ထင်ထားတာ၊ ဒါပေမယ့် လက်သီးချက်ထိမှန်ရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။

သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံထဲမှာ ဦးတည်ဘက်တိုင်းမှ လူတွေက ရောက်ရှိလာနေကြတယ်။ လီဖူချန်းက ဘယ်လိုထွက်သွားရမလဲကို အသည်းအသန် စဉ်းစား‌နေတယ်။

"တောက်ပသစ်သီးကို ချန်ထား၊ အဲဒါဆိုရင် ငါ မင်းအသက်ကို ချန်ထားပေးမယ်"

အစိမ်းဝတ်လူက သူ့ရဲ့တိုက်ခိုက်မှုတွေကို မရပ်တန့်ခဲ့ဘူး၊ သူက လီဖူချန်းထံ လက်သီးချက်တွေ အကြိမ်ကြိမ် ပို့လွှတ်လိုက်တယ်။

ထိုအခိုက်မှာ ဟင်းလင်းပြင်က လက်သီးချက်တွေ ပြည့်နေတယ်။

"ကောင်းကင်မိုးကြိုးအရိပ်အယောင်ဖျက်ဆီးခြင်းဓား"

ကောင်းကင်ဆက်ဓားကို ထုတ်ကာ လီဖူချန်းက ဓားနဲ့လူပေါင်းစပ်ခြင်းကို ဝင်ရောက်ခဲ့တယ်။ သူက အစိမ်းဝတ်လူရဲ့‌နောက်ကို ချက်ချင်း ရောက်ရှိသွားတယ်။

ကောင်းကင်မျဉ်းဓားပညာမှာ ငါတာရှိဓားတာအိုရဲ့အငွေ့အသက် ရှိတယ်။ ဓားကွက်တော်တော်များများက ဓားနဲ့လူပေါင်းစပ်ခြင်းကို လိုအပ်တယ်။

အား........

အစိမ်းဝတ်လူက အောက်စိုက်ကြည့်လိုက်တယ်၊ သူ့ခန္ဓာကိုယ်ကို ဘယ်အချိန်က ထိုးဖောက်သွားသလဲကို မသိခဲ့ဘူး။ သူက နာကျင်မှုကိုတောင် သိပ်မခံစားရဘူး။

ဒါပေမယ့် သူတော်စင်တစ်ယောက်အနေနဲ့ ဒီလိုဒဏ်ရာတွေက သူ့ကို မသတ်နိုင်ပါဘူး။ သူက အထွတ်အထိပ်အဆင့်ပစ္စည်းတစ်ခုကို ချက်ချင်း ထုတ်ပြီး လီဖူချန်းဆီ ပစ်ထည့်လိုက်တယ်။

အဲဒါက ငွေရောင်ကွင်းတစ်ခုဖြစ်ပြီး ရှေးကျတဲ့အက္ခရာစာတွေနဲ့ ဖုံးလွှမ်းထားတယ်။

ငွေရောင်ကွင်းက လီဖူချန်းဆီ ချဉ်းကပ်လာနေရင်း ပိုပိုကြီးလာတယ်။ အဲဒါက လီဖူချန်းနဲ့ နီးကပ်လာတဲ့အချိန်မှာ တောင်လေးတစ်ခုလောက် ကြီးနေပြီဖြစ်တယ်၊ အဲဒါက လီဖူချန်းကို ပိတ်လှောင်ခါနီးပါပဲ။

"ကောင်းကင်မြေကြီးလည်ပတ်ခြင်း"

လီဖူချန်းက ငွေရောင်ကွင်းထဲမှာ အမိမခံရဲပါဘူး။ မိသွားတာနဲ့ လွတ်မြောက်ဖို့က မလွယ်ကူပါဘူး။ သူက ဒီနေရာမှာပဲ အပြီး‌တောင် ပျောက်သွားနိုင်တယ်။

ဓားအလင်းတစ်ခုအဖြစ်သို့‌ ပြောင်းလဲရင်း လီဖူချန်းက ငွေရောင်ကွင်းကို ရှောင်တိမ်းလိုက်တယ်။

"စကြာဝဠာကွင်း၊ ကြီးစမ်း၊ ကြီးစမ်း"

အစိမ်းဝတ်လူရဲ့ဒဏ်ရာက ပျောက်သွားပြီး ဖြစ်တယ်။ သူ့ပါးစပ်ထဲရှိမန္တန်က ငွေရောင်ကွင်းကို ပိုပိုကြီးလာစေတယ်။ အားကောင်းတဲ့စုပ်အားတစ်ခု ထွက်ပေါ်လာပြီး သူက လေစီးကြောင်းကို ဆန့်ကျင့်ကာ သွားနေသလို လီဖူချန်းက ပိုပိုနှေးကွေးလာတယ်။

"ဒီပစ္စည်းက မရိုးရှင်းဘူးပဲ" လီဖူချန်းက မျက်မှောင်ကြုတ်လိုက်တယ်။

လီဖူချန်းက စကြာဝဠာကွင်းက တတိယအဆင့်အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းတစ်ခုဆိုတာကို မသိဘူး၊ အဲဒါက ထိပ်တန်းအဆင့်အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းဖြစ်တဲ့စကြာဝဠာစက်ဝိုင်းရဲ့အတုအပဆိုတာကိုရောပေါ့။ အဲဒါက လူတွေကို ထောင်ဖမ်းဖို့အတွက် သုံးပြီး အမြဲတမ်း အောင်မြင်လေ့ရှိတယ်၊ မဟုတ်ရင်၊ အစိမ်းဝတ်လူက ရေဝဲနက်ကျွန်းကို လာရဲမှာ မဟုတ်ပါဘူး။

"ငါ့ကို ဖမ်းဖို့က အဲလောက်မလွယ်ဘူး"

လီဖူချန်းက မဟာချီကို ထုတ်ဖော်လိုက်တယ်၊ အခု ဓားအလင်းက အနည်းဆုံးဆယ်ဆပိုမြန်ဆန်လာတယ်။ သူက ကောင်းကင်မြေကြီးလည်ပတ်ခြင်းကို သုံးကာ ငွေရောင်ကွင်းကို ထပ်မံရှောင်တိမ်းလိုက်တယ်။

"ဒီကောင်လေးရဲ့ဓားပညာနဲ့လှုပ်ရှားမှုတွေက အံ့မခန်းပါပဲလား" အစိမ်းဝတ်လူရဲ့မျက်နှာက မည်းမှောင်သွားတယ်။

အရင်က သူ့ရဲ့စကြာဝဠာကွင်းက အလယ်ဆင့်သူတော်စင်ကိုတောင် ထောင်ဖမ်းနိုင်ခဲ့တယ်၊ ဒါပေမယ့် အခု လီဖူချန်းကို ဖမ်းတော့ နှစ်ခါတောင် ကျဆုံးခဲ့ရတယ်။

"‌လေးလံရေနယ်နိမိတ်စည်း"

လီဖူချန်းက ငွေရောင်ကွင်းကို ရှောင်ပြီးပြီးချင်း ကြီးမားကျယ်ပြန့်တဲ့နယ်နိမိတ်စည်းတစ်ခုက ဖုံးအုပ်လာတယ်။

နောက်အခိုက်မှာတော့ ဟင်းလင်းပြင်ကို အဆုံးမဲ့ရေစီးကြောင်းတွေနဲ့ အစားထိုးသွားတယ်။

ဒီရေစီးကြောင်းက အလွန်အမင်းလေးလံပြင်းထန်ပြီး တောင်ကလေးတစ်လုံးရဲ့အရွယ်အစားလောက် ရှိတယ်။

နယ်နိမတ်စည်းကို ဖော်ထုတ်ခဲ့တဲ့သူက ရုပ်ဆိုးတဲ့လူသားတစ်ယောက်ပုံစံပေါက်နေတဲ့အလယ်ဆင့်သားရဲအရှင်သခင်တစ်ကောင်ပါ။  လေးလံရေနယ်နိမိတ်စည်းက သူ့ရဲ့မွေးရာပါစွမ်းရည်ပါပဲ။

"ကောင်းကင်မီးနေအက်ကွဲဓား"

ကောင်းကင်ရေနယ်နိမိတ်စည်းထဲမှာ လီဖူချန်းရဲ့မြန်နှုန်းက မယုံနိုင်လောက်အောင် နှေးကွေးလာတယ်။ ကောင်း‌ကင်မြေကြီးလည်ပတ်ခြင်းဓားဆန္ဒကို ပယ်ဖျက်ပြီးနောက် လီဖူချန်းရဲ့ဓားက စောင်းကာခုတ်လိုက်တယ်။ ဓားချီက ဧရာမနေတစ်စင်းနဲ့တူပြီး ကောင်းကင်ရေနယ်နိမိတ်စည်းတစ်ခုလုံးကို ချက်ချင်းပြည့်သွားတယ်။

ဝုန်း........

အလင်းပေါက်ကွဲမှုက ကောင်းကင်ရေနယ်နိမိတ်စည်းကို အဆုံးသတ်ခဲ့တယ်။ မျက်ကွယ်အလင်းက အစိမ်းဝတ်လူနဲ့ရုပ်ဆိုးလူတို့ရဲ့မျက်လုံးတွေထံ စူးရှတဲ့နာကျင်မှုကို ယူဆောင်လာခဲ့တယ်။ ပူပြင်းတဲ့ဓားချီတစ်ခုက သူတို့ရဲ့မျက်လုံးတွေကို ထိုးစိုက်သွားတာနဲ့ တူတယ်။

သူတို့တုံ့ပြန်နိုင်တဲ့အချိန်မှာ လီဖူချန်းက ပျောက်သွားပြီဖြစ်တယ်။

"သူက ငါ့ရဲ့လေးလံရေနယ်နိမိတ်စည်းကို တကယ် ချိုးဖြတ်ခဲ့တာလား" ရုပ်ဆိုးလူရဲ့မျက်လုံးတွေက နိမိတ်မကောင်းသဖွယ် အရောင်လက်နေတယ်။

"လိုက်" အစိမ်းဝတ်လူက လီဖူချန်းရဲ့ပုံရိပ်ကို အရင်မှတ်သားပြီးနောက် လိုက်သွားတယ်၊ ရုပ်ဆိုးလူက သူ့နောက်မှ ကပ်လိုက်လာတယ်။

ပထမဆုံးပြေးလာတဲ့သားရဲအရှင်သခင်ကတော့ အလင်းသက်ရှိနဲ့ တိုက်ခိုက်နေတုန်းပါပဲ။

မိုင်ဒါဇင်အကွာမှာ လီဖူချန်းရဲ့မြန်နှုန်းက အခုဆိုရင် အဆုံးစွန်းမှာ ရှိနေတယ်။

သူ့ရဲ့လက်ရှိခွန်အားက သာမန်အလယ်ဆင့်သူတော်စင်တွေနဲ့ နှိုင်းယှဉ်နိုင်တယ်၊ ဒါပေမယ့် အလယ်ဆင့်သားရဲအရှင်သခင်တစ်ကောင်နဲ့တတိယအဆင့်သူတော်စင်တစ်ယောက်တို့ကို တိုက်ခိုက်ဖို့က အတော်လေးခက်ခဲတယ်။ ပြီးတော့ သူတို့ရဲ့အဆင့်မှာ တစ်စုံတစ်ယောက်က သာလွန်ခွန်အားမရှိသရွေ့ အနိုင်ရသူကို ဆုံးဖြတ်နိုင်တဲ့အချက်များစွာ ရှိတယ်။

အစိမ်းဝတ်လူမှာ မယုံနိုင်စရာကောင်းလှတဲ့အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းရှိတယ်၊ အလယ်ဆင့်သားရဲအရှင်သခင်မှာတော့ ထက်မြက်တဲ့မွေးရာပါစွမ်းရည်တစ်ခု ရှိတယ်။ သူတို့ရဲ့တိုက်ခိုက်ရေးခွန်အားက လီဖူချန်းထက် မနိမ့်ကျပါဘူး၊ ဒါပေမယ့် လီဖူချန်းအနေနဲ့ သူတို့ကို ဖိနှိပ်ဖို့ကလည်း မလွယ်ပါဘူး။

ဒါပေမယ့် အရေးကြီးဆုံးအချက်က‌တော့ လူများစွာက ဦးတည်ဘက်တိုင်းမှ အပြေးအလွှားလာနေကြတာပါပဲ။

မဟုတ်ရင် လီဖူချန်းက သူတို့နဲ့ ရင်ဆိုင်ဖို့ ယုံကြည်ချက်ရှိတယ်။

***

All Chapters