ကံကြမ္မာ
Vol. 77 Ch. 1061
ချန်းရန်သည် ကမ္ဘာကြီးအတွက် ကောင်းကျိုးများသယ်ပိုးကာ နတ်ဆိုးများအား နှိမ်နင်းရန် သန္နိဋ္ဌာန်ချထား၏။
သူသည် သူတော်စင်ဂိုဏ်းထဲသို့ ရောက်သွားခဲ့ပြီး သိပ်မကြာခင်တွင် ဝိဇ္ဇာအဆင့်သို့ ဖောက်ထွက်နိုင်ခဲ့သဖြင့် အတွေ့အကြုံအသစ်များ ရှာဖွေနိုင်ရန် လောကကြီးထဲ၌ ခြေဆန့်ခဲ့သည်။ ထို့ကြောင့် သူသည် ပြင်ပကမ္ဘာကြီးထဲရှိ ဒုစရိုက်မှုများနှင့် ရှုပ်ထွေးပွေလီမှုများကို မျက်ဝါးထင်ထင် မြင်ခဲ့ရ၏။ သို့သော်လည်း သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားနှင့် သူ၏ လက်စွဲတော် ဓားလေးအား အသုံးပြုကာ ကမ္ဘာကြီး၏ ကောင်းကျိုးအား တတ်စွမ်းသမျှ သယ်ပိုးခဲ့သည်သာ ဖြစ်သည်။
သူသည် သာမန်လူပေါင်း မြောက်မြားစွာအား ကယ်တင်နိုင်ခဲ့သလို နတ်ဆိုးပေါင်းမြောက်မြားစွာအား သတ်ဖြတ်နှိမ်နင်းနိုင်ခဲ့၏။ သူ ကယ်တင်ခဲ့သည့် လူများထဲတွင် သူ၏ ဂိုဏ်းထဲမှ မိတ်ဆွေများသာမက အခြားတာအိုဂိုဏ်းများထဲမှ ကျင့်ကြံသူများလည်း ပါပေသည်။
လူအချို့မှာ စတင်ဖွားမြင်လာခဲ့သည့် အချိန်ကတည်းက တမူထူးခြားသည့် လမ်းစဉ်တစ်ခုပေါ်၌ လျှောက်ရရန် ကံပါလာခဲ့ပြီးသား ဖြစ်သည်။ ချန်းရန်မှာလည်း ထိုကဲ့သို့သော လူများထဲမှ တစ်ယောက်ဖြစ်၏။
ထို့ကြောင့် သူ သူတော်စင်ဂိုဏ်း၏ ဂိုဏ်းခွဲထဲသို့ ရောက်ရှိလာခဲ့ပြီး ဆယ်နှစ်ခန့် အကြာတွင် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ဝိဇ္ဇာအဆင့်၏ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့၏။ သူ၏ သက်တူရွယ်တူ မိတ်ဆွေများသာမက အကြီးအကဲများ အားလုံးနီးပါးကပါ သူ့အား သူ၏ မျိုးဆက်ထဲမှ ဂိုဏ်းတူအစ်ကိုကြီးအဖြစ် သတ်မှတ်ထားကြပြီဖြစ်သည်။
ထိုအချိန်တွင် သူ၏ အပြုံးမှာ အသက်ပါနေဆဲဖြစ်သလို သူသည်လည်း သူ၏ အနာဂတ်မှာ လှပနေလိမ့်မည်ဟု မျှော်လင့်ချက်အပြည့်ရှိနေဆဲပင်။ သူသည် ကမ္ဘာကြီးထဲရှိ အနိဋ္ဌာရုံပေါင်းမြောက်မြားစွာကို မြင်ခဲ့ရပြီးသည့်တိုင်အောင် သူ၏ အပြုံးမှာ ပြောင်းလဲသွားခြင်းမရှိသေးပေ။
သူ၏ မိသားစုမှာ သူ့အား ဂုဏ်ယူမဆုံးဖြစ်နေရသလို သူ၏ မိတ်ဆွေများမှာလည်း သူ့အား စံပြပုဂ္ဂိုလ်တစ်ယောက်အဖြစ် သတ်မှတ်ထားကြ၏။
" အစ်ကို ကမ္ဘာကြီးကို မပြောင်းလဲနိုင်ပေမဲ့ အစ်ကို့ရဲ့ ခံယူချက်ကို မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်ပါတယ်။ အဲဒီလို ထိန်းသိမ်းနိုင်မှပဲ ညီမလေး အစ်ကို့အတွက် အမြဲတမ်း ဂုဏ်ယူနေနိုင်မှာလေ " ၎င်းမှာ သူ ငယ်စဉ်ကတည်းက သဘောကျနှစ်သက်ခဲ့ရသည့် ဂိုဏ်းတူညီမလေးနှင့် စေ့စပ်ခဲ့စဉ်တုန်းက ပြောခဲ့သော စကား ဖြစ်ပေသည်။
ထိုစဉ်တုန်းက သူ၏ စိတ်ထဲ၌ ရည်မှန်းချက်ပေါင်းမြောက်မြားစွာ ရှိခဲ့၏။ သူသည် သူ၏ မိသားစုအား ပျော်အောင်ထားချင်ခဲ့သည်။ သူ၏ ချစ်သူအား အမြဲတမ်း ပြုံးနေစေချင်ခဲ့သည်။ သူ၏ မိတ်ဆွေများအား သူနှင့်အတူ ကြီးပြင်းလာစေချင်ခဲ့သည်။ ကမ္ဘာကြီးပေါ်ရှိ လူများ ဆင်းရဲဒုက္ခအပေါင်းမှ ကင်းဝေးကာ အမြဲတမ်း ပျော်ရွှင်နေသည်ကို မြင်ချင်ခဲ့သည်။ သူ၏ လုပ်ရပ်များကြောင့် ဤ ကမ္ဘာကြီး တဖြည်းဖြည်းနှင့် ပို၍ သာယာလှပလာသည်ကိုလည်း မြင်ချင်ခဲ့သည်...
အကယ်၍ မည်သည့်ပြောင်းလဲမှုမှ ပေါ်ပေါက်လာခဲ့ခြင်းမရှိပါက ချန်းရန်မှာ သူ၏ ကံကြမ္မာအတိုင်း အမှန်တကယ်ပင် တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်သွားခဲ့လောက်ပေသည်။ သူ၏ ရည်မှန်းချက်များမှာလည်း အထမြောက်သွားခဲ့လောက်ပေသည်။
သို့သော် တစ်ခါတစ်ရံတွင် မနက်ဖြန်၌ ကြုံတွေ့ရနိုင်သည့် အရာများကိုပင် မည်သူမှ မှန်းဆနိုင်စွမ်းမရှိပေ။ ရွေးချယ်မှုတစ်ခု ပြောင်းလဲသွားရုံနှင့် အရာအားလုံးမှာ ကမောက်ကမ ဖြစ်သွားနိုင်ပေသည်။
ချန်းရန်မှာ ဝိဇ္ဇာအဆင့်မှ ဖောက်ထွက်ကာ ဝိညာဉ်အဆင့်သို့ ရောက်သွားခဲ့ပြီးနောက် ထိုကဲ့သို့သော ရွေးချယ်မှုမျိုးနဲ့ ကြုံတွေ့ခဲ့ရ၏။
သူတော်စင်ဂိုဏ်း၏ ပင်မဂိုဏ်းမှာ သူ့အား အများကြီးမျှော်လင့်ထားသောကြောင့် ပင်မဂိုဏ်းထဲသို့ ဝင်ခွင့်ပေးခဲ့၏။
ဂိုဏ်းခွဲတစ်ခုမှ ထိပ်သီးအဆင့် ပါရမီရှင်တစ်ယောက်ဖြစ်သည့် ချန်းရန်မှာ ထိုသတင်းအား ကြားလိုက်ရသည်နှင့် စိတ်လှုပ်တရှားဖြစ်သွားခဲ့၏။ သူ၏ မိသားစုမျိုးနွယ်စုမှာလည်း ထိုနည်းတူပင်။ သို့သော် ပင်မဂိုဏ်းမှာ သူ့အား ချက်ချင်း အကြောင်းပြန်ခိုင်းခဲ့သောကြောင့် သူနှင့် သူ၏ ဂိုဏ်းတူညီမလေးတို့၏ လက်ထပ်ပွဲအား နောက်သို့ ရွှေ့ဆိုင်းခဲ့ရ၏။
" အစ်ကို ပင်မဂိုဏ်းဆီ သွားပြီး အကြောင်းပြန်ပြီးရင် အိမ်ပြန််ခွင့်တောင်းပြီးတော့ ညီမလေးကို လက်ထပ်ယူဖို့ ပြန်လာခဲ့ပါ့မယ် " ချန်းရန်မှာ ထွက်ခွာမသွားခင်တုန်းက သူ၏ ဂိုဏ်းတူညီမလေးအား ကတိပေးခဲ့၏။ ထို့နောက် သူသည် သူမအား နူးညံ့သိမ်မွေ့သော မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ သူမ၏ နဖူးအား ဖွဖွလေး နမ်းလိုက်ပြီးနောက် ထွက်ခွာသွားတော့သည်။
သို့သော် သူသည် ထိုကတိအား မတည်နိုင်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ချန်းရန်မှာ ပင်မဂိုဏ်းထဲ၌ သူ၏ ဘဝတစ်လျှောက်လုံး အရိပ်မည်းကြီးတစ်ခုကဲ့သို့ စွဲထင်ကျန်ရစ်နေမည့် အဖြစ်ဆိုးကြီးတစ်ခု သူ့အား စောင့်ဆိုင်းနေခဲ့သည်ကို မသိထားသောကြောင့်ပင်...
သူ ပင်မဂိုဏ်းဆီသို့ ရောက်သွားသည်နှင့် သူနှင့် အခြား ဂိုဏ်းခွဲများမှ ရောက်လာကြသည့် ပါရမီရှင်ကိုးဆယ့်ကိုးယောက်မှာ အမေးအမြန်းမရှိ အကျဉ်းချခံလိုက်ရ၏။
သူတို့အား အကျဉ်းချလိုက်သည့်နေရာမှာ သွေးအကျဉ်းထောင် ဖြစ်ပေသည်။
၎င်းမှာ ဆိုးယုတ်မှုများဖြင့် ပြည့်နှက်နေသည့် အကျဉ်းထောင်တစ်ခု ဖြစ်ပေသည်။ သူတို့ ထိုအကျဉ်းထောင်ထဲသို့ ရောက်သွားသည်နှင့် သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများမှာ ဖိနှိပ်ချုပ်တည်းခံလိုက်ရ၏။ ထို့နောက် အေးစက်စက် စကားသံကြီးတစ်သံ ထွက်ပေါ်လာပြီး ထိုအကျဉ်းထောင်ထဲရှိ တစ်ခုတည်းသော စည်းမျဥ်းမှာ သတ်ဖြတ်ခြင်းသာဖြစ်ကြောင်း သူတို့အား အသိပေးလိုက်သည်။
သူတို့မှာ အချင်းချင်း သတ်ဖြတ်ရမည်ဖြစ်သလို တစ်ရက်လျှင် အနည်းဆုံး လူတစ်ယောက် သတ်ဖြတ်ရမည်လည်း ဖြစ်သည်။ သို့မှသာ စားစရာများနှင့် ဝိညာဉ်ကျောက်တုံးများ ရရှိနိုင်မည်ဖြစ်ပြီး အားအင်များ ပြန်လည်ဖြည့်တင်းနိုင်မည်ဖြစ်သည်။
သို့သော် ထိုကဲ့သို့ မသတ်ဖြတ်နိုင်သည့် လူများအတွက်မူ... သူတို့ အသက်သေဆုံးသွားချိန်တွင် သူတို့၏ မိသားစုဝင်များ၊ မိတ်ဆွေများနှင့် သူတို့နှင့် ပတ်သက်ခဲ့သမျှ လူတိုင်းမှာ ကွပ်မျက်ခံလိုက်ရမည်ဖြစ်သည်။
အကယ်၍ သေဆုံးသွားခဲ့ခြင်းမရှိသလို ပေးထားသည့်တာဝန်ကိုလည်း ပြီးမြောက်အောင်ဆောင်ရွက်နိုင်ခြင်း မရှိလျှင်မူ သူတို့မှာ သူတို့၏ မိသားစုဝင်များနှင့် မိတ်ဆွေများ သေဆုံးသွားသည့်မြင်ကွင်းကို ကိုယ်တိုင်ကြည့်ရှုရမည်ဖြစ်သည်။
ထို ပါရမီရှင် အယောက်တစ်ရာထဲမှ တစ်ယောက်သာ ကျန်တော့သည့်အချိန်တွင် အကျဉ်းထောင်တံခါးအား ဖွင့်ပေးမည်ဖြစ်သည်။
ထို စကားသံကြီးကြောင့် ပါရမီရှင် အယောက်တစ်ရာစလုံးမှာ တုန်လှုပ်ချောက်ချားသွားကြ၏။ ချန်းရန်မှာမူ ထို ဖြစ်ရပ်ကြီးတစ်ခုလုံးမှာ လုံးဝအဓိပ္ပါယ်မရှိကြောင်း ခံစားနေရသည်။ သို့သော်လည်း သူတို့အားလုံး မည်ကဲ့သို့ပင် အသနားခံခဲ့စေကာမူ၊ ထွက်ပေါက်တစ်ခုအား ရှာတွေ့နိုင်ရန် မည်မျှပင် ကြိုးစားခဲ့စေကာမူ ... အချည်းနှီးပင်။
ပထမနေ့ ကုန်ဆုံးသွားပြီးနောက် ပါရမီရှင် အချို့မှလွဲ၍ လူအများစုမှာ မည်သူ့ကိုမှ သတ်ဖြတ်ခဲ့ခြင်းမရှိပေ။ ထိုသို့ဖြင့် ညဉ့်နက်ချိန်သို့ ရောက်လာသောအခါ ချန်းရန်မှာ သူ၏ရှေ့၌ တုန်လှုပ်ချောက်ချားဖွယ်ရာ မြင်ကွင်းကြီးတစ်ခု ပေါ်ပေါက်လာသည်ကို မြင်လိုက်ရတော့သည်။
၎င်းမှာ ပေးထားသည့် တာဝန်အား ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ခြင်းမရှိသော ပါရမီရှင်တိုင်း၏ အသိစိတ်ထဲတွင် ပုံရိပ်တစ်ခုအဖြစ် တိုက်ရိုက်ပေါ်ပေါက်လာသည့် နတ်ဘုရားစွမ်းရည်တစ်ခု ဖြစ်ပေသည်။ သူတို့မှာ ထိုပုံရိပ်များထဲ၌ မြင်ကွင်းအမျိုးမျိုးကို မြင်လိုက်ရ၏။
ချန်းရန်မှာ သူ၏ ဖခင်ဖြစ်သူ သနားစရာကောင်းစွာ အော်ဟစ်မြည်တမ်းနေရင်း အရိုးတခြားအသားတခြား ဖြစ်သွားပြီး ဇီဝိန်ချုပ်သွားသည့်မြင်ကွင်းကို မြင်လိုက်ရခြင်း ဖြစ်သည်။
သူသည် မယုံကြည်နိုင်လောက်အောင် ဖြစ်နေသောကြောင့် ထိုမြင်ကွင်းမှာ အတုအယောင်တစ်ခုသာ ဖြစ်ရမည်ဟု မှတ်ယူလိုက်၏။ သူသည် ပင်မဂိုဏ်း၏ ဂိုဏ်းသားတစ်ယောက်ဖြစ်ပြီး ပင်မဂိုဏ်းအား သစ္စာဖောက်သည့် လုပ်ရပ်မျိုး ကျူးလွန်ခဲ့ခြင်းမရှိပေ။ သို့ဖြစ်ရာ သူသည် ယခုကဲ့သို့သော ဖြစ်ရပ်မျိုးနှင့် ကြုံစရာအကြောင်း မရှိပေ။
" ဒါ ပင်မဂိုဏ်းထဲကို ဝင်ခွင့်ရဖို့ စမ်းသပ်နေတာပဲဖြစ်မှာ။ ပုံရိပ်ယောင် တစ်ခုပါပဲ "
ချန်းရန်သည် ထို အခြင်းအရာများ အားလုံးမှာ လုံးဝမဖြစ်နိုင်ကြောင်း ထပ်ကာတလဲလဲ ရေရွတ်နေ၏။ ထို့အပြင် သူသည် အခြားပါရမီရှင်များကိုပါ လိုက်ပြောခဲ့သေးသည်။ အချို့မှာ သူ၏ စကားများကို ယုံကြည်ကြပါသော်လည်း အများစုမှာမူ နှုတ်ဆိတ်လာကြပြီ ဖြစ်သည်။ ထိုသို့ဖြင့် သူတို့မှာ တဖြည်းဖြည်းနှင့် လူစုကွဲသွားကြ၏။ ထို့အပြင် သူတို့မှာ နှလုံးသားထဲရှိ ဒွိဟစိတ်များကြောင့် မျက်ဝန်းများထဲ၌ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ တောက်ပလာကြတော့သည်။ ထို့ကြောင့် သူတို့မှာ ဖိအားများ ခံစားလာရပြီး ပုန်းကွယ်နိုင်မည့် နေရာများအား လိုက်လံရှာဖွေနေကြပြီ ဖြစ်သည်။
ချန်းရန်မှာလည်း ထိုကဲ့သို့ ခံစားနေရ၏။ ဒုတိယနေ့တွင် သူ့အား သတ်ဖြတ်ရန် ကြိုးစားခဲ့သည့် လူအရေအတွက် ပိုများလာခဲ့ပါသော်လည်း လူအများစုမှာမူ နှုတ်ဆိတ်နေကြဆဲပင်။ သို့သော် သန်းခေါင်းယံအချိန်သို့ ရောက်လာပြီး ပုံရိပ်များ ထပ်၍ ပေါ်ပေါက်လာချိန်တွင် လူအချို့မှာ ပူဆွေးသောကရောက်နေသည့် လေသံများဖြင့် ဒေါသတကြီး အော်ဟစ်မြည်တမ်းလိုက်ကြတော့သည်။
" ဘာလို့လဲ၊ ဘာလို့လဲ၊ ဘာလို့လဲကွ "
" ငါ ပင်မဂိုဏ်းအပေါ် အမြဲတမ်းသစ္စာရှိခဲ့တာပါ။ ပင်မဂိုဏ်းက ငါ့ရဲ့ အိမ်လိုပါပဲ။ အဲတာကို ဘာလို့ အခုလိုလုပ်နေရတာလဲ "
ချန်းရန်မှာ သူ၏ ဘေးနားတစ်ဝိုက်ရှိ လူများ၏ အော်ဟစ်မြည်တမ်းသံများကို နားထောင်ရင်း အသားများ တဆတ်ဆတ် တုန်ရီလာရ၏။ သူ၏ အသိစိတ်ထဲတွင်မူ သူ၏ ဦးလေးဖြစ်သူ သူ၏ ဖခင်အတိုင်း နှိပ်စက်ခံခဲ့ရပြီး အသေဆိုးနှင့် သေဆုံးသွားခဲ့သည့် မြင်ကွင်းကို မြင်ခဲ့ရသည်။
" အတုအယောင်တွေ... ဒါတွေအကုန်လုံးက အတုအယောင်တွေပါ "
ချန်းရန်မှာမူ ၎င်းမှာ ပင်မဂိုဏ်း၏ စမ်းသပ်မှုတစ်ခုသာဖြစ်ကြောင်း သူ့ကိုယ်သူ နှစ်သိမ့်နေဆဲပင်။
ထိုသို့ဖြင့် တတိယနေ့၊ စတုတ္ထနေ့နှင့် ပဉ္စမနေ့များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွား၏။ ချန်းရန်မှာ ဆံပင်များ ရှုပ်ပွနေပြီဖြစ်သလို သူ ရှာဖွေထားခဲ့သည့် နေရာတစ်ခုတွင် ပုန်းနေရပြီ ဖြစ်သည်။ လွန်ခဲ့သည့် သုံးရက်အတွင်းတွင် သူသည် သူ ချစ်မြတ်နိုးရသည့် လူများ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားခဲ့သည်ကို မြင်ခဲ့ရ၏။ တစ်ချိန်ထဲမှာပင် သူသည် အခြားသူများအား သတ်ဖြတ်ရန် ဆုံးဖြတ်ခဲ့ကြသည့် ပါရမီရှင်များအားလုံး နှုတ်ဆိတ်သွားကြသည့် အချက်ကိုလည်း သတိထားမိလိုက်သေးသည်။ ယခုတွင် သူတို့မှာ အဖွဲ့နှစ်ဖွဲ့ ကွဲနေပြီဖြစ်သည်။
တစ်ဖွဲ့မှာ ချန်းရန်ကဲ့သို့ အခြားမည်သူ့ကိုမှ သတ်ဖြတ်ခဲ့ခြင်းမရှိသော အဖွဲ့ဖြစ်ပြီး အခြားတစ်ဖွဲ့မှာမူ ဒုတိယနေ့ကတည်းက ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခဲ့ကြသည့် အဖွဲ့ဖြစ်သည်။
ဒုတိယအဖွဲ့မှာ တဖြည်းဖြည်းနှင့် ပို၍ကြီးမားလာ၏။ သူတို့ မြင်ခဲ့ရသည့် ပုံရိပ်များကြောင့်ဖြစ်စေ၊ စားစရာများ လိုချင်သောကြောင့်ဖြစ်စေ သို့မဟုတ် ဖိနှိပ်ချုပ်တည်းခံထားရသည့် ကျင့်ကြံခြင်းစွမ်းအားများအား ပြန်လည်ဖြည့်တင်းနိုင်ရန်အလို့ငှာ ဝိညာဉ်ကျောက်တုံးများ လိုချင်သောကြောင့်ဖြစ်စေ၊ သူတို့ အခြားသူများအား သတ်ဖြတ်ရန် ဆုံးဖြတ်ခဲ့ရသည့် အကြောင်းရင်းများမှာ အမျိုးမျိုးရှိပေသည်။
နဝမနေ့တွင် လူငယ်လေးတစ်ယောက်မှာ ချန်းရန် ပုန်းကွယ်နေသည့်နေရာ၌ ပေါ်ပေါက်လာခဲ့၏။ သူ၏ မျက်ဝန်းများထဲတွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ တောက်ပနေသည်။
ချန်းရန်မှာ ထိုလူငယ်လေးအား မှတ်မိနေ၏။ သူသည် ချန်းရန်အတိုင်း ဤ နေရာကြီးမှာ ပုံရိပ်ရောင်နယ်မြေတစ်ခုသာဖြစ်ကြောင်း ယုံကြည်ထားခဲ့သည့် လူတစ်ယောက် ဖြစ်သည်။ သို့သော် ယခုတွင်မူ သူသည် မယုံကြည်တော့သည့်ပုံပင်။
" ချန်းရန်။ မင်းက ဒီ ဖြစ်ရပ်တွေအကုန်လုံးက ပင်မဂိုဏ်းရဲ့ စမ်းသပ်မှုတစ်ခုပဲလို့ အခုထိ ယုံနေတုန်းဆိုမှတော့ မင်းကို သတ်ခွင့်ပြုပါ။ ငါ မင်းကို ဒီ အကျဉ်းထောင်ကြီးထဲကနေ လွတ်မြောက်သွားအောင် လုပ်ပေးမယ်။ အဲတာဆိုရင် မင်းလည်း အဖြေမှန်ကို ရှာတွေ့နိုင်သွားမှာလေ "
" တကယ်လို့ မင်း ဒီနေရာမှာ သေသွားခဲ့ပြီးတော့ ပင်မဂိုဏ်းထဲမှာ နိုးထလာခဲ့ရင်တောင် အဆိုးဆုံး ဒီ စမ်းသပ်ပွဲကို မကျော်ဖြတ်နိုင်ခဲ့တာလောက်ပဲ ရှိမှာပါ " ထိုလူငယ်လေးမှာ ထိုသို့ ဆိုလိုက်ပြီးနောက် ချန်းရန်ဆီသို့ တစ်လှမ်းချင်းစီ လျှောက်လှမ်းလာတော့သည်…