← Chapters

ချန်းရန်

Vol. 77 Ch. 1062

ချန်းရန်

Vol. 77 Ch. 1062

ချန်းရန်မှာ အသက်မသေချင်သေးပေ။

သူသည် အရာအားလုံးမှာ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သည်ဟု သူ့ကိုယ်သူ နှစ်သိမ့်နေခဲ့ပါသော်လည်း ထိုလူငယ်လေး သူ့အား လည်ပင်းညှစ်လိုက်သည့်အချိန်တွင် အသက်ရှူကျပ်လာသည့် ခံစားချက်များနဲ့ သေမင်းအငွေ့အသက်များကို ခံစားလိုက်ရသဖြင့် ပြန်လည်ခုခံလိုက်ဆဲပင်။

သူတို့နှစ်ယောက်မှာ ကျင့်ကြံခြင်းစွမ်းအားများ ဖိနှိပ်ချုပ်တည်းခံထားရသည်ဖြစ်ရာ မှော်စွမ်းရည်များ ထုတ်သုံးနိုင်စွမ်းမရှိကြချေ။ ထို့ကြောင့် သူတို့မှာ ချန်းရန် ပုန်းအောင်းနေခဲ့သည့် ဂူလေးတစ်လုံးနှင့် တူသည့်နေရာတွင် လုံးထွေးသတ်ပုတ်နေကြတော့သည်။ နောက်ဆုံးတွင် ချန်းရန် အနိုင်ရရှိသွားခဲ့၏။

သူသည် မျက်လုံးတစ်ဖက် ကန်းသွားခဲ့ပါသော်လည်း ထိုလူငယ်လေး၏ လည်ပင်းရိုးအား ချိုးနိုင်ခဲ့၏။

သို့သော် ထိုလူငယ်လေး၏ အသက်ငင်နေသည့် မျက်ဝန်းများထဲရှိ ပူဆွေးသောကများနှင့် သူ သေမသွားခင် သူ၏ နှုတ်မှ ထွက်လာသည့် နောက်ဆုံးစကားများကြောင့် ချန်းရန်မှာ ကြက်သေသေသွားရ၏။

" ခဏနေရင် ဘယ်အရာက အစစ်အမှန်လဲ ဘယ်အရာက အတုအယောင်လဲဆိုတာ မင်း နားလည်သွားတော့မှာပါ "

ထိုစကားလုံးများမှာ သန်းခေါင်းယံအချိန်သို့ ရောက်သွားသည့်အချိန်အထိ ချန်းရန်၏ အသိစိတ်ထဲ၌ ပဲ့တင်ထပ်နေခဲ့၏။ ထိုနေ့ညတွင် သူသည် ပထမဆုံးအကြိမ်အဖြစ် သူ၏ မိတ်ဆွေများနှင့် မိသားစုဝင်များ သေဆုံးသွားခဲ့သည့် မြင်ကွင်းကို မမြင်ခဲ့ရပေ။ သို့သော် အဘိုးကြီးတစ်ယောက် ပေါ်ပေါက်လာခဲ့၏။

ချန်းရန်မှာ ထိုအဘိုးကြီးအား လုံးဝမမြင်ဖူးပါသော်လည်း သူ၏ ပုံစံတူ ရုပ်တုတစ်ခုအား မြင်ဖူးထားပြီးသား ဖြစ်သည်။ ထိုအဘိုးကြီးမှာ သူတော်စင်ဂိုဏ်း၏ တည်ထောင်သူ စကြဝဠာကြီးထဲရှိ နတ်ဝိဇ္ဇာခြောက်ပါးထဲမှ တစ်ပါးဖြစ်ပေသည်။ သူတော်စင်ဂိုဏ်းသား အားလုံးမှာ သူ့အား သူတော်စင်နတ်ဝိဇ္ဇာခေါင်းဆောင်ကြီးဟု ခေါ်ကြ၏။

" ဒီကစားပွဲထဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီးတော့ တာဝန်တစ်ခုကို ပြီးမြောက်အောင် လုပ်နိုင်တဲ့လူတိုင်း ငါ့ရဲ့ ပုံရိပ်ယောင်ကို မြင်ခွင့်ရှိတယ် "

" ဘာကိုမှ မေးခွန်းမထုတ်နဲ့။ ဘာကိုမှလည်း မျှော်လင့်မနေနဲ့။ ဒါ စမ်းသပ်ပွဲမဟုတ်ဘူး။ မင်း မြင်ခဲ့ရသမျှ အရာအားလုံးက အစစ်အမှန်တွေချည်းပဲ။ မင်းရဲ့ မိတ်ဆွေတွေနဲ့ မိသားစုဝင်တွေ သေသွားတာကို မြင်ရရင်လည်း သူတို့ တကယ်သေသွားတာလို့မှတ် "

" ယုံတာမယုံတာ မင်းအပိုင်းပဲ။ တကယ်လို့ ဒီကစားပွဲထဲမှာ ဆက်ပြီးတော့ မပါချင်တော့ဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ် သတ်သေရင်သတ်သေ ဒါမှမဟုတ် တခြားတစ်ယောက် သတ်တာကိုခံလိုက်။ ဒါပေမဲ့ ဆက်ပြီးတော့ ပါချင်တယ်ဆိုရင်တော့ လူအယောက်တစ်ရာ သတ်ပြီးတဲ့အချိန်ကျရင် မင်း သိချင်တဲ့ အဖြေရဲ့ တစ်စိတ်တစ်ပိုင်းကို ငါ ပြောပြမယ် "

" အဲဒီလိုပဲ မင်း အယောက် တစ်ထောင်၊ အယောက်တစ်သောင်း၊ အယောက်တစ်သိန်း၊ အယောက်တစ်သန်း၊ အယောက်ဆယ်သန်းအထိ သတ်ပြီးသွားတဲ့ အချိန်တွေကျရင်လည်း မင်းသိချင်တဲ့ အဖြေကို နည်းနည်းချင်းစီ ခွဲပြီးတော့ပြောပြမယ်။ နောက်ဆုံးကျရင်... ငါ့ဆီကနေ ဘယ်သူ အဖြေတစ်ခုလုံးကို သိသွားမလဲဆိုတာကိုတော့ ငါလည်း မသိဘူး "

ထို့နောက် ထိုပုံရိပ်ကြီးမှာ ပျောက်ကွယ်သွား၏။ ချန်းရန်မှာမူ မှိုင်တွေငေးငိုင်ကာ ထိုနေရာ၌ အချိန်အကြာကြီး မလှုပ်မယှက် ရပ်နေတော့သည်။ နောက်ဆုံးတွင် သူသည် သူ ပုန်းကွယ်နေခဲ့သည့် နေရာမှ ပြန်ထွက်လာ၏။ သူ၏ မျက်ဝန်းများမှာ ယခင်တုန်းကထက် အနည်းငယ်ခန့် ပို၍ မှေးမှိန်သွားခဲ့ပါသော်လည်း တောက်ပနေဆဲပင်။

ရက်အနည်းငယ်ခန့် ကုန်ဆုံးသွားပြီးနောက် ပါရမီရှင်အယောက်တစ်ရာထဲမှ ကိုးဆယ်ရာခိုင်နှုန်းနီးပါးမှာ သေဆုံးသွားခဲ့ပြီဖြစ်သည်။ ထိုအချိန်တွင် ထို အကျဉ်းထောင်ထဲသို့ နောက်ထပ် ကျင့်ကြံသူအယောက်တစ်ရာ ထပ်၍ ရောက်ရှိလာ၏။

ထိုသို့ဖြင့် တစ်ရက်လျှင် တစ်ယောက်နှုန်း သတ်ရသည့် နောက်ထပ် သတ်ဖြတ်ပွဲကြီးတစ်ပွဲ ထပ်၍ စတင်သွားတော့သည်။

ရက်အနည်းငယ် ကုန်ဆုံးပြီးသွားတိုင်း နောက်ထပ် လူအယောက်တစ်ရာ ထပ်၍ ရောက်ရှိလာသည်သာ ဖြစ်သည်။ ထို့ကြောင့် သွေးအကျဉ်းထောင်၏ အရောင်မှာလည်း လုံးဝ အနီရောင်ပြောင်းသွားတော့သည်။ မြေပြင်ကြီးပင်လျှင် သွေးစ အသားစများဖြင့် ဖုံးလွှမ်းနေ၏။ လေထုထဲရှိ အပုပ်နံ့များနှင့် သေမင်းအငွေ့အသက်များမှာလည်း တစ်ရက်ပြီးတစ်ရက် ပို၍ အားကောင်းလာသည်။

ထို သတ်ပွဲကြီးမှာ အဆုံးမရှိသည့်အလားပင်။ လူတစ်ယောက်တည်းသာ အသက်ရှင်ကျန်ရစ်ခဲ့သည့် အချိန်သို့လည်း ရောက်သွားမည့်ပုံမပေါ်ပေ။ အဘယ်ကြောင့်ဆိုသော် လူတစ်ယောက်မှာ တစ်ရက်အတွင်း ဒုတိယမြောက် လူတစ်ယောက်အား သတ်ဖြတ်မိလိုက်သည်နှင့် မျက်လုံးဖြင့်မမြင်နိုင်သည့် စွမ်းအားတစ်မျိုး ပေါ်ပေါက်လာပြီး ထိုသတ်ဖြတ်သူအား အားအင်ချည့်နဲ့သွားအောင် လုပ်လိုက်သဖြင့် ဆက်လက်သတ်ဖြတ်နိုင်ရန်မှာ မလွယ်ကူသောသောကြောင့်ပင်။ နောက်ဆုံးတွင် ထို ကျင့်ကြံသူမှာ ထိုနေ့အတွက် သတ်ဖြတ်ခွင့်ရှိသေးသည့် အခြားကျင့်ကြံသူတစ်ယောက်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရမည်ဖြစ်သည်။

ထို့ကြောင့် ထိုဖြစ်စဉ်ကြီး တစ်ခုလုံးမှာ အိပ်မက်ဆိုးကြီးတစ်ခု သံသရာလည်နေသကဲ့သို့ပင်။

ထိုသို့ဖြင့် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွား၏။ ချန်းရန်မှာ နားရွက်များမရှိတော့သလို သူ၏ နှာခေါင်းပေါ်တွင် အကျည်းတန်လွန်းသည့် အမာရွတ်ကြီးတစ်ခုက နေရာယူထားပြီ ဖြစ်သည်။ သူ၏ ခြေထောက်တစ်ဖက်မှာလည်း ကျိုးနေပြီ ဖြစ်သည်။

သူ ထိုကဲ့သို့ပေးဆပ်ကာ လူအယောက်တစ်ရာအထိ သတ်ဖြတ်ခဲ့ပြီးနောက် သူတော်စင်နတ်ဝိဇ္ဇာခေါင်းဆောင်ကြီး၏ ပုံရိပ်မှာ သူ၏ အသိစိတ်ထဲ၌ ပြန်လည်ပေါ်ပေါက်လာ၏။

" ဘဝဆိုတာ ဘာလဲ။ လူလေးတို့ ငါ့ရဲ့ စကားသံကိုကြားနိုင်ရင် အဲဒီမေးခွန်းကို သေသေချာချာ စဉ်းစားကြည့်ကြ။ မင်းတို့တွေ လူအယောက် တစ်ထောင် သတ်ပြီးတဲ့အချိန်ကျရင် ငါ့ရဲ့အတွေးအမြင်ကို ပြောပြမယ် "

ထို ပုံရိပ်ကြီးမှာ ထိုစကားများကို ပြောခဲ့ပြီးနောက် ပျောက်ကွယ်သွားသည်။

ချန်းရန်၏ ညာဘက်မျက်လုံးထဲတွင် အလင်းရောင်ဟူ၍ သိပ်မကျန်တော့ပေ။ သူ ထိုစကားများကို ကြားလိုက်ရပြီး သူတော်စင်နတ်ဝိဇ္ဇာခေါင်းဆောင်ကြီးအား မြင်လိုက်ရချိန်တွင် သူ ချစ်မြတ်နိုးရသည့် လူများ အသေဆိုးနှင့် သေသွားခဲ့ရသည်ကိ့ မြင်ခဲ့ရပြီး မဟုတ်ပါလော။ ထို့အပြင် သူသည် မတော်တဆမှုအမျိုးမျိုးနှင့် ကြုံတွေ့ခဲ့ရသဖြင့် အခြားသူများနှင့် ပြိုင်၍ သတ်ဖြတ်နိုင်စွမ်းလည်း မရှိတော့ပေ။ ထို့ကြောင့်လည်း သူသည် သူ ချစ်မြတ်နိုးရသည့်လူများ သေဆုံးသွားခဲ့ရသည်ကို ကြည့်ရှုခဲ့ရခြင်းဖြစ်သည်။

သူ၏ အမေလည်း သေဆုံးသွားခဲ့ပြီဖြစ်သလို သူ၏ အဘိုးလည်း သေဆုံးသွားခဲ့ပြီဖြစ်သည်...

သူ ချစ်ရသည့် လူတစ်ယောက် သေဆုံးသွားသည့်အချိန်တိုင်း သူ၏ ညာဘက်မျက်လုံးထဲမှ အလင်းရောင်များမှာ တဖြည်းဖြည်းနှင့် မှေးမှိန်ပျောက်ကွယ်သွားခဲ့ရ၏။ သူသည် ထိုကဲ့သို့သောနေ့ရက်များကို တစ်ရက်ပြီးတစ်ရက် ကျော်ဖြတ်ခဲ့ရပြီး ရက်ပေါင်းမည်မျှ ကုန်ဆုံးသွားမှန်းကိုပင် မသိတော့ပေ။ တစ်ရက်တွင် သူ ချစ်ရသည့် လူများထဲမှ နောက်ဆုံးတစ်ယောက် သေဆုံးသွားသည့်မြင်ကွင်းမှာ သူ၏ အသိစိတ်ထဲ၌ ပေါ်ပေါက်လာ၏။ သူ၏ မျက်လုံးထဲရှိ အလင်းရောင်မှာမူ အချိန်မရွေး ငြိမ်းသွားတော့မည့် မီးတောက်တစ်ခုကဲ့သို့ပင်။

ထိုအချိန်တွင် ချန်းရန်မှာ သွေးရောင်လွှမ်းနေသည့် အကျဉ်းထောင်ကြီးထဲ၌ သူတော်စင်နတ်ဝိဇ္ဇာခေါင်းဆောင်ကြီး၏ ပုံရိပ် တတိယအကြိမ်အဖြစ် ပေါ်ပေါက်လာသည်ကို မြင်လိုက်ရ၏။

" ဘဝဆိုတာ... သေချာရေရာမှု မရှိတဲ့ အရာတစ်ခုပါပဲ။ ပြက်လုံးတစ်ခုထက် မပိုပါဘူး။ စကြဝဠာကြီးဆီမှာ အချိန်သိပ်မကျန်တော့တဲ့ပုံပဲ။ နှစ်ပေါင်းသုံးဆယ်အတွင်းမှာ ပျောက်ကွယ်သွားပြီးတော့ အသစ်ပြန်လည်မွေးဖွားလာမှာ... ငါတို့အတွက် အခမ်းအနားတစ်ခုလိုတယ်။ နတ်ဘုရားတစ်ပါးကို သတ်ဖို့ အခမ်းအနားတစ်ခုပေါ့ "

ယခုအကြိမ်တွင်မူ သူတော်စင်နတ်ဝိဇ္ဇာခေါင်းဆောင်ကြီး၏ စကားများထဲ၌ သတင်းအချက်အလက်များ အမြောက်အမြား ပါနေ၏။ သို့သော် ချန်းရန်မှာ ထိုစကားများကို ကြားလိုက်ရသည့်တိုင်အောင် အမူအရာပြောင်းလဲသွားခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ရက်အနည်းငယ်အကြာတွင် နောက်ထပ်အသစ်ရောက်ရှိလာသည့် ကျင့်ကြံသူအယောက်တစ်ရာထဲ၌ သူ ရင်းရင်းနှီးနှီးမြင်ဖူးနေသည့် လူတစ်ယောက်အား မြင်လိုက်ရသောကြောင့်ပင်။

" ဂိုဏ်းတူညီမလေး ... " ၎င်းမှာ ချန်းရန် လူတစ်ယောက်အား သတ်ဖြတ်ခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ပြောလိုက်သည့် စကားဖြစ်ပေသည်။ သူသည် ထိုသို့ ရေရွတ်မိလိုက်ပြီးနောက် အသားများ တဆတ်ဆတ် တုန်ရီလာ၏။ သူ၏ မျက်လုံးမှာလည်း ပြန်လည် ဝင်းလက်တောက်ပလာပြီး ၎င်းထဲ၌ လွမ်းဆွတ်တမ်းတနေသည့် အရိပ်အယောင်များ ပြန်လည်ပေါ်ပေါက်လာတော့သည်။

သူတို့နှစ်ယောက်မှာ စေ့စပ်ထားကြသည့်လူများ ဖြစ်ပါသော်လည်း ယခုတွင်မူ သွေးရောင်လွှမ်းနေသည့် ဤ အကျဉ်းထောင်ကြီးထဲ၌ ပြန်လည်ဆုံတွေ့လိုက်ရ၏။ ထိုနေရာတွင် နွေးထွေးမှု အငွေ့အသက်များ ရှိမနေသင့်ပါသော်လည်း သူ၏ ဂိုဏ်းတူညီမလေး ပေါ်ပေါက်လာသည်နှင့် အသက်သေဆုံးကာ လောကကြီးထဲမှ ပျောက်ကွယ်သွားတော့မည့်ပုံ ပေါက်နေခဲ့သည့် ချန်းရန်မှာ စိတ်ဓာတ်များ ပြန်လည်တက်ကြွလာတော့သည်။ အဘယ်ကြောင့်ဆိုသော် သူမသည် သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်နေသောကြောင့်ပင်။

သူတို့နှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ထားကြ၏။

သူ၏ ဂိုဏ်းတူညီမလေး ရောက်ရှိလာမှုကြောင့် သူ့အတွက် အရာအားလုံးမှာ ရှင်းလင်းပြတ်သားသွားတော့သည်။ သူတော်စင်နတ်ဝိဇ္ဇာခေါင်းဆောင်ကြီး ပြောခဲ့သည့်အတိုင်းပင်။ သူ ချစ်မြတ်နိုးရသည့် လူတိုင်းမှာ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ပြင်ပကမ္ဘာကြီးမှာလည်း ကြောက်ခမန်းလိလိ ပြောင်းလဲသွားခဲ့သလို ဂြိုဟ်များမှာလည်း တစ်လုံးပြီးတစ်လုံး ဆိုင်းမဆင့်ဗုံမဆင့် ပျက်စီးသွားခဲ့ကြ၏။

သက်ရှိပေါင်းမြောက်များစွာမှာလည်း အကြောင်းရင်းမရှိ အသိစိတ်ပျောက်သွားကြသည်။ ထို့အပြင် စကြဝဠာကြီးတစ်ခုလုံးမှာလည်း တုန်ရီနေသည့်အလားပင်...

ချန်းရန်မှာမူ နှုတ်ဆိတ်ကာ မလှုပ်မယှက် ရပ်နေ၏။ သူသည် ပြင်ပကမ္ဘာကြီးအကြောင်း မစဉ်းစားချင်တော့ပေ။ ဤနေရာတွင် သူ၏ ဂိုဏ်းတူညီမလေးနှင့် အတူတူနေကာ အသက်မသေအောင် အကောင်းဆုံး ကြိုးစားရုန်းကန်ရန်သာ စိတ်ကူးနေတော့သည်။

သို့သော် သူထင်မှတ်ထားသည့်အတိုင်း ဖြစ်မလာခဲ့ပေ။ သူတို့နှစ်ယောက်မှာ အလွန်အင်မတန်မှ အစွမ်းထက်သည့်တိုင်အောင် အချိန်များ ကုန်လွန်သွားသည်နှင့် ချန်းရန်၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာအသစ်များ ထပ်၍ ပေါ်ပေါက်လာ၏။ သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ ပြန်လည်ပြည့်ဖြိုးလာနေသည့်တိုင်အောင် သူ၏ ဒဏ်ရာများမှာ ပြင်းထန်လွန်းလှသောကြောင့် ၎င်းတို့အား ကုသပေးနိုင်စွမ်းမရှိတော့ပေ။ တစ်ရက်တွင် သူ အကျဉ်းချခံထားရသည့် သွေးရောင် အကျဉ်းထောင်ကြီး ပွင့်သွားတော့သည်။

အဘယ်ကြောင့်ဆိုသော် သူ အောင်မြင်သွားခဲ့သောကြောင့်ပင်။ နောက်ထပ်ကျင့်ကြံသူ အယောက်တစ်ရာ ထပ်၍ ရောက်မလာနိုင်ခင် ထို အကျဉ်းထောင်ကြီးထဲ၌ အသက်ရှင်ကျန်ရစ်သည့် ကျင့်ကြံသူဟူ၍ သူတစ်ယောက်သာ ရှိတော့ပေသည်။ သို့သော် ထိုအခြေအနေသို့ ရောက်သွားရခြင်းမှာ သူ တိုက်ခိုက်ခဲ့သောကြောင့်မဟုတ်ဘဲ... အခြားတစ်ယောက်မှာ သူ့ကိုယ်သူ သတ်သေသွားခဲ့သောကြောင့် ဖြစ်ပေသည်။

ထို အခြားတစ်ယောက်ဆိုသူမှာ... သူ၏ ဂိုဏ်းတူညီမလေး ဖြစ်သည်။

သူမသည် ထိုကဲ့သို့ သူမကိုယ်သူမ သေကြောင်းမကြံခင် လေသံတိုးတိုးလေးဖြင့် ရေရွတ်ခဲ့၏ " အစ်ကိုကြီး.... သွေးအကျဉ်းထောင် ပွင့်တော့မှာ။ အစ်ကို ဒီကမ္ဘာကြီးနဲ့... ဒီ စကြဝဠာကြီးထဲမှာ ဘာတွေ ဖြစ်နေသလဲဆိုတာကို သိခွင့်ရအောင် ညီမလေး ကူညီပေးပါ့မယ် "

ချန်းရန်မှာမူ သူမ၏ ရုပ်အလောင်းအား ရင်ခွင်ထဲ၌ ပိုက်ထားရင်း ရှိုက်ကြီးတငင် ငိုကြွေးနေ၏။ သူ၏ ငိုသံများမှာ ကျယ်လောင်လွန်းနေပြီး သူ၏ ခန္ဓာကိုယ်မှာလည်း တဆတ်ဆတ် တုန်ရီနေသည်။ သူ၏ နှလုံးသားထဲမှ နာကြည်းမှု ဝေဒနာများမှာလည်း တဖြည်းဖြည်းနှင့် ပို၍ အားကောင်းလာတော့သည်။

တစ်ချိန်ထဲမှာပင် သူသည် သွေးအကျဉ်းထောင်ကြီး ပွင့်သွားပြီး သူ၏ရှေ့၌ သွေးရောင်ကမ္ဘာကြီးတစ်ခု ပေါ်ပေါက်လာသည်ကို မြင်လိုက်ရ၏။ ၎င်းမှာ အဆုံးအစမရှိလောက်အောင် ကျယ်ပြောသော ကမ္ဘာကြီးတစ်ခုဖြစ်ပြီး သွေးပင်လယ်ကြီးတစ်စင်းဖြင့် ပြည့်နှက်နေသည်။ ထိုသွေးပင်လယ်ကြီးမှာ မရေမတွက်နိုင်လောက်အောင်များပြားသည့် ကျွန်းများဆီမှ စီးဆင်းလာကြသော သွေးများကြောင့် ပေါ်ပေါက်လာခြင်းဖြစ်သည်။

သွေးအကျဉ်းထောင်မှာ ကျွန်းငယ်လေး တစ်ကျွန်းမျှသာဖြစ်သည်။ ထို အကျဉ်းထောင်၏ အပြင်ဘက်တွင် ပို၍ပင် အရွယ်အစားကြီးမားသည့် မိုးကောင်းကင်နှင့်ကမ္ဘာမြေ အကျဉ်းထောင်ကြီး ရှိနေသေးသည်။ ၎င်းမှာ သွေးရောင်လွှမ်းနေဆဲဖြစ်ပြီး မျှော်လင့်ချက်ဟူ၍ အနည်းငယ်လေးပင် မရှိပေ။

သတ်ဖြတ်မှုများမှာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သလို ကစားပွဲ၏ စည်းမျဉ်းစည်းကမ်းမှာလည်း ပျောက်ကွယ်သွားခြင်းမရှိသေးပေ။ နေ့စဉ်နေတိုင်း တစ်ရက်လျှင် လူတစ်ယောက်နှုန်းဖြင့် သတ်ဖြတ်နေရဆဲပင်။

ပစ်မှတ်များမှာမူ ကျွန်းအသီးသီးမှ ထွက်ပေါ်လာကြသည့် ကျင့်ကြံသူများ ဖြစ်ကြပေသည်။ ထိုကဲ့သို့သော ကျွန်းများမှာ အများအပြား ရှိနေကြသောကြောင့် ချန်းရန်မှာ ကျင့်ကြံသူများကိုပင် အတိအကျ ရေတွက်နိုင်စွမ်းမရှိပေ။ သို့သော် သူနားလည်ထားသည့် အချက်တစ်ချက်တော့ ရှိပေသည်။ ထိုကစားပွဲဆိုသည့်အရာမှာ သူတော်စင်ဂိုဏ်းတစ်ခုထဲအတွက် မဟုတ်ဘဲ အခြားဂိုဏ်းများအားလုံးအတွက်ပါ ဖြစ်၏။ အသက်ငယ်ရွယ်သေးသည့် ကျင့်ကြံသူများအားလုံးမှာ ဤနေရာသို့ ပို့ခံလိုက်ရသည်သာ ဖြစ်သည်။

အကယ်၍ သူတို့ဆီတွင် ကွပ်မျက်စရာ မိသားစုဝင်များနှင့် မိတ်ဆွေများမရှိတော့ပါက သူတို့ခံစားရသည့် ပြစ်ဒဏ်မှာ ဝိညာဉ်ထဲမှ ထွက်ပေါ်လာသည့် မချိတင်ကဲ ဝေဒနာတစ်မျိုး ဖြစ်ပေသည်။

သို့ဖြစ်ရာ သူတို့မှာ နှိပ်စက်ညှဉ်းပန်းခံနေရသကဲ့သို့ပင်။

ဤ အကျဉ်းထောင်ကြီးထဲတွင် ကျင့်ကြံသူ အမြောက်အမြားရှိကြပြီး သူတို့တစ်ယောက်ချင်းစီတိုင်းမှာ လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီးမှ ဤနေရာသို့ ရောက်လာခဲ့ကြသည်မဟုတ်ပါလော။ သို့ဖြစ်ရာ သူတို့အား အလွယ်တကူ သတ်ဖြတ်နိုင်မည်တော့မဟုတ်ပေ။

ထို့ကြောင့် သူတို့မှာ အချိန်အများစုတွင် နှိပ်စက်ညှဉ်းပန်းခံနေကြရသည်သာ ဖြစ်သည်။

" ဘာတွေဖြစ်နေတာလဲ... " ချန်းရန်မှာ သူ အချိန်မည်မျှအထိ ဆက်၍ တောင့်ခံထားနိုင်စွမ်း ရှိနေမည်ကို မသိတော့ပေ။ အမှန်တွင် သူသည် သူ ထိုကဲ့သို့ ဆက်လက်တောင့်ခံထားရသည့် အကြောင်းရင်းကိုပင် မသိတော့ပေ။ သူသည် သူ့ကိုယ်သူ သေကြောင်းကြံရန်ပင် အကြိမ်ကြိမ်တွေးမိခဲ့သေးသည်။

" ငါ အဖြေကို ကြားချင်လို့ဖြစ်မယ် "

ထိုသို့ဖြင့် သူ ဒုက္ခဝေဒနာများခံစားနေရစဉ် အချိန်များကုန်ဆုံးသွား၏။ နောက်ဆုံးတွင် သူ သူ၏ တာဝန်အား ပြီးမြောက်အောင် မထမ်းဆောင်နိုင်ခဲ့သည့်မှာ အချိန်အကြာကြီး ရှိနေပြီဖြစ်ရာ သူ ခံစားနေရသည့် ဝေဒနာများကြောင့် ကျန်ရှိနေသေးသည့် သူ၏ ညာဘက်မျက်လုံးထဲမှ အလင်းရောင်များအားလုံးပင် ပျောက်ကွယ်သွားရတော့သည်။

သို့ဖြစ်ရာ သူ့အတွက် ကမ္ဘာကြီးတစ်ခုလုံးမှာ အမှောင်ဖုံးသွားသင့်ပါသော်လည်း သူသည် သွေးရောင်များကို မြင်နိုင်စွမ်းရှိနေဆဲပင်။

သို့သော်ငြားလည်း သူသည် ဆက်လက်တောင့်ခံထားဆဲပင်။ ထိုသို့ဖြင့် အချိန်အကြာကြီး ကုန်ဆုံးသွားပြီးနောက် ချန်းရန်၏ လက်မောင်းများမှာ အရည်ပျော်ကျသွားပြီဖြစ်သလို သူ၏ ခန္ဓာကိုယ်တစ်ဝက်တိတိမှာလည်း ဆွေးမြည့်ပျက်စီးသွားပြီဖြစ်သည်။ သူသည် သွေးပင်လယ်ကြီးထဲတွင် နစ်မြုပ်နေပြီး စကားလုံးများနှင့် ဖော်ပြ၍မရနိုင်သည့် ဝေဒနာများကို ခံစားနေရသည့်တိုင်အောင် သူ့ကိုယ်သူ သတ်သေခဲ့ခြင်း မရှိသောကြောင့် အသက်ရှင်နေဆဲပင်။

သူတော်စင်နတ်ဝိဇ္ဇာခေါင်းဆောင်ကြီး၏ စကားသံမှာမူ နောက်ထပ်တစ်ကြိမ် ပြန်လည်ပေါ်ပေါက်လာခြင်း မရှိတော့ပေ။ သူသည် ထိုအခြင်းအရာများ အားလုံးကို မေ့ပျောက်သွားသကဲ့သို့ပင်...

ထိုသို့ဖြင့် နှစ်ကုဋေကဋာပေါင်းများစွာ ကုန်ဆုံးသွားပြီးနောက် ကျန်ရှိနေသေးသည့် သူ၏ ခန္ဓာကိုယ်တစ်ဝက်မှာလည်း ဆွေးမြည့်ပျက်စီးသွားပြန်သည်။ ယခုတွင် သူ၏ ဦးခေါင်းတစ်ဝက်သာ ကျန်ရှိတော့၏။ သူသည် သေဆုံးသွားသင့်ပြီ ဖြစ်ပါသော်လည်း အသက်ရှိနေဆဲပင်။

ထိုအချိန်တွင် သူ၏ အသိစိတ်ထဲ၌ အေးစက်စက် စကားသံကြီးတစ်သံ ရုတ်တရက်ဆိုသလို ပဲ့တင်ထပ်သွား၏။

" တခြားလူတွေအကုန်လုံး သေသွားပြီလေ။ အဲတာကို မင်းက ဘာလို့ ဆက်ပြီးတော့ တောင့်ခံနေသေးတာလဲ "

" ဘာလို့လဲဆိုတော့ ငါ့ရဲ့နှလုံးသားထဲမှာ မကျေနပ်ချက်တွေ ရှိနေလို့ပဲ။ သူတော်စင်နတ်ဝိဇ္ဇာခေါင်းဆောင်ကြီးအပေါ် ထားရှိတဲ့ မကျေနပ်ချက်တွေ၊ လူတိုင်းအပေါ်ထားရှိတဲ့ မကျေနပ်ချက်တွေတွေ၊ ကမ္ဘာကြီးအပေါ်ထားရှိတဲ့ မကျေနပ်ချက်တွေတွေ၊ စကြဝဠာကြီးအပေါ်ထားရှိတဲ့ မကျေနပ်ချက်တွေပေါ့.... "

" ငါ မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးကို မုန်းတယ်။ သက်ရှိတွေအကုန်လုံးကိုလည်း မုန်းတယ်။ ငါ့ရဲ့ ကံကြမ္မာကိုလည်း မုန်းတယ် "

" အဲတာမလို့ ငါ... အသက်ရှင်ချင်တာပဲ။ ဒီ စကြဝဠာကြီး ပျက်စီးသွားတာကို ငါကိုယ်တိုင် မြင်ရမှဖြစ်မယ် " ချန်းရန်မှာ သူပြောနေသည့် စကားများ၏ အဓိပ္ပာယ်ကိုပင် မသိတော့ပေ။ သူသည် ရူးသွားပြီဖြစ်ကြောင်းကိုသာ သိထားသည်။

ထိုအခါ ထိုအေးစက်စက်စကားသံကြီးမှာ အချိန်အတော်အတန်ကြာအောင် နှုတ်ဆိတ်သွားသည်။ ထိုသို့ နှုတ်ဆိတ်သွားခဲ့သည်မှာ တစ်နှစ်၊ ဆယ်နှစ် သို့မဟုတ် နှစ်ပေါင်းတစ်ရာအထိ ကြာသွားခဲ့ခြင်း ဖြစ်နိုင်ပေသည်။ ထို့နောက် ထို စကားသံကြီးမှာ ထပ်၍ ထွက်ပေါ်လာ၏။

" ဒီ စကြဝဠာကြီးရဲ့ နတ်ဝိဇ္ဇာခြောက်ပါးက ငါ့ကို သတ်နိုင်မယ့် လက်နက်တစ်ခုကို ဖန်တီးချင်ကြတာ။ သူတို့က စကြဝဠာကြီး အစကပြန်စနေတဲ့ ပြဿနာကို ဖြေရှင်းချင်ကြတာလေ။ အဲတာမလို့လည်း မင်းတို့တွေအကုန်လုံး အခုလို မကျေနပ်ချက်တွေနဲ့ ပြည့်နေကြတာပဲ... "

" ဒါပေမဲ့ သူတို့ခြောက်ယောက်စလုံး မအောင်မြင်ခဲ့ပါဘူး။ နင်က သူတို့ ရွေးချယ်ခဲ့တဲ့ လူမဟုတ်လို့ နင့်ကို မေ့သွားပြီး ဒီနေရာမှာ ချန်ထားခဲ့ကြတာ။ သူတို့ခြောက်ယောက်က ဦးနှောက်မရှိတဲ့ လူတွေမလို့သာ လူမှားပြီး ရွေးခဲ့မိတာပဲ။ အဲလိုသာမဟုတ်ရင် မင်းရဲ့မကျေနပ်ချက်မျိုးနဲ့ဆို မင်း ငါ့ကို သတ်ရင်သတ်ပစ်နိုင်လောက်တယ်... "

" ဒါပေမဲ့ နောက်ဆုံးတော့လည်း ကံအကြောင်းတရားကြောင့် မင်းရဲ့ မကျေနပ်ချက်တွေနဲ့ မုန်းတီးစိတ်တွေက ငါနဲ့ ဆက်နွှယ်နေရတာပါပဲ... ငါ နောက်ဘဝမှာ ပြန်ပြီးတော့ နိုးထလာတဲ့အချိန်ကျရင် ငါ့ရဲ့ အကျင့်စရိုက်က ဘယ်လိုဖြစ်နေမလဲဆိုတာ ငါ မသိဘူး။ ဒီဘဝလိုမျိုးပဲ ဖြစ်ရင်ဖြစ်နေနိုင်တယ်။ ဒါမှမဟုတ် အရမ်းကိုမှ သနားကြင်နာတတ်တဲ့ လူတစ်ယောက်လည်း ဖြစ်ရင်ဖြစ်နေနိုင်တယ်။ ဒါပေမဲ့... မင်းသာ လက်နက်တစ်ခု ဖြစ်သွားမယ်ဆိုရင်တော့ တော်တော်လေးကို စိတ်ဝင်စားဖို့ ကောင်းနေမှာ "

" ငါ့ကို သတ်နိုင်တဲ့ လက်နက်တစ်ခု၊ မင်းရဲ့ မကျေနပ်ချက်တွေနဲ့ မုန်းတီးစိတ်တွေအားလုံးကို ပေါင်းစည်းထားတဲ့ လက်နက်တစ်ခုပေါ့ "

" ငါ အဲဒီဘဝကို စောင့်နေပါ့မယ် " ထို စကားသံကြီး ပဲ့တင်ထပ်သွားသည်နှင့် အားကောင်းသော စွမ်းအားတစ်မျိုးမှာ အရပ်မျက်နှာ အနှံ့မှနေ၍ ချန်းရန်ဆီသို့ ဦးတည်လာ၏။ ၎င်းမှာ ချန်းရန်၏ လက်ကျန်အသိစိတ်များ အားလုံးကို နေရာတစ်ခုဆီသို့ ဆွဲခေါ်သွားတော့သည်။ ထိုအချိန်တွင် ချန်းရန်မှာ သူ၏ ပတ်ပတ်လည်ရှိ ကမ္ဘာကြီးကို မမြင်ရတော့ပေ။

ထိုနေရာရှိ အရာအားလုံးမှာ မှောင်မိုက်နေ၏။ သို့ဖြစ်ရာ ၎င်းမှာ စကြဝဠာကြီးနှင့် တူပါသော်လည်း မည်သည့်အရောင်မှမရှိပေ။ ကြယ်တာရာများလည်း မရှိပေ။ ဟင်းလင်းပြင်ကြီးတစ်ခုသာ ရှိနေပြီး ထိုဟင်းလင်းပြင်ထဲတွင် အဖြူရောင် နန်းတွင်းဝတ်ရုံတစ်ခုအား ဆင်မြန်းထားသည့် အမျိုးသမီးတစ်ယောက် ရှိနေ၏။

သူမသည် တုနိုင်းမမီလောက်အောင် ချောမောလှပပြီး အေးဆေးတည်ငြိမ်မှု အပြည့်ရှိသော အမူအရာဖြင့် မတ်တတ်ရပ်နေသည်။ သူမ၏ လက်ထဲတွင်မူ မှုန်ဝါးဝါး စာအုပ်တစ်အုပ် ရှိနေ၏။ ထိုအချိန်တွင် သူမသည် သူမ၏ လက်ကို မြှောက်ကာ စာအုပ်ထဲမှ စာရွက်အား လှန်လိုက်သည်။ ထိုစာရွက်ပေါ်တွင် သက်ရှိများ အားလုံးပါသည့် ရုပ်ပုံတစ်ခုရှိနေသည်။ သို့ဖြစ်ရာ ၎င်းမှာ စကြဝဠာကြီးထဲရှိ အရာအားလုံးကို ကိုယ်စားပြုနေသည့် အလားပင်။

ယခုတွင် သူမသည် ထိုစာရွက်အား လှန်လိုက်သည်ဖြစ်ရာ အခြားစာမျက်နှာတစ်ခုသို့ ရောက်သွားတော့မည်ဖြစ်သည်။ သို့သော် ထိုအချိန်တွင် သူမ၏ လက်မှာ ရုတ်တရက်ဆိုသလို ရပ်တန့်သွား၏။

" အဲဒီ အထူးဝိညာဉ်ကို... ငါ မြင်ဖူးနေသလိုပဲ " သူမသည် ထိုသို့ တွေးကာ မျက်မှောင်ကြုတ်သွား၏။ ထို့နောက် သူမသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီး သက်ပြင်းချကာ အတိတ်ကိုပြန်ပြောင်းသတိရနေသည့် မျက်ဝန်းများဖြင့် ရေရွတ်မိလိုက်တော့သည်။

" ဪ... ဟို ဝိညာဉ်ကိုး... “

All Chapters