ကျူးနန်ရှန်
Vol. 61 Ch. 830
အဆုံးမှာတော့ ခရမ်းရောင်မိုးကြိုးသားရဲအရှင်သခင်က လီဖူချန်းရဲ့မြန်နှုန်းကို လျော့တွက်မိခဲ့တာပဲ၊ သူက မဖမ်းမိနိုင်ခဲ့ပါဘူး။
အနည်းငယ်စဉ်းစားပြီးနောက် ခရမ်းရောင်မိုးကြိုးသားရဲအရှင်သခင်က သတင်းအချက်အလက်ကို ကျူးကလန်ထံ ပို့လိုက်တယ်။ သူဆုံးရှုံးခဲ့တဲ့ရတနာက ဒီလိုအလဟဿမဖြစ်စေရဘူး။ ကျူးကလန်ကို မျက်နှာသာတစ်ချက် ပေးပြီးနောက် ကျူးကလန်က အပေးအယူကို ဒီလိုအလွယ်တကူနဲ့ ပယ်ဖျက်မှာ မဟုတ်လောက်ဘူး။ ခရမ်းရောင်မိုးကြိုးသားရဲအရှင်သခင်က ဒေါသထွက်သွားရင် ကျူးကလန်သားတွေ ပင်လယ်ပြင်ပေါ်ထွက်လာတဲ့အချိန်တိုင်း သူက ကျူးကလန်ကို နောင်တရအောင် သေချာပေါက် ပြုလုပ်ရလိမ့်မယ်။
…
သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီး၊ မီးနတ်ဘုရားတောင်။
မီးနတ်ဘုရားတောင်တန်းက သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးရဲ့နံပါတ်တစ်တောင်တန်း ဖြစ်တယ်။ တောင်တန်းအတွင်းရှိမီးတာအိုအရင်းအမြစ်ပမာဏကို ခမ်းနားလွန်းတယ်လို့တောင် ဖော်ပြရနိုင်တယ်။ မီးစွမ်းအင်ပုံဆောင်ခဲက မီးနတ်ဘုရားတောင်တန်းမှာ ပုံမှန် ထွက်ပေါ်လေ့ရှိကြတယ်။ ဒါပေမယ့် သူတို့အများစုကတော့ အဆင့်သတ်မှတ်မထားတဲ့မီးစွမ်းအင်ပုံဆောင်ခဲတွေသာ ဖြစ်ကြတယ်။ အဆင့်နိမ့်မီးစွမ်းအင်ပုံဆောင်ခဲတွေကတော့ နှစ်ပေါင်းမရေမတွက်များစွာမှသာ ဖြစ်တည်ပါလိမ့်မယ်။ အလယ်ဆင့်ပုံဆောင်ခဲတစ်ခုကတော့ ကမ္ဘာတစ်ခု ကြာပါလိမ့်မယ်။
မီးနတ်ဘုရားတောင်တန်းက သဘာဝအလျောက် ဖြစ်ပေါ်လာတာမဟုတ်ဘူးလို့ ပြောကြတယ်။ ကျူးကလန်ရဲ့အကြိုနတ်ဘုရားဘိုးဘေးက ဖြစ်ပေါ်စေခဲ့တာ။ သူက စကြာဝဠာရှိ အန္တရာယ်များတဲ့နေရာတွေ၊ အဆင့်မြင့်တိုက်ကြီးတွေမှ မီးတာအိုအရင်းမြစ်တွေ၊ အံ့ဖွယ်တောင်တန်းတွေကို စုဆောင်းခဲ့တယ်။ ပြီးနောက် အဆင့်မြင့်ဆုံးမီးတာအိုအစီအရင်ကို သုံးကာ တောင်တန်းကို ဖြစ်တည်စေခဲ့တယ်။
အတိုချုပ်အားဖြင့် မီးနတ်ဘုရားတောင်တန်းက မီးနဂါးကျွန်းထက် အရင်းမြစ်တွေ အဆများစွာ ပိုများတယ်။ ပြီးတော့ မီးနဂါးကျွန်းကို သူတော်စင်များစွာက လာရောက်ခဲ့ကြပြီး အရင်းမြစ်အများစုက လုယူခံထားရပြီး ဖြစ်တယ်။ မီးနဂါးတောင်တန်းက ကျူးကလန်သားမရေမတွက်နိုင်စွာကို မွေးထုတ်ပေးခဲ့ပြီး အရင်းမြစ်တွေကို ကြောက်စရာကောင်းစွာ သုံးစွဲခဲ့ရတယ်။ ဒါကြောင့် အစားထိုးဖို့အတွက် အခြားနေရာတွေမှ အရင်းမြစ်တွေကို လုယူခဲ့ကြရတယ်။
***
လွတ်ခဲ့တဲ့တစ်လ၊ မီးနတ်ဘုရားတောင်တန်းရဲ့နံပါတ်၂တောင်ထပ်ပေါ်ရှိ မီးဝိညာဉ်နန်းတော်ထဲမှာ .........
ဝုန်း.......
ကျူးဟိုင်ရုံပိုင်ဆိုင်တဲ့ကျောက်စာတိုင်က ရုတ်တရက် အက်ကွဲသွားတယ်။
"မီးပျော်ဘိုးဘေးရဲ့ဝိညာဉ်ကျောက်စာတိုင်က အက်ကွဲသွားတာလား" သူ့ကို လျှပ်စီးမှန်သွားသလို မီးဝိညာဉ်နန်းတော်ကိုစောင့်ကြပ်နေတဲ့ကျူးကလန်အဖွဲ့သားရဲ့အမူအရာက နေရာမှာပင် ကြက်သေသေနေခဲ့တယ်။
"မကောင်းတော့ဘူး၊ မီးပျော်ဘိုးဘေးရဲ့ဝိညာဉ်ကျောက်စာတိုင်က အက်ကွဲသွားပြီ" ပြီးနောက် ချက်ချင်းပဲ အရူးတစ်ယောက်ပမာ မီးဝိညာဉ်နန်းတော်မှ ပြေးထွက်ကာ သွေးရူးသွေးတန်း အော်လိုက်လေတယ်။
ကျူးကလန်က သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးရဲ့နံပါတ်တစ်ကလန်ဖြစ်နိုင်ပေမယ့် သူတို့မှာ သူတော်စင်ခုနှစ်ယောက်သာ ရှိတယ်။ သူတော်စင်တစ်ယောက်ရဲ့သေဆုံးခြင်းက ကျူးကလန်အတွက် ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုပါပဲ။
အချိန်တိုအတွင်းမှာ ကံကြမ္မာအခွင့်အလမ်းတွေကိုရှာဖွေနေတဲ့သူတော်စင်နှစ်ယောက်နဲ့ကျူးကလန်ရဲ့ဘိုးဘေးက လွဲပြီး ကျူးကလန်ရဲ့အခြားသူတော်စင်သုံးယောက်က မီးဝိညာဉ်နန်းတော်ထံ တစ်ဟုန်ထိုးပြေးလာကြတယ်။
သူတို့သုံးယောက်ရဲ့မျက်နှာက ဝမ်းနည်းခြင်း၊ မုန်းတီးခြင်းတွေနဲ့ ပြည့်နေတယ်။
ကျူးကလန်က တစ်ယောက်ယောက်ကို မဆုံးရှုံးခဲ့တာ အချိန်အတော်ကြပါပြီ။ ဒီတစ်ကြိမ်သေခြင်းက သူတို့သူတော်စင်တွေထဲကတစ်ယောက်ဖြစ်နေမယ်လို့ သူတို့က မမျှော်လင့်ထားခဲ့ဘူး။ ဒါက သူတို့ကို ရန်စသလို ခံစားမိနေကြတယ်။
"ကြည့်ရတာ ငါတို့ကျူးကလန်က မလှုပ်ရှားရတာ ကြာနေလို့ လူတွေက ငါတို့ရဲ့စွမ်းပကားတွေကို မေ့နေကြတာနဲ့ တူတယ်" အဖြူရောင်မီးလျှံသူတော်စင်ဖြစ်တဲ့ကျူးပူးဟဲက ကြောက်စရာကောင်းတဲ့လေသံနဲ့ ပြောလိုက်တယ်။ သူ့ရဲ့ကျင့်ကြံခြင်းက ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်ရဲ့အဆင့်၈မှာ ရှိတယ်။
"ငါတို့ကျူးကလန်ရဲ့အဖွဲ့သားကို သတ်တဲ့ဘယ်သူမဆို သေရမယ်" အေးစက်တဲ့လေသံနဲ့ပြောလိုက်တဲ့သူက အစိမ်းရောင်မီးလျှံသူတော်စင်ဖြစ်တဲ့ကျူးနန်ရှန်ပါပဲ။ သူက ကျူးကလန်ရဲ့ရှားပါးတဲ့ပါရမီရှင်တစ်ယောက်ဖြစ်ပြီး ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်ရဲ့အဆင့်၅မှာ ရှိတယ်။
"အခု အရေးကြီးဆုံးက တရားခံကို ရှာဖို့ပဲ" ပန်းမီးသူတော်စင်ဖြစ်တဲ့ကျူးဟိုင်ထန်က ပြောလိုက်တယ်။ သူမက ကျူးကလန်ရဲ့တစ်ဦးတည်းသောအမျိုးသမီးသူတော်စင်တစ်ယောက် ဖြစ်ပြီး ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်ရဲ့အဆင့်၆မှာ ရှိတယ်။
ကျူးကလန်မှာ အဆင့်နိမ့်သူတော်စင်တစ်ယောက်သာ ရှိတယ်၊ ကျန်သူတွေကတော့ အလယ်ဆင့်နဲ့အဆင့်မြင့်သူတော်စင်တွေပါပဲ။ ဒါတွေအားလုံးက ကျူးကလန်ရဲ့အကြိုနတ်ဘုရားဘိုးဘေးကပေးအပ်ခဲ့တဲ့အရင်းမြစ်တွေကြောင့် ဖြစ်တယ် ။ သို့မဟုတ်ရင် အဆင့်နိမ့်သူတော်စင်တစ်ယောက်အနေနဲ့ အလယ်ဆင့်သူတော်စင်တစ်ယောက် ဒါမှမဟုတ် အဆင့်မြင့်သူတော်စင်တစ်ယောက်ဖြစ်လာဖို့က မလွယ်ကူဘူး။ လုံလောက်တဲ့ပါရမီနဲ့ထိုးထွင်းသိမြင်မှုမရှိရင် လူတစ်ယောက်က တစ်ဘဝလုံးတောင် အဆင့်နိမ့်သူတော်စင်တစ်ယောက်အဖြစ်နဲ့ သောင်တင်နေမှာ ပုံမှန်ပါပဲ။ ပြီးတော့ ကျူးကလန်သားအားလုံးက ပါရမီရှင်တွေ မဟုတ်ပါဘူး။
မီးပျော်သူတော်စင်ကျူးဟိုင်ရုံရဲ့ဝိညာဉ်ကျောက်တိုင် အက်ကွဲပြီး မကြာခင် သွေးအလင်းတစ်ခုက မီးဝိညာဉ်နန်းတော်အထက်မှာ ပေါ်ထွက်လာတယ်။
"ဒါက သွေးလမ်းညွှန်မြှားတစ်ခုပဲ" အဖြူရောင်မီးလျှံသူတော်စင်ဖြစ်တဲ့ကျူးပူးဟဲက သူ့လက်ကို ဝှေ့ယမ်းလိုက်တယ်၊ သွေးလမ်းညွှန်မြားက သူရဲ့လက်ထဲကို ကျရောက်လာတယ်။
ကျူးကလန်ရဲ့သွေးလမ်းညွှန်မြားကို ဘာတစ်ခုမှ မခွဲထုတ်နိုင်ဘူး။ ပြီးတော့ ကျူးကလန်အဖွဲ့သားတွေမှာ အကြိုနတ်ဘုရားဘိုးဘေးရဲ့သွေးမျိုးဆက် ရှိပြီး ဒီကမ္ဘာမှာ အကြိုနတ်ဘုရားသွေးမျိုးဆက်ကို ရပ်တန့်နိုင်တာတွေက အခြေခံအားဖြင့် မရှိဘူး။
မကြာမီမှာပဲ သူတို့သုံးယောက်က ကျူးဟိုင်ရုံကို ဘယ်သူသတ်သလဲကို သိခဲ့တယ်။
ဒါပေမယ့် သူတို့က လီဖူချန်းရဲ့အဆင့်အတန်းကို မသိသေးပါဘူး၊ ဒါပေမယ့် ကျယ်ပြန်တဲ့အဆက်အသွယ်တွေ ရှိပြီး တစ်ယောက်ယောက်က သေချာပေါက် သိမှာပါ။
လီဖူချန်းရဲ့ပုံတူပန်းချီကို ဖြန့်ချိပြီးနောက် လီဖူချန်းနဲ့သက်ဆိုင်တဲ့အသေးစိတ်သတင်းအချက်အလက်တစ်ခုက နောက်တစ်နာရီမှာ ရောက်ရှိလာတယ်။
"ဒါက ရင်ဆိုင်ဖို့ အတော်လေးခက်ခဲတာပဲ။ ဒီလူက ဓားသမားအစည်းအရုံးရဲ့ပင်မအကြီးအကဲပဲ" ပန်းမီးသူတော်စင်ဖြစ်တဲ့ကျူးဟိုင်ထုံက မျက်မှောင်ကြုတ်လိုက်မိတယ်။
ဓားသမားအစည်းအရုံးက သာမန်ဂိုဏ်းတစ်ခု မဟုတ်ပါဘူး။ ဓားသမားအစည်းအရုံးမှာရှိတဲ့သူတော်စင်တွေရဲ့အရေအတွက်က ကျူးကလန်ထက် ပိုများတယ်။ သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာရှိတဲ့ဓားသမားအစည်းအရုံးရဲ့သူတော်စင်အရေအတွက်ကတောင် ကျူးကလန်ထက် ပိုများတယ်။
ဒါပေမယ့် ဂိုဏ်းတစ်ခုရဲ့ခွန်အားကို သူတော်စင်အရေအတွက်နဲ့ ဆုံးဖြတ်လို့မရပါဘူး။
ကျူးကလန်မှာ သူတော်စင်အရေအတွက်က ပိုနည်းပေမယ့် အဆုံးစွန်းအဆင့်လက်နက်တစ်ခုဖြစ်တဲ့မီးနတ်ဘုရားပုဆိန် ရှိတယ်။
(မြန်မာဘာသာပြန်သူ၏ရှင်းလင်းချက်: extremeကို အဆုံးစွန်း၊ supremeကို အန္တိမလို့ ဘာသာပြန်ခဲ့ပါတယ်၊ ဒါပေမယ့် နှစ်ခုစလုံးရဲ့အဓိပ္ပါယ်က အတူတူဖြစ်တာကြောင့် အဆုံးစွန်းတစ်ခုကိုပဲ ပုံသေသုံးသွားပါတော့မယ်။ အဆုံးစွန်းဆိုတာ ဘာလဲဆိုရင် တာအိုပဲဖြစ်ဖြစ်၊ပညာရပ်ပဲဖြစ်ဖြစ်၊ လက်နက်ပဲဖြစ်ဖြစ်၊ နည်းလမ်းပဲဖြစ်ဖြစ်.........အရာအားလုံးရဲ့နောက်ဆုံးအဆင့်ပါပဲ)
ဒီမီးနတ်ဘုရားပုဆိန်နဲ့ဆိုရင် ကျူးကလန်က သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာ နံပါတ်တစ်ကလန်အဖြစ် ခိုင်မြဲစွာ ရပ်တည်နေနိုင်ပါတယ်။
လုံးဝမလိုအပ်ဘူးဆိုရင် ကျူးကလန်က ဓားသမားအစည်းအရုံးနဲ့စစ်မဖြစ်ချင်ပါဘူး။ ဒီလိုအဆင့်စစ်ပွဲတစ်ခုက ရလဒ်တစ်ခုသာ ရှိတယ်၊ နှစ်ဖက်လုံးက သေကျေပျက်စီးကြရမှာပဲ။
"သူက အဆုံးစွန်းအဆင့်ဓားတစ်လက်ကို ပိုင်ဆိုင်တယ်" အစိမ်းရောင်မီးလျှံသူတော်စင်ဖြစ်တဲ့ကျူးနန်ရှန်ရဲ့မျက်လုံးတွေက အလိုရမက်တွေနဲ့အတူ တောက်ပလာတော့တယ်။
သူလည်း ဓားတာအိုသူတော်စင်တစ်ယောက်ပါပဲ၊ ဒါပေမယ့် သူရဲ့ဓားက ဒုတိယအဆင့်အထွတ်အထိပ်ဓားတစ်လက်သာ ဖြစ်တယ်။ အဆုံးစွန်းအဆင့်ဓားတစ်လက်နဲ့ နှိုင်းယှဉ်ရင် သေချာပေါက်အားနည်းတယ်။ သူက အဆုံးစွန်းအဆင့်ဓားတစ်လက်ကို ရရှိနိုင်ရင် သူ့ရဲ့ခွန်အားက အနည်းဆုံးဆယ်ဆ ဒါမှမဟုတ် အဆများစွာ တိုးလာပါလိမ့်မယ်။
"ဓားသမားအစည်းအရုံးနဲ့ ညှိနှိုင်းစရာမလိုဘူး။ ငါတို့က သူ့ကို တိတ်တဆိတ် သတ်ဖြတ်ဖို့သာ လိုတယ်။ ဓားသမားအစည်းအရုံးက သိသွားခဲ့ရင်တောင် သူတို့က ခိုင်မာတဲ့သက်သေအထောက်အထားမရှိဘဲနဲ့ စစ်ပွဲကို ကြေညာလိမ့်မှာ မဟုတ်ဘူး" ကျူးနန်ရှန်က အေးစက်စွာ ပြောလိုက်တယ်။
ကျူးဟိုင်ရုံအတွက်မဟုတ်ရင်တောင် ကျူးနန်ရှန်က အဆုံးစွန်းအဆင့်ဓားတစ်လက်အတွက် လီဖူချန်းကို သတ်ချင်ခဲ့တာပါ။
***
နောက်တစ်လကြာပြီးနောက် သတင်းတစ်ခုက ကျူးကလန်ထံ ရောက်ရှိလာတယ်။
"ဒါက အရူးသားရဲနန်းတော်ရဲ့ခရမ်းရောင်မိုးကြိုးသားရဲအရှင်သခင်ထံကပဲ"
ကျူးပူးဟဲရဲ့အမူအရာက အံ့ဩတကြီး ဖြစ်နေတယ်။
အရူးသားရဲနန်းတော်က ထိပ်တန်းသားရဲဂိုဏ်းဆယ်ဂိုဏ်းထဲက တစ်ဂိုဏ်းဖြစ်ပြီး သူတို့မှာ သားရဲအရှင်တစ်ရာကျော် ရှိတယ်။ အရူးသားရဲနန်းတော်သခင်ဖြစ်တဲ့တိုက်ပွဲကောင်းကင်ဘုံမဟာတိုင်ယန်မှာ အထွတ်အထိပ်အဆင့်သူတော်စင်တစ်ယောက်ရဲ့ခွန်အား ရှိတယ်။ တိုက်ပွဲကောင်းကင်ဘုံမဟာတိုင်ယန်အောက်ရှိ သားရဲအရှင်သခင်ရှစ်ယောက်က အထွတ်အထိပ်အဆင့်သူတော်စင်တွေနဲ့ နီးကပ်တဲ့ခွန်အား ရှိတယ်။ ခရမ်းရောင်မိုးကြိုးသားရဲအရှင်သခင်က ဘာလို့ သူတို့ကို ရှာသလဲကို ကျူးပူးဟဲက မသိပါဘူး။
သတင်းကို ဖွင့်ကြည်လိုက်တယ်၊ ကျူးပူးဟဲက မျက်မှောင်ကြုတ်လိုက်မိတယ်၊ ပြီးနောက် ကျူးနန်ရှန်ကို ချက်ချင်း ပြောလိုက်တယ်"မင်းရဲ့အခွင့်အလမ်းက ရောက်ရှိလာပြီ။ လီဖူချန်းက သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးဆီ ဦးတည်နေတယ်"
"ငါ့ရဲ့သတင်းကောင်းတွေကို စောင့်နေပါ" ကျူးနန်ရှန်က အစိမ်းရောင်မီးလျှံတစ်ခုအဖြစ် ပြောင်းသွားကာ ပျောက်ကွယ်သွားတယ်။
ကျူးပူးဟဲနဲ့ကျူးဟိုင်ထန်တို့က ကျူးနန်ရှန်ထွက်သွားတာကို တိတ်တဆိတ် ကြည့်နေတယ်။ သူတို့က ကျူးနန်ရှန်ရဲ့ဘေးကင်းမှုအတွက် စိုးရိမ်စရာတစ်ခုမှ မရှိပါဘူး။
ကျူးနန်ရှန်က ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်ရဲ့အဆင့်၅မှာသာ ရှိပေမယ့် ခွန်အားအရ သူက အဆင့်၈သူတော်စင်တစ်ယောက်ဖြစ်သော်လည်း ကျူးနန်ရှန်အတွက် ပြိုင်ဘက်တစ်ယောက်ဖြစ်နိုင်မယ်လို့ ကျူးပူးဟဲက မထင်ပါဘူး။ ကျူးနန်ရှန်က ကျူးကလန်ရဲ့နံပါတ်တစ်ဘိုးဘေးထက်သာ နိမ့်ကျတယ်။
***
ပင်လယ်ပြင်ပေါ်မှာ လီဖူချန်းက စဉ်းစားပြီးနောက် သူ့ရဲ့လမ်းကြောင်းကို ပြောင်းဖို့ ဆုံးဖြတ်လိုက်တယ်။ သူက ဘာမှကို မကြောက်ပေမယ့် သတိမဲ့တဲ့သူလည်း မဟုတ်ပါဘူး။ လက်ရှိအချိန်မှာ သူက ကျူးကလန်နဲ့ထိပ်တိုက်ရင်ဆိုင်ဖို့ အသင့်မဖြစ်သေးပါဘူး။
လဝက်ခန့်ကြာပြီးနောက် လီဖူချန်းက ဘာပြဿနာမှ မရှိဘဲ ဓားသမားအစည်းအရုံးဌာနချုပ်ကို ပြန်ရောက်သွားတယ်။
ကျူးနန်ရှန်က သတင်းကို ရရှိပြီးနောက် သူ့အမူအရာက မည်းမှောင်သွားတော့တယ်။ လီဖူချန်းက သူထင်ထားတာထက် ပိုပြီးကောက်ကျစ်လှပါတယ်။
"မင်း တစ်သက်လုံး မထွက်လာနဲ့ပေါ့လေ၊ မဟုတ်ရင်တော့ မင်းက ငါကျူးနန်ရှန်ရဲ့လက်ထဲမှာ တစ်နေ့ သေရလိမ့်မယ်"
ကျူးကလန်ရဲ့လွှမ်းမိုးမှုကို အသုံးပြုလျက် ကျူးနန်ရှန်က လေတိမ်မြို့ထဲမှာ ထောင်ချောက်ကြီးတစ်ခုကို ဆင်ထားတယ်၊ သူက လီဖူချန်း ထောင်ချောက်ထဲ ကျဖို့ကို စောင့်နေတယ်။
***