← Chapters

ကောင်းကင်ဓားမ၏ ဓားမကွက်ကိုးကွက်

Vol. 43 Ch. 591

ကောင်းကင်ဓားမ၏ ဓားမကွက်ကိုးကွက်

Vol. 43 Ch. 591

“ဂိုဏ်းသခင်ချင်က သူများလက်နဲ့ ညစ်ပတ်တဲ့အလုပ်တွေ လုပ်စေချင်နေတာပဲ” နေဧကရာဇ်က ချင်မူ့ကို ကြည့်ကာ မကျေမနပ် ‌ပြောသည်။ “ဂိုဏ်းသခင်ချင်က ငယ်သေးပေမယ့် ပါးနပ်ပါပေတယ်.... သခင်လေးချီ၊ သူ့လှည့်ကွက်ထဲ အကျမခံပါနဲ့... သခင်လေး ကောင်းကင်နတ်ဆိုးတစ်ကောင် သတ်လိုက်တာနဲ့ ကျွန်တော်တို့ ဖြေရှင်းနေရလိမ့်မယ်”

ချီကျုံရီက မမှုပေ။ “နေဧကရာဇ် မပူပါနဲ့... ကောင်းကင်နတ်ဆိုးဆိုတာ ကောင်းကင်နတ်ဘုံက မွေးထားတဲ့ ခွေးတွေပါပဲ... ခွေးလေးတစ်ကောင်နှစ်ကောင် သတ်မိလို့ ဘာမှမဖြစ်ဘူး... နောင်တော်ချင်က ဒီအခွင့်အ‌ရေးကို အသုံးချပြီး ကျွန်တော့်အစွမ်းအစတွေ မြင်ချင်နေသလို၊ ကျွန်တော်လည်း သူ့အစွမ်းအစတွေ မြင်ချင်မိတယ်”

ချင်မူ ပြုံးလိုက်မိသည်။ “နောင်တော်ချီက နေဧကရာဇ်ထက်တောင် အမြင်ကျယ်ပါပေတယ်... သူက နောင်တော်ချီအပေါ် ရိုရိုသေသေ ပြောနေသလို၊ စိတ်ပူလွန်းအားကြီးတယ်... ဒီတော့ သူ့အဆင့်အတန်းက နောင်တော်ချီအောက် နိမ့်ကျလိမ့်မယ် .... နောင်တော်ချီက ကောင်းကင်နတ်ဘုံလို့ ခေါ်တဲ့နေရာက လာတာမလား.... ကျွန်တော့်ကို လာရှာတဲ့ အကြောင်းရင်းက ဘာများလဲ”

ချီကျုံရီက မဆိုစလောက် ပြုံးပြသည်။ “နောင်တော်ချင်က သိပ်ထက်မြက်တာပဲ... ချင်ရီလို့တောင် ခေါ်သင့်တယ်”

“ကျွန်တော့်အတွက် နောင်တော်ချီရဲ့ ရည်ရွယ်ချက်ကို ခန့်မှန်းဖို့ မခက်ပါဘူး.... ဒါကြောင့် ထက်မြက်တယ်လည်း ဆိုမရသလို၊ ကျုံရီလို့လည်း ခေါ်မရပါဘူး... နောင်တော်ချီက ကျွန်တော့်ကို ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ တိုက်ခိုက်ဖို့ ဖိတ်ခေါ်ခဲ့တယ်.... အဲဒီအတွက် အကြောင်းရင်းတစ်ခု ရှိနေလိမ့်မယ်”

ချီကျုံရီ ရင်ထဲတွင် အံ့အားသင့်သွားသော်လည်း အပြင်ပန်းတွင် ပြုံးရုံသာပြုံး၍ မည်သည်ကိုမျှ မပြောပေ။

ချင်မူ ခြေသုံးချောင်းနတ်ဘုရားဆီသို့ ခေါင်းမော့ကြည့်လိုက်သည်။ “နေဧကရာဇ်၊ ဘိုးဘိုးသားသတ်သမားနဲ့ တိုက်ပွဲကို ဘာလို့ အာရုံမစိုက်တာလဲ.... အဲဒီတိုင်း လုပ်နေရင် ပထမဓားမကွက်နဲ့တင် သေရလိမ့်မယ်... ကျွန်တော့်စကား မှန်မမှန် စောင့်သာကြည့်လိုက်”

နေဧကရာဇ် အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။ “ဂိုဏ်းသခင်ချင်၊ ငါ့တာအိုနှလုံးသားကို ဖျက်စီးချင်နေတာလား”

ချင်မူ သူ့ကို အာရုံမစိုက်တော့ဘဲ တစ်ဖက်သို့ လှမ်းကြည့်လိုက်သည်။ နတ်ဆိုးသိုင်းပညာရှင်တစ်ယောက်ပြီးတစ်ယောက် သူတို့ဆီ တစ်ရှိန်ထိုး လာနေသည်ကို မြင်လိုက်ရ၏။ ကောင်းကင်တံတားအဆင့် မိစ္ဆာနတ်ဆိုးများစွာ ရှိနေသည့်အပြင် ဓာတ်ကြီးငါးပါးအဆင့်နှင့် ကောင်းကင်နတ်အသွင်အဆင့် သိုင်းပညာရှင်များ ပါသည်။ သူ့စကားကြောင့် ဒေါသတချောင်းချောင်း ထွက်သွားကြ၍ ပြေးထွက်လာကြခြင်းဖြစ်လိမ့်မည်။

ကောင်းကင်နတ်ဆိုးများသည် သိုင်းပညာကို အလေးထားကြသည့်အတွက် သိုင်းအဆင့်တစ်ဆင့်စီတိုင်းတွင် ကောင်းကင်နတ်ဆိုးမျိုးနွယ် ကောင်းကင်နတ်သိုင်းပညာရှင်များ ရှိကြသည်။ ချင်မူအနေဖြင့် မိစ္ဆာနတ်ဘုရားတို့၏ တပည့်များအနက်မှ ထိပ်တန်းဆယ်ယောက်ဝင်သော ခုနစ်စဉ်ကြယ် သိုင်းပညာရှင်တို့ဖြင့် လီမြို့တွင် တိုက်ခိုက်ခဲ့၏။

ကောင်းကင်နတ်ဆိုးသိုင်းပညာရှင်တို့၏ ခုနစ်စဉ်ကြယ်အဆင့်တွင် ကျဲ့ဟွလီက အဆင့်(၁) ဖြစ်သည်။

ကျန်သိုင်းအဆင့်များတွင်လည်း အလားတူ ထိပ်တန်းအဆင့် သတ်မှတ်ချက်များ ရှိ၏။

လက်ရှိပြေးလာနေသော ကောင်းကင်နတ်ဆိုးမျိုးနွယ် သိုင်းပညာရှင်များတွင် ခုနစ်စဉ်ကြယ်အဆင့်နှင့် အရပ်ခြောက်မျက်နှာအဆင့် ကောင်းကင်နတ်သိုင်းပညာရှင်များ မပါပေ။ ထိုအဆင့်နှစ်ဆင့်၏ ထိပ်တန်းသိုင်းပညာရှင်အားလုံးနီးပါး ချင်မူ၏လက်ချက်ဖြင့် သေသွားကြပြီမဟုတ်ပါ၏လော။

အားလုံး ရက်စက်ခက်ထန်သော အရှိန်အဝါများဖြင့် တရှိန်ထိုး ပြေးလာနေကြပြီး ကောင်းကင်တံတားအဆင့် ကောင်းကင်နတ်ဆိုးတစ်ယောက်က ရှေ့မှ ဦးဆောင်လာသည်။ သူ လက်ကာလိုက်သည့်အခါ အားလုံး ရပ်လိုက်ကြ၏။

ကောင်းကင်တံတားအဆင့် ကောင်းကင်နတ်ဆိုးသည် နတ်ဘုရားအဆင့်နှင့် အလွန်နီးကပ်နေပြီဖြစ်၍ သန်မာအားကောင်း၏။ အဘွားစစ်နှင့် ကျန်ရှိသူများပင် ထိတ်လန့်သွားကြသည်။

အဘွားစစ်တို့အနေဖြင့် ကျင့်စဉ်၏ ဟာကွက်များကို ဖာထေးနိုင်ခဲ့ပါသော်လည်း လေ့ကျင့်ခဲ့ရသော အချိန်မှာ နည်းလွန်းသေး၏။ ငယ်စဉ်ကတည်းက အစစ်အမှန်မိစ္ဆာနတ်ဆိုးတို့ဆီမှ သင်ယူခဲ့ရသော ကောင်းကင်နတ်ဆိုးမျိုးနွယ် သိုင်းပညာရှင်များနှင့် ယှဉ်လျှင် သူတို့မှာ အတန်ငယ် နိမ့်ကျနေသည်။

သို့သော် အချိန်ရလျှင် သူတို့လည်း ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းကို အစစ်အမှန်နတ်ဘုရားအဆင့်သို့ ကျင့်ကြံနိုင်သည်။ ထို့အပြင် ချင်မူ ရှင်းပြခဲ့သော ချီစွမ်းအင်လူသားခန္ဓာဖွဲ့စည်းပုံကလည်း ကျင့်စဉ်အား လမ်းစဉ်အဆင့်သို့ တက်လှမ်းစေနိုင်မည့် တံခါးဝဖြစ်သည်။ ၎င်းသည် ခန္ဓာကိုယ်၏အစိတ်အပိုင်းမှန်သမျှကို တစ်သားတည်း ပေါင်းစည်းပြီး အစစ်အမှန်နတ်ဘုရားတစ်ပါး ဖြစ်လာစေနိုင်၏။ ရုပ်ခန္ဓာသာ မဟုတ်၊ မူလဝိညာဉ်ကိုလည်း ကျင့်ကြံပေးနိုင်သလို၊ ချီစွမ်းအင်ကို သန့်စင်ပေးနိုင်သည်။ ကောင်းကင်နတ်သိုင်းများ၊ ကျင့်စဉ်သိုင်းကွက်များကိုလည်း အဆင့်မြှင့်နိုင်သည်။

ရုပ်ခန္ဓာတစ်ခုတည်းသာ အစစ်အမှန်နတ်ဘုရားငယ်အဆင့်သို့ ရောက်သွားလျှင် အဆိုပါသိုင်းပညာရှင်သည် အစစ်အမှန်နတ်ဘုရားငယ်နှင့် မယှဉ်နိုင်သေးပေ။

“ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဂိုဏ်းသခင်ချင်” ကောင်းကင်တံတားအဆင့် ကောင်းကင်နတ်ဆိုးက ချင်မူ့ကို စိုက်ကြည့်ပြီး လေးနက်စွာ ပြောလိုက်သည်။ “ခုနစ်စဉ်ကြယ်အဆင့်မှာ မင်းကို ယှဉ်နိုင်တဲ့သူတစ်ယောက်မှ မရှိခဲ့ဘူး ... ဒါပေမယ့် တခြားအဆင့်တွေမှာလည်း မရှိဘူးမထင်နဲ့... ဖုရွေ့လော်ရဲ့ တပည့် ငါ ရှုယဲ့ မင်းကို စမ်းသပ်ချင်တယ်”

“နောင်တော်ရှုယဲ့က ကောင်းကင်တံတားအဆင့်မှာ အဆင့်ဘယ်လောက်ပါလဲ” ချင်မူ စပ်စုကြည့်လိုက်သည်။

“အဆင့်နှစ်” ရှုယဲ့က ခပ်ပြတ်ပြတ် ပြောသည်။ “အဆင့်တစ်က တုကျွယ်... ဒါပေမဲ့ သူက မိစ္ဆာနတ်ဆိုးကောင်းကင်နတ်ဘုံဆီ တက်လှမ်းပြီး မိစ္ဆာနတ်ဘုရားတစ်ပါး ဖြစ်လာတော့မယ်... ဒီတိုက်ပွဲမှာ သူ ပါမှာမဟုတ်ဘူး... မကြာခင် ငါက အဆင့်တစ် ဖြစ်လာတော့မှာ”

ချင်မူ ခေါင်းယမ်းလိုက်သည်။ “နောင်တော် သူ့ကိုပဲ သွားခေါ်သင့်တယ်... နောင်တော်အနေနဲ့ ကျွန်တော့်ကို မယှဉ်နိုင်ဘူး... ကျွန်တော်က ဖုရွေ့လော်ရဲ့ တပည့်၊ ကောင်းကင်နတ်အသွင်အဆင့် ဖုယွီရှောင်ကို သတ်ခဲ့ဖူးတယ်... သူ့အစွမ်းအစတွေက သိပ်သန်မာအားကောင်းပေမယ့် အဆင့်တူမှာတော့ ကျွန်တော့်အောက် နိမ့်ကျတယ်”

ရှုယဲ့ မီးပုံယမ်းကျ ပေါက်ကွဲသွားသည့်အချိန် ဖုရွေ့လော်က ကောင်းကင်ယံမှ ဆင်းသက်လာသည်။ သူက ကောင်းကင်နတ်ဆိုးများ၏ အရှေ့၌ ရပ်လိုက်၏။ ရှုယဲ့နှင့် ကျန်ကောင်းကင်နတ်ဆိုးများက သူ့ကို အလျင်အမြန် နှုတ်ဆက်ကြသည်။ “နတ်ဆိုးဘုရင်”

ဖုရွေ့လော်က လက်ကာ၍ ထုံးစံများ မလိုကြောင်း အမူအရာဖြင့် ပြောလိုက်သည်။ “အဆင့်တူမှာ မင်းတို့တစ်ယောက်မှ မိတ်ဆွေလေးချင်ကို မယှဉ်နိုင်ဘူး... ကိုယ်ရောက်နေတဲ့ သိုင်းအဆင့်မှာ ထိပ်တန်းအဆင့်တစ် မဟုတ်ရင် တိုက်ခိုက်နေလည်း အပိုပဲ... သူ့လက်ချက်နဲ့ မင်းတို့ သေရလိမ့်မယ်”

ရွှေအ၊ သားသတ်သမားနှင့် ကျန်ရှိသူများ အံ့အားသင့်သွားကြသည်။ အစစ်အမှန်မိစ္ဆာနတ်ဘုရားတစ်ပါးပင် ဆင်းသက်လာခဲ့ရသလို၊ သူတို့အားလုံး ချင်မူ့ကို အတူတိုက်ခိုက်လျှင်ပင် မယှဉ်နိုင်ဘူးတဲ့လော...

ဖုရွေ့လော်၏အကြည့်က သားသတ်သမားကို မျက်နှာပေါ်မှ ရွှေအ,အပေါ် ကျရောက်သွားသည်။ ထို့နောက် နေဧကရာဇ်ဆီသို့ ကြည့်ပြီးနောက် ချင်မူ့ထံ ရောက်လာ၏။

လူငယ်လေးက သတိအနေအထားဖြင့် သူ့ရင်ဘတ်ဆီ အလျင်အမြန် လှမ်းဆုပ်လိုက်သည်။ ထိုအခါမှ ကျောက်စိမ်းလည်ဆွဲက သူ့မျက်ခုံးနှစ်ဖက်ကြားရှိ တတိယမျက်လုံးထဲ ရောက်သွားခဲ့မှန်း သတိရလိုက်သည်။

ဖုရွေ့လော်မှာ ချင်မူ ‘‌‌ကျောက်စိမ်းလည်ဆွဲ’အား လှမ်းဆုပ်လိုက်သည်ကို မြင်လျှင် ရင်ထဲ ဒိန်းခနဲ ခုန်သွားသည်။ ချင်မူ အထိန်းအကွပ်မဲ့သွားသည့်အချိန်အား ပြန်တွေးလိုက်သည်နှင့် သူ့ရင်ဘတ်မှာ နာကျင်လာသည်။ သူက ရယ်မောလိုက်၏။ “မိတ်ဆွေလေးချင်၊ မလန့်ပါနဲ့... ငါက ဒုက္ခမပေးပါဘူး...ကြည့်ဖို့ပဲ လာတာပါ”

ချင်မူ စိတ်သက်သာရာရသွားပြီး လက်ပြန်ရုတ်လိုက်သည်။ သူက ခေါင်းငုံ့အရိုအသေးကာ ပြောလိုက်၏။ “ဖုရွေ့လော်က ဝါစဉ်ကြီးတဲ့ အကြီးအကဲတစ်ယောက် ဖြစ်သလို၊ အမြဲ မျှမျှတတ ပြုမူတတ်ပါပေတယ်... ကျွန်တော် လေးစားမိပါတယ်”

ချီကျုံရီက ချင်မူ့ရင်ဘတ်ဆီ အကြည့်ရောက်သွားပြီး ရင်ထဲတွင် လှုပ်ရှားသွား၏။ သူ့မျက်နှာတွင် အပြုံးတစ်ခု ဖြစ်ထွန်းလာသည်။ ‘သူက အဲဒီကျောက်စိမ်းလည်ဆွဲကို တကယ် ဆွဲထားတာပဲ.... ဘယ်မှာ ရှိလဲ သိပြီဆို‌တော့ အများကြီး လွယ်ကူသွားပြီ’

ထိုစဉ် ပြစ်မျိုးမှဲ့မထင် ချောမောလှပသော အမျိုးသမီးတစ်ယောက်က ဝင်းလက်ကြည်လင်နေသော မျက်နှာဖြင့် လမ်းလျှောက်လာသည်။ သူမက ဖုရွေ့လော်ဘေး၌ ရပ်၍ သားသတ်သမား၊ ရွှေအ၊ နေဧကရာဇ်နှင့် ကျန်ရှိသူများကို ဝေ့ဝဲကြည့်ကာ နောက်ဆုံးတွင် အဘွားစစ်အပေါ် အကြည့်ရောက်သွား၏။ ဝင်းလက်ကြည်လင်နေသော သူမ၏မျက်နှာ အတန်ငယ် မှေးမှိန်သွားလေသည်။

ဤအမျိုးသမီးသည် အပြစ်ရှာမရအောင် တင့်တယ်လှပပါသော်လည်း အဘွားစစ်၏အရှေ့တွင်မူ သူမ၏အလှမှာ မပေါ်လွင်တော့ပေ။

တစ်ယောက်က ပြစ်မျိုးမှဲ့မထင် အလှပိုင်ရှင်၊ တစ်ယောက်က ပြိုင်ဘက်ကင်း အလှပိုင်ရှင်...

ချင်မူ အမျိုးသမီးကို မြင်လျှင် သွေးတိုးစမ်းကြည့်လိုက်သည်။ “ယိုတုရဲ့ လုလီလား”

“ဟုတ်တယ် ငါပဲ” လုလီ၏ရင်ထဲ၌ မနာလိုမှု ပေါက်ဖွားလာသည်။ သူမက ချိုသာစွာ ပြုံးရင်း ကလူမြူဆွယ်နေသည့်အလား ပြုမူနေသော်လည်း အသံကတော့ ယောက်ျားသံပမာ ကြမ်းတမ်းလှ၏။ “ပြိုင်ဘက်ကင်းအလှပိုင်ရှင်... ညီမတော်ကြောင့် တို့ သိမ်ငယ်သလို ခံစားမိပြီး မနာလိုတောင် ဖြစ်မိပါတယ်... ညီမတော်ကို ဘယ်လိုခေါ်ရမလဲ”

အဘွားစစ် ပြန်ဖြေရန် ပြင်နေစဉ် ချင်မူက ခေါင်းခါပြကာ ခပ်တိုးတိုး ပြောလိုက်သည်။ “ဘွားဘွား၊ ယိုတုရဲ့ အစီအရင်တွေက ဝိညာဉ်ကို ပစ်မှတ်ထားတယ်... ဘွားဘွားရဲ့ နာမည်အရင်းကို သူ သိသွားရင် ဘွားဘွားကို တစ်ခုခုလုပ်နိုင်တယ်”

အဘွားစစ်လည်း နာမည်အရင်း မပြောဖြစ်တော့ပေ။

လုလီက တခစ်ခစ် ရယ်သည်။ “ချင်ဖုန်းကျင့်၊ မင်း တစ်နေ့ ဒီလိုဖြစ်လာမယ်လို့ ငါ မထင်ထားခဲ့ဘူး... မင်းကြောင့် ငါ တော်တော် စိတ်ပျက်မိတယ်....အစက ဒီပြိုင်ဘက်ကင်းအလှပိုင်ရှင်ရဲ့ ခန္ဓာကိုယ်ကို ယူပြီး ကစားမလို့ တွေးနေတာ... ဒါနဲ့ ဒီတော်ဝင်သွေးလေး... မင့်မျိုးရိုးက ချီဖြစ်နေမလား”

ချီကျုံရီက သူမကို ပြုံးပြလိုက်၏။ “ချီမိသားစုရဲ့ ချီကျုံရီ ဘုရင်ခံလုလီကို ဂါဝရပြုပါတယ်”

လုလီ၏အသံက ဩနေသေးသော်လည်း လေသံသည် ချိုသာလာ၏။ “ကောင်းကင်နတ်ဘုံက ကျွန်မကို မယုံကြည်တဲ့ပုံပဲနော်... သခင်လေးချီကိုတောင် လွှတ်လိုက်တယ်ဆိုတော့လေ... ကျွန်မ စိတ်မကောင်းဖြစ်မိပါတယ်”

“ဘုရင်ခံလုအနေနဲ့ မကောင်းတဲ့အစီအစဉ်တွေ မရှိရင် ကျွန်တော့်ကို ဂရုစိုက်စရာ မလိုပါဘူး” ချီကျုံရီက အေးအေးလူလူ ပြောလိုက်သည်။

လုလီက ပြော၏။ “ငါ ဒီမှာ ရောက်နေပြီ... မင်း ချင်မျိုးရိုးကို ခေါ်မသွားရဘူး”

ချီကျုံရီ ပြုံးလိုက်သည်။ “သူ့ကို ခေါ်သွားဖို့လည်း တွေးမထားပါဘူး... နောင်တော်ချင်ကို အသုံးချပြီးရင် ခင်ဗျားလက်ထဲ ထည့်ပေးမှာပါ”

လုလီ၏မျက်လုံးများ အရောင်တောက်သွားသည်။ “ဟုတ်ပြီ”

ချီကျုံရီက မည်သည်ကိုမျှမပြောဘဲ ပြုံးနေသည်။

ချင်မူ မျက်မှောင်ကြုတ်သွား၏။ ဖုရွေ့လော် ကိုယ်တိုင်ရောက်လာခြင်းက သူ၏အစီအစဉ်များကို ဖျက်စီးပစ်လိုက်သည်။ သူ၏အစီအစဉ်မှာ ချီကျုံရီနှင့် ကောင်းကင်နတ်ဆိုးများအား တိုက်ခိုက်ခိုင်းပြီး ကောင်းကင်နတ်ဘုံမှ ဤလူငယ်၏အစွမ်းအစများကို အကဲခတ်ရန် ဖြစ်၏။ ထိုအခါ ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်သလို ကောင်းကင်နတ်ဆိုးများ၏ အမျက်ဒေါသကလည်း ချီကျုံရီအပေါ် ပုံကျသွားလိမ့်မည်။

သို့သော် ဖုရွေ့လော်က ဆင်းသက်လာပြီး ကောင်းကင်နတ်ဆိုးမျိုးနွယ် အဆင့်မြင့်သိုင်းပညာရှင်များ သူတို့ကို စိန်မခေါ်အောင် တားမြစ်ခဲ့သည်။

ရှင်းအန်း၏ သေခြင်းရှင်ခြင်းကောင်းကင်ရတနာထဲ၌ ပုန်းအောင်းခဲ့ဖူးသော လုလီကလည်း ထွက်လာခဲ့၏။ သူမက ရှင်းအန်းကို ထိန်းချုပ်ကာ ချင်မူ့အား ဖမ်းချင်ခဲ့သော်လည်း ရှင်းအန်းသည် သူမစကားကို လက်တစ်လုံးခြား၍ သေခြင်းရှင်ခြင်းကောင်းကင်ရတနာထဲမှ မောင်းထုတ်ခဲ့သည်။

သူမနှင့် ချီကျုံရီက ချင်မူ့ကို ဖမ်းချင်နေသော ပြိုင်ဘက်များ ဖြစ်သော်လည်း ချီကျုံရီဆီမှ စကားတစ်ခွန်း၊ နှစ်ခွန်းက လုလီ၏အမျက်ဒေါသကို ပြေပျောက်စေခဲ့၏။ ယခုတွင် ချင်မူမှာ သူတို့အားလုံး၏ ဘုံရန်သူ ဖြစ်လာခဲ့ချေပြီ။

‘ငါ့အစီအစဉ် ပျက်စီးသွားပြီ... အကုန်လုံး ငါ မထိန်းနိုင်တော့ဘူး....’ သူ စိတ်ပူလာတော့သည်။

“ကောင်စုတ်လေးတော့ သေပြီ...” ထော့ကျိုးက သူ့အနောက်၌ ပွစိပွစိ ပြောနေသည်။

နေဧကရာဇ်က ချင်မူ့အား တစ်ချက်ကြည့်ကာ ပြုံးလိုက်ပြီး စိတ်အေးလက်အေး ဖြစ်သွား၏။ “ဂိုဏ်းသခင်ချင်ရဲ့ စိတ်အခြေအနေ ကြည့်ရတာ ကမောက်ကမ ဖြစ်နေတဲ့ပုံပဲ... အစီအစဉ်တွေလည်း ပျက်စီးသွားပြီ... အခုလိုစိတ်နဲ့ဆို သခင်လေးချီ သတ်တာ ခံရလိမ့်မယ်နော်... ဂိုဏ်းသခင်ချင်၊ ကိုယ့်စိတ်ကိုယ် ပြန်မထိန်းသင့်ဘူးလား”

“ဟုတ်တယ်” ချင်မူ တမုဟုတ်ချင်း ပြန်ဖြေလိုက်သည်။ “ကျွန်တော် တကယ် စိတ်ပြန်ထိန်းသင့်တယ်... ဘိုးဘိုးသားသတ်သမားနဲ့ နေဧကရာဇ်တို့နှစ်ယောက် အရင်ဆုံး ရန်ကြွေးချေလိုက်ရင် ဘယ်လိုလဲ”

နေဧကရာဇ်၏မျက်နှာပေါ်ရှိ အပြုံး တောင့်တင်းသွားသည်။ ကောင်လေး သဘောတူလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သားသတ်သမားက တဟားဟား ရယ်လျက် အင်္ကျီကို ဟပြဲဖွင့်လိုက်ပြီး ကောင်းကင်ယံသို့ ခေါင်းမော့ကာ အော်ဟစ်လိုက်၏။ “သောက်ကောင်းကင်၊ ငါ မင်းကို ဆဲနေခဲ့တာ ကြာပြီ.... နောက်ဆုံးတော့ မင်း သွေးထွက်အောင် ငါ လုပ်နိုင်တော့မယ်... နေဧကရာဇ်၊ ကျေးဇူးပြုပြီး”

သူ၏ဓားမအာရုံက အထက်ကောင်းကင်ယံသို့ ရိုက်ခတ်ကာ တိမ်တိုက်တစ်ခုကို နှစ်ခြမ်း ခွဲပစ်လိုက်သည်။

သားသတ်သမား၏ တိုက်ခိုက်လိုစိတ်သည် ပင်လယ်ပြင်ထက်က ဧရာမလှိုင်းလုံးကြီးပမာ ထကြွလာပြီး နေဧကရာဇ်၏ခန္ဓာကိုယ်အား လွှမ်းမိုးသွား၏။

တစ်ဖက်လူ၏မျက်လုံးများက ဓားမနှစ်လက်သဖွယ် သူ့ကို ထိုးဖောက်သွားသလို ခံစားလိုက်ရ၍ နေဧကရာဇ် အံ့အားသင့်သွားသည်။ သူက ကောင်းကင်ယံသို့ ပျံတက်ကာ ရွှေရောင်အလင်းတန်းများ ဖြန့်ကျက်လိုက်၏။ သူ၏ခန္ဓာကိုယ်သည် မြင့်မားသထက် မြင့်မားလာပြီး ကျောနောက်ရှိ တောင်ပံများ ပြန့်ကားလာသည်။ နောက်တခဏတွင် ရွှေရောင်ငှက်မွှေးများက သူ့ခန္ဓာကိုယ်တစ်လျှောက် ဖုံးလွှမ်းသွားတော့သည်။

ရွှေရောင်ငှက်မွှေးများ ပျံ့နှံ့လာနေစဉ် နေဧကရာဇ်သည် လူအသွင်မှ လင်းလက်တောက်ပနေသော ခြေသုံးချောင်းငှက်တစ်ကောင်အဖြစ် ပြောင်းလဲသွား၏။ လေအလယ်ရှိ နေလုံးကြီးထဲတွင် သူ၏အသွင်မှာ ရွှေကျီးကန်းတစ်ကောင်ပမာ ရှိနေသည်။

ရွှေကျီးကန်းက ‘အား’ခနဲ တစ်ချက်အော်လိုက်သည်။ အော်သံကား နားစည်ကွဲလုမတတ် စူးနေချေသည်။ “ကောင်းကင်ဓားမ၊ ငါ မင်းကို နှစ်ပိုင်းဖြတ်ခဲ့ပြီး မင်းရဲ့ ဓားမသိုင်းကို ဖျက်စီးပစ်ခဲ့ပြီးပြီ... မင်းကိုယ်မင်း ဒီမှာ ဘာလုပ်နေတယ်ထင်လဲ”

“ဒုက္ခိတဘိုးဘွားကျေးရွာမှာ ငါ ဘာမှမလုပ်ဘဲ နေခဲ့တယ်ထင်လား”

သားသတ်သမားက ကျယ်လောင်စွာ ဟစ်ကြွေးလျက် ဓားမဆွဲထုတ်လိုက်ပြီး ကောင်းကင်ယံသို့ ခုန်တက်သွားသည်။ သူ၏ခြေလှမ်းတိုင်းက တိမ်တိုက်များအပေါ် နင်းနေသည့်အလား ထင်ရ၏။ သူ့ခန္ဓာကိုယ်ကို လှုပ်ခါလိုက်သည့်အခါ အလွန်အရပ်မြင့်မားလာပြီး ကြံ့ခိုင်သန်မာလာသည်။ ကောင်းကင်ထက်ရှိ ဓားမရောင်က တုနှိုင်းမဲ့စွာ တောက်ပလာကာ တရှိန်းရှိန်း လောင်ကျွမ်းနေသည့် နေလုံးကြီးကိုပင် လွှမ်းမိုးသွားပြီး ခုတ်ပိုင်းချလိုက်၏။

“လရောင်ဖြာသော ဓားမ” ချင်မူ စိတ်လှုပ်ရှားလာတော့သည်။ “ဝက်ခုတ်ဓားမသိုင်းရဲ့ နဝမဓားကွက်”

ပါ့ရှန်မှာ ကောင်းကင်အား မော့ကြည့်ရင်း ငေးကြောင်နေသည်။ ချင်မူပြောခဲ့သော ဝက်ခုတ်ဓားမသိုင်းကွက်က ကောင်းကင်ဓားမသိုင်းကွက်ရှစ်ကွက်ကို ဆိုလိုခြင်းဖြစ်၏။

ယခုတွင် သားသတ်သမားက ပါ့ရှန် တစ်ခါမှ မမြင်ဖူးသော ဓားမသိုင်းကွက်ကို ထုတ်ဖော်ခဲ့ချေပြီ။

ကောင်းကင်ဓားမတွင် နဝမမြောက် ဓားကွက် ရှိနေသည်။

လရောင်ဖြာသော ဓားမ

ကောင်းကင်ထက်၌ နှင်းကဲ့သို့ ဖြူဆွတ်နေသော ဓားမ,ရောင်များ စုဝေးလာပြီး သားသတ်သမား၏ခန္ဓာကိုယ် နစ်မြုပ်သွားသည်။ ရင်သပ်ရှုမောဖွယ်ရာ လင်းထိန်နေသည့် ဓားမရောင်သည် ထိန်ထိန်သာနေသော လမင်းတစ်စင်း ဖွဲ့တည်လိုက်ကာ ရဲရဲတောက်နေသည့် နေလုံးကြီးအား ဝင်တိုက်နေသည်ကိုသာ မြင်နေ၏။

နေလုံးကြီး၏အထဲတွင် ရွှေရောင်ငှက်မွှေးများက နေမီးလျှံများ စွဲလောင်နေသော ဓားမတစ်လက်အား ဖွဲ့တည်လိုက်သည်။ နေမင်း၏ဓားမသည် လမင်းကို တိုက်ခိုက်ရန် ရှေ့တိုးထွက်သွား၏။

ချွင်

ရွှေမီးလျှံဓား လမင်းကြီးဆီ ပြေးဝင်သွားသည့်အခါ လမင်းကြီးက ရုတ်တရက် လင်းထိန်လာသည်။ ၎င်းသည် အစစ်အမှန်လတစ်စင်းပမာ နေအလင်းရောင်ကို စုပ်ယူ၍ လအလင်းရောင်အဖြစ် ပြန်လည်ဖြန့်ကျက်လိုက်၏။ ဓားမရောင်ကား တမုဟုတ်ချင်း အဆများစွာ ပြင်းထန်လာခဲ့ချေပြီ။

နောက်တခဏတွင် လမင်းကြီးက လွင့်ပျယ်ပြိုကွဲသွားကာ ကမ္ဘာမြေတုန်ဟည်းသွားစေသော ဓားမတစ်လက် ဖြစ်တည်လာ၏။

ချင်မူ စိတ်အားတရှိန်းရှိန်း တက်ကြွလာ၍ ကျယ်လောင်စွာ ကဗျာရွတ်လိုက်မိသည်။ “ကျောက်စိမ်းတံခါးသို့ ဝင်၊ ကျင်းဝေ့တောင်က လူရိုင်းတွေကို ဖမ်း၊ မက်မွန်ပန်းတွေ သီဆိုသော တေးသွားနဲ့ လရောင်ဖြာသော ဓားမ”

သူ ရွတ်နေသည်မှာ လရောင်ဖြာသော ဓားမ၏ ဓားမလျှို့ဝှက်ချက်များ ဖြစ်သည်။

ကောင်းကင်ထက်မှ သွေးများက မိုးပေါက်များသဖွယ် တဖွဲဖွဲ ရွာကျလာသည်။

သားသတ်သမား၏ ကြံ့ခိုင်တောင့်တင်းသော ခန္ဓာကိုယ်သည် ကောင်းကင်နှင့်မြေကြီးအကြား မားမားမတ်မတ် ရပ်နေ၏။ သူက နတ်ဘုရားသွေးစက်များနှင့် မီးတောက်မီးလျှံများအကြား နစ်မြုပ်နေပြီး သူ၏ကောင်းကင်ဓားမက နေလုံးကြီးကို ပိုင်းဖြတ်ပြီးနောက် လင်းလက်တောက်ပနေ၏။ သားသတ်သမား အားပါးတရ ရယ်ကာ ပြောလိုက်သည်။ “စစ်ဗုံသံတွေ ပင်လယ်ပြင်ထက် ဒုန်းဒုန်းမြည်လို့... စစ်သည်အပေါင်းရဲ့ အရှိန်အဝါတွေ တိမ်တိုက်တို့ဆီ ရိုက်ခတ်နေတယ်... နတ်ဘုရားတစ်ပါးကို ခေါင်းဖြတ်လိုတဲ့ မျှော်လင့်ချက်နဲ့ ... အပူအပင်မရှိ ငါ စီးမျောမယ်”

ထိုအခိုက်အတန့်တွင် မိစ္ဆာဓားမ လွယ်ထားသော လူငယ်တစ်ယောက် မိစ္ဆာနတ်ဆိုးတို့၏ ပင်မစခန်းထဲမှ ထွက်လာပြီး ခေါင်းမော့ကြည့်လိုက်သည်။ သူ့မှာ စိတ်နှလုံး တုန်လှုပ်သွားပြီး တမုဟုတ်ချင်း အတွေးစျာန်ထဲ နစ်မျောသွားတော့၏။

နေဧကရာဇ်၏ ဦးခေါင်းက မိစ္ဆာနတ်ဆိုးပင်မစခန်း၏ အ‌ရှေ့သို့ ဘုန်းခနဲ ပြုတ်ကျလာသည်။

All Chapters