← Chapters

အန္တရာယ်အငွေ့အသက်

Vol. 43 Ch. 592

အန္တရာယ်အငွေ့အသက်

Vol. 43 Ch. 592

“လှလိုက်တဲ့ ဓားမသိုင်း” ဖုရွေ့လော်က အလင်းရောင်များ တောက်ပနေသော သားသတ်သမားကို ကြည့်ပြီး မချီးကျူးမိဘဲ မနေတော့ပေ။ “တကယ် လှတဲ့ ဓားမသိုင်းပဲ.... လမ်းစဉ်တွေ၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေ ဟာကွက်ပြည့်နေတဲ့ ခေတ်တစ်ခေတ်မှာတောင် ခိုင်ဧကရာဇ်ကောင်းကင်ဘုံက ဒီလိုထူးချွန်တဲ့လူတွေကို မွေးထုတ်နိုင်တယ်.... အင်မတန် ကောင်းမွန်တဲ့ နေရာတစ်နေရာပဲ”

သားသတ်သမား၏ ဓားမချက်ကို ကြည့်ရင်း ဖု‌ရွေ့လော် မဟာမြို့ပျက်အား ပို၍ပင် မက်မောလာမိသည်။

သူနှင့်ယှဉ်လျှင် သားသတ်သမားသည် အလွန်’ငယ်’သေး၏။ ပြီးပြည့်စုံသော ကျင့်စဉ်တစ်ခုပင် မရရှိခဲ့ဘဲ သူ၏ဓားမသိုင်းက လမ်းစဉ်အဆင့်သို့ ရောက်နေခဲ့ချေပြီ။ ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ နတ်ဘုရားများနှင့် မိစ္ဆာနတ်ဆိုးများပင် ထိုသို့မလုပ်နိုင်ခဲ့ပေ။

အားနည်းချက်အလုံးစုံ ဖာထေးလိုက်နိုင်လျှင် သားသတ်သမား အစစ်အမှန်နတ်ဘုရားတစ်ပါး ဖြစ်လာနိုင်သည်ကို ဖုရွေ့လော် မြင်ရ၏။ ‘ငယ်ငယ်ရွယ်ရွယ်’ဖြင့် ထိုကဲ့သို့အောင်မြင်ခဲ့ခြင်းမှာ ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံ၏ ကောင်းကျိုးများကြောင့်သာ ဖြစ်လိမ့်မည်။

“သူ ငါ့ကို ဒီဓားကွက် မသင်ပေးခဲ့ဘူး....” ပါမောက္ခပါ့ရှန် ပါးစပ်ဖွင့်လိုက်သောအခါ သူ၏အသံက မိုးခြိမ်းသံသဖွယ် ဟိန်းထွက်လာသည်။ သူက ချင်မူ့ဆီသို့ လှည့်ကြည့်သည်။ “ဆရာ မင်းကို သင်ပေးခဲ့လား”

“သင်ပေးခဲ့တယ်... ဒါပေမဲ့ ကျွန်တော့်သိုင်းအဆင့်က မမြင့်တော့ မထုတ်‌ဖော်နိုင်ခဲ့ဘူး” ချင်မူ အမှန်အတိုင်း ပြောလိုက်၏။

ပါမောက္ခပါ့ရှန် ဒေါသထွက်သွားသည်။ “အဘိုးကြီး ဘက်လိုက်တယ်... ဒီဓားကွက်က ပြင်းထန်လွန်းတယ်... ပြင်းထန်လွန်းတယ်....”

အမှန်တွင် သားသတ်သမား ဘက်လိုက်ခဲ့ခြင်းမဟုတ်ပေ။ သားသတ်သမားသည် ခန္ဓာကိုယ်အပေါ်တစ်ပိုင်းဖြင့်သာ တွားသွားရင်း ဒုက္ခိတဘိုးဘွားကျေးရွာသို့ ရောက်လာခဲ့တုန်းက အချိန်ပြည့်နီးပါး အရူးဖောက်နေတတ်၏။ ဓားမများဖြင့် ကောင်းကင်ဆီသို့ လွှဲယမ်းခုတ်ထစ်ကာ အမြဲဆဲဆိုနေတတ်သည်။ ပုံမှန်အချိန်တွင်မူ စကားနည်းသော လူတစ်ယောက်ဖြစ်၏။

ထိုအချိန်တုန်းက သားသတ်သမား စိတ်ရူးဖောက်တတ်ခြင်းမှာ ခန္ဓာကိုယ်အပေါ်ပိုင်းသာ ကျန်ခဲ့၍ မဟုတ်ပေ။ ကောင်းကင်ကို တိုက်ခိုက်ပြီး သူ့မိတ်ဆွေများအတွက် ကလဲ့စားမချေနိုင်ခဲ့သဖြင့်၊ သူ့ဓားမ၏နောင်တကို မဖယ်ရှားနိုင်သဖြင့် စိတ်ပျက်နေခဲ့သောကြောင့် ဖြစ်သည်။

နေဧကရာဇ်နှင့် ကောင်းကင်ထက်ရှိ အစောင့်နတ်ဘုရားများကို ရင်ဆိုင်ရန် သားသတ်သမားသည် အရူးကြီးသဖွယ် မရေမတွက်နိုင်သော ဓားကွက်များအား တွေးတောဖန်တီးခဲ့၏။ သို့တိုင်အောင် တစ်ကွက်မှ ကောင်းကင်ယံရှိ ကောင်းကင်နတ်သိုင်းများကို မချိုးဖောက်နိုင်ပေ။

သူ စိတ်ရူးဖောက်သည့် အဓိကအကြောင်းရင်းမှာ အတွေးများလွန်း၍ ဖြစ်သည်။

သို့သော် အဘွားစစ် ချင်မူ့ကို မြစ်ကမ်းဘေးမှ ကောက်လာသည့် အချိန်မှအစပြု၍ သားသတ်သမား၏ ရူးသွပ်နေသော နှလုံးသားသည် ကလေးငယ်လေးကြောင့် ရှင်သန်လာခဲ့၏။ သူ့နှလုံးသားထဲတွင် ထည့်ထားစရာ လူတစ်ယောက်ကို တွေ့ရှိခဲ့သည်။ ထိုနေ့မှစပြီး သားသတ်သမား စိတ်ရူးဖောက်တတ်သည့်အချိန် နည်းသထက် နည်းလာသည်။ ယခင်တုန်းက တွေးလွန်းသဖြင့် ရူးခဲ့သော်လည်း ချင်မူ ရောက်လာပြီးနောက်ပိုင်းတွင် သူ့နှလုံးသားမှာ အေးချမ်းလာခဲ့၏။ တစ်ချိန်တုန်းက ဖမ်းဆုပ်မမိခဲ့သော အတွေးအမြင်များကိုလည်း ပြန်လည်သုံးသပ်နိုင်ခဲ့သည်။

သူ၏ဓားမသိုင်း လမ်းစဉ်အဆင့်သို့ ဝင်ရောက်သွားသည့်အခါ ကောင်းကင်ဓားမ၏ နဝမမြောက် ဓားမသိုင်းကွက်၊ လရောင်ဖြာသော ဓားမကို ဖန်တီးခဲ့သည်။

ဤဓားကွက်က လမ်းစဉ်အဆင့် တက်လှမ်းပြီး ဓားမလမ်းစဉ်၏ ပြိုင်ဘက်ကင်း ဆရာသခင်တစ်ဦး ဖြစ်လာစေခဲ့သည့် မှတ်တိုင်တစ်ခု ဖြစ်၏။

ပါ‌မောက္ခပါ့ရှန်သည် ကောင်းကင်ဓားမ၏ ဓားမသိုင်းကွက်ရှစ်ကွက်ကို သင်ယူခဲ့ရသည်မှာ ကြာပြီဖြစ်၏။ နောက်ပိုင်းတွင် သားသတ်သမားက သူ စကားများလွန်းသည်ကို မကြိုက်သဖြင့် သူ့ကို တွေ့တိုင်း ပတ်ပြေးနေခဲ့သည်။ ဖမ်းမိခဲ့သည်မှာလည်း မကြာသေးပေ။ ထို့ကြောင့် သားသတ်သမားအတွက် ‌ပါမောက္ခပါ့ရှန်ကို ဤဓားကွက်သင်ပေးရန် အချိန်မရှိခဲ့ပေ။

ထို့အပြင် ‘လရောင်ဖြာသော ဓားမ’အတွက် သိုင်းအဆင့် မြင့်မားရန် လိုအပ်သည်သာမက ဓားမသိုင်းအရာတွင် ထူးချွန်ပြောင်မြောက်ရန်လည်း လိုအပ်၏။ ပါမောက္ခပါ့ရှန်က သိုင်းကွက်မှော်လမ်းစဉ်ကို လျှောက်လှမ်းသူဖြစ်သည့်အတွက် ဓားမသိုင်းဖြင့် လမ်းစဉ်အဆင့်သို့ မတက်နိုင်ခဲ့ပေ။ သို့ဖြစ်၍ သားသတ်သမား သူ့ကို သင်ပေးလျှင်ပင် တတ်မြောက်မည်မဟုတ်။

မြေပြင်ပေါ် ပက်ဖြန်းကျလာသည့် နေဧကရာဇ်၏ သွေးများက မိုင်တစ်ရာပတ်ပတ်လည် ဧရိယာကို မီးပင်လယ်ဖြစ်သွားစေသည်။ သူ၏သွေးသည် ရွှေကျီးကန်းသွေး ဖြစ်သည့်အလျောက် နေအနှစ်သာရ ပါရှိလေရာ သွေးနှင့် ထိတွေ့သမျှအရာအားလုံး မီးဟုန်းဟုန်းတောက်ကုန်၏။ ထို့အပြင် မီးများက လွယ်လွယ်နှင့် ငြိမ်းသေသွားမည်မဟုတ်ပေ။

ထိုစဉ် ဧရာမနေလုံးကြီးတစ်လုံး မြေကြီးပေါ်သို့ ဘုန်းခနဲ ပြုတ်ကျလာသည်။ မြေပြင်မှာ တသိမ့်သိမ့်တုန်ခါသွားပြီး နေလုံးကြီး ထိတွေ့သွားသည့်နေရာမှာလည်း မီးပင်လယ်တစ်စင်း ဖြစ်လာသည်။

ချီကျုံရီ မျက်မှောင်ကြုတ်သွားသော်လည်း တခဏကြာသော် မျက်ကြောများ ပြေလျော့သွား၏။

နေဧကရာဇ် သေဆုံးသွားပြီဖြစ်သော်လည်း သူ့အတွက် ခေါင်းကိုက်စရာမဟုတ်ပေ။ နေဧကရာဇ်သည် သူနှင့်အတူ အောက်ဘုံသို့ လိုက်ခဲ့ရန် ခေါ်လာခဲ့သော လမ်းပြတစ်ယောက်သာ ဖြစ်၏။ နေဧကရာဇ်က အောက်ဘုံကို အမြဲစောင့်ကြပ်ခဲ့သူဖြစ်သဖြင့် မြေပြင်အနေအထားနှင့် ရင်းနှီးသည် မဟုတ်ပါ၏လော။

သို့သော် ချီကျုံရီ နေဧကရာဇ်ကို ခေါ်လာခဲ့သည့် အဓိကရည်ရွယ်ချက်က သူ့ကို အသုံးချ၍ ချင်မူ့ကို ရှာရန် ဖြစ်သည်။ ယခုတွင် ချင်မူ့ကို ရှာတွေ့ပြီဖြစ်ရာ နေဧကရာဇ်၏ သေခြင်းရှင်ခြင်းသည် သူနှင့် မပက်သက်တော့ပေ။

သားသတ်သမားက ဓားမရှည်ကို ကိုင်ဆွဲလျက် လမ်းလျှောက်လာသည်။ နေဧကရာဇ်၏ သွေးများ သူ့အပေါ် ဖိတ်စင်ကျခဲ့သဖြင့် သူ့ခန္ဓာကိုယ်တွင် မီးစွဲလောင်နေသော်လည်း သူသည် မီးငှက်ဝိညာဉ်ခန္ဓာဖြစ်သောကြောင့် မီးများက သူ့ကို အန္တရာယ်မပြုနိုင်ပေ။

“မိုက်ချက်ပဲ” သားသတ်သမား၏ ရင်ဘတ်၌ အပေါက်ကြီး ပွင့်ထွက်နေသည်။ အပေါက်ကြီးအား ကြည့်လိုက်ပါက နံရိုးများနှင့် တဒိတ်ဒိတ်ခုန်နေသော နှလုံးသားကိုပင် မြင်နေရ၏။ ဤဒဏ်ရာမှတစ်ဆင့် နေဧကရာဇ်နှင့် ထိပ်တိုက်တွေ့ခဲ့ခြင်းက သူ့အတွက် မလွယ်ကူခဲ့ကြောင်း ထင်ရှားသည်။ ဒဏ်ရာက ပေါ့ပေါ့သေးသေး မဟုတ်သော်လည်း သားသတ်သမားကား ပြုံးနေနိုင်သေး၏။ “နှစ်ပေါင်းရာချီ ရူးနေခဲ့တဲ့စိတ်ကို ဓားတစ်ချက်နဲ့ အဆုံးသတ်နိုင်ခဲ့ပြီ.... သောက်ရမ်းမိုက်တာပဲ”

ဆေးဆရာက ကပျာကယာ ရောက်ချလာကာ ဒဏ်ရာကို ကြည့်သည်။ သူ မျက်မှောင်ကြုတ်သွား၏။ “သားသတ်သမား၊ မင်း သေတော့မလို့ နည်းနည်းပဲ လိုတယ်... ဘာတွေ ဒီလောက်ပျော်နေတာလဲ.... မင်းရဲ့ဒဏ်ရာမှာ နေဧကရာဇ်ရဲ့ ကောင်းကင်နတ်သိုင်းအကြွင်းအကျန်တွေ ရှိနေတယ်... ငါ မင်းကို ဖယ်ပေးလို့ မရဘူး... မင်းဘာသာမင်း လုပ်ရမှာ.... သတိထား၊ နှလုံးကို ဖိမိပြီး ကွဲထွက်မသွားစေနဲ့.... မင်းက ရှင်းအန်းလို နှလုံးတွေ ပြောင်းလို့ရတာလည်း မဟုတ်ဘူးနော်..... နေဧကရာဇ်ကို သတ်ရလို့ ကျေနပ်တာလည်း ကျေနပ်တာပေါ့... ဒါပေမဲ့ မင့်အသက်လည်း ထွက်တော့မလို့... နောက်ဆို ဒီလို အဆင်အခြင်မမဲ့သင့်ဘူး”

“ဓားမသိုင်းက ဓားသိုင်းလို အပြောင်းအလဲ သိပ်မများဘူး... တကယ့်ဓားမသိုင်းက အသေသတ်ဓားချက်တစ်ချက်နဲ့ စတယ် ဆုံးတယ်... လက်ခံနိုင်ရင် ရှင်မယ်...လက်မခံနိုင်ရင် သေမယ်.... အဲဒီလောက် ရိုးရှင်းတယ်”

သားသတ်သမားက ဓားမကို ဓားအိမ်ထဲ ပြန်ထည့်ကာ မာန်သွင်းအော်ဟစ်လိုက်သည်။ မရေမတွက်နိုင်သော ဓားမသေးသေးလေးများ သူ့ရင်ဘတ်ဒဏ်ရာအရှေ့၌ လင်းလက်လာပြီး နေဧကရာဇ် ချန်ရစ်ခဲ့သည့် ကောင်းကင်နတ်သိုင်းကို ချေဖျက်လိုက်၏။ သူက လေးနက်စွာ ပြောသည်။ “အရင်တုန်းက ငါ့ဓားမသိုင်းက အသေးစိတ်တယ်.... ရှုပ်ထွေးတယ်... အမြဲပြောင်းလဲခဲ့တယ်.... ဒါပေမဲ့ လမ်းစဉ်အဆင့် ရောက်လာတဲ့အခါ ငါ ရှုပ်ထွေးနေတာတွေကို ရိုးရှင်းအောင် လုပ်ခဲ့တယ်

“အရင်တုန်းက မုန်တိုင်းထန်မြို့ပြများ၏ သန်း‌ခေါင်ယံတိုက်ပွဲနှင့် အရှေ့ပင်လယ် လှိုင်းလုံးတစ်ထောင်ပေါ်မှ နေမင်း ဓားကွက်တွေက ရှုပ်လွန်းအားကြီးတယ်.... အခုတော့ လရောက်အောက်က ဓားမရှည်နှင့် လရောင်ဖြာသောဓားမတွေက ပိုရိုးရှင်းလာခဲ့ပြီ”

ဖုရွေ့လော်က ဘယ်နှင့်ညာကို ကြည့်၍ ကောင်းကင်နတ်ဆိုးများအား ပြောလိုက်သည်။ “ဒီစကားကို မှတ်ထားကြ... သိပ်ယုတ္တိကျတယ်... မှော်အစီအရင်တွေ၊ ကောင်းကင်နတ်သိုင်းတွေ၊ သိုင်းကွက်အသားပေးပညာရပ်တွေကို မင်းတို့ ရိုးရှင်းအောင် လုပ်ရမယ်

“ဒါပေမဲ့ သူ့ရဲ့ ရိုးရှင်းမှုက ရှုပ်ထွေးမှုကနေ အရင်းခံတယ် ... ဒီတော့ ရှုပ်ထွေးမှုကိုလည်း ဖယ်ရှားလို့မရဘူး... ရှုပ်ထွေးမှုကို မရင်ဆိုင်ဖူးရင် ရိုးရှင်းအောင် လုပ်တတ်မှာ မဟုတ်ဘူး... ရိုးရှင်းတယ်ဆိုတာက မင်းတို့ရဲ့ခွန်အားနဲ့ လမ်းစဉ်ကို မျဉ်းကြောင်းတစ်ခုတည်းမှာ ပေါင်းစည်းလိုက်တာမျိုးပဲ”

ကောင်းကင်နတ်ဆိုးများမှာ နားလည်သလို၊ မလည်သလို ဖြစ်နေကြသော်လည်း ခေါင်းညိတ်လိုက်ကြသည်။

ချင်မူ ဖုရွေ့လော် ပြောသည်ကို ကြားလျှင် မချီးကျူးမိဘဲ မနေတော့ပေ။ ‘ဖုရွေ့လော်က အမှန်တကယ် အမြင်ကျယ်တာပဲ... တကယ် ထူးချွန်ပြောင်မြောက်တဲ့ ဆရာသခင်တစ်ယောက်ဖြစ်သလို... အစစ်အမှန်မိစ္ဆာ နတ်ဆိုးဘုရင် ပီသတယ်.... ငါ့ ကပ်ဘေးဓားရဲ့ ပထမဓားကွက်ကို တီထွင်ခဲ့တုန်းကလည်း ရှုပ်ထွေးမှုကနေ ရိုးရှင်းမှုဆီ ချဉ်းကပ်ခဲ့တာ... ရိုးရှင်းမှုဆိုတာကလည်း ရိုးရှင်းမှုချည်းသက်သက် မဟုတ်ဘူး... ငါ့ဓားကွက်က ရိုးရှင်းတဲ့ပုံပေါ်ပေမယ့် ခွန်အားအားလုံး စုစည်းပြီး လမ်းစဉ်ရဲ့အနှစ်သာရကို ဖမ်းဆုပ်လိုက်တာမလို့ စွမ်းအားက ပြင်းထန်အားကောင်းနေတာပဲ’

သာမန်ကောင်းကင်နတ်သိုင်းများသည် လူတစ်ယောက်၏ခွန်အားကို ဆယ်ရာခိုင်နှုန်းမှ နှစ်ဆယ်ရာခိုင်နှုန်းအထိ ထုတ်ပေးနိုင်၏။ သိုင်းကွက်များ ပြင်းထန်မာအားကောင်းပုံပေါ်သည့် အကြောင်းရင်းမှာ သိုင်းပညာရှင်၏ ခန္ဓာကိုယ်ကလည်း သန်မာအားကောင်း၍ ဖြစ်သည်။

ဥပမာ - လူတစ်ယောက်၏ ညာလက်နှင့် ဘယ်လက်တွင် ခွန်အားပေါင်တစ်ရာစီ ရှိလိမ့်မည်။ ခြေ‌ထောက်တစ်ဖက်စီတွင်လည်း ခွန်အားပေါင်တစ်ရာစီ ရှိသော်လည်း ထိုးလွှတ်သည့်အခါ ပေါင်လေးရာခွန်အားကို မထုတ်ဖော်နိုင်ပေ။

ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်၏ ခန္ဓာကိုယ်က ပို၍ပင် ရှုပ်ထွေးသည်။ ချီနှင့်သွေးဆီမှ ခွန်အား၊ အရွတ်များဆီမှ ခွန်အား၊ မူလဝိညာဉ်ဆီမှ ခွန်အား၊ ကောင်းကင်ရတနာများဆီမှ ခွန်အားအပြင် မှော်သင်္ကေတအမှတ်အသားမျိုးစုံမှ ခွန်အားလည်း ရှိသည်။

ဤခွန်အားအလုံးစုံကို ထုတ်လွှတ်မှသာ ကောင်းကင်နတ်သိုင်းများကို အသုံးပြုနိုင်၏။

ခွန်အား ငါးဆယ်နှင့် ခြောက်ဆယ်ရာခိုင်နှုန်းအထိ ထုတ်လွှတ်ပေးနိုင်သော မဟာကောင်းကင်နတ်သိုင်းများမှာမူ အလွန်ရှားပါးသည်။

သို့ဖြစ်၍ လမ်းစဉ်အဆင့် ကောင်းကင်နတ်သိုင်းများကို တွေးတောဆင်ခြင်သည့်အခါ ထုတ်လွှတ်ရမည့် ခွန်အားပမာဏက အတိုင်းထက်အလွန် ကြောက်မက်ဖွယ်ရာကောင်းလိမ့်မည်။ ခန္ဓာကိုယ်တစ်ကိုယ်လုံးရှိ ခွန်အားများကို ထုတ်လွှတ်ရလိမ့်မည်။

ရှုပ်ထွေးမှု ဆိုသည်မှာ လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲရှိ ခွန်အားအလုံးစုံကို ရှာဖွေရ‌သော ဖြစ်စဉ် ဖြစ်သည့်အတွက် ဖယ်ရှားမရပေ။

“ဖုရွေ့လော်ရဲ့ အသိအမြင်က မဆိုးဘူး” ချီကျုံရီက ချီးကျူးလိုက်သည်။

ချင်မူလည်း သူ့ကို တစ်ချက်ကြည့်ကာ ချီးကျူးမိလိုက်သည်။ “‌နောင်တော်ချီရဲ့ အသိအမြင်ကလည်း မဆိုးပါဘူး”

ချီကျုံရီက အတန်ငယ် ပြုံးလေသည်။

ဆေးဆရာက သားသတ်သမား၏ ဒဏ်ရာကို ကုရင်း ငွေအပ်များဖြင့် မီးအဆိပ်များ ထုတ်နေသည်။ ထို့နောက် ပြုံးလျက် ပြောလာသည်။ “ကဲ ဆက်ကုပေးစရာမလိုတော့ဘူး... မူအာရေ မင်းရဲ့ ဖက်တီးကြီးကို လာလျက်ခိုင်းလိုက်တော့.... သွေးလည်ပတ်မှု အားကောင်းအောင်နဲ့ ကြွက်သားပြန်ထွက်လာအောင် လုပ်ဖို့ပဲ လိုတော့တာ”

ဖက်တီးနဂါးက ခြေလှမ်းသေးသေးများဖြင့် အလျင်အမြန် ပြေးလာပြီး အားတုံ့အားနာ ပြုံးပြသည်။ “ဘိုးဘိုးသားသတ်သမား၊ နဂါးလေး စလျက်တော့မယ်နော်”

သားသတ်သမား ချင်မူ့ဆီသို့ ကပျာကယာ ကြည့်လိုက်မိသည်။ “မူအာ၊ ပုလင်းနဲ့ ထည့်ထားတာ မရှိဘူးလား”

“လတ်လတ်ဆတ်ဆတ် သွားရည်ကမှ အကောင်းဆုံးကွ... ပုလင်းထဲက ဟာတွေက မလတ်ဆတ်ဘူး... အနာကျက်နှုန်းကလည်း နှေးတယ်” ဆေးဆရာက ခပ်တည်တည် ပြောလိုက်သည်။

သားသတ်သမား မယုံချင်ပေ။

“နောင်တော်ချင်၊ နေဧကရာဇ်က သူ့ကိစ္စသူ ရှင်းပြီးပြီ... ကောင်းကင်ဓားမရဲ့ ဒဏ်ရာကလည်း သိပ်မစိုးရိမ်ရပါဘူး... ဒီတော့ မင်းစိတ်လည်း အခုဆို တည်ငြိမ်လောက်ပြီမလား” ချီကျုံရီက ချင်မူ့ကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။ “ငါတို့အလှည့် စသင့်ပြီ”

ချင်မူ တစ်ခုခုပြောတော့မည့်အချိန် ဓားမရောင်တစ်ချက် လက်သွားသည်။ ဓားမရောင်က တစ်ရောင်မှ နှစ်ရောင်၊ နှစ်ရောင်မှ လေးရောင်၊ လေးရောင်မှ ရှစ်ရောင် စသဖြင့် ကွဲထွက်သွား၏။

‘ကျဲ့ဟွလီ’

ချင်မူ ရင်ထဲတွင် အနည်းငယ် တုန်လှုပ်သွားသည်။ ကောင်းကင်ယံတစ်လျှောက် ဖြာဆင်းသွားသော ဓားရိပ်များက ရုတ်တရက် ပြန်စုသွားပြီး ဓားမရောင်တစ်ခုတည်းအဖြစ် ပေါင်းစည်းကာ အောက်သို့ ခုတ်ချလိုက်သည်။ ဓားမ ကျရောက်လာသည့်အခါ လေထုသည် နှစ်ခြမ်းကွဲသွား၏။

ဖုရွေ့လော်က အင်္ကျီလက်အိုးဝှေ့ယမ်း၍ ပိုင်းခုတ်တော့မည့် ဓားမရောင်အောက်မှ ကောင်းကင်နတ်ဆိုးအားလုံးကို တွန်းထုတ်လိုက်သည်။ ဓားမရောင်သည် ဆယ်မိုင်အကွာမှ ဖြာထွက်လာပြီး ချီကျုံရီဆီသို့ တန်းတန်းမတ်မတ် ဦးတည်နေသည်။

လူငယ်လေး၏ သူငယ်အိမ်များ ကျုံ့သွားသည်။ သို့သော် သူက အေးအေးဆေးဆေးသာ ရှိပြီး လာနေသော ဓားမရောင်ကို မတားပေ။

ဓားမ‌ရောင်က လှုပ်ခါကာ ဓားမရောင်ဆယ်ခုအဖြစ် ကွဲထွက်သွားပြီး အတောင်ဖြန့်လိုက်သော ဒေါင်းတစ်ကောင်သဖွယ် ချီကျုံရီဆီသို့ ပိုင်းချလိုက်သည်။ သို့တိုင်အောင် ချီကျုံရီ၏ နှာသီးဖျားအနားတွင် ဓားမရောင်တစ်ခုတည်းအဖြစ် စုစည်းသွား၏။

ထို့နောက် ဓားမရောင် ပျောက်ကွယ်သွားသည်။ ဆယ်မိုင်အကွာတွင် ကျဲ့ဟွလီက မိစ္ဆာဓားကို ကျောရှိ ဓားအိမ်ထဲ ပြန်ထည့်လိုက်၏။ သူ၏အသားအရေမှာ သိပ်မလန်းဆန်းသော်လည်း သူက အားအင်ပြည့်ဝနေပြီး ခြေလှမ်းကြဲကြဲများဖြင့် လမ်းလျှောက်လာသည်။ သူ၏ပုံစံအရ အဆင့်တက်ရန်အတွက် ဤရက်ပိုင်းအတွင်း အ‌တော်လေး ပင်ပန်းခံခဲ့ကြောင်း သိသာသည်။

သားသတ်သမား ကျဲ့ဟွလီကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ သူက ကြေကွဲနေသောအမူအရာဖြင့် ပြော၏။ “တပည့်လေးနှစ်ယောက် ရှိပါတယ်... တစ်ယောက်က သိုင်းကွက်မှော်လမ်းစဉ်ကို လျှောက်တယ်... တစ်ယောက်က ဓားပျံလမ်းစဉ် လျှောက်တယ်... တစ်ယောက်မှ ဓားမသိုင်းရဲ့ အနှစ်သာရကို မတတ်မြောက်ကြဘူး... ဒါပေမဲ့ ဒီလူငယ်ကတော့ ငါ့ဓားမကွက်ကို တစ်ခါပဲ မြင်ရသေးတယ်... နားလည်သွားပြီ”

ပါမောက္ခပါ့ရှန်မှာ ရှက်သွားသော်လည်း ချင်မူကတော့ အရှက်မရှိဘဲ ခပ်တည်တည် ပြောလိုက်၏။ “ကျွန်တော့်ဓားသိုင်းက လမ်းစဉ်ကို ဝင်သွားပြီ... အစ်ကိုကြီးပါ့ရှန်ထက် ကျွန်တော်က ပိုတာဝန်ကျေတယ်... ရွာလူကြီးဆို သိပ်ပျော်နေတာပဲ”

ဖုရွေ့လော် ကျဲ့ဟွလီကို ကြည့်ကာ ပြောလိုက်သည်။ “ကျဲ့ဟွလီ၊ မင်း ငါ့ဆီက ပညာဆက်သင်စရာမလိုတော့ဘူး”

ကျဲ့ဟွလီက အရိုအသေပေးကာ ကျေးဇူးတင်စကားဆိုသည်။ သူက ခါးပြန်မတ်၍ ချင်မူ့ကို စိုက်ကြည့်ပြီးနောက် ချီကျုံရီဆီ အကြည့်ရောက်သွားသည်။ သူ့မျက်လုံးထဲ၌ ဓားမရောင် လင်းလက်လာ၏။ “ချင်မူက ငါ့အပိုင်... ငါ့ရှေ့မှာ သူ့ကို သတ်ချင်ရင် ငါ မင်းကို အရင်ဆုံး သတ်ပစ်မယ်”

ထော့ကျိုး အံ့အားသင့်သွားသည်။ “မူအာ မင်းက နာမည်ကြီးပဲ”

ချင်မူ့မျက်နှာ တမုဟုတ်ချင်း မည်းမှောင်သွား၏။

“ကျဲ့ဟွလီ၊ မင်းက ဝိညာဉ်အစောင့်တပ်ဖွဲ့၊ အမြင့်စံစစ်သူကြီး လော့ဝူရွှမ်ရဲ့ တပည့်မဟုတ်လား... မင်းရဲ့ ဓားမကွက်မှာ လော့ဝူရွှမ်ရဲ့ အငွေ့အသက်တွေ မြင်နေရတယ်... သူက ကောင်းကင်နတ်ဘုံရဲ့ အငယ်ပိုင်း ဝိညာဉ်အစောင့်တပ်ဖွဲ့ကို သင်ပေးဖို့ တာဝန်ရှိတဲ့သူပဲ... သူ့ပညာကို မင်း ဖမ်းဆုပ်နိုင်ခဲ့တာ ကောင်းပေမယ့် ငါ ဘယ်သူလဲ မင်း သိလား” ချီကျုံရီက မှင်သေသေ ပြောလိုက်သည်။

ကျဲ့ဟွလီက ခေါင်းယမ်း၏။ “မင်း ဘယ်သူဖြစ်ဖြစ် ငါ စိတ်မဝင်စားဘူး... သူ့ကို သတ်ချင်ရင် မင်း အရင်ဆုံး သေလိမ့်မယ်”

ချီကျုံရီလည်း‌ ခေါင်းယမ်းလိုက်သည်။ “လော့ဝူရွှမ်ရဲ့ တပည့်၊ မင်းကိုယ်မင်း အထင်ကြီးတာ နည်းနည်းမများဘူးလား... မင်းက ဓားကွက်လေးတစ်ကွက် စဉ်းစားပြီး လော့ဝူရွှမ်ရဲ့ အရိပ်အောက်ကနေ ထွက်လာနိုင်တာနဲ့ ငါ့ကို ယှဉ်နိုင်မယ် ထင်နေတာလား... နောင်တော်ချင်၊ ငါ မိစ္ဆာနတ်ဆိုးတစ်ယောက်နဲ့ တိုက်ခိုက်တာ မြင်ချင်သေးတယ်မလား.... ငါ မင်းကို ပြပေးပါ့မယ်”

ချင်မူ မျက်လုံးများ မှေးကျဉ်းသွားသည်။ လူငယ်လေးဆီမှ အလွန်အန္တရာယ်များသော အငွေ့အသက်များ သူ့အနား ကပ်လာသကဲ့သို့ ခံစားလိုက်ရ၏။

ကမ္ဘာဦးသားရဲကြီးတစ်ကောင် ချီကျုံရီ၏ခန္ဓာကိုယ်ထဲ၌ တဖြည်းဖြည်း နိုးထလာသည့်အလား ထင်ရပေသည်။

ဤခံစားချက်သည် အစစ်အမှန်နဂါးတစ်ကောင် ရှေးဟောင်းနဂါးလျှို့ဝှက်ကျင့်စဉ်ကို ထုတ်လွှတ်သည့်အချိန်က ခံစားချက်မျိုးနှင့် တူညီသော်လည်း ချီကျုံရီက နဂါးမဟုတ်ပေ။ မီးငှက်တစ်ကောင် ဖြစ်နိုင်ခြေများ၏။

‘မကောင်းတော့ဘူး’ ချင်မူ ရင်ထဲတွင် ပြင်းပြင်းထန်ထန် တုန်ရီသွားသည်။ ‘ချီကျုံရီက ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ် ကျင့်ထားတာပဲ’

ထော့ကျိုးက သူ့အနောက်သို့ မည်သည့်အချိန်ကမှန်းမသိ ရောက်လာခဲ့ပြီး အကြံပေးသည်။ “မူအာ၊ ငကြောက် ဖြစ်သင့်တဲ့အချိန် ငကြောက်ဖြစ်ရတယ်... ထွက်ပြေးသင့်တဲ့အချိန် ထွက်ပြေးရတယ်.. ဘိုးဘိုးကို ယုံလိုက်...ဘိုးဘိုး ပြောတာ အမှန်ပဲ”

ချင်မူမှာ စိတ်လှုပ်ရှားလာပြီး လက်သီးတင်းတင်း ဆုပ်လိုက်မိသည်။ သူ့အသံလည်း အတန်ငယ် အက်ကွဲလာ၏။ “ဘိုးဘိုးထော့ကျိုး... ကျွန်တော် ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ် ကျင့်ထားတဲ့သူကို တစ်ခါမှ မရိုက်ဖူးဘူး”

All Chapters