← Chapters

အခန်း (၄၀၈)

Vol. 30 Ch. 408

အခန်း (၄၀၈)

Vol. 30 Ch. 408

သက်လတ်ပိုင်းအရွယ်လူကြီးက မျက်လုံးများမှေးကျဉ်းလိုက်ပြီး ပိုင်ဝူဟန်ကိုကြည့်သည်။

“ဒါပေမဲ့ ချန်တောင်ကုန်းမြေခွေးကလန်ကိုလာပြီး သွေးမျိုးဆက်ယဇ်ပလ္လင်ရဲ့ခွင့်ပြုချက်ကို ရယူရမယ်”

ပိုင်ဝူဟန်က ခေါင်းညိတ်လိုက်သည်။ “ဒီကလန်ကို စီစဉ်ပြီးရင် ချန်တောင်ကုန်းကို လာခဲ့ပါ့မယ်”

ပိုင်ဝူဟန်က သဘောတူလိုက်သောအခါတွင် သက်လတ်ပိုင်းအရွယ်လူကြီး၏မျက်နှာထားက အနည်းငယ်ပျော့ပြောင်းသွားသည်။ သူက ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး ဟန်မူယဲ့နှင့် ရှန့်လင်းရွှမ်းကို စိုက်ကြည့်သွားသည်။ ထို့နောက် လှည့်ထွက်သွားသည်။

“မင်းက ချန်တောင်ကုန်းမြေခွေးကလန်ကို သုံးရက်အတွင်းမလာခဲ့ရင် ငါတို့က မင်းရဲ့ သွေးမျိုးဆက်အမွေအနှစ်ကို ဖျက်ဆီးပစ်မယ်”

အသံကို ကြားလိုက်ရသော်လည်း လူက ပျောက်ကွယ်သွားပြီဖြစ်သည်။

ပိုင်ဝူဟန်က တခစ်ခစ်ရယ်ပြီး ဖြည်းဖြည်းချင်းဆင်းသက်လာသည်။

“အစ်မပိုင်ဝူ၊ ချန်တောင်ကုန်းမြေခွေးကလန်ကို တကယ်သွားမှာလား”

ရှန့်လင်းရွှမ်း၏မျက်နှာထားက လေးနက်နေသည်။

ကောင်းကင်ဘုံတစ်ဝက်အဆင့် အစိမ်းရောင်မြေခွေးမိစ္ဆာ၏အငွေ့အသက်သည် အလွန်သန်မာပြီး ကလန်တစ်ခုလုံးကို ဖိနှိပ်ထားနိုင်သည်။

ချန်တောင်ကုန်းမြေခွေးကလန်တွင် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူတစ်ဦး စောင့်ကြပ်နေသည်ဟု ပြောကြသည်။ ထိုကလန်သည် မိုင်တစ်သောင်းပတ်ဝန်းကျင်ကိုထိန်းချုပ်ထားသော ကလန်ကြီးတစ်ခုဖြစ်သည်။

သူတို့က ထိုကလန်သို့ သွားခဲ့လျှင် မည်သည့်အရာကိုမှ မရနိုင်လောက်ပေ။

ပိုင်ဝူဟန်တွင် ကောင်းကင်မြေခွေးသွေးမျိုးဆက်ရှိနေသော်လည်း အရာရာတိုင်းကို ခွန်အားဖြင့်ဆုံးဖြတ်ကြသည်။

သွေးမျိုးဆက်သည် အလွန်မြင့်မြတ်သော်လည်း တိုက်ခိုက်နိုင်စွမ်းအဖြစ်မပြောင်းနိုင်လျှင် အသုံးမဝင်ပေ။

“အင်းပေါ့။ ငါသွားရမယ်”

ပိုင်ဝူဟန်၏မျက်လုံးထဲတွင် မီးတောက်များရှိနေပုံရသည်။

“လျှို့ဝှက်နယ်မြေထဲမှာရှိတဲ့ သွေးမျိုးဆက်စွမ်းအားနဲ့ပေါင်းစပ်တာက ငါ့ခွန်အားပြန်ရလာဖို့အတွက် တစ်ခုတည်းသောဖြတ်လမ်းနည်းပဲ”

တောင်ပိုင်းကုန်းမြေတွင် အမြီးသုံးချောင်းအဆင့်သို့ ပြန်ရောက်ရန်အတွက် ပိုင်ဝူဟန်က နှစ်ငါးရာကျင့်ကြံရလိမ့်မည်။

သို့သော် လျှို့ဝှက်နယ်မြေတွင် တစ်ရက်သာကြာခဲ့သည်။

သူမပြောခဲ့သည့်အတိုင်း လျှို့ဝှက်နယ်မြေတွင် သွေးမျိုးဆက်စွမ်းအားနှင့်ပေါင်းစပ်လျှင် ကျင့်ကြံဆင့်နှင့်တိုက်ခိုက်နိုင်စွမ်း လျင်မြန်စွာတိုးတက်လာလိမ့်မည်။

ပိုင်ဝူဟန်က တစ်ဖက်သို့လှည့်ပြီး ဟန်မူယဲ့ကိုကြည့်သည်။

“အစ်ကိုဟန်၊ ကျွန်မကိုကူညီပေးဖို့ တောင်းဆိုရအုံးမယ်”

ပိုင်ဝူဟန်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“ချန်တောင်ကုန်းရဲ့မြေခွေးတွေက အန္တရာယ်များလိမ့်မယ်။ ငါက မင်းနဲ့အတူ ....”

သူ့စကားမဆုံးခင် ပိုင်ဝူဟန်က ဖြတ်ပြောခဲ့သည်။

“ကျွန်မရဲ့ သွေးမျိုးဆက်မှတ်ဉာဏ်တွေကို ပြောင်းလဲပေးဖို့ အစ်ကိုဟန်ကို တောင်းဆိုချင်တယ်”

‘သွေးမျိုးဆက်မှတ်ဉာဏ်ကို ပြောင်းလဲမှာလား’

ဟန်မူယဲ့က အံ့အားသင့်သွားသည်။ သူက ပိုင်ဝူဟန်ကိုကြည့်ပြီး မျက်မှောင်ကြုတ်သည်။

“မင်းက ကောင်းကင်မြေခွေးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတယ်။ ငါက ဘာမှလုပ်မပေးနိုင်လောက်ဘူး”

ကောင်းကင်မြေခွေးကလန်သည် မိစ္ဆာများကြားတွင် မြင့်မြတ်သောသွေးမျိုးဆက်ရှိသည်။ သူတို့၏ ဝိညာဉ်ထိန်းချုပ်ခြင်းနည်းလမ်းများက အလွန်နက်နဲသည်။

ဟန်မူယဲ့က ထိုသွေးမျိုးဆက်အမွေအနှစ်ကို ပြောင်းလဲချင်လျှင် အလွန်အားထုတ်ရလိမ့်မည်။

ထို့အပြင် တန်ပြန်စွမ်းအားသက်ရောက်မှုသည် အလွန်ကြောက်မက်ဖွယ်ကောင်းလိမ့်မည်။

“အစ်ကိုဟန်၊ ကျွန်မက ကောင်းကင်မြေခွေးသွေးမျိုးဆက်ကနေ အစိမ်းရောင်မြေခွေးသွေးမျိုးဆက်အဖြစ် ပြောင်းချင်ပါတယ်။ ဒီလိုဆိုရင် အမွေအနှစ်မှတ်ဉာဏ်ကိုပြောင်းလဲဖို့ ပိုလွယ်လိမ့်မယ်”

ပိုင်ဝူဟန်က ဟန်မူယဲ့ကို တည်ငြိမ်စွာကြည့်သည်။

‘ကောင်းကင်မြေခွေးသွေးမျိုးဆက်စွမ်းအားကို လက်လျော့ပြီး အစိမ်းရောင်မြေခွေးအဖြစ် ပြောင်းမှာလား’

ကောင်းကင်မြေခွေးသွေးမျိုးဆက်သည် မြင့်မြတ်သည်။ မြေခွေးကလန်များကြားတွင် သူတို့က တော်ဝင်မျိုးနွယ်ဖြစ်ပြီး သွေးမျိုးဆက်စွမ်းအားတွင်ပါဝင်သော ဝိညာဉ်ထိန်းချုပ်ခြင်းနည်းစနစ်သည် တခြားမျိုးနွယ်များကို လွယ်ကူစွာချေမှုန်းပစ်နိုင်သည်။

ထိုသွေးမျိုးဆက်မျိုးကို လက်လျော့မည် ....

“မင်း သေချာတွေးပြီးပြီလား”

ဟန်မူယဲ့၏မျက်လုံးများ တောက်ပနေသည်။

ပိုင်ဝူဟန်က အပြုံးတစ်ခုနှင့်အတူ ခေါင်းညိတ်သည်။

“အစ်ကိုဟန်ရဲ့ ကွန်ဖြူးရှပ်တာအိုကျင့်ကြံခြင်းက အရမ်းအားကောင်းတယ်။ ကျွန်မကို ကဗျာနဲ့စာစုတွေရေးသားဖို့ သင်ပေးနိုင်မလား”

ကဗျာနှင့်စာစု ....

အလယ်ပိုင်းကုန်းမြေ၏ အမတ်ချုပ်ကြီးဝမ်သည် ကဗျာနှင့်စာစုများတွင် အတော်ဆုံးဖြစ်သည်။

အမတ်ချုပ်ကြီးဝမ်နှင့်ပတ်သတ်ခဲ့သော ပိုင်ချင်းယွီသည် ကဗျာ၊ စာစုများနှင့် နေ့စဉ်ထိတွေ့ခဲ့ရသည်။ သူမက စာပေပညာရပ်တွင် သိပ်မဆိုးလောက်ပေ။

“ငါက မင်းရဲ့အမွေအနှစ်မှတ်ဉာဏ်တွေကို ပြောင်းလဲလိုက်ရင် မင်းရဲ့မှတ်ဉာဏ်တွေကို မြင်ရနိုင်တယ်”

ဟန်မူယဲ့က ခဏတာတိတ်ဆိတ်နေပြီး တီးတိုးပြောသည်။

အစစ်အမှန်မှတ်ဉာဏ်များဖြစ်သည်။

သူမ၏နှလုံးသားထဲတွင် သိမ်းဆည်းထားသောလျှို့ဝှက်ချက်ကိုပင် မြင်ရလိမ့်မည်။

ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် ပိုင်ဝူဟန်က တခစ်ခစ်ရယ်သည်။

“အစ်ကိုဟန်၊ ဘယ်လိုမှတ်ဉာဏ်မျိုးကို မြင်ချင်တာလဲ”

ထိုသို့ဖြင့် သူမက ယဇ်ပလ္လင်ဆီသို့ ပြေးသွားသည်။

သူမ၏ခန္ဓာကိုယ်သည် မီးတောက်များနှင့်ပေါင်းစပ်သွားသောကြောင့် မီးတောက်များက ပိုမိုအသက်ဝင်လာသည်။

မီးတောက်များ တုန်ခါသွားပြီး မီးတောက်တစ်ခုက ဟန်မူယဲ့၏ရှေ့သို့ ပျံသန်းလာသည်။

ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး မီးတောက်ကို ကိုင်လိုက်သည်။ ထို့နောက် ဖြည်းဖြည်းချင်း မျက်လုံးမှိတ်သည်။

အောက်တွင် ရှန့်လင်းရွှမ်းက စိုးရိမ်စိတ်များနှင့်အတူ ဟန်မူယဲ့ကို ကြည့်နေသည်။

‘ဒီနည်းလမ်းက အလုပ်ဖြစ်ပါ့မလား’

‘အဲဒါဆိုရင် သူ့သွေးမျိုးဆက်မှတ်ဉာဏ်ကိုပြောင်းလဲပြီး ဆင်ကလန်ရဲ့ သတ်ဖြတ်ခြင်းကျွမ်းကျင်သူတစ်ယောက် ဖြစ်လာနိုင်မှာလား’

ဟန်မူယဲ့က မျက်လုံးမှိတ်လိုက်သောအခါ စိတ်နယ်ပယ်ထဲတွင် မီးတောက်များပေါ်လာသည်။

ထိုမီးတောက်သည် အမွေအနှစ်စွမ်းအားကို ကိုယ်စားပြုပြီး စိတ်နယ်ပယ်တစ်ခုလုံးကို အလင်းပေးနိုင်သည်။

တခြားလူများဆိုလျှင် ခန္ဓာကိုယ်ကို ထိုမီးတောက်နှင့်ပေါင်းစပ်ခြင်း သို့မဟုတ် စိတ်နယ်ပယ်တွင် မီးတောက်စွမ်းအားကို နေရာပေးလိုက်ခြင်းများ ပြုလုပ်လိမ့်မည်။

ထိုသို့ပြုလုပ်လိုက်လျှင် သူတို့က သွေးမျိုးဆက်စွမ်းအားနှင့် ပေါင်းစပ်သွားပြီး မြေခွေးများဖြစ်လာမည်။

ထိုနည်းလမ်းကြောင့် ဟန်မူယဲ့က နေမင်းရောင်ဝါနန်းတော်ကို ပြန်တွေးမိသည်။

မူလမီးတောက်ကမ္ဘာတွင် သူ့ကို မူလမီးတောက်နန်းတော်၏ သခင်တစ်ဦးအဖြစ်သတ်မှတ်ပြီး အဆင့်မြင့်အကြီးအကဲအဖြစ် လေးစားခံရသည်။ သူက နေမင်းရောင်ဝါနန်းတော်၏ အမွေအနှစ်ကို ရရှိခဲ့သောကြောင့် ဖြစ်သည်။

မူလမီးတောက်နန်းတော်၏ ပြောစကားအရ သူတို့က လူကိုမကြည့်ဘဲ အမွေအနှစ်ကိုသာ ကြည့်သည်။

မည်သူပင်ဖြစ်နေပါစေ အမွေအနှစ်ကို ဆက်ခံထားလျှင် တစ်ဂိုဏ်းတည်းဖြစ်သည်။

သွေးမျိုးဆက်အမွေအနှစ်သည်လည်း အတူတူပင်ဖြစ်သည်။ သွေးမျိုးဆက်အမွေအနှစ်ကို ရရှိထားသောလူတိုင်းက သွေးမျိုးဆက်နှင့် ပေါင်းစပ်နိုင်သည်။

ထို့ကြောင့် သန့်စင်သော အစစ်အမှန်သွေးမျိုးဆက် ပြတ်တောက်သွားခဲ့လျှင်ပင် အမွေအနှစ်ကို လက်ဆင့်ကမ်းနိုင်လိမ့်မည်။

အမွေအနှစ်ပျက်စီးမသွားလျှင် တစ်ချိန်တွင် ပြန်လည်ထွက်ပေါ်လာလိမ့်မည်။

ထို့ကြောင့် လျှို့ဝှက်နယ်မြေရှိမိစ္ဆာများကို မဖျက်ဆီးနိုင်ခြင်းဖြစ်လိမ့်မည်။

ကလန်တစ်ခုလုံးပျက်စီးသွားလျှင်ပင် အမွေအနှစ်က ဆက်လက်ပေါင်းစပ်နိုင်သည်။ ထို့ကြောင့် တစ်နေ့တွင် ကလန်တစ်ခု ပြန်ပေါ်လာလိမ့်မည်။

“ဘုန်း”

ဟန်မူယဲ့၏ စိတ်နယ်ပယ်ထဲတွင် ဝိညာဉ်လိပ်ပြာဓားက ခုတ်ချသည်။

ဓားအလင်းကြောင့် အမွေအနှစ်မီးတောက်သည် တစ်ပိုင်းတစ်စစီဖြစ်သွားသည်။

ယဇ်ပလ္လင်ထက်တွင် မီးတောက်များ အနည်းငယ်မှိန်ဖျော့သွားသည်။

အစိမ်းရောင်မြေခွေးကလန်သားများ တုန်ခါသွားပြီး မျက်နှာများ ဖြူဖျော့နေသည်။

သူတို့အတွက် သွေးမျိုးဆက်စွမ်းအား ပျက်စီးမှုသည် သေခြင်းရှင်ခြင်းနှင့် သက်ဆိုင်သည်။

စိတ်နယ်ပယ်ထဲတွင်ရှိသောမီးတောက်ကို ဖြိုခွဲလိုက်ပြီး ချီပင်လယ်ထဲတွင်ရှိသော ဝိညာဉ်စွမ်းအားနှင့် လူသားဆန္ဒစွမ်းအားများက အလင်းလွှာအဖြစ်ပြောင်းလဲ၍ ပြန့်ကျဲသွားသောမီးတောက်များကို လွှမ်းခြုံလိုက်သည်။

ဟန်မူယဲ့၏စိတ်ထဲတွင် ပုံရိပ်များပေါ်လာသည်။

လောကသည် ကျယ်ပြန့်ပြီး တောင်နှင့်မြစ်များကို မျက်စိတစ်ဆုံး မြင်နိုင်သည်။

စိမ်းလန်းနေသောကမ္ဘာသည် သင်းရနံ့များဖြင့် ပြည့်နှက်နေသည်။

ကောင်းကင်ထက်တွင် နဂါးတစ်ကောင်ကခုန်နေပြီး အရောင်ငါးမျိုးဖီးနစ်ငှက်က တောင်ပံခတ်သည်။

တောင်တစ်လုံးသဖွယ်ကြီးမားသော ဧရာမသားရဲများ၏ခြေလှမ်းကြောင့် ကမ္ဘာမြေသည် တုန်ခါသွားခဲ့သည်။ ခန္ဓာကိုယ်တွင်မီးစွဲနေသောငှက်က တောင်ပံခတ်လိုက်သောအခါတွင် မိုင်ထောင်ချီအကွာအထိ မီးတောက်များပျံ့နှံ့သွားသည်။

ထိုအရာသည် ကောင်းကင်ဘုံအဆင့်ထက်ကျော်လွန်သွားသော အစိမ်းရောင်မြေခွေး၏မှတ်ဉာဏ်များဖြစ်သည်။ ပျက်စီးခြင်းစကြဝဠာတွင် ဟန်မူယဲ့က အဆုံးမရှိသောရှေးခေတ်သားရဲများကို မြင်ခဲ့ရသည်။

ထိုကမ္ဘာမျိုးသည် စိတ်ကူးမယဉ်နိုင်လောက်သည်အထိ သန်မာသည်။

သို့သော် စစ်ပွဲကြောင့် ကမ္ဘာတစ်ခုလုံး ပျက်စီးသွားခဲ့သည်။

ကောင်းကင်ပေါ်တွင်ရှိနေသောနဂါးသည် ဟိန်းဟောက်လိုက်သည်။ သို့သော် ကောင်းကင်ထက်တွင်ပြည့်နေသော ဥက္ကာခဲများ၏တိုက်ခိုက်မှုကို ခံလိုက်ရသည်။ အရောင်ငါးမျိုးဖီးနစ်ငှက်သည် လူသားအသွင်ပြောင်း၍ လက်ထဲတွင် အရောင်ငါးမျိုးအလင်းကိုကိုင်ထားပြီး တိုက်ခိုက်ရန်အတွက် ပျံတက်သွားသည်။ သို့သော် ဓားအလင်းတစ်ခုကြောင့် နှစ်ပိုင်းပြတ်သွားခဲ့သည်။

ရွှေအလင်းတစ်ခု ဆင်းသက်လာပြီး တောင်နှင့်တူသောသားရဲ၏လည်ပင်းကို သံချိန်းကြိုးများရစ်ပတ်လိုက်သည်။

ပျက်စီးခြင်းလောကသည် ပြိုကျသွားခဲ့သည်။

အားကောင်းသော သန္ဓေပြောင်းသားရဲတစ်ကောင်က တိုက်ခိုက်လိုက်ပြီး ကမ္ဘာကို ပျက်စီးသွားစေသည်။

ထိုကမ္ဘာ၏ အပိုင်းအစတစ်ခုသည် မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေအဖြစ် ပြောင်းလဲသွားသည်။

“ဘုန်း”

ခရမ်းရောင်အလင်းလုံးတစ်လုံးသည် တိုက်ခိုက်လာသောသားရဲကို ထိမှန်သွားပြီး သားရဲ၏ခန္ဓာကိုယ်ကို ဖျက်ဆီးလိုက်သည်။

သားရဲ၏ခန္ဓာကိုယ်က ပျက်စီးသွားပြီး ဦးချိုတစ်ချောင်းသည် မိုးကြိုးလျှပ်စီးများနှင့်အတူ မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေထဲသို့ ကျဆင်းလာသည်။

“ဒီရှေးခေတ်သားရဲက ခွေလား”

ဟန်မူယဲ့က ရေရွတ်သည်။

‘အဲဒါဆိုရင် အနောက်ဘက်နယ်စပ်ကုန်းမြေမှာ ဘာဖြစ်လို့ ခွေသားရဲအရေပြား ရှိနေရတာလဲ’

ဟန်မူယဲ့က တွေးလိုက်သည်။ သူ့စိတ်ထဲတွင်ရှိသောပုံရိပ်များသည် ခဏတာရပ်တန့်သွားသည်။

သူက ခရမ်းရောင်အလင်း၏နောက်ကွယ်တွင်ရှိသော လူရိပ်များကို မြင်လိုက်ရသည်။

တိုက်ခိုက်လိုက်သောလူများကြားတွင် ဓားဘုရင်ယွမ်ထျန်း၊ အမတ်ချုပ်ကြီးဝမ်နှင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာမှ ကျွမ်းကျင်သူများလေးစားသော အစိမ်းရောင်ဝတ်စုံနှင့်တာအိုတန်ခိုးရှင်ကို မြင်လိုက်ရသည်။

နေမင်းရောင်ဝါနန်းတော်၊ အလယ်ပိုင်းကုန်းမြေ၏ ကွန်ဖြူးရှပ်တာအိုနှင့် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဓားဘုရင်ယွမ်ထျန်းအတွက် အမွေအနှစ်များချန်ထားခဲ့သော ကျွမ်းကျင်သူဖြစ်သည်။

ထိုလူသည် တိုက်ခိုက်ပြီး ပျက်စီးခြင်းကမ္ဘာကို သိမ်းယူခဲ့သည်။

“ဒေါင် ....”

ပျက်စီးခြင်းကမ္ဘာ၏အစိတ်အပိုင်းများ လွင့်ထွက်သွားသောအချိန်တွင် ဟန်မူယဲ့က ခေါင်းလောင်းသံဖျော့ဖျော့ ကြားလိုက်ရသည်။

“ပျက်စီးခြင်းခေါင်းလောင်း၊ ထိပ်တန်းအဆင့်ရတနာတစ်ခု ပေါ်လာခဲ့ပြီ”

ပုံရိပ်ယောင်ဆန်သောအာကာသထဲတွင် အသံတစ်သံထွက်လာသည်။

‘ပျက်စီးခြင်းခေါင်းလောင်းတဲ့လား’

‘ဒီကျွမ်းကျင်သူတွေက အဲ့ဒီရတနာအတွက် ပျက်စီးခြင်းစကြဝဠာကို ဖျက်ဆီးလိုက်တာလား’

မှတ်ဉာဏ်များသည် အစိမ်းရောင်မြေခွေးသွေးမျိုးဆက်တစ်လျှောက် စီးဆင်းသွားပြီး လျှို့ဝှက်နယ်မြေထဲရှိ မြင်ကွင်းများကို မြင်လိုက်ရသည်။

သွေးမျိုးဆက်စွမ်းအားသည် အကြိမ်ပေါင်းမရေမတွက်နိုင်အောင် လက်ဆင့်ကမ်းလာပြီး ဖြည်းဖြည်းချင်း အားနည်းလာသည်။ သွေးမျိုးဆက်စွမ်းအားနှင့် မှတ်ဉာဏ်များ ပျောက်ကွယ်လာသည်။

တခြားသွေးမျိုးဆက်များနှင့် ပေါင်းစပ်လိုက်သောအခါတွင် အမွေအနှစ်မှတ်ဉာဏ်များက ပြောင်းလဲသွားခဲ့သည်။

မြင်ကွင်းများတုန်ခါလာပြီး ပျောက်ကွယ်သွားသည်။

ထို့နောက် ကန့်လန်ကာတစ်ခု ဖွင့်လိုက်သကဲ့သို့ အဖြူရောင်မြေခွေးတစ်ကောင် ပေါ်လာသည်။

ပိုင်ဝူဟန် ....

သို့မဟုတ် ပိုင်ချင်းယွီ ....

သူမက တောင်ပိုင်းကုန်းမြေ၏ မြေခွေးကလန်မှဖြစ်သည်။ သူမက ကောင်းကင်မြေခွေးကလန်၏ သွေးမျိုးဆက်နှင့် မွေးဖွားလာပြီး ကလန်၏ သူတော်စင်မတစ်ဦး ဖြစ်လာသည်။

တောင်ပိုင်းကုန်းမြေ၏မြေခွေးများသည် ကောင်းကင်မြေခွေးသူတော်စင်မကို လေးစားကြပြီး သူမကြီးပြင်းလာရန် စောင့်မျှော်နေသည်။

မြေခွေးကလန်တွင် ကောင်းကင်မြေခွေးသွေးမျိုးဆက်ရှိသော သူတော်စင်မတစ်ဦးရှိသည်။ ထို့ကြောင့် တခြားကလန်များက မသက်မသာဖြစ်လာသည်။

တစ်နေ့တွင် နှစ်သုံးရာပြည့်သည်အထိ မကျင့်ကြံရသေးသော သူတော်စင်မသည် အပြင်ထွက်သွားသောအချိန်တွင် တိုက်ခိုက်ခံရသည်။

ပိုင်ချင်းယွဲ့သည် အပြင်းအထန်ဒဏ်ရာရသွားပြီး ကံကောင်းစွာဖြင့် အလယ်ပိုင်းကုန်းမြေသို့ ထွက်ပြေးသွားနိုင်ခဲ့သည်။

သူမက ထိုအချိန်တွင် ဝမ်မော့ရှန်နှင့် စတွေ့ခဲ့သည်။

ထိုမှတ်ဉာဏ်သည် ဓားစံအိမ်၏အောက်တွင်ရှိသော ဆံပင်ထုံး၏မှတ်ဉာဏ်များနှင့် သိပ်မကွာပေ။

သို့သော် ကွာခြားချက်တစ်ခုရှိနေသည်။

ပိုင်ချင်းယွီမဟုတ်သော ကောင်းကင်မြေခွေး ....

အမတ်ချုပ်ကြီးဝမ်မဟုတ်သော ဝမ်မော့ရှန် ....

သူတို့က လူသားလောကတွင်ကျင့်ကြံနေသော ကျင့်ကြံသူကြီးနှစ်ယောက်သာဖြစ်သည်။

လူသားလောကတွင် နှလုံးသားကို သန့်စင်နေသည်။

ထို့ကြောင့် ဝမ်မော့ရှန်နှင့် ပိုင်ချင်းယွီသည် စစ်မှန်သောစိတ်ရင်းကို ထုတ်ပြခဲ့သည်။

သူတို့က လူသားလောကတွင် အတူတူခရီးဆက်ပြီး အစိမ်းရောင်တောင်တန်းများကြားတွင် အနားယူခဲ့သည်။ တစ်ယောက်နှင့်တစ်ယောက် ဖေးမပြီး အတူတူအိုမင်းသွားချင်ခဲ့သည်။

သို့သော် အဆုံးတွင် ဝမ်မော့ရှန်က အမတ်ချုပ်ကြီးဝမ် ဖြစ်သွားခဲ့သည်။

ပိုင်ချင်းယွီကလည်း ကောင်းကင်မြေခွေးတစ်ကောင် ဖြစ်လာသည်။

“အဲ့ဒီတော့ ဒါက လူသားလောကမန္တန်ရဲ့ ဖြစ်တည်လာပုံပေါ့”

ဝမ်မော့ရှန့်၏ခန္ဓာကိုယ်ပေါ်တွင် သမာဓိစွမ်းအားနှင့် လူသားဆန္ဒစွမ်းအားများ ပေါင်းစပ်သွားပြီး ရွှေရောင်ချိပ်စည်းတံဆိပ်တစ်ခု ဖြစ်လာသည်။ ဟန်မူယဲ့က နားလည်သွားခဲ့သည်။

All Chapters